Saturday, February 11, 2012
ညစာမစားဖြစ်တဲ့ အိပ်မက်များ
သို့သော်…….
ဘယ်တစ်ခုလဲ
သံဝေဂဖြစ်တယ်ဆိုတာ သဘောတရား အဖြစ်အမှန်ကို တရားသဘောအသိဥာဏ်နဲ့ သိသွားခြင်းရယ်ပါ။ ဒါကိုပဲ သံဝေဂရလို့ ကြက်သေသေသွားတာလို့ ဘာမှ မလုပ်ချင်တော့ပဲ ဖြစ်သွားတာတို့ ဆိုတာတွေ ကြားနေရပါတယ်။ ဒါဟာ သံဝေဂမဟုတ်ပါ။ ဒေါသသာ ဖြစ်ပါတယ်။ ဒေါသက ကြောက်တာ။ သံဝေဂက လုပ်သင့်လုပ်ထိုက်တာကို ဆက်လုပ်မယ်လို့ ဆုံးဖြတ်ချက်ချတာ။ သံဝေဂ ဆိုတာ ၀ိပဿနာ ဥာဏ်ရဲ့  အနီးကပ်ဆုံး အကြောင်းတရားပါ။
တတ်စွမ်းသမျှ ကူညီတာ
မင်းလေးပါးတို့ ဥပုသ်သုံးခန်း (ဝိဓူရဇာတ်တော်-မင်းပူးဆရာတော်ဦးသြဘာသ)
လွန်လေပြီးသောအခါ ကုရုတိုင်း၊ ဣန္ဒပတ္တနဂိုရ်ပြည်၌ ဓနဉ္စယကောရဗျ အမည်ရှိသော မင်းသည် မင်းပြု၏။ ထိုမင်း၏ အကျိုးကိုလည်းကောင်း၊ အကြောင်းကိုလည်းကောင်း ဆုံးမတတ်သော အမတ်ပညာရှိသည်ကား ဝိဓုရ အမည်ရှိ၏။
ထို ဝိဓုရသုခမိန်သည် သာယာစွာသော စကားဖြင့် လူအပေါင်းတို့အား တရားဟော၏။ ဇမ္ဗူဒီပကျွန်းအပြင်၌ နေကုန်သော မင်းအပေါင်းတို့သည် ဆင်ကို နှစ်သက်စေတတ်သော စောင်းကို တီးလျှင် ဆင်အပေါင်းတို့သည် ထိုစောင်းသံ၌ တပ်မက်ခြင်းဖြင့် မခွာရက်သကဲ့သို့ သာယာလှစွာသော တရားသံဖြင့် ကြည်ညိုတပ်မက်ကြသည် ဖြစ်၍ မိမိတို့ပြည်သို့မျှ ခွာ၍ မပြန်ရက်နိုင် ဖြစ်ကြကုန်၏။
ဝိဓုရအမတ်သုခမိန်သည် ဘုရား၏တင့်တယ်ခြင်းဖြင့် မင်းအစရှိသော လူအပေါင်းတို့အား တရားဟောလျက် များစွာသော စည်းစိမ်အခြံအရံဖြင့် ထို ဣန္ဒပတ္တနဂိုရ်ပြည်၌ ထင်ရှားစွာ နေ၏။
ဗာရာဏသီပြည်၌လည်း အဆွေခင်ပွန်းဖြစ်သော ပုဏ္ဏားသူကြွယ် ၄ ယောက်တို့သည် ကာမဂုဏ်၌ အပြစ်ကို မြင်၍ များစွာသော စည်းစိမ်ကို စွန့်ပစ်လျက် ဟိမဝန္တာသို့ သွား၍ ရသေ့ရဟန်းပြုသဖြင့် အဘိညာဉ် သမာပတ်ကို ဖြစ်စေ၍ တောသစ်မြစ် သစ်သီးသာလျှင် အစာရှိကုန်လျက် ဟိမဝန္တာ၌ ကာလအရှည် နေကြပြီးမှ ချဉ်ဆား မှီဝဲလိုသောငှာ မြို့,ရွှာ,ဇနပုဒ်တို့သို့ လှည့်လည်သွားလာကြသော် အင်္ဂတိုင်း စမ္ပာနဂိုရ်ပြည်သို့ ရောက်လေ၍ မင်း၏ဥယျာဉ်၌ နေကြကုန်၏။
မိုးသောက်လျှင် ဆွမ်းအလို့ငှာ မြို့သို့ ဝင်လေကုန်သော် ထိုမြို့၌ သူကြွယ်အဆွေခင်ပွန်း ၄ ယောက်တို့သည် ထိုရသေ့တို့၏ သွားခြင်း ရပ်ခြင်း အစရှိသော ဣရိယာပုတ်ကို မြင်လျှင် ကြည်ညို၍ ရသေ့တို့၏ အထံသို့ ကပ်ကြကုန်လျက် ရှိခိုး၍ သပိတ်ကို ယူပြီးသော် မိမိ မိမိတို့အိမ်သို့ တစ်ပါးစီ ပင့်၍ မွန်မြတ်သော ခဲဖွယ်ဘောဇဉ်ဖြင့် လုပ်ကျွေးပြီးသော် “ဤအရပ်၌ နေ၍ နေ့တိုင်းမပြတ် အကျွန်ုပ်တို့အိမ်သို့ ဆွမ်းစားကြွတော်မူပါကုန်”ဟု တောင်းပန်၍ ပဋိညာဉ်ကို ရလျှင် ထိုဥယျာဉ်၌ နေစေကုန်၏။
ရသေ့တို့လည်း နေ့တိုင်း ထိုသူကြွယ်တို့၏ အိမ်သို့ သွား၍ ဆွမ်းစားပြီးသော် နေ့နေလိုသောငှာ တစ်ရပ်စီ ခွဲ၍ သွားကြကုန်၏။
တစ်ပါးသော ရသေ့ကား တာဝတိံသာနတ်ပြည်သို့ သွား၍ နေ့ နေ၏။ တစ်ပါးကား နဂါးပြည်သို့ သွား၍ နေ့ နေ၏။ တစ်ပါးကား ဂဠုန်ပြည်သို့ သွား၍ နေ့ နေ၏။ တစ်ပါးကား ဣန္ဒပတ္တနဂိုရ်ပြည် ဓနဉ္စယကောရဗျမင်း၏ မိဂါဇိန်အမည်ရှိသော ဥယျာဉ်သို့ သွား၍ နေ့ နေ၏။
ထို ၄ ယောက်သော ရသေ့တို့တွင် တာဝတိံသာသို့ သွားသော ရသေ့သည် မိမိဒကာအား မိမိမြင်ခဲ့သည့်အတိုင်း သိကြားမင်းစည်းစိမ်ကို ချီးမွမ်း၍ ဟောပြော၏။ နဂါးပြည်သို့ သွားသော ရသေ့သည် နဂါးမင်းစည်းစိမ်ကို၊ ဂဠုန်ပြည်သို့ သွားသော ရသေ့ည် ဂဠုန်မင်းစည်းစိမ်ကို၊ ကောရဗျမင်းဥယျာဉ်သို့ သွားသော ရသေ့သည်လည်း ကောရဗျမင်းစည်းစိမ်ကို မိမိတို့ မြင်ခဲ့သည့်အတိုင်း မိမိတို့ဒကာ အလုပ်အကျွေးသူကြွယ်တို့အား အသီးအသီး ချီးမွမ်း၍ ပြောကြကုန်၏။
သူကြွယ် ၄ ယောက်တို့လည်း မိမိတို့ဆရာ ရှင်ရသေ့ ချီးမွမ်းသော စည်းစိမ်ကို အသီးအသီး အလိုရှိကြကုန်သဖြင့် အလှူပေးခြင်း၊ သီလဆောက်တည်ခြင်း အစရှိသော ကောင်းမှုကို ပြုကြကုန်လျက် အသက်အတိုင်း နေ၍ စုတေကြလတ်သော် သိကြားအဖြစ်ကို တောင့်တသော သူကြွယ်သည် သိကြားဖြစ်လေ၏။ နဂါးအဖြစ်ကို တောင့်တသော သူကြွယ်သည်လည်း မိမိသား မယားနှင့်တကွ နဂါးဖြစ်လေ၏။ ဂဠုန်မင်းစည်းစိမ်ကို တောင့်တသော သူကြွယ်သည် လက်ပံတောဗိမာန်၌ ဂဠုန်မင်း ဖြစ်လေ၏။ ကောရဗျမင်းစည်းစိမ်ကို တောင့်တသော သူကြွယ်သည် ဓနဉ္စယကောရဗျမင်း၏ မိဖုရားကြီးဝမ်း၌ ပဋိသန္ဓေနေလေ၏။
ရသေ့ ၄ ယောက်တို့သည်လည်း မယုတ်သော ဈာန်ရှိသည်ဖြစ်၍ ဗြဟ္မာ့ပြည်၌ ဖြစ်ကြလေကုန်၏။
ကောရဗျမင်းသားသည် ဖွား၍ အရွယ်ရောက်လတ်သော် ခမည်းတော်လွန်သဖြင့် မင်းကျင့်တရားနှင့်အညီ မင်းပြု၏။ ထိုရောအခါဝယ် ကောရဗျမင်းကြီးသည်ကား အန်ကစားကြူး၏။ ဝိဓုရသုခမိန် အဆုံးအမ၌ တည်၍ အလှူပေး၏။ သီလဆောက်တည်၏။ ဥပုသ်ဆောက်တည်၏။
ထိုကောရဗျမင်းသည် တစ်နေ့သော ဥပုသ်နေ့၌ ဥပုသ်ဆောက်တည်ပြီးသော် ‘ဆိတ်ငြိမ်ခြင်းကို ပွားစေအံ့’ဟု ဥယျာဉ်သို့ သွား၍ နှလုံးမွေ့လျော်ရာအရပ်၌ နေလျက် ရဟန်းတရားကို ပွားစေ၏။ သိကြားမင်းသည်လည်း ဥပုသ်ဆောက်တည်ပြီးသော် နတ်ပြည်၌ ကြောင့်ကြစိုးရိမ်ခြင်း နှောင့်ယှက်ခြင်း များသည်ဟု လူ့ပြည်သို့ လာ၍ ထိုဥယျာဉ်၏ နှလုံးမွေ့လျော်ရာအရပ်၌ နေလျက် ရဟန်းတရားကို ပွားစေ၏။ နဂါးမင်းသည်လည်း ဥပုသ်ဆောက်တည်ပြီးသော် နဂါးပြည်၌ ကြောင့်ကြများသည်ဟု ထိုဥယျာဉ်သို့ လာ၍ နှစ်သက်ရာအရပ်၌ နေလျက် ရဟန်းတရားကို ပွားစေ၏။ ဂဠုန်မင်းသည်လည်း ဂဠုန်ပြည်၌ ကြောင့်ကြများသည်ဟု ဂဠုန်ပြည်မှ ထိုဥယျာဉ်သို့ လာ၍ နှစ်သက်ရာအရပ်၌ နေလျက် ရဟန်းတရားကို ပွားစေ၏။
