Monday, October 24, 2011
မဟာကာဠထေရ်၊ မဟဂ္ဂုတ်စိတ်များနှင့် ကိုယ့်ကိုကိုယ်သာ အားကိုးရာ

မဟာကာဠထေရ်သည် အသက်အရွယ်ကြီးမှ ရဟန်းဘဝသို့ ရောက်လာသူဖြစ်ရာ ရဟန်းတို့ ပြုကျင့်ရသော ဂန္ထဓုရ၊ ဝိပဿနာဓုရ နှစ်ပါးအနက်၊ ဝိပဿနာဓုရကို ကျင့်ကြံကြိုးကုတ်၊ အထူးသဖြင့် အသုဘကမ္မဋ္ဌာန်း စီးဖြန်း၊ ဝိပဿနာ ရှုပွားပြီး ပဋိသမ္ဘိဒါလေးပါးတို့နှင့်တကွ အရဟတ္တဖိုလ်သို့ ရောက်လေ၏။
မတင့်တယ် စက်ဆုပ်ရွံရှာဖွယ် အာရုံကို ရှုလျက်နေသော မဟာကာဠထေရ်အား မယားဟောင်းတို့က လူထွက်အောင် မဆွဲဆောင် မသိမ်းသွင်းနိုင်၊ လေပြေလေညင်းသည် ကျောက်တောင်ကြီးကို မလှဲဖျက်နိုင်သကဲ့သို့ ကိလေသာရန်တို့ မနှိပ်စက် မဖျက်ဆီးနိုင်ပုံကို မှတ်သား သင်ယူ လေ့လာကြရ၏။
မွန်းလွဲ ၄ နာရီခွဲမှ ၅ နာရီခွဲအထိ အရှင်ဝဏ္ဏိတက မဟဂ္ဂုတ်စိတ်များအကြောင်းကို သင်ကြား ပို့ချပေး၏။


ညနေ ၆ နာရီတွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်းသို့ ခေတ္တရောက်ရှိနေသော နယူးဂျာစီ မဟာစည်သတိပဋ္ဌာန်ရိပ်သာမှ အရှင်သောဘနက “ကိုယ့်ကိုကိုယ်သာ အားကိုးရာ တရားတော်”ဖြင့် ဓမ္မဒါနပြု ဟောကြား ချီးမြှင့်၏။

တရားပွဲပြီးသော် ၁၅ မိနစ်ခန့် တရားရှုမှတ် ပွားများကြပြီး ကောင်းမှုကုသိုလ်အစုစုတို့ကို အမျှပေးဝေကြလေသည်။
သာဓု ... သာဓု ... သာဓု။
မနာပ ဒါယီ စာကြည့်တိုက် အလှူတော် စာရင်းချုပ်
၁။ ဆရာတော် အရှင်ဝိစိတ္တ = ၃၀၀၀၀၀ (ဝမ် သုံးသိန်း)
၂။ ယုံရှင်းရွှေညီအစ်ကိုများ = ၄၀၀၀၀၀ (ဝမ် လေးသိန်း)
၃။ ဂျီလယန်းရွှေညီအစ်ကိုများ = ၂၀၀၀၀၀ (ဝမ် နှစ်သိန်း)
၎။ ဝဲဂွန်ရွှေညီအစ်ကိုများ = ၅၀၀၀၀ (ဝမ် ငါးသောင်း)
၅။ ကိုဖြိုးမောင်မောင်ထွန်း = ၃၀၀၀၀ (ဝမ် သုံးသောင်း)
၆။ ကိုသက်နိုင်+မသင်းသင်းဌေး = ၂၀၀၀၀၀ (ဝမ် နှစ်သိန်း)
၇။ ကိုကျော်စွာမင်း = ၁၀၀၀၀၀ (ဝမ် တစ်သိန်း)
၈။ ကိုကျော်သန်း = ၁၀၀၀၀၀ (ဝမ် တစ်သိန်း)
၉။ ကိုစိုးမြင့်အောင် + ဒေါက်တာ နီနီမာ = ၈၀၀၀၀ (ဝမ် ရှစ်သောင်း)
၁၀။ ကိုခင်မောင်ချင်း၊ ကိုဟန်ထွန်းမောင် = ၅၀၀၀၀ (ဝမ် ငါးသောင်း)
၁၁။ ကိုလှမျိုး + မယဉ်မင်းသိန်း = ၁၀၀၀၀၀ (ဝမ် တစ်သိန်း)
၁၂။ ဒါဆန်း၊ ဝဲဂွန်ရွှေညီအစ်ကိုများ = ၁၀၀၀၀၀ (ဝမ် တစ်သိန်း)
၁၃။ ကိုစည်သူ၊ ကိုဇော်သူ၊ ကိုမျိုးမြင့်ဦး၊ ကိုလှမြင့်စိုး = ၆၀၀၀၀၀ (ဝမ် ခြောက်သိန်း)
၁၄။ စိတ္တသုခကျောင်း ဒကာဒကာမများ = ၅၀၀၀၀၀ (ဝမ် ငါးသိန်း)
၁၅။ နှစ်ဖက်မိဘများ အမှူးထား၍ ကိုလင်းထိန်းဝင်း + မမေထက်ထက်လွင် = ၁၀၀၀၀၀ (ဝမ် တစ်သိန်း)
၁၆။ ကွယ်လွန်သူ မိခင်ကြီး ဒေါ်ထွေးသိန်းအား ရည်စူး၍ ကိုမင်းနိုင် + မအေးယုနွယ် မိသားစု = ၁၀၀၀၀၀ (ဝမ် တစ်သိန်း)
အလှူတော်ငွေ စုစုပေါင်း = 3,010,000 (ဝမ် သိန်းသုံးဆယ်၊ တစ်သောင်း)
Posted by cittasukha at 8:03 AM
စုစည်းထားမှု = ၂။ ပြန်ကြားရေးဆိုင်ရာများ, ၈။ ဟိုဟိုဒီဒီ သတင်းများ
Read more...ရွှေတံခါးကြီး ဖွင့်နိုင်ဖို့
ရောက်တယ်လို့ မခံစားရလို့ပဲ။
ပြည်သူလူထုရဲ့ မေတ္တာကို ရရှိ ခံစားနေရတာလေး တစ်ခုကြောင့်ပဲ အဆက်မပြတ်ရေး ဖြစ်နေတာ။ အမှန်ပြောရရင် အချိန်မရွေး ကြုံတွေ့ရနိုင်တဲ့ အန္တရာယ် အသွယ်သွယ်ကို စဉ်းစားလိုက်တဲ့အခါ ရေးသင့်တယ်လို့တောင် မထင်မိပါဘူး။
ပြည်သူက ရွေးကောက် တင်မြှောက်ထားသူများ ဖြစ်လို့ ပြည်သူ့ဆန္ဒကို လေးစားမယ်။ ပြည်တွင်းငြိမ်းချမ်းရေး ရအောင် အမြန်ဆုံး ဆောင်ရွက်မယ်။ ဒီမိုကရေစီ လိုလားသူ အားလုံးနဲ့ ပူးပေါင်း ဆောင်ရွက် နိုင်အောင် နည်းလမ်းတွေ ရှာကြံမယ်။ မတူတာတွေ အသာထားပြီး တူတာတွေကို အတူ ပူးပေါင်း လုပ်ဆောင်မယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လက်မခံ နိုင်သေးသူများနဲ့ပါ လက်တွဲ ဆောင်ရွက် နိုင်အောင် ညှိနှိုင်း ဆွေးနွေးဖို့ တံခါး ဖွင့်ထားတယ် ဆိုတဲ့ စကားတွေ ပြောကြားလာခဲ့တယ်။
ပါတဲ့ ဆောင်းပါးကို ပြန်လည် ဝေဖန် ချေပတဲ့စာမျိုး ဘယ်တုန်း ဘယ်အခါကမှ မရေးဖူးခဲ့ဘူး။ စာပေ စိစစ်ရေးကလည်း ဘယ်တော့မှ ခွင့်မပြုခဲ့ဘူး။ ဒီတစ်ခါ ဈေးဦးပေါက် ခွင့်ပြုတာ ဖြစ်တယ်။
တော့ဘဲ ရပ်စဲထားမယ်ဆိုတဲ့ သမ္မတကြီးရဲ့ လွှတ်တော်ကို ပေးပို့တဲ့သ၀ဏ်လွှာ ရုတ်တရက် ပေါ်ထွက်လာခဲ့တယ်။
( ၆ ) ကြိမ်မြောက် ပိဋကတ်ကျမ်းစာအုပ်များ လှူဒါန်းမှု မှတ်တမ်း
စုန်းကဝေအကြောင်း သိကောင်းစရာ
မြတ်ဗုဒ္ဓမိန့်ကြားခဲ့တဲ့ ပါဠိတော်ထဲမှာတော့ ဦးဇင်းမှတ်သားဖူးသလောက်ပြောပြရမယ်ဆိုရင် ၀ိနည်းမဟာဝါ (၀ိ-၁-၂၉၉)မှာ ရဟန်းတစ်ပါးဟာ ဃရဒိန္နကာဗာဓ-ခေါ် စုန်းမက ချစ်ခင်လို့ ဆေးပေးတာကို စားမိခဲ့ပါတယ်။ အဲဒီလို စားမိခဲ့လို့ ရဟန်းစုန်းပြုစားခံရတာကို မြတ်စွာဘုရားကသိတော့ သီတာလောဠိ (ထွန်သွားတွင်ကပ်ကျန်နေသော မြေကြီးခဲ)ကို ဖျော်ပြီး စုန်းပြုစားခံရတဲ့ ရဟန်းကို သောက်ခိုင်း လိုက်တာ ပျောက်ကင်းခဲ့တယ်လို့ ပါရှိပါတယ်။
အဲဒီတော့ စုန်းဆိုတာ တကယ်ရှိတယ်ဆိုတာကို လက်ခံရဖို့ကတော့ သေချာနေပါပြီ။ စုန်းဆိုတာ ဘယ်လိုဟာမျိုးလဲဆိုတော့ လူသားဖြစ်ပြီး အရင်ဘ၀က ကမ္မသိဒ္ဓိအစွမ်းပါရှိတာကို မကောင်းတဲ့ဘက်မှာ အသုံးချတတ်တဲ့လူမျိုးပါ။ လူတိုင်းမှာတော့ သူ့အစွမ်းနဲ့သူ ပါရှိကြပါတယ်။ တချို့က ဉာဏ်စွမ်းကောင်းပြီး တချို့က ကံအစွမ်းကောင်းသလို တချို့ကျတော့လည်း ဖြတ်ထိုးဉာဏ်ကောင်းကြတဲ့ အစွမ်းသတ္တိလေးတွေ လူတိုင်းကိုယ်စီမှာ ရှိကြပါတယ်။ တချို့ကျတော့လည်း မိမိမှာ အစွမ်းသတ္တိပါတာကို အသုံးမချမိလို့ မသိတာမျိုးရှိသလို အသုံးမချတတ်လို့ အသုံးမကျတာမျိုးလည်း ရှိနေပါတယ်။ ဥပမာ-မိမိခါးလောက်ရှိတဲ့ အမြင့်ကို ပုံမှန်ချိန်မှာ ခုန်မတတ်နိုင်ပေမဲ့ သေဘေးနဲ့ရင်ဆိုင်ရတဲ့အခါမျိုးမှာ ခုန်ကျော်လွှားနိုင်တဲ့ အစွမ်းသတ္တိမျိုးပေါ့။
အဲဒီလိုပါပဲ မွေးရာပါကမ္မသိဒ္ဓိအစွမ်းပါတဲ့ မိန်းမများဟာ သူတို့သာမာန်ချိန်မှာတော့ သူတို့မှာပါလာတဲ့ စုန်းပညာကို အသုံးမချတဲ့အတွက် မသိဘဲဖြစ်နေတတ်ပေမဲ့ သူတို့တစ်ယောက်ယောက်ကို လုပ်ကြံချင်တဲ့အခါမျိုးမှာ ပေါ်ထွက်လာပါတယ်။ အဲဒီလိုပေါ်ထွက်လာတဲ့နောက်ပိုင်းမှာတော့ သူတို့စုန်းပညာ ပါတယ်ဆိုတာသိပြီး သူများကို ဒုက္ခပေးနိုင်တယ်ဆိုတာ သိသွားလို့ သူတို့တစ်ယောက်ယောက်ကို မကျေနပ်တဲ့အခါ အဲဒီလူရဲ့ ဘုန်းကံနိမ့်ချိန်မှာ စောင့်မျှော်လုပ်တတ်သလို မိမိလုပ်ချင်တဲ့သူကို တစ်ခုခုသော အစားအစာကျွေးပြီးလုပ်တာမျိုးလည်း ရှိပါတယ်။
စုန်းပညာတစ်ခါလုပ်ဖူးလို့ စုန်းပညာတတ်တယ်ဆိုတာသူကိုယ်သူ သိတဲ့လူဆိုရင် အဲဒီလူရဲ့ မျက်စိကိုကြည့်တဲ့အခါ သူ့မျက်စိကိုကြည့်တဲ့လူရဲ့ ခန္ဓာကိုယ်ဟာ စောက်ထိုးပြောင်းပြန်ပေါ်နေတယ်လို့ ဦးဇင်းကြားဖူးပါတယ်။ အဲဒီတော့ စုန်းပညာတတ်တဲ့လူဟုတ်မဟုတ်ကို သူ့မျက်စိစိုက်ကြည့်ပြီး စမ်းသပ်နိုင်သလို စုန်းအလုပ်ခံရပါကလည်း မြတ်ဗုဒ္ဓပေးခဲ့တဲ့နည်းလမ်းအတိုင်း သီတာလောဠိ (ထွန်သွားတွင် ကပ်ကျန်နေသော မြေကြီးခဲ)ကို ဖျော်ပြီး စုန်းပြုစားခံရတဲ့လူကို တိုက်ကျွေးရင် ပျောက်ပါလိမ့်မယ်။ ဒါဟာ လေးသင်္ချေနဲ့ကမ္ဘာတစ်သိန်း သွေးသားများရင်းပြီး ရရှိလာခဲ့တဲ့သဗ္ဗညုတဉာဏ်နဲ့ကြည့်ပေးခဲ့တဲ့ဆေးမို့ အစွမ်းထက်မယ်ဆိုတာတော့ အကြွင်းမဲ့ ယုံကြည်သင့်ပါတယ်။
မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသဆို သဗ္ဗညုတဉာဏ်နဲ့ကြည့်ပေးခဲ့တဲ့ဆေးက မှန်ဘီးလူနဲ့ကြည့်ပြီးပေးတဲ့ အင်္ဂလိပ်ဆေးထက် အစွမ်းထက်တယ်ဆိုပြီး မြတ်ဗုဒ္ဓနည်းပေးခဲ့တဲ့ နွားကျင်ငယ်ရေနဲ့ ဖန်းခါးသီး၊ ဇီးဖြူသီးများစိမ်ပြီး ဆေးအဖြစ် မှီဝဲခဲ့အတွက် ဘာကျန်းမာရေးမှ မဖောက်ပြန်ဘူးလို့ မှတ်သားခဲ့ရပါတယ်။
အဲဒီတော့ စုန်းကဝေနဲ့ပတ်သတ်ပြီး အကျဉ်းချုပ်ပြောချင်တာက မြတ်ဗုဒ္ဓကိုယ်တိုင်မိန့်ခဲ့တာကိုထောက်ပြီး စုန်းကဝေဆိုတာ တကယ်ရှိပါကြောင်း၊ စုန်းအတတ်ပညာရှိမရှိကို ဦးဇင်းပြောသလို စမ်းသပ်ကြည့်ရှု့လို့ ရပါကြောင်း၊ စုန်းလုပ်ချင်တဲ့လူဟာ သူပြုစားချင်တဲ့လူကို အနီးကပ်အနေနဲ့ အစားအစာကျွေးလုပ်နိုင်သလို အနီးကပ်မရပါက အဝေးကနေပြုစားနိုင်အောင် ထိုသူရဲ့ ဘုန်းကံနိမ့်ချိန်ကို စောင့်ဆိုင်းလုပ်တယ်ဆိုတာ သိဖို့လိုပါကြောင်း၊ တကယ်လို့ မိမိက စုန်းပြုစားတာ မခံချင်ဘူးဆိုရင် ဘုန်းကံနိမ့်စေတဲ့ မကောင်းမှုအကုသိုလ်များမှ ရှောင်ကြဉ်ကာ သူတစ်ပါးကျွေးတာကို ယုံကြည်မှုရှိမှ စားသင့်ပါကြောင်း၊ အကြောင်းမသင့်လို့ စုန်းပြုစားခံခဲ့ရရင်လည်း မြတ်ဗုဒ္ဓပေးခဲ့တဲ့နည်းအတိုင်း ဖြေရှင်းလို့ရတယ်ဆိုတာတွေကို မှတ်သားထားကြပါလို့ပဲပြောရင်း ဦးဇင်းသိသမျှ အသိပညာဗဟုသုတများကို ဒီမှာပဲ ဒီမေးခွန်းအတွက် ရပ်နားပါရစေ။
အရှင်ကောမလ(ခ)ဆန်နီနေမင်း
ရတနာဂီရိသို့ အမှတ်တရ
စာမိတ်ဆက်
စာရေးသူတော့ အခုတလော ဒကာကြီး ဦးကျော်ဆွေရဲ့ ကောင်းမှုနှင့် ဓမ္မဂီရိ (တရားရှိရာတောင်) ခရီးတွေကို သွားခွင့်ရသည်၊ မှတ်တမ်းများလည်း ကောင်းကောင်းရသည်။ ယခုတစ်ခေါက်တော့ ရတနာရှိရာ သို့မဟုတ် ရွှေတောင် ဟု အဓိပ္ပါယ်ရှိသည့် ရတနာဂီရိ ခရီးဖြစ်သည်၊ ရတနာဆိုတော့ ဘာရတနာရှိမှန်းတော့ မသိ၊ ရွှေရောင်လို မြေရှိနေသည်တော့ အမှန်ဖြစ်သည်။ တောတောင်တစ်ခုလုံး၏ မြေရောင်သည် ရွှေရောင်ပေါက်နေသည်၊ ထို့ကြောင့်ပဲ ရတနာဂီရိဟု ခေါ်လေသလား မပြောတတ်။ နောက်တစ်ခုက စာရေးသူတို့အမျိုး၊ စာရေးသူတို့နိုင်ငံရဲ့ နောက်ဆုံးမင်းဆက် သီပေါမင်း ဦးခေါင်းချရာ နေရာဖြစ်လို့ ရတနာရှိရာမြို့ ရတနာဂီရိဟု အမည်ပေးလိုက်ရင်တော့ ကြွားရာကျနေမလား။ လမ်းခရီးက အလွန်ဝေးပေမဲ့ တစ်ချိန်က ကိုယ့်လူမျိုးတို့ရဲ့ ဥသျှောင် အဖြစ် လေးစားခဲ့ကြတဲ့ ကိုယ့်မင်းရှိရာနေရာသို့ ပင်ပန်းမှုတွေ အသာထားပြီး သွားခဲ့ရတဲ့ ခရီးစဉ်လေးကို အမှတ်တရရှိစေဘို့ မှတ်စုမှတ်ရာအဖြစ် ရေးတင်လိုက်ရပါသည်။
ကျေးဇူတင်ခြင်း
၂၂-၁၀-၂၀၁၁ စနေနေ့က မနက် ၅-၃၀ အိပ်ရာထ၊ မျက်နှာသစ် ရေချိုး၊ ခရီးထွက်ဖို့ ပြင်စရာရှိတာပြင်ဆင်ပြီး အောက်ဆင်းစောင့်နေကြသည်။ ဒကာကြီး၏ကားတစ်စီးနှင့် ဒကာကြီးကပဲ လိုက်ချင်တဲ့ ရဟန်းတော်များ လိုက်လို့ရအောင် ကားတစ်စီး ထပ်လှူသည်၊ ကားအပြင် နံက်စာ နေ့လည်စာဆွမ်းများပါ ခရီးစဉ်အားလုံး အစဉ်ပြေအောင် ဒကာကြီးကပဲ လှူသည်။ ရောက်ဖို့ သိပ်ခက်ခဲတဲ့နေရာကို ပို့ပေးတဲ့ ဒကာကြီး ဦးကျော်ဆွေအား ရဟန်းတော်များကိုယ်စား အထူးကျေးဇူးတင်ပါကြောင်း ပြောလိုပါတယ်။
ရတနာဂီရိခရီးစတင်ခြင်း
စာရေးသူတို့အဖွဲ့ ဒကာကြီး ဦးကျော်ဆွေ၏ ကောင်းမှု (စပွန်ဆာ) ဖြင့် ရတနာဂီရိ ခရီးသို့ ၂၂-၁၀-၂၀၁၁ စနေနေ့ စာရေးသူတို့နေသည့် စောမယကောလိပ်ရှိ Polytechnic Hostel မှ မနက် ၆ နာရီမှ စတင်ထွက်ခဲ့သည်။ ရတနာဂီရိသည် မဟာရဋ္ဌပြည်နယ်တွင်းမှာပဲ ရှိသည်၊ မဟာရဋ္ဌပြည်နယ်သည် တောတောင် ပေါသည့်ပြည်နယ်ဖြစ်သည့်အပြင် ပင်လယ်တို့ဖြင့်ကာရန်ထားသည်။ ခရီးကား အိန္ဒိယမြေပုံလမ်းညွှန်များအရ ဘုံဘေမှ ရတနာဂီရိ ကီလိုမီတာ ၃၅၆ ရှိသည်၊ ချစ်ဦးညို၏ ရတနာဂီရိအကျဉ်းသား စာအုပ်တွင် မိုင်ပေါင်း ၁၂၀ ဟု ဖော်ပြပေမဲ့ သီပေါမင်းမြေးဖြစ်သူ တော်ဘုရားကလေး (သီပေါမင်းနှင့် စုဖရားလတ်တို့၏ စတုတ္ထသမီးတော်၏ သား) ၏ ရတနာပုံမှ ရတနာဂီရိသို့ ဆိုတဲ့ စာအုပ်မှာတော့ ဘုံဘေ-ရတနာဂီရိ မိုင်ပေါင်း ၂၅၀ ဟုရေးထားသည်။ စာရေးသူတို့ ကိုယ်တွေ့ သွားကြည့်သောအခါ တော်ဘုရားကလေး ပြောသည့် မိုင်ပေါင်း ၂၅၀ က မှန်နိုင်ပါသည်။ အပြန်အသွား မိုင်ပေါင်း ၅၀၀ ခရီးဖြစ်သည့်အပြင် အများစုက တောင်တက်လမ်းဖြစ်သဖြင့် ခရီးကား အချိန်များစွာယူရလိမ့်မည်၊ ထို့ကြောင့် အချိန်တိုနိုင်သမျှတိုအောင် မနက်စာရော နေ့လည်စာအတွက်ပါ ဒကာကြီး၏ကောင်းမှုနဲ့ပဲ အဆောင်မှာကထဲက ပြင်ဆင်သွားခဲ့ကြသည်။
ဘုံဘေမြို့အထွက်ကနေ စိမ်းလန်းစိုပြေနေတဲ့ တောတောင်တန်းတွေ စဖြတ်သည်၊ လမ်းတွေ အရမ်းကောင်းသည်။ ၇ နာရီထိုးတော့ ကားသမားများက မနက်ကထဲ မျက်နှာသစ်ခြင်းစသည့် ကိုယ်လက်သန့်ရှင်းခြင်း ကိစ္စမလုပ်ခဲ့သေးသဖြင့် စားသောက်ဆိုင်တစ်ခုမှာ ခဏ နားကြသည်၊ ပါလာတဲ့ နွားနို့ကိတ်မုန့်တို့ဖြင့် မနက်စာကိစ္စ အဲဒီနေရာမှာ ပြီးခဲ့သည်။ ထိုမှ ခရီးဆက်ခဲ့ရာ တောလမ်းတောင်တက်လမ်း ဆိုပေမဲ့ အရမ်းကောင်းသည်၊ ချောမွေ့နေသည်၊ သို့ပေမဲ့ ပန်း (Pen) မြို့နှင့်ဝန်းကျင်မှာတော့ ချိုင့်ခွက်တွေများသည်၊ ကုန်ကားများ မောင်းနှင်ထားသဖြင့် လမ်းများ ပျက်စီးနေသည်၊ လမ်းခုလပ် တစ်ဝက်လောက်မှာ တစ်နေရာ လမ်းနဲနဲကြမ်းသည်ကိုတွေ့ရသည်၊ ၇ ကီလို ၈ ကီလို ၀န်းကျင်လောက်သာ လမ်းဆိုးတာကလွဲလို့ ကီလိုမီတာ ၃၅၆ ဝေးသည့်ခရီးသည် လမ်းကောင်း လမ်းချောဖြစ်သည်။
ကီလိုမီတာ ၂၀၀ လောက်က တောင်တက်လမ်းဖြစ်သည်၊ တောင်ထိပ်ရောက်လေ S အကွေ့ကောက်တွေ များလာသည်၊ ကားထဲမှာ ခလောက်ဆန်နေသည်၊ သူငယ်ချင်းအချို့လဲ ကားမူးသဖြင့် စားသမျှ အန်ထုတ်ပြစ်ရသည်။ စာရေးသူလဲ အတော်ကို ကြိတ်မိတ်ထားရသည်၊ နေ့လည် ၁၁-၃၀ လောက်ရောက်တော့ ရတနာဂီရိရောက်ဖို့ ကီလိုမီတာ ၉၀ လောက် လိုသေးသည့် မြို့လေးမှာ နေ့လည်စာ စားရန် အနားယူကြသည်၊ မြို့နာမည်က Makhjan ဟု ထင်သည်။ ထိုမြို့လမ်းဘေးဝဲယာမှာ စားသောက်ဆိုင်တော်တော်များများ ရှိသည်၊ စာရေးသူတို့အဖွဲ့လည်း အဆောင်က ကြက်သားဟင်းချက်လာသဖြင့် Non-Vegetable ဆိုင်ကို ရွေးရသည်။ အဆင်ပြေသည်၊ ထိုဆိုင်မှာပဲ စခန်းချပြီး ဆိုင်မှ တချို့ဟင်းများကို မှာပြီး အဆောင်မှ ချက်ယူလာသော ဆွမ်းနှင့် ဟင်းအချို့တို့ကို ဒကာကြီး ဦးကျော်ဆွေက ကပ်သည်။
ရတနာဂီရိသို့ရောက်ခြင်း
နေ့ဆွမ်းအပြီး ခရီးဆက်ရာ တောင်တက် တောင်ဆင်းတွေ ရှိနေသေးပေမဲ့ အဆင်းလမ်းများသည်။ လမ်းတလျှောက် ငေးမောလာမိသည် တောတွေ တောင်တွေ စမ်းချောင်းတွေဖြင့် အရမ်းလှပါသည်၊ သာယာသည်၊ မြန်မာပြည် သီပေါမြို့ကို သွားသည့် နောင်ချို- ကျောက်မဲလမ်း ခြောက်ထက်ကွေ့ လမ်းပုံစံလဲ တွေ့ရသည်။ တောတွေ တောင်တွေ လမ်းတွေကို ငေးမောကြည့်ရင်း စဉ်းစားလာမိသည်၊ အိန္ဒိယအစိုးရသည် အလွန်တော်ပါသည်၊ သစ်တောတွေကို ကောင်းကောင်းထိမ်းသိမ်းနိုင်သည်၊ တောရောမြို့ရှိ ပြည်သူတွေကို လျပ်စစ်မီး လုံလုံလောက်လောက် ပေးနိုင်သောကြောင့် တောရွာများက ထင်းမီးမသုံး၊ မြို့ပေါ်တွေက လူတွေကလဲ မီးသွေးမသုံးဘဲ လျပ်စစ်နဲ့ ဂက်စ်မီးကိုသာ သုံးနေကြသည်။ ထိုကဲ့သို့ လျပ်စစ် မီးနှင့် ဂက်စ် စနစ်ကောင်းကြောင့် တောတောင်တွေ သစ်ပင်တွေ ယခုကဲ့သို့ တွေ့မြင်ရတာ ဖြစ်နိုင်သည်။ ဤမျှလောက် ဝေလံခေါင်သော နေရာတွေမှာ လမ်းတွေ ကောင်းအောင် တည်ဆောက်ပေးနေသော အစိုးရကို ကျေးဇူးတင်ရမှာ အမှန်ပင်ဖြစ်သည်။ တချို့လမ်းဆိုးသောနေရာတွေမှာ ကားဘီးခွန်ကောက်လျှင် ကားသမားများက မပေးကြ၊ လမ်းတော့ ကောင်းအောင် မပြင်ဘဲ ပိုက်ဆံတော့ တောင်းသည်ဟု ပုံစံမျိုးနဲ့ မပေးသည်ဟု ထင်သည်။ စာရေးသူတို့နိုင်ငံ မန္တလေးမှ မုံရွာ ရွှေဘို၊ ပဲခူးမှ မော်လမြိင်၊ ဘားအံတို့လို၊ ရန်ကုန်မှ မအူပင်၊ ဖျာပုံစတဲ့ ခရီးမျိုးဆိုရင် high way လမ်းဖြစ်သည်၊ အဲဒီလောက်ဝေးသည့် လမ်းခရီးမျိုးဆိုရင် အိန္ဒိယ မဟာရဋ္ဌပြည်နယ်မှာ ရှယ်လမ်းတွေ ဖြစ်သည်။ ၆ လမ်းသွား National high way လမ်းဖြစ်သည်။
တောတွေ တောင်တွေ စမ်းချောင်းတွေ ကွေ့ကောက်နေသော လမ်းတွေကို ငေးမောရင် ပင်လမ်းကမ်းခြေက ရတနာဂီရိမြို့သို့ နေ့လည် ၂ နာရီကျော်လောက်မှာ ရောက်သည်။ အရင်ဆုံး သီပေါမင်း၏ စံအိမ် သို့မေးမြန်းပြီး သွားခဲ့ကြသည်။ စံအိမ်သို့ရောက်ပါပြီ၊ စံအိမ်သမိုင်းနောက်ခံလေးကိုတော့ ဤသို့မှတ်သားရသည်။
သီပေါမင်းနှင့်အိန္ဒိယခရီး
သီပေါမင်းကို ၁၈၈၅ ဒီဇင်ဘာလမှာ အင်္ဂလိပ်အစိုးရ၏ ဖမ်းဆီးခြင်းကို ခံရသည်။ ထိုလ ၁၀ ရက်နေ့မှာ ရန်ကုန်သင်္ဘောဆိပ်ကနေ အိန္ဒိယနိုင်ငံ ပင်လယ်ကမ်းခြေမြို့ဖြစ်တဲ့ ချနိုင်းမြို့ (ယခင် မဒ္ဒရစ်မြို့) သို့ ထိုလ ၁၄ ရက်နေ့မှာပဲ ရောက်သည်၊ ပင်လယ်ခရီး ၄ရက်ကြာသည်။ ထိုအချိန်မှာ ဘုရင့်မိဘုရား စုဘုရားလတ်မှာ တတိယသမီးတော် ဖွားခါနီး ကိုယ်ဝန်ရှိနေသည်။ တတိယသမီးတော်ကို ချနိုင်းမှာတွင် မွေးဖွားပြီး မကြာမီမှာပဲ အင်္ဂလိပ်အစိုးရ ပြင်သစ်ကို စိုးရိမ်နေတာကြောင့် ချနိုင်းမြို့မှာ ကြာကြာမထားဘဲ ရတနာဂီရိသို့ ၁၈၈၆ ဧပြီလမှာ ပို့သည်။ ၁၀ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ ပင်လယ်ခရီး ၆ ရက်ကြာသည်။ ချနိုင်းမြို့သည် ယခုအခါ အိန္ဒိယပြည်ကြီး၏ မြို့တော် ၅ ခုတွင် တစ်ခု အပါအ၀င်ဖြစ်သည်။ အိန္ဒိယမြေပုံအရ အိန္ဒိယပင်လယ်အနီးရှိ ချနိုင်းမြို့မှ အာရဗျပင်ပင်လယ်ရှိ ရတနာဂီရိသည် ပင်လယ်လမ်းကြောအတိုင်း သွားလျင် ရသော်လည်း ကွေ့ကောက် ၀င်ရသည်။ ဘုံဘေမှဆိုလျှင်တော့ ဖြောင့်တန်းလျှက်ရှိသည်။ ကုန်းကြောင်းကသွားရင်တော့ ကားနှင့် ရထား အဆင်ပြေသည်၊ သို့သော တောင်တက် တောင်ဆင်းလမ်းများဖြစ်သည်။
သီပေါမင်းစံအိမ် (သို့) နန်းတော်
သီပေါမင်း စံအိမ်ကား ထိုရတနာဂီရိမြို့ပြင်က ပင်လယ်ကမ်းခြေမှာ တည်ရှိသည်။ ဒီခေတ်မှာတောင် ထိုစံအိမ်ရှိရာ ရတနာဂီရိမြို့သည် အလွန်ဝေးလံခေါင်သည့် ဒေသဖြစ်သည်။ ထိုခေတ်ကဆို ဒိထက်မက ခေါင်ပါလိမ့်မည်။ တောထူထပ်ပြီး တောရိုင်းတိရစ္တာန်တွေ ပေါနိုင်သည်။ ဆိုးခိုး တိုက်ခိုက်နေတဲ့ အိန္ဒိယနိုင်ငံသားတွေ ပုန်းအောင်တဲ့ နေရာဖြစ်သည်၊ မြို့ထဲရွာထဲ ထားလို့ မသင့်တော်တဲ့ နူနာစွဲနေတဲ့ ရောဂါသည်တွေ နေရာဖြစ်သည်။ ထိုနေရာကို အပို့ခံရသော တိုင်ပြည်၏ဥသျှောင်မဆိုထားနဲ့ သာမန်လူတန်းစားတောင် စိတ်ဓာက်ကျစရာ နေရာဖြစ်သည်။ မည်သူမဆို ထိုနေရာ ရောက်သူတိုင်း ကြောက်ရွံ့ ထိတ်လန့် စိုးရိမ်စိတ်တွေနဲ့ပဲ နေကြရလိမ့်မည်။
သီပေါမင်းသည် ထိုရတနာဂီရိ ရောက်ခါစက အင်္ဂလိပ်အစိုးရက ငှါးရမ်းပေးထားသည့် တစ်လုံးနှင့်တစ်လုံး ကိုက် ၄၀၀ လောက်ဝေးသည့် Outram hall နှင့် Baker’s Burgalow အိမ်နှစ်လုံးတို့မှာ ဘုရင်မိဖုရား နေကြရသည်။ ဆယ်နှစ်စာ ငှါးထားသည်ဟုဆိုသည်။ ထိုအငှါးစံအိမ်တော်နှစ်လုံးမှာ ၁၈၈၆ ခုနှစ်ကနေ ၁၉၁၀နှစ်အထိ ၂၄ နှစ်ကြာ အကျယ်ချုပ်ဘ၀နဲ့ နေခဲ့ရသည်ဟုဆိုသည်။ အဲဒီအချိန်မှာ ထိုဒေသရှိလူတွေ ပလိပ်ရောဂါခံစားနေကြရပြီ ဖြစ်သည်။ သီပေါမင်းသည်လည်း အငှါးစံအိမ်ကျဉ်းကျဉ်းလေးမှာပဲ၂၄ နှစ်လုံးလုံး အဲဒီဒဏ်တွေ ခံခဲ့ရသည်ဟု ဆိုသည်။ နောက်ပိုင်း ကိုယ်ပိုင် ၁၉၁၀ ခုနှစ်မှာမှ စံအိမ်တော်ကြီးမှာ ၉ နှစ်လောက်သာ နေခွင့်ရပြီး ထိုရောဂါတွေနဲ့ပဲ နတ်ရွာစံသည်ဟုဆိုသည်။
စံအိမ်အသစ်
သီပေါမင်းပါတော်မူခြင်း၊ ထိုစံအိမ်မှာ ပြည်နှင်ဒဏ်ပေးခြင်း စတဲ့ အကြောင်းတွေကို တော်ဘုရားကလေး (အောင်ဇေ)၊ ချစ်ဦးညိုတို့လို စာရေးဆရာတွေ တော်တော်များ ရေးထားကြသည်။ တော်ဘုရားကလေးကတော့ ရတနာဂီရိမှာ ရှိတဲ့ စံအိမ်ကို အိန္ဒိယမီဒီယာနှင့် အင်္ဂလိပ်က သီပေါနန်းတော် (Thibaw Palace) ဟု သုံးထားပေမဲ့ သီပေါမင်းစံအိမ် (Royal residence)။ ဒါ့ပြင် အင်္ဂလိပ်အစိုးရက King thibaw ဟု သုံးရမည့်အစား King ကိုဖြုတ်ပြီး Thibaw ဟု သုံးတာကိုလဲ မကြိုက်။ မှန်ပါသည် ကိုယ်လေးစား ကြည်ညိုတဲ့ ဘုရင်ကို မည်သူမဆို ဒီလိုပဲ ဖြစ်ပါလိမ့်မည်။
မြန်မာဘုရင်ကို အိန္ဒိယမှာ နေအိမ်အကျယ်ချုပ်ချထားသလို အိန္ဒိယ၏ နောက်ဆုံး ဘုရင် ဇဖားရှား (Zafar Shah) ကိုလဲ King ဆိုတဲ့ ဂုဏ်ထူးဆိုတာကို ဖြုတ်ပြီး မြန်မာနိုင်ငံမှာ နေအိမ်အကျယ်ချုပ်ထားသည်။ ဇဖားရှားလမ်း (zafar shah road) အမည်ပေးကာ လမ်းနာမည်လဲ ထားခဲ့သည်။
အင်တာနက် စာမျက်နှာပေါ်မှာ ‘‘စံအိမ်အသစ် ဧရိယာမမှာ ဧက ၂၃ရှိသည်၊ နန်းတော်ဟု ဆိုသော စံအိမ်အသစ်ကို ကျွန်းသားများ နေရောင်ပြန် အီတလီ ရောင်စုံမှန်ပြတင်းများဖြင့် လှပစွာတည်ဆောက်ထားသည်ဟု ရေးထားတာတွေ့ရသည်။ အိမ်၏ပုံစံသည်လည်း Pagoda style နှင့် ထိုအိမ်၏တည်ဆောက်ရေးကာလသည် ၂ နှစ်ဟု ရေးထားသည်။ Main building ပင်မအဆောက်အဦးကြီးမှာ ပေ-၁၉၇ အလျားရှိပြီး အနံမှာ ၁၄၁ ပေရှိသည်ဟုလဲ ဖော်ပြထားသည်။ သီပေါဘုရင်နှင့် သူ၏မိဘုရားတို့သည် ထိုစံအိမ်မှာ စိတ်ဓာတ်ကျခြင်း ငြီးငွေ့စွာ နေခဲ့ရရှာသည်၊ သိပေါမင်း မန္တလေးကို ပြန်ပို့ဖို့ စာအကြိမ်ကြိမ်ရေးပြီး အာဏာရှင်တွေထံ ပေးခဲ့သည်၊ ဒေလီဒါဘာပွဲသို့ အိန္ဒိယ မင်းသားတွေအနဲ့ အတူတက်ရောက်ဖို့ရန်လည်း မေတ္တာရပ်ခံခဲ့သည်၊ ထိုမေတ္တာရပ်ခံချက်အားလုံး ပယ်ခံရသည်။ နောက်ပြဿနာတစ်ခုက ငွေရေးကြေးရေးပင်ဖြစ်သည်၊ သီပေါမင်းနှင့် စုဘုရားလတ်တို့ ပါလာသည့် ကျောက်မျက်ရတနာတွေလဲ ထုခွဲရောင်းချလို့ ၁၈၉၀ နှစ်လောက်ကထဲက ကုန်နေပြီ။ သူတို့အတွက် ပေးသည့် ပင်စာလစာကလဲ အလွန်နဲသည်။ ထို့ကြောင့် အင်္ဂလိပ်အစိုးရထံ အသုံးစရိတ်ကို အကြိမ်ဖန်များစွာ တောင်းခဲ့ပေမဲ့ မပေးတဲ့အပြင် သူ၏အသုံးစရိတ်ကိုပါ ထိန်းချုပ်ခံရသည်။
၁၉၀၆ ခုနှစ်က သမီးတွေချည်း မွေးထားတဲ့ ဘုရင်ကြီးမှာ စိတ်မကောင်းစရာ သတင်းတစ်ခုကြားလိုက်ရတာ၊ သမီး ၄ ယောက်ထဲက ပထမသမီးတော်သည် ဂိတ်စောင့် အိန္ဒိယလူမျိုး Gopal Bhaurao Sawant နှင့် ကိုယ်ဝန်ရနေခြင်းပဲဖြစ်သည်။ အင်္ဂလိပ်အစိုးရက သမီးတော်လေးပါးကို တိုင်းတပါးသားတွေနဲ့ အိမ်ထောင်ကျအောင် တမင်လွတ်ထားခြင်းဖြစ်သည်ဟု တော်ဘုရားကလေးက ဆိုထားသည်။ သီပေါမင်းနှင့် စုဖုရားလတ်တို့သည်လည်း သမီးတော်လေး လေးယောက်အတွက် တိုင်းတပါးသားတွေရဲ့ ရန်ကြောင့် စိတ်မအေးဖြစ်နေရသည်။
သမီးတော်လေးတို့အကြောင်း အပြည့်အစုံကိုတော့ ရတနာပုံမှရတနာဂီရိ အမည်ရှိ တော်ဘုရားကလေး ရေးတဲ့ စာအုပ်တွင် အပြည့်စုံဖတ်နိုင်ပါသည်၊ သီပေါမင်းရဲ့ မြေးတော် မြစ်တော်များ ဖြစ်ကြတဲ့ တော်ဘုရားကလေးတို့ ကိုယ်တိုင် ရတနာဂီရိကို သွားပြီး မှတ်တမ်းတင်ခဲ့တဲ့ ခရီးသွားမှတ်တမ်း စာအုပ်ကလေးဖြစ်သည်။ အလွန်ကောင်းပါသည်။ ထိုစာအုပ်တွင် ဖတ်နိုင်ပါသည်။ စာရေးသူတို့ကိုယ်တိုင် ရောက်ခဲ့တဲ့ အကြောင်းကိုပဲ ဖော်ပြပါတော့မည်။
သီပေါမင်းစံအိမ် ယနေ့မြင်ကွင်း
စာရေးသူတို့ရောက်သော စံအိမ်အသစ်
ယခုအခါ စာရေးသူတို့အဖွဲ့ Thibaw Palace သီပေါနန်းတော်ဟု ဆိုသည့် တစ်ချိန်က သီပေါမင်း စံအိမ်အသစ်ဆီသို့ ရောက်ခဲ့သည်။ ထိုသီပေါမင်းနန်းတော်သည် နောက်ပိုင်း ရာစုနှစ်တစ်ခုအထိ အစိုးရရုံးတစ်ခု ဖြစ်ခဲ့သေးသည်။ ထို့နောက် ဘုံဘေတက္ကသိုလ်၏ အခွဲ တက္ကသိုလ်တစ်ခုလဲ ဖြစ်ခဲ့သေးသည်။ နောက်ပိုင်း ရှေးဟောင်းသုတေသနအဖွဲ့ နှစ်စဉ် အိန္ဒိယရူပီး ၂ သောင်းပေးပြီး ပြန်တောင်းသည်၊ ၁၉၉၉ ခုနှစ်မှ ပိုက်ဆံ မပေးရတော့ဘဲ သုတေသနအဖွဲ့ကနေ ထိမ်းသိမ်းခွင့်ရသည်။ ယခုအခါ ရှေးဟောင်းသုတေသန၏ ထိမ်းသိမ်းရေးအောက်မှာ ရှိသည်။
ပညာရေးစင်တာ တစ်ခုဖြစ်ခဲ့သောကြောင့် ထိုနန်းတော်ထဲမှာ သီပေါမင်းနဲ့ပတ်သက်ပြီး ဘာမှမရှိတော့၊ အဆောက်အုံကြီးသာ ကျန်တော့သည်၊ ယခုမြင်တွေ့နေရသော စံအိမ်ရှိ မျက်နှာစာအလှများသည် ပညာရေးစင်တာဖြစ်တုန်းက ပန်းခင်းအလှများဖြစ်ဟန်တူသည်၊ ဘယ်ညာ နားနေဆောင် ၂ ခုလဲ မပြီးသေးဘဲ ထားခဲ့ပုံရသည်။
သီပေါမင်း အစဉ်အဆက် အသုံးပြုခဲ့သော ဒေါင်းတံဆိပ်
မြန်မာအစိုးရနဲ့ အိန္ဒိယအစိုးရတို့ နားလည်မှုအရ ရှေးဟောင်းသုတေသနအဖွဲ့က ဆက်လက်ထိန်းသိမ်းထားသည်ဟု ဆိုထားသည်။ အခုမြင်တွေ့နေရတဲ့ အဆောက်ဦးကြီးကတော့ နန်းတော်၏ နှစ်ထပ် ပင်မစံအိမ် ဖြစ်သည်၊ ထိုပင်မအဆောင်ကြီးကို ယခုအခါ ပိတ်ထားသည်၊ ဘယ်သူမှ မ၀င်ရ၊ နောက်မှ တွဲထားသည် အခန်း သုံးခန်းပါသည့် အဆောင်ငယ်တစ်ခုကို အပေါ်လှေခါးဖြင့် ဆက်စပ်ထားသည်၊ ထိုအခန်း ၃ ခန်းတွင် ဘယ်ဘက်အခန်းမှာ အိန္ဒိယလူမျိုးများ ကိုးကွယ်သည့် နတ်ဘုရားရုပ်များကိုထည့်ထားပြီး ပြတိုက်အဖြစ်ထားသည်။ အလယ်ခန်းကိုတော့ သီပေါမင်း ဓာတ်ပုံကြီးတစ်ပုံ၊ ကုလားထိုင်များနှင့် ပထမသမီးတော်နှင့်အိန္ဒိယသားနဲ့ ရသောမြေးတော် တုတု ပုံကလွဲ ဘာမှမရှိ။ ညာဘက်အခန်းမှာတော့ ဟိန္ဒူများ ကိုးကွယ်တဲ့ ရှီဝလိင်ကြီး တင်ထားသည်မှာ စိတ်မကောင်းစရာ ဖြစ်သည်။ အဆောင်နှစ်ခုအကြား အပေါ်ကနေ အောက်ငုံ့ကြည့်လိုက်ရင် ရေပန်းအလှကန်တစ်ခုကို တွေ့ရသည်။
မီးဖိုဆောင်နှင့် အဆောင် ၂ တွဲ၏အလယ်က ရေပန်းနှင့်ရေကန်
နောက်တွဲအဆောင် အောက်ထက်မှာတော့ ရုံးခန်းအဖြစ်ထားသည်၊ ရှေ့ပင်မအဆောင်၏ အောက်ထက်တစ်ခုလုံးရော အပေါ်ထပ်ပါ ပိတ်ထားသည်။ အမှတ်ရစရာဆိုလို့ အဆောက်ဦးကြီးသာ ကျန်တော့သည်။ မြန်မာ့အဆောက်ဦးပုံစံနဲ့တော့ တူသည်၊ အထူးသဖြင့် လှေခါးများကို ကျွန်းသားများဖြင့် ပြုလုပ်ထားခြင်းပဲ ဖြစ်သည်၊ အိန္ဒိယမှာ များသောအားဖြင့် ကျွန်းသားမသုံးဘဲ သံ စတီးလ် အုဋ္ဌ် အင်္ဂတေများကိုသာ အသုံးများသည်။ ထိုပင်မဆောင်ကြီး၏ အောက်ထက်နှင့်ဆက်သွယ်ထားသော အနောက်ဘေးမှာ မီဖိုဆောင်ရှိသည်။
နောက်ဆက်တွဲ အဆောင် ၃ခန်းမှ တည်ခင်းပြသထားသော ပုံများ
ဓာတ်ပုံနှင့် ကုလားထိုင်များသာကျန်
စိတ်မကောင်းစရာ မြင်ကွင်း
သံဝေဂ
အဆောက်ဦးများကို ကြည့်ပြီး စိတ်မသက်မသာ ဖြစ်ခဲ့မိသည်။ တစ်ချိန်က ကိုယ့်မြေ ကိုယ်ပြည်မှာ စိတ်တိုင်းကျ ခြယ်လှယ်နိုင်တဲ့ဘ၀ကနေ သူတပါး၏ သွားဆိုသွား စားဆိုစား ထားမှနေရ ကျွေးမှ စားရမည့် သူများ၏ ‘‘စေ’’တစ်လုံးအောက်အခြေနေသို့ ရောက်သွားခဲ့ရသည်။ ဘ၀မှာ ဘာမှ ထာဝရပိုင်ဆိုင်တာမရှိ၊ တန်ခိုးအာဏာ စည်းစိမ်တို့သည် ကိုယ့်အလိုသို့ မလိုက်နိုင်ပေ၊ အိန္ဒိယအင်ပါယာကြီးတစ်ခုလုံးကို လွမ်းမိုး ခြယ်လှနိုင်သော ဘုရင်အသောကမင်းသည် သေခါနီးအချိန် ဆီဖြူသီးတစ်ခြမ်းသာ ပိုင်ဆိုင်သွားသည်။ ကိုယ့်နောက် အရိပ်ပမာ ပါနိုင်သည်ကား ချစ်ခင်လေးစားတတ် နုညံ့သော မေတ္တာတရား၊ ကြင်နာတတ် စာနာတတ်သော ကရုဏာ၊ သူတပါး၏အောင်မြင်မှုအပေါ် ၀မ်းသာနိုင်တဲ့ မုဒိတာ စတဲ့ ကောင်းမြတ်တဲ့ စိတ်ထားနဲ့ ကုသိုလ်တရားများပင်ဖြစ်သည်။
သားအဖနှစ်ယောက်၏ အုဋ္ဌ်ဂူ
ထိုစံအိမ်တော်ကြီးနဲ့ မလှမ်းမကမ်းမှာ အသက် ၅၈နှစ်အရွယ်မှာ နတ်ရွာစံသွားတဲ့ သီပေါမင်း အုဋ္ဌ်ဂူနှင့် ပထမသမီးတော်တို့ အုဋ္ဌ်ဂူ နှစ်ခုကို ယှဉ်တွဲလျက်တွေ့ရသည်၊ အုဋ္ဌ်ဂူနှစ်ခုကိုလည်း ပုံစံတူ အရွယ်တူ လုပ်ထားသည်။ ထိုဂူနှစ်ခုသည် ယခုအခါ လူနေအိမ်ရပ်ကွက်ထဲမှာ သံစကာများ ကာရံပြီး စောင့်ရှောက်ထားသည်။ လူနေအိမ်များ၏ အလည်မှာ သူတို့ ၂ ယောက်တည်း အထီးကျန်စွာ နေနေရသည်ကို တွေး၍ စိတ်မကောင်းဖြစ်မိသည်။ အာဏာရှိစဉ်က ဘုရင်ကြီးသီပေါမင်းသည် ယခုလို အဖြစ်မျိုးနဲ့ကြုံပြီး တိုင်းတပါးမှာ ဒီလို လာပြီ ဒီပုံစံနဲ့ သေရလိမ့်မယ်ဟု တခါမှ တွေးထားလိမ့်မည်မဟုတ်။ သံဝေဂ ရစရာပင် လောကမှာ ကြိုတင်မသိနိုင်တဲ့ အရာ ၅ မျိုးရှိသည်။
ကြိုတင် မသိနိုင်တဲ့ အရာ ၅ မျိုး
၁။ ဇီဝိတ- အဘယ်အသက်ရွယ်မှာ သေရမလဲဆိုတာ မသိနိုင်။
၂။ ဗျာဓိ- ဘယ်လိုပုံစံမျိုးနှင့်သေမယ် ဘယ်လိုရောဂါမျိုးနှင့် သေရမလဲဆိုတာ မသိနိုင်။
၃။ ကာလ- ဘယ်အချိန်မှာ သေမလဲဆိုတာ မသိနိုင် (မနက်၊ နေ့လည်၊ ညနေ စသည်)။
၎။ ဒေဟနိက္ခေပန- ဘယ်နေရာမှာ သေမယ် ဘယ်နေရာမှာ ခန္ဓာချမယ်ဆိုတာ မသိနိုင်၊
၅။ ဂတိ- ဘယ်ဘ၀ ဘယ်ဘုံ ပြန်ဖြစ်ရမယ်ဆိုတာလည်း မသိနိုင် ဟူ၍ ၅မျိုးသော အရာတို့ကို အကျွန်ုပ်တို့ တတွေ မသိနိုင်ဟု စာပေမှာ မှတ်သားခဲ့ရဖူးသည်။ (ဇိဝိတံ ဗျာဓိ ကာလော စ၊ ဒေဟနိက္ခေပနံ ဂတိ။)
ကြိုတင်မသိနိုင်တဲ့ အခြေအနေတွေမှာ ကိုယ့်မှာ ထာဝရ ဘာပိုင်ဆိုင်ထားတာ ရှိနေသလဲ? လောကနဲ့ သာသနာအတွက် ဘာသမိုင်းကောင်းတွေ ချန်ထားနိုင်မလဲ ဆိုတာတွေကိုပဲ ကြိုတင် စဉ်းစားသင့်လှသည်။
ခရီးစဉ်ကို စပွန်ဆာပေးသော ဒကာဦးကျော်ဆွေနှင့် ရတနာဂီရိကမ်းခြေ အမှတ်တရ
ရတနာဂီရိ ကမ်းခြေကိုလည်း ရောက်ခဲ့ပါသည်
မှတ်ချက်။ ။ သီပေါမင်းပါတော်မူခြင်း story သည် ကျယ်ဝန်းလှသည်၊ စာရေးသူ၏ ပို့စ်တွင် ရောက်ခဲ့သည့် အမှတ်တရဖြစ်ရုံလောက်သာ မှတ်စုရေးခြင်းမျှသာ ဖြစ်သည်။
ရွှင်လမ်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၃-၁၀-၂၀၁၁ Read more...
အထင်မကြီးကြနဲ့
- လူတွေဟာကိုယ်ရဲ့အဆင့်အတန်းကို မတင်းတိမ်တတ်ကြဘဲ၊မရနိုင်တဲ့ အဆင့်အတန်းကိုပဲ အထင်ကြီးမျှော်မှန်းနေကြတယ်။
- သိပ်မှန်သောစကားလေးပါပဲ။လူအများဟာ မိမိတို့ရထားသော ရာထူးဂုဏ်သိန် စည်းစိမ်ဥစ္စာတွေကို မရောင့်ရဲမတင်းတိမ်ကြလို့ လောဘတွေဖြစ်၊ ဒေါသတွေဖြစ်၊ မောဟတွေဖြစ် ပြီး အကုသိုလ်ကို အထုပ်အထည်ကြီးထုပ် နောင်ဘ၀ပေါင်းများစွာကို သယ်ဆောင်နေကြတာ အင်မတန်မှ ၀မ်းနည်းဖို့ ကောင်းပေသည်။ မိမိတို့၏ ရထားပြီးသော ဘ၀ပေးအခြေအနေတိုင်းနေပြီး ဘ၀ပန်းတိုင်ကို တစ်လှမ်းချင်း လျှောက်လှမ်းမယ်ဆိုရင် အမြင့်ကိုလှမ်းသော ခြေလှမ်းဟာ အလယ်လပ်စရာ အကြောင်းမည်သို့ရှိမည်နည်း။ အလှမ်းကျယ် အလယ်လပ်ဆိုသော စကားသည်ကား အဘယ်မှာ မှန်မည်နည်း။ဖြစ်ချင်တဲ့ဆန္ဒ၊ ဖြစ်နေတဲ့ဘ၀ ပေါင်းစပ်တာ သဘာဝကျရင် တစ်နေ့ ပန်းတိုင်ဟာ မိမိ၏ ရင်ဝယ်လာရောက်ခိုလှုံရမည်မှာမလွဲပေ။ သို့ကြောင့် လူတိုင်းဟာ မိမိတို့ဘ၀ မိမိ ရောင့်ရဲတင်းတိမ်ပြီး လိုအပ်တာတွေ မှန်မှန်လျှောက်လှမ်းဖြည့်ကျင့်ပြီး အေးချမ်းသာယာသော ဘ၀ရည်မှန်းချက်တွေ ပြည့်ဝကြပါစေ။ ။
ရွှေတိဂုံ စေတီတော်ကြီး အောက်မှ အံ့မခန်း ဆံတော်တွင်း
“ရွှေတိဂုံဘုရားကြီးအောက်တည့်တည့်မှာ လိုဏ်ဂူကြီး အကြီးကြီးနဲ့ ရေတွေရှိတယ်။ အဲဒီရေတွေက ပင်လယ်ရေ အတက်အကျနဲ့ ဆက်နေတယ်။ ရေပြင်ပေါ်မှာလဲ ဌာပနာတွေတင်ထားတဲ့ ကရဝိက်ရွှေလှေ ရှိတယ်ဗျ”ဟု ပြော၏။
(ကျီး)...ဟုတ်ပါ့မလား ဆရာရယ်.. မယုံနိုင်စရာဘဲ။ မျက်မြင်ကိုယ်တွေ့ တွေ့သူ ရှိလို့လား၊ ဒီအကြောင်းက ဒဏ္ဍာရီလိုလို ပုံပြင်လိုလို ပြောနေကြတာမဟုတ်လား။
ဦးရွှေသိန်းက-ပုံပြင်လဲ မဟုတ်ဘူး၊ ဒဏ္ဍာရီလည်း မဟုတ်ဘူး၊ တကယ့်ကို မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့ရပါတယ်-ဆိုတဲ့ အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ပြရင် ယုံမှာလား-ဟု ပြော၏။
ကျီး...“သက်သေအထောက်အထားနဲ့ပြရင် ယုံတာပေါ့ ဆရာ၊ ဘယ်လောက်ခိုင်မာတဲ့ သက်သေအထောက်အထားလဲ”ဟု အလောတကြီး မေးလိုက်၏။
ကိုကျီးမနိုးကတော့ ရဲအရာရှိပီပီ ခိုင်မာတဲ့ သက်သေအထောက်အထားတွေ ဘာတွေနဲ့ အတိအကျမေးနေပြန်ပြီ၊ ဒီလိုဗျ...ကျွန်တော့်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀-နီးပါးက ကြေးမုံသတင်းစာ တစောင်ရှိတယ်။ အဲဒီသတင်းစာထဲမှာ ရွှေတိဂုံဘုရားအောက်က လိုဏ်ဂူထဲရောက်ပြီး လိုဏ်ဂူထဲက ရေပေါ်မှာ ဆံတော်တွေ ဌာပနာထားတဲ့ ရွှေလှေကြီးကို မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့ရသူ လူအကြောင်း ဓာတ်ပုံအထောက်အထားတွေနဲ့ ပါတယ်ဗျ။
ဟင်-ဟုတ်လား
ဟုတ်တယ်ဆရာရေ...နောက်နေ့ကျ အဲဒီသတင်းစာကို ယူလာပြမယ်၊
ဤသို့ဖြင့် ကျွန်ုပ်၏မိတ်ဆွေကြီး ဦးရွှေသိန်းသည် နောက်တနေ့တွင် လွန်စွာမှ ဟောင်းနွမ်းနေပြီး လွန်စွာမှ ဆွေးမြည့်နေပြီဖြစ်သော ကြေးမုံသတင်းစာတစောင်အား ပေး၍ ကျွန်ုပ်လည်း ချက်ချင်းပင် သတင်းစာအားယူ၍ ကြည့်လိုက်ရာ---
(၁၃၂၉)ခု တပေါင်းလဆန်း ၁၅-ရက်၊ ဗုဒ္ဓဟူးနေ့၊ (13.3.68)၊ (၁၃၄၂)ခု ရက်စွဲများ ရေးထားသော
ကြေးမုံသတင်းစာအား ခေါင်းစီးဒီဇိုင်းအနီရောင်ဖြင့် တွေ့လိုက်ရ၏။
(မှတ်ချက်။ ။ သတင်းစာပေါ်ရှိ ရက်စွဲများမှာ မူရင်းသတ်ပုံအတိုင်း ကူးယူဖော်ပြထားခြင်းဖြစ်၏)
သတင်းစာ၏ မျက်နှာဖုံးစာမျက်နှာတွင် ရွှေတိဂုံစေတီတော်ကြီး၏ ဓာတ်ပုံနှင့်အတူ-
ရွှေတိဂုံစေတီတော်ကြီးအောက်မှ အံ့မခန်း ဆံတော်တွင်း ဗိသုကာလက်ရာများ ရင်သပ်ရှုမောဖွယ် ဆန်းကြယ်လှ၊ လွန်ခဲ့သည့် နှစ် ၆၀-ကျော်က ဝင်ရောက်ခဲ့ဖူးသူက ဂေါပက အဖွဲ့သို့တင်ပြခြင်း...ဟူသော စာသားများကို တွေ့လိုက်ရ၏။ သတင်းနှင့်အတူ ဌာပနာတိုက်အတွင်းသို့ ဆင်းလာခဲ့ဖူးသူ၏ ဓာတ်ပုံကိုလည်း ဖော်ပြထားသည်ကို တွေ့လိုက်ရပြန်၏။
ထိုသတင်းအား ဖတ်ပြီး လွန်စွာမှ အံ့သြသွားကာ ဤအကြောင်းအရာအား မသိရှိသေးသူများ၊ ဗဟုသုတ ရှာဖွေလိုသူများအား သိစေလိုသောစေတနာဖြင့် သတင်းအား မိတ္တူကူးယူခြင်း၊ ဓာတ်ပုံများအား မိတ္တူ ကူးယူခြင်းများ ပြုလုပ်လျက် သတင်းစာထဲတွင် တွေ့ရသည့် စာလုံးပေါင်းသတ်ပုံများအတိုင်း တလုံးမကျန်အောင် ဂရုစိုက်ပြီး စနစ်တကျကူးယူ၍ မဂ္ဂဇင်းတိုက်သို့ မနှေးအမြန် ရေးပို့လိုက်ရပေသတည်း။
ဌာပနာတိုက်လိုဏ်ဂူမှာ ရွှေတိဂုံရင်ပြင်တော် တနင်္ဂနွေထောင့်ရှိ ဆုတောင်းပြည့်ဘုရားနဲ့ ဆုတောင်းပြည့် တန်ဆောင်းနေရာတွင် ရှိသည်ဆိုသော်လည်း နောက်တိုးတန်ဆောင်းနှင့် ဘုရားများ ထပ်မံမွမ်းမံပြင်ဆင် ထားမှုကြောင့် အတိအကျ ပြသနိုင်ခြင်းမရှိဘဲ ဆုတောင်းပြည့်စေတီ၏ လိုဏ်ဂူအောက်တွင်ရှိမည်ဟုသာ ခန့်မှန်းညွှန်ပြသွားနိုင်သည်ဆို၏။
လေ့လာစူးစမ်းလျက် ရှိသည်ဟု သိရသည်။
ဤမျှ ထုထည်ကြီးမားသော စေတီအဆောက်အအုံကြီးကိုပင် ပင်မအလယ်တိုင်မပါ၊ သံရက်မ, မရှိဘဲ ကျောက်တုံးကျောက်ခဲများဖြင့်သာ တည်ဆောက်ပြီး ပင်လယ်ရေ ဝင်ပေါက် ထွက်ပေါက်နှင့် အလင်းရောင်ယူထားပုံမှာ ရှေးဗိသုကာများ၏ ပြောင်မြောက်သော အံ့မခန်းလက်ရာဖြစ်ပါသည်။
ကျီးမနိုးတင်ဝင်း (ပေါင်းတည်)
(ဂမ္ဘီရ ၂၀၀၇-၁၂)


















