* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, December 14, 2010

ခြွင်းချက်မရှိသော ချစ်ခြင်းမေတ္တာသည် အားလုံးထံသို့ ပျော်ရွှင်မှုကို သယ်ဆောင်လာသည်

အကျွန်ုပ်တို့အားလုံးက အကျွန်ုပ်တို့ဟာ အချစ်ခံချင်ကြသလို ချစ်တတ်ကြတယ်ဆိုတာကို ယုံကြည်ဖို့ လိုအပ်ပါတယ်။ အကျွန်ုပ်တို့ဟာ အကျွန်ုပ်တို့ရဲ့အပြစ်ကင်းစင်ခြင်း လွှမ်းခြုံထားတဲ့ အကျွန်ုပ်တို့မိခင်ရဲ့ ချစ်ခြင်းမေတ္တာဖြင့် လုံခြုံစိတ်ချရတဲ့ဘ၀ကို စတင်ပါတယ်။ ချစ်ခြင်းမေတ္တာဟာ စဉ်းစားဖွယ်ရာ မေခွန်းတော့ မဟုတ်ခဲ့ပါ။ ဒါပေမယ့် အဲဒီအချိန်ကို ကျော်လွန်သွားခဲ့ပြီးတော့ အကျွန်ုပ်တို့ဟာ ပို၍ပို၍ မယုံကြည် မသေချာ မရေမရာ ဖြစ်လာပါတယ်။

ချစ်ခြင်းမေတ္တာနဲ့ပတ်သက်တဲ့လမ်းကြောင်းမှာ Deepak Chopra က ပြောပါတယ်။ အဲဒါကတော့ စိတ်ပိုင်း ဆိုင်ရာအရသက်ဝင်ယုံကြည်မှုကို အကျွန်ုပ်တို့ရဲ့ဆက်နွှယ်မှုထဲသို့ ပြန်လည်သယ်ဆောင်လာခြင်းဖြင့် အကျွန်ုပ်တို့ဟာ နက်ရှိုင်းပြီး အဓိပ္ပါယ်ပြည့်ဝတဲ့ ကမ္ဘာတစ်ခုကို ရှာဖွေနိုင်ပါတယ်။
သူ ပြောတာက “သင့်တို့ရဲ့ဘ၀တစ်ခုလုံးအတွက် ပြည့်ပြည့်၀၀အချစ်ခံရဖို့နဲ့ အပြည့်အ၀ချစ်တတ်ဖို့ သင်တို့ကို ဖန်တီးခဲ့တယ်” ဆိုတာ ဖြစ်ပါတယ်။

အကျွန်ုပ်တို့ဟာ ဂရန်ချပေးဖို့တရားဝင်ခွင့်ပြုချက်အတွက် ချစ်ခြင်းမေတ္တာကို ရယူဖို့ စတင်တဲ့အခါ - ဘ၀နဲ့ပတ်သက်လို့ ပိုင်ဆိုးပိုင်နင်းတစ်ဦးတည်းမူပိုင် ရယူဖို့ စတင်တဲ့အခါ - ဒီအခါမှာစလို့ ပြဿနာက စတင်ပါတယ်။ အကျွန်ုပ်တို့ဟာ အကျွန်ုပ်တို့ချစ်တဲ့သူများ (အကျွန်ုပ်တို့ရဲ့ကလေးများ- ဇနီးသားသမီးများ - သူငယ်ချင်းများ) နဲ့ပတ်သက်တဲ့ စိတ်ကြိုက်လွတ်လပ်ခွင့်များ - နယ်ပယ်များကို ပိတ်ပင်ငြင်းပယ်ပါတယ်။

အမှုမဲ့အမှတ်မဲ့ သတိလက်လွတ် အကျွန်ုပ်တို့ဟာ အကျွန်ုပ်တို့ရဲ့ ချစ်ခြင်းမေတ္တာကို သတ်ဖြတ်ဖို့ စတင်ပါတော့တယ်။ အကျွန်ုပ်တို့ဟာ အကျွန်ုပ်တို့ချစ်တဲ့သူများရဲ့ လွတ်လပ်ခွင့်ကို ထိန်းချုပ်ဟန့်တားထားတဲ့အခါ အကျွန်ုပ်တို့ကိုယ်တိုင်အတွက်လည်းပဲ အကျဉ်းသားဘ၀ကို ဖန်တီးပါတယ်။

Osho က “ အချုပ်အချယ်ကင်းတဲ့ လွတ်လပ်မှုဟာ ချစ်ခြင်းမေတ္တာထက် တန်ဖို့မြင့်တဲ့ အရာတစ်ခု ဖြစ်တယ်”လို့ ပြောပါတယ်။ ချစ်ခြင်းမေတ္တာဟာ ထိန်းချုပ်ဟန့်တားပြီး အခြားသူများရဲ့နယ်ပယ်ထဲသို့ ချဉ်းနင်းဝင်ရောက်လာတဲ့အခါ အဲဒီအရာက ထိန်းချုပ်ဟန့်တားခံရပါတယ်။

ချစ်ခြင်းမေတ္တာဟာ လေပြည်လေညှင်းများဖြင့် လွတ်လပ်အချုပ်အချယ်ကင်းတဲ့နယ်ပယ်မှာ ဖွင့်ဖြိုးဝေဆာပါတယ်။ အကျွန်ုပ်တို့ဟာ မှန်ကန်တဲ့ချစ်ခြင်းမေတ္တာရဲ့သဘာဝကို သဘောပေါက်လျင်သဘောပေါက်ချင်း အကျွန်ုပ်တို့ဟာ ချစ်ခြင်းမေတ္တာဖြင့် လဲပြိုကျခြင်းမရှိနိုင်တော့ဘဲ အကျွန်ုပ်တို့ဟာ ချစ်ခြင်းမေတ္တာဖြင့် အမှန်တကယ် မြင့်တတ်လာပါတော့တယ်။ ဒီအခိုက်မှာပဲ ချစ်ခြင်းမေတ္တာဟာ ခြွင်းချက်မရှိ ဖြစ်လာပါတယ်။

အကျွန်ုပ်တို့ဟာ အကျွန်ုပ်တို့ရဲ့ချစ်ခြင်းမေတ္တာကို ပေးပါတယ်။ ပြီးတော့ အဲဒါကို လက်ခံတဲ့သူအားလုံးအတွက် အလွန်ဝမ်းမြောက်ပျော်ရွှင်ရပါတယ်။ အကြောင်းကတော့ အကျွန်ုပ်တို့ဟာ အကျွန်ုပ်တို့ကိုယ်တိုင် ရင်ဖွင့်ထားတဲ့ ဒီနည်းလမ်းကြောင့်ဖြစ်ပါတယ်။

Oshoက ပြောပါတယ်။ တိမ်တိုက်များမှာ မိုးရေများပြည့်နေတဲ့အခါ အဲဒါတွေက မိုးရွာချခြင်းဟာ သူ့တိုရဲ့ အခြေအနေလိုအပ်ချက်အရ ဖြစ်ပါတယ်။ အလားတူ အကျွန်ုပ်တို့ဟာ ချစ်ခြင်းမေတ္တာများ ပြည့်ဝလာတဲ့အခါ အားလုံးသို့ အကျွန်ုပ်တို့ရဲ့ချစ်ခြင်းမေတ္တာကို ပေးအပ်ဖို့ဟာ အကျွန်ုပ်တို့ရဲ့ လိုအပ်ချက်အရ ဖြစ်ပါတယ်။

ဒီနောက် အကျွန်ုပ်တို့ဟာ အပြန်အလှန်အားဖြင့် ချစ်ခြင်းမေတ္တာကို လက်ခံသလား လက်မခံဘူးလားဆိုတာ အကျွန်ုပ်တို့ကို မပတ်သက် မသက်ဆိုင်စေပါ။

အကျွန်ုပ်တို့ဟာ ရိုးရိုးရှင်းရှင်းပေးခြင်းကို ကြည်နူးသာယာပျော်ရွှင်ပါတယ်။ ခြွင်းချက်သဘောဆောင်တဲ့ ချစ်ခြင်းမေတ္တာဟာ တပ်မက်တွယ်တာမှုသံယောဇဉ် ဖြစ်ပါတယ်။ ဒါက နှောင်ကြိုးဖြစ်ပါတယ်။ ဒါ့ကြောင့် အဲဒါက စိတ်ရဲ့လှည့်စားမှုတံလျှပ်ကဲ့သို့အရိပ်အယောင်တစ်ခုလည်း ဖြစ်ပါတယ်။

အကျွန်ုပ်တို့ဟာ လွတ်လပ်ကင်းရှင်းချင်တယ်လို့ ပြောကြပါတယ်။ ဒါပေမယ့် တစ်ကိုယ်တော်အထီးတည်း နေထိုင်ဖို့ ရဲဝံ့စွာရင်ဆိုင်နိုင်စွမ်းရှိတဲ့ လုံလောက်တဲ့သတ္တိရှိပါသလား? .......အကျွန်ုပ်တို့ဟာ အဖော်မဲ့အထီးကျန်မှုကို ကြောက်ကြပါတယ်။ အကျွန်ုပ်တို့ဟာ လွတ်နေ- အားလပ်နေ- မသိမ်းပိုက်ဘဲနေတော့မှာကို ကြောက်ကြပါတယ်။

အကျွန်ုပ်တို့ဟာ ချစ်ခြင်းမေတ္တာကို ရှာဖွေဖို့အတွက် ပြင်ပမှာ ရှာဖွေနေကြပါတယ်။ ဒါပေမယ့် ဖြစ်နိုင်ခြေကတော့ တွယ်တာတပ်မက်မှုကို ရှာဖွေနေတာဖြစ်နိုင်ပါတယ်။
တစ်လျှောက်လုံးလုံး အကျွန်ုပ်တို့ရဲ့လိုအပ်ချက်ဟာ တွယ်တာတပ်မက်မှု ဖြစ်နေနိုင်ပါတယ်။ ချစ်ခြင်းမေတ္တာဟာ အဲဒါ(တပ်မက်တွယ်တာမှု)ကို ရရှိဖို့လမ်း (ငါးစာ-တည်ကြက်) ဖြစ်ခဲ့ပါတယ်။ ခြွင်းချက်မရှိသောချစ်ခြင်းမေတ္တာဟာ တပ်မက်တွယ်တာမှု ဖြစ်လာလိမ့်မည်မဟုတ်ပါ။

ဒါပေမယ့် သင့်ရဲ့ပါတနာကို “အကျွန်ုပ်ကိုသာ ချစ်ပါ” လို့ သင်ပြောတဲ့အခိုက် သင်ဟာ သူမကို ပိုင်ဆိုင်ဖို့ စတင်ပါတယ်။ အဲဒီနောက် ပိုင်ဆိုင်ခြင်းဖြင့် သင်ဟာ အသုံးချဖို့ ရုပ်ဝတ္ထုပစ္စည်းတစ်ခုအဖြစ် သင့်ရဲ့ ချစ်သူကို ပြောင်းလဲရုပ်လုံးဖော်နေပါတယ်။ Immanuel Kant က ပြောပါတယ်။ နည်းလမ်းတစ်ခုလို အခြားသူများကို သတ်မှတ်သဘောထားခြင်းဟာ မကောင်းယုတ်မာတဲ့အပြုအမူတစ်ခု ဖြစ်ပါတယ်။

အခြားစကားလုံးမှာတော့ လူသားတစ်ယောက်လို သင်ဟာ သင့်ရဲ့ အားရကျေနပ်မှုအတွက်- သင့်ရဲ့ လိင်ပိုင်းဆိုင်ရာ လိုအင်ဆန္ဒအတွက် - သင့်ရဲ့ အခြားတစ်စုံတစ်ခုအတွက် - သင့်ရဲ့ချစ်သူကို သင် ရှုမြင်လျင် သင်ဟာ သင့်ရဲ့ပါတနာကို ရုပ်ဝတ္ထုပစ္စည်းတစ်ခုတိုင်အောင် လျော့နည်းအောင်လျှော့ချလိုက်တာ ဖြစ်နေပါတယ်။

သင်ဟာ အကျဉ်းသားဘ၀မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် မလွဲဧကန် နောက်ဆုံးမှာ သင်ဟာ အချုပ်အချယ်ကင်းတဲ့ စိတ်ကြိုက်လွတ်လပ်ခွင့်ကို ဆန္ဒရှိလာပါလိမ့်မယ်။ သင်ရှိပြီးတဲ့အရာက သင့်ကို ငြီးငွေ့စိတ်ကုန်စေပါလိမ့်မယ်။ သင် ရှိပြီးမဟုတ်တဲ့အရာအတွက် သင့်ကို တမ်းတစေပါလိမ့်မယ်။ ဒါမှမဟုတ် သင်ဟာ သင့်ရဲ့ပါတနာကို ပိုင်ဆိုင်နေစဉ် - အပြင်းအထန် ကြိုးပမ်းနေခြင်းဖြစ်နေစဉ်တောင် လွတ်လပ်ဖို့ ကြိုးစားလာနိုင်ပါတယ်။

Osho ကပြောပါတယ်။ “အကျွန်ုပ်ဟာ လွတ်လပ်တဲ့သူတစ်ဦး ဖြစ်ချင်တယ်။ ဒါပေမယ့် အကျွန်ုပ်က သင့်ကို ပိုင်ဆိုင်ချင်တယ်။ သင်က သင့်ရဲ့ လွတ်လပ်မှုကို ထိန်းသိမ်းထားချင်ပေမယ့် အကျွန်ုပ်ကို ပိုင်ဆိုင်နေဆဲ ဖြစ်တယ်။ ဒါဟာ ယှဉ်ပြိုင်အားထုတ်မှု ဖြစ်ပါတယ်။

အကျွန်ုပ်တို့ဟာ တစ်ဦးကိုတစ်ဦး ထိန်းသိမ်းရပါမယ်။ အကျွန်ုပ်တို့ဟာ မှီခိုရခြင်းကင်းတဲ့လွတ်လပ်တဲ့သူ -လွတ်လပ်တဲ့စိတ်ကဲ့သို့ ရွေ့လျားလှုပ်ရှားရပါမယ်။
အကျွန်ုပ်တို့ဟာ တစ်စိတ်တည်းတစ်ဝမ်းတည်းအတူတကွ လာနိုင်ပါတယ်။ အကျွန်ုပ်တို့ဟာ တစ်ဦးကိုတစ်ဦး ပေါင်းရောနိုင်ပါတယ်။ ဒါပေမယ့်တစ်ဦးကိုတစ်ဦး မပိုင်ဆိုင်ပါ။ အဲဒီနောက် နှောင်ကြိုးမရှိတော့ပါ။ ပြီးတော့ တွယ်တာတပ်မက်မှု မရှိတော့ပါ။”

ချစ်ခြင်းမေတ္တာဟာ ပိုင်ဆိုင်ခြင်းနဲ့ မလိုတမာဖြစ်ခြင်းမှ ကင်းရှင်းတဲ့ သန့်ရှင်းလတ်ဆတ်တဲ့လေကို ရှုရှိုက်တဲ့အခါ ချစ်ခြင်းမေတ္တာဟာ ကောင်းချီးမင်္ဂလာတစ်ခု ရောက်ရှိလာပါတယ်။ တကယ့်အောင်ပွဲအခမ်းအနားက ရောက်ရှိလာပါတယ်။
အကဲဖြတ်စီရင်ချက်ချတော့မည်မဟုတ်ပါ။ ပြစ်တင်ဝေဖန်တော့မည်မဟုတ်ပါ။ မျော်လင့်စောင့်စားတော့မည် မဟုတ်ပါ။ ကန့်သတ်ထိန်းချုပ်ဖို့ကြိုးစားတော့မည်မဟုတ်ပါ။

စိတ်နှလုံးသားဟာ လွတ်လွတ်လပ်လပ်ကင်းကင်းရှင်းရှင်းသာလျင် ရှင်သန်ကြီးထွားလာနိုင်ပါတယ်။ ပြီးတော့ ခြွင်းချက်မရှိသောချစ်ခြင်းမေတ္တာဟာ အချုပ်အချယ်ကင်းစွာလွတ်လပ်ခွင့်ကို ဖြည့်ဆည်းပံ့ပို့ပေးပါလိမ့်မယ်။

Osho က ပြောပါတယ်။ “အကျွန်ုပ်ရဲ့သတင်းစကားဟာ biology နဲ့ theologyရဲ့ ဟိုမှာဘက်ကို ကျော်လွန်သွားပါတယ်။ လူအများနှင့်သာလျင်မဟုတ်ဘဲ တိရစ္ဆာန်များ- သစ်ပင်များ- ငှက်များ- တိမ်တိုက်များ- ကြယ်တာရာများဖြင့် ဖြစ်နိုင်လျင်ဖြစ်နိုင်သလောက် ချစ်ခြင်းမေတ္တာဟာ သင့်ရဲ့ အသိညဏ်ဆိုင်ရာ မျှဝေခြင်းမှတစ်ပါး- အခြားမရှိပါ။”


Swami Chaitanya Keerthi

Read more...

111 Days - (၁၁၁)ရက်


ဒီBlogကို စလာတာ ဒီနေ့ (၁၁၁)ရက် ရှိပါပြီ။ (၁၁၁)ရက်မြောက်နေ့ အမှတ်တရအဖြစ် ဒီBlogမှာ တင်ခဲ့တဲ့ “The Way to Nibbana - နိဗ္ဗာန်လမ်း” (၂၁)ပိုင်းကို စုပေါင်းပြီး E-book လုပ်လိုက်ပါတယ်။

ဒီBlogမှာ စာဟောင်းတော်တော်များများ တင်ခဲ့ပြီး “The Way to Nibbana - နိဗ္ဗာန်လမ်း”ဟာလည်း အဟောင်းတစ်ခုပဲ ဖြစ်ပါတယ်။ အဟောင်းဆိုပေမယ့် Zawgyi Fontနဲ့ နည်းနည်းချင်း စာပြန်စီရတဲ့အတွက် (၂၁)ပိုင်းခွဲခဲ့ရပါတယ်။

ဒီE-bookဖြစ်လာဖို့ (၁၁)နှစ်လောက် ကြာခဲ့ပါတယ်။ ကမ္ဘာ့ကုန်သွယ်ရေး အဆောက်အဦ (World Trade Centre)ကို အကြမ်းဖက်သမားတွေ လေယဉ်နဲ့ တိုက်ချလိုက်ပြီး တစ်လနှစ်လ အကြာမှာ ဓမ္မစေတီဆရာတော် အရှင်ကောသလ္လက အပ္ပမာဒဓမ္မရသမဂ္ဂဇင်း အယ်ဒီတာ မြသန်းစံ(ဦး)နဲ့ မိတ်ဆက် ပေးပါတယ်။ အရင်က သူ့မဂ္ဂဇင်းမှာ စာရေးခဲ့ပေမယ့် စာမူကို စာတိုက်ကပို့ခဲ့တာ ဖြစ်တဲ့အတွက် ပုဂ္ဂိုလ်ရေးအရ သိကျွမ်းခြင်း မရှိခဲ့ပါဘူး။ နာမည်ပြောလိုက်တော့ သူ့မဂ္ဂဇင်းမှာရေးတဲ့ ကလောင်နာမည် တစ်ခုကို သတိရပြီး ဟုတ်သလား မေးတော့မှ ဟုတ်ပါတယ်ဆိုပြီး အချင်းချင်း သိခဲ့ပါတယ်။ နောက်တော့ သူ့မဂ္ဂဇင်းအတွက် စာအုပ်တစ်အုပ် ဘာသာပြန်ပေးပါဆိုပြီး သီရိလင်္ကာ ဆရာတော်ကြီး Narada Theraရဲ့ The Way to Nibbanaကို ပေးပါတယ်။ အဲဒါကို အစအဆုံး ဘာသာပြန်ပေးလိုက်ခဲ့ပေမယ့် သူလည်း သိပ်မကြာခင် အယ်ဒီတာအလုပ်က အနားယူသွားတဲ့ အတွက်ကြောင့် အယ်ဒီတာ အကူးအပြောင်း ကာလမှာ စာမူပျောက်သွားပြီလား မသိပါဘူး။ ဘာပဲဖြစ်ဖြစ် ကိုယ့်ဆီမှာ Soft Copyကျန်သေးတဲ့အတွက် ဒီBlogမှာ တင်နိုင်ခဲ့ပါတယ်။

Downloak Links

Read more...