ထိုမင်း ၄ ပါးတို့သည် ညချမ်းသောအခါ မိမိတို့နေရာမှ ထွက်ခဲ့၍ မင်္ဂလာရှိသော လေးထောင့်ကန်နား၌ အညီအညွတ် တွေ့ကြုံကြသော် အချင်းချင်း ကြည့်ကြ၍ ရှေး၌ အဆွေခင်ပွန်းဖြစ်ဖူးသောအားဖြင့် ချစ်ခင်ကြင်နာ ဝမ်းမြောက်စွာ သာယာစွာ စကားပြောဆိုကြပြီးလျှင် သိကြားမင်းသည် မင်္ဂလာရှိသော ကျောက်ဖျာထက်၌ နေ၏။ မင်း ၃ ပါးတို့သည်လည်း သင့်ရာအရပ်၌ နေကြကုန်၏။
ထိုရောအခါ သိကြားမင်းသည် - “မင်း ၃ ပါးတို့၊ ယခု ငါတို့ ၄ ယောက် စောင့်ကြသော သီလတွင် အဘယ်သူ၏ သီလသည် မြတ်မည် ထင်ကြသနည်း”ဟု မေး၏။
ဝရုဏနဂါးမင်းသည် - “အရှင်သိကြားမင်း၊ အကျွန်ုပ်၏ သီလသည် မင်း ၃ ပါးတို့၏ သီလထက် မြတ်မည် ထင်၏”ဟု ဆို၏။ “အဘယ့်ကြောင့်နည်း”ဟု မေးလျှင်၊ “ဤဂဠုန်မင်းသည် အကျွန်ုပ်ကို အန္တရာယ်မပြုသည်ဖြစ်စေ၊ ဂဠုန်တို့မည်သည် အကျွန်ုပ်တို့အသက်အန္တရာယ်ကို ပြုတတ်၏။ ထိုသို့ အသက်အန္တရာယ်ပြုတတ်သော ဂဠုန်မင်းကို မြင်ရ တွေ့ရသော်လည်း ကြောက်လန့် စိုးရိမ်ခြင်း မရှိ။ မိမိဝေဒနာကို ပမာဏမပြုသဖြင့် သည်းခံခြင်းမြတ်သောကြောင့် အကျွန်ုပ်၏သီလသည် မင်း ၃ ပါးတို့၏ သီလထက် မြတ်သည် ထင်ပါသည်”ဟု ဆို၍ ဒသကနိပါတ် စတုပေါသထဇာတ်၌ လာသော -
“ယောကောပနေယျေ န ကရောတိ ကောပံ၊
န ကုဇ္ဈတိ သပ္ပုရိသော ကဒါစိ။
ကုဒ္ဓေါ ပိ သော နာဝိကရောတိ ကောပံ။
တံ ဝေ နရံ သမဏံ အာဟု လောကေ။” ဟူ သော ဂါထာကို ရွတ်၏။
အဓိပ္ပာယ်ကား - “မင်း ၃ ပါးတို့၊ အကြင်သူသည် အမျက်ထွက်အပ်သောသူ၌ အမျက်မထွက်စေမူ၍ အခါခပ်သိမ်းလျှင် သည်းခံ၏။ ရံခါ အမျက်ထွက်သော်လည်း ထို မိမိထွက်သောအမျက်ကို ထင်စွာ မပြု။ ထိုသို့သဘောရှိသော သူတော်ကောင်းကိုလျှင် ဤလောက၌ ‘ငြိမ်းပြီးသော မကောင်းမှု’ရှိသောသူဟူ၍ ပညာရှိတို့ ဆိုကုန်၏။ ဤသို့ အမျက်မထွက်ခြင်း သည်းခံခြင်းကျေးဇူးသည် အကျွန်ုပ်၌ရှိသောကြောင့် အကျွန်ုပ်၏သီလသည် ကြီးမြတ်၏”ဟု ဆို၏။
(ဤစကား၌ ခန္တီဝါဒီ ရှင်ရသေ့သည် အပြစ်မရှိဘဲလျက် နှိပ်စက်သော ကလာဗုမင်းအား အချင်းခပ်သိမ်း အမျက်မထွက်သကဲ့သို့လည်းကောင်း၊ စူဠဗောဓိ ရှင်ရသေ့သည် မိမိခင်ပွန်း ရသေ့မအား ဗာရာဏသီမင်းကြီး ဖျက်ဆီးမည် အကြံရှိသည်ကို သိ၍ နှလုံးမသာမယာရှိသော်လည်း ထိုအမျက်ကို အပြင်သို့ မထွက်ရ၊ လက်ခုပ်ထဲ၌ရှိသော မီးပွားကို ပြင်တပါး အမှိုက်မီးစာသို့ မကျမငြိစေရဘဲ လက်ခုပ်ထဲ၌ပင်လျှင် သေငြိမ်းအောင် ကြိတ်နယ်ဘိသကဲ့သို့ အမျက်ကို ထင်စွာ မပြု။ ဤသို့ကျင့်သော စူဠဗောဓိရှင်ရသေ့ကဲ့သို့လည်းကောင်း သည်းခံရမည် ဆိုလိုသည်။)
ထိုစကားကို ကြားလျှင် ဂဠုန်မင်း ဆိုပြန်၏။ “မင်းကြီးတို့၊ ဤနဂါးမင်းသည် အကျွန်ုပ်တို့၏အစာတွင် အမြတ်ဆုံးတည်း။ ဤသို့သောအစာကို မြင်၍လည်း မွတ်သိပ်ခြင်းကို သည်းခံလျက် အစာတည်းဟူသောအကြောင်းကြောင့် မကောင်းမှုကို မပြု။ ထို့ကြောင့် အကျွန်ုပ်၏သီလသည် မင်း ၃ ပါးတို့၏ သီလထက် မြတ်၏”ဟု ဆို၍ -
“အနုဒရော ပိယော သဟတေ ဇိဃစ္တံ၊
ဒန္တော တပိ မိတ ပါနဘောဇနော။
အာဟာရဟေတု န ကရောတိ ပါပံ၊
တံ ဝေ နရံ သမဏံ အာဟု လောကေ။” ဟူသော ဂါထာကို ရွတ်၏။
အဓိပ္ပာယ်ကား - “မင်းကြီးတို့၊ အကြင်သူသည် အလွန်မွတ်သိပ်သော်လည်း အစာတည်းဟူသော အကြောင်းကြောင့် ယုတ်မာသောအမှုကို မပြု။ အတိုင်းအရှည် တန်ရုံမျှသော အစာ,အဖျော်တို့ကိုသာ မှီဝဲလျက် ဣနြေ္ဒကို ကောင်းစွာ ဆုံးမ၍ သီလကို မကျိုးမပျက်ရအောင် ကောင်းစွာ စောင့်၏။ ထိုသို့ သဘောရှိသောသူကို ဤလောက၌ ‘ငြိမ်းပြီးသော မကောင်းမှု’ ရှိသောသူ ဟူ၍ ပညာရှိတို့ ဆိုကုန်၏။ ထို့ကြောင့် အကျွန်ုပ်၏သီလသည်လျှင် မြတ်၏”ဟု ဆို၏။
(ဤစကား၌ အစာတည်းဟူသော အကြောင်းကြောင့် သီလပျက်ကောင်းသည်ကို မဆိုနှင့်ဦး။ သီလပျက်ကောင်းသော အရာ၌ပင်သော်လည်း အရှင်သာရိပုတ္တရာသည် “လေနာပေါ်သောအခါ အဘယ်ဆေးဖြင့် ပျောက်ဖူးသနည်း”ဟု အရှင်မောဂ္ဂလာန် မေးလျှောက်သောကြောင့် “ထောပတ်ဖြင့် ပျောက်ဖူး၏”ဟု ဆိုသည့် စကားကိုပင်လျှင် ‘အစာ၌ လော်လည်ခြင်းဖြစ်သည်’ဟု စက်ဆုပ်တော်မူ၍ အရှင်မောဂ္ဂလာန် ခံဆောင်ခဲ့သော ထောပတ်ကို မသုံးဆောင်ဘဲ နေ၏။ ဤသို့ သူတော်ကောင်းတို့သည် သီလမပျက်ကောင်းသောအရာ၌ပင်သော်လည်း အစာကြောင့် လော်လည်ခြင်းမရှိ ဆိုလိုသည်။)
ထို ဂဠုန်မင်းစကားကို ကြားလျှင် သိကြားမင်း ဆိုပြန်၏။
“မင်းများတို့၊ ငါသည် အထူးထူးအပြားပြား များလှစွာသော နတ်စည်းစိမ်ကို စွန့်၍ သီလစောင့်လိုသောငှာ ဤလူ့ပြည်သို့ လာ၏။ ထို့ကြောင့် ငါ၏သီလသည် သင်တို့သီလထက် မြတ်၏”ဟု ဆို၍ -
“ခိဍ္ဍရတိံ ဝိပ္ပဇဟေတွာ သဗ္ဗံ၊
န စာလိကံ ဘာသတိ ကိဉ္စိ လောကေ။
ဝိဘူသနဋ္ဌာနာ ဝိရတော မေထုနသ္မာ၊
တံ ဝေ နရံ သမဏံ အာဟု လောကေ။” ဟူသော ဂါထာကို ရွတ်၏။
အဓိပ္ပာယ်ကား - “မင်းများတို့၊ အကြင်သူသည် ကိုယ်ဖြင့် မြူးတူးခြင်း၊ နှုတ်ဖြင့် မြူးတူးခြင်းကို ကြဉ်၍ စိုးစဉ်းမျှလည်း ပျက်စကားကို မဆို။ တဏှာ၏အကြောင်းဖြစ်သော အသားကို ပြေပြစ်ပြည့်ဖြိုးစေခြင်းငှာ အစာ မမှီဝဲ။ အရေ၏ ပြေပြစ်စေခြင်းငှာ ပန်း နံ့သာ နံ့သာပျောင်း အခိုး အထုံ စသည်တို့မှလည်းကောင်း၊ မေထုန်မှလည်းကောင်း ရှောင်ကြဉ်၏။ ထိုသို့သဘောရှိသော သူကို ဤလူ့ပြည်၌ ‘ငြိမ်းပြီးသော မကောင်းမှု’ရှိသောသူ ဟူ၍ ပညာရှိတို့ ဆိုကုန်၏။ ငါသည်လည်း နတ်ပြည်၌ အလွန်အဆင်းလှသော နတ်သမီးအပေါင်းတို့ကို စွန့်၍ ဤလူ့ပြည်၌ သီလဆောက်တည်ခြင်းငှာ လာ၏။ ထို့ကြောင့် ငါ၏သီလသည် မြတ်၏”ဟု ဆို၏။
ထို သိကြားမင်းစကားကို ကြားလျှင် ဓနဉ္စယကောရဗျမင်းသည် ဆိုပြန်၏။
“မင်းများတို့၊ ငါသည် များစွာသော ဥစ္စာကိုလည်းကောင်း၊ တစ်သောင်းခြောက်ထောင်သော မောင်းမတို့ဖြင့် ပြည့်သော ရွှေနန်းစည်းစိမ်ကိုလည်းကောင်း စွန့်၍ ဤဥယျာဉ်၌ ဥပုသ်စောင့်ခြင်းငှာ လာ၏။ ထို့ကြောင့် ငါ၏သီလသည် သင်တို့စောင့်သောသီလထက် မြတ်၏”ဟု ဆို၍ -
“ပရိဂ္ဂဟံ လောဘဓမ္မဉ္စ သဗ္ဗံ၊
ယော ဝေ ပရိညာယ ပရိစ္စဇတိ။
ဒန္တံ ဓိတတ္တံ အမမံ နိရာသံ၊
တံ ဝေ နရံ သမဏံ အာဟု လောကေ။” ဟူသော ဂါထာကို ရွတ်၏။
အဓိပ္ပာယ်ကား - “မင်းများတို့၊ အကြင်သူသည် ခန္ဓာ ၅ ပါး အစရှိသည်တို့၏သဘောလက္ခဏာကို သိတတ်သော ဉာတပရိညာဉ်၊ ထိုခန္ဓာ ၅ ပါး စသည်တို့၏ အနှစ်သာရ မရှိသည်ကို စူးစမ်းဆင်ခြင်တတ်သော တိရဏပရိညာဉ်၊ ထို ခန္ဓာ ၅ ပါးတို့သည် ပျက်စီးခြင်း ဖောက်ပြန်ခြင်း စသော အပြစ်သာလျှင် ရှိ၏ အကျိုးမရှိဟု ဟုတ်မှန်တိုင်း သိပြီး၍ ‘ငါ၏ကိုယ်’ဟု မှတ်ထင်သော ဆန္ဒရာဂကို ပယ်နုတ်ခြင်းတည်းဟူသော ပဟာနပရိညာဉ်၊ ဤပရိညာဉ် ၃ ပါးတို့ဖြင့် သဘောအလျောက် ပိုင်းဖြတ် ခြားနားစွာ သိပြီး၍ စည်းစိမ်ဥစ္စာ အခြွေအရံ အစရှိသော ဝတ္ထုကာမ၊ ထိုဝတ္ထုကာမကို တပ်မက်သော ကိလေသာကာမတို့ကို ပယ်စွန့်၍၊ အစွယ်ကျိုးသော မြွေကဲ့သို့ အမျက်ရန်ငြိုးတို့ကို မရှိစေရ နှိမ်နင်းခြင်း၊ ဤသို့ ကာမဝိတက်၊ ဗျာပါဒဝိတက်၊ ဝိဟိံသာဝိတက် ဟု ဆိုအပ်သော အကြံအစည်တို့ကို မဖြစ်စေရသဖြင့် ကိုယ်စိတ်၏ ငြိမ်သက်တည်ကြည်ခြင်း၊ သားမယားတို့၌ မတပ်မက်ခြင်းနှင့် ပြည့်စုံ၏။ ထိုသို့ သဘောရှိသောသူကို ဤလူ့ပြည်၌ ‘ငြိမ်းပြီးသော မကောင်းမှု’ရှိသောသူ ဟူ၍ ပညာရှိတို့ ဆိုကုန်၏။ ငါသည်လည်း သားမယားတို့နှင့်တကွ ရွှေနန်းစည်းစိမ်ကို စွန့်၍ သီလစောင့်ခြင်းငှာ ဤဥယျာဉ်သို့ လာသောကြောင့် ပညာရှိတို့ဂုဏ်နှင့် ပြည့်စုံသည်ဖြစ်၍ ငါ၏သီလသာ မြတ်၏”ဟု ဆို၏။
ဤသို့ မင်း ၄ ပါးတို့သည် မိမိတို့သီလကိုသာလျှင် ချီးမွမ်းကြကုန်၏။
သိကြားမင်း၊ ဂဠုန်မင်း၊ နဂါးမင်းတို့သည် ဓနဉ္စယကောရဗျမင်းကို “ဓနဉ္စယမင်းကြီး၊ သင်၏ ပြည်နိုင်ငံ၌ ငါတို့ယုံမှားခြင်းကို ဖျောက်နိုင်သော ပညာရှိသုခမိန် မရှိလော”ဟု မေးကြကုန်၏။
ဓနဉ္စယမင်းလည်း - “မင်းကြီးတို့၊ ပညာရှိသုခမိန် ရှိ၏။ ငါ၏အကျိုးစီးပွားကို ပြညွှန် ဆုံးမတတ်သော အမတ်ကြီးသည် ဝိဓုရ အမည်ရှိ၏။ ထို ဝိဓုရအမတ်သုခမိန်သည် ကြီးကျယ်သော ပညာလည်း ရှိ၏။ သာယာနာပျော်ဖွယ်သော အသံနှင့်လည်း ပြည့်စုံ၏။ ငါတို့ ယခုယုံမှားခြင်းကို ပျောက်စေနိုင်လတ္တံ့။ ဝိဓုရအမတ်ကြီးထံ သွား၍ အဆုံးအဖြတ် ခံကြကုန်အံ့”ဟု ဆို၏။
မင်း ၃ ပါးတို့လည်း “ကောင်းပြီ။ သွားကြကုန်အံ့”ဟု အညီအညွတ် ဥယျာဉ်မှ ထွက်ခဲ့၍ တရားစီရင်ဆုံးဖြတ်ရာ သဘင်သို့ သွားပြီးသော် မြတ်သောပလ္လင်ကို တန်ဆာဆင်၍ ဝိဓုရအမတ်သုခမိန်ကို ပလ္လင်ထက် နေစေပြီးလျှင် ပဋိသန္ဓာရစကား ပြောဟော၍ မိမိတို့ယုံမှားခြင်း ပြဿနာကို မေးလိုသောကြောင့် -
“ပုစ္ဆာမ ကတ္တာရ မနောမပည၊
ကထာသု နော ဝိဂ္ဂဟော အတ္ထိ ဇာတော။
ဆိန္ဒဇ္ဇကင်္ခံ ဝိစိကိစ္ဆိတာနိ၊
တဒဇ္ဇ ကင်္ခံ ဝိတရေမု သဗ္ဗေ။”ဟူသော ဂါထာဖြင့် ရွတ်မေးကုန်၏။
အဓိပ္ပာယ်ကား - “မယုတ်သော ပညာရှိသော သုခမိန်အမတ်ကြီး၊ ငါတို့ မင်း ၄ ပါး၌ သီလကို မှီ၍ တစ်ခုသော အငြင်းအခုံစကား ဖြစ်ကြကုန်၏။ ထို ငါတို့ယုံမှားခြင်းကို သင်အမတ်ကြီးသည် ဝဇိရစိန်လက်နက်ဖြင့် မြင်းမိုရ်တောင်ကို ခတ်ဘိသကဲ့သို့ ထက်လှစွာသော ပညာဖြင့် ဖြောင့်စေ၍ ဟုတ်မှန်သောအတိုင်း ဆုံးဖြတ်လော့”ဟု ဆိုကြကုန်၏။
ထိုအခါ ဝိဓုရအမတ်သုခမိန်သည် “အရှင်မင်းကြီးတို့၊ ပညာရှိ တရားသူကြီးတို့သဘောသည် အငြင်းအခုံစကားကို ကြားသိရမှ ကောက်ယူ ဆုံးဖြတ်သာသည်။ အငြင်းအခုံစကားကို မကြားမသိရလျှင် မဆုံးဖြတ်သာ ဖြစ်သည်။ အရှင်မင်းကြီး၊ နတ်များသခင် သိကြားမင်းကား မည်သို့ဆိုသည်၊ ကုရုတိုင်းသူ လူတို့၏သခင် အရှင်မင်းကြီးကား မည်သို့ဆိုသည်၊ ဝိနတအမျိုးဖြစ်သော ဂဠုန်မင်းကား မည်သို့ဆိုသည်၊ နဂါးမင်းကား မည်သို့ဆိုသည်ကို အမိန့်တော်ရှိတော်မူကြမှ ကောက်ယူ ဆုံးဖြတ်သာပါမည်”ဟု မင်း ၄ ပါးတို့၏အယူကို မေး၏။
မင်း ၄ ပါးတို့သည်လည်း မိမိတို့အငြင်းအခုံစကားကို ဝိဓုရအမတ်အား ပြန်ကြားလို၍ -
“ခန္တိံဟဝေ ဘာသတိ နာဂရာဇာ၊
အပ္ပါဟာရံ ဂရုဠော ဝေနတေယျော။
ဂန္ဓဗ္ဗရာဇာ ရတိ ဝိပ္ပဟာရံ၊
အကိဉ္စနံ ကုရူနံ ရာဇသေဋ္ဌော။” ဟူသော ဂါထာဖြင့် မင်း ၄ ပါးတို့၏ အယူကို ပြ၏။
အနက်ကား -
ပဏ္ဍိတ - သုခမိန်။
ဟဝေ - စင်စစ်။
နာဂရာဇာ - နဂါးမင်းသည်။
ခန္တိံ - သည်းခံခြင်းကို။
ဘာသတိ - ဆို၏။
ဝေနတေယျော - ဝိနတ အမျိုးဖြစ်သော။
ဂရုဠော - ဂဠုန်မင်းသည်။
အပ္ပါဟာရံ - အစာကြောင့် မကောင်းမှုကို မပြုခြင်း။
ဘာသတိ - ဆို၏။
ဂန္ဓဗ္ဗရာဇာ - သိကြားမင်းသည်။
ရတိဝိပ္ပဟာရံ - ကာမဂုဏ်တို့၌ မွေ့လျော်ခြင်းမှ ကြဉ်ခြင်းကို။
ဘာသတိ - ဆို၏။
ကုရူနံ - ကုရုတိုင်းသူတို့၏။
ရာဇသေဋ္ဌော - မင်းမြတ်သည်။
အကိဉ္စနံ - ကြောင့်ကြမရှိခြင်းကို။
ဘာသတိ - ဆို၏။
အဓိပ္ပာယ်ကား - “သုခမိန်၊ နဂါးမင်းသည် အမျက်ထွက်အပ်သောသူ၌ အမျက်မထွက်မူ၍ သည်းခံခြင်းကို ချီးမွမ်း၏။ ဂဠုန်မင်းသည် အစာမွတ်သိပ်သည် ဖြစ်သော်လည်း အစာတည်းဟူသော အကြောင်းကြောင့် မကောင်းမှုကို မပြု။ ကြည်ရှောင်ခြင်းကို ချီးမွမ်း၏။ သိကြားမင်းသည် ကာမဂုဏ် ၅ ပါးတို့၌ မွေ့လျော်ပျော်ပါးခြင်းမှ ကြဉ်ရှောင်ခြင်းကို ချီးမွမ်း၏။ ကုရုတိုင်းသူတို့၏ သခင်ဖြစ်သော ဓနဉ္စယမင်းသည် ကြောင့်ကြမရှိသောအဖြစ်ကို ချီးမွမ်း၏”ဟု အယူကို ပြန်ဆိုကြကုန်၏။
ထို ဝိဓုရသုခမိန်သည် မင်း ၄ ပါးတို့၏ စကား ၄ ခွန်းကို ကြားလျှင် ဟုတ်မှန်တိုင်း သိပြီး၍ ဖြောင့်မှန်စွာ ဖြေဆိုဆုံးဖြတ်လိုသောကြောင့် -
“သဗ္ဗာနိ ဧတာနိ သုဘာသိတာနိ၊
နဟေတ္ထ ဒုဗ္ဘာသိတ မတ္ထိ ကိဉ္စိ။
ယသ္မိံ စ ဧတာနိ သုပတိဋ္ဌိတာနိ၊
အရာဝ နာဘျံ သုသမာ ဟိတာနိ။
စတုဗ္ဘိ ဓမ္မေဟိ သမင်္ဂိဘူတံ၊
တံ ဝေ နရံ သမဏံ အာဟု လောကေ။” ဟူသော ဂါထာကို ရွတ်၏။
