* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, August 1, 2009

အဘယ် အရာဝတ္ထုကို အလိုရှိသနည်း...



စကြဝတေးမင်းကပြောပါတယ်...

မဟာသုဒဿနစကြဝတေးမင်း အကျင့်

နောက်တစ်မျိုးသော်ကား အကြင်အခါ ငါသည် ကုသဝတီမြို့၌ များမြတ်သော ဗိုလ်ပါ အင်အားရှိသည့် မဟာသုဒဿနမည်သော စကြဝတေးမင်း ဖြစ်ခဲ့၏။28

ထိုအခါ ငါသည် ထိုကုသဝတီမြို့ ထိုထိုအရပ်၌ တစ်နေ့သုံးကြိမ် ကြွေးကြော်စေ၏၊ အဘယ်သူသည် အဘယ် အရာဝတ္ထုကို အလိုရှိသနည်း၊ တောင့်တသနည်း။ အဘယ်သူအား အဘယ်ဥစ္စာကို ပေးစေချင် သနည်း။ 29

အဘယ်သူသည် ဆာလောင်သနည်း။ အဘယ်သူသည် မွတ်သိပ်သနည်း။ အဘယ်သူသည် ပန်းကို အလိုရှိသနည်း။ အဘယ်သူသည် နံ့သာပျောင်းကို အလိုရှိသနည်း။ အဘယ်သူသည် အဝတ် အထည် မရှိ၍ အထူးထူး ဆိုးအပ်သော အဝတ်တို့ကို လိုသနည်း။ 30

အဘယ်သူသည် လမ်းခရီး၌ ထီးကို ယူမည်နည်း။ အဘယ်သူသည် နူးညံ့လှပသော ဖိနပ်တို့ကို ယူမည်နည်း။ ဤသို့ ညချမ်းအခါ၌ လည်းကောင်း၊ နံနက်အခါ၌ လည်းကောင်း ထိုထိုအရပ်၌ ကြွေးကြော်စေ၏။ 31

ထိုပေးလှူဖွယ် ဥစ္စာကို ဆယ်ပါးသော အရပ်ဌာနတို့၌ လည်းကောင်း၊ အရပ်ဌာန တစ်ရာတို့၌ လည်းကောင်း စီရင်ထားအပ်သည် မဟုတ်သေး။ အရာမက များစွာသော အရပ် ဌာနတို့၌လည်း တောင်းသူတို့ ကို ရည်၍ ဥစ္စာကို စီရင်ထား၏။

နေ့အခါ၌ လည်းကောင်း၊ သို့မဟုတ် ညဥ့်အခါ၌ လည်းကောင်း အလှူခံ ဖုန်းတောင်း ယာစကာသည် အကယ်၍ လာငြားအံ့။ အလိုရှိတိုင်းသော ဥစ္စာကိုရ၍ ပြည့်သောလက် ရှိလျက်သာလျှင် သွားရ၏။ 33
ငါသည် ဤသို့ သဘောရှိသော အလှူကြီးကို အသက်ရှိသမျှ ကာလပတ်လုံး ပေးလှူခဲ့၏၊ ငါသည် ဥစ္စာကို မနှစ်သက်၍ ပေးလှူသည်လည်း မဟုတ်၊ ငါ့ထံ၌ ဥစ္စာကို စုဆောင်းထားခြင်း မရှိသည်လည်း မဟုတ်။ 34

ဥပမာအားဖြင့် ရောဂါဖြင့် နာကျင်သူမည်သည် ရောဂါမှ လွတ်မြောက်ခြင်းငှါ ဥစ္စာဖြင့် ဆေးဆရာကို ရောင့်ရဲစေလျက် ရောဂါမှ လွတ်မြောက်သကဲ့သို့- 35

ထို့အတူပင် အလှူခံ၏ အလိုဆန္ဒကို အကြွင်းမဲ့ ပြည့်စေရန် သိသော ငါသည် အလှူခံ ဖုန်းတောင်းယာစကာတို့၏ ယုတ်လျော့သော စိတ်(အလို)ကို ပြည့်စေလျက် တွယ်တာကပ်ငြိမှု မရှိ, တောင့်တမှု မရှိဘဲ သမ္မာသမ္ဗောဓိဉာဏ်သို့ ရောက်ခြင်းငှါသာ လှူဖွယ်ကို ပေးလှူ၏။ 36

၎ - မဟာသုဒဿနစရိယ၊ အကိတ္တိဝဂ်၊ စရိယာပိဋကပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Read more...

နတ်တို့သေသော် လူဖြစ်ဖို့ တိုက်တွန်းကြသည်...

ပဉ္စပုဗ္ဗနိမိတ္တသုတ်

ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏၊
ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့
နတ်တို့သည် နတ်ပြည်မှ စုတေချိန် နီးသောအခါ ထိုနတ်သားအား...

၁... ပန်ဆင်သောပန်းတို့ ညှိုးနွမ်းကုန်၏၊
၂... အဝတ်တန်ဆာတို့ ညစ်နွမ်းကုန်၏၊
၃... လက်ကတီး (ချိုင်း) ကြားတို့မှ ချွေးထွက်ကုန်၏၊
၎... ကိုယ်၌ အရေအဆင်း မလှခြင်းသို့ ရောက်ရ၏၊
၅... နတ်သားသည် မိမိနေရာ နတ်ဗိမာန်၌ မမွေ့လျော် ဟူသော
ဤပုဗ္ဗနိမိတ်ငါးမျိုးတို့သည် ထင်ရှားဖြစ်ပေါ်လာ ကုန်၏။

ရဟန်းတို့ ထိုနတ်သားကို နတ်တို့သည် ''ဤနတ်သားကား စုတေချိန်နီး၏'' ဟု သိ၍ ''အရှင် ဤနတ်ဘုံမှ သုဂတိ ဘဝသို့ သွားပါလော့၊ သုဂတိဘဝသို့ သွားပြီးလျှင် ကောင်းစွာ ရနိုင်သော လာဘ်ကို ရယူပါလော့၊ ကောင်းစွာ ရနိုင်သော လာဘ်ကို ရယူပြီး၍ ကောင်းစွာ မတုန်မလှုပ် သက်ဝင်၍ တည်သူ ဖြစ်ပါလော့'' ဟု စကားသုံးခွန်းတို့ဖြင့် ဝမ်းမြောက် စေကြကုန်၏။

ဤသို့ ဟောတော်မူအပ်သော် ရဟန်းတစ်ပါးသည် မြတ်စွာဘုရားအား ''အသျှင် ဘုရား နတ်တို့၏ သုဂတိဘဝသို့ သွားခြင်းဟု ပြောဆို ချီးမွမ်းခြင်းသည် အဘယ်ပါနည်း၊ အသျှင်ဘုရား နတ်တို့၏ ကောင်းစွာ ရနိုင်သော လာဘ်ဟု ပြောဆို ချီးမွမ်းခြင်းသည် အဘယ်ပါနည်း၊ အသျှင်ဘုရား နတ်တို့၏ မတုန်မလှုပ် သက်ဝင်၍ တည်ခြင်းဟု ပြောဆို ချီးမွမ်းခြင်းသည် အဘယ်ပါနည်း'' ဟု လျှောက်၏။

ရဟန်း နတ်တို့၏ သုဂတိဘဝသို့ သွားခြင်းဟု ပြောဆို ချီးမွမ်းခြင်းသည် လူ့အဖြစ်ပင်တည်း၊ နတ်သည် လူဖြစ်သည် ရှိသော် မြတ်စွာဘုရား ဟောကြား အပ်သော ဓမ္မဝိနယ 'သာသနာတော်' ၌ ယုံကြည်မှု 'သဒ္ဓါ' ကိုရ၏၊ ရဟန်း နတ်တို့၏ ကောင်းစွာ ရနိုင်သော လာဘ်ကို ရခြင်းဟု ဆိုခြင်းသည် ယုံကြည်မှု 'သဒ္ဓါ' ကို ရခြင်းပင်တည်း၊ ထိုယုံကြည်မှု 'သဒ္ဓါ'သည် ထိုနတ်သား၏ စိတ်အစဉ်သို့ သက်ဝင်၏၊ အမြစ်အရင်း ဖြစ်၏၊ မတုန်မလှုပ် သက်ဝင်၍ တည်၏၊ မြဲမြံ၏၊ သမဏသော် လည်းကောင်း၊ ဗြာဟ္မဏသော် လည်းကောင်း၊ နတ်သော် လည်းကောင်း၊ မာရ်နတ်သော် လည်းကောင်း၊ ဗြဟ္မာသော် လည်းကောင်း၊ လောက၌ တစ်စုံတစ်ယောက်သော သူသော် လည်းကောင်း မဖယ်ရှားနိုင်၊ ရဟန်း နတ်တို့၏ ကောင်းစွာ မတုန်မလှုပ် သက်ဝင်၍ တည်ခြင်းဟု ဆိုခြင်းသည် မဖယ်ရှားနိုင်သော ယုံကြည်မှု 'သဒ္ဓါ' ပင်တည်း၊
ဤအနက်သဘောကို မြတ်စွာ ဘုရား ဟောတော်မူ၏၊

ထိုသုတ်၌ ဤအနက် သဘောကို -

အကြင်အခါ၌ နတ်သည် အသက်တမ်း ကုန်ခြင်းကြောင့် နတ်ပြည်မှ စုတေ၏၊ ထိုအခါ ဝမ်းမြောက်စေသော နတ်တို့၏ သုံးမျိုးသော မှာကြားသံတို့သည် ဖြစ်ပေါ် လာကုန်၏။

အရှင် ဤနတ်ဘုံမှ သုဂတိဘဝဖြစ်သော လူတို့၏ အသင်းဝင် အဖြစ်သို့ သွားပါ လေလော့၊ လူဖြစ်သော သင်သည် သူတော်ကောင်းတရား၌ အတုမရှိ မြတ်သော ယုံကြည်မှု 'သဒ္ဓါ' ကို ရယူပါလော့။

သင်၏ ထိုယုံကြည်မှု 'သဒ္ဓါ' တရားသည် အမြဲ စိတ်အစဉ်သို့ သက်ဝင်၍ အမြစ် အရင်းဖြစ်ကာ မတုန်မလှုပ် ကောင်းစွာ တည်ပြီးလျှင် ကောင်းစွာ ဟောကြား အပ်သော သူတော်ကောင်းတရားဟူသော သာသနာ၌ အသက်ထက်ဆုံး တစ်စုံ တစ်ယောက်ကမျှ မဖယ်ရှားနိုင်သော သဒ္ဓါတရား ဖြစ်ပါစေ။

ကာယဒုစရိုက်ကို လည်းကောင်း၊ ဝစီဒုစရိုက်ကို လည်းကောင်း၊ မနောဒုစရိုက်ကို လည်းကောင်း ပယ်စွန့်၍ အခြား တစ်ပါးသော ဒေါသနှင့်ယှဉ်သော အမှုကိုလည်း ပယ်စွန့်ပြီးလျှင် အတိုင်းအရှည် ပမာဏမရှိသော ကိလေသာ (ဥပဓိ) ကင်းစင်သော ကုသိုလ်ကောင်းမှုကို ကိုယ်ဖြင့် လည်းကောင်း၊ နှုတ်ဖြင့် လည်းကောင်း၊ စိတ်ဖြင့် လည်းကောင်း အကြိမ် များစွာပြု၍ ထိုနတ်ပြည် လောက၌ ပေးကမ်း လှူဒါန်း ခြင်းဖြင့် ခန္ဓာကိုယ် 'ဥပဓိ'၏ တင့်တယ် ပြည့်စုံကြောင်းဖြစ်သော ထိုကုသိုလ် ကောင်းမှုကို အကြိမ်များစွာပြု၍ တစ်ပါးသော အပေါင်းအဖော်တို့ကို လည်း သူတော်ကောင်း တရားတည်း ဟူသော မြတ်သော အကျင့်၌ သက်ဝင်စေပါလော့။

အကြင်အခါ၌ နတ်တို့သည် စုတေမည့် နတ်ကို သိကြကုန်၏၊ ထိုအခါ ဤသနား စောင့်ရှောက်မှုဖြင့် အချင်းနတ်သား ဤနတ်ပြည်သို့ အဖန်ဖန် လာလှည့်ပါဟု ဝမ်းမြောက်စေကုန်၏'' ဟု ဤဂါထာဖြင့်ဆိုအပ်၏။

ဤအနက်သဘောကိုလည်း
မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။ 83

၎ - ပဉ္စပုဗ္ဗနိမိတ္တသုတ်၊ စတုတ္ထဝဂ်၊ ဣတိဝုတ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP