ပိန်တယ်လို့ ရှုမှတ်လိုက်တဲ့အခါမှာလည်း ရှုမှတ်ပြီးတာနဲ့ ပိန်တာလေးက မရှိတော့ပေဘူး။ ဖောင်းတယ်လို့ ရှုမှတ်ရတာ အသစ်လား .. အဟောင်းလား ... အသစ်ပဲ ဖြစ်တယ်။ ကုန်ပျက်တဲ့ဘက်ကို စိတ်ကို ညွတ်ထားရမယ်ဆိုတာ ကုန်ပျက်တာတွေကို မမြင်သေးပဲနဲ့ 'ကုန်တယ်၊ ပျက်တယ်' 'ကုန်တယ်၊ ပျက်တယ်'လို့ မရှုမှတ်ရပေဘူး။ အဲဒီလို ရှုမှတ်လို့ရှိရင် ပိုနှေးသွားလိမ့်မယ်။
သူ့ရှုမြဲတိုင်းပဲ 'ဖောင်းတယ်၊ ပိန်တယ်၊ ထိုင်တယ်၊ ထိတယ်၊ ကြွတယ်၊ လှမ်းတယ်၊ ချတယ်'လို့ မရှုမှတ်ရပါဘူးလား ... ရှုမှတ်ရပါတယ်။ စိတ်ကိုတော့ ကုန်ပျက်တဲ့ဘက်ကို ညွတ်ထားရပေတယ်။ အလေးပြုထားရပေတယ်။ မိမိရဲ့ သမာဓိဉာဏ်တွေ အားနည်းနေသေးလို့ မမြင်သေးတာပဲ။ တကယ်စင်စစ်တော့ ကုန်ပျက်နေတာပဲလို့ ကုန်ပျက်တာတွေကို မြင်နိုင်လောက်အောင် စိတ်ကို အလေးပြုထားတော့ သမာဓိ ပိုဖြစ်ပေတယ်။
သမာဓိဖြစ်လာလို့ သမာဓိတွေ အားကောင်းလာတဲ့အခါ ဝိပဿနာဉာဏ် ဖြစ်လာပေတယ်။ ဝိပဿနာဉာဏ် ဖြစ်လာ၍ ဣနြေ္ဒ ၅-ပါး ညီသွားတဲ့အခါ ကုန်ပျက်တာလေးတွေ အသင့်အတင့် တွေ့လာတတ်ပါတယ်။ ကုန်ပျက်တဲ့ ဉာဏ်အဆင့်တော့ မရောက်သေးသော်လည်း ကုန်ပျက်တာလေးတွေကို ဣနြေ္ဒ ၅-ပါး ထက်သန်ညီမျှတဲ့အခါ တစ်ခါတစ်ရံ တွေ့လာတတ်ပါတယ်။
'ဖောင်းတယ်၊ ပိန်တယ်'လို့ ရှုမှတ်လိုက်တဲ့အခါ ဖောင်းတဲ့အမူအရာလေးဟာ ပိန်တဲ့ဆီကို လိုက်မပါလာပေဘူး။ ပြတ်ကျန်နေသကဲ့သို့၊ ပျက်ကျန်နေခဲ့သလို၊ ပိန်တဲ့ အမူအရာလည်း ဖောင်းတဲ့ဆီကို ပြန်လိုက်မပါလာပေဘူး။ ပျက်ပြီး ကျန်နေခဲ့သလို စိတ်ထဲဉာဏ်ထဲမှာ တစ်ခါတစ်ရံ ထင်ထင်လာတတ်ပေတယ်။
'ကြွတယ်၊ လှမ်းတယ်၊ ချတယ်'လို့ မှတ်တဲ့အခါမှာလည်း ကြွတဲ့အမူအရာလေးတွေဟာ လှမ်းတဲ့အမူအရာသို့ လိုက်မပါလာပေဘူး။ နောက်မှာ အရိပ်လေးတွေလိုပဲ ကျန်နေခဲ့တယ်။ လှမ်းတဲ့ အမူအရာတွေဟာလည်း ချတဲ့ အမူအရာနောက်သို့ လိုက်မပါလာပေဘူး။ နောက်မှာ အရိပ်လေးတွေလိုပဲ ကျန်နေခဲ့တယ်။ နင်းချလိုက်တဲ့ အမူအရာကလည်း ကြွတဲ့ အမူအရာသို့ လိုက်မပါလာပေဘူး။ နောက်မှာ အရိပ်လေးတွေလိုပဲ ကျန်နေခဲ့သလို ယောဂီရဲ့ ဉာဏ်ထဲမှာ တစ်ခါတစ်ခါ ထင်ထင်လာပေတယ်။
ဉာဏ်ထဲမှာ ထင်ထင်လာတဲ့အတိုင်း တရားလျှောက်တဲ့အခါ ယောဂီက ထည့်လျှောက်တယ်။ "အရိပ်လေးတွေလို ကျန်ကျန်နေခဲ့တယ်ဘုရား၊ ကုန်ပျက် ကုန်ပျက်တဲ့ သဘောလေး တစ်ခါတစ်ရံ တွေ့ရတယ်ဘုရား။ အဲဒါ ဟုတ်မှ ဟုတ်ပါရဲ့လားဘုရား" "ဘယ့်နှယ် မဟုတ်ပဲ ဖြစ်ရမလဲ။ ယောဂီကိုယ်တိုင် တွေ့နေရတာပဲ"။ အမှန်အတိုင်း တွေ့ရတာဖြစ်တယ်။
သမာဓိဉာဏ်က အားနည်းနေသေးလို့ ထင်ထင်ရှားရှား မတွေ့ရသေးတဲ့အတွက်ကြောင့် "စိတ်ထဲက ထင်လို့ ဖြစ်ပါလိမ့်မယ်။ တစ်ကယ်ကုန်ပျက်တာတော့ ဟုတ်မယ်မထင်ပါဘူး"လို့ မကုန်ပျက်တဲ့ဘက်ကလည်း စိတ်ကို ပြန်ပြန်ပြီး တင်းမိတတ်တယ်။ အဲဒီလိုလည်း မတင်းမိစေရပေဘူး။ "ကုန်ပျက်တာတွေကို အသင့်အတင့် တွေ့သိလာပြီ။ နောင်တော့ တစ်ကယ်တမ်း ကုန်ပျက်တာတွေ မြင်ရတော့မှာပဲ"ဟု ကုန်ပျက်တဲ့ဘက်သို့ပဲ စိတ်ကို ညွတ်ပြီးတော့ ရှုမှတ်ပေးရမယ်။
ညွတ်၍ ရှုပါများတော့ သမာဓိဉာဏ်တွေ အားကောင်းလာပြီး ဘင်္ဂဉာဏ်သို့ ရောက်သွားတဲ့အခါ ကုန်ပျက်တာတွေကို ပကတိသော မျက်စိဖြင့် မြင်ရသလို ထင်ထင်ရှားရှားတွေ့ကြပါတယ်။ ဖောင်းတယ်လို့ မှတ်လိုက်ရင် ဖောင်းတဲ့ အမူအရာလေး ရိပ်ခနဲ ရိပ်ခနဲ ကုန်ပျက်သွားတာ၊ ပိန်တယ်လို့ မှတ်လိုက်ရင်လည်း ပိန်တဲ့ အမူအရာလေး ရိပ်ခနဲ ရိပ်ခနဲ ကုန်ပျက်သွားတာ။ 'ကြွတယ်၊ လှမ်းတယ်၊ ချတယ်'လို့ မှတ်တဲ့အခါမှာလည်း ကြွတဲ့ လှမ်းတဲ့ ချတဲ့ အမူအရလေးတွေ ရိပ်ခနဲ ရိပ်ခနဲ ကုန်ပျက်သွားတာကို သမာဓိဉာဏ် အခြေခံ ရင့်ကျက်လာတဲ့ ယောဂီများ ကိုယ်တိုင် မတွေ့ရပါဘူးလား ... တွေ့ရပေတယ်။
ကုန်ပျက်သွားတာ မြင်ရတော့ မမြဲဘူးဆိုတာလည်း မသိနေပါဘူးလား ... သိနေပါတယ်။ နောက်သမာဓိဉာဏ်တစ်ဆင့် ရင့်ကျက်အားရှိ ထက်သန်လာတဲ့အခါ မှတ်စရာအာရုံသာ ကုန်ပျက် ကုန်ပျက်သွားတာ မဟုတ်ဘူး၊ မှတ်သိစိတ်ပါ ကုန်ပျက် ကုန်ပျက်သွားတာကို တစ်ဆင့် မြင်ကြပြန်ပါတယ်။ တချို့တချို့ ယောဂီများက တော်တော့ကို ဉာဏ်ထက်တာပဲ။ (၁၀)ရက်လောက်အတွင်းမှာပဲ အဲဒီလို ကုန်ပျက်တာကို မြင်ကြတယ်။
ဖောင်းတယ်လို့ မှတ်လိုက်ရင် ဖောင်းတဲ့ အမူအရာလေး ရိပ်ခနဲ ရိပ်ခနဲ ကုန်ပျက်သွားတာ၊ မှတ်သိစိတ်ပါ လိုက်ပြီး ကုန်ပျက်သွားတာ။ ပိန်တယ်လို့ မှတ်လိုက်ရင် ပိန်တဲ့ အမူအရာလေး ရိပ်ခနဲ ရိပ်ခနဲ ကုန်ပျက်သွားတာ၊ မှတ်သိစိတ်ပါ လိုက်ပြီး ကုန်ပျက်သွားတာကို မြင်ကြတယ်။ 'ကြွတယ်၊ လှမ်းတယ်၊ ချတယ်။'လို့ မှတ်နေတဲ့အခါမှာလည်း ကြွတယ်လို့ မှတ်လိုက်တဲ့အခါ ကြွတဲ့ အမူအရာလေး ရိပ်ခနဲ ရိပ်ခနဲ ကုန်ပျက်သွားတာ၊ မှတ်သိစိတ်ပါ လိုက်ပြီး ကုန်ပျက်သွားတာ။ လှမ်းတယ်လို့ မှတ်တဲ့အခါ လှမ်းတဲ့ အမူအရာလေး ရိပ်ခနဲ ရိပ်ခနဲ ကုန်ပျက်သွားတာ၊ မှတ်သိစိတ်ပါ လိုက်ပြီး ကုန်ပျက်သွားတာ။ ချတယ်လို့ မှတ်တဲ့အခါ ချတဲ့ အမူအရာလေး ရိပ်ခနဲ ရိပ်ခနဲ ကုန်ပျက်သွားတာ၊ မှတ်သိစိတ်ပါ လိုက်ပြီး ကုန်ပျက်သွားတာ ကို မြင်ကြပေတယ်။
အဲဒီလို ကုန်ပျက်တာတွေကို မြင်တဲ့အခါ မှတ်စရာအာရုံ ရုပ်တရားတွေလည်း မမြဲဘူး။ မှတ်သိစိတ် နာမ်တရားလည်း မမြဲဘူးလို့ မသိသွားပါဘူးလား ... သိသွားပါတယ်။ မမြဲဘူးဆိုတာ မြန်မာလို ဖြစ်တယ်။ ပါဠိလိုကျတော့ .. အနိစ္စပါ။ ကုန်ပျက်တာတွေ လျှင်မြန်အားကြီးတော့ နှိက်စပ်နေသလို ဖြစ်၍ ဆင်းရဲပါလား..။ ဆင်းရဲဆိုတာ မြန်မာလို ဖြစ်တယ်။ ပါဠိလိုကျတော့ ... ဒုက္ခပါ။ ဒီလို ကုန်ပျက် နှိပ်စက်နေတဲ့ ဆင်းရဲတွေကို ဘယ်လိုများ ကာကွယ်လို့ ရပါ့မလဲ၊ ဘယ်လိုမှ ကာကွယ်လို့ မရဘူး၊ သူ့သဘောအတိုင်း ကုန်ပျက် နှိပ်စက်နေတာပဲ ကိုယ်အစိုးမရပါလား...။ ကိုယ်အစိုးမရပါလားဆိုတာ မြန်မာလို ဖြစ်တယ်။ ပါဠိလိုကျတော့ .. အနတ္တပါ။ အနိစ္စ ဒုက္ခ အနတ္တတွေ ကိုယ်တိုင်တွေ့ကြရပေတယ်။
ငယ်ရွယ်စဉ်အခါကတည်းက လူကြီးသူမတွေ ပြောလို့ ကြားခဲ့ရတဲ့ အနိစ္စ ဒုက္ခ အနတ္တတွေ ကိုယ့်ခန္ဓာကိုယ်ထဲမှာ ကိုယ်တိုင်တွေ့ရတော့ ဝမ်းမြောက်ဝမ်းသာစရာ မကောင်းပါဘူးလား... ဝမ်းမြောက်ဝမ်းသာဖြစ်စရာ ကောင်းပါတယ်။ တစ်ချို့တော့ ဝမ်းမြောက်ဝမ်းသာဖြစ်လို့ ပီတိတွေဖြစ်လို့ ရှုတောင် မရှုနိုင်တော့ဘူး။ အနိစ္စ ဒုက္ခ အနတ္တတွေ မြင်ပြီး ဝမ်းမြောက်ဝမ်းသာတွေ ဖြစ်နေတာ နေရာကျပါတယ်။ ဒီပီတိကလည်း တရားရဖို့ ကျေးဇူးပြုနေပေတယ်။ ကုန်ပျက် ကုန်ပျက်တဲ့ဘက်ကို စိတ်ကို ညွတ်ပြီး ရှုမှတ်လိုက်တဲ့အခါ ကုန်ပျက်တာတွေ မြင်သွားတော့ အနိစ္စ မမြင်သွားပါဘူးလား ... အနိစ္စ မြင်သွားပါတယ်။ အနိစ္စမြင်သွားတော့ ဒုက္ခလည်း ထင်တော့တာပါပဲ။ ဒုက္ခထင်တော့ အနတ္တလည်း မြင်တော့တာပါပဲ။ လက္ခဏာစစ် တစ်ခုမြင်သွားလို့ရှိရင် သုံးပါးလုံးပင် မြင်သွားပေတယ်။
ဆောင်ပုဒ်။ ။ လက္ခဏာစစ်တွင်၊ တစ်ခုမြင်၊ အကုန်ပင် သိတော့သည်။
ကုန်ပျက်တဲ့ဘက်ကို စိတ်ကိုညွတ်ပြီး ရှုလိုက်လို့ ကုန်ပျက်တဲ့ မမြဲတဲ့ အနိစ္စ လက္ခဏာစစ်ကို မြင်လိုက်တာနဲ့ တစ်ပြိုင်နက်တည်း ဒုက္ခလက္ခဏာကိုလည်း မြင်တယ်။ အနတ္တလက္ခဏာကိုလည်း မြင်တယ်ဆိုတဲ့ အဓိပ္ပါယ် ဖြစ်ပေတယ်။ ကုန်ပျက်တဲ့ဘက်ကို စိတ်ကို ညွတ်ပြီး ရှုတဲ့အခါ တကယ်တမ်း ကုန်ပျက်တာတွေ မြင်နိုင်လောက်အောင် ရိုရိုသေသေ စူးစူးစိုက်စိုက် ရှုမှတ်ရမယ်။
ရိုရိုသေသေဆိုတာ ကိုယ်အမူအရာလေးတွေကို သိမ်သိမ်မွေ့မွေ့ နူးနူးညံ့ညံ့ ပြုလုပ်တာ ဖြစ်တယ်။ ဖောင်းတာ ပိန်တာကို မှတ်တဲ့အခါ မှန်မှန်လေး ရှူတာကို ရိုရိုသေသေပဲ ဖြစ်တယ်။ စူးစူးစိုက်စိုက်ဆိုတာကတော့ ပစ္စုပ္ပန်လည်း တည့်အောင် ပရမတ်ကိုလည်း သိအောင် စူးစိုက်ရတယ်။ ဖောင်းတယ်လို့ မှတ်တဲ့အခါ အဆင့်ဆင့် ဖောင်းတက်လာတဲ့ အစဉ်လေး သန္တတိ ပစ္စုပ္ပန်ကို တည့်နိုင်သမျှ တည့်အောင်၊ မီနိုင်သမျှ မီအောင် စူးစိုက်ရပါတယ်။ ဝမ်းဗိုက် ပုံသဏ္ဌာန် ပညတ်ကြီးကိုတော့ ခွာနိုင်သမျှ ခွာရပါတယ်။
ပိန်တယ်လို့ မှတ်တဲ့အခါမှာလည်း ဒီအတိုင်းပဲ။ အဆင့်ဆင့် လျော့ကျသွားတဲ့ အစဉ်လေး သန္တတိ ပစ္စုပ္ပန်ကို တည့်နိုင်သမျှ တည့်အောင်၊ မီနိုင်သမျှ မီအောင် စူးစိုက်ရပါတယ်။ ဝမ်းဗိုက် ပုံသဏ္ဌာန် ပညတ်ကြီးကိုတော့ ခွာနိုင်သမျှ ခွာရပါတယ်။ ဝိပဿနာတရား ရှုမှတ်တဲ့အခါမှာ ပစ္စုပ္ပန်လည်း တည့်အောင်၊ ပရမတ်ကိုလည်း သိအောင် စူးစိုက်ဖို့ရာတို့သည် အရေးကြီးတဲ့ အချက်တွေပင် ဖြစ်ပေတယ်။ ပစ္စုပ္ပန်တည့်တည့်ကလေးမှာမှ တရားသဘောတွေက ရှိပါတယ်။
ဒီတရားသဘောတွေကိုလည်း ပညတ် ပုံသဏ္ဌာန်တွေ ရှုမှတ်နေလို့လည်း မတွေ့နိုင်ပေဘူး။ ပုံသဏ္ဌာန်ဒြပ်တွေကို ခွာပြီး သဘောတရားတွေကို ရှုနိုင်မှသာ သဘောတွေကို ထင်ထင်ရှားရှား တွေ့ရပေတယ်။
ဆောင်ပုဒ်။ ။ ပညတ်ကိုခွာ၊ ပရမတ်သာ၊ မှန်စွာရှုရမည်။
ဝိပဿနာစစ်စစ်ဖြစ်ချင်လို့ရှိရင် ပညတ် ပုံသဏ္ဌာန်ဒြပ်တွေကို ခွာနိုင်သမျှ ခွာရပါမယ်။ ရှုတဲ့အခါမှာလည်း ကုန်တဲ့ ပျက်တဲ့ဘက်ကို စိတ်ကို ညွတ်ပြီး ရှုရပေမယ်။ ဝိပဿာနာစစ်စစ်ဖြစ်အောင် ဘယ်လိုများ ရှုရပါမလဲလို့ မေးရင် ပညတ်ပုံသဏ္ဌာန်ဒြပ်တွေကို ခွာနိုင်သမျှခွာ၊ ပရမတ် သဘောတရားတွေကို သိနိုင်သမျှ သိအောင် စူးစိုက်ပြီး ကုန်ပျက်တဲ့ဘက်ကနေပြီးတော့ ရှုမှတ်ရမယ်လို့ ပြောပြရပေမယ်။
သမထဆိုကတော့ ရှုတဲ့အခါမှာလည်း မြဲတဲ့ဘက်ကနေ ရှုရတယ်။ အာရုံကလည်း ပညတ်အာရုံကိုပဲ ရှုရတယ်။ ပထဝီကသိုဏ်းဆိုရင် မြေကွက်ကလေး စကောလောက်၊ ဘန်းလောက်ပြုလုပ်ပြီး ဒီမြေကွက်ကလေးကို ပကတိသော မျက်စိနှင့် မြင်အောင် ကြည့်ထားရတယ်။ မမှိတ်သော မျက်စိနှင့် ကြည့်နိုင်ရင် ပိုကောင်းတယ်။ စိတ်ကလည်း ဒီမြေကွက်ကလေးကို အမြဲတမ်း စိတ်ထဲမှာ ထင်နေရအောင် နှလုံးသွင်းပြီးတော့ (မြေ မြေ၊ ပထဝီ ပထဝီ)လို့ ရှုရတယ်။
စိတ်ထဲမှာ အမြဲတမ်း ထင်အောင်ရှုရတယ်။ မြဲတဲ့ဘက်က မရှုရပါဘူးလား ... မြဲတဲ့ဘက်က ရှုရပါတယ်။ အာရုံကလည်း ပညတ်အာရုံပဲ ဖြစ်ပေတယ်။ ရှုတဲ့အခါမှာလည်း မြဲတဲ့ဘက်ကနေ၍ ရှုရတယ်။ နောက်သမာဓိဖြစ်လာတဲ့အခါ မျက်စိမှိတ်လိုက်သော်လည်း ဒီမြေကွက်ကလေးဟာ စိတ်အာရုံထဲမှာ ပကတိသော မျက်စိဖြင့် မြင်ရတဲ့ မြေကွက်လေးလိုပဲ အမြဲထင်နေတယ်ဆိုရင် ဥဂ္ဂဟနိမိတ်လို့ ဆိုရပေတယ်။
နောက်တစ်ဆင့်တက် ရှုမှတ်လို့ သမာဓိအားရှိလာတဲ့အခါ ပကတိသော မြေကွက်ထက် ပိုပြီး ကြည်လင်တောက်ပတဲ့ မြေကွက်ကလေး စိတ်ထဲမှာ ထင်လာတယ်။ မြဲအောင် မရှုရပါဘူးလား... မြဲအောင် ရှုရပါတယ်။ အာရုံကလည်း ပညတ်အာရုံပဲ ဖြစ်ပေတယ်။ ရှုတဲ့အခါလည်း မြဲအောင်ပဲ ရှုရတယ်။ အဲဒါ သမထပါ။ ဝိပဿနာယောဂီဆိုတော့ သမထလည်း သိထားရပေတယ်။
သမထဘာဝနာနှင့် ဝိပဿနာဘာဝနာထူးပုံ
ဆောင်ပုဒ်။ ။
ပညတ်အာရုံ၊ မြဲနေပုံ၊ ရှုတုံ သမထမည်။အာရုံကလည်း ပညတ်အာရုံ၊ ရှုတဲ့အခါမှာလည်း မြဲတဲ့ဘက်ကနေ ရှုရတာ သမထပဲ ဖြစ်ပေတယ်။ ဝိပဿနာကတော့ အာရုံကလည်း ပရမတ်အာရုံ၊ ရှုတဲ့အခါမှာလည်း မမြဲတဲ့ဘက်ကနေ ရှုရတယ်။ ပရမတ် အာရုံသဘောလေးမျှကို ရှုမှတ်ရပါတယ်။
ဆောင်ပုဒ်။ ။
ပရမတ်အာရုံ၊ မမြဲပုံ၊ ရှုတုံ ဝိပဿ်မည်။သမထနဲ့ ဝိပဿနာ ကွဲပြားသွားကြပေပြီ ဖြစ်တယ်။ ဝိပဿနာတရားစစ်စစ် ရှုတတ်ဖို့ အရေးကြီးပါတယ်။ တစ်ချို့ တချို့ စာပေကျမ်းဂန်နယ်က ပရိယတ္တိသမားတွေက ပဋိပတ္တိသမားတွေကို မကြာခဏ လေ့လာကြပါတယ်။ အဲဒီမှာ ရှင်းရှင်း ပြောပြနိုင်ရအောင် သူတို့လည်း သဘောကျပြီး အားထုတ်နိုင်ရအောင် ဝိပဿနာနဲ့ သမထကို ကွဲပြားအောင် သိထားကြရပေတယ်။
တချို့ပုဂ္ဂိုလ်များက ပရိယတ္တိလောက်သာ အားသန်ပြီး ပဋိပတ္တိဉာဏ်က မရှိတော့ သဘောမပေါက်ကြပေဘူး။ ယောဂီတစ်ဦး ငယ်ရွယ်စဉ်က ဆရာဖြစ်ခဲ့ဖူးသည့် ဆရာကြီးတစ်ဦးက "သင်တို့ ဖောင်းတယ် ပိန်တယ် ထိုင်တယ် ထိတယ်လို့ ရှုမှတ်နေတာ သမထလည်း မဟုတ်ဘူး၊ ဝိပဿနာလည်း မဟုတ်ဘူး၊ မဟုတ်တာတွေ ရှုနေကြတယ်"ဟု ပြောလိုက်သောကြောင့် ယောဂီမှာ သံသယတွေဖြစ်ပြီး စိတ်မချမ်းမသာ ဖြစ်ရတာ ရှိခဲ့ဖူးပါတယ်။ အဲဒီလို မဖြစ်ရအောင် သမထနှင့် ဝိပဿနာ ကွဲပြားအောင် ရှုမှတ်ပုံများကို သိထားသင့်ပေတယ်။
ပရမတ်ကို ရှုရပုံမှာ ဖောင်းတယ်လို့ ရှုတဲ့အခါ တောင့်တင်း တွန်းကန်မှုကိုပဲ ရှုရပါတယ်။ ပိန်တယ်လို့ ရှုတဲ့အခါလည်း လျော့သွား လှုပ်သွားတဲ့ သဘောကိုပဲ ရှုရပါတယ်။
ဆောင်ပုဒ်။ ။
ထောက်ကန် တောင့်တင်း၊ လျော့ခြင်းတစ်မည်၊ ဝါယောဓာတ်၊ ရှုမှတ် မြတ်ယောဂီ။ဝါယောဓာတ်ရဲ့ လက္ခဏာ ဖြစ်ပါတယ်။ ဖောင်းတဲ့အခါ ထောက်ကန်တာ၊ တောင့်တင်း တွန်းကန်တာ မထင်ရှားပါဘူးလား... ထင်ရှားပါတယ်။ ပိန်တဲ့အခါလည်း လျော့သွားတာ မထင်ရှားပါဘူးလား .. ထင်ရှားပါတယ်။ ပညတ်ကို ရှုတာလား .. ပရမတ်ကို ရှုတာလား ... ပရမတ်ကို ရှုတာပါ။ ရှုတဲ့အခါမှာလည်း မြဲတဲ့ဘက်ကရှုတာလား .. မမြဲတဲ့ဘက်က ရှုတာလား... မမြဲတဲ့ဘက်က ရှုတာပါ။ ဝိပဿနာစစ်စစ်ကို ရှုတာပါလို့ ပြန်ဖြေနိုင်ပါတယ်။
အမေးခံရတဲ့အခါမှာ အဲဒီ ယောဂီကတော့ မဖြေနိုင်ပေဘူး။ စိတ်တွေ ဂယောက်ခြောက်ခြားတွေ ဖြစ်သွားရပါတယ်။ ငယ်ရွယ်စဉ်အခါက ပရိယတ္တိ ဆရာသမားဖြစ်သူက ပြောလိုက်သည်မှာ "သင်တို့ဟာတွေက သမထလည်း မဟုတ်၊ ဝိပဿနာလည်း မဟုတ်ဘူး"လို့ ပြောလိုက်တော့ အို .. ခံရခက်လိုက်တာ။ ဝိပဿနာရှုတာ အကျိုးမရတော့ဘူးလို့ စိတ်ထဲမှာတောင် တော်တော်လေး သံသယတွေ ဖြစ်သွားပါတယ်တဲ့။ အဲဒီလို မဖြစ်ရအောင် ယောဂီများကတော့ သိထားရပါတယ်။
ဝိပဿနာစစ်စစ်ဆိုတာ ပရမတ်ကိုပဲ ရှုရပါတယ်။ ရှုတဲ့အခါမှာလည်း မမြဲတဲ့ဘက်ကဘဲ ရှုရပါတယ်လို့ပြောလို့ ရပါတယ်။ မမြဲတဲ့ဘက်၊ ကုန်ပျက်တဲ့ဘက်ကနေရှုတော့ မမြဲတဲ့ အနိစ္စ၊ ဆင်းရဲတဲ့ ဒုက္ခ၊ အစိုးမရတဲ့ အနတ္တတွေကို မြင်နိုင်ပါတယ်။
ဝိဝိဓေန အနိစ္စာဒိအာကာရေန ပဿတီတိ ဝိပဿနာ။ဝိဝိဓေန အနိစ္စာဒီအာကာရေန = အထူးထူး အပြားပြားသော အနိစ္စ အစရှိသော အခြင်းအရာအားဖြင့်၊
ပဿတိ = ရှုတတ်၏ ။
ဣတိတသ္မာ = ဤသို့ အထူးထူး အပြားပြားသော အနိစ္စအစရှိသော အခြင်းအရာအားဖြင့် ရှုရတဲ့အတွက်ကြောင့်၊
ဝိပဿနာ = ဝိပဿာနာ မည်၏ ။
အနိစ္စ ဒုက္ခ အနတ္တ အစရှိသော အခြင်းအရာအားဖြင့် အထူးထူး အပြားပြား ဖောင်းတယ် ပိန်တယ် ထိုင်တယ် ထိတယ် ကြွတယ် လှမ်းတယ် ချတယ်လို့ ရှုတာ ဝိပဿနာ ဖြစ်ပါတယ်။ ယုံမှားသံသယ မဖြစ်ပါနဲ့။ အဲဒီလို ဝိပဿာနာရှုလို့ ဘင်္ဂဉာဏ်သို့ ရောက်သွားတဲ့အခါ ကုန်ပျက်တာတွေ မြင်တဲ့အခါ ဒွါရ(၆)ပါးကနေ လှည့်ပြီး ရှုလို့ ရသွားတတ်ပါတယ်။ သမာဓိဉာဏ် အားကောင်းတဲ့ ပုဂ္ဂိုလ်တွေ မျက်စိကလည်း 'မြင်တယ်'လို့ ရှုမှတ်လို့ ရသွားပါတယ်။ နားကလည်း 'ကြားတယ်'လို့ ရှုမှတ်လို့ ရသွားပါတယ်။ အထူးသဖြင့် နားကရတဲ့ ပုဂ္ဂိုလ်တွေကတော့ များပါတယ်။ မျက်စိကရတဲ့ ပုဂ္ဂိုလ်က နည်းနည်း နည်းပေတယ်။ နှာခေါင်းက 'နံတယ်၊ နံတယ်'။ လျှာကလည်း 'စားတယ်၊ ဝါးတယ်'။ ကိုယ်ကတော့ ရပြီးသား ဖြစ်ပါတယ်။ စိတ်ကလည်း 'စိတ်ကူးတယ်၊ ကြံစည်တယ်'လို့ မှတ်လို့ ရသွားပေတယ်။
စွဲလမ်းစရာ အာရုံတွေကြောင့် စိတ်ကူးကြံစည်မှုလေးတွေ ဖြစ်လာတယ် ဆိုလို့ရှိရင် 'စိတ်ကူးတယ်၊ ကြံစည်တယ်'လို့ မှတ်လိုက်တဲ့အခါ စိတ်ကူးကြံစည်မှုလေးတွေ တစ်ချက်မှတ် တစ်ချက်ပျောက်၊ တစ်ချက်မှတ် တစ်ချက်ပျောက်သွားတာ သမာဓိဉာဏ် အားကောင်းတဲ့ ပုဂ္ဂိုလ်တွေ တွေ့ကြရတယ်။ နောက်သမာဓိဉာဏ်တွေ အားရှိလာတော့ မှတ်သိစိတ်ပါ လိုက်လိုက်ပြီး ကုန်ပျက်ကုန်ပျက်သွားတာ တွေ့ရပြန်တယ်။ ကုန်ပျက်တာ တွေ့ရတော့ မမြဲဘူးဆိုတာ သိသွားကြတယ်။ အနိစ္စ ဒုက္ခ အနတ္တဉာဏ်တွေ ဖြစ်သွားကြတယ်။
ကာယဒွါရကနေ၍ စပြီးထူထောင်လို့ ဘင်္ဂဉာဏ်သို့ ရောက်သွားတဲ့အခါ မျက်စိ နား နှာ လျှာ ကိုယ် စိတ်တည်းဟူသော ဒွါရ(၆)ပါးလုံးမှာ လှည့်လည်ပြီးတော့ ရှုမှတ်လို့ ရသွားပါတယ်။ ဒွါရ(၆)ပါးလုံး လုံခြုံသွားတာနဲ့ တစ်ပြိုင်နက်တည်း ယောဂီများ အလိုရှိအပ် တောင့်တအပ်တဲ့ တရားထူး တရားမြတ်များ ရသွားကြမှာ ဖြစ်ပေတယ်။
အာရမ္မဏ ၂(င)သို့
Read more...
ဒါကြောင့် ကမ္ဘာမြေကို ရောက်လာကြတဲ့ မွေးကင်းစကလေးဟာ ကမ္ဘာသစ်ရဲ့ မှတ်တမ်းကိုတင်မဲ့ ဗလာကျောက်သင်ပုန်းလေး တစ်ချပ် မဟုတ်ပါ။ ဘိုးဘေးပိုင် သမိုင်းတွေ ရေးမှတ်ထားတဲ့ သင်ပုန်းတစ်ချပ်ရယ်ပါ။ အချို့က ပစ္စုပ္ပန်က ရှုခင်းတွေကို သဘောကျမယ်။ အများစုကတော့ သဘောမကျဘဲ မကြာမတင်ခင်က အတိတ်ကို ပြန်လည်ခြေဆန့်ကြတာ ဖြစ်ပါတယ်။
လူဝင်စားခြင်းဟာ အရေးအကြီးဆုံး ကိစ္စဖြစ်သလို သာမန် အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးသူငယ် တွေအတွက် အလွန်သိမ်မွေ့ပြီး လက်လှမ်းမမီတဲ့ ကိစ္စလည်း ဖြစ်တယ်။ ရာဇ၀တ်မှု စာရင်းဇယားတွေအရ ပြစ်မှုစီရင်ခံရတဲ့ လူတွေထဲမှာ လူဝင်စားခြင်းကို ယုံကြည်သူက အခြားလူတွေထက် ပိုနည်းပါးတယ်လို့ သိရတယ်။ သိပ္ပံနည်းကျသာ လက်ခံကြပြီဆိုရင် လူဝင်စားခြင်းဟာ ၂၁ ရာစု လူ့အမှတ်အသားကို သတ်မှတ်တဲ့ လက်ဝါးကပ် တိုင်ကလေး ဖြစ်လို့နေလိမ့်မယ်။
xxx
ဖြစ်နိုင်ချေ နှစ်ခု ရှိပါတယ်။ လူဝင်စားခြင်းမရှိတာနဲ့ လူဝင်စားခြင်းရှိတာ ။ လူသားကို ရုပ်ပိုင်းနဲ့ နာမ်ပိုင်းဆိုပြီး ဖွဲ့စည်းထားတယ်။ ခန္ဓာကိုယ်ကြီးက ရုပ်ပိုင်း။ ဒါကို ကောင်းကောင်း နားလည်ကြတယ်။ ဒါဟာ ရှေးရိုးသိပ္ပံရဲ့ ရုပ်ပိုင်း(Res Extensa) ဆိုတာထဲမှာ ပါတယ်။ သိပ္ပံပညာရှင်တွေက ရုပ်ပိုင်းကို ကောင်းကောင်း စူးစမ်းထားကြတယ်။ နာမ်ပိုင်းကိုတော့ သိပ္ပံပညာရှင်တွေက မစူးစမ်းရသေးဘူး။ ဘာကြောင့်လည်းဆိုတော့ ဒါဟာ ရှေးရိုးသိပ္ပံရဲ့ နာမ်ပိုင်း (Res Cogitans) အတွင်းမှာ ရှိလို့ ဖြစ်တယ်။ ဆေးပညာမှာတောင်မှ စောစောပိုင်း ဆရာဝန်တွေဆိုရင် သာမန်ကာလျှံကာ ဖျားတာနာတာ လောက်ကိုတောင်မှ ရုပ်ဝတ္ထုတွေ ဖောက်ပြန်လို့ ဖြစ်ရတာလို့ ယုံကြည်ခဲ့ကြတာကလား။ အနောက်တိုင်း ဆေးပညာထဲက စိတ်ရောဂါ ဘာသာရပ်ဟာ မကြာခင်ကမှ ပေါ်လာခဲ့တာ ဖြစ်တယ်လေ။
လူဝင်စားခြင်းမရှိ (Fig3) ဆိုတဲ့ အဆိုမှာ သေခြင်းတရားဟာ တွင်းနက်ထဲက အတွေ့အကြုံ ဖြစ်ရပ် မျိုး ဖြစ်တယ်။ ဒီအတွေ့အကြုံ ဖြစ်ရပ်ကို ဖြတ်သန်းခြင်းဟာ တစ်လမ်းသွားသာလျှင် ဖြစ်ပြီး ဒါကို ဖြတ်သန်းပြီးတဲ့အခါ ဘာမှ ပြန်မဖြစ်နိုင်တော့ဘူး။ အလင်းရောင်တောင် ပြန်မဖြစ်နိုင်တော့ဘူး။ ဒီနေရာမှာ ရုပ်ခန္ဓာဟာ သေပြီးတဲ့နောက် ပြိုကွဲသွားတဲ့အခါ နာမ်တရားဟာ ဖျက်ဆီးခံရတယ်၊ သို့တည်းမဟုတ် လုံးဝမသိနားမလည်နိုင်တဲ့ အခြေအနေကို ရောက်သွားပြီး အဲဒီအတိုင်း ထာဝရတည်နေမယ်။ ဆိုလိုတာက လူတိုင်းဟာ မွေးဖွားတယ်၊ ဘ၀တစ်လျှောက်နေထိုင်တယ်၊ နောက်ဆုံးမှာ သေခြင်းအတွေ့အကြုံကို ကျော်လွှားရမယ်။ ပြန်မလာတော့မဲ့ အခြေအနေကို ရောက်သွားမယ်။
လူဝင်စားခြင်းရှိတယ်(Fig4) ဆိုတဲ့ အဆိုမှာ သေခြင်းတရားဟာ လမ်းဆုံးအတွေ့အကြုံ မဟုတ်တော့ဘူး။ ဘာကြောင့်လည်းဆိုတော့ ဒီနေရာမှာ ရုပ်ပိုင်းဖြစ်တဲ့ ခန္ဓာကိုယ်ကသာလျှင် ပျက်စီးသွားပြီး ပြန်မဖြစ်နိုင်တော့ပေမဲ့ နာမ်တရားကတော့ သိပ္ပံနည်းအရ မသိမမြင်နိုင်မဲ့ အခြေကို ဆိုက်ရောက်ပြီး အချိန်တစ်ခုကုန်ဆုံးတဲ့အခါ ပြန်လည် ဖြစ်ပေါ်လာမယ်။ သိပ္ပံနည်းအရ သိမြင်နိုင်မဲ့အခြေမှာတော့ သန္ဓေသားရဲ့ ကိုယ်ထဲကို ရောက်လာမယ်။ ဒါဟာ အီလက်အက်ထရွန်က အက်တမ်ပတ်လမ်းကနေ ပျောက်ကွယ်ပြီး ပတ်လမ်းနှစ်ခုကြား ကွက်လပ်ကို မဖြတ်ဘဲ အခြားတစ်နေရာမှာ ပြန်ပေါ်လာသလိုမျိုး ဖြစ်တယ်။ ဒီနေရာမှာ ခြားနားချက်က အီလက်ထရွန်ရဲ့ ပျောက်ကွယ်ခြင်းနဲ့ ပြန်ပေါ်ခြင်းမှာ အချိန်ခြားနားချက် မရှိတာပဲ။
အထက်ဖော်ပြပါ လူဝင်စားခြင်းဖြစ်စဉ်ရဲ့ ရှင်းလင်းချက်မှာ သိပ္ပံနည်းကျ လုပ်ငန်းစဉ်ရဲ့ အဆင့် a နဲ့ b ပါဝင်ပြီးသားဖြစ်တယ်။ နောက်လုပ်ငန်းစဉ် တစ်ဆင့်ကတော့ ဒီဖြစ်စဉ် တကယ်တည်ရှိတယ် ဆိုတာကို ဟောကိန်းထုတ်ထားနိုင်မဲ့ လေ့လာစူးစမ်းမှု တွေကို ရှာဖွေဖို့ပဲ။ လက်တွေ့စမ်းသပ် စစ်ဆေးနိုင်အောင် ကြောင်းကျိုးဆီလျော်တဲ့ လေ့လာစူးစမ်းမှုမျိုးပေါ့။
အတိတ်က ဖြစ်ရပ်တွေကို မှတ်မိနိုင်တဲ့ လူသားရဲ့ စွမ်းရည်ဟာ တစ်ဦးနဲ့တစ်ဦး အတော်လေး ကွာခြားပါတယ်။ အချို့ ပုဂ္ဂိုလ်တွေဟာ ကာလအကြာကြီးက ဖြစ်ရပ်တွေ အတွေ့အကြုံတွေကို မှတ်မိနိုင်တယ်။ အချို့ကတော့ ဒါတွေကို နှစ်အနည်းငယ် အတွင်းမှာ အလွယ်တကူ မေ့ကုန်တယ်။ အများစုကတော့ ထူးခြားတဲ့ ဖြစ်ရပ်တွေကို အပြည့်အစုံမှတ်မိကြတယ်။ ဥပမာအားဖြင့် ကာလကြာကြာဖြစ်ပွားတဲ့ ၀မ်းနည်းဖွယ် အဖြစ်အပျက်များ ကနေ သေခြင်းတရား အထိပေါ့။ အိပ်မွေ့ချလိုက်တဲ့ အခါမှာ လူတွေဟာ သူတို့ လုံးဝမေ့လျော့သွားပြီးတဲ့ ဖြစ်ရပ်တွေကို ပြန်လည်စုစည်းလာနိုင်တယ်။ အချို့ဟာ ကာလအဝေးကြီးက ဗဟုသုတတွေ အတွေ့အကြုံတွေကို ပြန်လည်မှတ်မိနိုင်ပြီး၊ ပြန်အသုံးပြုနိုင်တဲ့ ထူးခြားတဲ့ စွမ်းရည်လည်းရှိတယ်။
ဥပမာအားဖြင့် ကျွန်ုပ်နဲ့ အဆင့်မြင့်ရူပဗေဒ ဆွေးနွေးဖူးတဲ့ အကျွန်ုပ်ရဲ့ မိတ်ဆွေတစ်ဦး။ သူဟာ GCE (A level) စာမေးပွဲအတွက် အကြာကြီး လေ့လာနေတယ်။ အဲဒီအချိန်အတွင်း ဘာသိပ္ပံမှ သူမလုပ်ခဲ့ဘူး။ ဒီနောက် ဗဟိုဘဏ် ဗုံးပေါက်မှုဖြစ်တုန်း ထိခိုက်ဒဏ်ရာမှ လွတ်လာပြီး အဆင့်မြင့်ရူပဗေဒကို ဆွေးနွေးခဲ့တဲ့ မှတ်ဥာဏ်က ပြန်ပေါ်လာတယ်။ ဒါပေမဲ့ ရူပဗေဒကို မကြာမတင်ကမှ လေ့လာဖူးတဲ့ အခြားလူတွေ ကတော့ သူတို့ လေ့လာဖူးတာတွေ မေ့ကုန်တယ်။ ဘာကြောင့်လဲ။ ဘေးအန္တရာယ် ဖြစ်ခါနီးကာလမှာ သူတို့မှတ်ဥာဏ်ကို မသိမ်းဆည်းလိုက်နိုင်လို့ပဲ။ ကျွန်ုပ်မိတ်ဆွေဟာ ဗုံးကွဲတဲ့အလင်းရောင်ကို သူ့ပြတင်းဝကနေ မြင်လိုက်ရတာနဲ့ အဆင့်မြင့်ရူပေဗဒတွေကို သူ့စိတ်ထဲမှာ ရုတ်တရက် ပြန်သတိရခဲ့တယ်။ ပြီးမှ ဗုံးရဲ့ လှိုင်းတိုတွေ ၀င်လာတာ။ တစ်ချိန်ထဲမှာ လှိုင်းတွေက ပြတင်းမှန်ကို မခွဲပစ်မီ ကြမ်းပြင်ပေါ်ကို သူပစ်လဲသွားတာ ဖြစ်တယ်။
စောစောက သတ်မှတ်ထားတဲ့ လူဝင်စားခြင်းသာ အမှန်တကယ် ရှိတာ ဆိုရင် လူသားရဲ့ နာမ်တရားကလာတဲ့ အဆိုပါ စွမ်းရည်တွေဟာ မွေးဖွားခြင်းကို လွန်လို့ ပြီးခဲ့တဲ့ ဘ၀ကို ခြေဆန့်နိုင်ရမှာဖြစ်တယ်။ အဲဒီထက် စောစော ဘ၀တွေကိုလည်း ခြေဆန့်နိုင်ရမယ်။ အချို့ပုဂ္ဂိုလ်တွေမှာ အတိတ်ဘ၀ ဖြစ်ရပ်တွေကို မှတ်မိနိုင်တဲ့အစွမ်းရှိရမယ်။ အိပ်မွေ့ချ ခြင်းက ဒီစွမ်းရည်ကို အထောက်ကူ ပြုလိုက်မယ်။ အချို့ကတော့ သူတို့ရဲ့ အတိတ်ဘ၀တွေက ဗဟုသုတနဲ့ အတွေ့အကြုံတွေကို ပြန်လည်အသုံးပြုနိုင်ရမှာဖြစ်တယ်။
ဒီဟောကိန်းတွေနဲ့ ကျွန်ုပ်တို့ဟာ ဟောကိန်းထုတ်ထားတဲ့ လေ့လာစူးစမ်းမှုတွေကို ရှာဖွေရင်း သိပ္ပံနည်းကျ လုပ်ငန်းစဉ်ရဲ့ နောက်ဆုံးအဆင့်တွေကို သွားနိုင်တယ်။ လူဝင်စားခြင်းနဲ့ ဆက်စပ်တဲ့ အချက်အလက် အမြောက်အမြားကို ကမ္ဘာတလွှားက သုတေသီတွေဆီက စုစည်းရယူခဲ့တယ်။ အတိတ်ဘ၀တွေကို အလိုလို ပြန်လည်သတိရခြင်းတွေ၊ အတိတ်ဘ၀ကုထုံးတွေ၊ ကလေးပါရမီရှင်များ နဲ့ အတိတ်ဘ၀က ဗဟုသုတနဲ့ အတွေ့အကြုံတွေကို ပြန်လည်အသုံးပြုနိုင်စွမ်းရှိတဲ့ အခြားလူတွေဟာ သုတေသနပြုပြီး လေ့လာစူးစမ်းရမဲ့ ကဏ္ဍတွေ ဖြစ်တယ်။
လေ့လာစူးစမ်းမှုဟာ
(၁)အတိတ်ဘ၀ကိုအလိုလိုမှတ်မိနေခြင်း
(၂)အတိတ်ဘ၀ကုထုံး
(၃)ကလေးပါရမီရှင်များနဲ့ အတိတ်ဘ၀က ဗဟုသုတ အတွေ့အကြုံတွေကို ပြန်လည် အသုံးပြုနိုင်တဲ့ ပုဂ္ဂိုလ်များလို့ခွဲထားပြီးတော့ လုပ်ဆောင်မယ်။
ဒါဟာ လုပ်ငန်းစဉ် တတိယဆင့်မှာလုပ်တဲ့ ဟောကိန်းထုတ်ခြင်းဆိုတာ နဲ့ ကိုက်တယ်။
xxx