အဓိပ္ပာယ်ကား - “အရှင်မင်းကြီးတို့၊ ယခု ဆိုတော်မူကြသည့် စကား ၄ ခွန်းသည် ကောင်းသော စကားချည်း ဖြစ်သည်။ စိုးစဉ်းမျှ မကောင်းသောအရာ မရှိ။ ဥပမာကား လှည်းပုံတောင်း၌ ကောင်းစွာ နှက်အပ်သော အကန့်ကဲ့သို့တည်း။ အကြင်ပုဂ္ဂိုလ်၌ သည်းခံခြင်း၊ အစာကြောင့် မကောင်းမှုကို မပြုခြင်း၊ ကာမဂုဏ်၌ မွေ့လျော်ခြင်းမှ ကြဉ်ခြင်း၊ ကြောင့်ကြမရှိခြင်း ဂုဏ်နှင့် ပြည့်စုံ၏။ ထို ဂုဏ် ၄ ပါးနှင့် ပြည့်စုံသောသူကို ဤလူ့ပြည်၌ ‘ငြိမ်းပြီးသော မကောင်းမှု’ ရှိသောသူ ဟူ၍ ပညာရှိတို့ ဆိုကုန်၏။”
ဤသို့ ဘုရားလောင်း ဝိဓုရသုခမိန်သည် မင်း ၄ ပါးတို့၏ သီလကို ထပ်တူပြုတော်မူ၏။
ထိုစကားကို ကြားလျှင် မင်း ၄ ပါးတို့သည် နှစ်သက် ဝမ်းမြောက်ကြကုန်သည်ဖြစ်၍ ဝိဓုရသုခမိန်အား ကောင်းချီးပေးလိုသောကြောင့် -
“တုဝံ နု သေဋ္ဌော တွမနုတ္တရောသိ၊
တွံ ဓမ္မဂူ ဓမ္မဝိဒူ သုမေဓော။
ပညာယ ပဥံ သမဝိဂ္ဂဟေတွာ၊
အစ္ဆိဇ္ဇိ ဓီရော ဝိစိကိစ္ဆိတာနိ။
အစ္ဆိဇ္ဇိ ကင်္ခံ ဝိစိကိစ္ဆိတာနိ၊
စုန္ဒော ယထာ နာဂဒန္တံ ခရေန။” ဟူသော ဂါထာကို ဆိုကုန်၏။
အဓိပ္ပာယ်ကား - “သုခမိန်၊ သင်သည်ကား သူတော်မြတ်တည်း။ သင်သုခမိန်နှင့် နှိုင်းယှဉ်စရာ တစ်စုံတစ်ယောက်မျှ မရှိ။ မိမိ၏အရှင် ဖြစ်သည်ဟူ၍ ဆန္ဒ၊ ဘယ၊ အဂတိသို့ မလိုက်။ တရားကို သိမြင်သည်နှင့်အညီ တရားကို စောင့်၏။ လောက၌ ထင်ရှားသော ပညာနှင့် ပြည့်စုံ၏။ မိမိပညာအစွမ်းဖြင့် ငါတို့ပြဿနာကို ‘ဤအရာ၌ ဤသည်ကား ဤအကြောင်းတည်း’ဟု ဟုတ်မှန်စွာ စူးစမ်းဆင်ခြင်၍ သိတိုင်း ငါတို့ယုံမှားခြင်းကို ဆုံးဖြတ်ပေ၏။ မြတ်သော အဆုံးအဖြတ်သည်လည်း ငါတို့စိတ်နှင့် မဆန့်ကျင်။ ငါတို့အလိုနှင့်လည်း လျော်၏။ တရားနှင့်လည်း ညီ၏။ ဆင်စွယ်ပွတ်သမားသည် ထက်စွာသော လွှဖြင့် ဆင်စွယ်ကို ဖြတ်သကဲ့သို့ ပိုင်းပိုင်းခြားခြား တရားနှင့်လျော်ညီအောင် ဆုံးဖြတ်ပေ၏”ဟု ကောင်းချီးပေးကြကုန်၏။
ထိုအခါ သိကြားမင်းသည် ဝိဓုရသုခမိန်အား ဘွဲ့ဖြူပုဆိုးဖြင့် ပူဇော်လို၍ -
“နိလုပ္ပလာဘံ ဝိမလံ အနဂ္ဃံ၊
ဝတ္ထံ ဣဒံ ဓူမသမာန ဝဏ္ဏံ။
ပဥဿ ဝေယျာကရဏေန တုဋ္ဌော၊
ဒဒါမိ တေ ဓမ္မပူဇာယ ဓိရ။” ဟူသော ဂါထာကို ဆို၏။
အဓိပ္ပာယ်ကား - “သုခမိန်၊ သင်သည် ငါ၏ယုံမှားခြင်းကို ဖျောက်ပေသဖြင့် ငါ နှစ်သက်၏။ သင်သုခမိန်အား တရားကို ပူဇော်ခြင်းအလို့ငှာ ကြာညိုအဆင်းကဲ့သို့ တောက်ပလျက် အညစ်အကြေးမရှိ အဖိုးများစွာထိုက်သော မီးခိုးအဆင်းရှိသော ဤဘွဲ့ဖြူပုဆိုးကို ငါပေး၏”ဟု ဆို၍ ဘုရားလောင်းအား ဘွဲ့ဖြူပုဆိုးဖြင့် ပူဇော်၏။
ဂဠုန်မင်းသည်လည်း ရွှေပန်းဖြင့် ပူဇော်လို၍ -
“သုဝဏ္ဏမာလံ သတပတ္တ ဖုလ္လိတံ၊
သကေသရံ ရတနသဟဿ မဏ္ဍိတံ။
ပဥဿ ဝေယျာကရဏေန တုဋ္ဌော၊
ဒဒါမိ တေ ဓမ္မပူဇာယ ဓိရ။” ဟူသော ဂါထာကို ဆို၏။
အဓိပ္ပာယ်ကား - “သုခမိန်၊ ငါ၏ယုံမှားခြင်းကို ဖျောက်သဖြင့် ငါ နှစ်သက်သည်ဖြစ်၍ သင့်အား တရားကို ပူဇော်ခြင်းအလို့ငှာ ဝတ်ဆံတို့ဖြင့် တင့်တယ်စွာ ပွင့်ချပ် ၁၀၀ ရှိသော၊ ရတနာမျိုး ၁,၀၀၀ တို့ဖြင့် တန်ဆာဆင်အပ်သော ဤရွှေပန်းကို ငါပေး၏”ဟု ဆို၏။
နဂါးမင်းသည်လည်း ပတ္တမြားဖြင့် ပူဇော်လို၍ -
“မဏိံ အနဂ္ဃံ ရုစိရံ ပဘဿရံ၊
ကဏ္ဌာ ဝသတံ မဏိဝိဘူသိတံ မေ။
ပဥဿ ဝေယျာကရဏေန တုဋ္ဌော၊
ဒဒါမိ တေ ဓမ္မပူဇာယ ဓိရ။” ဟူသော ဂါထာကို ဆို၏။
အဓိပ္ပာယ်ကား - “သုခမိန်၊ ငါ၏ယုံမှားခြင်းကို ဖျောက်ပေသဖြင့် သင့်အား ငါနှစ်သက်သည်ဖြစ်၍ တရားကို ပူဇော်ခြင်းအလို့ငှာ ပြိုးပြိုးပြက် နှစ်သက်ဖွယ်သော အရောင်အဆင်းဖြင့် တင့်တယ်လျက် အဖိုး အတိုင်းမသိထိုက်သော ပတ္တမြားမျက်မြတ်တို့ဖြင့် ထက်ဝန်းကျင် ဆန်းကြယ်စွာ ငါ၏လည်၌ဆင်သော ဤပတ္တမြားကို သင့်အား ငါပေး၏”ဟု ဆို၍ ပတ္တမြားဖြင့် ပူဇော်၏။
ဓနဉ္စယကောရဗျမင်းသည်လည်း ဆင်,မြင်း စသည်တို့ဖြင့် ပူဇော်လို၍ -
“ဝရံသဟဿံ ဥသဘဉ္စ နာဂံ၊
အာဇညယုတ္တေ စ ရထေ ဒသီမေ။
ပဥဿ ဝေယျာကရဏေန တုဋ္ဌော၊
ဒဒါမိ တေ ဂါမဝရာနိ သောဠဿ။” ဟူသော ဂါထာကို ဆို၏။
အဓိပ္ပာယ်ကား - “သုခမိန်၊ သင်သည် ငါ၏ယုံမှားခြင်းကို ဖျောက်ပေသည်ဖြစ်၍ ငါ နှစ်သက်၏။ သင့်အား နို့ညှစ်နွားမ ၁,၀၀၀၊ နွားလားဥသဘ, ဆင်, မြင်း, သိန္ဓောမျိုးမြင်း ကသော ရထား ၁၀ စီး၊ ရွာကြီး ၁၆ ရွာ၊ ဤအလုံးစုံကို ငါပေး၏”ဟု ဆို၏။
ဤသို့ မင်း ၄ ပါးတို့သည် ဘုရားလောင်းဝိဓုရသုခမိန်အား အသီးအသီး တရားပူဇော်ခြင်းဖြင့် ပူဇော်ခဲ့၍ မိမိတို့နေရာပြည်သို့ သွားကြကုန်၏။
+++++
(မင်းပူးဆရာတော် ဦးသြဘာသ၏ ဝိဓုရဇာတ်တော်ကြီး မှ)
Read more...ခန္တီဝါဒီဇာတ်
ဟောတော်မူရာဌာန
နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည် “ယော တေ ဟတ္ထေစ ပါဒေ စ” အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤခန္တီဝါဒီဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် တစ်ပါးသော အမျက်ထွက်တတ်သော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။
ပစ္စုပ္ပန်ဝတ္ထု
သဗ္ဗညုမြတ်စွာဘုရားသည်ကား ထိုရဟန်းကို “ရဟန်း ... အဘယ့်ကြောင့် သင်သည် အမျက်မထွက်အပ်သော ဘုရားသာသနာ၌ ရဟန်းပြု၍ အမျက်ထွက်ခြင်းကို ပြုဘိသနည်း။ ရှေးပညာရှိတို့သည် ကိုယ်၌ အထောင်မျှလောက်သော ပုတ်ခတ်ခြင်းဖြင့် ပုတ်ခတ်ကုန်သော်လည်းကောင်း၊ လက်,ခြေ,နား,နှာခေါင်းတို့ကို ဖြတ်ကုန်သော်လည်းကောင်း သူတပါးအား အမျက်ထွက်ခြင်းကို မပြုကုန်”ဟု ဆို၍ အတိတ်ကို ဆောင်တော်မူ၏။
အတိတ်ဝတ္ထု
လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ကလာဗုမည်သော မင်းသည် မင်းပြု၏။
ခန္တီဝါဒီရသေ့
ထိုအခါ ဘုရားလောင်းသည် ကုဋေရှစ်ဆယ် ကြွယ်ဝသော ပုဏ္ဏားမျိုး၌ ဖြစ်၍ ကုဏ္ဍလ မည်သော လုလင်ဖြစ်၍ အရွယ်ရောက်လတ်သော် တက္ကသိုလ်ပြည်သို့ သွား၍ ခပ်သိမ်းသော အတတ်ပညာတို့ကို သင်၍ ဥစ္စာကို ဖြစ်စေ၍ မိဖကွယ်လွန်သဖြင့် ဥစ္စာစုကို ကြည့်၍ ဤဥစ္စာတို့ကို “ငါ၏ဆွေမျိုးတို့သည် မယူမူ၍သာလျှင် သွားကုန်၏။ ငါသည်ကား ထိုဥစ္စာကို ယူ၍ သွားခြင်းငှာ သင့်၏”ဟု ခပ်သိမ်းသော ဥစ္စာတို့ကို ရွေးချယ်စိစစ်သော လှူဒါန်းခြင်း၏ အစွမ်းအားဖြင့် အကြင်သူသည် အကြင်ဥစ္စာကို ဆောင်၏။ ထိုသူအား ထိုဥစ္စာကို လှူ၍ ဟိမဝန္တာသို့ ဝင်၍ ရသေ့ရဟန်းပြု၍ သစ်သီးကြီးငယ်တို့ဖြင့် မျှတလျက် ကြာမြင့်စွာ နေ၍ ချဉ်,ဆား မှီဝဲအံ့သောငှာ လူ့ပြည်သို့ လာ၍ အစဉ်သဖြင့် ဗာရာဏသီပြည်သို့ ရောက်၍ မင်း၏ဥယျာဉ်၌ နေ၍ နက်ဖြန် မြို့၌ ဆွမ်းခံလတ်သော် စစ်သူကြီးအိမ်တံခါးသို့ ရောက်၏။
စစ်သူကြီးသည် ဘုရားလောင်း၏ ဣရိယာပုတ်တို့၌ ကြည်ညို၍ အိမ်သို့ ပင့်၍ မိမိတို့စီရင်သော ဘောဇဉ်ကို ကျွေး၍ ဝန်ခံခြင်းကို ယူစေ၍ ထိုမင်း၏ ဥယျာဉ်၌သာလျှင် နေစေ၏။
မိန်းမတို့ကို တရားဟော
ထိုအခါ တနေ့သ၌ ကလာဗုမင်းသည် သုရာယစ်လျက် ကျွမ်းကျင်ကုန်သော ကချေသည်တို့ဖြင့် ခြံရံလျက် များစွာသော အခြံအရံဖြင့် ဥယျာဉ်သို့ သွား၍ မင်္ဂလာကျောက်ဖျာ၌ အိပ်ရာခင်းစေ၍ တစ်ယောက်သော ချစ်နှစ်သက်သော မိန်းမ၏ ရင်ခွင်၌ အိပ်၏။ သီဆိုခြင်း တီးမှုတ်ခြင်း ကခြင်းတို့၌ ကျွမ်းကျင်ကုန်သော ကချေသည် မိန်းမတို့သည် သီဆိုခြင်း အစရှိသည်တို့ကို ဖြစ်စေကုန်၏။ သိကြားနတ်မင်း၏ စည်းစိမ်ကဲ့သို့ ကြီးစွာသော စည်းစိမ်သည် ဖြစ်၏။ မင်းသည် အိပ်ပျော်ခြင်းသို့ ရောက်၏။
ထိုအခါ ထိုမိန်းမတို့သည် “အကြင်မင်း၏အကျိုးငှာ ငါတို့သည် သီဆိုခြင်း အစရှိသည်တို့ကို ဖြစ်စေကုန်၏။ ထိုမင်းသည် အိပ်ပျော်ခြင်းသို့ ရောက်၏။ သီဆိုခြင်း တီးမှုတ်ခြင်းတို့ဖြင့် အဘယ်ပြုအံ့နည်း”ဟု တီးမှုတ်မျိုးတို့ကို ထိုထိုသော အရပ်၌သာလျှင် စွန့်၍ ဥယျာဉ်၌ လှည့်လည်ကုန်လျက် အပွင့် အသီး အရွက်နု အစရှိသည်တို့သည် ဖြားယောင်းအပ်ကုန်သည်ဖြစ်၍ ဥယျာဉ်၌ မွေ့လျော်ကုန်၏။
ထိုအခါ ဘုရားလောင်းသည် ထိုဥယျာဉ်၌ ကောင်းစွာ ပွင့်သော အင်ကြင်းပင်ရင်း၌ ရဟန်းချမ်းသာဖြင့် လွန်စေလျက် အမုန်ယစ်သော ဆင်ကဲ့သို့ နေ၏။ ထိုဥယျာဉ်၌ လှည့်လည်ကုန်သော ထိုမိန်းမတို့သည် ဘုရားလောင်းကို မြင်၍ “ရှင်မတို့ ... ထိုသစ်ပင်ရင်း၌ ရဟန်းသည် နေ၏။ မင်းနိုးသည့်တိုင်အောင် ရဟန်းအထံ၌ တစုံတခုသော တရားကို နာလျက် နေကုန်အံ့”ဟု သွား၍ ရှိခိုး၍ ခြံရံလျက် နေကုန်၍ “အကျွန်ုပ်တို့အား ဟောအပ်သော တစုံတခုသော တရားကို ဟောပါလော့”ဟု ဆိုကုန်၏။ ဘုရားလောင်းသည် ထိုမိန်းမတို့အား တရားဟော၏။
မိန်းမမာန်ယစ်သော မင်း
ထိုအခါ ထိုချစ်နှစ်သက်သော မိန်းမသည် ကိုယ်ကို လှုပ်၍ မင်းကို နိုးစေ၏။ မင်းသည် နိုးလတ်သော် ထိုမိန်းမတို့ကို မမြင်၍ “ထိုအယုတ်မတို့သည် အဘယ်သို့ သွားကုန်သနည်း”ဟု မေး၏။ “မြတ်သောမင်းကြီး ... ထိုမိန်းမတို့သည် သွား၍ တစ်ယောက်သော ရသေ့ကို ခြံရံ၍ နေကုန်၏”ဟု ဆိုကုန်၏။ ထိုကလာဗုမင်းသည် အမျက်ထွက်၍ သန်လျက်ကို ကိုင်၍ “ထိုရသေ့စဉ်းလဲကို သတ်အံ့”ဟု လျင်မြန်စွာ သွား၏။
ထိုအခါ အမျက်ထွက်လျက် လာလတ်သော မင်းကို မြင်၍ ထိုမိန်းမတို့တွင် အလွန်အကျွမ်းဝင်ကုန်သော မိန်းမတို့သည် သွား၍ မင်း၏လက်၌ သန်လျက်ကို ယူ၍ မင်းကို အမျက်ငြိမ်းစေကုန်၏။
ထိုကလာဗုမင်းသည် လာလတ်၍ ဘုရားလောင်း၏ အထံ၌ တည်၍ “ရဟန်း ... သင်သည် အဘယ်ဝါဒရှိသနည်း”ဟု ဆို၏။
“မြတ်သောမင်းကြီး ... ခန္တီဝါဒရှိ၏”ဟု ဆို၏။
“ထိုခန္တီမည်သည်ကား အဘယ်နည်း”ဟု မေး၏။
“ဆဲရေးကုန်သော သူတို့၌လည်းကောင်း, ပုတ်ခတ်ကုန်သော သူတို့၌လည်းကောင်း အမျက်မထွက်သော အဖြစ်သည် ခန္တီမည်၏”ဟု ဆို၏။
ရသေ့ အရိုက်အနှက်ခံရပုံ
မင်းသည် “ယခု သင့်အား ခန္တီရှိသည်၏အဖြစ်ကို သိအံ့”ဟု ဆို၍ ခိုးသူသတ်ကို ခေါ်စေ၏။
ခိုးသူသတ်သည် မိမိစာရိတ္တအားဖြင့် ပုဆိန်,အဆူးတပ်သောကြိမ်ကို ယူ၍ ဖန်ရည်ဆိုးသော အဝတ်ကို ဝတ်လျက် ပန်းနီပန်လျက် လာ၍ မင်းကို ရှိခိုးလျက် “အရှင်မင်းကြီး ... အဘယ်အမှုကို ပြုရအံ့နည်း”ဟု ဆို၏။
“ဤခိုးသူဖြစ်သော ရသေ့ပျက်ကို ဆွဲငင်၍ မြေ၌လဲစေ၍ အဆူးတပ်သောကြိမ်ကို ကိုင်၍ ရှေ့နောက် နံပါးနှစ်ဘက်ဟူကုန်သော လေးမျက်နှာတို့၌ အချက်နှစ်ထောင် ရိုက်ခြင်းတို့ကို ပေးလော့”ဟု ဆို၏။
ခိုးသူသတ်သည် မင်းဆိုတိုင်း ပြု၏။ ဘုရားလောင်း၏ အပေါ်ရေ အတွင်းရေသည် စုတ်၏။ အသားသည် ပြတ်၏။ သွေးသည် ယိုစီး၏။
လက်ခြေတို့ ပြတ်ပြီ
မင်းသည် တဖန် “ရဟန်း ... သင်ကား အဘယ်ဝါဒရှိသနည်း”ဟု ဆို၏။
“မြတ်သောမင်းကြီး ... ခန္တီဝါဒရှိ၏။ သင်မင်းကြီးသည် ငါ၏ခန္တီကား အရေကြား၌ ရှိ၏ဟု ထင်၏။ ငါ၏ခန္တီသည် အရေကြား၌ ရှိသည်မဟုတ်။ သင်မင်းကြီးသည် ခန္တီကို မြင်ခြင်းငှာ မတတ်ကောင်း။ မြတ်သောမင်းကြီး ... ငါ၏ခန္တီသည် စိတ်အတွင်း၌ တည်၏”ဟု ဆို၏။
ခိုးသူသတ်သည် တဖန် “မြတ်သောမင်းကြီး ... အသို့ပြုရအံ့နည်း”ဟု မေး၏။
“ဤရသေ့စဉ်းလဲ၏ လက်နှစ်ဘက်တို့ကို ဖြတ်လော့”ဟု ဆို၏။
ခိုးသူသတ်သည် ပုဆိန်ကို ယူ၍ စဉ်းတီတုံး၌ လက်နှစ်ဘက်တို့ကို ထားစေ၍ ဖြတ်၏။
ထိုနောက် “ခြေတို့ကို ဖြတ်လော့”ဟု ဆို၏။ ခြေတို့ကိုလည်း ဖြတ်၏။
ဖြတ်အပ်ကုန်ပြီးသော လက်စွန်း ခြေစွန်းတို့မှ ချိပ်ရည်ကဲ့သို့သော သွေးသည် ယိုစီး၏။
နားနှာခေါင်းတို့ ဖြတ်ပြီ
တဖန်လည်း မင်းသည် “ရဟန်း ... သင်သည် အဘယ်ဝါဒရှိသနည်း”ဟု မေး၏။
“မြတ်သောမင်းကြီး ... ငါသည် ခန္တီဝါဒရှိ၏။ သင်မင်းကြီးသည်ကား ငါ၏ခန္တီသည် လက်စွန်း ခြေစွန်းတို့၌ ရှိ၏ဟု ထင်မှတ်၏။ ဤငါ၏ခန္တီသည် လက်စွန်း,ခြေစွန်းတို့၌ မရှိ။ နက်နဲသော အရပ်၌ တည်၏”ဟု ဆို၏။
မင်းသည် “ရသေ့၏ နား,နှာခေါင်းတို့ကို ဖြတ်လော့”ဟု ဆို၏။
ခိုးသူသတ်သည် နား,နှာခေါင်းကို ဖြတ်၏။ ကိုယ်အလုံးမှ သွေးယိုစီး၏။
ခြေဖြင့် ကန်ကျောက်ခံရပြီ
တဖန် “ရဟန်း ... သင်သည် အဘယ်ဝါဒရှိသနည်း”ဟု မေး၏။
“မြတ်သောမင်းကြီး ... ခန္တီဝါဒရှိ၏”ဟု ဆို၏။ “သင်မင်းကြီးသည် ရသေ့၏ ခန္တီကား နား,နှာခေါင်းအစွန်းတို့၌ တည်၏ဟု မမှတ်လင့်။ ငါ၏ခန္တီသည် နက်နဲသော စိတ်အတွင်း၌ တည်၏”ဟု ဆို၏။
မင်းသည် “ရသေ့စဉ်းလဲ ... သင့်ခန္တီကို သင်သည်လျှင် ရွက်ဆောင်၍ နေလော့”ဟု ဆို၍ ဘုရားလောင်း၏ ရင်ကို ခြေဖြင့် ကျောက်၍ သွား၏။
စစ်သူကြီး တောင်းပန်ခြင်း
ထိုမင်းသွားသည်ရှိသော် စစ်သူကြီးသည် ဘုရားလောင်း၏ ကိုယ်မှ သွေးကို သုတ်၍ လက်,ခြေ,နား,နှာခေါင်းအစွန်းတို့ကို ပုဆိုးအိတ်ထောင်၌ ထည့်၍ ဘုရားလောင်းကို ဖြည်းညင်းစွာ ထိုင်စေ၍ ရှိခိုးပြီးသော် တင့်အပ်စွာ နေ၍ “အရှင်ဘုရား ... အရှင်ဘုရားတို့သည် အမျက်ထွက်လိုကုန်သည်ရှိသော် အရှင်ဘုရားတို့၌ အပြစ်ပြုသော မင်းအားသာလျှင် အမျက်ထွက်ပါကုန်လော့။ တပါးသော တိုင်းသားပြည်သူတို့အား အမျက်မထွက်ပါကုန်လင့်”ဟု တောင်းပန်လိုရကား -
၄၉။ ယော တေ ဟတ္ထေ စ ပါဒေ စ၊
ကဏ္ဏနာသဉ္စ ဆေဒယိ။
တဿ ကုဇ္ဈ မဟာဝီရ၊
မာ ရဋ္ဌံ ဝိနသာ ဣဒံ - ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။
(ဇာ-ဋ္ဌ။ ၃။ ၃၉။)
မဟာဝီရ - ကြီးသောလုံ့လရှိသော ရှင်ရသေ့။
ယော - အကြင်မင်းသည်။
တေ - သင်၏။
ဟတ္ထေ စ - လက်တို့ကိုလည်းကောင်း။
ပါဒေ စ - ခြေတို့ကိုလည်းကောင်း။
ကဏ္ဏနာသဉ္စ - နား,နှာခေါင်းကိုလည်းကောင်း။
ဆေဒယိ - ဖြတ်၏။
တဿ - ထိုမင်းအား။
ကုဇ္ဈ - အမျက်ထွက်လော့။
ဣဒံ ရဋ္ဌံ - ဤတိုင်းကို။
မာ ဝိနသာ - မဖျက်ဆီးပါလင့်။
+++++
မေတ္တာပင် ပို့သလိုက်ပုံ
ထိုစကားကို ကြား၍ ဘုရားလောင်းသည် -
၅၀။ ယော မေ ဟတ္ထေ စ ပါဒေ စ၊
ကဏ္ဏနာသဉ္စ ဆေဒယိ။
စိရံ ဇီဝတု သော ရာဇာ၊
န ဟိ ကုဇ္ဈန္တိ မာဒိသာ - ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။
(ဇာ-ဋ္ဌ။ ၃။ ၃၉။)
ယောရာဇာ - အကြင်မင်းသည်။
မေ - ငါ၏။
ဟတ္ထေ စ - လက်တို့ကိုလည်းကောင်း။
ပါဒေ စ - ခြေတို့ကိုလည်းကောင်း။
ကဏ္ဏနာသဉ္စ - နား,နှာခေါင်းကိုလည်းကောင်း။
ဆေဒယိ - ဖြတ်၏။
သော ရာဇာ - ထိုမင်းသည်။
စိရံ - ကြာမြင့်စွာ။
ဇီဝတု - အသက်ရှည်စေသတည်း။
မာဒိသာ - ငါနှင့်တူသော ပညာရှိတို့သည်။
န ဟိ ကုဇ္ဈန္တိ - အမျက်မထွက်ကုန်သည်သာလျှင်တည်း။
+++++
မင်းကို မြေမျိုပြီ
မင်းသည် ဥယျာဉ်မှ ထွက်၍ ဘုရားလောင်း၏ မြင်ကောင်းသော အရပ်ကို လွန်သော ကာလ၌လျှင် ယူဇနာနှစ်သိန်းလေးသောင်း အထုရှိသော ဤမြေကြီးသည် ကစီဖြင့် ဖွဲ့အပ်သော ပုဆိုးကဲ့သို့ ကွဲ၍ အဝီစိမှ မီးလျှံသည် ထွက်၍ မင်းကို အမျိုးပေးသော ကမ္ဗလာနီဖြင့် ရုံဘိသကဲ့သို့ ရုံ၍ ယူ၏။
ထိုကလာဗုမင်းသည် ဥယျာဉ်တံခါး၌သာလျှင် မြေသို့ ဝင်၍ အဝီစိငရဲကြီး၌ တည်၏။
ဘုရားလောင်းသည်လည်း ထိုနေ့၌ပင်လျှင် သေလွန်၏။ မင်း၏ပရိသတ်တို့သည်လည်းကောင်း၊ ပြည်သူပြည်သားတို့သည်လည်းကောင်း နံ့သာ, ပန်းအခိုးအထုံ လက်စွဲကုန်လျက် လာလတ်ကုန်၍ ဘုရားလောင်း၏ အလောင်းကို သင်္ဂြိုဟ်ကုန်၏။
(အချို့သော ဆရာတို့သည်ကား ဘုရားလောင်းသည် တဖန် ဟိမဝန္တာသို့ သွား၏ဟု ဆို၏။ ထိုစကားသည်ကား မမှန်သော စကားတည်း။)
သဗ္ဗညုမြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီး၍ -
၅၁။ အဟူ အတီတမဒ္ဓါနံ၊
သမဏော ခန္တီဒီပနော။
တံ ခန္တိယာယေဝ ဌိတံ၊
ကာသိရာဇာ အဆေဒယိ။
၅၂။ တဿ ကမ္မဖရုသဿ၊
ဝိပါကော ကဋုကော အဟု။
ယံ ကာသိရာဇာ ဝေဒေသိ၊
နိရယမှိ သမပ္ပိတော - ဟူသော ဤနှစ်ဂါထာတို့ကို ထုတ်ဆောင် ဟောကြားတော်မူ၏။
(ဇာ-ဋ္ဌ။ ၃။ ၄၀။)
အတီတမဒ္ဓါနံ - လွန်လေပြီးသောအခါ၌။
ခန္တီဒီပနော - သည်းခံခြင်းနှင့်ပြည့်စုံသော။
သမဏော - ရဟန်းသည်။
အဟု - ဖြစ်ပြီ။
ခန္တိယာယေဝ - သည်းခံခြင်း၌သာလျှင်။
ဌိတံ - တည်သော။
တံ - ထိုရဟန်းကို။
ကာသိရာဇာ - ကာသိမင်းသည်။
အဆေဒယိ - ဖြတ်စေ၏။
ကာသိရာဇာ - ကာသိမင်းသည်။
ယံ ကမ္မံ - အကြင်မကောင်းမှုကံကို။
အကာသိ - ပြု၏။
တဿ ကမ္မဖရုသဿ - ထိုကြမ်းကြုတ်သော မကောင်းမှုကံ၏။
ကဋုကော - ခါးစပ်လှစွာသော။
ဝိပါကော - အကျိုးသည်။
အဟု - ဖြစ်၏။
ကာသိရာဇာ - ကာသိမင်းသည်။
နိရယမှိ - ငရဲ၌။
သမပ္ပိတော - တည်၍။
ဝေဒေသိ - ဆင်းရဲခံစား၏။
(အချို့သော ဆရာတို့သည်ကား ဘုရားလောင်း၏ လက်,ခြေ,နား,နှာခေါင်းတို့သည် တဖန် စပ်ပြန်ကုန်၏ဟု ဆိုကုန်၏။ ထိုစကားသည်လည်း မဟုတ်မမှန်သည်သာလျှင်တည်း။)
ဇာတ်ပေါင်း
သဗ္ဗညုမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏ အဆုံး၌ အမျက်ထွက်တတ်သော ရဟန်းသည် အနာဂါမိဖိုလ်၌ တည်၏။ တပါးကုန်သော များစွာကုန်သော ရဟန်းတို့သည် သောတာပတ္တိဖိုလ်အစရှိသည်တို့သို့ ရောက်ကုန်၏။
အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်းဟူမူကား - ယခုအခါ ဒေဝဒတ်သည် ထိုအခါ ကလာဗုမည်သော မင်း ဖြစ်ဖူးပြီ။ ယခုအခါ သာရိပုတ္တရာသည် ထိုအခါ စစ်သူကြီး ဖြစ်ဖူးပြီ။ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ခန္တီဝါဒီရသေ့ ဖြစ်ဖူးပြီ”ဟု ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။
“သူတော်ကောင်းအား၊ မိုက်ပြစ်မှား၊ ကြီးမား ကံကြီးသင့်။”
သုံးခုတို့၏ ပြည့်ကြောင်းဖြစ်သော ခန္တီဝါဒီဇာတ်သည် ပြီး၏။
+++
(ညောင်ကန်ဆရာတော်၏ ငါးရာ့ငါးဆယ်ဇာတ်ဝတ္ထု မှ)
Read more...ဒေါက်တာနန္ဒမာလာဘိဝံသ၏ သြ၀ါဒကထာ
![]() |
| ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာနန္ဒမာလာဘိဝံသ |
တရားဟောဆရာတွေဟာ တရားကို လက်တွေ့ထိုင်ပြီး ကိုယ်တွေ့တာ၊ မြင်တာတွေကိုချည်းသာဟောပြောနေမယ်ဆိုရင်....