မလိုချင်ပါမှ လိုချင်တာရမည်

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး ဟောကြားဆုံးမတော်မူသော တရားတော်

သာသနာဆိုတာ




ကျောင်းရောက်ဖူးသလား




မလိုချင်ပါမှ လိုချင်တာရမယ်




သံဃာကို တကယ်မြင်နိုင်အောင်



ဒီလောက်နဲ့ မကျေနပ်နှင့်



Read more...

*၀ိပဿနာအစ သံဝေဂ…*

အထူးသဖြင့် ဘုန်းဘုန်းတို့ သံဝေဂမှာ ဘယ်ဟာ အကောင်းဆုံးလဲလို့ မေးတော့ သေခြင်းတရားဟာ အဓိကကျတယ်လို့ မှတ်ကြပါ။ ကျန်တဲ့ ဒီကမ္မဋ္ဌာန်းတွေ၊ ကမ္မဋ္ဌာန်းတွေ ဆိုတာတွေကတော့ ကောင်းတော့ ကောင်းပါတယ်၊ မကောင်းဘူး မဟုတ်ဘူး.. ကောင်းတယ်နော်..၊ သို့သော်.. သဗ္ဗတ္ထ ကမ္မဋ္ဌာန်းဆိုတာ.. စရိုက်မျိုးစုံနဲ့ ကိုက်တဲ့ ကမ္မဋ္ဌာန်းကတော့ သေခြင်းတရားပဲ..။ နားလည်မလား.. သေခြင်းတရား ကမ္မဋ္ဌာန်းကတော့ စရိုက်မျိုးစုံ ကိုင်ရမှာနော်.. အသေမပါဘဲ မရကို မရတာ.. သဘောပေါက်လား..၊

စဉ်းစား.. စဉ်းစား.. ဒီ ဘုရားအလောင်းတော် ကြီးလည်း တောထွက်တာ အဲဒါနဲ့ ထွက်တာလေ..၊ ပထမ.. တောမထွက်နိုင်ဘဲ အလောင်းတော်ကြီး ပျော်နေတာ..၊ နတ်တွေက သူအိုရယ်၊ သူနာရယ်၊ သူသေရယ်၊ ရဟန်းရယ်လေ.. နိမိတ်ပြတော့မှ နှလုံးသွင်းရင်းနဲ့ ပွားတော့မှ.. တောထွက်တာလေ.. သဘောပေါက်လား..၊ ဒါဖြင့် အသေမပါဘဲနဲ့ ရပါ့မလား.. မရဘူး..။

တစ်ခါ မိုးကုတ်ဆရာတော်ကြီး ရဟန္တာ တာလည်း အကဲခတ်လိုက်..၊ ဆရာတော် ဘုရားကြီး သံဝေဂ ဘယ်လောက်ပြင်းလဲ ဆိုရင် ဆောင်ပုဒ်ကို ရွတ်ကြည့်ရင် အဖြေပေါ်လိမ့်မယ်..။

ငါသည် မုချသေရမည်၊ အချိန်ပိုင်းသာ လိုတော့သည်၊ အသေမဦးခင် ဉာဏ်ဦးအောင် အားထုတ်ပါတော့မည်

သဘောပေါက်လား.. ဆရာတော် ဘုရားကြီးမှာက အချိန်ကာလ နည်းနည်းပဲ ကျန်တော့တယ်.. သေတော့မယ်.. အသေမဦးခင်မှာ ဒီဘက်က ကိလေသာ သတ္တိတွေ၊ ကိလေသာ သတ္တိဆိုတာ အမှောင်သတ္တိကို ကိလေသာလို့ခေါ်တယ်.. စိတ်အမြင်မှားတွေ ဉာဏ်ကဦးလို့ ကုန်သွားမှ အေးမှာ..၊ မသေခင် ကုန်အောင်လုပ်မယ်.. လို့ အရေးတကြီး ကြိုးစားနေတာ ဖြစ်တယ်။ ဒါဖြင့် ရှေ့မှာ ဘာအမြင်ရှိလဲဆိုရင် သေမှာကို တော်တော်ကြာ သေမယ်လို့ မြင်ထားတာကိုး..။ အဲဒီအမြင်ရှိမှ ၀ိပဿနာ ကူးလို့ရမှာ..၊ တော်တော်ကြာရင် သေတော့မှာ..၊ မသေခင်မှာ ကိလေသာ ကုန်အောင် လုပ်တော့မယ်..၊ ဘာလို့လဲဆိုရင် သာသနာတွင်း ကြုံရကျိုး နပ်အောင်လေ..။ သဘောပေါက်လား..။

စဉ်းစားပါ..၊ သာသနာပမှာက အိမ်ထောင်သားမွေး မရှိဘူးလား..၊ ရှိတယ်လေ.. စီးပွားရှာတာကော မရှိဘူးလား..၊ ဘုရားအဆုံးအမ မရှိခင် ကာလကတည်းက လူတွေ စီးပွားရှာကြတယ်၊ အိမ်ထောင်သားမွေး ပြုကြတယ်။ ပွဲလမ်းသဘင်တွေ မရှိကြဘူးလား.. ဟိုး ရှေးတည်းက ရှိတာ..။ ဇာတ်ပွဲ အငြိမ့်တွေ ရှိတာပဲနော်.. ဒါတွေက ရိုးနေပြီလေ..။ ဟိုးအရင်တုန်းက ချိတ်ရည်လေးတွေကို နှုတ်ခမ်းမှာ ရဲနေအောင် ဆိုးကြတယ်၊ ဒါလည်း လှတာပဲ၊ ဆံပင် အမျိုးမျိုး ထုံးကြတယ်၊ အလှမျိုးစုံ လုပ်တာပဲ.. ရှေးတည်းက ရှိတာနော်..။

ကာမဂုဏ်ငါးပါး ခေါ်ပါတယ်။ အဆင်းလှလှ၊ အသံသာသာ၊ အနံ့မွှေးမွှေး၊ အရသာကောင်း၊ အတွေ့ ကောင်းတာတွေကတော့ ရှေးတည်းက တီထွင်ကြံဆတာ မရှိဘူးလား..၊ ရှိတယ်လေ..။ ဒါတွေက ရိုးနေပြီလေ.. သဘောပေါက်လား.. ရမယ်နော်..။ အဲ.. ဘုရားအဆုံးအမ သာသနာတွင်း ကြုံတဲ့အခါမှာ အဲဒါတွေနဲ့ ပျော်နေမယ်ဆိုရင် ကြုံရကျိုး နပ်ပါ့မလား..၊ မနပ်ဘူး..။

ဘုရားက နည်းပေးနေပြီလေ.. အဲလို ကာမဂုဏ်ငါးပါး နဲ့ ပျော်လို့ ဒီထဲမှာ အမှောင်ဓာတ်တွေသာ တိုးနေမယ်ဆိုရင် သေလည်းပဲ ဘ၀တစ်ဖန် ဆက်မှာပဲ..။ သဘောပေါက်လား.. ဆက်ပြီးတော့ အစုန်အဆန် သွားနေမှာပဲ.. မဆုံးတော့ဘူး..။ နားလည်တယ်နော်.. ချမ်းသာတစ်လှည့် ဆင်းရဲတစ်လှည့် သွားနေမှာပဲ..။ ဒေါသ၊ မာန များသွားပြန်.. အောက်ပြန်ကျပြန်ရင်း.. မေတ္တာများပြန်လည်း အပေါ်တက်သွားပြန်ရင်း..၊ အရမ်း ချမ်းသာလာပြီဆိုရင် လောဘတက်သွား မေတ္တာနည်းတော့ အောက်ပြန်ကျရင်း.. ပေါ့။ သဘောပေါက်လား.. စဉ်းစားလေ.. ကိုယ့်ကိုယ်ကို ပြန်ကြည့်လေ.. စီးပွားတွေ နည်းနည်း များလာပြီဆိုရင် စီးပွားတွေ ထိန်းနိုင်အောင်၊ လုငန်းတွေနဲ့ ပတ်သတ်တာတွေ တွေးတာတွေ အချိန်မပေးရဘူးလား.. များများပေးရင် ကဲ.. တစ်ဘက်သားကို တန်ဖိုးထား ချစ်တဲ့မေတ္တာ ပေးတဲ့အချိန် နည်းမသွားဘူးလား.. ဟုတ်တယ်။ နည်းသွားရင် ပြန်ကျပြန်တာပဲ..။ လုပ်ရင်းကိုင်ရင်းနဲ့ ချော်လာပြန်တာပဲ..။ သဘောပေါက်လား.. သတိထားနော်။ ထပ်တူ တစ်ဘက်သားကို ခံစားပြီး ပေးတဲ့ပီတိတွေ နည်းသွားပြန်ပြီ ဆိုရင် ပြန်ကျလာတယ်..။ အပူတွေ များသွားပြီဆို ပြန်ကျလာတယ်။ ချမ်းသာလာပြီဆို.. လုပ်ငန်းတွေ များလာပြန်ရင်.. အဲဒီမှာ အချိန်ပေးတာ များသွားတော့ ပြန်ကျသွားပြန်တာပဲ.. သဘောပေါက်လား..။

အမှန်က သိရမယ်လေ။ ဒီက တစ်ဘက်သားကို ထပ်တူခံစားပြီး ပျော်တဲ့ပီတိက ကိုယ့်ကို ထောက်ပံ့တာလို့ နားလည်ရင် ဒါကို လက်မလွှတ်ရဘူး။ သဘောပေါက်လား.. ဒါပေမယ့်လို့ မရပါဘူး.. မေ့တာပဲနော်။ အဲတော့ အစုန်အဆန် သွားနေကြတာ..။ အဲတော့ ဘုရားသာသနာ ကြုံတော့မှသာ ဒီသဘောကြောင့် ပါလားလို့ ကိုယ့်မှာ ရဲရဲကြီး ရိပ်မိတာ.. ရပြီနော်.. ချမ်းသာတာလည်း နှလုံးသွင်းတည့်လို့..၊ ထပ်တူခံစားပြီး တစ်ဘက်သားကို ချစ်လို့..၊ ပျော်အောင်ဖန်တီးပေးတဲ့ ပီတိကနေ ထောက်ပံ့လို့ပါလားလို့ သိရတာ.. နားလည်မလား.. ရပြီနော်..။

တစ်ခါ ၀ိပဿနာကို တက်တော့မယ် ဆိုရင်လည်းပဲတဲ့.. နှလုံးသွင်းရမှာက တော်တော်ကြာ သေမယ်ဆိုတာကို မမေ့ရဘူး..။ မမေ့အောင် ပွားရလိမ့်မယ်..။ ပွားရမှာနော်.. နှလုံးသွင်းရမှာ.. ပွားရမှာ။ ကြိမ်ဖန်များစွာ ပွားရမှာ.. ဘယ်လိုတဲ့တုန်း.. ကြိမ်ဖန်များစွာ ပွားရမှာ.. စာလုံးကြီးကြီး ရေးထားနော်.. ကြိမ်ဖန်များစွာ ပွားရမှာ.. ဘယ်လို ပွားရမှာလဲ.. ကြိမ်ဖန်များစွာ ပွားရမှာ.. ပြန်ပြောကြည့်ပါဦး.. ကြိမ်ဖန်များစွာ ပွားရမှာ.. ပွားလို့ ပုံပေါ်ရင် နှလုံးသွင်းတာနဲ့ တူမနေဘူးလား.. အတူတူပါပဲ.. ပွားသမျှ နှလုံးသွင်းတာပဲလေ.. နားလည်မနော်.. အကြိမ်ကြိမ် တော်ကြာ သေမယ်ဆိုတဲ့ အသိကို ကပ်ထားရမှာ.. နားလည်ပြီလား..။ အခု ကိုယ့်ယောဂီတွေနဲ့ ဘုန်းဘုန်းနဲ့ ဘာကွာလဲ ဘုန်းဘုန်းက စဉ်းစားကြည့်တော့.. ကွာတဲ့အချက်က အဲဒါဖြစ်နေတာ.. ဘုန်းဘုန်းက အကြိမ်များစွာ ပွားထားတော့ သက်တမ်းက သိပ်ကြာကြာ မနေရဘူးဆိုတဲ့ အသိက ခိုင်နေတယ်.. သဘောပေါက်လား..။

ခုနေ ကလေးတွေ သွားကာ၊ လာကာ၊ ပျော်ကာပါးကာ မြင်လို့ရှိရင် စိတ်ထဲမှာ.. တော်ကြာ သေမှာကို မေ့နေတာပဲလို့ အဲလို မြင်မြင်နေတယ်။ အဲဒါ ဘုန်းဘုန်း တော်တာမဟုတ်ဘူးနော်.. အကြိမ်ကြိမ် ပွားထားတာ များလို့.. သဘောပေါက်လား.. ကြိမ်ဖန်များစွာ ပွားခဲ့တာ များတော့ကာ.. ဘာကြည့်လိုက် ကြည့်လိုက်.. သိပ်ကြာကြာ မခံဘူးလေ.. သေရင်ထားခဲ့ရမှာ.. ဒီအမြင်က သန်လာတာ..။ တကယ်လည်း ဟုတ်နေတာကိုး.. ရုတ်တရက်လည်း မသေနိုင်ဘူးလား.. သေမှာလေ.. သေရင် အကုန်ထားခဲ့ရမှာ ချည်းကို.. သဘောပေါက်တယ်နော်.. နောက်ဆုံး အမြင်က ဘယ်လောက်ထိ ပြောင်း ပြောင်း လာသမလဲဆိုရင်.. သံဝေဂ အခြေခံနော်.. ၀ိပဿနာ ကူးတော့မယ်နော်.. သံဂေပါမှ ရမှာ..။

တစ်နေ့ ဘုရားရှင်က ရဟန်းတွေကို စုဝေးနေတုန်းမှာ မေးခွန်းလေး မေးတော့တာ..။ သေတဲ့ဆိုတဲ့ စကားက တခြားမဟုတ်ဘူးနော်.. ဒီလို စိတ်ကျက်စားတဲ့ အစဉ်အတန်းလေး.. ရုပ်ရှင်လိုပဲပေါ့.. စိတ်ကျက်စားတာ ပြောတာနော်.. သေခြင်းတရား အကြောင်းကိုပဲ တွေးနေတာကို ပြောတာ.. နှလုံးသွင်းတာ ပြောတာနော်.. ဘယ်လောက် အတိုင်းအတာအထိ ပွားထားပါသလဲလို့.. ဘုရားက မေးတယ်..။ စိတ်အမြင် ပြောင်းတာလေး မေးတာနော်။ တစ်ပါးက ဖြေတယ်.. လေးငါးရက်အတွင်းမှာ သေမယ်လို့ မြင်နေပါတယ်တဲ့.. စိတ်အမြင် ပြောင်းသွားပြီ.. အကြိမ်များသွားတော့ သူ့မှာ လေးငါးရက် စာလောက်ပဲ.. လေးငါးရက် ဟိုဘက်ကို တွေးလို့ရှိရင် သေမှာကို သတိရသွားပြီ။ အဲဒါကို ဘုရားက သာဓု မခေါ်ဘူးတဲ့ဗျာ..။ ဘုန်းဘုန်းက ပြုံးမိတယ်.. အင်း.. ဒို့ဆိုရင်တော့ သာဓုခေါ်မှာ မဟုတ်တော့ဘူးလို့..။

စဉ်းစားနော်.. တစ်ပါးက ဖြေတယ်.. တစ်ရက်အတွင်းလောက်ပဲတဲ့.. ဟိုဘက်ကို တွေးလို့ရှိရင် သေမှာကို သတိရသွားတော့ ဆက်တွေးစရာ မရှိတော့တာ..။ သေမယ့် ပုဂ္ဂိုလ်က ရှေ့တွေးစရာ ရှိပါ့မလား.. ဇာတ်လမ်း သိမ်းသွားပြီလေ.. စီမံကိန်းတွေ မချတော့ဘူးပေါ့နော်.. ဒါလည်း ဘုရားက သာဓု မခေါ်သေးဘူး..။ တစ်ပါးက နေ့ထက်ဝက်လောက် ကလေးပဲတဲ့.. နေ့ထက်ဝက်လောက်ကျော်ရင် လွတ်လွတ် သွားတာပေါ့နော်.. ဒါပေမယ့် အဲဒီကာလလောက်လေး တွေးလိုက်တာနဲ့ သေခြင်းတရားက ကပ်နေတော့ ဆက်မတွေးဘူး.. တော်တော် သမာဓိ ကောင်းနေပြီ။ သဘောပေါက်လား.. ဒါကြောင့် သမာဓိကို.. မှတ်ပါ.. အထူးဖမ်းစရာ မလိုဘူးနော်.. သေခြင်းတရား ကမ္မဋ္ဌာန်းသာပွား.. သမာဓိက မိနေပြီ။ သဘောပေါက်ရဲ့လား.. အလွယ်လေးပဲနော်.. ဒါ ဘုန်းဘုန်းတို့ အတွေ့အကြုံအရ သင်နေတာနော်.. သေခြင်းတရားသာ မိမိရရကိုင်ရင် သမာဓိက မိနေပြီ။ ဘာလို့လဲဆိုတော့ ပုံဖော် တွေးတယ်ဆိုတာက မသေလို့ တွေးလို့ရတာကိုး.. သဘောပေါက်တယ်နော်.. ကဲ.. ဇာတ်လမ်းမှာ ဇာတ်လိုက်က မသေရင် ဇာတ်လမ်းက ဆုံးပါ့မလား.. ဒါပေါ့.. ဇာတ်လိုက်သာ ရှိရင် ဇာတ်လမ်း မဆုံးဘူးလေ.. ဒီ **ငါ** က မသေသေးဘူးဆိုရင် စိတ်ကူးယဉ်လို့ ဘယ်ဆုံးပါ့မလဲ.. ရှေ့နှစ်ခါကော တွေးလို့ မရဘူးလား.. နောက်နှစ်ခါကော တွေးလို့ မရဘူးလား.. နောက် လေးငါးနှစ်ကော တွေးလို့ မရဘူးလား.. အဲဒီမှာ ကဲ.. အခုသေမယ်မှန်းသိရင် ရှေ့နှစ်ခါ တွေးဦးမှာလား.. အဲဒါ စကားပြောတာလေ.. ကိုယ့်ကိုယ်ကို သေမှာကို များများ နှလုံးသွင်းထားရင် ဇာတ်လမ်းရှည်စရာ အကြောင်းမရှိဘူး.. အတွေးများစရာ အကြောင်းမရှိဘူးလေ.. သဘောပေါက်ရဲ့လား.. အဲဒီတော့ အသေကမ္မဋ္ဌာန်း ပိုင်ပြီဆိုရင် သမာဓိက ဖြစ်ပြီ.. နေ့တစ်ဝက် သမားတောင် ဘုရားက သာဓု မခေါ်ဘူးတဲ့..

တစ်ပါးက တစ်ခါ တစ်နပ်စား ကာလတောင် စိတ်မချရပါဘူး.. ဒါလည်း သာဓုမခေါ်ဘူး.. နောက်တစ်ပါးက လေးငါးလုတ်တောင် စိတ်မချရပါဘူး.. ဒါလည်း သာဓုမခေါ်ဘူး.. တစ်လုတ်စားဆဲတောင် စိတ်မချရပါဘူး.. ဒါလည်း သာဓု မခေါ်သေးဘူးတဲ့.. နောက်ဆုံးအဆင့် ရှူဆဲ၊ ထုတ်ဆဲမှာတောင် စိတ်မချရဘူးဆိုမှ ဘုရားက သာဓုခေါ်တာ.. စိတ်အမြင်ပဲနော်.. တစ်ဦးနဲ့ တစ်ဦးက ဘာကွာသွားတာလဲ ဆိုတော့ စိတ်အမြင် ကွာသွားတာ.. နှလုံးသွင်းတာ မတူတော့ကာ အမြင်တူပါ့မလား.. အကြိမ်များစွာ နှလုံးသွင်းတဲ့ ပုဂ္ဂိုလ်က စိတ်အမြင် ပိုရှင်းသွားတာပေါ့.. ရမလား.. အဲတော့ တရားကျင့်တယ်ဆိုတာ အခြားမဟုတ်ဘူး.. နှလုံးသွင်းတာပါပဲ.. ကြိမ်ဖန်များစွာ အမှန်တရားကို နှလုံးသွင်းရင်း သွင်းရင်းနဲ့ စိတ်အမြင်က ရှင်းသွားတာကို ပြောတာ..

ဝိပဿနာ ကူးတာကျတော့ တကယ့်အသေကို ကူးလိုက်တာ မခက်ဘူးနော်.. တကယ့် သေခြင်းတရားဟာ ၀ိပဿနာပဲ.. ၀ိပဿနာမှ တကယ့်အသေကို မြင်တာ.. တကယ့်အသေကို မြင်တာကို ပြောတာ.. အခု ဘုန်းဘုန်းတို့တွေ လောလောဆယ် သေနေတာကို မတွေ့ဘူးနော်.. တကယ့်အသေ ရှိနေတာကို မတွေ့ကြဘူး.. ၀ိပဿနာက တကယ့်အသေကို ပြတာ.. နားလည်မလား.. လောက ပညတ်အားဖြင့် သေမှာဆိုတာက မှန်းဆတာ.. တကယ့်အသေ မဟုတ်သေးဘူး.. လူတစ်ယောက် သေသွားတာကို ဘေးကကြည့်တယ်.. နှလုံးစမ်းကြည့်တယ် မခုန်တော့ဘူး.. နှာခေါင်းဝမှာ လေမတိုးတော့ဘူး.. ဒါဆို သေပြီလို့ ဒီလို မှန်းဆပြီးတော့ သတ်မှတ်တယ်..။ ကိုယ်တိုင် ခံစားသိ အသေမဟုတ်ဘူးနော်.. တကယ့်အသေ မဟုတ်သေးဘူး.. ၀ိပဿနာက တကယ့် ပရမတ္ထ၊ တကယ့်အသေကို မြင်တာ.. တကယ့်အသေ မြင်တော့မှ ရှေ့ဆက်စရာ မရှိတာ.. အဲဒါဆိုရင် ပြတ်ပြီပေါ့.. တောင့်တ ကြောင့်ကြ လာဦးမှာလား.. မလာတော့ဘူး..။

{11.11.2009 ရက်နေ့တွင် စင်္ကာပူနိုင်ငံ တရားစခန်းတွင် ဟောကြားသော ပိုင်းလော့ဆရာတော်ဘုရား၏ တရားတော်မှ ထုတ်နုတ်ရေးသား ပူဇော်ပါသည်။}

ဆရာတော်ဘုရား၏ ဂုဏ်ကျေးဇူးတို့အား ဦးတင်လျက်

ဖိုးသား

Read more...

လူဖြစ်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်

လူဖြစ်ရခြင်း၏ အဓိကရည်ရွယ်ချက်သည် ဝမ်းစာရှာဖို့မဟုတ်၊ အိပ်ဖို့မဟုတ်၊ စားဖို့မဟုတ်၊ ကာမဂုဏ်ခံစားဖို့မဟုတ်၊ ကုသိုလ်ပြုဖို့အတွက်သာဖြစ်၏။ တိရစ္ဆာန်တွင် ဝမ်းစာရှာခြင်း၊ အိပ်ခြင်း၊ စားခြင်း၊ ကာမဂုဏ်ခံစားခြင်း ဟူသော အချက်လေးချက်ရှိသကဲ့သို့ လူတွင်လည်း ထို့အတူ လေးချက်ပင်ရှိ၏။ ဤလေးချက်သာ ရှိနေပါက လူသည် တိရစ္ဆာန်နှင့် ဘာမျှမထူး၊ အတူတူသာဖြစ်၏။

လူသားသည် ကုသိုလ်(ပရဟိတအလုပ်)ကို လုပ်တတ်၏။ တိရစ္ဆာန်ကား မလုပ်တတ်။ ဤကုသိုလ်(ပရဟိတ အလုပ်)ကြောင့်သာလျှင် လူသားသည် တိရစ္ဆာန်ထက် သာလွန်မြင့်မြတ်သွားခြင်းဖြစ်၏။ ၃၁ ဘုံတွင် လူ့ဘုံတစ်ဘုံသာ ကုသိုလ်လုပ်၍ရသလော။ အခြားဘုံများတွင် ကုသိုလ်လုပ်၍ မရပြီလောဟု မေးခဲ့ငြားအံ့။ ”မရနိုင်” ဟုသာ ဖြေရပါလိမ့်မည်။ မရနိုင် ဟူသည် လူ့ဘုံကဲ့သို့ တင်းပြည့်ကျပ်ပြည့်မရနိုင်ဟု ဆိုလိုခြင်းဖြစ်၏။

လူ့ဘုံအောက်တွင်ရှိသော အပါယ်လေးဘုံတွင် ဆင်းရဲဒုက္ခတွေ များလွန်းအားကြီးသောကြောင့် မည်သည့်ကုသိုလ်မျှ ပြုလုပ်၍မရပေ။ လူ့ဘုံအထက်တွင်ရှိသော နတ်ဘုံ၊ ဗြဟ္မာ့ဘုံတို့တွင်ကား ချမ်းသာသုခတွေ များလွန်းအားကြီးသောကြောင့် မည်သည့်ကုသိုလ်ကိုမျှ ကောင်းကောင်းလုပ်၍ မရပြန်ပေ။ ဥပမာအားဖြင့် နတ်ပြည်နှင့် ဗြဟ္မာ့ပြည်တွင် အလှူခံပုဂ္ဂိုလ် မရှိသောကြောင့် ဒါနကုသိုလ် မည်သို့မျှ မဖြစ်နိုင်ခြင်းမျိုးပင်တည်း။

ထို့ကြောင့် ဘုရားအလောင်းများသည် နတ်ပြည်သို့ရောက်လျှင် သက်တမ်းပြည့်မနေဘဲ သက်တမ်း၏ သုံးပုံတစ်ပုံလောက်သာ နေကာ မိမိကိုယ်ကို သေအောင်ပြု၍ လူ့ပြည်သို့ ပြန်သွားကြသည်။ လူ့ပြည်ရောက်မှ ဒါန၊သီလစသော ကုသိုလ်ပါရမီများကို တင်းပြည့်ကျပ်ပြည့် ဆည်းပူးကြသည်။ နတ်ပြည်သည် လူ့ဘဝက ရှာဖွေလာသော ကုသိုလ်များကို သုံးစွဲရာ ဈေးတန်းတစ်မျိုးသာဖြစ်သည်။

(((((လူဖြစ်ရခြင်း၏ အဓိကရည်ရွယ်ချက်ကို မသိသောပညာမဲ့သည် လူ့ဘဝကို ကာမဂုဏ်ခံစားဖို့အတွက် အသုံးချ၍ အပါယ်လေးပါးသို့သွားသည်။ လူဖြစ်ရခြင်း၏ အဓိကရည်ရွယ်ချက်ကို သိသောပညာရှိသည် လူ့ဘဝကို ကုသိုလ်ရဖို့အတွက် အသုံးချ၍ နိဗ္ဗာန်သို့သွားသည်။)))))

(အရှင်ဇဝန - မေတ္တာရှင်(ရွှေပြည်သာ) ရေးသားသော လူဖြစ်ရခြင်းရဲ့ အဓိကရည်ရွယ်ချက် စာအုပ်မှ ကောက်နှုတ်ချက်)

Read more...

ဓမ္မာရုံ ယောဂီဆောင် ဆောက်လုပ်ရေး (၁၃-ဒီဇင်ဘာ-၂၀၁၀)

Installing reinforcement rods for Building One basement concrete wall and spreading gravels/rocks at the base of Building Two for laying of foundation on 13-December-2010.












0 comments

Read more...

သူသိ ကိုယ်သိ


ဇနီးခင်ပွန်း အဆင်ပြေဘို့
နံပါတ် (၁) သမသီလ ဖြစ်ဖို့ လို့ပြောပါတယ်။
နံပါတ် (၂) သမသဒ္ဓါ ဖြစ်ဖို့လို့ပြောပါတယ်။
နံပါတ် (၃) က သမစာဂ ဖြစ်ဖို့လိုပါတယ်။
(အရင်ပို့စ်တွေမှုာ ရှင်းပြပြီး)
နံပါတ် (၄) က သမာပညာဖြစ်ဖို့လိုပါတယ်။

သမပညာမှာ
ပညာကို အသေးစိတ်သိခြင်းလို့ ဘာသာပြန်ဆိုလို့ရမယ်။
အင်္ဂလိပ်လိုတော့ Knowing in detail လို့ပြောရမယ်။
(ပ - အသေးစိတ်၊ ညာ - သိခြင်း)
သမ ကတော့ တူညီတာ။

ဒါ့ကြောင့် သမပညာ - အသေးစိတ်သိမှု တူညီတာ။
အသေးအဖွဲကိစ္စလေးတွေကအစ သိတဲ့နေရာမှာ တူညီနေရမယ်။

ဆိုလိုတာက လင်သွားတဲ့နေရာ လင်စားတဲ့အစားအစာ
လင်လုပ်တဲ့စီးပွါးရေးစတာတွေကို မယားသိပိုင်ခွင့်ရှိရပါမယ်။
သိနေရပါမယ်။
ဒီလိုဘဲ။ မယားသွားတဲ့နေရာ၊ မယားစားတဲ့အစားအစာ၊
မယားလုပ်တဲ့စီးပွါးရေးစတာတွေကို လင်လုပ်တဲ့သူက
သိကို သိနေရပါမယ်။

လင်နဲ့မယားကြားမှာ လျှို့ဝှက်ချက်ဆိုတာ မထားရဘူး။
လင်နဲ့မယားကြား လျှို့ဝှက်ချက်ထားလို့ ပေါက်ကြားလာတဲ့တစ်နေ့
ပြဿနာ စတက်တော့တာပါဘဲ။

လျှို့ဝှက်ချက်ထားတဲ့သူအပေါ်မှာ ယုံကြည်ဘို့မလွယ်တော့ပါဘူး။
နောက်ဘယ်လောက်ကြီးဘဲ ကောင်းတာကို မှန်မှန်ကန်ကန်လုပ်လုပ်
တစ်ခါ မရိုးသားခဲ့တဲ့အတွက် ယုံကြည်မှုရဘို့ရန် ခဲရင်းပါတယ်။
လင်မယားကြား ဒီလို ယုံကြည်မှုမရှိတော့ဘူးဆိုရင်
ဒီလင် ဒီမယား ဘယ်လိုလုပ် ပျော်ရွင်မှု ချမ်းမြေ့မှု သာယာမှု
အပြည့်အ၀ ရနိုင်တော့မလဲ။

ဒါ့ကြောင့်
လင်မယားဖြစ်ပြီဆိုရင် ပျော်ပျော်ရွှင်ရွှင်ချမ်းချမ်းမြေ့မြေ့နဲ့သက်ဆုံးတိုင်
အိုအောင်မင်းအောင်ပေါင်းဆုံဘို့
နှစ်ကိုယ်ကြားလျှို့ဝှက်ချက်လုံးဝမထားဘဲ
သမပညာ - အစစအရာရာမှ တူညီတဲ့အသိ၊ တူညီတဲ့သိခြင်း ရှိနေရပါမယ်။

သမပညာကို နောက်တစ်မျိုး စဉ်းစားကြည့်ရအောင်။

ပညာကို ရိုးရိုးလေး ပညာလို့ဘာသာပြန်ပြီး
သမ ကို တူညီတာလို့ဘာသာပြန်ကြည့်ရအောင်။
အိမ်ထောင်ပြုလိုတဲ့သူတွေ သမပညာလို့ခေါ်တဲ့ ပညာတူညီဘို့လဲ လိုအပ်ပါတယ်။
ပညာဆိုတဲ့နေရာမှာ တက္ကသိုလ်က ပေးလိုက်တဲ့အတတ်ပညာကို ဆိုလိုတာမဟုတ်ပါဘူး။
ကိုယ့်ကိုယ်ပိုင်အသိပညာကို ဆိုလိုတာပါ။

တခါတလေဖြစ်တတ်ပါတယ်။
အစပထမတော့ အချစ်မှာ မျက်စိမရှိဆိုတဲ့ ဆိုရိုးကို လက်ကိုင်ပြုပြီး
မိုးမမြင်လေမမြင်နဲ့ ချစ်လို့ ယူလိုက်ကြတာ။
အိမ်ထောင်ကျပြီးကာမှ ဇနီး (သို့) ခင်ပွန်းလုပ်တဲ့သူက
ပွဲနေပွဲထိုင် မ၀တ်တတ်တဲ့၊ မစားတတ်တဲ့၊ မသွားတတ်တဲ့၊ မပြောတတ်တဲ့
လူကြားသူကြား မနေတတ်တဲ့ ကိုယ့်အိမ်ထောင်သည်တွေ တွေ့ဘူးမှာပေါ့။
လင်မယားကြား Educational Gap နဲ့ Intellectual Gap ကွာဟလွန်းအားကြီးရင်လဲ
အပြည့်အ၀ ပျော်ရွှင်မှု မရနိုင်ပါဘူး။

လောကုတ္တရာရေးရာမှာလဲ ပညာနဲ့ပတ်သက်ပြီးတူညီရပါမယ်။
ဒါနရေးရာ ဒါနအသိပညာ၊ သီလရေးရာ သီလအသိပညာ၊
ဘာဝနာရေးရာ ဘာဝနာအသိပညာတွေမှာ တူညီရပါမယ်။
ဒါမှသာ ဒီလင်ဒီမယား ဒီဘ၀မှာ ပေါင်းဆုံရရုံတင်မကဘဲ
ဖြစ်လေရာဘုံဘ၀မှာ (ဘုရားအလောင်းတော်တို့လို)
အတူတကွ ပေါင်းဆုံရပြီး ပါရမီဖြည့်ဘက်တွေ ဖြစ်နေမှာပါ။

ကဲ၊ ဒါတွေရေးပြနေရတာကတော့
ဒကာလေး ကိုပြည့်စုံအောင်မေးခဲ့တဲ့မေးခွန်းတွေထဲမှာ
သီလနဲ့ပတ်သက်တာလေးတွေ ပါလာလို့ သိသင့်တယ်ထင်လို့
ဆက်စပ်တွေးတောပြီး ရေးပြလိုက်တာပါ။

အိမ်ထောင်ကျခြင်းဆိုတဲ့ပို့စ်နဲ့ပတ်သက်ပြီး
သူမေးထားတဲ့မေးခွန်းတွေ အများကြီးပါ။
အဲဒီမေးခွန်းတွေရဲ့အဖြေတွေ
အခုရေးပေးလိုက်တဲ့ ပို့စ်တွေထဲမှာ
တစ်နေရာမဟုတ်တစ်နေရာမှာ ပါပြီးသားဖြစ်ကုန်ပါပြီ။

ရေးထားတဲ့ပို့စ်ကို သေချာမဖတ်လို့၊ သေချာဖတ်ပေမဲ့ သူနားမလည်လို့၊
ဒါမှမဟုတ် ကိုယ်ရေးတာ ညံ့ဖျင်းတဲ့အတွက် သူနားမလည်လို့လားတော့ မသိဘူး။
မလိုအပ်တဲ့မေးခွန်းတွေ မြောက်များစွာတွေ့ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံးသူမေးတဲ့မေးခွန်းလေးကို ဖြေလိုက်ပါအုံးမယ်။

သူမေးတာက
ဘုန်းဘုန်း၊ နောက်ဆုံးအနေနဲ့ တပည့်တော် မရှင်းတာက ကုသိုလ်၊ အကုသိုလ် ဆိုတာ စကားလုံး ပညတ်ဆိုတော့ မြတ်စွာဘုရားရှင်က တပည့်တော်တို့ သန္တာန်မှာ ဘယ်လိုခံစားချက် သဘောတရားကို ကုသိုလ်၊ အကုသိုလ်ဆိုပြီး သတ်မှတ်ခဲ့တာလဲ ဘုရား။

ဒကာလေးကိုပြည့်စုံအောင်ရေ၊
ကုသိုလ်ဆိုတာ
စာအုပ်ကြီးသံနဲ့ပြောရရင်
ကုသလာ အန၀ဇ္ဇ သုခ၀ိပါကလက္ခဏာ
အပြစ်မရှိခြင်း၊ ကောင်းသောအကျိုးကို ပေးခြင်းသဘောသည် ကုသိုလ် တဲ့။

ဒီနေရာမှာ အပြစ်မရှိခြင်းဆိုတာ
ကိုယ်လုပ်တဲ့ အလုပ်၊ ကိုယ်ပြောတဲ့စကား၊ ကိုယ်တွေးတဲ့အကြံတွေဟာ
မိမိအတွက်ရော သူတပါးအတွက်ပါ အကျိုးမယုတ်တဲ့အရာကို ပြောတာပါ။

ဒါ့ကြောင့် ကုသိုလ်ဆိုတာ မိမိသူတပါး အပြစ်မရှိတဲ့လုပ်ငန်း၊
တနည်းအားဖြင့် မိမိသူတပါး အကျိုးမယုတ်တဲ့လုပ်ငန်းပေါ့။

တကယ်တော့ ကုသိုလ်ဆိုတာ
အပြစ်မရှိတဲ့လုပ်ငန်းတင် မဟုတ်ပါဘူး၊ အကျိုးမယုတ်တဲ့လုပ်ငန်းတင် မဟုတ်ပါဘူး။

ခေတ်စကားနဲ့ပြောရရင်
ထုတ်လုပ်လိုက်တဲ့လုပ်ငန်း(Product) တင် ကောင်းရုံတင် မလုံလောက်ပါဘူး။
(Profit or Result) ရလာဘ်ကလဲ ကောင်းရပါမယ်။

ဒါမျိုးကို ကုသိုလ်လို့ခေါ်ပါကြောင်းနဲ့ အကုသိုလ်ကို အပြန်အားဖြင့် သိစေလိုကြောင်း
ပြောကြားလိုပါတယ်။

အားလုံးအတွက် သာဓုပါ။

Read more...

