နိဗဒ္ဓ (သို့) အမြဲမပြတ် ရနေတဲ့ ကုသိုလ်အလှူ (၇) မျိုး
နိဗဒ္ဓကုသိုလ် (၇) မျိုး ရှိပါတယ်။
၁) သရဏဂုံ နိဗဒ္ဓကုသိုလ် ဖြစ်ပုံ
ဗုဒ္ဓေါ မေ သရဏံ အညံ နတ္ထိ
ဘုရားမှတစ်ပါး မိမိမှာ ကိုးကွယ်ရာ မရှိ။
ဓမ္မော မေ သရဏံ အညံ နတ္ထိ
တရားမှတစ်ပါး မိမိမှာ ကိုးကွယ်ရာ မရှိ။
သံဃော မေ သရဏံ အညံ နတ္ထိ
သံဃာမှတစ်ပါး မိမိမှာ ကိုးကွယ်ရာ မရှိ ဟူ၍ ဆောက်တည်ကြတယ်။
၂) ငါးပါး သီလ နိဗဒ္ဓကုသိုလ် ဖြစ်ပုံ
၁) သူတပါးအသက်ကို သတ်ဖြတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
၂) သူတစ်ပါး ဥစ္စာခိုးယူခြင်းမှ ရှောင်ကြဉ်ခြင်း၊
၃) သူတစ်ပါး သားသမီး သားမယားများကို ဖျက်ဆီးခြင်းမှ ရှောင်ကြဉ်ခြင်း၊
ဆိုတဲ့ စောင့်ထိန်းတဲ့ သီလစိတ်တွေ ရှိနေတဲ့အခါ မိမိတို့စိတ်တွင် အမြဲမပြတ် ကုသိုလ်စိတ်တွေ ဖြစ်နေတဲ့အတွက် နိဗဒ္ဓ ကုသိုလ်ဖြစ်တယ်။
၃) စာရေးတံမဲအလှူ နိဗဒ္ဓကုသိုလ် ဖြစ်ပုံ
စာရေးတံမဲအလှူ ဆိုသည်မှာ မြတ်စွာဘုရားလက်ထက်တော်အခါက ကျောင်းတိုက်ကြီးတွေမှာ သံဃာတော်တွေ ၅၀၀၊ ၁၀၀၀ စသည်ဖြင့် အလွန်များပြားစွာ ရှိတော်မှုကြလေသည်။ သဒ္ဓါတရားနှင့် ပြည်စုံသော ပုဂ္ဂိုလ်တို့သည် ကျောင်းရှိသံဃာတော်တို့ကို ဖူးမြင်ရသောအခါ ကျောင်းရှိသံဃာတော် အကုန်လုံးကို လှူဒါန်းချင်စိတ်များ ဖြစ်ပေါ်လာသော်လည်း မိမိတို့ တတ်နိုင်သော အတိုင်းအဆ၊ အတိုင်းအတာနှင့် သံဃာတော် အကုန်လုံးအား လောက်ဌအောင် လှူဒါန်းမှု မစွမ်းနိုင်သောအခါ ဆရာတော်၊ သံဃာတော်ကြီးများထံမှာ သွားရောက်၍ သံဃာတော်များအထဲမှ ၅ပါး၊ ၁၀ပါး မဲချပေးပါဘုရား ဟု လျှောက်ထားပင့်ကြရပေသည်။
ထိုသို့ ၅ပါး၊ ၁၀ပါး မဲချပေးလိုက်သော သံဃာတော်များအား အိမ်သို့ ပင်ဖိတ်၍ ဆွမ်းကပ်ကာ လှူဒါန်းဖွယ် အစုစုတို့ကိုလည်း လှူဒါန်းလေ့ ရှိကြသည်။ တစ်ပတ်တစ်ခါ၊ တစ်လတစ်ခါ စသည်ဖြင့် မိမိတို့ တတ်အားသရွေ့ သဒ္ဓါသရွေ့၊ ပင့်ဖိတ်လှူဒါန်းသမှုကို ပြုလုပ်ကြပေသည်။ လှူဒါန်းပြီးသွားသောအခါမှာလည်း နောက် တစ်ပတ်၊ တစ်လတွင်လည်း လှူဒါန်းသမှု ပြုလုပ်ဦးမည်ဟု စိတ်တွင် သဒ္ဓါစိတ်တွေ ကုသိုလ်စိတ်တွေ ဖြစ်ပေါ်နေသောကြောင့်လည်း နိဗဒ္ဓ ကုသိုလ်ဖြစ်တယ်။
၎) ၁၅ ရက်ဆွမ်း နိဗဒ္ဓကုသိုလ် ဖြစ်ပုံ
မြတ်စွာဘုရားလက်ထက်ကတည်းမှ စ၍ ယနေ့တိုင် လပြည့်နေ့ ၊ လကွယ်နေ့ ၊ ၁၅ ရက်တိုင်းမှာ မိမိတို့၏ နေအိမ်သို့ သံဃာတော် ၁ ပါး၊ ၂ ပါး၊ ၃ ပါး၊ ၅ ပါး စသည်ဖြင့် မိမိတို့ တတ်အားသရွေ့ ပင့်ဖိတ်၍ ဆွမ်းကပ်လှူဒါန်းလေ့ ရှိကြပါတယ်။ လှူဒါန်းပြီးသွားသောအခါမှာလည်း နောက် ၁၅ ရက်ရောက်တိုင်း လှူဒါန်းရဦးမည်ဟု စိတ်တွင် ကုသိုလ်စိတ်များ ဖြစ်ပေါ်နေသည်။ နောက်တစ်ခါတွင် မည်သို့သော ဆွမ်းဟင်းမျိုးဖြင့် ကပ်လှူလိုက်မည် ဟု စိတ်တွင်ရည်စူး၍ လှူဒါန်းဖွယ်ရာများကို စုဆောင်းလေ့ရှိနေသည်မှာလည်း ကုသိုလ်စိတ်တွေ ဖြစ်ပေါ်နေ၍ နိဗဒ္ဓ ကုသိုလ်ဖြစ်တယ်။
၅) ၀ါဆိုသင်္ကန်း နိဗဒ္ဓကုသိုလ် ဖြစ်ပုံ
ဝါဆိုသင်္ကန်း ကပ်လှူပူဇော်ကြကုန်သည့် အလှူရှင်တို့သည် ဒီနှစ် ၀ါဆိုသင်္ကန်း လှူဒါန်းပြီးသွားသည့်အခါ၌လည်း နောက်နှစ်တွင် ၀ါဆိုသင်္ကန်းထပ်၍ လှူဒါန်းဦးမည်ဟု စိတ်တွင်ဖြစ်ပေါ်နေကြသည်။ မိမိတို့ လှူဒါန်းလိုက်သော ဤ၀ါဆိုသင်္ကန်းတို့ကို ရရှိသွားကြသော သံဃာတော်တို့သည်လည်း ၀ါပထက် ၀ါတွင်းတွင် စာပေကျမ်းဂန် ပရိယတ္တိ သင်ကြားနေတဲ့ ရဟန်းတို့သည်က တစ်ကျမ်းတစ်ဖွဲ့ကုန်အောင် တတ်မြောက်အောင် ကြိုးစား၍ သင်ကြားလေ့လာကြကုန်၏။ ၀ိပဿနာတရား အားထုတ်သည့် ရဟန်းတို့သည်လည်း ရည်မှန်းချက်အတိုင်း သမာဓိဉာဏ်ထူး၊ တရားထူး၊ တရားမြတ်တို့ တွေ့အောင် ကြိုးစားအားထုတ်ကြရပေသည်။ မိမိတို့ လှူဒါန်းလိုက်သော ဤ၀ါဆိုသင်္ကန်းလေးတွေကို ၀တ်ရုံကာ ပရိပတ္တိ စာပေကျမ်းဂန်များကြိုးကြိုးစားစား သင်ကြားလေ့လာ မှတ်သားကြနေသည်။ ၀ိပဿနာတရားတို့ကို ကြိုးကြိုးစားစား အားထုတ်နေကြရလေသည်ဟု အလှူရှင်များစိတ်တွင် တွေးမိလိုက်တိုင်း ကုသိုလ်စိတ်တွေ အမြဲမပြတ် ဖြစ်ပေါ်နေသည်မှာ နိဗဒ္ဓ ကုသိုလ်ဖြစ်တယ်။
၆) သောက်ရေကန် နိဗဒ္ဓကုသိုလ် ဖြစ်ပုံ
မိမိတို့ လှူဒါန်းလိုက်သော သောက်ရေကန်၊ စက်ရေတွင်း၊ ရေအိုးစဉ်၊ ရေသန့်စက် စသည်တို့၌ အရပ်လေးမျက်နှာမှ လာကြကုန်သော ဆရာတော်၊ သံဃာတော်မြတ်၊ ရဟန်းရှင်လူ၊ ယောဂီသူတော်စင်၊ ပြည်သူအပေါင်းတို့သည် ရေသောက်သုံးကြသည်။ ထိုသို့ ဆရာတော် သံဃာတော်အရှင်မြတ် ရဟန်းတို့ သောက်သုံးတိုင်း၊ ယောဂီသူတော်စင်တို့ သောက်သုံးလေတိုင်း၊ ပြည်သူအများ သောက်သုံးလေတိုင်း သောက်ရေကန်၊ စက်ရေတွင်း၊ ရေအိုးစဉ်၊ ရေသန့်စက် တို့ကို လှူဒါန်းကြကုန်သော အလှူရှင်အပေါင်းတို့က ဆရာတော်အရှင်သူမြတ် ရဟန်းအပေါင်းတို့ သောက်သုံးကြကုန်သည်။ ယောဂီသူတော်စင်တို့ သောက်သုံးကြကုန်သည်။ အများပြည်သူတို့ သောက်သုံးကြကုန်သည် ဟု စိတ်တွင်သတိရတိုင်း ၀မ်းမြောက်ဝမ်းသာ ကုသိုလ်စိတ်တွေ အမြဲမပြတ် ဖြစ်နေကုန်၍ နိဗဒ္ဓ ကုသိုလ်ဖြစ်တယ်။
၇) ကျောင်းအလှူ နိဗဒ္ဓကုသိုလ် ဖြစ်ပုံ
မိမိတို့ လှူဒါန်းထားသည့်ကျောင်းသည် ပရိယတ္တိ စာပေကျမ်းဂန် သင်အံလေ့လာရန်အတွက် လှူဒါန်းထားသော ပရိယတ္တိကျောင်းဖြစ်လျှင် ဆရာတော် သံဃာတော်များ ဤကျောင်းထဲ၌ စာပေကျမ်းဂန်များ သင်အံတိုင်း၊ လေ့လာတိုင်း၊ ပို့ချတိုင်း ကျောင်းအလှူရှင်များက ဆက်သွယ်ပြီး ကုသိုလ်တွေ ရနေကြပေတယ်။
မိမိတို့ လှူဒါန်းထားသည့်ကျောင်းသည် ပဋ္ဋိပတ္တိ ၀ိပဿနာကျောင်းဖြစ်လျှင် ဆရာတော် သံဃာတော်များ ယောဂီများသည် အမှတ်သတိဖြင့် ၀င်တိုင်းဝင်တိုင်း ထွက်တိုင်းထွက်တိုင်း၊ တရားထိုင်၍ ရှုမှတိုင်း ရှုမှတ်တိုင်း။ ကျောင်းအလှူရှင်များက ဆက်သွယ်ပြီး ကုသိုလ်တွေ ရနေကြပေတယ်။
မိမိတို့ လှူဒါန်းထားသည့်ကျောင်း၌ ဆရာတော် အရှင်သူမြတ်များ စာပေကျမ်းဂန်များ သင်အံ၊ လေ့လာ၊ ပို့ချနေသည်။ ဆရာတော် အရှင်သူမြတ်များ ယောဂီများသည် ၀ိပဿနာတရားတော်များကို ကျင့်ကြံ ပွားများနေပြီး ၀င်တိုင်း ထွက်တိုင်း လှုပ်ရှားမှု အထွေထွေတိုင်းကို အမှတ်သတိဖြင့် နေထိုင်ကြကုန်သည် စသည်ဖြင့် သတိရလေတိုင်း သတိရလေတိုင်း ၀မ်းမြောက်ဝမ်းသာ ကုသိုလ်စိတ်တွေ ဖြစ်ပေါ်နေကြခြင်းသည် နိဗဒ္ဓ ကုသိုလ်ဖြစ်တယ်။
အထက်ပါ နိဗဒ္ဓကုသိုလ်တွေရှိတဲ့ ပုဂ္ဂိုလ်များဟာ ယခုဘ၀မှာ အကြောင်းမညီညွတ်လို့ သောတာပန်ဖြစ်အောင် မကျင့်နိုင်ငြားသော်လည်း သောတာပန်နှင့်အလားတူ ဒုတိယဘ၀ (နောက်ဘ၀) စသည်မှာ အပါယ်ငရဲသို့ မကျရောက်နိုင်ဘူးလို့ မြတ်စွာဘုရား၏ အလိုတော်ကို သိတော်မှုကြသည့် အဋ္ဌကထာဆရာများက ဖွင့်ပြထားပါတယ်။
သို့သော်လည်း နောက်ထပ် တတိယဘ၀၊ စတုတ္ထဘ၀၊ ပဉ္စမဘ၀ စသည်တို့၌ အပယ်ငရဲသို့ မကျရောက်နိုင်ဖို့ရာမှာ သိပ်တော့ မသေချာလှပေ။ စိတ်တော့မချရပေ။ သို့ဖြစ်ပါ၍ စိတ်ချရသည့် သတိပဋ္ဌာန် ၀ိပဿနာတရားကိုလည်း အားထုတ်ကြရပေမည်။ ဤသတိပဋ္ဌာန် ၀ိပဿနာတရားသည်သာ လူသားတိုင်း အတွက် အားထားရာ အားကိုးရာ စိတ်ချရသော ရတနာ အစစ်အမှန်ပင်ဖြစ်ပေသည်။ အကြောင်းညီညွတ်သောအခါ ယခုဘ၀ကစ၍ အပြီးတိုင် အပါယ်တံခါး ပိတ်သွားနိုင်ပေတယ်။ နောင်ဘယ်သောအခါမှ အပါယ်သံသရာသို့ ပြန်မရောက်ရသည့် အဖြစ်မျိုးကို ရရှိသွားနိုင်တယ်လို့ မြတ်စွာဘုရား တရားကြေညာချက်အနေနှင့် ဟောကြားတော်မူခဲ့ပါသည်။
မဟာစည်နာယက အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ အဘိဓဇ မဟာရဋ္ဌဂုရု၊ သဒ္ဓမ္မရံသီ ရိပ်သာဆရာတော် အရှင်ကုဏ္ဍလာ ဘိဝံသ ဟောကြားတော်မူတော် နိဗဒ္ဓကုသိုလ် (၇) မျိုးတရားတော်ကို ကိုးကားဖော်ပြထားပါသည်။
Read more...


















