"အဲဒါ ဟောတဲ့သူရဲ့ တရားပါ..."
ဘုရားဟောတရားလို့ သတ်မှတ်လို့ မရသေးပါဘူး...
ဘုရားဟောခဲ့တဲ့ ကျမ်းစာအုပ် ၄၀ထဲမှာ ပါတဲ့ အကြောင်းအရာတွေကို စာပေကိုးကားပြီး ဟော၊ ပြောမယ်ဆိုရင်တော့ ဘုရားဟော တရားပါ...
ဟောပြောတဲ့ အကြောင်းအရာတွေဟာ ဘုရား စကားတွေပါလို့ ဟောပြောပြီးနောက် အဲဒီအကြောင်းအရာတွေက ကျမ်းစာအုပ် ၄၀ ထဲမှာ မပါတဲ့အကြောင်းအရာ (တနည်း) တကယ့် ဘုရားစကား မဟုတ်ခဲ့ရင် တရားဟောတဲ့သူမှာ အပြစ်ကြီးပါတယ်... Read more...
ကျေးဇူးသစ္စာ

လူမိုက်တို့သည် ကျေးဇူးရှင်ကိုပင်လျှင် သစ္စာဖောက်၏။ မည်သူကမျှ ယင်းတို့ကို ဆက်ဆံရန် မ၀ံ့ကြ။
ထို့ကြောင့် သူတို့သည် ရထားသည်ထက် ပို၍ ပေးဆပ်ရ၏။
လူတော်များသည် ကျေးဇူးရှင်အပေါ် ကျေးဇူးသိတတ်သဖြင့် လူတိုင်းက သူတို့ကို နှစ်သက်ကြ၏။
သို့ဖြစ်၍ သူတို့သည် ၀တ္တရားများကို တစ်သက်လုံး ထမ်းဆောင်ရမည်ဟု ခံစားနေရလေ၏။
ပညာရှိများမှာမူ ကျေးဇူးရှင်တို့အား စိတ်၏ချမ်းသာမှုကို ရရှိစေ၏။
အကြောင်းမှာ ဤသည်ပင်လျှင် တစ်ခုတည်းသော မှန်ကန်သည့် ကျေးဇူးဆပ်နည်းဖြစ်၏။
ရလာဒ်အဖြစ် ကျေးဇူးရှင်များအား ပို၍ ကြီးစွာသော ပေးကမ်းခြင်းကို လှုံ့ဆော်ပေး၏။
ဤနည်းအားဖြင့် သူတို့သည် လူ့ဘောင်တစ်ခုလုံးကို အကျိုးကျေးဇူး ရရှိစေ၏။
(The Foolish, The Clever, The Wise by Charles Akara)
ကျေးဇူးဟူသော စကားကို ဆိုလိုက်သည်နှင့် ကျေးဇူးတရား၊ ကျေးဇူးရှင်၊ အကျိုးကျေးဇူး စသည်တို့ကို ပြေးမြင်မိကြတတ်ကြ၏။ အနောက်တိုင်းယဉ်ကျေးမှုမှာလည်း thank you ကျေးဇူးတင်ပါတယ် ဟု အမြဲတမ်းလို ပြောကြသည်ကို ကြားနေရ၏။ အနောက်တိုင်းမှာတော့ တသီးတသန့် ကျေးဇူးတော်နေ့ အဖြစ်သတ်မှတ်ကာ ကျင်းပကြသည်ကို တွေ့ရ၏။ ကျေးဇူးဆိုသည်မှာလည်း အကျိုးပြုမှု၊ ကူညီမှု၏ ရလာဒ် ဟူသော အကျိုးတရားတစ်ခုပင် ဖြစ်ပါသည်။ လူ့အဖွဲ့အစည်းအတွင်း၌ လူတစ်ယောက်က လူတစ်ယောက်ကို ကျေးဇူးပြုခြင်းသည် အကျိုးပြုခြင်းပင် ဖြစ်၏။ ကျေးဇူးပြုခံရသည့် ပုဂ္ဂိုလ်သည် မိမိအပေါ်ကျေးဇူးပြုလာသူကို အလွန်ပင် တန်ဘိုးထားတတ်ကြ၏။ ကျေးဇူးကန်းလျှင်တော့ အလွန်ပင် စက်ဆုတ်ရွံရှာကြ၏။ ကျေးဇူးမတင်သော်လည်း ကျေးဇူးကိုတော့ မကန်းဖို့ အထူးလိုအပ်၏။ မြန်မာ့လူ့ဘောင်အဖွဲ့အစည်းအတွင်းမှာလည်း လူတစ်ဦးနှင့် တစ်ဦး ကူးလူဆက်ဆံကြရာမှာ ကျေးဇူးတရားကို အလေးထားဆက်ဆံတာကို တွေ့ရ၏။ ဤသည်မှာ မြန်မာတို့၏ ယဉ်ကျေးမှုတစ်ရပ်ဟုပင် ဆိုနိုင်၏။ မြန်မာတို့သည် မိမိအပေါ် တင်ရှိသည့် ကျေးဇူးကို မမေ့တတ်ကြ၊ ကျေးဇူးတရားကို သိတတ်ကြ၏။ လူအဖွဲ့အစည်းမှာ ကျေးဇူးတရားကို မသိတတ်ကြသူများ အနည်းအကျဉ်းရှိနိုင်ငြားသော်လည်း မြန်မာပြည်သားတို့သည် ကျေးဇူးတရားကို အလွန်တန်ဖိုးထားကြသည်မှာတော့ မည်သူမျှ မငြင်းနိုင်ပေ။
စိတ်ဓာတ်ယဉ်ကျေးသူမှန်လျှင် ကျေးဇူးတရားကို သိတတ်ကြပါ၏။ ဤကျေးဇူးတရားကို တန်ဖိုးထားတတ်မှု၊ ကျေးဇူးတရားကို သိတတ်မှု တို့သည် လူ့ယဉ်ကျေးတို့၏ ကောင်းမွန်သည့် စိတ်ထား သဘောတရားကို ဖော်ထုတ်ပြသရာလည်း ရောက်ပါသည်။ လူ့လောကမှာ ကျေးဇူးတရားနှင့် ကင်းသူဆိုတာတော့ မရှိပေ။ သို့သော် သူတစ်ပါး၏ ကျေးဇူးတရားကို သိတတ်ဖို့၊ ကျေးဇူးတုံ့ပြန်ဖို့ လိုအပ်သော်လည်း ကျေးဇူးတုံ့ပြန်ရမည့် လုပ်ရပ်သည် တိုင်းပြည်နှင့် အမျိုးဘာသာ၊ သာသနာအတွက် တစ်စုံတရာ ထိခိုက်စေမည့် မတော်မတရား လုပ်ရပ်မျိုးဖြစ်လျှင် ကျေးဇူးတုံ့ပြန်ရမည့်သူအတွက် အလွန်တရာဆိုးလှပါသည်။ ထိုအခြေအနေမျိုးမှာ တစ်စုံတရာကျေးဇူးမဆပ်တာက ပို၍ကောင်းသေး၏။ ဥပမာ လူဆိုးသူခိုး သို့မဟုတ် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူ တစ်ဦးက ပေးကမ်းပြုစုမှုကို လက်ခံရယူမိသည့် သူတစ်ယောက်သည် မိမိကျေးဇူးပြုခံရတာနှင့် မမျှလှသည့် တုံ့ပြန်ပေးဆပ်မှုများ ပေါ်ပေါက်လာနိုင်၏။ ထိုအချိန်မှာ မိမိကိုယ်ကို မလွှဲသာမရှောင်သာဘဲ မသမာသည့် လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်လာ၏။ ယင်းအခြေအနေမျိုးမှာ ဆုပ်ရင်လည်း ဆူး၊ စားရင်လည်း ရူးသည့် ပဒိုင်းသီးကို မျိုချနေသည်နှင့်တူ၏။ ထို့ကြောင့် တကယ်မလိုအပ်ပါက မကြာခဏ အကူအညီတောင်းခံတာမျိုးကိုလည်း သို့မဟုတ် မိမိသူတစ်ပါး ကျေးဇူးတရားပိအောင်လုပ်တာမျိုးတွေကို ထည့်သွင်းစဉ်းစားသင့်၏။ လွယ်လွယ်နှင့် မပြုသင့်၊ မိမိကိုယ်ကို မိမိ တတ်နိုင်သမျှ အားကိုးပြီး ဖြေရှင်းသင့်၏။
ဗုဒ္ဓဘာသာဝင်တို့အဖို့ကတော့ ရတနာသုံးပါး မိဘ ဆရာသမား ကျေးဇူးတရားတို့သည် တန်ဖိုးအရှိဆုံးနေရာမှာ ထားကြ၏။ ထိုရတနာသုံးပါး မိဘ ဆရာသမားတို့၏ ကျေးဇူးတို့သည် တန်ဖိုးမဖြတ်နိုင်သည့် အေးမြလှသည့် ကျေးဇူးတရားတို့ပင်ဖြစ်၏။ မြတ်ဗုဒ္ဓစာပေမှာလည်း ကျေးဇူးပြုခြင်းကတညု နှင့် ကတဝေဒီ- ကျေးဇူးတုံ့ပြန်ရန် သိတတ်ခြင်းကို ဒုလ္လဘတရား ငါးပါးတို့တွင် တစ်ပါးအပါအဝင်အဖြစ် တွေ့ရ၏။ နေ့စဉ် အသက်ရှင် လှုပ်ရှားနေရသည့် ဗုဒ္ဓဘာသာဝင်တို့အဖို့ ဒုလ္လဘတရား ငါးပါးသည် အလွန်ပင် မှတ်သားဖွယ် ကျင့်ကြံလိုက်နာဖွယ်ကောင်းလှ၏။ ဒုလ္လဘဆိုသည်မှာ အလွန်ရခဲလှသည့် ဖြစ်စဉ်တရပ်ပင်တည်း။
(၁) လူသားတို့သည် ဘုရားပွင့်တော်မူသည့်ကာလ သို့မဟုတ် ဘုရားသာသနာနှင့် ကြုံဖို့ရန် ခဲယဉ်းလှ၏။
(၂) သူတစ်ပါးကို သဘောပေါက် နားလည်အောင် ဟောဖော်ညွှန်ပြတတ်သည့် ပုဂ္ဂိုလ်မျိုးလည်း ကြုံဖို့ အလွန်ခဲယဉ်း၏။
(၃) သူတစ်ပါးဟောကြားပြသ ဆိုဆုံးမသည့် တရားဓမ္မသြဝါဒကို ထောင်တတ်သည့် နား သောတ ရှိဖို့လည်း အလွန်ခက်ခဲလှ၏။
(၄) တဖန် တရားဓမ္မသြဝါဒကို ကိုယ်တိုင် ကျင့်ကြံအားထုတ်ဖို့ ခက်ခဲလှ၏။
(၅) ကျေးဇူးပြုခြင်းနှင့် ကျေးဇူးတရား တုံ့ပြန်တတ်ရန်လည်း အလွန်ပင် ခက်ခဲလှ၏ ။
ရခဲ ကြုံခဲလှသည့် တရားတို့ကို သိရှိနားလည်ပြီး လက်တွေ့ဘဝနှင့် ကိုက်ညီအောင် ကြိုးစားရမည်ဖြစ်၏။ လသာတုံး ဗိုင်းငင်၊ အချိန်ရှိခိုက် လုံ့လစိုက်၊ ဆိုသည့်အတိုင်း မိမိ၏ အသက်နှင့် အချိန်လေးကို ဂရုစိုက်ပြီး အရေးပါ အရာရောက်အောင် တန်ဖိုးရှိအောင် ကြိုးစားအားထုတ်ကြရမည် ဖြစ်၏။ မှန်ပါသည်။ မိမိတို့ ယခုခေတ်ကာလ သက်မှတ်ထားသည့် အသက်ပိုင်းခြားအလိုက် မိမိတို့ နေရမည့်အချိန်ကလေးကို ခန့်မှန်းတွက်ချက်ကာ ဘဝအမြတ်ကို ထုတ်ယူသင့်၏။ အသက်အပိုင်းအခြားအလိုက် လုပ်သင့်သည့်လုပ်ငန်းများ အကျိုးရှိရှိ အသုံးချနိုင်ရန် အချိန်ဇယားဆွဲ၊ အချိန်ကာလပိုင်းခြား သတ်မှတ်လုပ်ဆောင်လျှင် ပို၍ကောင်း၏။ အချိန်သည် အသက်ပင် ဖြစ်၏။ အချိန်သည်လည်း အသက်တမျှ အသုံးချတတ်သူအတွက် အလွန်တန်ဖိုးရှိလှ၏။ အသိအလိမ္မာ၊ အတတ်ပညာနှင့် ပစ္စည်းဥစ္စာ ရှာဖွေစုဆောင်းရန် အချိန်ကာလ စောနိုင်လေလေ အကျိုးရှိလေလေ ဖြစ်မည်ထင်၏။ လက်တွေ့ကျကျ စတင်လုပ်ဆောင်ရန်ကာလသည် ယခုလက်ရှိ ပစ္စုပ္ပန်အချိန်ကာလပင် ဖြစ်၏။ ငယ်ရွယ်နုပျိုစဉ်ကာလသည် တက်ကြွထက်မြက်လှသဖြင့် အလွန်အရေးကြီးပါ၏။
ရုပ်ပိုင်းဆိုင်ရာ ယိုယွင်းစပြုလာပြီး မျက်စိမှုန် ခါးကိုင်း နားထောင်သည့် ဇရာအိုဘဝ နေဝင်ချိန်ကာလ အထိ လုပ်သင့်သည့် လောကီ လောကုတ္တရာ ကြီးပွားရေး လုပ်ငန်းများကို မစောင့်သင့်။ မိုးလွန်မှ ထွန်ချသည့် အဖြစ်မျိုးကို နှမြောတသ နောင်တရသည့် အဖြစ်မျိုးကို မလုပ်သင့်၊ မိုးရွာတုန်း ရေခံ၊ လသာတုန်း ဗိုင်းငင်ခြင်းသည် ရခဲလှသည့်တန်ဖိုးကြီးမာလှသည့် အချိန်ကာလများကို အမိအရ မှန်ကန်စွာ အသုံးချခြင်းပင် ဖြစ်၏။ ထို့ပြင် အကျိုးရှိသော စကားများကို လမ်းညွှန်ပြသ ဆိုဆုံးမတတ်သည့် ကျေးဇူးရှင်များနှင့် တွေ့ရဆုံရခြင်းသည် အလွန် ရခဲလှ တန်ဖိုးကြီးမားလှပါ၏။ မိမိတို့ ကိုယ်တိုင် နားထောင်တတ်သည့် နားရှိရမည် ဆိုရာဝယ် သူတစ်ပါးဟောပြောဆုံးမ မှုသည် တကယ်အကျိုးလို၍ ဆုံးမသလော သို့မဟုတ် ပျက်စီးရာပျက်စီးကြောင်းကို ပြောနေသလောဆိုတာကို ကွဲပြားစွာသိဖို့ တန်ဖိုးရှိလှသည့် စာအုပ်စာပေနှင့် ဘဝအသိဥာဏ်တို့ အထူးလိုအပ်လှ၏။ မိမိတို့ကိုယ်တိုင် အတွေ့အကြုံဗဟုသုတအရည်အချင်းရှိလျှင် မှားယွင်းသောအတွေးအခေါ် ဟောပြောမှု မြှူဆွယ်မှုတို့ကို ချက်ခြင်းလက်မခံဘဲ ဥာဏ်နားဖြင့် နားထောင် အသိဥာဏ်ဖြင့် ဆုံးဖြတ်ကာ သူတစ်ပါး၏ နှတ်ဖျားပေါ်မှာ ဘယ်သောအခါမှ လမ်းမဆုံးနိုင်တော့ပေ။ ထို့ကြောင့် သူတစ်ပါး စကားကို မှန်ကန်စွာ နားထောင်တတ်ရန် အမှန်းအမှန်ခွဲခြားသိမြင်နိုင်ရန် မိမိသာလျှင် အဓိက အရေးကြီးလှ၏။
အသိနှင့် လုပ်ဆောင်ချက်သည် ဟန်ချက်ညီရန် အလွန်အရေးကြီးလှ၏။ အသိကို အလုပ်ဖြင့် လက်တွေ့ကျင့်စဉ်ဖြင့် အကောင်ထည်ဖော်မှသာလျှင် မိမိတို့ လိုလားအပ်သည့် အသီးအပွင့်များ ခံစားရမည်ဖြစ်၏။ ကိုယ်တိုင်အားထုတ်မှုမရှိပါက သဘောတရား သီအိုရီများသည် လက်တွေ့ဘဝတွင် ထင်သလောက် အသုံးကျလိမ့်မည် မဟုတ်။ သဘောတရား အသိတရားလောက်ဖြင့် ရပ်တန့်မနေဘဲ ကိုယ်တိုင်အားထုတ်မှု လက်တွေ့လုပ်ဆောင်မှုသည် သူတစ်ပါးအတွက်မဟုတ် မိမိအတွက် မိမိသာလုပ်ဆောင်ရမည့် အရေးကြီးသော လမ်းစဉ်တစ်ခုပင်ဖြစ်၏။ မိမိကိုယ်တိုင်သိမြင်သဘောပေါက်ကာ ကိုယ်တိုင်အားထုတ်မှုမှ သီးပွင့်လာသည့် အကျိုးကျေးဇူးများကို ခံစားကာ မိမိပြုလုပ်ခဲ့သည့် ကျေးဇူးဂုဏ်များကို အောက်မေ့တသ အမှတ်ရလျှက် ဘဝပျော်ရွှင်ကြည်နူးလန်းဆန်း အထက်တန်းကို လျှောက်လှမ်းနိုင်မည်မှာ ဧကန်ပင်ဖြစ်၏။
စာဖတ်သူတို့သည် ကိုယ်တိုင်ဥာဏ်ဖြင့်သဘောပေါက်နားလည်ကာ အနန္တဂိုဏ်းဝင်ကျေးဇူးရှင်များနှင့် ကျေးဇူးရှိသည့်ပုဂ္ဂိုလ်များကို မှန်ကန်သော နည်းလမ်းများဖြင့် ကျေးဇူးတုံ့ပြန်နိုင်လျှင် အပြန်အလှန် ကျေးဇူးတင်ကာ ကြည်နူးဝမ်းသာ စိတ်ချမ်းသာကြမည်သာဖြစ်၏။ ကျေးဇူးရှင်များကို နှတ်၏စောင့်မခြင်း၊ ကိုယ်၏ စောင်မခြင်းများဖြင့်လည်း ကျေးဇူးဆပ်နိုင်၏။ အပြန်အလှန်ကျေးဇူးတုံ့ပြန်ခြင်းဖြင့် စိတ်ချမ်းသာမှုကို ပေးစွမ်းနိုင်သည့် ကျေးဇူသစ္စာတရားကို အောက်မေ့တသ သတိရလျှက် ကိုယ်စီကိုယ်စီ အလိုညီကာ စွမ်းဆောင်နိုင်ကြပါစေ ဟု ဆန္ဒပြုရင်း…။
မေ့သားလှဆိုဒ်မှ တစ်ဆင့်ကူးယူဖော်ပြသည်။
စာဖတ်သူအားလုံး ကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)





