* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, March 28, 2010

ဗုဒ္ဓ၀ါဒသည် Religion မဟုတ်ပါ

ပထမ တင်ခဲ့တဲ့ အင်္ဂလိပ်လို စာစုများ ကို ကမ္ဘာအေးဆရာတော် ဘန္ဒန္တ ပညာဒီပ ရေးသားခဲ့တဲ့ စာအုပ်ထဲမှ ကောက်နုတ်ထားတာ ဖြစ်ပါတယ်။ အခုဆောင်းပါး ကတော့

(၂၇-၁၀-၉၇) ရက်နေ.ထုတ် မြန်မာ့အလင်းသတင်းစာ တွင်ပါရှိသော စုဆောင်းတင်ပြသူတစ်ဦး၏ ဆရာတော် အရှင်ဒေါက်တာဉာဏိဿရ ဟောကြားတော်မူသော -( ဗုဒ္ဓ၀ါဒသည် Religion မဟုတ်ပါ) ဆောင်းပါး ကော ဆရာတော် ဘုရားကြီးရဲ့ ဘာသာရေးဆောင်ရွက်ချက်များပါစုဆောင်းထား သည့်မှတ်တမ်းများထဲမှ ကောက်နုတ် တင်ပြလိုက်တာဖြစ်ပါပါတယ်။

သည်မှတ်တမ်းကို ရှာဖွေပံ့ပိုးသူကလည်း ဒေါက်တာလှမြင့် (ပါမောက္ခ၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ၊ ဗုဒ္ဓသာသနာပြု တက္ကသိုလ်) ပဲဖြစ်ပါတယ်။

ကိုညီနောင်နှင့် တကွသော ဓမ္မစာပေမြတ်နိုးသူများ အားလုံး ဆရာတော်ဟောကြားတဲ့ သဘောတရားကို ရရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ဗုဒ္ဓ၀ါဒသည် ဘာကိုအခြေခံသလဲ

ယနေ့ကမ္ဘာလောကမှာ Religion ဆိုသော စကားကို လူတိုင်းသုံးစွဲ ပြောဆိုနေကြတယ်။ သူတို့ ပြောနေတဲ့ အဓိပ္ပါယ်က လူသားတွေ ကိုးကွယ်တဲ့ ဘာသာတရား အားလုံးဟာ Religion လို့ ဆိုနေကြ တာပါပဲ။ အများပြောကြတဲ့ အတိုင်းဆိုရင် ဗုဒ္ဓ၀ါဒလည်း Religion အထဲမှာ ပါဝင်နေပါလိမ့်မယ်။

ဗုဒ္ဓ၀ါဒကို Religion မဟုတ်ဘူးလို့ ဆိုချင်ပါတယ်။ ပြီးတော့ ယုံကြည်မှု ၊ မျော်လင့်တောင့်တ မှုထားပြီး ကိုးကွယ်နေရတဲ့ စနစ်မျိုးလည်း မဟုတ်ဘူးလို့ ဆိုချင်ပါတယ်။

ဗုဒ္ဓ၀ါဒသည် တစ်စုံတစ်ယောက်သော တန်ခိုးရှင်ကို မျက်စိမှိတ်ယုံကြည်ပြီး မှီခိုနေရတဲ့ ၀ါဒမျိုးလည်း မဟုတ်ပါဘူး။

အသိဉာဏ်နှင့် အကျင့်ပါတဲ့ ယုံကြည်မှု(သဒ္ဓါ)မျိုးကို ဗုဒ္ဓ၀ါဒက လက်မခံလိုပါဘူး။ ယုံကြည်မှု (သဒ္ဓါ)ဆိုတာဟာ အသိဉာဏ်ပေါ်မှာ အခြေခံရပါတယ်။

အသိဉာဏ်ပေါ်မှာ အခြေခံမှ ယုံကြည်မှု(သဒ္ဓါ)ဟာ အကျင့်တရားပါတယ်။ အကျင့်တရား ပါမှ ချမ်းသာစစ် ချမ်းသာမှန်ကို ရနိုင်ပါတယ်။

ဗုဒ္ဓရဲ့ အဆင်းတော် ၊ အသံတော် ၊ ဘုန်းတော် ၊ တန်ခိုးတော် ၊ ဉာဏ်တော် တွေကို အလွန် အမင်းကြည်ညိုပြီး ဗုဒ္ဓအနားက မခွာနိုင်အောင်ဖြစ်နေတဲ့ ၀က္ကလိရဟန်းတော်ကို ဗုဒ္ဓက-''အို ၀က္ကလိ ငါ၏ ပုတိကာယ (အပုပ်ပြည့်တဲ့ကိုယ်ကြီး)ကို ကြည်ညို၍နေခြင်းဟာ ဘာအကျိုးရှိမည်နည်း သွားလော့၊ ကျင့်လော့'' ဟု နှင်ထုတ်ခဲ့ဖူးပါတယ် ။ ၀က္ကလိရဟန်းကို နှင်တာဟာ သဒ္ဓါသာရှိပြီး ပညာနှင့် အကျင့်ကို အသုံးမချလို့ ဖြစ်ပါတယ်။

ဗုဒ္ဓကိုဘယ်လိုယုံကြည် အားကိုးသလဲ

ဗုဒ္ဓ၀ါဒမှာ သဒ္ဓါကို လက်မခံဘူးတော့ မဟုတ်ပါဘူး။ သဒ္ဓါကို အရေးကြီးတဲ့သဘာဝတရား တစ်ခုအနေနဲ့ လက်ခံပါတယ်။ ဥပမာ-အနာရောဂါရနေတဲ့ လူမမာဟာ သူ့ကိုဆေးကုတဲ့ ဆေးဆရာရဲ့ အရည်အချင်းကို ယုံကြည်ထားရသလိုပါပဲ။ ထို့ပြင် ပညာသင်နေတဲ့ ကျောင်းသားတပည့်ဟာ မိမိအား ပညာသင်ပေးနေတဲ့ ဆရာအရည်အချင်းနှင့် မေတ္တာ ကရုဏာကို ယုံကြည်ထားရသလိုပါပဲ။

ဗုဒ္ဓဘာသာဝင်တွေဟာ ဗုဒ္ဓအပေါ်မှာ ဒုက္ခအားလုံးမှ လွတ်မြောက်ရေးလမ်းစဉ်၊ ချမ်းသာစစ် ချမ်းသာမှန်ရရှိရေး လမ်းစဉ်တွေကို ရှာဖွေပေးတဲ့ ပုဂ္ဂိုလ်အဖြစ်ဖြင့် ယုံကြည်ကြတယ်။ အားကိုးကြ တယ်။

သို့သော် ယုံကြည်အားကိုးနေကြတဲ့ သတ္တ၀ါတွေရဲ့ အပြစ်တွေ ၊ အညစ်အကြေးတွေ ၊ ဆင်းရဲ ဒုက္ခတွေကို ဗုဒ္ဓက တန်ခိုးတော်နဲ့ ပယ်ဖျောက်ပေးလိမ့်မယ်။ ချမ်းသာသုခအားလုံး ပစ်ချပေးလိုက် လိမ့်မယ်။ ချမ်းသာတဲ့ဘုံဌာနကြီး တစ်ခုသို့ ဆွဲခေါ်ကယ်တင် သွားလိမ့်မယ်ဆိုတဲ့ မျော်လင့်ချက် ၊ ယုံကြည်ချက်တွေနဲ့ ဗုဒ္ဓကို ယုံကြည် အားကိုးနေကြတာ မဟုတ်ပါဘူး။

ဗုဒ္ဓကဘယ်လို ညွှန်ကြားခဲ့သလဲ

ဗုဒ္ဓကလဲ ''သင်တို့ရဲ့ ကျူးလွန်ထားတဲ့အပြစ်တွေ ငါအားလုံးဆေးကြော သုတ်သင်ပေးမယ်၊ အပြစ်နှင့် ဒုက္ခမှလွတ်မြောက်စေပြီး ချမ်းသာတဲ့ ဘုံဌာနကြီးတစ်ခုသို့ ငါပို့ဆောင်ပေးမယ်'' လို့ ဘယ်တော့မှ၊ ဘယ်တုန်းကမှ အာမခံချက် မပေးပါဘူး။ ဒီအာမခံချက်မျိုး ဘယ်ပုဂ္ဂိုလ်မှလည်း မပေးနိုင်ပါဘူး။

တစ်စုံတစ်ယောက်ရဲ့ ပြစ်မှုတွေကို ပယ်ရှားပေးနိုင်တဲ့ တန်ခိုးသတ္တိဟာ ဗုဒ္ဓမှာ မရှိပါဘူး။ တကယ်စင်စစ်တော့ တစ်စုံတစ်ယောက်သည် အခြား တစ်စုံတစ်ယောက်ကို သန့်ရှင်းအောင်လည်း လုပ်မပေးနိုင်ပါဘူး။ ညစ်နွမ်းအောင်လည်း မလုပ်နိုင်ပါဘူး။

မိမိသည်သာလျင် မိမိကိုယ်ကို ညစ်နွမ်းစေနိုင်ပြီး မိမိသည်ပင် မိမိ၏ သန့်ရှင်းရေးကို ဆောင်ရွက်နိုင်ပါတယ်။ တစ်ယောက်က တစ်ယောက်ကို ကယ်တင်နိုင်ကြတာ မဟုတ်ပါဘူး။

ထို့ကြောင့် ကျောင်းဆရာတစ်ယောက်ဟာ ကျောင်းသား တစ်ယောက်ကို သင်ကြားပြသ သလိုပါပဲ၊ ဗုဒ္ဓသည် ဆရာနှင့်တူစွာ ကျွန်ုပ်တို့ကို ညွှန်ကြားခဲ့ပါတယ်။

''မိမိကိုယ်ကို မိမိတို့ အားကိုးကြပါ၊ ကိုယ်ကျင့်ထားတဲ့ တရားကို အားကိုးကြပါ၊ ကိုယ်ကျင့် ထားတဲ့ ကိုယ်ကျင့်တရားကလွဲလို့ တခြားအားကိုးစရာ မရှိပါဘူးတဲ့''

လွတ်လပ်မှုအပြည့်ရှိတဲ့ ဗုဒ္ဓဘာသာ

ဗုဒ္ဓဘာသာဝင် တစ်ယောက်သည် ဗုဒ္ဓကို ကိုးကွယ် ဆည်းကပ်နေပေမယ့် စစ်ရှုံးလို့ လက်နက်ချ အရှုံးပေး အညံ့ခံလိုက်တာမျိုး မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာဝင်တစ်ယောက် ဖြစ်လာတာနဲ့ပဲ လွတ်လပ်စွာ တွေးတောကြံစည် စဉ်းစားဝေဖန်ခြင်းတို့ကို စွန့်လွှတ်ရတာမျိုး မဟုတ်ပါဘူး။

မိမိစိတ်ထဲမှာ အချုပ်နှောင်မရှိ လွတ်လပ်စွာ ကျင့်ကြံ အားထုတ်နိုင်ပါတယ်။ ဘယ်လောက်ထိ လွတ်လပ်ပါသလဲဆိုရင် ကိုယ်ကိုယ်တိုင် '' ဗုဒ္ဓ'' ဖြစ်လာသည်အထိ မိမိရဲ့ အသိဉာဏ်များကို ပွားများ နိုင်ပါတယ်၊ တိုးချဲ့နိုင်ပါတယ်။

ဗုဒ္ဓ၀ါဒရဲ့ အစကတော့ သမ္မာဒိဋ္ဌိပါပဲ။ သမ္မာဒိဋ္ဌိဆိုတာ အသိဉာဏ် မှန်ကန်ဖို့ ၊ အယူအဆ မှန်ကန်ဖို့ပါပဲ ။ ဒုက္ခနှင့် ဒုက္ခအကြောင်းမှန်ကို သိရှိနားလည်ရမယ်။

ဤအချက်တို့ကို သိရှိနားလည်ဖို့ရန် မိမိတို့၏စိတ် ၊ စေတသိက်တို့ရဲ့ စွမ်းရည်သတ္တိကို လွတ်လပ်စွာ အသုံးချဖို့ လိုအပ်ပါတယ်။ ထိုသစ္စာတရားတို့ကို ရှာဖွေပေးတဲ့ ဗုဒ္ဓက ကောသလတိုင်း ကေသမုတ္တိရွာသား ကာလာမလူမျိုးတို့အား အောက်ပါအတိုင်း ဟောထားခဲ့ပါတယ်။

ဗုဒ္ဓရဲ့စကားကြီး ၁၀ ခွန်း

ကာလာမတို့ –

၁။ အဆင့်ဆင့် ပြောဆိုလာခဲ့တဲ့ ရှေးစကားကြားရုံမျနဲ့လဲ ၀ါဒတစ်ခု လက်မခံလိုက်နဲ့ဦး ၊

၂။ အစဉ်အဆက်က ကျင့်သုံးလာတဲ့ ဓလေ့ထုံးစံအားလုံးလဲ မှန်တယ်လို့ သိမ်းကျုံး လက်မခံလိုက်နဲ့ ဦး ၊

၃။ သူတစ်ပါးပြောတိုင်းလဲ မစုံစမ်းမဆင်ခြင်ဘဲ လက်မခံလိုက်နဲ့ဦး ၊

၎။ စာနဲ့ရေးသားတိုင်းလဲ အားလုံးမှန်ပြီလို့ လက်မခံလိုက်နဲ့ဦး ၊

၅။ မိမိတွေးတောကြံဆလို့ ပေါ်လာတဲ့ မိမိရဲ့ အတွေးအကြံတွေ အားလုံးမှန်ပြီလို့ လက်မခံလိုက်နဲ့ဦး ၊

၆။ မှီရာနည်း နိဿယတွေရှိသားပဲဆိုပြီး အဲဒီနည်းတွေကို မှန်ပြီလို့ လက်မခံလိုက်နဲ့ ဦး ၊

၇။ မိမိ အကြံအစည် အတွေးအခေါ်ကို မိမိဘာသာအကြောင်း အထောက်အထားပေးပြီး ခိုင်လုံလှပြီလို့ မယူလိုက်နဲ့ဦး ၊

၈။ မိမိကြိုတင်စဉ်းစား တွေးတော လက်ခံထားသော အယူအဆနှင့် တစ်စုံတစ်ယောက် ဟောပြောချက်၊ ရေးသားချက်၊ အယူအဆတို့ ကိုက်ညီပါပေတယ်ဆိုပြီး လက်မခံလိုက်နဲ့ ဦး ၊

၉။ ထင်ရှားကျော်ကြားပြီး လူအများလေးစားတဲ့ ပုဂ္ဂိုလ်ကြီးပြောတဲ့ စကားပဲဆိုပြီးတော့လဲ လက်မခံလိုက်နဲ့ ဦး ၊

၁၀။ ငါတို့လေးစားတဲ့ ငါတို့ဆရာ့စကား ဆိုပြီးတော့လဲ အပြီးသတ် လက်မခံလိုက်နဲ့ ဦး ။

ကောင်းဆိုးနှစ်ဖြာ ခွဲခြားပါ

ကာလာမတို့ – ဤတရားကား စက်ဆုပ်ဖွယ် တရားတို့ပါတကား ၊ ဤအကျင့်တို့ကား မကောင်းသော အကျင့်တို့ပါတကား ၊ ဤအကျင့်တို့ကား သူတော်ကောင်းများ ကဲ့ရဲ့သော အကျင့်ပါ တကားလို့ သင်တို့ကိုယ်တိုင် ကိုယ်ပိုင်ဉာဏ်နဲ့သိနိုင်ကြသားပဲ။

အဲဒီလို သိတဲ့အခါ အဲဒီမကောင်းတဲ့ အကျင့်တရားတွေကို ပယ်လိုက်ကြ၊ စွန့်လိုက်ကြရုံပဲပေါ့။ အဲဒီအကျင့် တစ်စုံတစ်ခုကို ကျင့်လို့ အကျိုးမဲ့ ဖြစ်မယ်၊ ဆင်းရဲမယ်ဆိုရင် ဘာပြုလို့ကျင့်နေရမှာလဲ၊ ပယ်လိုက်ကြပေါ့။

ကာလာမတို့ – သင်တို့သည် သင်တို့၏ ကိုယ်ပိုင်ဉာဏ်ဖြင့် ''ဤအကျင့်တရားတို့ကား အပြစ်ကင်း၍ သန့်ရှင်းသောတရားများ ကောင်းကျိုးချမ်းသာ ဖြစ်၍ ပညာရှိ သူတော်ကောင်းများ ချီးမွမ်းသော အကျင့်တရားတွေပဲလို့ သိသောအခါ ဒီအကျင့်တရားမျိုးကို လိုက်နာကျင့်သုံးကြပေါ့။ သင်တို့ ကိုယ်တိုင် ကိုယ်ပိုင်ဉာဏ်နဲ့ သိနိုင်ကြသားပဲ။ ဘာပြုလို့ မျက်စိမှိတ်နေကြတာလဲ။ ကိုယ်ပိုင် ထားသောစိတ်၊ စေတသိက်တို့ရဲ့ ထက်မြက်လှစွာသော စွမ်းရည်သတ္တိတွေကို အသုံးချလိုက်ကြပါ''

ဤသုတ္တန်လာ ဗုဒ္ဓ၏မိန့်ခွန်းသံများဟာ ဘာသာရေးမှာ မျက်စိမှိတ်နေကြတဲ့ ပုဂ္ဂိုလ်တွေကို မျက်စိပွင့်စေတဲ့ စွမ်းအားတစ်မျိုး ဖြစ်ပါတယ်။ ကိုးကွယ်ဆည်းကပ်မှု၌ တွေဝေငေးငိုင်နေသူတွေကို ကြည်လင် တက်ကြွလာစေတဲ့ မိန့်ခွန်းတော်များလဲ ဖြစ်ပါတယ်။

(၂၇-၁၀-၉၇ ရက်နေ.ထုတ် မြန်မာ့အလင်းသတင်းစာ တွင်ပါရှိသော စုဆောင်းတင်ပြသူတစ်ဦး၏ ဗုဒ္ဓ၀ါဒသည် Religion မဟုတ်ပါ ဆောင်းပါး မှဖော်ပြပါသည်။)
0 မှတ်ချက်ရေးရန်

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP