သတိပြုစရာအချက်တွေ...။
ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ နေ့စဉ်ဘုရားရှိခိုးတာ မေတ္တာပို့ အမျှဝေတာတွေ ရှိပါတယ်။ ဒီလိုမျိုး ဘုရားရှင်ရဲ့ တရားတော်တွေနဲ့ ဘုရားရှင်ကို ရှိခိုးပူဇော်တဲ့နေရာမှာ အသံထွက်တွေ မှားယွင်းလွဲမှားစွာထွက်ပြီး ရွတ်ဆိုနေတာတွေ အများစုတွေ့ရပါတယ်။ ဒါ့ကြောင့်လည်း ဒီသတိပြုစရာအချက်လေးတွေကို သိစေချင်တာပါ။ အမှားကို အမှန်မှန်းသိလာရင် မိမိကိုယ်တိုင်လည်း မှန်အောင်ပြုပြင်ရမှာဖြစ်သလို ကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုပါ အမှန်ဘက်ရောက်အောင် ပြုပြင်ပေးရမှာဖြစ်ပါတယ်။ ဒီအကြောင်းအရာလေးဟာ မင်္ဂလာသတင်းစဉ် (http://mawluu.blogspot.com/) မှ ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။ ဒီဘလော့လေးဆီကိုလည်း စာဖတ်သူတွေ အရောက်နည်းတဲ့အတွက် အများသိစေခြင်း အလို့ငှာ ကူးယူဖော်ပြပေးလိုက်ခြင်းဖြစ်ပါတယ်။ ဒီအကြောင်းအရာလေးဟာ မြတ်မင်္ဂလာမှ စာရေးသူက ဆရာတော်ဘုရားအား ဘုရားရှိခိုးရာမှာ သတိပြုစရာအချက်တွေကို လျောက်ထားမေးမြန်းပေးတဲ့ အကြောင်းအရာလေးပါ။ ဘုရားရှိခိုးရာမှာ သတိပြုစရာအချက်လေးတွေကို သေချာနားလည်သဘောပေါက်မှန်ကန်အောင် ပြုပြင်နိုင်ပြီး အမှန်အတိုင်း ရွတ်ဆိုနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။ ဓမ္မမိတ်ဆွေအပေါင်း မှားတာတွေ့ရင် အမှန်ပြင်နိုင်ကြပါစေ…။
ဘုရားရှိခိုးရာ သတိပြုစရာ
၁၃၆၃-ခုနှစ်၊ (၂၀၀၁-ခု) နွေရာသီကျောင်းပိတ်ရက်တွင်… မြို့ရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် ဆရာ ဆရာမများ၏ ဗုဒ္ဓဘာသာယဉ်ကျေးမှု နည်းပြသင်တန်းဆင်းပွဲ ကျင်းပသည်။ စာရေးသူအား ထိုပွဲသို့ တက်ရောက်ရန် သက်ဆိုင်ရာ ဆရာတော်ဘုရားက ကျောင်းသားတယောက်ကို လွှတ်၍ စာဖြင့် အကြောင်းကြားသည်။ သို့ဖြင့် စာရေးသူသည် သင်တန်းဆင်းပွဲ ပြုလုပ်သည့်ရက်တွင် အဆိုပါ ဘုန်းတော်ကြီးကျောင်းသို့ရောက်ရှိခဲ့ပါသည်။
သင်တန်းဆင်းပွဲသို့ ဆရာတော် ၅-ပါး ကြွရောက်သည်။ မြို့နယ် ရပ်ကွက်မှ တာဝန်ရှိသူများလည်း တက်ရောက်သည်။ သင်တန်းသား၊ ဆရာ ဆရာမများ စုံညီလည်းတက်ရောက်သည်။ သင်တန်းဆင်းပွဲတွင် ပဓာနနာယက ဆရာတော်ဘုရားကြီးက သြ၀ါဒကထာ ချီးမြှင့်သည်။ ဆရာတော်ဘုရားကြီးက သြ၀ါဒ ပေးတော်မူရာတွင် ဗျသနတရားငါးပါး အနက်မှ သီလဗျသန (ကောင်းသော ကိုယ်ကျင့်သီလ ပျက်စီးခြင်း)နှင့် ဒိဋ္ဌိဗျသန (မိစ္ဆာဒိဋ္ဌိအယူမှားခြင်း) တို့ ဖြစ်ပါက တဘ၀သာမဟုတ်၊ ဘ၀များစွာ ဒုက္ခပေးနိုင်ကြောင်း သြ၀ါဒ ပေးတော်မူသည်။ယင်းသို့သြ၀ါဒပေးရာမှ-
(၁)ဘုရားရှိခိုးခြင်း။
(၂)မေတ္တာပို့အမျှဝေခြင်း။
(၃)ဒါနပြုခြင်း။
(၄)သာသနာသန့်ရှင်း တည်တံ့ပြန့်ပွားရေးအတွက် ဆောင်ရွက်ခြင်းတို့ ပြုရာတွင် မှန်ကန်မှုရှိရန် လိုအပ်ကြောင်း။ သီလတောင်းရာတွင် မတောင်းတတ်သဖြင့် ရဟန်းတော်က ရှေ့ကဆိုပေးသည်ကို လိုက်ဆိုနေရကြောင်း၊ ပါဠိကို ရွတ်ဆိုရာတွင်လည်း ပုဒ် ပါဌ် အက္ခရာ အဖြတ်အတောက် မှန်ကန်အောင် ရွတ်ဆိုတတ်ဖို့လိုကြောင်း စသည်တို့ကို ထည့်သွင်းသြ၀ါဒပေးသွားသည်။
ဆရာတော်ဘုရားကြီး၏ သြ၀ါဒမှာ အဖိုးထိုက်တန်လှသဖြင့် သင်တန်းဆင်းပွဲ ပြီးသောအခါ စာရေးသူသည် ဆရာတော်ကြီးထံချဉ်းကပ်၍ အောက်ပါအတိုင်း မေးမြန်းလျှောက်ထားခဲ့သည်။
စာရေးသူ။ ။ ဆရာတော် သြ၀ါဒပေးတဲ့အထဲမှာ ပါဠိကို ပုဒ် ပါဌ် အက္ခရာ မှန်ကန်အောင် ရွတ်ဆိုဖို့ဆိုတာ ကြားနာရပါတယ်ဘုရား။ တပည့်တော်ကို ရှင်းပြတော်မူပါဘုရား။
ဆရာတော်။ ။ ရှေးဦးစွာ ပါဠိတော်ကို ရွတ်ဖတ်မှု အသံထွက် မှန်ကန်ဖို့ အရေးကြီးကြောင်း ဘုန်းကြီးပြောပြ ချင်တယ်။ အတ္ထော အက္ခရ သညာတော-ဆိုတဲ့ ပါဠိတော်အရ အနက်ကို အက္ခရာတို့ဖြင့်သာ သိနိုင်ပါတယ်။
အက္ခရာမမှန်လျှင်ပုဒ်မှန်မည်မဟုတ်ပါ။
ပုဒ်မမှန်လျှင်ဝါကျမှန်မည်မဟုတ်။
ဝါကျမမှန်လျှင်အနက်မှန်ကိုသိနိုင်မည်မဟုတ်။
အနက်မမှန်လျှင်အကျင့်မှန်ကိုသိနိုင်မည်မဟုတ်။
အကျင့်မှန်ကို မသိနိုင်လျှင် နိဗ္ဗာန်ရောက်ရန် နည်းလမ်းမှန်ကို သိရမယ်မဟုတ်ဘူး ဒကာကြီး။
ဒါကြောင့် ပါဠိတော်တွေကို ရွတ်ဖတ်မှု မှန်ကန်ဖို့ အလွန်အရေးကြီးတာပဲ။
စာရေးသူ။ ။ တပည့်တော် သဘောပေါက်ပါပြီဘုရား။ ဆက်လက်အမိန့်ရှိပါဦးဘုရား။
ဆရာတော်။ ။ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တဦးအနေနဲ့ နေ့စဉ်ပြုလုပ်တဲ့ ဘုရားရှိခိုးခြင်းနဲ့ ပတ်သက်ပြီး မှန်ကန်မှုရှိဖို့ အထူးလိုအပ်ပါတယ်။ ထိုင်နည်းကိုတော့ အသေးစိတ် မပြောလိုတော့ပါဘူး။ ခန္ဓာကိုယ် အချိုးအစားအရ ကိုယ်ကာယမျှတအောင် ရိုရိုသေသေ ထိုင်ဖို့လိုပါတယ်။
လက်အုပ်ချီရမယ့် အနေအထားအမှန်က လက်ဖ၀ါးနှစ်ဖက်ကို ပူးကပ်မထားရပါဘူး။ ကြာဖူးပုံသဏ္ဍာန်သာ ထားရပါမယ်။ လက်မက မျက်ခုံး။ လက်ညှိုးက ဆံစကို ထိထားပြီးမှသာ လက်စုံမိုး ရှိခိုးတာ ဖြစ်ပါမယ်။
လက်စုံမိုးပြီး ခြေနှစ်ဖက်၊ ဒူးနှစ်ဖက်၊ လက်နှစ်ဖက်၊ တံတောင်နှစ်ဖက်နဲ့ နဖူးတို့ကို ကြမ်းပြင်၊ သို့မဟုတ်-မြေမှာထိပြီး ရှိခိုးရမယ်။ ဒါမှ ထိခြင်း၊ တည်ခြင်း ငါးပါးလို့ ဆိုရမယ်။
အခုတော့ အချို့သူများဟာ လက်ဝါးနှစ်ဖက်ကို ပူးကပ်ကာရင်ညွန့်နေရာမှာထားပြီး ရှိခိုးနေတာ တွေ့ရတယ်။ ခေါင်းက မော့လျက်နဲ့၊ လက်နှစ်ဖက်ပူးလျက်နဲ့ ကြမ်းပြင်ကို ချပြီး ကန်တော့နေကြတာ တွေ့ရတယ်။ ဒီလို မပြုသင့်ဘူး။ပြုပြင်သင့်တယ်။
ရင်ညွန့်မှာ လက်အုပ်ချီတာက တဦးနဲ့တဦး တွေ့တဲ့အခါ ဂါရ၀ပြုတဲ့ အမှုပဲ။ ကျောင်းသူ ကျောင်းသားတွေက ဆရာ ဆရာမများ အတန်းထဲဝင်လာတဲ့အခါ မင်္ဂလာပါ ဆရာ၊ ဆရာမ-ဆိုပြီး နှုတ်ခွန်းဆက် ဂါရ၀ပြုတဲ့အခါ အခုလို ရင်ညွန့်မှာ လက်အုပ်ချီခြင်း ပြုရပါမယ်။
စာရေးသူ။ ။ရွတ်ဆိုမှုအမှားတွကို အမိန့်ရှိပါဦးဘုရား။
ဆရာတော်။ ။ သြကာသကန်တော့ချိုးနဲ့ ရှိခိုးရာမှာ- သြကာသ-- ဖူးမျှော်မာန်လျှော့ ကန်တော့ပါ၏ အရှင်ဘုရား- လို့ဆိုပြီး ရပ်ထားရမယ်။ ကန်တော့ရသော အကျိုးအားကြောင့်ဆိုပြီး ဆုတွေတောင်းဖို့ မလိုဘူး။ အခုတော့ တောင်းလိုက်တဲ့ဆုတွေက အများကြီး။ သီလပေးတဲ့ ဆရာတော်ကတောင် ဆုပေးစရာ မကျန်တော့ဘူး။ ဒီအချက်ကိုလဲ ပြုပြင်သင့်တယ်။
ကန်တော့ပြီးတဲ့နောက် သီလပေးတဲ့ဆရာတော်က ငါးပါး၊ ရှစ်ပါး၊ ကိုးပါး၊ ဆယ်ပါးသီလ တမျိုးမျိုးကို သီလတောင်းပါလို့လဲ ပြောလိုက်ရော မတောင်းတတ်ကြတော့ဘူး။ ဘာသံမှ ထွက်မလာတော့ဘူး။ ဟိုကြည့် သည်ကြည် လုပ်နေကြပြီး သီလမတောင်းတတ်မှန်းသိလို့ ဆရာတော်က-ကဲ ကဲ လိုက်ဆိုကြဆိုပြီး ရှေ့ကနေ ပါဠိလိုချပေးရတယ်။
အဟံ ဘန္တေ တိသရဏေန သဟ ပဉ္စသီလံ ဓမ္မံ ယာစာမိ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ-လို့ ချပေးတာကို လိုက်ဆိုရာမှာ အသံထွက်မမှန်တဲ့ ရွတ်ဆိုမှုနဲ့ အဖြတ်အတောက် မမှန်တဲ့ လိုက်ဆိုမှုတွေကို တွေ့နေရတယ်။
ဥပမာ-အဟံ ဘန္တေ-လို့ ဆိုရမယ့်အစား အဟံ ဘန်းတေ-လို့ ၀ိသဇ္ဇနီသံ၊ ၀စ္စပေါက်သံ ထည့်ဆိုနေကြတယ်။
ဘန်းတေ-လို့ရွတ်ဆိုတာဟာ မမှန်ဘူး။ ပါဠိမှာ ၀ဇ္ဇနီသံ၊ ၀စ္စပေါက်သံ မရှိပါဘူး။
အဟံ ဘန်တေ- ( အဟံ ဘန္တေ ) လို့ အသံထွက်ရပါမယ်။
တိသရဏေန-လို့ ရွတ်ဆိုတဲ့အခါမှာလဲ တစ်သရဏေန- လို့ အချို့က မှားဆိုနေကြပြန်တယ်။ တိသရဏေန-လို့ အမှန်ဖြစ်အောင် ပြင်ရပါမယ်။
နောက်ပြီး- တိသရဏေန- သဟ- ပဉ္စသီလံ-လို့ ရွတ်ဆိုရမှာဖြစ်သော်လည်း အချို့က တိသရဏေန သဟ-ပဉ္စသီလံ -လို့ ဖြတ်သင့်ရာ မဖြတ်ဘဲ စပ်သင့်ရာ မစပ်ဘဲ (သဟ-နဲ့ပဉ္စသီလံ တွဲပြီး) အမှားရွတ်ဆို နေကြတယ်။
ဓမ္မံ ယာစာမိ-လို့ ရွတ်ဆိုရာမှာလဲ ဓမ္မံ-ကို ဓမ်မံ-လို့ရွတ်ဆိုရမယ့်အစား ဓမံ-လို့ မှားယွင်းရွတ်ဆိုနေတာ တွေ့ရတယ်။ ပြုပြင်သင့်တယ်။ယာစာမိ-ကို အချို့က ယာဆာမိ-လို့ စ နဲ့ ဆ မကွဲဘဲ ရွတ်ဆိုတော့ အက္ခရာမမှန်ရင် ပုဒ်မှန်မှာ မဟုတ်ဘူး။ဒကာကြီးတို့ကျောင်းမှာ အင်္ဂလိပ်စာသင်တော့ အသံထွက်မှန်အောင် ဖတ်ရ၊ ပြောရတယ် မဟုတ်လား။ အင်္ဂလိပ်စာမှာ အသံထွက်မမှန်ရင် အဓိပ္ပါယ်အမျိုးမျိုး ထွက်သွားတယ်မဟုတ်လား။ ဘုရားဟောပါဠိကို အသံထွက်မှန်အောင် ပိုပြီးဂရုစိုက်ရမှာပေါ့။
ပြီးတော့ အချို့က ဒေထ-ကိုလဲ ဒေးထ-လို့ ၀စ္စနှစ်လုံးပေါက်သံထည့်ပြီး မှားယွင်းရွတ်ဆိုနေကြပြန်တယ်။ ဒေထ-သာ အမှန်ဖြစ်ပါတယ်။ နောက်ပြီး နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ-ကို ရွတ်ဆိုရာမှာလဲ နမော နဲ့ တဿ ကို မဖြတ်ဘဲ တွဲစပ်ရွတ်ဆိုနေကြတယ်။ အမှန်က နမော တဿ-လို့ ဖြတ်ပြီးရွတ်ဆိုရမယ်။ နမောတဿ-လို့ တွဲစပ် မရွတ်ဆိုရဘူး။
နောက်ပြီး ဘဂ၀တော-လို့ တွဲစပ်ရွတ်ဆိုနေတာကိုလဲ တွေ့ရတယ်။ ဘဂ၀-တော လို့ ရွတ်ဆိုနေတာကိုလဲ တွေ့ရတယ်။အမှန်က ဘဂ-၀တော လို့ ရွတ်ဆိုမှ မှန်တယ်။ ဒီနေရာမှာ ဘဂ-ပုဒ် ဘုန်းတော်ခြောက်ပါး။ ၀တော-(၀န္တ)(ပစ္စည်း)ရှိသောပုဂ္ဂိုလ်-လို့ သိထားသင့်တယ်။
စာရေးသူ။ ။ အဖိုးတန်လှပါတယ် ဘုရား၊ အမှားရွတ်ဆိုသူတွေ အမှန်ရွတ်ဆိုနိုင်အောင် ပြုပြင်သင့်လှပါတယ်။
ဆရာတော်။ ။ နောက်ပြီး ငါးပါးသီလ ခံယူရာမှာ ပါဏာတိပါတာ ဝေရမဏိ-လို့ ရွတ်ဆိုရမယ့်အစား
ပါဏာတိပါတာ ဝေရာမဏိ-လို့ ရ-ကို ရေးချထည့်ပြီး ရာ-လို့ မှားယွင်းရွတ်ဆိုနေတာကိုလဲ ကြားရတယ်။ ရ-ကို ရာ-လို့မမှားအောင်သတိပြုရပါမယ်။
တဖန် အဒိန္နာဒါနာ-ကိုလဲ အဒိန္နဒါနာ-လို့ မှားယွင်းစွာ ရွတ်ဆိုနေကြပြန်တယ်။ ဒိန္နာ-မှာ ရေးချသံပါတာကို သတိပြုရပါမယ်။ သုရာမေရယ-ကိုလဲ သူရာမေရိယ-လို့ မှားယွင်းစွာ ရွတ်ဆိုနေကြပြန်တယ်။ သုရာမေရယ-သာ အမှန်ဖြစ်ပါတယ်။ မဇ္ဇပမာဒဋ္ဌာနာ-ကိုလဲ မဇ္ဇပမာဒဌာနာ-လို့ မှားယွင်းရွတ်ဆိုနေကြတယ်။
မဇ္ဇပမာဒဋ်ဌာနာ-(မဇ္ဇပမာဒတ်ဌာနာ) လို့ အသံထွက်ရပါမယ်။ ဌ-(ဌ၀မ်းဘဲ) နဲ့ ဋ္ဌ (လည်ချိတ်ပါတဲ့
ဋ္ဌ၀မ်းဘဲကြီး) တို့ဟာ မတူပါဘူး။ လည်ချိတ်ပါတဲ့ ဋ္ဌ ၀မ်းဘဲကြီးက ဌ နဲ့ ဋ ပေါင်းစပ်ထားတာပါ။ (ဌ+ဋ=ဋ္ဌ) ဖြစ်တယ်။ ဋ္ဌ ဆိုရင် ဋ သတ်ထည့်ရမယ်။ ဥပမာ ပြဋ္ဌာန်း-(ပြဋ်ဌာန်း) ဖြစ်ပါတယ်။ ဒါကြောင့် မဇ္ဇပမာဒဋ်ဌာနာလို့ အသံထွက်ရပါမယ်။
စာရေးသူ။ ။ ဒီလိုအမှားတွေ ရွတ်ဆိုမှုကို အချို့ဆရာတော်များက ပြင်ပေးကြပါတယ်ဘုရား။ ပြုပြင်သင့်တဲ့အချက်တွေပါဘုရား။
ဆရာတော်။ ။ ဒါကြောင့် အခု ဗုဒ္ဓဘာသာယဉ်ကျေးမှု နည်းပြသင်တန်းမှာလဲ ဒီလိုအမှားတွေ မဖြစ်ဖို့ အထူးဂရုစိုက်ပြီး သင်ကြားပေးနေတာကို ၀မ်းသာမိပါတယ်။
စာရေးသူ။ ။ သာဓုပါဘုရား။
( ရဲဘော်မျိုးညွန့်-သ-သ-န )
အမှန်အတိုင်းသိရှိပြီး လိုက်နာကျင့်ကြံနိုင်ကြပါစေ…။