သူ့ဘက် ကိုယ့်ဘက်


ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်က
ဇနီးမောင်နှံနှစ်ဦးက ဘုရားရှင်ကို လျှောက်တယ်။
ဒီဘ၀မှာလဲ ပျော်ပျော်ရွှင်ရွှင် ချမ်းချမ်းမြေ့မြေ့နဲ့
သက်ဆုံးတိုင် အိုအောင်မင်းအောင် ပေါင်းလိုလှတယ်။
နောင်ဘ၀မှာလဲ ပြန်လည်ဆုံဆည်းလိုလှတယ်။
ဒီအတွက်ကျင့်ဆောင်ရမဲ့နည်းလမ်းလေးရှိရင် ညွှန်ပြစမ်းပါတဲ့။

ဒီတော့ ဘုရားရှင်က
ဒီအတွက် လိုက်နာရမဲ့အချက်က
နံပါတ် (၁) သမသီလ ဖြစ်ဖို့ လို့ပြောပါတယ်။
နံပါတ် (၂) သမသဒ္ဓါ ဖြစ်ဖို့လို့ပြောပါတယ်။
(အရင်ပို့စ်တွေမှုာ ရှင်းပြပြီး)

နံပါတ် (၃) က သမစာဂ ဖြစ်ဖို့လိုပါတယ်။
သမစာဂဆိုတာ
စာဂ - ထောက်ပံ့မှု၊ ပေးကမ်းမှု၊ လှူဒါန်းမှု၊ သမ - တူညီတာ။

ဆိုတော့ သမစာဂဆိုတာ
ထောက်ပံ့မှုတူညီ၊ ပေးကမ်းမှုတူညီတာ၊ လှူဒါန်းမှုတူညီတာကို ပြောတာ။

လင်မယားဖြစ်ပြီဆိုရင် ပျော်ပျော်ရွှင်ရွှင်ချမ်းချမ်းမြေ့မြေ့နဲ့သက်ဆုံးတိုင်
အိုအောင်မင်းအောင်ပေါင်းဆုံဘို့ နောက်အရေးကြီးတဲ့အချက်တစ်ချက်က
သမစာဂ - တူညီတဲ့ထောက်ပံမှုရှိရပါမယ်။ ထောက်ပံ့မှု တူညီရပါမယ်။

အိမ်ထောင်ကျလို့ လင်ရယ် မယားရယ်လို့ဖြစ်လာပြီဆိုရင်
အရင်မိဘနှစ်ဦးသာ ရှိရာက
သူ့ဘက်က မိဘနှစ်ဦး၊ ကိုယ့်ဘက်က မိဘနှစ်ဦးဆိုပြီး
မိဘက လေးဦးဖြစ်လာပါတယ်။

မိဘလေးဦးဖြစ်လာသလို သူ့ဘက် ကိုယ့်ဘက် ညီအစ်ကို မောင်နှမ၊
သူ့ဘက် ကိုယ့်ဘက် ဆွေမျိုး၊ သူ့ဘက်ကိုယ့်ဘက် သူငယ်ချင်းဆိုပြီး
အသိုင်းအ၀ိုင်းလဲ တိုးပွါးလာပါတယ်။

ဒီလို သူ့ဘက်ကိုယ့်ဘက် ရှိလာတဲ့ တိုးပွါးလာတဲ့ အသိုင်းအ၀ိုင်းကို
ထောက်ပံ့တဲ့နေရာမှာ တူညီမှုရှိရပါမယ်။
သို့မှသာ ပျော်ရွှင်ချမ်းမြေ့တဲ့အိမ်ထောင်သည်တွေဖြစ်လာမှာ ဖြစ်ပြီး
သက်ဆုံးတိုင် အိုအောင်မင်းအောင်ပေါင်းဆုံရမှာပါ။

ဟိုတလောက စင်္ကာပူက ဇနီးမောင်နှံအကြောင်းကြားလိုက်ပါသေးတယ်။
ဇနီးလုပ်တဲ့သူက သူ့မိဘတွေကိုတော့ စင်္ကာပူကို အကြာကြီး ခေါ်ထားပြီး
လင်လုပ်တဲ့သူရဲ့ မိဘတွေ တစ်ပတ်လောက်လာလည်တာကို
ဆူကြီးအောင့်ကြီးနဲ့ မကြည်မဖြူဆက်ဆံတာကို တွေ့ရကြောင်း ကြားရပါတယ်။

ဒီမှာရှိတဲ့ ကိုယ်နဲ့သိတဲ့ ဇနီးမောင်နှံလဲ ဒီလိုဘဲ။
သူ့တူလေး ၁၀ တန်းအောင်တော့ ၀ယ်ပေးလိုက်တဲ့ပစ္စည်း
လစာ တစ်လစာနဲ့တောင် မလောက်ဘူးတဲ့။
ကိုယ့်တူ ၁၀ တန်းအောင်လို့
အ၀တ်အစားလေး တစ်စုံဝယ်ပေးတာကို ဒီနေ့အထိပြောလို့မပီးသေးဘူးလို့
ခင်ပွန်းလုပ်တဲ့သူက လာပြောဘူးပါတယ်။

ဒါတွေဟာ သူ့ဘက် ကိုယ့်ဘက် မကြည့်တတ်တာပါ။
သူ့ဘက်ကိုယ့်ဘက် ထောက်ပံ့မှု မတူညီတာပါ။

ဒီလို ထောက်ပံ့မှုမတူညီရင် ဒီလင် ဒီမယား သက်ဆုံးတိုင်
အိုအောင်မင်းအောင် ပေါင်းဆုံရဘို့ မလွယ်ကူပါဘူး။
သက်ဆုံးတိုင်ပေါင်းဆုံရသည်ထား၊၊
(မတတ်သာလို့သာ မျိုသိပ်အောင့်အီးသည်းခံနေရတာ ဖြစ်တဲ့အတွက်)
ပျော်ရွှင်ချမ်းမြေ့တဲ့ အိမ်ထောင်သည်ဘ၀ကို ပိုင်ဆိုင်မှာ မဟုတ်ပါဘူး။

ဒါတင်မကပါဘူး။
သမစာဂမှာရှိတဲ့ စာဂ ဆိုတဲ့စကားလုံးကို
ပေးကမ်းလှူဒါန်းမှုလို့လဲ ဘာသာပြန်ရပါတယ်။ စာဂနဲ့ ဒါန အဓိပ္ပါယ်တူပေါ့။

ဆိုတော့ ပေးကမ်းလှူဒါန်းတဲ့နေရမှာလဲ တူညီဘို့ သမစာဂဖြစ်ဖို့ လိုအပ်ပါတယ်။
ပေးကမ်းလှူဒါန်းတဲ့နေရာမှာ လင်ရော မယားပါ စိတ်တူ ကိုယ်တူ လှူဒါန်းသင့်ပါတယ်။
လင်က သိန်းတစ်ရာလှူဒါန်းလိုပေမဲ့ မယားစိတ်ပါမှ လှူဒါန်းတာ အကောင်းဆုံးပါဘဲ။

ဒီလို လင်ရော မယားပါ စိတ်တူ ကိုယ်တူ အလိုတူလှူဒါန်းပါမှ
(အထက်တစ်နေရာမှာ ပြောခဲ့သလို)
တူညီတဲ့အကျိုးတရားတွေ ရမှာဖြစ်တဲ့အတွက်
ဖြစ်လေရာဌာန၊ ဖြစ်လေရာဘ၀မှာ တစ်နေရာတည်း တစ်ဘ၀တည်းမှာဖြစ်ပြီး
ပြန်လည်ဆုံစည်းရမှာပါ။

Photo: Google search

Read more...

အဓိဝါသနခန္တီနဲ့ အနုလောမခန္တီဟာ ဘယ်လို ထူးခြားသလဲ

ဒကာ။ ။ ခန္တီတရားတော်နဲ့စပ်ပြီး ဟောကြားတော်မူကြတဲ့အခါ အချို့ဆရာတော်များကလည်း အဓိဝါသနခန္တီအမြဲရှိနေဖို့ အရေးကြီးတယ်တဲ့။ အချို့ဆရာတော်တို့ကလည်း အနုလောမခန္တီရှိဖို့သာ အရေးကြီးတယ်တဲ့၊ အဲဒီ ခန္တီနှစ်ပါးရဲ့ အနက်အဓိပ္ပာယ်များကို ခွဲခြား မိန့်ကြားပါဦး ဆရာတော်။
ဆရာ။ ။ အင်း….အဲဒီ ခန္တီတရား နှစ်ပါးလုံးဟာ အရေးကြီးတာချည်းပဲ၊ လောကမှာ ခန္တီတရား မရှိတဲ့သူဟာ မိမိ၏ အကျိုးစီးပွားအတွက် ဘယ်သောအခါမှ မပြီးစီး မအောင်မြင်နိုင်ဘူးပဲ၊ သူတပါးအတွက် ဆိုတာ ဝေးရောပဲ၊ ကဲ…မှတ်ပါ။
(၁) အဓိဝါသနခန္တီ- ဆိုတာက၊ မိမိအား သူတပါးတို့က ကဲ့ရဲ့ခြင်း, ရှုတ်ချခြင်း, အပြစ်ပြောခြင်း, ဆဲရေးခြင်း, စွပ်စွဲခြင်း, ပြစ်မှားခြင်း, ချမ်းအေးခြင်း, ပူလောင်ခြင်း, ဆာလောင်ခြင်း စတဲ့ ချို့တဲ့ဆင်းရဲမှု တခုခု အဖြစ်မျိုးနဲ့ ရင်ဆိုင်တဲ့အခါမှာ စိတ်မပျက်ဘဲ စိတ်အားတက်စွာနဲ့ ကြံ့ကြံ့ခံနိုင်ခြင်း စွမ်းအားသတ္တိရှိထားရမယ်တဲ့၊ သည်အခါမျိုးမှာ ဇွဲလုံ့လ ကြိုးစားအာထုတ်မှု ၀ီရိယကို အလျှော့မပေးခြင်းဟာ အဓိဝါသနခန္တီပဲ။
(၂) အနုလောမခန္တီ ဆိုတာကတော့၊ ၀ိပဿနာတရား အာထုတ်ရှုမှတ်တဲ့ ယောဂီဟာ ရုပ်နာမ်တို့ ဖြစ်ပျက်မှု ဥဒယ၀ယ ဉာဏ်ကစပြီး ရှုမှတ်ရင်းနဲ့ ကိုယ်ခန္ဓာ၏ မခံသာအောင် ဆင်းရဲခြင်း ဒုက္ခသစ္စာ အမှန်တရားတွေကို မုချတွေ့ရလိမ့်မည်။ အဲသည်အခါမျိုးမှာ…..
မခံသာ မှန်ပါ၏ သည်တရား၊ အတ္တကိုပယ်ခွာလို့ သည်းခံကာ ရှုမှတ်ပွားရင် နိဗ္ဗာန်သို့လား။
ဟူသော ၀ိပဿနာအထွတ်အထိပ်ဆရာပဏ္ဍိတ်တို့၏ ညွှန်ကြားသွားတဲ့နည်းနယအတိုင်း ကိုယ်တွင်း အဇ္ဈတ္တ၌ပေါ်လာတဲ့ ဒုက္ခသစ္စာကို ပိုင်းခြားရှုမှတ်ပွားများရင်း သေလုမတတ် တိုးတိုးဆိုးဆိုးပြီး မခံသာအောင် ပေါ်ပေါ်လာတဲ့ ဆင်းရဲဒုက္ခတရားစုကို အပြုံးမပျက်တဲ့ သောမနဿဉာဏ်နဲ့ ရုပ်နာမ်ဓမ္မတို့က ဆင်းရဲတာဖြစ်ပေါ်လာပြီး ပျက်ပျက်သွားတာ ငါမပါ, ငါမရှိ, ငါမဟုတ် ဟု အတ္တဒိဋ္ဌိ သက္ကာယဒိဋ္ဌိ တို့ကိုဖြုတ်ကာ သည်းခံပြီးတော့သာ ရှုမှတ်ပွားများ၍ နေရမည်တဲ့။
အဲသည်လို မတွန့်မရွံ့ မဆုတ်မယုတ် အဟုတ်တကယ် သည်းခံပြီးတော့ ရှုမှတ်ရင်း ရှုမှတ်ရင်းနဲ့ ၀ိပဿနာဉာဏ်စဉ်တွေဟာ တက်တက်ပြီး ကိလေသာ မ၀င်မစွက်တော့ဘဲ မှတ်ချက်တွေဟာ ကောင်းကောင်း ကောင်းကောင်း လာလိုက်တာ နောက်ဆုံး ဆယ်ခုမြောက်ဖြစ်တဲ့အနုလောမဉာဏ်ထဲလည်းရောက်ကရော အဲဒီ အနုလောမဉာဏ်ကနေပြီးတော့ သောတာပတ္တိမဂ်ဉာဏ်ကို ပေါင်းကူးပေးလိုက်တာ ရုပ်နာမ်တို့ ဖြစ်ပျက်မှု ဆင်းရဲဒုက္ခတွေဟာ ဖြုတ်ဆို ချုပ်ပျောက်ကာ အတုမရှိ အေးမြချမ်းသာ လှတဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုသွားပါရောတဲ့။
အဲဒါ့ကြောင့် “သည်းခံရင် နိဗ္ဗာန်ရောက်တယ်” ဆိုတာဟာ ၀ိပဿနာတရားပွားများ အားထုတ်တဲ့အခါမှာ ကိုယ်တွေ့ ဒိဋ္ဌ ကိုယ်တွင်းပေါ် ဆင်းရဲဒုက္ခကို ကြပ်ကြပ်သည်းခံရမည့် အနုလောမခန္တီကို ဆိုတာလို့သာ မှတ်ပေတော့၊ နောက်ဆက်မမေးနဲ့ သိချင်ရင် ဆရာကောင်းများထံဆည်းကပ်ခစားပြီး ကိုယ်တိုင် အားထုတ်ကြည့် သိလိမ့်မယ်၊ ဒါပဲ။
ဒကာ။ ။ တန်ဖိုးရှိလှတဲ့ အဖြေတရားတွေ ကြားသိရလို့ ၀မ်းသာမဆုံးတော့ပါ ဆရာတော်၊ ဒကာကြီးတို့လည်း ၀ိပဿနာ ရိပ်သာနဲ့တော့ နီးနီးလာပါပြီ။
ဆရာ။ ။ အင်း…ခုမှ နီးနေ၊ သေခါနီးနေပြီ၊ ရိပ်သာနဲ့နီးတုန်းပဲ၊ ဘယ်တော့မှ ရောက်မှာ မဟုတ်ဘူး။

Read more...

စိန်မြေ ဧကပေါင်းများစွာ

ဒီဇင်ဘာ (၄)ရက်နေ့ ညတစ်ညမှာ လမ်းလျှောက်ထွက်ဖြစ်တယ်။ ဝေးဝေး မဟုတ်ပါဘူး။ ကိုယ့်နေရာနှင့် ကပ်နေတဲ့ ချ(ခ်ျ)ဂိတ် ဝန်းကျင်လောက်ပါပဲ။ လူတွေက ဘုန်းကြီးကို မြင်ရင် ပြူးပြဲကြည့်တတ်လွန်းလို့ ကိစ္စ မရှိရင် အပြင် သိပ်မထွက်ဖြစ်ဘူး။

လမ်းလျှောက် ထွက်ဖြစ်ရင်တော့ လူတွေ အေးအေးလူလူ လမ်းလျှောက် အပန်းဖြေကြတဲ့ ပင်လယ်ကမ်းခြေတစ်လျှောက်ရယ်၊ ဒါမှ မဟုတ် သွားနေကျ အနီးပတ်ဝန်းကျင်ရယ်တင်ပါ။ အနီး ပတ်ဝန်းကျင် လျှောက်ဖြစ်ရင်တော့ လမ်းဘေးက စာအုပ် အဟောင်းဆိုင်တွေမှာ ကိုယ်လိုချင်တာ ရှိလိုရှိငြား ကြည့်မိတတ်ပါတယ်။ မန္တလေးမှာ နေလာခဲ့ကတည်းက ဈေးချို ညဈေးမှာ စာအုပ်အဟောင်းဆိုင်တွေမှာ မိုးတို မတ်တတ် ကြည့်တတ်၊ ရှာဖွေတတ်တဲ့ အကျင့်က ပါနေတယ်။

မွန်ဘိုင်းက လမ်းဘေး စာအုပ် အဟောင်းဆိုင်လေးတွေမှာ တစ်ခါတစ်ရံ ကောင်းတဲ့ စာအုပ်လေးတွေ သိပ်မဟောင်းပဲ ဈေးချိုချိုနဲ့ ရတတ်ပါတယ်။ ဒီနေ့ညလဲ Shiv Khera ရဲ့ You Can Win ဆိုတဲ့ စာအုပ်ကိုတွေ့တယ်။ ဈေးက ရူပီး ငါးဆယ်ဆိုတော့ သိပ်ချိုတာပေါ့။ (မြန်မာငွေ တစ်ထောင်ကျော်ကျော်လေးပဲ ရှိတာ။) ဒါနဲ့ ဝယ်လာခဲ့တယ်။ အဟောင်းဆိုင်ကလို့ ဆိုပေမဲ့ စာအုပ်က အသစ်အတိုင်းပဲ။

ဒီ စာအုပ်က အပြည်ပြည်ဆိုင်ရာမှာ အရောင်းရဆုံး စာအုပ်ဆိုပဲ။ ဒါ့အပြင် ဘာသာပေါင်း ရှစ်ဘာသာနှင့် အုပ်ရေ 1, 000, 000 ကျော် ရောင်းပြီးဆိုပါလား။ မျက်နှာဖုံးမှာ ရေးထားတယ်။ အဲဒီထဲကပဲ အစပိုင်း အမြင်သဘောထား ဆိုင်ရာလေး နည်းနည်းကို ဘာသာပြန်ပြီး `အောင်မြင်မှုရဲ့ အခြေခံ အုတ်မြစ်` ဆိုတဲ့ ခေါင်းစဉ်နဲ့ ပို့စ်တင်ခဲ့တယ်။ ခုလဲ Acres of Diamonds ကိုပဲ ဘာသာပြန်ပြီး မျှဝေလိုက်ပါတယ်။ စာဖတ်သူ အကြိုက်တွေ့ မတွေ့ကတော့ မသိပါ။ သူကလဲ ရပ်ဆဲ ကွန်ဝဲ (Russell Cornwell)ရဲ့ Acres of Diamond ရဲ့ စာကို ပြင်ဆင်ထားတာပါတဲ့။ အောက်မှာ ဖတ်ကြည့်ပါလား။

ဟာဖစ်(ဇ်) အာဖရိကမှ လယ်သမားတစ်ယောက်ပါ။ သူဟာ စိတ်လည်း ချမ်းသာ၊ ရောင့်လဲ ရောင့်ရဲပါတယ်။ သူဟာ ရောင့်ရဲတင်းတိမ်တတ်လို့ စိတ်ချမ်းသာပြီး၊ စတ်ချမ်းသာလို့လဲ ရောင့်ရဲ တင်းတိမ်ပါတယ်။ တစ်နေ့မှာတော့ ပညာရှိတစ်ယောက် သူ့ဆီပေါက်ချလာပြီး စိန်တွေရဲ့ ဂုဏ်ကျက်သရေနှင့် တန်ခိုးပါဝါတွေကို ပြောပြပါတယ်။ ပညာရှိကြီးက “မင်းရဲ့ လက်မလောက် အရွယ်ရှိတဲ့ စိန်ရှိရင်ပဲ မင့် ကိုယ်ပိုင်မြို့တော် ဝယ်နိုင်တာပေါ့။ လက်သီးဆုပ် အရွယ် စိန်ရှိရင်တော့ မင့်တိုင်းပြည်ကိုတောင် ပိုင်ကောင်းပိုင်နိုင်တယ်ကွ” လို့ ပြောပြတယ်။ ပြောပြီးတော့ ပညာရှိကြီးက ထွက်သွားတယ်။ ဟာဖစ်(ဇ်)ဟာ အဲဒီညတော့ အိပ်လို့ မရတော့ဘူးပေါ့။ သူဟာ ပျော်လဲ မပျော်ဘူး။ ရောင့်လဲ မရောင့်ရဲတော့ဘူး။ မရောင့်ရဲတတ်တော့လို့ မပျော်ရွှင်တော့သလို မပျော်ရွှင်တော့လို့ မရောင့်ရဲတတ်တော့ဘူးပေါ့။

နောက်နေ့ မနက်ရောက်တော့ ဟာဖစ်(ဇ်)ဟာ သူ့လယ်လေး ရောင်းဖို့ စီမံတော့တာပဲ။ မိသားစုကို စောင့်ရှောက်ခဲ့ပြီး စိန်တွေရှာဖို့ ထွက်သွားခဲ့တယ်။ သူဟာ အာဖရိက တစ်တိုက်လုံးကို ရှာကြည့်တယ်။ စိန်တစ်ပွင့်မှ မတွေ့ဘူး။ ဥရောပတစ်ခွင်လဲ နှံ့နေအောင် ရှာဖွေတယ်။ ဘာမှ မတွေ့ပါဘူး။ စပိန်ကို ရောက်သွားတဲ့ အချိန်မှာတော့ စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာအပြင် ငွေရေးကြေးရေးဆိုင်ရာပါ လျော့နည်း ကုန်းခန်းခဲ့တယ်။ ဘာစီလိုနာဖြစ်ထဲ ခုန်ချပြီး ကိုယ့်ကိုယ်ကို သတ်သေကြောင်း ကြံမိလောက်အောင်ကိုပဲ စိတ်ဓာတ်တွေ ကျလှပေါ့။

အိမ်ရောက်သွားတဲ့ အချိန်မှာတော့ သူ့လယ်ကို ဝယ်လိုက်တဲ့ သူက လယ်တောထဲ ဖြတ်စီဆင်းနေတဲ့ စမ်းချောင်းလေးထဲမှာ ကုလားအုပ်တွေကို ရေတိုက်နေတယ်။ စမ်းချောင်း တစ်လျောက်မှာတော့ နံနက်ခင်းရဲ့ နေရောင်ခြည်ဟာ ကျောက်ခဲတစ်တုံးကို ထိုးမိနေပြီး သက်တန့်တစ်ခုလို ပြိုးပြိုးပျက်ပျက် အရောင်တွေ လင်းလက်စေတာပေါ့။ လယ်ပိုင်ရှင်သစ်က အဲဒီ အရောင်တွေလက်နေတဲ့ ကျောက်တုံးကို သူ့ဧည့်ခန်းမှာ ထားရရင်တော့ ကြည့်ကောင်းမှာပဲလို့ တွေးမိပါတယ်။ သူက ကျောက်တုံးကို ကောက်ပြီး သူ့ရဲ့ အပေါ်ရုံထဲ ထည့်ထားလိုက်တယ်။ အဲဒီနေ့ နေ့လည်ပိုင်းမှာတော့ ပညာရှိက ပေါက်ချလာပြီး ပြိုးပြိုးပျက်ပျက် အရောင်တွေ ထွက်နေတဲ့ အဲဒီ ကျောက်တုံးကို မြင်သွားတယ်။ သူက မေးတယ်။
“ဟာဖစ်(ဇ်) ပြန်ရောက်ပြီလား”။
လယ်ပိုင်ရှင် အသစ်က
“ဟင့်အင်း၊ ဘာလို့ မေးတာလဲ” လို့ ပြန်မေးတယ်။
ဘာလို့ မေးတာလဲဆို အဲဒီကျောက်တုံးက စိန်ကွ၊ ငါက တစ်ခုကို မြင်ရင် တစ်ခုကို မှတ်မိတာပဲ” လို့ ပညာရှိက ပြောတယ်။ လယ်ပိုင်ရှင်သစ်က “မဟုတ်ဘူး။ အဲဒါက စမ်းချောင်းထဲက ကျွန်တော် ကောက်လာတဲ့ ကျောက်တုံးပါ။ လာ၊ ကျနော် လိုက်ပြမယ်။ အဲဒီမှာ အများကြီးပဲ” လို့ ပြန်ပြောတယ်။ သူတို့နှစ်ယောက် အဲဒီ စမ်းချောင်းလေး ဖြတ်စီးဆင်းနေတဲ့ လယ်ဆီကို သွားကြတယ်။ နမူနာအဖြစ် အချို့ကို ကောက်ယူပြီး စစ်ဆေးဖို့ ပို့လိုက်တယ်။ သေချာတာပေါ့။ အဲဒီကျောက်တုံးတွေက စိန်တွေပဲ။ အမှန်တော့ လယ်မြေတစ်ခုလုံးဟာ စိန်မြေဧကပေါင်းများစွာနှင့် ဖုံးအုပ်ထားတယ်ဆိုတာ သူတို့ တွေ့လိုက်ကြရတယ်။

ပုံပြင်လေးက ဒါလေးပါပဲ။ အဲဒီမှာ စာရေးဆရာက ဒီအဖြစ်အပျက်လေးနှင့် ပတ်သက်ပြီး ဘဝသင်္ခန်းစာတွေ ပြောပြပါလိမ့်မယ်။ သူပြောပြတာ ဖတ်မကြည့်ခင် ခဏလောက် ရပ်စဉ်းစားကြည့်ပါလား။ သြော် ... စာအုပ်ပြုစုသူရဲ့ အတွေးနှင့်တော့ တူချင်မှ တူမှာပေါ့။ မတူတိုင်း မှားတာ မဟုတ်တာလဲ စာဖတ်သူ သိတာပဲ။ ဒီတော့ အားလုံးဖတ်လို့ပြီးရင် စာဖတ်သူတွေးမိတာလေး ကွန့်မန့်ရေးပြီး မျှဝေပါလား။ အားလုံး ဖတ်ရတာပေါ့ဗျာ။ စာအုပ်ပြုစုသူရကတော့ ...

ဒီပုံပြင်ရဲ့ သင်္ခန်းစာက ဘာလဲ။ သင်္ခန်းစာ ခြောက်ခု ရှိပါတယ်။
၁။ ကျွန်တော်တို့ရဲ့ အမြင်သဘောထား မှန်ကန်တဲ့ အခါ ကျွန်တောတို့ဟာ စိန်မြေ ဧကပေါင်းများစွာ အပေါ်မှာ လျှောက်လမ်းနေကြတယ်။ အခွင့်အလမ်းဆိုတာဟာ အမြဲတမ်း ကျွန်တော်တို့ ခြေထောက် အောက်မှာ ရှိတယ်။ ဘယ်မှ သွားနေစရာ မလိုဘူး။ ကျွန်တောတို့ လုပ်ရမှာက အဲဒီ အခွင့်အလမ်းကို မှတ်မိ သိရှိဖို့ပါပဲ။

၂။ အဝေး (အခြားတစ်ဖက်)က မျက်က အမြဲပဲ ပိုစိမ်းတတ်ပါတယ်။

၃။ အဝေး (အခြားတစ်ဖက်)က မျက်ကို ကျွန်တော်တို့က ကြည့်နေစဉ် ကျွန်တော်တို့ဖက်က မျက်ကို လှမ်း ကြည့်နေတဲ့ အခြားသူတွေလဲ ရှိတတ်ပါတယ်။ သူတို့က ကျွန်တော်တို့နှင့် နေရာတွေ အရောင်းအဝယ်လုပ်ဖို့ ပျော်နေပါလိမ့်မယ်။

၎။ အခွင့်အလမ်းဆိုတာကို မမှတ်မိ မသိရှိတဲ့သူတွေဟာ အခွင့်အရေးက တံခါးလာခေါက်တဲ့ အခါ ဆူလိုက် တာကွာလို့ ငြီးငြူတတ်ကြလေရဲ့။

၅။ အခွင့်အရေးဆိုတာကို ရောက်လာတဲ့ အခါ မှတ်မိသိရှိတာထက် ထွက်ခွါသွားခါမှ ပိုပြီး မှတ်မိ သိရှိလွယ် တတ်ကြတယ်။

၆။ အခွင့်အလမ်းက တစ်ကြိမ်ပဲ တံခါးခေါက်တတ်ပါတယ်။ နောက်လာတဲ့ အခွင့်အလမ်းက ပိုကောင်းချင် ကောင်းမယ်၊ ပို ဆိုးချင်ဆိုးမယ်။ ဒါပေမဲ့ အရင်ဟာတော့ လုံးဝ မဟုတ်ဘူး။ ဒါကြောင်မို့ မှန်ကန်တဲ့ အချိန်မှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချဖို့ အရေးကြီးတာပေါ့။ အချိန်မဟုတ်တဲ့ အခါမှာ ချမှတ်မိတဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဟာလဲ မှားယွင်းတဲ့ ဆုံးဖြတ်ချက် ဖြစ်သွားတော့တာပဲ

(ပို့စ် အသစ်တင်စရာကလဲ မရှိ၊ ဗုဒ္ဓဂါယာသို့ ခရီးစဉ်ကလဲ စထွက်ဖို့ နာရီပိုင်းပဲ လိုတော့တာမို့ ခပ်မြန်မြန်ဖတ်၊ ရေးပြီး တင်လိုက်တယ်။ ကောင်းတယ် မကောင်းဘူး မသိပါဘူး။ ဖတ်တဲ့အတွက် ကျေးဇူး တင်ပါတယ်)။

ဘုန်းဉာဏ်
မွန်ဘိုင်း၊ အိန္ဒိယ
၁၃၊ ၁၂၊ ၂၀၁၀

Read more...

ယူသနေစီးယား (Euthanasia) နှင့် မာတုဃာတက

တစ်နေ့စာကြည့်နေခိုက်----
နေကောင်းပါရဲ့လား အရှင်ဘုရား"ဟု မေးမြန်းနှုတ်ဆက်သံကြောင့်
"အော်-နေကောင်းပါတယ်၊ မပေါ်လာတာ အတော်ကြာပါပကောလား
ဒကာထူးရဲ့"ဟုပြန်လည်နှုတ်ဆက်လိုက်ရ၏။

"မပေါ်လာတာကြာဆို တပည့်တော်မိခင်ကြီး ကျန်းမာရေးမကောင်းတာ
ရန်ကုန်ထိသွားပြီး ဆေးကုပေးနေခဲ့ရလို့ပါဘုရား၊ အခုတော့ ကျန်းမာရေး
ကောင်းသွားပါပြီ၊ အဲဒါ အရှင်ဘုရားအတွက် လှူစရာကလေးတွေလည်း
ပါလာ၊ မေးစရာလေးတွေလည်း တွေ့လာခဲ့ရလို့ပါဘုရား။"

"လှူစရာကိုတော့ ထားပါဦး၊ မေးစရာကို အရင်သိပါရစေ။"


"ဒီလိုပါဘုရား၊ ရန်ကုန်ဆေးခန်းမှာတုန်းက တပည့်တော်တို့ အမေအရွယ်
အသက်ခုနစ်ဆယ်ကျော် အဘွားကြီးတစ်ယောက် ဆေးကုသမှုခံယူနေ
တာကိုတွေ့ခဲ့ရပါတယ်ဘုရား၊ ရောဂါက သားအိမ်ကင်ဆာလို့ ဆိုပါတယ်။
နာလွန်းလို့ထင်ပါရဲ့ဘုရား၊ အော်လိုက် ညည်းလိုက်နဲ့ တလူးလူး တလွန့်လွန့်
ဖြစ်နေတာ မြင်ရ ကြားရတဲ့ သူတွေတောင်မသက်သာလှဘူးပေါ့ ဘုရား။"

"ဒီလိုနဲ့ သားသမီးတွေက စိတ်ဓာတ်ကျပြီး မကြည့်ရက်တော့တဲ့အဆုံးမှာ

ဆရာဝန်ကြီးကို သူတို့အမေကို ယူသနေစီးယား လုပ်ပေးဖို့ တောင်းပန်

ကြတော့တာပါပဲဘုရား။"


"နေပါဦး ဒကာထူးရဲ့၊ ယူသနေစီးယားဆိုတာ နောက်ဆုံးပေါ်ကုထုံးလား၊
ဆေးဆုံးသုံးပြီး ကုပေးဖို့ပြောတာလား။"

"ဘယ်ကဟုတ်ရမှာလဲဘုရား၊ ယူသနေစီးယား (Euthanasia) ဆိုတာ

မနာမကျင်ရလေအောင် လူနာကို ညင်ညင်သာသာ ကိစ္စတုံးပစ်တဲ့နည်းကို

ဆိုတာပါဘုရား။"


"ဟာ-ဖြစ်ရလေ ဒကာထူးရယ်၊ အဲဒီတော့ ဆရာဝန်ကြီးက လုပ်ပေးလိုက်ရော့လား။"

"လျှေက်ပါ့မယ်ဘုရား၊ ဆရာဝန်ကြီးက ဘာသာရေးကို အတော်ကိုင်းရှိုင်းပုံရပါတယ်
ဘုရား၊ ဒီလိုယူသာနေစီးယားလုပ်တယ်ဆိုတာ တကယ်တော့ သူ့အသက်ကိုသတ်
တာပဲတဲ့၊ ဝေဒနာခံစားရတာကတော့ လူနာရဲ့ကံတရား အကျိုးပေးပေါ့လေ၊ ဒီလို
မလုပ်ချင်ကြပါနဲ့လို့ အတော်ရှည်ရှည်ဝေးဝေး ရှင်းပြပါတယ်ဘုရား။"

"ပြီးတော့ ဆရာဝန်ဆိုတာ လူနာကို အသက်ရှည်ကျန်းမာအောင် တတ်စွမ်းသမျှ
ကုသပေးကြရတဲ့သူတွေသာဖြစ်ပြီး လူနာကရော လူနာရှင်တွေကပါ ဘယ်လောက်
လိုလားလိုလား အသက်တိုအောင်လုပ်ပေးတဲ့သူ လူနာရဲ့ကံကို အဆုံးသတ်ပေးတဲ့
သူတွေမဖြစ်သင့်ပါဘူးတဲ့။"

"နောက်ပြီးစဉ်းစားစရာက သူမသေခင် ကုရနိုင်တဲ့နည်း ကုရနိုင်တဲ့ဆေး မပေါ်ဘူး
လို့လည်းမဆိုနိုင်ဘူး၊ သတ္တဝါတစ်ခု ကံတစ်ခုဆိုတာကိုလည်း သတိပြုရပါမယ်တဲ့
ဘုရား။"

"ဒါတွေဟာ ဒေါက်တာမောင်မောင်ညိုရေးတဲ့ ရောဂါဆန်းနဲ့ဇာတ်လမ်းများ စာအုပ်

ထဲကရရှိထားတဲ့ ဗဟုသုတ အသိတရားတွေကို တဆင့်ဖြန့်ဝေပေးတာပါတဲ့။"


"ဆရာဝန်တွေဘက်က နောက်ဆုံးပေါ်နည်းပညာတွေ၊ ဆေးဝါးတွေနဲ့ တတ်စွမ်းသမျှ
ကုသပေးနေသလို လူနာရှင်တွေဘက်ကလည်း အတတ်နိုင်ဆုံး ပြုစုယုယမှုတွေ
ပေးကြပါလို့ ပြောသွားပါသေးတယ်ဘုရား။"

"အင်း--တော်တော် သဘောထားပြည့်ဝတဲ့၊ ဗဟုသုတပြည့်စုံတဲ့ဆရာဝန်ကြီးပဲကိုး၊
အထူးသဖြင့် ဒါတွေကိုတင်ပြပေးတဲ့ ဒေါက်တာ မောင်မောင်ညိုကို လေးစားစရာပါပဲ။
ဒါနဲ့ ဒကာထူး မေးစရာတွေဆိုတာက---။"

"သြော်-ဒီလိုပါဘုရား၊ အကယ်၍သာ လူနာရဲ့သားသမီးတွေ တောင်းဆိုတဲ့အတိုင်း
ယူသနေစီးယားလုပ်ပေးလိုက်ရင် တောင်းဆိုတဲ့သူတွေနဲ့ လုပ်ပေးတဲ့သူမှာ ဘယ်လို
အပြစ်မျိုးတွေ ဖြစ်နိုင်မလဲ သိချင်တာပါဘုရား။"

"မေးလဲမေးထိုက် သိလည်းသိထိုက်တာပဲ ဒကာထူးရေ။ တောင်းဆိုတဲ့သူတွေက လူနာရဲ့

သားသမီးအရင်းတွေ စစ်မှန်ခဲ့ရင်တော့ မာတုဃာတကကံ ထိုက်မှာဖြစ်ပြီး လုပ်ပေးတဲ့

အခြားသူကတော့ ပါဏာတိပါတကံ ထိုက်မှာပါပဲ။"


"ဒီနေရာမှာ မာတုဃာတကကံထိုက်ရတာကတော့ ယူသနေစီယားလုပ်ပေးဖို့ တောင်းပန်
တာက သတ်တဲ့ပုံစံ (၆) မျိုးထဲက အာဏတ္တိက ခေါ်တဲ့ စေခိုင်း၍သတ်ခြင်းဆိုတဲ့ အထဲမှာ
အကျုံးဝင်နေတာရယ်၊ အသတ်ခံရသူကလည်း လူသားစစ်စစ်ဖြစ်တဲ့ အမေရင်း၊ သတ်သူ
(စေခိုင်းတောင်းပန်သူ) ကလည်း လူသားစစ်စစ် သားသမီးအရင်းဖြစ်နေတာရယ်၊ အဲဒီ
စေခိုင်းမှု ပယောဂကြောင့်ပဲ သေဆုံးတာရယ်တို့ကြောင့် မာတုဃာတကကံ ( အမေသတ်
တဲ့ကံ) ထိုက်ရတာပါပဲ။"

"တင်ပါ့ဘုရား၊ အရှင်ဘုရားပြောတဲ့အထဲက သတ်တဲ့ပုံစံ (၆) မျိုးဆိုတာနဲ့ လူသားစစ်စစ်
ဆိုတာတွေကို မိန့်ပါဦးဘုရား။"

"သတ်တဲ့ပုံစံ (၆) မျိုးဆိုတာက

(၁) ကိုယ်တိုင်ကိုယ်ထိလက်ရောက်သတ်ခြင်း (သာဟတ္ထိက)၊
(၂) စေခိုင်း၍သတ်ခြင်း (အာဏတ္တိက)၊
(၃) ပတ်ခတ်၍သတ်ခြင်း (နိဿဂ္ဂိယ)၊
(၄) ကျသေ ထိသေအောင် တွင်းတူး၊ ဗုံးထောင်၊ ငြောင့်တံသင်းထောင်ထား၍သတ်ခြင်း
(ထာဝရ)
(၅) စုန်းအတတ်၊ မှော်အတတ်စတဲ့ အတတ်တစ်မျိုးမျိုးနဲ့သတ်ခြင်း (ဝိဇ္ဇာမယ)
(၆) ကံကြောင့်ဖြစ်တဲ့ တန်ခိုးနဲ့သတ်ခြင်း (ကမ္မဇိဒ္ဓိ) -တို့ပါပဲ။"

"နောက်လူသားစင်စစ်ဆိုတာက မာတုဃာတက၊ ပိတုဃာတကကံတွေမှာ သတ်သူရော၊
အသတ်ခံရသူပါ လူသားစစ်စစ်တွေဖြစ်ပါမှ ဒီကံတွေကထိုက်တာ၊ သီဟဗာဟုတို့မှာလို
အသတ်ခံရသူအဖေက တိရစ္ဆာန်ဖြစ်ပြီး၊ သတ်တဲ့သူ သားသမီးကလူဖြစ်ရင်တော့ ဒီကံ
ကြီးတွေမထိုက်နိုင်ဘူးလို့ ဆိုလိုတာပါ၊ ဒီကံကြီး (အာနန္တရိယကံ) တွေ ထိုက်မှု-မထိုက်မှု
နဲ့ပတ်သက်ပြီး အကျယ်တဝင့် သိချင်ရင်တော့ သမန္တစက္ခုဒီပနီကျမ်းမှာ ကြည့်နိုင်ပါတယ်။"

"မှန်ပါဘုရား၊ အကယ်၍ ဒီကံကြီးထိုက်သွားရင် ပစ္စုပ္ပန်ဘဝနဲ့ တမလွန်ဘဝတွေမှာ ခံစား
ရမယ့် အကျိုးအာနိသင်တွေကိုလည်း သိလိုပါသေးတယ်ဘုရား။"

"ပစ္စုပ္ပန်ဘဝမှာတော့ ဈာန်တရား၊ မဂ်တရား၊ ဖိုလ်တရားတွေ လုံးဝမရနိုင်တော့ဘူး။ အများ

တကာရဲ့ ရှုတ်ချခံရမှုတွေကိုတော့ တွေးကြည့်ရင် သိနိုင်လောက်ပါတယ်။ အဇာတသတ်

မင်းတို့လို ညဘက်အိပ်မပျော်တာတွေစတဲ့ နောက်ဆက်တွဲတွေကလည်း အများကြီးပဲပေါ့။

အဲ-တမလွန်လားရာဂတိကတော့(ဘယ်လိုကောင်းမှုတွေကိုပဲ ပြုထားစေဦး၊ ပြုပေဦးတော့)

ဒီဘဝကသေရင် ငရဲမှာတပ်အပ်ကျဖြစ်မှာ အသေအချာပါပဲ။"


"ယခုလိုသိခွင့်ရတာ ကျေးဇူးကြီးလှပါတယ်။ ဟိုလူနာရှင်သားသမီးတွေကတော့ ဆရာဝန်
ကြီးရဲ့ကောင်းမှုကြောင့် ဒီကံကြီးကလွတ်သွားကြရတာပဲဘုရား၊ တော်ပါသေးရဲ့။"

"အင်း-မရှိတာထက် မသိတာခက်တယ်လို့ဆို မဟုတ်လားကိုထူးရဲ့၊ သိသင့်သိထိုက်တာ
တွေကို သိအောင် လေ့လာထားကြရမှာပေါ့။"

"တင်ပါ့ဘုရား၊ တပည့်တော်တို့လို မိအို ဖအိုတွေနဲ့ နေရတဲ့သူတွေ ပိုပြီးသိသင့်ပါတယ်ဘုရား။
တပည့်တော်လည်း တတ်နိုင်သလောက် လက်ဆင့်ကမ်းမှာပါပဲဘုရား။"

"မိဘစတဲ့ ကျေးဇူးရှင်ကြီးတွေဟာ မီးနဲ့ပမာတူတယ်တဲ့ ဒကာထူးရဲ့၊ မီးဆိုတာ သုံးတတ်ရင်
ထမင်းချက်၊ အနွေးငွေ့လှုံ၊ အလင်းရောင်ယူ အမျိုးစုံအောင် သုံးလို့ရပေမဲ့၊ မသုံးတတ်ရင်တော့
လောင်တတ် ကျွမ်းတတ်တာ သဘာဝပါပဲ၊ ဒါကြောင့် ငရဲမီး အလောင်မခံရအောင်
ရှောင်ရှားပြီး၊ လူနတ်နိဗ္ဗာန် ချမ်းသာရအောင် ဒီမီးအလင်းရောင်ကြီးတွေကို သုံးတတ်ပါစေ
ဒကာထူးရေ။"

"ဤသို့ဖြင့် ဒကာထူးတစ်ယောက် ပါလာသောလက္ဘက်ခြောက်ကို လှူပြီး ရိုသေစွာ ဦးချ
လိုက်လေသတည်း။"

(ဓမ္မရတနာမဂ္ဂဇင်း၌ "သတ်စေခြင်း သေစေခြင်း"အမည်ဖြင့် ဖော်ပြပြီး)

အရှင်ဝိသာရဒ(ရမ္မာဝတီ)


e-mail မှ ကူးယူတင်ပြသည် မေတ္တာဖြင့်

မော်လူး

Read more...

မြန်မာနိုင်ငံသားများ အိန္ဒိယနိုင်ငံ လေဆိပ်များတွင် ဆိုက်ရောက်ဗီဇာ ရပြီ…..

ဗုဒ္ဓပွင့်တော်မူရာ မြေမြတ်မဟာ
NEW DELHI: As a New Year gift to Buddhist pilgrims, the government has decided to extend Visa-on-arrival facility to five ASEAN countries from January 1.
နယူးဒေလီ : ဗုဒ္ဓဘာသာဝင် ဘုရားဖူးများအတွက် နှစ်သစ်လက်ဆောင် အဖြစ် (အိန္ဒိယ) အစိုးရသည် ဇန်န၀ါရီလ (၁) ရက်နေ့မှ စတင်၍ အာဆီယံ ငါးနိုင်ငံကို ဆိုက်ရောက်ဗီဇာ (Visa-on-arrival) ပေးမည့် အခွင့်အလမ်းအား တိုးချဲ့ပေးသွားရန် ဆုံးဖြတ်ခဲ့ကြသည်။
"It is being decided that Visa-on-Arrival (VoA) facility would be extended to five more countries -- Cambodia, Philippines, Vietnam, Laos and Myanmar. The scheme would be operational from the New Year 2011," a senior tourism ministry official said.
ကမ္ဗောဒီယား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ လာအိုနဲ့ မြန်မာ စတဲ့ ငါးနိုင်ငံကို ဆိုက်ရောက်ဗီဇာ ပေးဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။ အဲဒီ အစီအစဉ်ကို ၂၀၁၁ နှစ်သစ် ကနေ စတင် လုပ်ဆောင်ပေးမှာပါ
ဟု ခရီးသွားလုပ်ငန်း ၀န်ကြီးဌာနက အဆင့်မြင့် အရာရှိ တစ်ဦး က ပြောခဲ့သည်။
The single-entry visa, to be issued at Delhi, Mumbai, Chennai and Kolkata airports, will have a validity of 30 days.
"The decision was taken after due discussion with the ministries of external affairs and home. A formal announcement in this regard will be made soon," the official said, adding, "the VoA would facilitate in attracting more
Buddhist pilgrims from these countries."
တစ်ခါ ၀င်ရောက်နိုင်သော ဗီဇာ (The single-entry visa) ကို ဒေလီ၊ မွန်ဘိုင်း (ဘုံဘေ)၊ ချန်နိုင်းနှင့် ကာလ်ကတ္တား လေဆိပ်များတွင် ထုတ်ပေးသွားမည် ဖြစ်ပြီး သက်တမ်းမှာ ရက်ပေါင်း (၃၀) အိန္ဒိယတွင် နေထိုင်ခွင့် ရရှိမည် ဖြစ်သည်။
ပြည်ထဲရေး ၀န်ကြီးဌာနရဲ့ ဆွေးနွေးပွဲ ပြီးတော့ အဲဒီ ဆုံးဖြတ်ချက်ကို ချလိုက်တာပါ။ အဲဒီ သဘောထားနဲ့ ပတ်သက်ပြီး တရားဝင် ထုတ်ပြန် ကြေငြာချက်ကို မကြာမီမှာ ပြုလုပ်ပေးမှာပါ
ဟု အရာရှိက ပြောပါသည်။ ဆက်ပြီးတော့ ပြောကြားသည်မှာ
အဲဒီ ဆိုက်ရောက်ဗီဇာ (VOA - Visa-on-Arrival) ဟာ ခွင့်ပြုပေးလိုက်တဲ့ နိုင်ငံတွေက ဗုဒ္ဓဘာသာ ဘုရားဖူးတွေ ပိုများလာအောင် ဆွဲဆောင်မှုကို ဖြစ်လာစေလိမ့်မယ်
India had launched the VoA in January on a pilot basis for Singapore, New Zealand, Japan, Finland and Luxembourg.
"The response is so far good and 5,644 tourists availed this facility between January and November this year. Now we want to include more countries," he said.

အိန္ဒိယသည် စင်္ကာပူ၊ နယူးဇီလန်၊ ဂျပန်၊ ဖင်လန်နဲ့ လူဇင်ဘတ် နိုင်ငံများအတွက် ရှေ့ပြေး စမ်းသပ်မှု တစ်ခု အဖြစ် (၂၀၁၀) ဇန်န၀ါရီလတွင် ဆိုက်ရောက်ဗီဇာ ကို စတင်ဆောင်ရွက်ခဲ့ပြီး ဖြစ်သည်။
အခုချိန်ထိတော့ တုန့်ပြန်မှုက အားကောင်းနေပြီးတော့ လာရောက် လည်ပတ်သူ ဦးရေ ၅,၆၄၄ ဦးက ဒီနှစ် ဇန်န၀ါရီနဲ့ နိုဝင်ဘာကြားမှာ အဲဒီ အခွင့်အရေးကို အသုံးချခဲ့ကြတယ်။ အခုလည်း နိုင်ငံ ငါးနိုင်ငံကို ထပ်ပြီးတော့ ပါဝင် ပါဝင်စေချင်တာပါ
ဟု သူက ဆက်ပြောသည်။
Tourism ministry has signed an MoU with International Finance Corporation to develop the Buddhist circuit.
"Currently, there is a special train connecting Buddhist sites and steps are being taken to make this circuit a well-connected route," the official said.

ခရီးသွားလုပ်ငန်း ၀န်ကြီးဌာနသည် ဗုဒ္ဓဘာသာ ဘုရားဖူးများ လည်ပတ်ရာ ခရီးလမ်းကြောင်းကို ဖွံ့ဖြိုးလာစေရန် နိုင်ငံတကာ ငွေကြေး ပူပေါင်းလုပ်ဆောင်ရေး အဖွဲ့များနှင့် အတူ လက်မှတ် ရေးထိုးထားပြီး ဖြစ်သည်။
အခု လောလောဆယ်မှာတော့ ဗုဒ္ဓဘာသာ ဘုရားဖူး နေရာများကို ဆက်သွယ်ပေးထားတဲ့ အထူးရထား ရှိပါတယ်။ ပြီးတော့ အဆင့်ဆင့် လုပ်ဆောင်စရာတွေ ကို လုပ်ပြီး ပိုကောင်းတဲ့ လမ်းခရီး ပတ်လမ်းဖြစ်အောင် ပြုလုပ်ပေးနေပါတယ်
ဟု အရာရှိက ပြောပါသည်။
(ဤသတင်းကို ၂၀၁၀၊ ဒီဇင်ဘာ ၁၂ ရက်နေ့ The Time of India သတင်းစာမှာ ထုတ်နုတ် ဘာသာပြန် ပေးထားခြင်းဖြစ်သည်။ မြန်မာနိုင်ငံသားများ ဗုဒ္ဓဂယာသို့ ဘုရားဖူး ခရီးထွက်ချင်လျှင် ရန်ကုန်ရှိ အိန္ဒိယ သံရုံးတွင် ခရီးသွား ဗီဇာ လျှောက်ထား ရယူရသည်။ ယခု ဆိုရင် ရန်ကုန်တွင် ခရီးသွား ဗီဇာ ယူစရာ မလိုတော့ဘဲ အိန္ဒိယ လေဆိပ်ရောက်မှ တစ်လ ဗီဇာ ထုတ်ယူနိုင်ပြီ ဖြစ်သည်။ ယခင်ကထက် လွယ်ကူသွားပြီး မြန်မာနိုင်ငံသားများ အတွက် အခွင့်အရေး တစ်ခု ရရှိခြင်း ဖြစ်သဖြင့် အများသိစေရန် အသိပေးလိုက်ရပါသည်။)

Read more...

“အာဂဆရာတော်နှစ်ပါးပါပေသည်တကား”

တစ်ခါက တောရွာကျောင်းတစ်ကျောင်းတွင် ဆရာတော်တစ်ပါးရှိလေသည်။ ဆရာတော်သည် “သူသည် အမြှောက်မကြိုက်”ကြောင်းကို လူရှုပ်ရှုပ်ရှိလျှင် အမြဲမပြတ်ပြောကြားလေ့၊ မိန့်တော်မူလေ့ရှိသည်။ တစ်နေ့ အလှူပွဲတစ်ခုတွင် ဆရာတော်သည် ဒါယကာအများနှင့် စကားလက်ဆုံကျရာ ဒါယကာတစ်ဦးမှ
“ဆရာတော် တရားဟော တော်တော်ကောင်းကြောင်း ဒီနယ်တစ်ဝိုက်မှာတော့ နာမည်ကြီးနေတယ်ဘုရား”ဟု လျှောက်ထားရာ ဆရာတော်က
“ဟေ ဒကာ! ဒကာ ငါ့ဆီက တစ်ခုခု လိုချင်ရင် ဒဲ့တိုးပြောပါ၊ ဟိုဝေ့ သည်ဝေ့ လုပ်မနေနဲ့၊ အဲဒါမျိုး ငါမကြိုက်ဘူး၊ မင်းငါ့ကို မြှောက်နေမှန်း ငါသိတယ်၊ အမြှောက်ကြိုက်တဲ့ ဘုန်းကြီးတွေထဲမှာ ငါမပါဘူးဆိုတာ မင်း မြဲမြဲမှတ်ထား”ဟု မိန့်တော်မူသဖြင့်
“အော် ဆရာတော်ကတော့ တကယ်အမြှောက်မကြိုက်တဲ့ အာဂဆရာတော်တစ်ပါးပါ ပေသည်တကား”ဟု မြှောက်သော ဒါယကာသည်ပင် လက်ဖျားခါ ယုံကြည်သွားလေသည်။ သို့ဖြစ်သဖြင့် ထိုနယ်မှ ဒါယကာများသည် ထိုဆရာတော်အား ဘယ်လိုမှ မြှောက်ပင့်၍ မရကြောင်း နားလည်လိုက်သည်။မြှောက်ပင့်၍လဲ မပြောဝန့်ကြပေ။ ထိုနယ်တစ်ဝိုက်တွင် ထိုဆရာတော်သည် ဘယ်လိုမှ မြှောက်ပင့်၍ မရသော ဆရာတော်တစ်ပါးအဖြစ် နာမည်ကျော်ကြားနေလေသည်။
“အော် အာဂဆရာတော်တစ်ပါးပါပေသည်တကား”
တစ်နေ့ ထိုဆရာတော်၏ မြှောက်ပင့်၍ မရကြောင်း အမြှောက်ကြိုက်သော ဆရာတော်မဟုတ်ကြောင်းကို အခြားနယ်မှ ဒါယကာတစ်ဦးသည် သိရှိလေသည်။ ထို့ကြောင့် ဒါယကာသည် ထိုအာဂဆရာတော်ကို ဖူးမြှော်ရန်အလို့ငှာ ရောက်ရှိလာလေသည်။ ဒါယကာသည် ရောက်လျှင် ရောက်ချင်း ဆရာတော်ကို ဦးချလေသည်။ ထို့နောက် အလ္လာပ သလ္လာပစကားပြောကြသည်။ ဒါယကာသည် စကားပြောစဉ်
“ဆရာတော်ကျောင်းကတော့ ပြသာဒ်အဆောင် ဘုံဆောင်တွေနဲ့ ဆောက်ထားတာ ဆိုတော့ နတ်ဘုံ နတ်နန်းတွေကျနေတာပဲဘုရား၊ ဥယျာဉ်ကြည့်ပြန်တော့လဲ တာဝတိံသာနတ်ပြည်က နန္ဒ၀န်ဥယျာဉ်တမျှပါပဲဘုရား၊တော်တော်လေးကို သာယာပါပေတယ်ဘုရား”ဟု မသိမသာ ဆရာတော်ကို မြှောက်ပင့်နေလေသည်။ ဆရာတော်သည်ကား
“ဒကာ မင်းလဲ ငါ့ကို လာမြှောက်နေတာလား၊ အမြှောက်ကြိုက်တဲ့ ဘုန်းကြီးတွေထဲမှာ ငါမပါဘူးဆိုတာတော့ ဒကာသိတယ်နော်၊”ဟု မိန့်တော်မူသဖြင့် ဒါယကာသည် ဆက်မမြှောက်တော့ပေ။ ရိုးရိုးစကား တရားစကားပြောခြင်းဖြင့်သာ စကားဝိုင်းကို အဆုံးသတ်လိုက်လေသည်။ သို့သော် ပြန်ခါးနီတွင် ဒါယကာလျှောက်လိုက်သည်ကား
“တပည့်တော်တော့ ဘုန်းကြီးတွေ အတော်များများကို မြှောက်ဘူးတယ်၊ အမြှောက်ကြိုက်တဲ့ ဘုန်းကြီးတွေချည်းပါပဲဘုရား၊ အမြှောက်မကြိုက်တဲ့ ဘုန်းကြီးဆိုလို့ အရှင်ဘုရားတစ်ပါးပဲ တွေ့ဖူးသေးတယ်ဘုရား”ဟု ဆိုသောအခါ အမြှောက်မကြိုက်သော အာဂဆရာတော်သည်
“ဟုတ်တာပေါ့ ဒကာရ”ဟု လက်သီးလက်မောင်းတမ်းကာ အားရ၀မ်းသာ အော်ဟစ် မိန့်ကြားတော်မူလေသည်။
ထိုမိန့်ကြားသံကို ကြားရသော ဒါယကာသည်ကား
“အဓိပ္ပာယ်ရှိသော အပြုံးတစ်ခု”ဖြင့် ကျောင်းပေါ်မှ ဆင်းကာ ပြန်သွားလေတော့သတည်း။

နောက်အာဂဆရာတော်တစ်ပါးရှိပါသေးသည်။ စပ်မိလာသဖြင့် တင်ပြလိုက်ရပေသည်။
တစ်နေ့ ရန်ကုန်မြို့တွင် ထင်းရှားသော ကျောင်းတိုက်တစ်တိုက်သို့ ၀တ်ကောင်းစားလှ ၀တ်ဆင်ထားသော ဒါယကာနှစ်ဦးရောက်ရှိလာလေသည်။ထိုဒါယကာနှစ်ဦးသည် ဆရာတော်ကို တွေ့သောအခါ
“ဆရာတော်ဘုရား ရုပ်ရှင်မင်းသား ကိုစိုးသူတို့မိသားစုက မနက်ဖြန် မွေးနေ့ဆွမ်း ကပ်မှာဖြစ်တဲ့အတွက် သင်္ကန်းငါးစုံ၊ ငါးဆင့်စတီချိုင့်တစ်လုံး၊ သပိတ်တစ်လုံး၊ ပုဂံခွက်ယောက်စသည်တို့ကို ငှားလိုက်ပါအုံးတဲ့ဘုရား၊ သင်္ကန်းဖိုးကတော့ အိမ်ကျမှ ကပ်ပါမယ်တဲ့ဘုရား”ဟု လျှောက်ထားကြသောအခါ ဆရာတော်က
“ဟေ ဒကာတွေ ရှပ်ရှင်မင်းသားစိုးသူကလွှတ်လိုက်တာဆိုဟုတ်ပါပြီး၊ စိုးသူနဲ့ ဒို့ကလဲ ဆရာ+တပည့်လိုနေနေတာ ငှားရမှာပေါ့ကွ၊ သို့သော် စိုးသူရဲ့ အိမ်လိပ်စာကိုတော့ ငါ့ပြောပြအုံးလေကွယ်”ဟု မေးသောအခါ ဒါယကာနှစ်ဦးက
“ကိုစိုးသူက ဗဟန်းမြို့နယ်၊၀င်ဒါမီယာ၊ ခြံအမှတ်(၅၅)မှာနေပါတယ်ဘုရား”လျှောက်လေသည်။ ထိုအခါ စိုးသူရဲ့ အိမ်လိပ်စာကို အတိအကျသိထားသော ဆရာတော်က
“မင်းတို့ လူလိမ်တွေပဲ၊ စိုးသူက အဲဒီမှာ နေတာမှ မဟုတ်တာ ၊ လိပ်စာက အလွဲချည်းပဲ၊ စိုးသူရဲ့ လိပ်စာကို ငါအတိအကျသိတယ်၊ ငါ့လားပြီး မလိပ်နဲ့ ၊ အေ နောက်တစ်ခါလာလိမ်လို့ကတော့ မင်းတို့နှစ်ယောက်ကို ရဲလက်ထဲအပ်ပစ်မယ်၊ဒီတစ်ခါတော့ ခွင့်လွှတ်လိုက်မယ်”ဟု ဆိုကာ ငေါက်ငမ်းလွှတ်လိုက်လေသည်။ ဆရာတော်သည် တစ်ဆက်တည်းမှာပင် ဘေးနားမှာရှိနေသော သူ၏တပည့်များကို
“မင်းတို့လဲ ငါလို သူများအလိမ်မခံရအောင်ကြိုးစားကြ၊ ငါ ရန်ကုန်မှာနေတာ နှစ်ပေါင်း (၃၀)ရှိသွားပြီ၊ တစ်ခါမှ အလိမ်မခံရသေးဘူး၊ လူဆိုတာ လှစ်နေရတယ်ကွ၊ ယနေ့ခေတ်မှာ လူလိမ်လူညာက များပါဘိသနဲ့၊ ငါ့လိုလှစ်နေမှ တော်ကာကြမယ်ကွ”ဟု အောင်မြင်သော အသံဖြင့် မိန့်ကြားတော်မူနေလေသည်။
“အော် အာဂဆရာတော်တစ်ပါးပါပေသည်တကား”
မိနစ်ဝက်ခန့် သြ၀ါဒပေးပြီးသောအခါ ဆရာတော်သည် ကျင်ငယ်(အပေါ့)စွန့်ရန်အလို့ငှာ အောက်သို့ ဆင်းသွားလေသည်။ သို့သော် ဆရာတော်၏ ယနေ့မှ ထုတ်စီးထားသော အသစ်စက်စက် ကတ္တီပါဖိနပ်သည်ကား မရှိတော့ပေ။ ထိုအခါမှ ဆရာတော်သည် ဒေါသူပုန်ထကာ
“ဟို ခွေးမသားနှစ်ကောင် ငါ့ဖိနပ်ကို အလစ်သုတ်သွားပြီနဲ့တူတယ် မရှိတော့ဘူး၊ ငါ့တစ်သက် တခါမှ အလိမ်မခံရဘူး၊ ဒီခွေးကောင်းနှစ်ကောင်နဲ့ တွေ့မှ အလိမ်ခံရတယ်ကွာ”ဟု ကြိမ်းမောင်းကာ အာဂဆရာတော်လဲ ဒေါသဖြစ်ကာ ကျန်ရစ်ခဲ့လေတော့သည်။ ဘေးတွင် ရှိကြသော တပည့်များသည်ကား
ပြုံးစိစိဖြင့်ရှိနေကြသည်။ ထိုတပည့်တို့၏ အပြုံးသည်လည်း အဓိပ္ပာယ်များစွာ ရှိလှပေ၏။

ဤနေရာတွင် စကားစပ်မိလာသဖြင့် အနည်းငယ် ဓမ္မစကား တင်ပြပေအံ့။ မန္တလေးမြို့တွင် မစိုးရိမ်ကျောင်းတိုက်ကိုတည်ထောင်တော်မူသော ဆရာတော်ဦးသူရိယသည် ပစ္စည်းတစ်ခုပျောက်သွားလျှင် အခြားပုဂ္ဂိုလ်များကို ပြောရမည်ကို အလွန်ရှက်တော်မူလေ့ရှိသည်။ ဆရာတော်၏ အယူအဆအရ မိမိယခုဘ၀ ပစ္စည်းပျောက်ခြင်းသည် အတိတ်ဘ၀က သူများဥစ္စာကို ခိုးခဲ့သောကြောင့်သာ မကောင်းကျိုးဆက်အဖြစ် ပစ္စည်းပျောက်ခြင်းသည်။ဤသည်ကို မသိကြသော အချို့သော ပုဂ္ဂိုလ်တို့သည်
“ငါပစ္စည်းပျောက်တယ်၊ ငါပစ္စည်းပျောက်တယ်”ဟု လူအများသိရန် အလို့ငှာ အရပ်လေးမျက်နှာလှည့်လည်ပြောကြလေသည်။ ဤသို့ ပြောခြင်းသည်
“အတိတ်ဘ၀က ငါသူများဥစ္စာကို ခိုးခဲ့တာပဲဟေ”ဟူ၍ ပြောကြားနေသကဲ့သို့ပင် ဖြစ်သည်။ထို့ကြောင့် သူတော်ကောင်းဆရာတော်ကြီးဖြစ်တော်မူသော မစိုးရိမ်ဆရာတော်ဘုရားကြီးက ပစ္စည်းပျောက်လျှင် စိတ်တိုမည့်အစား ရှက်၍ပင်နေလေတော့သည်။
“အော် ရှေးဆရာတော်ဘုရားကြီးများသည်ကား အလွန်ပင် ကြည်ညိုဖွယ်ကောင်းလှပါပေသည်တကား”
မိမိတို့၏ ပစ္စည်းကို အခိုးမခံရစေရန်အလို့ငှာ သူများပစ္စည်းဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်ကြရမည် သာဖြစ်ပေသည်။

Read more...

“ ပန်း ”

Sunday, 12 December 2010 21:02 | PostAuthorIconWritten by Administrator | PDF | | Print | | E-mail

၁။ ရိုးသားဖြောင့်မတ် ထိုစိတ်ဓာတ် မြင့်မြတ်လှပါသည်။

၂။ မရိုးသားစွ၊ ကောက်ကျစ်က၊ နိမ့်ကျလှပါသည်။

၃။ ရိုးသားသူဟာ၊ လူများစွာ၊ ချစ်တာခံရသည်။

၎။ ရိုးသားသူအား လူအများ၊ လေးစားအားကိုးသည်။

၅။ မရိုးသားရင်၊ မကြာခင်၊ သိမြင်လာကြသည်။

၆။ မရိုးသားရင်၊ ခဏပင်၊ အောင်မြင်နိုင်ပါသည်။

၇။ ရိုးသားဖြောင့်ရင်၊ ကြာရှည်ပင်၊ အောင်မြင်တိုးတက်သည်။

၈။ ကောက်သော် စားမဝ၊ ဖြောင့်လေက၊ စားရ မကုန်ပြီ။

၉။ ရိုးသားသူအား၊ ကောင်းကျိုးများ၊ များပြားကြီးမားသည်။

၁၀။ မရိုးသူအား၊ ကောင်းကျိုးများ၊ ရှားပါးလှပါသည်။

၁၁။ ရိုး မရိုးမှာ အကျိုးဟာ လွန်စွာ ခြားနားသည်။

၁၂။ မရိုးလေလေ၊ နိမ့်သွားလေ၊ ရိုးလေ မြင့်လာသည်။

၁၃။ မဖြောင့်လေလေ ကျရှုံးလေ၊ ဖြောင့်လေ အောင်မြင်သည်။

၁၄။ လှပြီး မွှေးငြား ၊ ပန်းလေးအား၊ လူများကြိုက်ကြသည်။

၁၅။ ရိုးသားဖြောင့်လျှင်၊ ထိုပန်းသွင်၊ ချစ်ခင်ခံရသည်။

၁၆။ မလှ၊ မမွှေး၊ ပန်းကလေး၊ အရေးတယူ မရှိပြီ။

၁၇။ မရိုးသူအား၊ ထိုပန်းလား၊ လူများ မကြိုက်ပြီ။

၁၈။ နံစော် မလှ၊ ထိုးပန်းကျ၊ လူက ရွံလေပြီ။

၁၉။ ကောက်ကျစ်သူအား၊ ထိုပန်းလား၊ လူများ ရွံမုန်းသည်။

၂၀။ မွှေးမွှေးလှလှ၊ ပန်းလိုက၊ ရိုးမှဖြစ်ပါသည်။

မှတ်ချက်။ ဒီရက်ပိုင်းအတွင်း ရန်ကုန် စာပေလောကစာအုပ်တိုက်က ပေးပို့လှုဒါန်းတဲ့ သာမဏေကျော်ရဲ့ ရွှေလား အမှိုက်လား ဆိုတဲ့ စာအုပ်ထဲမှ သဘောကျလို့ ထုတ်နှုတ်ဓမ္မဒါန ပြုလိုက်ပါသည်။

၂၀၁၀-ခု၊ ဒီဇင်ဘာလ ၁၂-ရက်၊ တနင်္ဂနွေနေ့။

မေတ္တာများဖြင့်

မေတ္တာဥယျာဉ်

Read more...

“လူချမ်းသာစစ်စစ်ဆိုတာ”

“လူအမျိုးမျိုး စိတ်အဖုံဖုံ” ဆိုတဲ့ လောကဆိုးရိုးစကားအတိုင်းပါပဲ။ လောကမှာ ချောမောတဲ့ လူတန်းစား အလွှာအမျိုးအမျိုး၊ မလှပတဲ့ လူတန်းစား အလွှာမျိုးမျိုး၊ ချမ်းသာတဲ့ လူတန်းစား အလွှာအမျိုးမျိုး၊ ဆင်းရဲတဲ့ လူတန်းစား အလွှာအမျိုးမျိုး စသည် စသည် အားဖြင့် များစွာရှိပါတယ်။
ဒီနေရာမှာ လောကအမြင်နဲ့ ဗုဒ္ဓအမြင်တို့အရ လူချမ်းသာ ဆိုတာ ဘယ်လိုလူစားလဲ၊ သူဆင်းရဲ ဆိုတာ ဘယ်လိုလူစားလဲ ဆိုတာကို လေ့လာကြည့်ရအောင်ပါ။ အကျဉ်းအားဖြင့်တော့ လောကအမြင်အရ လူချမ်းသာဆိုတာဟာ ပစ္စည်းဥစ္စာများစွာရှိတဲ့သူကို လူချမ်းသာလို့ ဆိုပါတယ်။ ဒီတော့ ဗုဒ္ဓအမြင်အရရော လူချမ်းသာဆိုတာ ဘယ်လိုလဲဆိုတာကို အောက်မှာ တွေ့ပါလိမ့်မယ်။ လေ့လာပြီးရင်တော့ လူချမ်းသာ ဖြစ်ချင်တဲ့ သူတစ်ယောက်အနေနဲ့ လူချမ်းသာဖြစ်အောင် ကျင့်ကြံလုပ်ဆောင်ရမယ့် နည်းလမ်းတွေကို ကျင့်ကြံဖို့ လိုအပ်ပါလိမ့်မယ်။
စာရေးသူ တက်ရောက်နေတဲ့ Sri Lanka International Buddhist Academy (SIBA) မှာ Sri Lanka Association of Buddhist Studies (SLABS) 4th Bi-Annual International Conference နှစ်လေးကြိမ်မြောက်ပြည့် အပြည်ပြည်ဆိုင်ရာ ညီလာခံပွဲကြီး ဒီဇင်ဘာ ၁၀၊ ၁၁၊ ၁၂ ဆိုပြီး သုံးရက်မြောက် ကျင်းပသွားပါတယ်။
စာရေးသူရဲ့ ဘ၀မှာ ပထမဆုံး ညီလာခံပွဲကြီးကို ကြုံတွေ့ရတာပါ။ ပြီးတော့ ကိုယ့်တက္ကသိုလ်မှာ လာပြီးကျင်းပဖြစ်တော့ ပိုပြီးပျော်ရွှင်မိပါတယ်။ ဪ…ဗုဒ္ဓဘာသာ လေ့လာမှု့နဲ့ပတ်သက်ပြီး ကျင်းပတဲ့ ညီလာခံဆိုတာ ဒီလိုကျင်းပတာပါလား။ အရည်အချင်းပြည့်ဝတဲ့ ပါမောက္ခတွေ နိုင်ငံတကာက လာရောက်ဟောပြော ဆွေးနွေးကြပါလားဆိုတာ ကိုယ်တိုင် တွေ့မြင် ခံစားသိရှိရတာပါ။
စာရေးသူတို တက္ကသိုလ်မှာ ကျင်းပတာဆိုတော့ စာရေးသူတို ကျောင်းသူ ကျောင်းသားတွေအနေနဲ့ ဆောင်ရွက်စရာရှိတာများကို ဆောင်ရွက်ကူညီလုပ်ဆောင်ကြရပါတယ်။ တက်တက်ကြွကြွနဲ့ပေါ့။ ဒါကြောင့်မို့လည်းပဲ စာရေးသူအနေနဲ့ ပါမောက္ခတွေ ဆွေးနွေးဟောပြောတဲ့ ခန်းမထဲကို မရောက်ဖြစ်ပါဘူး။ ခုံများပြည့်နှက်နေတာကလည်း တစ်ကြောင်းပေါ့။ ဒီလိုနဲ့ နောက်ဆုံးနေ့ ၁၂ ရက်နေ့ရောက်လာပါတယ်။ နောက်ဆုံးနေ့တော့ ငါ ဆရာတွေဟောပြောမယ့် Lecture တွေ နားထောင်ဦးမှာပဲ၊ သူတို့ ဘယ်လို ခေါင်းဆောင်ကြသလဲ၊ သူတို့ ဘယ်လိုဟောပြောကြလဲ၊ သူတို့ ဘာတွေပြောဟောပြီး ဘယ်လို ဆွေးနွေးကြသလဲ၊ ငြင်းခုန်ကြသလဲဆိုတာက သိအောင်လေ့လာဖို သွားနားထောင်မှပဲလို့ ဆုံးဖြတ်ပြီး ဘယ် ခန်းမမှာ ဘယ်ဆရာာတွေ ဘယ်လို ခေါင်းစဉ်တွေဆွေးနွေးကြမလဲဆိုတာကို သိဖို့ Session ကြည့်လိုက်တော့ စာရေးသူရဲ့ တက္ကသိုလ် ဟောပြောမယ့် အခန်း ခေါင်းစဉ်ကို သွားတွေ့ပါတယ်။
ဟောပြောမယ့် ခေါင်းစဉ်က Healthy Thinking and Healthy Action: An Investigation into the Positive Thinking Concepts in Early Buddhist Texts.-by Prof. G.A. Somaratne. ပါ။
ဒီနေရာမှာ ပါမောက္ခဟောပြောသွားခဲ့အထဲက တစ်ခုထဲကိုပဲ စာဖတ်သူကို ပြန်ပြောချင်လို့ပါ။ ပါမောက္ခက သူ့ဟောပြောချက်ထဲမှာ “လူချမ်းသာတွေပဲ သစ္စာလေးပါးကို နားလည်သဘောပေါက်နိုင်ပြီး နိဗ္ဗာန်ကို ရောက်နိုင်ပါတယ်လို့” ပြောသွားတာပါပါတယ်။ ဆရာဟောပြောပြီးလို့ General Discussion or Comment လုပ်ကြတဲ့အခါမှာ တစ်ခြားနိုင်ငံက ပါမောက္ခတစ်ယောက်က ထပြီး မေးခွန်းထုတ်ပါတယ်။ သူ့မေးခွန်းက…….
“ဗုဒ္ဓရဲ့ သစ္စာလေးပါးကို လူချမ်းသာတွေပဲ နားလည်သဘောပေါက်နိုင်တယ်လို့ သင်ပြောပါတယ်။ ဒါဆိုရင် ဗုဒ္ဓရဲ့ သစ္စာလေးပါးကို လူဆင်းရဲတွေအနေနဲ့ နားလည်နိုင်စွမ်းမရှိဘူးပေါ့။ အဲဒီလို ဗုဒ္ဓကိုယ်တိုင်ကကော ဟောပြောခဲ့လား။ သင်ရော ဒီလိုအခိုင်အမာပြောသလား။” လို့မေးပါတယ်။ သှု့ရဲ့ သာဓကက လောကကြီးမှာ လူဆင်းရဲက များပါတယ်။ လူချမ်းသာတွေထက်ဆိုရင်ပေါ့။ ဒါဆိုရင် သူဆင်းရဲများအနေနဲ့ ဗုဒ္ဓရဲ့ တရားတော်များကို လေ့လာနေတာ အကျိုးမရှိဘူးပေါ့။ အလကားပဲ”
ဒီတော့ ပါမောက္ခ ပြန်ဖြေလိုက်တာလေးကို ဖတ်ကြည့်ရအောင်ပါ။
“ဗုဒ္ဓရဲ့ အလိုတော်အရ ပစ္စည်း ဥစ္စာပေါများတဲ့ လူတစ်ယောက်ကို လူချမ်းသာစစ်ဖြစ်တယ်လို့ မပြောသလို၊ စားဖို့၊ သောက်ဖို့၊ ၀တ်ဖို့ မရှိအောင် ဆင်းရဲ နွမ်းပါးနေတဲ့ လူတစ်ယောက်ကိုလည်း လူဆင်းရဲစစ်စစ်ဖြစ်တယ်လို့ မဆိုလိုပါဘူး။ လူတစ်ယောက်မှာ ပစ္စည်းဥစ္စာ မရှိရင်နေပါစေ သူ့မှာ ပညာ-အရာရာကို ခွဲခြမ်းစိတ်ဖြာ နားလည်နိုင်တဲ့ သာရှိမယ်ဆိုရင် သူ့ကို လူဆင်းရဲလို့ မခေါ်ပါဘူး။ သူဟာ တကယ် လူချမ်းသာတစ်ယောက်ပါ။ လူတစ်ယောက် ချမ်းသာတယ်။ ဆင်းရဲတယ်ဆိုတာကို ပစ္စည်းဥစ္စာနဲ့ မတိုင်းတာပါဘူး၊ အသိပညာနဲ့ပဲ တိုင်းတာပါတယ်။ ဒါကြောင့် ဗုဒ္ဓရဲ့ သစ္စာလေးပါးတရားကို အသိပညာ ရှိတဲ့ လူချမ်းသာများသာ နားလည်သဘောပေါက်နိုင်တယ်လို့ ဆိုလိုတာပါ” လို့ ပြန်လည်ရှင်းပြလိုက်ပါတယ်။
ဟုတ်ပါတယ်။ ပြည့်စုံတဲ့ ဉာဏ်ပညာရှိမှသာ နက်နဲတဲ့ ဗုဒ္ဓရဲ့ သစ္စာလေးပါးတရားတော်ကို ထိုးထွင်းပြီးမြင်နိုင် သိနိုင်မှာပါ။ အသိဉာဏ်ပညာမရှိတဲ့သူ ဘယ်လိုဟောဟော ဘယ်လိုကျင့်ကျင့် နားမလည်နိုင်ပါဘူး။
စာဖတ်သူ သင့်မှာ များသောဥစ္စာများ မရှိလို့ သင်ဟာ လူဆင်းရဲတစ်ယောက်ဖြစ်ပါတယ်ဆိုတဲ့ သတ်မှတ်ချက်ကို မြန်မြန်ကြီး မဆုံးဖြတ်လိုက်ပါနဲ့၊ သင့်မှာ အရာရာကို အကောင်းမှန်း၊ အဆိုးမှန်းခွဲခြားသိမြင်နိုင်တဲ့ ဉာဏ်ပညာရှိနေမယ်ဆိုရင် သင်ဟာ တကယ့် လူချမ်းသာတစ်ယောက်ဖြစ်နိုင်တယ်ဆိုတာကို မမေ့လိုက်ပါနဲ့။
“လူတစ်ယောက်မှာ ပစ္စည်း ဥစ္စာ တစ်စိုးတစိမျှ မရှိရင်နေပါစေ၊ အသိဉာဏ် ပညာ လေးသာရှိနေမယ်ဆိုရင် သူဟာ တကယ့်လူချမ်းသာတစ်ယောက်ဖြစ်ပါတယ်” ဆိုတဲ့ response ဖြေကြားချက်လေးကို ကြားလိုက်စဉ်မှာပဲ စာရေးသူရဲ့ ခေါင်းထဲကို သုပ္ပဗုဒ္ဓ က အပြေးကလေးဝင်ရောက်လာပါတော့တယ်။ ငါ့ကို သာဓကကြည့်ပြီး သင့်ဆရာဖြေကြားချက် မှန်တယ်ဆိုတာ လက်ခံလိုက်ပါလို့လည်း သုပ္ပဗုဒ္ဓက စာရေးသူကို အသိပေးနေသလိုပါပဲ။
တကယ်တော့ စာရေးသူ Lecture သွားနားမထောင်ခင်ကလေးမှာ သုပ္ပဗုဒ္ဓနဲ့ စကားပြောဖြစ်ခဲ့ပါသေးတယ်။ ဒါကြောင့်လည်းသူဟာ ချက်ချင်း အတွေးထဲမှာ ပေါလာတာပါ။ တကယ်တော့ သုပ္ပဗုဒ္ဓက တစ်ခြားသူ မဟုတ်ပါဘူး။ ဗုဒ္ဓသက်တော်ထင်ရှား ရှိစဉ်က ကုဋ္ဌနှုနာသည်တစ်ယောက်ပါ။ သုပ္ပဗုဒ္ဓအကြောင်းလေးကို ဖတ်ကြည့်ရအောင်ပါ။
သုပ္ပဗုဒ္ဓဟာ စားစရာမရှိအောင် ဆင်းရဲမွဲတေနေတဲ့ ကုဋ္ဌနှုနာဆွဲနေတဲ့ သူတောင်းစားတစ်ယောက်ပါ။ တစ်နေ့တော့ ဗုဒ္ဓမြတ်စွာက များစွာသော လူအများကို တရားဓမ္မဟောကြားနေပါတယ်။ အခုခေတ်လို ရပ်ကွက်များရဲ့ လမ်းအတွင်းမှာ ဟောပြောနေကြတဲ့ တရားပွဲလို ထင်ပါတယ်။ ဒီလိုနဲ့ သုပ္ပဗုဒ္ဓကလည်း အစားအသောက် တောင်းရမ်းဖို့ထွက်အလာ များစွာသော လူအုပ်ကြီးကိုတွေ့တော့ သိပ်ပျော်သွားပါတယ်။ အင်း…အလှုအတန်းကြီးတစ်ခုပြုနေတယ်နဲ့တူတယ်။ ငါ့အတွက် စားဖို့ တစ်စုံတစ်ခုတော့ ရနိုင်တယ်လို့ မျှော်တွေးပြီး လူအုပ်ကြီးရှိရာကို လာပါတယ်။ အနားလည်းရောက်ရော ဗုဒ္ဓမြတ်စွာက တရားဟောနေတာသိတော့ ရိုရိုသေသေပဲ တရားနာကြားပါတယ်။ တရားပွဲလည်းဆုံးရော သူဟာ သောတာပန်တည်သွားပါတယ်။ တရားပွဲလည်းပြီးရော သူကစဉ်းစားတယ်။ အင်း ငါဒီနေ့ထမင်းလည်း မစားရသေးဘူး။ ရပ်ကွက်ထဲတော့ မတောင်းတော့ပါဘူးကွာ၊ ဇေတ၀န်ကျောင်းမှာရှိတဲ့ သံဃာတော်တော်များရဲ့ ဆွမ်းကျန်ပဲ တောင်းစားတော့မယ်ဆိုပြီး ဘုရားနောက်ကို ထမင်းတနပ်စာရလိမ့်မယ်ဆိုတဲ့ မျှော်လင့်ကလေးနဲ့ လိုက်သွားပါတယ်။ ဇေတ၀န်ကျောင်းပေါက်နားလည်းရောက်ရော……………
သိကြားမင်း………။ “ဟေ့ကောင် မင်းက အနှုတစ်ယောက်ပဲကွ၊ ကျောင်းထဲကို မ၀င်နဲ့”
သုပ္ပဗုဒ္ဓ……….။ “ဟ…. ဘာဖြစ်လို့လဲကွ”
သိကြား………။ “မင်းလို နှုနာစွဲနေတဲ့ လူနဲ့ အလွန်တရာမြတ်လှတဲ့ ဒီဘုရား၊ တရား၊ သံဃာဆိုတဲ့ ရတနာသုံးပါးနဲ့ မသင့်တော်ဘူး။ မတန်ဘူးကွ”
သုပ္ပဗုဒ္ဓ……..။ “ဟ.. ဘယ်နှယ့် ငါနဲ့ မတန်ရမှာလဲကွ၊ ဘုရားက င့ါဘုရား၊ တရားက ငါ့တရား၊ သံဃာက င့ါသံဃာကွ၊ ရတနာ သုံးပါးဟာ င့ါရဲ့ ကိုးကွယ်ရာကွ”
သိကြားမင်း………။ “ဟေ့ သုပ္ပဗုဒ္ဓ မင်းအခု ဘယ်သွားမလို့လဲကွ”
သုပ္ပဗုဒ္ဓ……..။ “င့ါဆရာ ဘုရားဆီ သွားမလို့ကွ”
သိကြား………။ “မင်းကွာ ဒီလောက်ဆင်းရဲမွဲတေနေတာ ထမင်းတစ်နပ်စာစားရဖို့တောင် သူများဆီ တောင်းရမ်းစားသောက်နေရတာ အခု မင်းကို တစ်သက်စားလို့မကုန်အောင် ငါပိုက်ဆံတွေ အများကြီးပေးမယ် ဒါပေမယ့်၊ ဘုရားကို ဘုရားစစ်မဟုတ်ဘူး၊ တရားကို တရားစစ်စစ် မဟုတ်ဘူး၊ သံဃာကို သံဃာစစ်စစ်မဟုတ်ဘူး။ ဘုရား၊ တရား၊ သံဃာကို ဘုရား တရား သံဃာ မဟုတ်ဘူးလို့ မင်းယုံကြည်လက်ခံမယ်ဆိုရင်၊ ဒီရတနာ သုံးပါးအပေါ်မှာ ကြည်ညိုနေတဲ့ မင်းရဲ့စိတ်ကို စွန့်လွှတ်မယ်ဆိုရင်ပေါ့ကွာ”
သုပ္ပဗုဒ္ဓ……..။ “င့ါကို ရတနာသုံးပါး စွန့်လွှတ်ဖို့ လာပြောနေတာ မင်းကဘယ်သူလဲကွ”
သိကြားမင်း………။ “ငါ သိကြားမင်းပါ”
သုပ္ပဗုဒ္ဓ……..။ “ဟေ့ သိကြားငမွဲ၊ သိကြားဆင်းရဲသား၊ မင်းက သိကြားသားပြောတယ်၊ မင်းစိတ်က မွဲနေတာပဲ။ မင်းဟာ သနားစရာကောင်းတဲ့ ဆင်းရဲတဲ့ သိကြားတစ်ယောက်ပဲ။ တကယ်တော့ ငါဟာ လူဆင်းရဲ စစ်စစ်မဟုတ်ဘူးကွ၊ ငါဟာ တကယ့်လူချမ်းသာစစ်စစ်ဖြစ်တယ်၊ ဘာကြောင့်လဲဆိုရင် ငါဟာ သူတော်ကောင်းများပိုင်ဆိုင်တဲ့ သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ၊ ဟိရိ၊ သြတ္တပ္ပ၊ ဆိုတဲ့ သူတော်ကောင်းဥစ္စာ ၇ပါးကို ပိုင်ဆိုင်ထားလိုပဲ။ မင်းလို သိကြားပေါင်း ရှစ်သောင်းလေးထောင်လောက် င့ါကို ရတနာသုံးပါးကို စွန့်လွှတ်ဖို့ လာပြောလည်း ငါ ဒီရတနာသုံးပါးကို မစွန့်ဘူး။ ရတနာသုံးပါးက ငါ့ရဲ့ကိုးကွယ်ရာ အစစ်အမှန်ပဲ။ မင်းကြိုက်သလိုလုပ် သတ်ချင် သတ်ကွာ”
ဒီနေရာမှာ သုပ္ပဗုဒ္ဓရဲ့ ပြန်ဖြေပုံလေးကို ပြောပြချင်လို့ ဒီသာဓကလေးကို ထုတ်ပြလိုက်တာပါ။ သူ့မှာ ရတနာသုံးပါးကို ယုံကြည်တဲ့ သဒ္ဓါတရားနဲ့ပြည့်စုံတယ်။ ပညာရှိတယ် ဒါကြောင့် ဒီသူတော်ကောင်းတို့မှာသာရှိတဲ့ ဒီတရားတွေကို ပိုင်ဆိုင်နေတဲ့ ငါဟာ သူဆင်းရဲစစ်စစ်တစ်ယောက် မဟုတ်ပါဘူး။ လူချမ်းသာတစ်ယောက်ဖြစ်တယ်ဆိုတာလေးကို သိစေချင်လို့ပါ။
တကယ်တော့ ဒီဝတ္ထုလေးက သောတာပန်ဂုဏ်ရည်များကို ပြထားတဲ့ သာဓကလေးပါ၊ အခွင့်ကြုံမှ ရေးပါဦးမယ်။
သုပ္ပဗုဒ္ဓနဲ့ စပ်ပြီး အတွေးတွေ ဆွေးနွေးခန်းထဲမှာ စာရေးသူ ဝေနေခဲ့ပါတယ်။ ချက်ချင်းပဲ စာဖတ်သူကို သိစေမယ်လို့ ဆုံးဖြတ်ချက်ပြုခဲ့တာပါ။
ဒီ သုပ္ပဗုဒ္ဓ ရဲ့ စကားလေးက တကယ်တော့ လောကမှာ လူချမ်းသာဆိုတာ ဘယ်လိုသူမျိုးကိုခေါ်တယ်၊ လူဆင်းရဲဆိုတာ ဘယ်လိုသူမျိုးကို ခေါ်တယ်ဆိုတာကို သိစေပါတယ်။
“ဒါကြောင့် စာချစ်သူ သင့်မှာ ပစ္စည်းဥစ္စာများ မရှိလို့ လူဆင်းရဲစားရင်းထဲ မသွင်းလိုက်ပါနဲ့။ အသိဉာဏ်မဲ့သူတွေရဲ့ အလုပ်မျိုးအတွေးမျိုးကို တွေးပြီး လူဆင်းရဲဖြစ်တယ်လို့ ကိုယ်ကိုယ့်ကို မဆုံးဖြတ်လိုက်ပါနဲ့။ တကယ်တော့ အသိပညာလေးသာ သင့်ရဲ့ သန္တာန်မှာ ရှိနေမယ်ဆိုရင် သင်ဟာ တကယ်လူချမ်းသာတစ်ယောက်ဖြစ်ပါတယ်။ ဒီထက်မက ချမ်းသာချင်တဲ့ လူချမ်းသာတစ်ယောက်ဖြစ်ချင်တယ်ဆိုရင်တော့ သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ၊ ဟိရိ၊ သြတ္တပ္ပ၊ ဆိုတဲ့ သူတော်ကောင်းဥစ္စာ ၇ပါးလုံးကိုသာ ပြည့်စုံအောင် ကျင့်ကြံလိုက်ပါ။ ဒါဆိုရင် ကမ္ဘာ့အချမ်းသာဆုံး လူချမ်းသာတစ်ယောက်ဖြစ်ပါလိမ့်မယ်။”
ကျမ်းကိုး။
ဓမ္မပဒအဋ္ဌကထာ၊ ဗာလ၀ဂ္ဂ၊ သုပ္ပဗုဒ္ဓကုဋ္ဌိဝတ္ထု။
အရှင်ဉာဏိဿရ၊ သော်တာပန်သံဃာ့ရတနာဂုဏ်ရည် တရားတော်။
(ဥယျာဉ်မှုးလေး)

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP