* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, December 9, 2010

တရားမင်းသခင် - ၁။ ရဟန်းနိမိတ်

အသိတစ်ယောက်က စာအုပ်တစ်အုပ် လက်ဆောင်ပေးထားတာ ကြာပါပြီ။ တလေးတစား မဖတ်ဖြစ်ခဲ့ပါ။ ဟိုလှန်သည်လှန် လှန်ရုံသာ လှန်ကြည့်ဖြစ်ခဲ့ပါတယ်။ စေ့စေ့စပ်စပ် ဖတ်မိတော့ လေးငါးမျက်နှာလောက် ဖတ်ပြီးတာနဲ့ စွဲသွားပါတယ်။ အစအဆုံး ဖတ်ဖူးတဲ့ (စာမေးပွဲသင်ရိုး မဟုတ်တဲ့)စာအုပ် လေးငါးဆယ်အုပ် စာရင်းထဲ ၀င်သွားပါတယ်။

Portrait of the Buddha (from a Novelist's Pen) by Jayasena Jayakody, English Translation by K. D. de Lanerolle. FOR FREE DISTRIPUTION - NOT FOR SALE. (ပုံနှိပ်မှတ်တမ်း အပြည့်အစုံ မတွေ့ရပါ။)

Blogကနေ ရေးဖော်ဖတ်ဖော်တွေနဲ့ မျှဝေဖို့ စာအုပ်ကို ဘာသာပြန်မယ် စိတ်ကူးမိပါတယ်။ မူရင်း အင်္ဂလိပ် အရေးအသား သိပ်မခက်ပေမယ့် တိုက်ရိုက် ဘာသာပြန်တာထက် မှီးရေးတာက ပိုကောင်းမယ် ထင်မိပါတယ်။ နှုတ်ချင်တာနှုတ် ဖြည့်ချင်တာဖြည့် လုပ်လိုက်ရင် ပိုကောင်းမယ် ထင်လို့ပါ။ ဗုဒ္ဓ၀င်ဇာတ်ကြောင်းတွေ ဖြစ်ပေမယ့် ဖတ်ခဲ့ဖူးတာနဲ့ တော်တော်များ ကွဲလွဲနေတာတွေ တွေ့ရပါတယ်။ ဇာတ်လမ်းအခင်းအကျင်း ကွဲလွဲချက်တွေ ပါပါတယ်။ မထင်ရှားတဲ့ နာမည်တစ်ချို့ မတူတာတွေလည်း ပါပါတယ်။ ဗုဒ္ဓဘာသာ တရားအကြောင်းအရာ ကွဲလွဲချက် တစ်ခုနှစ်ခုလည်း တွေ့ရပါတယ်။ မဟာယာန ကျမ်းစာတွေထဲက ယူခဲ့တာ ဖြစ်ပါလိမ့်မယ်။ ကွဲလွဲချက် တစ်ချို့ကတော့ Jayasena Jayakodyရဲ့ စိတ်ကူးစိတ်သန်းတွေ ဖြစ်နိုင်ပါတယ်။ ခြုံကြည့်လိုက်ရင် ချစ်ခင်လေးစားစရာကောင်းတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။

နှုတ်သင့်တယ်ထင်တာနှုတ် ဖြည့်သင့်တယ်ထင်တာ ဖြည့်ပြီး မှီးငြမ်း ရေးပါမယ်။ ထေရ၀ါဒ တရားတော်ကို ပျက်လိုပျက်စီး စော်ကားဆန့်ကျင်တာ မဟုတ်တဲ့ အခင်းအကျင်း နဲ့ နာမည်ကွဲလွဲချက် တွေကို မပြောင်းတော့ပါဘူး။ ကွဲလွဲချက်ကို တူးတူးခါးခါး အပြစ် မမြင်လိုက်ဘဲ ပြေပြစ်တဲ့ သဘောထားနဲ့ “ဂုဏ်တော်ဖွင့်” တစ်မျိုးလို့သာ မှတ်ကြစေလို ပါတယ်။

Portrait of the Buddhaဆိုတဲ့ နာမည်ဟာ အင်္ဂလိပ်လို လှပေမယ့် မြန်မာပြန်လိုက်ရင် ပျက်ချော်ချော် ဖြစ်နေတဲ့အတွက် “တရားမင်းသခင်”လို့ ခေါင်းစဉ်ကြီး ယူလိုက်ပါတယ်။ မူရင်းစာအုပ်မှာ မပါပေမယ့် သင့်တော်တဲ့ ခေါင်းစဉ်ငယ်လေးတွေ ထည့်လိုက်ပါတယ်။


တရားမင်းသခင်
၁။ ရဟန်းနိမိတ်

သာဝတ္တိ ဆောင်းရာသီ ဖြစ်၏။ အအေးဒဏ်ကား မခံသာအောင် ပြင်းထန်လွန်းလှသည်။ ၀န်းကျင်လောက၌ လှုပ်ရှားသွားလာသူ ကင်းဆိတ်နေ၏။ တစ်နေ့တာလုံး နေမွန်းတည့်ချိန် ခဏလေးမှာသာ နွေးထွေးသော နေရောင်ခြည်ကို ရရှိသည်။ အပြင်မှာ အေးလွန်းလှ သောကြောင့် မြို့သူမြို့သားများ အိမ်တွင်းမှာသာ အတတ်နိုင်ဆုံး ကုတ်ကပ်နေကြ၏။ မိုးလင်းသော်လည်း အိပ်ယာပေါ်မှာ အချိန်ဆွဲ၍ လှဲကွေး နေတတ်ကြ၏။ ဆောင်းတွင်းကာလ၌ အစောဆုံး နိုးထသည်ကား အေးစိမ့်အောင် သုတ်ဖြန်းသည့် လေသရမ်းတို့သာ ဖြစ်ပေသည်။ လေသရမ်းတို့သည် ဟိမ၀န္တာ တောင်တန်းမှ နှင်းအထွတ် တို့ကို ခပ်ကြမ်းကြမ်း ပွေ့ဖက် နမ်းရှိုက်ခဲ့ပြီး အအေးကြောက်သူ အိမ်တွင်းပုန်းတို့ကို အိမ်အပြင်မှ ခပ်ရဲရဲ စိန်ခေါ်လျက် ရှိနေသည်။ အိမ်ကြား လမ်းကြား သစ်ကိုင်းကြားတို့၌ တ၀ူးဝူး တရှူးရှူး တိုးဝှေ့ဆော့မြူးလျက် ရှိနေသည်။ လေသရမ်း တစ်သုတ်ပြီးတစ်သုတ် ဆွဲမွှေ့ခံရသော သစ်ရွက်ခြောက်များ နေရာအနှံ့ ကြဲပြန့်လျက် ရှိနေသည်။ လေတစ်သုတ်က မြေပြင်ပေါ်မှ သစ်ရွက်ခြောက်များကို လှဲကျင်းသွားပြီး မကြာမီပင် နောက်လေတစ်သုတ်က သစ်ရွက်ရော်များကို ပင်အို ပင်ပျိုတို့ အပေါ်မှ လှုပ်ခြွေချလိုက်ပြန်ရာ မြေပြင်မှာ မရှင်းနိုင်အောင် ရှိတော့သည်။

ဆောင်းတွင်း နံနက်ခင်း တစ်ခုဖြစ်၏။ လူနေဝေးသည့် မြို့ပြင်ဘက်ရှိ မြေပြင်နှင့် မြက်ခင်းပြင်တို့ကို နှင်းထုက ဖုံးအုပ်လွှမ်းခြုံထားသည်။ ထိုစဉ် သစ်နက်ရေ ၀တ်ဆင်သူ ကာဠာမ ရသေ့သည် ကျောင်းသင်္ခမ်းမှ ထွက်ခွာခဲ့ပြီး မြို့တော်သာဝတ္တိသို့ ဆွမ်းခံကြွရန် နှင်းထုကြားမှာ တရွေ့ရွေ့ လျှောက်လှမ်းနေ၏။ ဆွမ်းရှာရန် ထွက်လာသော်လည်း အိုး ခွက် သပိတ် သည်ဆောင်ခဲ့သည် မဟုတ်ပေ။ ဗလာကျင်းသည့် လက်နှစ်ဘက်တို့သည်သာ ရသေ့၏ ကိုယ်ပေါ်မှာ အသက်မဲ့စွာ တွဲလောင်းခိုလျက် လိုက်ပါနေသည်။ ရသေ့သည် သစ်ရွက်ခြောက်များ ဖုံးလွှမ်းထားသည့် သဲထူထူ နှင်းစိုလမ်းပေါ်မှာ ဖြည်းလေးညင်သာစွာ လျှောက်လှမ်းနေ၏။ ခေါင်းငိုက်စိုက် ချထားပြီး ရှေ့ကို နှစ်တောင်ခန့်သာ ကြည့်၍ လျှောက်နေ၏။ သာဝတ္တိနန်းတော် ဗဟိုနန်းမဆောင် အနီးရှိ သိဒ္ဓတ္တမင်းသား စံပျော်ရာ သုရမ္မနန်းဆောင်ဆီ ဦးတည် လျှောက်လှမ်းနေခြင်း ဖြစ်၏။ ရသေ့သည် နန်းတော်မုခ်ဦးဝမှာ ရပ်တံ့လိုက်ပြီး မတုန်မလှုပ် ဆက်လက် ရပ်နေသည်။ သူသည် မည်သည့်အိမ်တွင်းမှ ၀င်သူမဟုတ်။ အိမ်တံခါးဝမှာသာ တိတ်တိတ်ရပ်၍ ဆွမ်းရှားမှီးလေ့ ရှိသူတည်း။

သုရမ္မနန်းဆောင် အတွင်း၌ သိဒ္ဓတ္တမင်းသားသည် နံနက်စာ ပွဲတော်တည်လျက် ရှိနေ၏။ နန်းဆောင်အတွင်း၌ စောင်းသံသဲ့သဲ့ ပြန့်ထွက်နေသည်။ ယသောဓရာသည် မင်းသားအနီးမှာ ပြုစုလုပ်ကျွေး ခစားလျက် ရှိ၏။ တိတ်ဆိတ်ညင်သာစွာ ပွဲတော်တည်နေသော မင်းသားသည် ရုတ်တရက် ခေါင်းမော့လိုက်ပြီး ယသောဓရာကို ပြော၏။

“ယသောဓရာ။ အတီးအမှုတ်တွေ ရပ်ခိုင်းလိုက်ပါကွယ်။”

“မောင်တော် နှစ်သက်တဲ့ မေဃမဟာတီးကွက် အပြောင်းခိုင်းလိုက် ရမလား။”

“မပြောင်းပါနဲ့။ အရပ်ခိုင်းလိုက်ပါ။ ပိတ်ထားတဲ့ ပြတင်းပေါက် တွေလည်း ဖွင့်လိုက်ပါ။ ဟို အပြင်ဘက် သစ်ကိုင်းတွေ သစ်ရွက်တွေကြားက လေတိုးသံ ဂီတကို နားထောင်ချင်တယ်။ ငှက်တွေရဲ့ သီကျူးသံကို နားထောင်ချင်တယ်။ ဟိုကိုင်းဒီကိုင်း ခုန်ကူး ပျော်ရွင်နေတဲ့ ငှက်တွေကို ကြည့်မယ်။ ပတ်ဝန်းကျင်က သဘာဝလောက အစစ်ကို ကြည့်မယ်။”

စောင်းသံ ရပ်သွားသည်နှင့် ငှက်တို့၏ ကျူကျူကြာကြာ မြည်ဟစ်သံများ တိုးတိုးညင်းညင်း ပေါ်ထွက်လာ၏။ လေးတိုးသံ သဲ့သဲ့လည်း ကြားရလေသည်။

“ယသောဓရာ။ ပြတင်းပေါက်တွေလည်း ဖွင့်လိုက်ပါအုံး။”

“အေးတယ် မောင်တော်ရဲ့။ လေက ကြမ်းတယ်။ ဒီ နန်းဆောင်ထဲ မီးဖိုဘေးမှာပဲ နေမှ ဖြစ်မယ်။ အအေးဒဏ် ခံနိုင်မှာ မဟုတ်ဘူး မောင်တော်။”

“သသောဓရာရယ်။ တဲကုတ်မှာနေတဲ့ စဏ္ဍာလတွေ ယာစကာတွေမှာ ပိတ်စရာ ပြတင်းတွေ တံခါးတွေ ရှိလို့လား။ နွေးထွေးလုံခြံဖို့ အ၀တ်အထည်ရော ရှိလို့လားကွယ်။”

“သူတို့က ကျင့်သားရနေပြီ မောင်တော်ရဲ့။”

“ငါတို့ရော ကျင့်သားမရနိုင်ဘူးလား။”

“ရနိုင်တယ်ပါတယ် မောင်တော်။”

“အဲဒီလို ဘ၀မျိုးနဲ့ အသားကျရတာ လူသားဆန်ပါတယ် ယသောဓရာ။ ပြတင်းပေါက်တွေသာ ဖွင့်လိုက်ပါ။ ဒါမှ မဟုတ်ရင်လည်း ငါကိုယ်တိုင်ပဲ ဖွင့်လိုက်တော့မယ်။”

ယသောဓရာသည် ပြတင်းပေါက် တစ်ခုကို တုံ့ဆိုင်းဆိုင်းနှင့် ဖွင့်လိုက်သည်။ အေးစိမ့်သည့် လေတစ်လုံး နန်းဆောင်အတွင်းသို့ ခပ်ကြမ်းကြမ်း တိုးဝင်လာ၏။ မင်းသမီးသည် အအေးဒဏ်ကို ကာကွယ်ရန် နားနှစ်ဘက်ကို အပေါ်ရုံ အ၀တ်စွန်းနှင့် ဖုံးဖိနေ၏။ မင်းသားသည် စားလက်စ ပွဲတော်ကို ဖယ်လိုက်၍ လက်ဆေးပြီး မတ်တတ်ရပ်လိုက်သည်။ နှုတ်ခမ်းအစုံကို တွန့်ကွေး၍ ခပ်ယဲ့ယဲ့ပြုံးရင်း ပြတင်းပေါက်မှ အပြင်သို့ လှမ်းမျှော်ကြည့်လိုက်သည်။

မင်းသားသည် နန်းတော်မုခ်ဦး၌ မလှုပ်မရှား ရပ်နေသော ကာဠာမ ရသေ့၏ ကိုယ်တစ်ပိုင်းကို လှမ်းမြင်လိုက်၏။ ရသေ့သည် အရှက်လုံရုံ သစ်နက်ရေ ၀တ်ထားသည်မှအပ ကိုယ်လုံးတီး ဖြစ်၏။ မုခ်ဝ၌ တောင့်တောင့်မတ်မတ် ရပ်နေ၏။ အအေးဒဏ်ကို မမှုဘဲ ရပ်နေပုံမှာ သက်မဲ့ ရုပ်တုတစ်ခုနှင့် တူလှ၏။ ရသေ့ကို မြင်လိုက်သည်နှင့် သိဒ္ဓတ္ထ၏ ရင်ထဲ၌ ကြည်နူးမှု လှိုင်းတံပိုးတစ်ခု လှုပ်ခပ်သွားသည်။ သိဒ္ဓတ္ထသည် ရသေ့ကို ရည်ရွယ်၍ ဦးညွတ်ကာ အရိုအသေ ပေးလိုက်သည်။ ထို့နောက် ယသောဓရာကို ခေါ်၍ ပြော၏။

“ရသေ့ကို ကြည့်စမ်း။ အအေးဒက်ကို ကြံ့ကြံ့ခံပြီး မလှုပ်မရှား ရပ်နေလိုက်တာ။ တကယ့် သူတော်စင်ပါပဲ။”

“ကာဠာမ ရသေ့ပါ မောင်တော်။ နန်းတော်မှာ ဆွမ်းလာလာရပ်တာ ခဏခဏ တွေ့ဖူးတယ်။”

“ဟုတ်တယ် တွေ့ဖူးတယ်။ သူ့ကို ဒီနန်းဆောင်ထဲ ပင့်ဖိတ်ပြီး ဆွမ်းလှူရအောင်။ သူ့အတွက် နေရာပြင်ပါလား။”

“မောင်တော်။ သူက ဘယ်သူ့အိမ်ထဲမှ မ၀င်ဘူး။ ဆွမ်းလှူရင် လက်ခုပ်နဲ့ ခံယူတယ်။ ရေနဲ့ အဖျော်ဆိုရင်လည်း သူ့လက်ခုပ်ထဲ လောင်းထည့်ပြီး လှူရတာ။ ပြီးရင်း သူလှည့်ပြန် သွားတော့တာပဲ။”

“ဒါဆို ငါ ဒီကပဲ စောင့်ကြည့်နေမယ်။ သူ့ဆီသွားပြီး ဆွမ်းလောင်းလှူလိုက်ပါ။”

ယသောဓရာသည် လှူဖွယ် ဆွမ်းအာဟာရများကို ငွေဆွဲခြင်းမှာ ထည့်သွင်းပြင်ဆင်ပြီး ကျွန်မခုဇ္ဇုတ္တရာကို ခေါ်လိုက်၏။ မင်းသမီးသည် အဆင်သင့် ဖြစ်နေသော ခုဇ္ဇုတ္တရာကို ဖော်ဖော်ရွေရွေ ပြုံးပြရင်း အပေါ်ရုံခြုံထည်ကို သပ်ရပ်အောင် ပြင်ခြုံလိုက်သည်။ ခုဇ္ဇတ္တရာကို ရေကရား ကူသယ်ပေးရန် မေးငေါ့ရင်း မျက်စပစ်၍ အချက်ပေးလိုက်သည်။ ထို့နောက် ဆွဲခြင်းကို ကောက်ယူပြီး ခုဇ္ဇုတ္တရာနှင့်အတူ နန်းဆောင်အောက်သို့ ဆင်းသွားလေ၏။

သိဒ္ဓတ္ထသည် ပြတင်းပေါက်မှနေ၍ ဧကစာရီ ရသေ့မြတ်ကို နှစ်ထောင်းအားရစွာ ငေးမောကြည့်ရှုရင်း ရသေ့၏ ရောင့်ရဲသောဘ၀ ရိုးရှင်းမြင့်မြတ် စင်ကြယ်ပုံကို စိတ်ကူးဖြင့် ပုံဖော်ကြည့်နေလေ၏။

မင်းသားသည် ရသေ့ဆီသွားနေသော မင်းသမီးဆီ အကြည့်ပြောင်းလိုက်သည်။ နောက်မှ လိုက်လာသော ခုဇ္ဇုတ္တရာသည် မင်းသမီးကို ခပ်သုတ်သုတ် ကျော်တက်လိုက်ပြီး နန်းတော်ဝင်းတံခါး ဖွင့်ပေးနေသည်ကို တွေ့ရ၏။ ယသောဓရာ နှင့် ခုဇ္ဇုတ္တရာတို့သည် ရသေ့၏ရှေ့မှာ ခြေစုံရပ်ရင်း ကိုယ်ကို ညွတ်ကိုင်း၍ အရိုအသေ ပေးလိုက်ကြသည်။ ရသေ့က လက်နှစ်ဘက် ဆန့်တန်းလိုက်သောအခါ ယသောဓရာသည် ရသေ့၏ လက်ထဲသို့ ငှက်ပြောရွက် ဖြတ်ပိုင်းစတစ်ခု ထည့်ပေးလိုက်၏။ ထို့နောက် ဆွမ်းအာဟာရများ ခြင်းမှထုတ်ယူပြီး ငှက်ပြောရွက်ပေါ် တင်လှူလိုက်သည်။

ရသေ့သည် မျက်လုံးအစုံကို စေ့စေ့ပိတ်ထား၏။ မူရင်း ရပ်လျက်အနေအထားကို မပြောင်းမပြင်ဘဲ ဆန့်တန်း၍ ဆွမ်းခံထူထားသည့် လက်နှစ်ဘက်ကို ကွေးညွတ်ရုပ်သိမ်းကာ ဆွမ်းအာဟာရတို့ကို ပါးစပ်ဆီသို့ သယ်ယူ၏။ ငှက်ပြောရွက်ပေါ် တင်လှူထားသမျှကို စားသုံး၏။ ရသေ့၏ ပါးစပ်သည် ငှက်ပြောရွက်ပေါ် နေရာအနှံ့ ဖြည်းဖြည်းချင်း ရွေ့လျားနေသည်။ တစ်ခဏအတွင်းမှာ စားစရာအားလုံး ကုန်သွားသည်။ နောက်ဆုံး၌ ရသေ့သည် ငှက်ပြောရွက်ကိုပါ စားသုံးပစ်လိုက်၏။ ရသေ့၏ မျက်လုံးများကား ပိတ်ထားဆဲ ဖြစ်သည်။ ရသေ့သည် စကားတစ်ခွန်းမှ မြွက်ကြားခြင်း မရှိပေ။ ထို့နောက် ရေကို ခံယူရန် လက်ခုပ်ပြုထားသော လက်နှစ်ဘက်ကို ဆန့်တန်းပေး၏။ ရသေ့ဘေးမှာ တိတ်ဆိတ်စွာ ရပ်နေသော ယသောဓရာသည် ခုဇ္ဇုတ္တရာထံမှ ရေကရားကို ယူ၍ ရသေ့၏ လက်ခုပ်ထဲသို့ အသာအယာ ရေလောင်းထည့် ပေးလိုက်သည်။ ရသေ့သည် လက်ခုပ်ကို ရုတ်ယူပြီး ရေသောက်၏။ ထို့နောက် မျက်လုံးများ ခပ်စင်းစင်း ဖွင့်၍ ယသောဓရာကို ကြည့်၏။ သူ၏ ညာဘက်လက်ကို ယသောဓရာ၏ ဦးခေါင်းနှင့် အမြင့်ညီအောင် ဖြည်းဖြည်းချင်း ပင့်မြှောက်လိုက်ပြီး ညင်ညင်သာသာ ပြန်ချကာ နှုတ်ဆက်ဟန် ပြုပြီး ထွက်ခွာရန် ကိုယ်ကို လှည့်လိုက်၏။ ထို့နောက် လေးလေးကန်ကန် ခြေလှမ်းမှန်မှန်နှင့် ထွက်ခွာသွားတော့သည်။

ယသောဓရာသည် တံခါးဝမှာ ရပ်လျက်ပင် ရှိသေး၏။ တဖြည်းဖြည်း ရွေ့လျားနေသော ရသေ့ကို ကြည်ညိုလေးမြတ်စွာ ငေးကြည့်နေ၏။ ခုဇ္ဇုတ္တရာက ညင်သာစွာ ထိတို့ သတိပေးလိုက်ရာ ရသေ့ထံမှ အကြည့်ကို ရုတ်လိုက်၏။ နန်းဆောင်ပေါ် ကျန်နေခဲ့သည့် သိဒ္ဓတ္တကို သတိရ၍ မော့ကြည့်လိုက်သည်။ သိဒ္ဓတ္တ မလှုပ်မယှက် ရှိနေသည်ကို တွေ့ရ၏။ သိဒ္ဓတ္တလည်း ပြန်ကြွသွားသည့် ရသေ့ကို ငေးစိုက်ကြည့်နေ၏။ ဖြည်းလေးညင်သာစွာ ထွက်ခွာသွားသည့် ကာဠာမ ရသေ့၏ ပုံပန်းသဏ္ဍာန်သည် သိဒ္ဓတ္တ၏ စိတ်နှလုံးကို သိမ်းကြုံးယူငင်သွားကြောင်း ယသောဓရာ နားလည် လိုက်လေသည်။

(ဆက်ပါအုံးမယ်။)

Read more...

မဟောသဓာဇာတ် အပိုင်း-၂


နွားခိုးမှု

တစ်နေ့သ၌ မဟောသဓာနေသော ရွာမှ လူတစ်ယောက်သည်မိုးကျလျှင် လယ်ထွန်ရန် အခြားရွာမှ နွားတစ်ရှဉ်း ဝယ်လာသည်။ ထို့နောက် ထိုနွားတို့ကို စားကျက်၌ ကျောင်းရင်း အိပ်ချင်သဖြင့် သစ်ပင်အောက်၌ ဝင်အိပ်၏။ ထိုစဉ် သူခိုးတစ်ယောက် ရောက်လာပြီး ထိုနွားတစ်ရှဉ်းကို ခိုးပြေးလေသည်။

နွားရှင်နိုး၍ နွားတို့ကို သူခိုးမောင်းပြေးသည်ကို မြင်သောအခါ နောက်မှလျင်မြန်စွာ လိုက်၏။ မိသောအခါ "သင် အဘယ့်ကြောင့် ငါ့နွားတို့ကို ခိုးယူသနည်း" ဟု ဆို၏။

သူခိုးကလည်း "သင်ဘယ်သူနည်း။ ငါ့နွားကို ငါလိုရာဆောင်သည်။ ငါ့အား အဘယ်ကြောင့် သူခိုးဟု စွပ်စွဲရသနည်း" ဟု ဆို၏။ ဤသို့ နွားရှင်နှင့် နွားသူခိုးတို့ အငြင်းပွားနေရာသို့ လူအများ ဝိုင်းအုံရောက်လာကြသည်။ မဟောသဓာ သိသောအခါ မိမိထံ အခေါ်ခိုင်းသည်။ မြင်လျှင်ပင် မည်သူ သူခိုးဖြစ်သည်ကို သိလိုက်ပြီ။ သို့ရာတွင် အများသိစေအံ့ဟု ကြံလျက် "ကျွန်ုပ်ဆုံးဖြတ်ရာ နာခံကြမည်လော" ဟု မေးသည်။

ထိုသူနှစ်ယောက်လုံးကလည်း "နာခံပါမည်" ဟု ဆို၏။ ဤတွင် မဟောသဓာက သူခိုးအား "သင့်နွားကို မည်သည့်အစာ ကျွေးသနည်း" ဟု မေး၏။
သူခိုးက "ယာဂုတိုက်ပြီး နှမ်းဖတ်နှင့် ပဲမှော်တို့ကို ကျွေးပါသည်" ဟု ဖြေ၏။

ထို့နောက် မဟောသဓာက နွားရှင်ကိုမေးသည်။ နွားရှင်ကမူ "မြက်ကိုသာ ကျွေးပါသည်" ဟု ဖြေသည်။

မဟောသဓာသည် သူတို့နှစ်ယောက်၏ စကားကို ပရိသတ်အား မှတ်သားစေသည်။ ထို့နောက် သျှိသျှားရွက်ကို ထောင်း၍ ရေနှင့်ဖျော်ကာ နွားတို့ကို ဝမ်းသွားအောင် တိုက်စေသည်။ နွားတို့လည်း ဝမ်းသွားကြရာ မြက်ဖတ်သာ ပါကြသည်။

မဟောသဓာက ပရိသတ်အား "ဤနွားချေးကို ရှုကြလော့" ဟု ပြသည်။ ထို့နောက် နွားသူခိုးအား "သင် ငြင်းမရ။ သင် နွားခိုး မဟုတ်လော" ဟု မေး၏။ သူခိုးလည်း ဟုတ်မှန်ရာ ဝန်ခံရသည်။

မဟောသဓာသည် နွားရှင်အား နွားများကို ပေးအပ်သည်။ ဖွားဖက်တော်များက သူခိုး အရှက်ရအောင် ထောင်းထုကြသည်။ မဟောသဓာလည်း သူငယ်ဖော်တို့ ထောင်းထု၍ မှတ်လောက်သောအခါ သူခိုးကို ဆုံးမလွှတ်လိုက်သည်။

စုံစမ်းသော အမတ်သည် ထိုအကြောင်းကို ဝိဒေဟရာဇ်မင်းကြီးအား လျှောက်ထားစေပြန်သည်။ မင်းကြီးလည်း နှစ်သက် သဘောကျသဖြင့် သိန်းအမတ်ကို ခေါ်ပြန်သည်။ "အမတ်ကြီး မဟောသဓာ သုခမိန်ကို ဆောင်ယူချိန်တန်ပြီ မဟုတ်လော" ဟုဆို၏။ သိန်းအမတ်လည်း မနာလိုဖြစ်မြဲဖြစ်ကာ "ထို နွားခိုးမှုကို စီရင်နိုင်ရုံမျှဖြင့် သုခမိန် မခေါ်လောက်သေး။ ဆိုင်းပါဦး" ဟု ဆိုပြန်သည်။

မင်းကြီးလည်း "ထပ်မံစုံစမ်းပါဦး" ဟူ၍ စုံစမ်းရန် စေခိုင်းထားသော အမတ်အား ညွှန်ကြားလိုက်ရပြန်လေသည်။


လည်ရွဲအမှု

တစ်ခါသော် သူဆင်းရဲမ တစ်ယောက်သည် သူချမ်းသာမများကဲ့သို့ ရွှေ၊ ငွေ၊ ကျောက်များကို ခြယ်သော လည်ရွဲဘယက်တို့ကို မဆင်နိုင်ရှာ။ ချည်ရောင်စုံဖြင့် ထိုးချုပ်သော ချည်လည်ရွဲကိုသာ ဆင်ရရှာသည်။
တစ်နေ့သ၌ ထိုမိန်းမသည် မဟောသဓာ တည်ထားသော ရေကန်သို့ ဆင်း၍ ရေချိုးမည်ပြုသည်။ ရေကန်သို့ မဆင်းမီသူမသည် ထိုချည်လည်ရွဲကို လည်မှချွတ်သည်။ အဝတ်အစားများပေါ်၌ တင်ထားသည်။ ထို့နောက်မှ ရေကန်သို့ ဆင်းသည်။

ထိုစဉ် မိန်းမငယ် တစ်ယောက်သည် ထိုလည်ရွဲကို မြင်သော် လိုချင်စိတ် ဖြစ်ပေါ်လာသည်။ ထိုလည်ရွဲကို ကောက်ယူပြီးလျှင်-

"အစ်မ၊ ဤလည်ရွဲသည် အလွန်လှပတင့်တယ်၏။ ထိုးချုပ်ရန် ချည်မည်မျှ ကုန်သနည်း။ ဤလည်ရွဲကဲ့သို့ ကျွန်မလည်း ထိုးချုပ်ချင်ပါသည်။ ခဏ ကြည့်ပါရစေ" ဟု ဆို၏။

လည်ရွဲရှင် မိန်းမကလည်း သဘောရိုးဖြင့် ဆိုသည်ထင်၍ "ကောင်းပြီ၊ ကြည့်ပါလော့" ဟု ဆို၏။
ထိုအခါ မိန်းမငယ်သည် လည်ရွဲကို မိမိလည်၌ ဆင်၍ လျင်မြန်စွာ ပြေးလေ၏။

လည်ရွဲရှင် မိန်းမလည်း နောက်မှလျင်မြန်စွာ လိုက်၏။ မိသောအခါ-"အဘယ့်ကြောင့် ငါ့လည်ရွဲကို ယူပြေးရသနည်း" ဟု ဆို၌ မိန်းမငယ်၏ တဘက်ကို ဆွဲထား၏။

မိန်းမငယ်လည်း "ငါ့လည်ရွဲကို ငါဆင်၍ ထားသည်။ အဘယ့်ကြောင့် ရှင်မ၏ လည်ရွဲခိုးသူဟု စွပ်စွဲ ဆွဲငင်ရသနည်း" ဟု ဆို၍ ရုန်းကန်၏။

ရွာသူရွာသား အပေါင်းကလည်း ဝန်းရံလာကြ၏။ ထိုအမှုသည် မဟောသဓာထံ ရောက်လာ၏။ မဟောသဓာသည် သူတို့နှစ်ဦး၏ အမူအယာကို ကြည့်ရုံမျှဖြင့် မည်သူ သူခိုး၊ မည်သူ လည်ရွဲရှင် ဖြစ်သည်ကို အတပ်သိလိုက်၏။ သို့ရာတွင် အများသိအောင် သက်သေပြမည် ကြံ၍ စစ်ဆေး မေးမြန်း၏။

မဟောသဓာသည် ရှေးဦးစွာ ခိုးသူမကို မေးမြန်း၏။

"သင်၏ လည်ရွဲကို မည်သည့်နံသာရည်ဖြင့် မပြတ် သုတ်လိမ်းပါသနည်း"
"အမွှေးပေါင်းစုံဖြင့် လုပ်သော နံ့သာပေါင်းဖြင့် နေ့တိုင်း အမြဲသုတ်လိမ်းပါ၏"

ထို့နောက် လည်ရွဲရှင် မိန်းမကို မေးပြန်သော်-
"အရှင့်သား၊ ဆင်းရဲသူ ကျွန်ုပ်မှာ နံ့သာပေါင်း ဘယ်မှာ ရနိုင်မည်နည်း။ အကျွန်ုပ်သည် ဤလည်ရွဲကို သျှစ်သျှားပွင့်ဖြင့်သာ နေ့တိုင်းးမပြတ် သုတ်လိမ်းပါ၏" ဟု ဆို၏။

မဟောသဓာလည်း ထိုမိန်းမနှစ်ယောက်၏ စကားကို ပရိသတ်တို့အား မှတ်သားစေ၏။ ထို့နောက် ရေခွက်ကို ဆောင်ယူစေ၍ ထိုရေခွက်၌ လည်ရွဲကို နှစ်စေ၏။ ပြီးသော် အနံ့၌ ကျွမ်းကျင်သော လူတစ်ယောက်ကို ခေါ်သည်။ မည်သည့်အနံ့ နံသည်ကို သိရအောင် နမ်းစေ၏။

ထိုသူသည် ရေစိုသော လည်ရွဲကို နမ်းသောအခါ သျှစ်သျှားပွင့်နံ့ ရ၏။ ထို့ကြောင့် "အရှင့်သား၊ ဤ လည်ရွဲ၌ နံ့သာပေါင်းနံ့ မရှိ။ သျှစ်သျှားပွင့်နံ့သာ လှိုင်၏။ မိန်းမငယ်စကား မမှန်။ ဒုတိယ မိန်းမစကား မှန်၏" ဟု ပြန် ကြား၏။

မဟောသဓာလည်း ခိုးသူမအား "သင့်ဥစ္စာဟု သင်ဆိုသည်။ လည်ရွဲက သင့်ကို ခိုးသူမဟု ထုတ်ဖော်ပြနေပြီ။ သင်အသို့နည်း" ဟု မေး၏။

ခိုးသူမလည်း မလိမ်ညာနိုင်။ မိမိခိုးယူကြောင်း ဝန်ခံရ၏။ ထိုအခါ မဟောသဓာနှင့် ဖွားဖက်တစ် ထောင်တို့သည် ခိုးသူမကို ဆုံးမလွှတ်လိုက်၏။ လည်ရွဲရှင်အား လည်ရွဲကို ပြန်ပေးလိုက်၏။

ထိုအကြောင်းကို မင်းကြီး စေလွှတ်ထားသော အမတ်သိလျှင် အဖြစ်အပျက် အလုံးစုံကို လျှောက်စာတင်၍ မင်းကြီးကို ကြားလျှောက်စေ၏။

ဝိဒေဟရာဇ်မင်းကြီးလည်း နှစ်သက်ခြင်းဖြစ်၏။ သေနကအမတ်ကြီးအား ခေါ်၍ "မဟောသဓာ သုခမိန်ကို ဆောင်ယူချိန်သင့်ပြီ မဟုတ်ပါလော" ဟု တိုင်ပင်တော်မူ၏။

သေနကအမတ်ကြီးကလည်း "အရှင်မင်းကြီး၊ ဤမျှလောက်ဖြင့် သုခမိန် မခန့်လောက်သေး။ ငံ့တော်မူပါဦးလော့" ဟု ဆို၍ ဝန်တိုစိတ်ဖြင့် တားမြစ်ပြန်လေ၏။

ချည်လုံးခိုးမှု

တစ်နေ့သ၌ ဝါခင်းစောင့်သော မိန်းမတစ်ယောက်သည် ဝါပေါက်သန့်သန့်ကို ချည်ငင်လျက် လုံးသည်။ ထို့နောက် ထိုချည်လုံးကို ယူ၍ ရွာသို့ ပြန်ခဲ့သည်။

ထိုမိန်းမသည် မဟောသဓာ၏ ရေကန်သို့ ရောက်သောအခါ ရေချိုးမည်ဟူ၍ အကြံဖြစ်သည်။ ထို့ကြောင့် ချည်လုံးကို မိမိအင်္ကျီပုံပေါ်၌ တင်ထား၍ ရေဆင်းချိုးသည်။

အခြားမိန်းမတစ်ယောက်သည် ထိုချည်လုံးကို မြင်လျှင် လိုချင်လာသည်။ "အမယ်- ဤချည်ကို အမယ်ငင်လေသလော၊ ဖြစ်ခဲပေစွ" ဟု ဆိုသည်။ ထို့နောက် ကြည့်ချင်ဟန်ပြု၍ ယူပြေးလေသည်။

ချည်လုံးရှင် မိန်းမလည်း ရေမှတက်၍ လိုက်သည်။ "သင် အဘယ်ကြောင့် ငါ့ချည်လုံးကို ခိုးယူပြေးသနည်း" ဟု ဆို၍ အင်္ကျီစကို ကိုင်ဆွဲထား၏။ ခိုးသူမလည်း "ငါ့ချည်လုံးကို ငါယူလျက် ခရီးသွားသည်။ သင့် အဘယ့်ကြောင့် ငါ့အား ခိုးသူမဟု စွပ်စွဲရသနည်း။ ငါ့ကို မနှောင့်ယှက်နှင့်။ ဆုတ်လော့" ဟု ဆို၍ အတင်းထွက်သွားမည်ပြု၏။ ချည်လုံးရှင်ကလည်း မသွားရအောင် တားမြစ်၏။ အငြင်းအခုံ ဖြစ်ကြ၏။ လူအများ ဝိုင်းဝန်းလာကြ၏။

မဟောသဓာလည်း ထိုမိန်းမနှစ်ယောက်ကို ခေါ်စေသည်။ အမူအရာ အသွင်အပြင် လက္ခဏာကို ဆင်ခြင်ကြည့်လိုက်လျှင်ပင် ဤသူကား ခိုးသူမ၊ ဤသူကား ချည်လုံးရှင်ဟု အတပ်သိလိုက်သည်။ သို့ရာတွင် လူအများသိစေခြင်းငှာ စစ်ဆေးမေးမြန်းသည်။ ရှေးဦးစွာ ခိုးသူမအား မေးမြန်းသည်။

"ချည်လုံး၏ အတွင်း၌ မည်သည့်အရာကို ထည့်ခံ၍ လုံးပါသနည်း"
"အရှင့်သား၊ ဝါစေ့ကို ထည့်၍ လုံးပါသည်"

ထို့နောက် ချည်လုံးရှင်ကို မဟောသဓာက မေးပြန်သည်။ ထိုအခါ ချည်လုံးရှင်က "အရှင့်သား၊ တည်စေ့ကို ထည့်၍ လုံးပါသည်" ဟု ဖြေကြား၏။

မဟောသဓာသည် ထိုမိန်းမနှစ်ယောက်၏ စကားကို ပရိသတ်တို့အား မှတ်သားစေသည်။ ထို့နောက် ချည်လုံးကို ဖြေဖွင့်ကြည့်စေသည်။ ထိုအခါ တည်စေ့ကို တွေ့လေ၏။

ခိုးသူမလည်း မငြင်းနိုင်။ မိမိ ခိုးယူကြောင်း ဝန်ခံရလေသည်။ မဟောသဓာနှင့် ဖွားဖက်တော်တို့လည်း ခိုးသူမကို ဆုံးမ၍ လွှတ်လိုက်လေသည်။

ဤအကြောင်းကို အမတ်သိရှိသော် မင်းကြီးအား လျှောက်ထားစေ၏။ မင်းကြီးလည်း မဟောသဓာကို ခေါ်ယူရန် သေနက အမတ်ကြီးကို တိုင်ပင်ပြန်သည်။ သေနက အမတ်ကြီးကလည်း ရှေးနည်းအတူ ဖျက်ပြန်သည်။ မင်းကြီးလည်း "ထပ်မံစုံစမ်းပါလေဦး" ဟူ၍ စေတော်မူလိုက်ရပြန်လေသည်။


သားခိုးအမှု

တစ်နေ့သ၌ မိန်းမတစ်ယောက်သည် သားငယ်ကို ပိုက်ချီလျက် မဟောသဓာ စီရင်သော ရေကန်သို့ ရောက်လာသည်။ သူသည် သားငယ်ကို ရှေးဦးစွာ ရေချိုးပေးသည်။ ထို့နောက် မိမိ မျက်နှာသစ်ရန်အတွက် သားငယ်ကို အဝတ်ပေါ်၌ သိပ်ထားပြီးလျှင် ရေကန်သို့ ဆင်းသည်။

ထိုအခြင်းအရာကို ဘီလူးမတစ်ယောက် တွေ့မြင်သွားသည်။ ဘီလူးမသည် သားငယ်ကို စားချင်သဖြင့် မိန်းမအသွင် ဖန်ဆင်းလာသည်။

"အဆွေမ၊ သည်သူငယ်သည် ချစ်ကြင်နာဖွယ်ရှိ၏။ သင့်သားပေလော့"
"မှန်ပါသည်။ ကျွန်ုပ်၏သားဖြစ်ပါသည်"
"ထိုသူငယ်ကိုချီ၍ ကျွန်ုပ်နို့တိုက်စမ်းပါရစေ"

သူငယ့်အမိလည်း သဘောရိုးထင်၍ "တိုက်ပါလော့" ဟုဆိုသည်။ ဘီလူးမသည် သူငယ်ကို ပိုက်၍ နို့တိုက်ဟန်ဆောင်ကာ ခိုးယူထွက်ပြေးလေသည်။

သူငယ့်အမိလည်း "သင် ငါ့သားကိုယူ၍ အဘယ်သို့ သွားမည်နည်း" ဟု ဆိုလျက် ပြေးလာ၏။ ဘီလူးမလက်ကို ကိုင်ဆွဲ၏။

ဘီလူးမက "ဤသူငယ်ကား သင့်သား မဟုတ်။ ငါ့သားတည်း" ဟု ဆိုကာ မပေးဘဲထား၏။ နှစ်ဦးငြင်းခုံကြလျက် မဟောသဓာ ကစားရာ တံခါးဝသို့ ရောက်လာ၏။ လူအများလည်း ဝိုင်းဝန်း လာကြသည်။

ဘီလူးမက "အရှင့်သား၊ ကျွန်ုပ်သားကို ကျွန်ုပ်ပိုက်ချီလျက် ခရီးသွားပါသည်။ ထိုစဉ် ထိုမိန်းမက သူ့သားကို ယူသည်ဟု စွပ်စွဲပါသည်။ ကျွန်ုပ်သည် ထိုမိန်းမကို လုံးဝမသိကျွမ်းပါ" ဟု ဆို၏။

သူငယ့်အမိက "အရှင့်သား၊ ထိုသို့မဟုတ်ပါ" ဟု ဆို၍ ဖြစ်ပျက်ပုံ အလုံးစုံကို ဟုတ်တိုင်း ပြန်ကြား၏။

မဟောသဓာသည် စကားနှစ်ခွန်းကို ကြားပြီးနောက် မိန်းမနှစ်ဦးကို အကဲခတ် ကြည့်ရှုသည်။ ဘီလူးမနှင့် သူငယ့်အမိကို ခွဲခြားသိမြင်သွားသည်။ သို့ရာတွင် အများသိအောင် စီရင်ပြမည်ဟု ကြံသည်။ "သင်တို့၊ ငါ့အဆုံးအဖြတ်ကို လိုက်နာမည်လော" ဟု မေးသည်။ "လိုက်နာပါမည်" ဟု နှစ်ဦးလုံးကလည်း ဝန်ခံကြ သည်။

ဤတွင် မဟောသဓာသည် မြေ၌ စည်းသားသည်။ စည်းပေါ်၌ သူငယ်ကို သိပ်ထားစေသည်။ ထို့နောက် ဘီလူးမအား သူငယ်၏ လက်တို့ကို ကိုင်စေသည်။ သူငယ်၏ အမိအား သူငယ်၏ ခြေတို့ကို ကိုင်စေသည်။ အသင့်ရှိကြသော် "သင်တို့နှစ်ယောက် ကလေးကို လုကြလော့။ လု၍ နိုင်သောသူသည် သားရှင်ဖြစ်စေ" ဟု ဆို၏။

မိန်းမနှစ်ယောက်လည်း မဟောသဓာ ဆိုတိုင်း လုကြသည်။ သူငယ်သည် အလွန်နာကျင်သဖြင့် သည်းစွာငိုသည်။ အမိသည် သူငယ်၏ ဖြစ်အင်ကို မရှုရက်။ မိမိ၏ နှလုံး ကွဲအံ့သကဲ့သို့ စိတ်ထိခိုက်သည်။ ထို့ကြောင့် သူငယ်၏ ခြေတို့ကို လွှတ်လိုက်သည်။ ရပ်လျက် ညှိုးငယ်စွာ နေ၏။

ဤတွင် မဟောသဓာက ပရိသတ်အား "အချင်းတို့၊ အမိနှင့်သူစိမ်းတွင် သားကို မည်သူက ချစ်သနည်း" ဟု မေးသည်။
ပရိသတ်က "အရှင့်သား၊ အမိသာလျှင် သားကိုချစ်၏" ဟု ဆိုကြ၏။
ထိုအခါ ပရိသတ်ကို မဟောသဓာ မေးပြန်သည်။
"အချင်းတို့၊ ယခု သူငယ်ကို လုယူနိုင်သောမိန်းမသည် ထိုသူငယ်၏ မိခင်လော။ သို့တည်းမဟုတ်၊ မလုနိုင်သော မိန်းမသည် ထိုသူငယ်၏ မိခင်လော။ သင်တို့ အသို့ထင်ကြသနည်း"

"အရှင့်သား၊ သူငယ်နာကျင်သည်ကို မရှုရက်သဖြင့် လွှတ်လိုက်သော မိန်းမသည်သာလျှင် သူငယ်၏ မိခင်ဖြစ်မည်ဟု အကျွန်ုပ်တို့ ထင်ပါသည်"

"အချင်းတို့၊ သင်တို့အထင် မှန်ပေသည်။ သူငယ်နာကျင်သည်ကို ရှုစိမ့်သော မိန်းမသည် ခိုးသူမဖြစ်သည်။ ထိုခိုးသူမကို သင်တို့ သိကြသလော"
"အရှင့်သား၊ ကျွန်ုပ်တို့ မသိကြပါ"
"အချင်းတို့၊ ထိုမိန်းမသည် လူမဟုတ်။ ဘီလူးမတည်း။ ဤသူငယ်ကို စားလို၍ ခိုးယူခြင်းဖြစ်သည်"
"အရှင့်သား၊ အဘယ့်ကြောင့်သိသနည်း"
"အချင်းတို့၊ ရှုကြလော့။ ဤခိုးသူမသည် မျက်တောင်လည်း မခတ်။ မျက်ထောင့်လည်း နီ၏။ သူငယ်ကိုလည်း သနားချစ်ခင်ခြင်း လုံးဝမရှိ"

ဤသို့ဆိုကာ မဟောသဓာက ဘီလူးမအား "သင် အဘယ်သူနည်း။ မှန်တိုင်း ပြောလော့" ဟု မေး၏။

ဘီလူးမလည်း မကွယ်မဝှက်နိုင်။ ဟုတ်တိုင်းမှန်ရာ ဝန်ခံရပေသည်။ မဟောသဓာလည်း ဘီလူးမအား "နောင် ဤကဲ့သို့ မကောင်းမှုကို မပြုပါလေနှင့်" ဟူ၍ ဆိုဆုံးမ၏။ ငါးပါးသီလ၌ တည်စေလျက် လွှတ် လိုက် ၏။

သူငယ့်အမိလည်း "အရှင့်သား၊ ဤသူငယ်တွင် အကျွန်ုပ်၏ မွေးသောအသက် မရှိပြီ။ အရှင့်သားပေးသော အသက်သာ ရှိတော့သည်" ဟုဆိုကာ ဝမ်းမြောက်ဝမ်းသာ ချီးမွမ်းသည်။ "အရှင့်သားသည် သက်တမ်းတစ်လျှောက်လုံး သက်တော်ရှည်စွာ နေရပါစေသတည်း" ဟု ဆုတောင်း၍ သားငယ်ကို ပိုက်ချီလျက် အိမ်သို့ ပြန်သွားသည်။

ဝိဒေဟရာဇ် မင်းကြီး၏ အမတ်သည် ဤအခြင်းအရာကို လျှောက်စာတင်၍ မင်းကြီးအား လျှောက်ထား စေပြန်သည်။ မင်းကြီးလည်း မဟောသဓာကို ခေါ်ယူရန် သေနကအမတ်ကြီးကို ရှေးနည်းအတူ တိုင်ပင်ပြန်သည်။ သေနကအမတ်ကြီးကလည်း ရှေးနည်းအတူ ဟန့်တားပြန်သည်။ ဤတွင် မင်းကြီးက "ထပ်မံစုံစမ်းလေဦး" ဟု အမတ်ထံ စေလိုက်ရပြန်လေသည်။

("ငမည်းကွနှင့် ငကျောရှည် အမှု"လာပါမည်)

Read more...

ဗုဒ္ဓဘာသာဂိုဏ်းပေါင်းစုံဝိနည်းညီလာခံ

ဝိနည်းအကျင့်ကို အကြောင်းပြု၍ ဗုဒ္ဓဘာသာသည် ဂိုဏ်းအမျိုးမျိုးကွဲပြားခဲ့၏။ ယခု ၀ိနည်းကို အကြောင်းပြု၍ ထေရ၀ါဒ၊ မဟာသဗ္ဗတ္ထိဝါဒနှင့် ဓမ္မဂုတ္တိကဂိုဏ်းသံဃာတော်တို့ ၂၀၁၁ ခုနှစ်၊ ဇန်န၀ါရီလတွင် ပြန်လည်တွေ့ဆုံကြတော့မည်။ လူပုဂ္ဂိုလ်များတက်ရောက်ခွင့်မရှိဘဲ ထေရ၀ါဒ၊မဟာယာနနှင့် တိဘက် သာသနာ့ဝန်ထမ်းများသာ တွေ့ဆုံ ဆွေးနွေးကြမည့် သမိုင်းဝင်ညီလာခံကြီးတစ်ခုအဖြစ် အားခဲပြင် ဆင်နေကြသည်။ သူလည်း ညီလာခံတွင် တင်သွင်းဖတ်ကြားရန် စာတမ်း တစ်စောင် အပူတပြင်းရေး (ကူး)နေရသဖြင့် ပို့စ်အသစ်မတင်နိုင်...။ ဤသည်ပင်လျှင် ပို့စ် အသစ်ဖြစ် ကောင်းဖြစ်ပေရာ၏ ဟူလိုသော်၊ ပုဒိအာနှင့် ပြည့်စုံရပါလို၏တည်း။ သာဓု သာဓု သာဓု...။

Dear Ven. Vicittasara,


It is a pleasure to announce that the Central University of Tibetan Studies, Sarnath, Varanasi is going to organize an International Conference on “Vinaya” from 17-19 January, 2011. The monk scholars from all the existing three traditions of the Vinaya viz., Theravada, M¨lasaråstivåda and Dharmaguptika will participate the conference and deliberate on various areas of Vinaya. His Holiness the Dalai Lama has kindly consented to grace the occasion and inaugurate the conference.
On behalf of the University, the organizing committee, would like to invite you to this conference and request you kindly make a presentation on "Varshavaasa & Nivarana" which will be followed by discussion. The concept note is enclosed herewith.
We are looking forward to this conference, which is, perhaps, the first time in modern era where the Sangha members belonging to all the three Vinaya traditions will gather and deliberate on the living traditions based on the Vinaya texts which have slight differences in their traditional versions.
We also request you kindly send your paper latest by 15th December 2010 so that the papers can be made ready for the participants on time.
We shall be grateful if you could send your consent as soon as possible . The University will be happy to bear the travel expenses (Air: economy class) and the local hospitality.

Looking forward to hearing from you,

Yours profound veneration

Yours sincerely,

Lobsang Norbu Shastri
Chairperson
Organizing Committee
International Conference on Vinaya
Central University of Tibetan Studies, Sarnath, Varanasi
Uttar Pradesh, INDIA

Read more...

ပရိယတ္တိ အရေးပါမှု

စာမိတ်ဆက်
ဒီပို့စ်လေးသူည် မည်သူကိုမှ မရည်ရွယ်ဘဲ စိတ်ကူးပေါက်၍ ရေးခြင်းမျှသာ ဖြစ်ပါသည်။ ခေါင်းစဉ်သည် အလွန်ကျယ်ဝန်းပေမဲ့ ထိမိရုံမျှ တီးမိ ခေါက်မိရုံမျှသော အတွေးကလေးများကို ပို့စ်တစ်ခုအဖြစ် ဖန်တီးခြင်းမျှသာဖြစ်သည်။ အပြန်အလှန် ငြင်းပွားစရာလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မည်၊ သို့သော် မိမိလက်လှမ်းမီသလောက်လေးမျှဖြင့် စုစည်းကာ ပို့စ်တစ်ခု အဖြစ် ပေါ်ပေါက်လာခဲ့ပါသည့် စာတမ်းကလေးသည် မည်သူတဦးတယောက်ကိုမျှ မရည်ရွယ်၊ ပရိယတ္တိအရေးကိုသာ ရည်ရွယ်ပါသည်။
ပရိယတ္တိမလိုသော သို့မဟုတ် အက္ခရာမပါသော တရားဆိုတဲ့ အရေးသည် တဖြေးဖြေးကျယ်ပြန့်လာသည်ဟု ခံစားမိပါသည်။ တချို့ပုဂ္ဂိုလ်တွေက ပရိယတ္တိမလိုပါဘူး၊ စာသင်စရာမလိုပါဘူး၊ စာမသင်ဘဲ ၀ိပဿနာပဲ အားထုတ်သင့်တယ်၊ ဘယ်ဆရာထံမှ ချဉ်းကပ်စရာမလိုဘဲ ၀ိပဿနာ အားထုတ်လဲ ဖြစ်ပါသည်၊ စသည်ဖြင့် စာသင်စရာမလိုပါဘူးဆိုပြီး ပလ္လင်ပေါ်တက်ပြီး ဟောပြောနေသူတွေကိုလည်း တွေ့နေရသည်။ ထိုကဲ့သို့ ဟောပြောသောသူများကို လေ့လာကြည့်သောအခါ စာပေမသင်ဘူးဘဲ သူပြောလူပြောနဲ့ အသက်ကြီးကာမှ ရဟန်းဘောင်သို့ ရောက်လာသူများဖြစ်ကြသည်။ ဘုန်းကြီး ရဟန်းပြောသမျှ ဟောသမျှ အမှန်ချည်းပဲဟုထင်သော ဒကာ ဒကာမအများစုကလည်း အာဘောင်အာရင်းသန်သန် ဟောပြောနေသည်ကို သဘောကျ ကျေနပ်နေကြသည်။ မှားသည် မှန်သည် မဝေဖန်နိုင်ဘဲရှိနေတတ်ကြသည်။ သာသနာအတွက် အန္တရာယ်ဟု ယူဆမိပါသည်။

ပရိယတ်အခြေပြုသော ပဋိပတ်အကျော်များ
ပရိယတ္တိနယ်ပယ်မှ ထွန်းတောက် ကျော်ကြားလာသော ဆရာတော်ကြီးများက ဤကဲ့သို့တွေးလိမ့်မည်မဟုတ်။ ဤကဲ့သို့ ဟောပြောလိမ့်မည် မဟုတ်၊ ပရိယတ္တိ ဂုဏ်ရည်ကို ထည့်သွင်းပြောကြပါလိမ့်မည်။ ဥပမာ-ဆဋ္ဌသင်္ဂါယနာတင်စဉ်က အမေး-မဟာစည်ဆရာတော်ကြီးဖြစ်သည်။ အဖြေ တိပိဋက မင်းကွန်းဆရာတော်ကြီး။ မဟာစည်ဆရာတော်ကြီးသည် ပရိယတ္တိနယ်ပယ်တွင် ကျွမ်းကျင်နိုင်နင်းပြီး ပဋိပတ္တိနယ်ပယ်တွင် အောင်မြင်ကျော်ကြားလာသူ ဖြစ်သည်။ ထို့အတူ သူ၏တပည့်များဖြစ်သော ချမ်းမြေ့ဆရာတော်၊ ရွှေတောင်ကုန်းဆရာတော်ကြီးများသည် ပရိယတ္တိအကျော်အမော်များဖြစ်ကာ ပဋိပတ္တိနယ်တွင် အောင်မြင်သူများဖြစ်ကြသည်။ အလားတူ ဓမ္မဒူတဆရာတော်ကြီး ဧတဒဂ် အရှင်ပညာဇောတနှင့် ဖားအောက်တောရဆရာတော်ကြီးတို့သည်လည်း ပရိယတ္တိ အကျော်အမော်များဖြစ်ကြသည်။ သူ၏မျိုးဆက်များဖြစ်သော ဓမ္မဒူတဆရာတော်များသည်လည်း ပရိယတ်အခြေခံသော ပဋိပတ်တွင် အောင်မြင်နေသူများ ဖြစ်ကြသည်။ ပဋိပတ်သည် ပရိယတ်ဖြင့်ကင်း၍ မရစကောင်း၊ ထို့ကြောင့် ပဋိပတ္တိဌာနတွင် ပရိယတ္တိ စာသင်ခြင်း (learning)၊ စာပေပို့ချခြင်း( teaching)၊ စာရေးခြင်း (writing)၊ စသော ပရိယတ်တို့ဖြင့်တွဲဖက်ကာ အလုပ်လုပ်နေကြသောကြောင့် ပရိယတ် စာမေးပွဲလောကတွင်လည်း ပထမကျော် အဂ္ဂမဟာကျော်နှင့် အထူးတန်းများ အောင်မြင်ကျော်ကြားလျက်ရှိနေသည်ကို တွေ့ရသည်။

အာဘောင်သန် အာရင်းသန်သန်
အချိုသော ပုဂ္ဂိုလ်များကိုတော့ အာဘောင်အာရင်းသန်သန်နှင့် ပလ္လင်ပေါ်တက်ကာ ပရိယတ်သည် အရေးမပါဟု ဟစ်နေသဖြင့် မြတ်ဗုဒ္ဓအလိုတော်မှ သွေဖယ်သော လမ်းကြောင်းပေါ်သို့ပို့နေကြသူများဟု မြင်မိပါသည်။ တခါက ဓမ္မကထိက သြ၀ါဒခံယူပွဲတွင် သီတဂူဆရာတော်ကြီးက ‘‘ လမ်းဘေးက စကားကို ပလ္လင်ပေါ်မှာ ယူလာလျင် ကိုယ်လဲပဲ လမ်းဘေးကလူဖြစ်သွားမယ်’’ဟု မိန့်ခဲ့သည်။ ဒီစကားဟာ အလွန်အဓိပ္ပါယ်ရှိပါသည်။ ပရိယတ္တိလမ်းကြောင်းပေါ်ကပဲ သွားဖို့၊ ပရိယတ္တိစာပေနှင့်အညီ ဟောဖို့ ပြောဖို့ပဲဖြစ်ပါတယ်။ ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသက ဦးကျော်ဟိန်းခေါ် အရှင်ကိတ္တိသာရ ကို မိန့်ကြားဝယ်‘‘ ဦးကိတ္တိရေ- စာများများဖတ်ပါ၊ စာများများဖတ်ပြီးမှ ပရိယတ္တိလမ်းကြောင်းပေါ်ကနေ ဟောပြောပါ’’ ဟူ၍ အကြံပေးထားတာကိုလည်း မှတ်သားခဲ့ဖူးပါသည်။

ပရိယတ္တိမာန
ဒါဆို ပရိယတ်ကိုပဲ အားကိုးပြီး ပဋိပတ္တိ မလိုတော့ဘူးလားဆိုတော့ အလွန့်အလွန်ကို လိုပါသည်။ ပရိယတ္တိစာပေသမားများ ဖြစ်တတ်သည့် အချက်ကတော့ ပရိယတ္တိမာနပဲဖြစ်သည်။ သတိထားဖွယ်ဖြစ်ပါသည်။ ထိုမာနက မဂ်ဥာဏ်အတွက် အန္တရာယ်တခုဖြစ်တယ်ဆိုတာလဲ သတိထားဖွယ်ဖြစ်ပါတယ်။ အရှင်အနုရုဒ္ဓါ မထေရ်ကြီး ရဟန္တာမဖြစ်နိုင်ခြင်း အကြောင်း ၃ ခုအနက် တစ်ခုသော အကြောင်းက မာနပဲ ဖြစ်ပါသည်။ မထေရ်ကြီးသည် ရဟန္တာဖြစ်နိုင်တဲ့ ပါရမီရှင်ဖြစ်ပေမဲ့ ‘‘ ငါဟာ လောကဓာတ်တစ်ထောင်လုံးကို နတ်မျက်စိဖြင့် မြင်နိုင်စွမ်းရှိပါလျက်နဲ့ ဘာ့ကြောင့် ကိလေသာ မကုန်ခန်းနိုင်ရမှာလဲ’’ ဆိုသော မာနကလေးက သူ့အတွက် အတားအဆီးတခုဖြစ်ခဲ့သည်။ ရွှေကျင်ဆရာတော်ကြိးဆုံးမစာများစွာတွင် ‘‘စာမတတ်မူ အခေါက်ထူ လူထဲရှင်ထဲ အသုံးမကျ၊ စာတတ်ပြန်လျှင် စိတ်ကြီးဝင် လူမြင်တိုင်းက အော့ချင်ကြ’’ ဆိုတဲ့ အဆိုအမိန့်ကလေးကလဲ အလွန်မှတ်သားစရာ ကောင်းလှပါသည်။ ပရိယတ္တိ စာပေမရှိလျှင် လူထဲမှာရော ရှင်ရဟန်းလောကမှာရော ဘယ်နေရာမှ အသုံးချ၍ ရမည်မဟုတ်။ ပရိယတ္တိစာပေတွေ အလွန်တတ်ပြီး မာန်မာနတွေ ထောင်လွှားနေပြန်လျှင်လဲ တွေ့ကြုံတဲ့သူတိုင်းက အဝေးကရှောင်ကြလိမ့်မည်၊ ရွံမုန်းကြလိမ့်မည်။

ပရိယတ္တိအကျော် ပေါဋ္ဌိလမထေရ်
တခါက မြတ်ဗုဒ္ဓက ပရိယတ္တိအကျော်အမော် ၅၀၀ သော ရဟန်းတော်တို့၏ ဦးစီးနာယက ဖြစ်သော ပေါဋ္ဌိလမထေရ်အား တုစ္ဆ တုစ္ဆ (emptiness emptiness) ဟု ခေါ်သည်။ ထိုအခါ မထေရ်ကြီးသည် ‘‘ ငါသည် ပရိယတ္တိဓမ္မဘက်တွင် အားခွန်အားစိုက် အားထုတ်ခဲ့ပါသော်လည်း မြတ်ဗုဒ္ဓက ငါ့အား တုစ္ဆ တုစ္ဆ (အချည်းအနှီး) ဟု ခေါ်၏’’ ဟုတွေးကာ စိတ်မသက်သာ ဖြစ်နေသည်။ အဘယ့်ကြောင့် တပည့်တော်သည် အချည်းအနှီးဖြစ်ရပါသလဲဘုရားဟု ဘုရားရှင်အား လျှောက်ထားရာ ဘုရားရှင်က ‘‘ ပေါဋ္ဌိလ သင်ဟာ ကန်ဘောင်ရိုးကိုသာ လုံခြုံစွာ ဆယ်၍ ကန်တွင်းရှိ ရေကိုကား မသောက်လိုသောကြောင့် ဤကဲ့သို့ တုစ္ဆ တုစ္ဆ ဟု ခေါ်ရပါတယ်’’ ဟု မိန့်တော်မူလိုက်လေသည်။ ပရိယတ္တိအကျော်အမော် ပုထုဇဉ် မထေရ်ကြီးသည် မာနကို ထိလာသဖြင့် မခံချင်စိတ်ဖြစ်နိုင်ပါလိမ့်မည်။

ထို မခံချင်စိတ်ဖြင့်ပင် မထေရ်ကြီးသည် သင်္ကန်း ၃ ထည်နှင့် သပိတ်တစ်လုံးတို့ကို ယူဆောင်ကာ အရှင်ဘုရား တပည့်တော်အား ကမ္မဋ္ဌာန်းတရား ပေးတော်မူပါဘုရားဟု လက်အုပ်ချီ လျှောက်သောအခါ ဘုရားရှင်သည် ကျောင်းတော်မှ ၃ ယူဇနာဝေးသော တောရမထေရ်တပါးထံသို့ လွတ်လိုက်လေသည်။ တောရမထေရ်ကြီးထံ ကမ္မဋ္ဌာန်းတရား တောင်းသောအခါ မထေရ်ကြီးကလည်း အခြေအနေကို သုံးသပ်ကာ ကမ္မဋ္ဌာန်းတရား မပေးသေးဘဲ မီတင်းကုတ် (မီးဖို) မှာ ဆော့ကစားနေသော ကိုရင်လေးတစ်ပါးအထံ ညွှန်ကြားလိုက်သည်။ ပေါဋ္ဌိလ မထေရ်သည် ကိုရင်လေးတစ်ပါးအထံမှ ကမ္မဋ္ဌာန်းဖြင့်ပင် ရဟန္တာဖြစ်သွားခဲ့ရသည်။ ဤနေရာမှာ အဘယ့်ကြောင့် ယူဇနာ ဝေးသော တောကျောင်းသို့ စေလွတ်သနည်း? အဘယ့်ကြောင့် ကိုရင်လေးထံမှ ကမ္မဋ္ဌာန်းတရားကို သင်ယူခိုင်းသနည်း? ဟု ပြန်လည်သုံးသပ်ရသော် ပေါဋ္ဌိလမထေရ်ကြီး၏ ပရိယတ္တိမာန်ကို ချိုးနှိမ်လိုသောကြောင့် ဖြစ်ဟန်တူပါသည်။ နဂိုကတည်းက ပရိယတ္တိအခြေခံရှိပြီးဖြစ်သော မထေရ်သည် မာနလေးကို ချပြီး ကမ္မဋ္ဌာန်းတရား အားထုတ်လိုက်ရာ တခဏလေးအတွင်းမှာပဲ ရဟန္တာဖြစ်သွားသည်။

အချို့က ပေါဋ္ဌိလမထေရ်၏ ဇာတ်ကြောင်းကို ကြည့်ပြီး ပရိယတ္တိမပါဘဲ တရားထူးရနိုင်သည်ဟု ဆိုကြသေးသည်။ တကယ်တော့ ပရိယတ္တိအခြေခံ ရှိပြီးဖြစ်သောကြောင့် ပရိယတ္တိမာန်ကလေး ပယ်လိုက်ခြင်းဖြင့် နည်းမှန်လမ်းမှန်ကို တခဏအတွင်း ရောက်ရှိခြင်းဖြစ်ပါသည်။ ပရိယတ္တိသည် Universal အများအတွက် ဘယ်လောက် အရေးပါနေသလဲဆိုတာ ပြောပြစရာမလိုလောက်အောင်ပင် ထင်ရှားပါသည်၊ ယနေ့ မြင်တွေ့နေရသော သာသနာတော်ကြီးသည် ပရိယတ္တိဝန်ဆောင်တို့ လက်ဆင့်ကမ်းလာသော သာသနာဆိုလျင် ဘယ်သူမှ ငြင်းလိမ့်မည်မထင်။ ပရိယတ္တိစာသင်တိုက်ကြီးတွေ အခိုင်အမာ ရှိနေသေးသ၍ သာသနာတော်ကြီး ခိုင်ခန့်နေဦးမှာ အမှန်ပင်ဖြစ်ပါသည်။ ပဋိပတ်စင်တာ (meditation centre) ကြီးတွေ ကမ္ဘာအနှံ့အပြား ရပ်တည်နိုင်နေသည်မှာ ပရိယတ္တိအခြေံခံ ကောင်းသောကြောင့်ပင်ဖြစ်ပါသည်။ ဤနေရာမှာ တစ်ဦးတစ်ယောက်ချင်း (Personality, Individuality) အတွက်ပဲ ဆွေးနွေးနေခြင်းဖြစ်သည့်အတွက် Universal ပရိယတ္တိ ကို ချန်ထားခဲ့ပါသည်။

မြတ်ဗုဒ္ဓနှင့်ဆရာ
မြတ်ဗုဒ္ဓသည်ပင် ဆရာမကူ သယမ္ဘူ ဟုဆိုသော်လည်း ဘုရားမဖြစ်ခင်က ပရိဗိုဇ်များစွာတို့၏ဆရာ ဖြစ်သော အာဠာရနှင့် ဥဒက ရသေ့ကြီး နှစ်ပါးအထံ ကျင့်စဉ်များကို လေ့လာသင်ယူပြီး ကျင့်ခဲ့ရသေးသည်။ ထိုလမ်းစဉ်များ အားလုံးတတ်မြောက်ပြီးသောအခါ ဘ၀မှလွတ်မြောက်မှုမဟုတ်ဟု နားလည်သဘောပေါက်သည်၊ ထိုလမ်းစဉ်ဖြင့် ကျေနပ်အားရမှုမရှိ၍ ထိုဆရာကြီး ၂ ယောက်လုံးကို စွန့်ခွါခဲ့သည်။ ထိုဆရာကြီး ၂ ပါး၏ လမ်းစဉ်တို့ အစွန်းရောက်သော ကျင့်စဉ်များဟု နားလည်ကာ သုံးသပ်ကာ မဇ္ဈိမပဋိပဒါ ခေါ် အလယ်လမ်းကို ရှာဖွေခဲ့သည်၊ တွေ့ရှိခဲ့သည်။ ဘုရားမဖြစ်ခင် အစွန်းရောက်ကျင့်စဉ်များသည်လည်း မဇ္ဈိမပဋိပဒါ အကျင့်ကို ရရှိရန် အထောက်အကူများဖြစ်ခဲ့၏ ဟု ဆိုလျှင်ကား ဘုရားရှင်သည် ဆရာရှိခဲ့၏ ဟုဆိုနိုင်ဖွယ်ရှိသည်။ ဆိုလိုသည်မှာ ဘုရားလောင်းသည်ပင် ဘုရားဖြစ်ဖို့ရန် နည်းမှန်လမ်းမှန်ရောက်ဖို့ရန် နည်းမျိုးစုံ လေ့လာ သင်ယူ စမ်းသပ်ရပါသည်။ ဘုရားရှင်တောင် လောကီဆရာတွေ သို့ဟုတ် သူတော်ကောင်းကြီးတွေကို ဆည်းကပ်ခဲ့ရသေးတယ်ဆိုရင် သာမန် ကျွနုပ်တို့အတွက်ကတော့ ဆရာမရှိဘဲ ဘာကိုမှ မသင်ယူဘဲ Learning (ပရိယတ္တိ) မရှိဘဲ လမ်းကြောင်းအမှန်ပေါ်သို့ ရောက်ဖို့ရန် အလွန်ခဲရင်းပါလိမ့်မည်။

သံယုတ်ပါဠိတော် နိဒါန၀ဂ္ဂ သတ္ထုသုတ် (သတ္ထာပရိယေသနသုတ်)မှာ မြတ်ဗုဒ္ဓပြောသွားတဲ့ အမှာစကားလေးရှိပါတယ်။ ဇာတိ ဇရာ (ပ) သင်္ခါရ ဟူသော သဘောတရားနှင့် ထိုသဘောတရားတွေ၏ အကြောင်းအကျိုးဆက်နွယ်ပုံ( ပဋိစ္စသမုပ္ပါဒ သဘောတရား) တွေကို သိနိုင်ဖို့ရန် ဆရာရှာသင့်ကြောင်း၊ ဆရာကို ချဉ်းကပ်သင့်ကြောင်းပဲ ဖြစ်ပါတယ်။ နည်းမှန် လမ်းမှန် ရောက်ဖို့ ဆရာကို ချဉ်းကပ်သင့်သည်ဟူဆိုသော ထိုသုတ္တန်က ပရိယတ္တိသည် မဂ်ဖိုလ်နိဗ္ဗာန် (လွတ်မြောက်မှု)အတွက် အလွန်ရေးပါကြောင်း ပြောပြခြင်းပဲ ဖြစ်ပါသည်။

သာမဏေကျော်များနှင့်ပရိယတ် ၀ိပဿနာ

တကယ်တော့ ၇နှစ်သားအရွယ်ကလေးနှင့် ရဟန္တာဖြစ်သွားကြသော သံကိစ္စသာမဏေ, ပဏ္ဍိတသာမဏေငယ်လေးတို့သည် ဆရာ့ထံမှ ‘‘ကေသာ လောမာ နခါ ဒန္တာ တစော’’ ဟူသော တစပဉ္စက ကမ္မဋ္ဌာန်းမျှဖြင့် ရဟန္တာဖြစ်သွားကြသည်။ ရှေးဦးစွာ ထိုကမ္မဋ္ဌာန်းကို သင်ယူရပါသည် (ပရိယတ် Learing)၊ ဆံပင်များ ရိတ်သောအခါ ထိုသင်ယူထားသည့်အတိုင်း ကမ္မဋ္ဌာန်းကို ပွားများ ဆင်ခြင်သည် ပဋိပတ် (Practicing)။ ခေါင်းရိတ်ပြီးသည့်တပြိုင်တည်း ရဟန္တာဖြစ်သွားကြသည်။ ဤကိုရင်လေးများသည် ရှေးဘ၀များက ဖြည့်ခဲ့သော ပါရမီ၊ ယခုလောလောလတ်လတ် သင်ယူအပ်သော ကမ္မဋ္ဌာန်းနှင့် ထိုကမ္မဋ္ဌာန်းကို ပွားများခြင်း ဤသို့အား ဖြင့် သင်ယူခြင်း ပရိယတ်နှင့် ပွားများခြင်း ပဋိပတ်တို့ ဟန်ချက်ညီညီ အားထုတ်သောကြောင့် သာမဏေဘ၀ (ကိုရင်ဘ၀)မှာပင် ဘ၀လွတ်မြှောက်မှု (နိဗ္ဗာန်) ကို မျက်မှောက်ပြုနိုင်ခဲ့ကြသည်။

ပရိယတ္တိ

သင်ခြင်း၊ ပါဠိတော်ကို သင်ခြင်း၊ စာပေကျမ်းဂန် သင်ခြင်း၊ စွမ်းနိုင်ခြင်း၊ (ဦးဟုတ်စိန် ပါဠိမြန်မာ အဘိဓာန်) ဟု အဓိပ္ပါယ်ရှိသည်။ သုတမယ, စိန္တာမယ, ဘာဝနာမယ ပညာ ဟူ၍ စာပေမှာ ပညာရကြောင်း သုံးမျိုးပြထားသည်။ ဘုရားလက်ထက်တော်အခါ နာယူခြင်းဖြင့် လေ့လာခြင်း (သောတ၊ သုတ)ကိုသာ အသုံးပြုကြဟန်ရှိသည်။ စာအုပ် စာတမ်းများ တွင်တွင်ကျယ်ကျယ် အသုံးပြုဟန် မတူဘဲ နား (သောတ) ကိုသာ အဓိက အသုံးပြုဟန်တူပါသည်။ စာပေသင်ကြားရာဝယ် နာယူခြင်း (သုတမယ)ဖြင့် ပရိယတ္တိကို ဆည်းပူးကြသည်၊ များများ နားထောင်ထားမှုရှိသူကို ဗဟုသုတ ရှိသူဟုဆိုသည်။ ထိုနာယူမှတ်သားပြီးသော အကြောင်းအရာကို မမေ့အောင် ထပ်တလဲလဲ ကြံစည်ခြင်း တွေးတောခြင်း (စာပြန်ခြင်း) ဖြင့် ပရိယတ္တိကို လေ့လာကြရပါသည်၊ ထိုနာယူ ကြံစီထားသည့်အတိုင်း ပွားများအားထုတ်၍ ရအပ်သော အသိသည် ဘာဝနာမယပညာ ဖြစ်သည်။ ဤသို့အားဖြင့် ပညာ ကို ရရှိဘို့ရန်မှာ ပရိယတ်နှင့်ပဋိပတ် ၂ မျိုးလုံးပါရသည်ကို တွေ့ရသည်။ ထိုသို့သော ဆရာသမားများထံမှ နာယူခြင်း, စာအုပ်မှ လေ့လာခြင်း စသော သုတမရှိဘဲ ပလ္လင်ပေါ်တက်ပြီး မှန်ကန်စွာ ဟောနိုင် ပြောနိုင်ပါဦးမည်လော? ပရိယတ်မပါသော ပဋိပတ်သည် ပဲ့ မပါသော လှေကဲ့သို့ ဦးတည်ရာမဲ့နေမည်မှာ အမှန်ပင်ဖြစ်ပါသည်။

သဒ္ဒနီတိဆရာ၏ အဆိုအမိန့်
ကမ္ဘာကျော် သဒ္ဒနီတိဆရာက သူ၏ကျမ်းနိဂုံးတွင် ‘‘ သုတ္တန်တရား တည်သရွေ့၊ ၀ိနည်းရှိနေသရွေ့ သာသနာရောင် ထွန်းလင်းပါလိမ့်ဦးမည်။ သုတ္တန်တရားမရှိ၊ ၀ိနည်းကိုမေ့သော် သာသနာလဲ ကွယ်ပါလိမ့်မည်။ သုတ္တန်စောင့်သူ ၀ိနည်းကို လေးစားနေသူ ရှိနေသေးသမျှ ပဋိပတ်သည်လည်း စောင့်ရှောက်သူများ ရှိနေပါဦးမည်၊ ပဋိပတ်သာသနာ တည်ရှိနေကာမှ ၀ိမုတ္တိသာသနာ (ပဋိဝေဓသာသနာ) လည်း ခိုင်ခန့်နေဦးမည်ဖြစ်ပါသည်။ ဆိုလိုသည်မှာ ပရိယတ္တိသာသနာသည် သာသနာတော်၏ ရေသောက်မြစ်ဖြစ်၏’’ ဟု ဆိုထားပါသည်။

သမ္မောဟ၀ိနောဒနီအဋ္ဌကထာ (၀ိဘင်္ဂအဋ္ဌကထာ)က မူ ‘‘ သာသနဿဋ္ဌိတိယာ ပန ပရိယတ္တိယေ၀ ပမာဏံ= သာသနာတော်ကြီးတည်တံ့ခိုင်မြဲဖို့ဆိုတာ ပရိယတ္တိသည်သာ အဓိက အရေးပါလှပါသည်’’ ထိုအထဲမှာပဲ အဘိဓမ္မာက အစပြု၍ အစဉ်အတိုင်း နောက်ဆုံး ၀ိနည်းသာသနာပျောက်သွားပုံတို့ကို စနစ်တကျ ရှင်းပြထားသည်။ ထိုအဋ္ဌကထာကပဲ ‘‘ ပရိယတ္တိကို သင်ယူခြင်းသည် ဒုက္ခမှ မလွတ်နိုင်၍ ငါတို့တော့ မသင်ဟု ပြောဆိုသောသူမှာ သာသနာတော်ကို စော်ကားသူဖြစ်ကြောင်းနှင့် ပြိုင်ဘက်မရှိ သူခိုးကြီးဖြစ်ကြောင်း ဆိုထားသည်။ ဒါ့ပြင် ပရိယတ်သာ သာသနာ၏မူလဖြစ်ပုံ ပါစိတ်ဘာသာဋီကာ ၂၊၅၃။ ပရိယတ်သသည် သာသနာ သုံးပါးကို တည်စေပုံတို့ကို စူဠ၀ါဘာသာဋီကာ ၂၄၄ တို့၌ လေ့လာနိုင်ပါသည်။
သို့သော်လည်း ဓမ္မကထိကတပါးက ‘‘ဘုရားလက်ထက်က ပါဠိတော် အဋ္ဌကထာတွေကို တဗြန်းဗြန်းလှန်ကြည့်ပြီး ရဟန္တာဖြစ်သွားသူတွေ ခင်များတို့ တွေ့ဖူးလား’’ဟု ပရိသတ်ကိုမေးသတဲ့။ စာရေးသူထင်ပါသည် သူသည် ပရိယတ္တိ စာသင်တိုက်ကြီးတွေမှာ မနေဘူးခြင်းကြောင့်၎င်း၊ ပရိယတ္တိကို မလေ့လာခဲ့ဘူးသောကြောင့်၎င်း၊ ပရိယတ္တိအကြောင်းကို ကောင်းကောင်းနားမလည်ခြင်းကြောင့်၎င်း ဤကဲ့သို့ပြောနေခြင်းပဲဖြစ်သည်၊ အသက်ကြီးကာမှ သာသနာ့ဘောင်သို့ ရောက်လာသူလည်း ဖြစ်နိုင်ပါသည်။ ယနေ့ မြင်တွေ့နေရသော ပရိယတ္တိ ပဋိပတ္တိ ၂ မျိုးလုံးသည် ပရိယတ္တိကြောင့် မြင်တွေ့နေရတယ်ဆိုတာ သူလည်း သိကောင်း သိနေပါလိမ့်မည်။ နာမည်ကြီးအောင် ထင်ရှားအောင် ပရိယတ်မလိုပါဘူးဆိုတဲ့ ထွင်လုံးများကို ပလ္လင်ပေါ်မှာ ပြောဟောနေခြင်းက လူတွေကို ယောင်ဝါးဝါးဖြစ်စေသည်။ ပရိယတ္တိကို အထင်သေး အမြင်သေးစေသည်၊ သာသနာကို ဖျက်ဆီးရာရောက်နေသည်ဟု ခံစားမိသည်။

သီတဂူဆရာတော်နှင့်ပရိယတ် ပဋိပတ်

သီတဂူဆရာတော်ကြီးသည် သူ၏ တက္ကသိုလ်များတွင် စာကြည့်တိုက်ကို အဓိက ပင်မသွေးကြောအနေဖြင့်ထားပြီး နိုင်ငံတကာ စာကြည့်တိုက်များနှင့် စာအုပ်တိုက်များမှ စာအုပ်များကို မူရင်းတမျိုး ကော်ပီ (မိတ္တူ)တဖုံ စုဆောင်းလေ့ရှိသည်။ သူ၏တပည့်တွေကိုလည်း စာကြည့်တိုက်ကို နာနာ အသုံးချဖို့ ထပ်တလဲလဲ မိန့်သည်။ ဆရာတော်သည် စာဖတ် စာကြည့်ရတာကို အလွန်မြတ်နိုးသူဖြစ်ရကား စာကြည့်တိုက်တွင် နေ့စဉ်နီးပါးရောက်သည်၊ သုတေသနလုပ်ငန်းများ လုပ်လေ့ရှိသည်။ လုပ်သည့်အခါတိုင်း အနီးအနားမှာ တပည့်တပါးပါးကို ခေါ်ကာ ရှေ့ကနေ နှုတ်ဖြင့်ပြောသည်ကို လိုက်ရေးမှတ်ရသည်။ လိုချင်သောစာအုပ်ရှာခိုင်းသည့်အခါ မရှာတတ်ဘဲ ယောင်ဝါးဝါးဖြစ်နေလျှင် အငေါက်ခံရမည်၊ ‘‘ မင်းတို့ကောင်တွေ စာကြည့်တိုက် (Library) ကို အသုံးမချဘူး’’ ဟု ဆိုဆုံးမလေ့ရှိသည်။ သူ၏တက္ကသိုလ်များတွင်လည်း ဆရာအဖြစ် သင်တန်း (training) ပေးဖို့ရန် အနည်းဆုံး ၇ နှစ်ဝါအတွင်း ဓမ္မာစရိယ (စာချ)တန်းကို အောင်မြင်ပြီးသူကိုသာ လက်ခံသည်။ ဤကား ပရိယတ်ကို အားပေးခြင်းသဘောပင်ဖြစ်သည်။ ယခုအခါ ‘‘ရှေ့သို့ ချီလော ရှေ့သို့တက်လော (အဘိက္ကမ အဘိက္ကမ)’’ ဆောင်ပုဒ်အတိုင်း စစ်ကိုင်းတောင်တွင် သီတဂူအပြည်ပြည်ဆိုင်ရာ ၀ိပဿနာ ဌာနကြီးကို တည်ဆောက်လျက်ရှိသည်။ ပရိယတ်နှင့်ပဋိပတ်ကို တပြိုင်တည်း ဆောင်ရွက်ခြင်းပင်ဖြစ်သည်။

နိဂုံး
မြတ်ဗုဒ္ဓ၏ တရားတော် အားလုံးသည် ဂမ္ဘီရ ဂုဏ်ရှိ၏၊ နက်နဲ ခက်ခဲ၏၊ အလွယ်တကူ ပေါ့ပေါတန်တန်နှင့် မရနိုင်၊ အချို့က ပလ္လင်ပေါ်မှာ ပြောသေးသည်၊ ၀ိပဿနာဟာ မခက်ပါဘူး၊ တထိုင်တည်းဖြင့် သောတာပန်ဖြစ်အောင် ဟောပေးနိုင်သည်ဟု ကြုံးဝါးနေသည်ကို တွေ့ရသည်၊ သူကိုယ်တိုင်ပင် သောတာပန် ဖြစ်နေသလိုလို ယောင်ဝါးပြီး အထင်ကြီးအောင် ဟောပြောနေသူတွေလည်း ရှိနေသည်။ အမှန်တကယ် မြတ်ဗုဒ္ဓ၏ တရားတော်အားလုံးသည် နက်နဲသည် ခက်ခဲသည်ဖြစ်ရကား ကျားကုတ်ကျားခဲ သင်ယူရမည်၊ အပြင်းအထန် အားထုတ်ရမည်။
မသင်ယူဘဲ (ပရိယတ္တိ) ကျင့်ရုံ(ပဋိပတ္တိ)မျှဖြင့်လည်း လမ်းမှန်သို့ မရနိုင်ရကား သံသရာ၌ ပင်ပန်းတတ်သည်။ မကျင့်ဘဲ သင်ယူရုံမျှဖြင့်လည်း နက်နဲသော ဓမ္မရသကို ခံစားနိုင်ကြမည်မဟုတ်ဘဲ သံသရာ၌ ပင်ပန်းတတ်သည်။ သင်ယူခြင်း learning (ပရိယတ်) ကျင့်ခြင်း practicing (ပဋိပတ်) နှစ်မျိုးလုံးဖြင့် ဟန်ချက်ညီညီ အားထုတ်ရပါမည်။ ဤကဲ့သို့ ဟန်ချက်ညီညီ အားထုတ်ခြင်းဖြင့် ပရိယတ္တိသာသနာ၊ ပဋိပတ္တိသာသနာမှ ပဋိဝေဓသာသနာအထိ ပြုလုပ် အားထုတ်နိုင်ကြပါစေကုန်သတည်း။

ကျမ်းကိုးများ
၁။ ဓမ္မပဒအဋ္ဌကထာ
၂။ သံယုတ်ပါဠိတော်
၃။ အင်္ဂုတ္တိုရ်ပါဠိတော် ပထမအုပ်
၎။ တိပိဋကပါဠိ အဘိဓာန်
၅။ ၀ိပဿနာ အခြေံနှင့် အဖြေမှန် (ဦးပဂျီငို)
၆။ သီတဂူဆရာတော် သြ၀ါဒ
၇။ ဒေါက်တာနန္ဒမာလာဘိဝံသ သြ၀ါဒ
၈။ ဦးဟုတ်စိန် ပါဠိမြန်မာ အဘိဓာန်
၉။ သမ္မောဟ၀ိနောဒနီအဋ္ဌကထာ
၁၀။ သဒ္ဒနီတိသုတ္တမာလာ
၁၁။ ပိဋကတ်လမ်းညွှန်

ပရိယတ္တိအခြေခံသော ပဋိပတ္တိသာသနာ ထွန်းလင်းတောက်ပ ပါစေ။

သီတဂူစတား
၆-၁၂-၂၀၁၀

0 comments

Read more...

ရှေးခေတ် မြန်မာ


ရှေးခေတ်က မြန်မာနိုင်ငံ၌ ရပ်ရွာနယ်ပယ်တိုင်းဝယ် သီလသိက္ခာနှင့်ပြည့်စုံသော ဘုန်းတော်ကြီးကျောင်းများ ရှိခဲ့ကြ၏။ ထိုဘုန်းတော်ကြီးကျောင်းများသည် နေ့စဉ်ကလေးများကို ပညာသင်ပေးတော်မူကြ၍ ယဉ်ကျေးလိမ္မာအောင်လည်း ဆုံးမတော်မူခဲ့ကြသည်။ ကျောင်းမှထွက်၍ လူရွယ်လူလတ်ပိုင်း ရောက်နေသူကိုပင် အသောက်အစားကစားမှုတို့ကြောင့် စာရိတ္တပျက်နေသည်ဟု ကြားလျင်သူ၏မိဘနှင့်အတူခေါ်ယူဆုံးမတော်မူနိုင်ကြသည်။ ထို့ကြောင့် ရှေးရှေးမင်းများ
လက်ထက်၌ မြန်မာနိုင်ငံဝယ် စာရေးစာဖတ်တတ်သူပေါများ၍ စာရိတ္တပျက်သူလည်းနည်းပါးခဲ့လေသည်။

အင်္ဂလန်နှင့်ဝေလနိုင်ငံများ၌ အကျဉ်းထောင်များ၏ မင်းကြီးဖြစ်သော မစ္စတာ ပက်တာဆင်သည် မြန်မာနိုင်ငံ၌
ရာဇ၀တ်နည်းပါးအောင် ရေးသားထားသောစာတမ်းဝယ် အောက်ပါအကြောင်းအရာများကို ထည့်သွင်း၍
ရေးသားထားလေသည်။

၁။ ကြောက်မက်ဘွယ်ကောင်းလှသော ရာဇ၀တ်ဘေးကြီးမှ မြန်မာလူမျိုးတို့အား ကာကွယ်စောင့်ရှောက်လျက်ရှိသော လက်နက်အင်အားသည် ဗုဒ္ဓဘာသာကြီးပင်ဖြစ်သည်။

၂။ ဗုဒ္ဓဘာသာတရားတော်သည် အမှားအမှန်ကို သေချာစွာ ဖော်ပြထားပေသည်။

၃။ မြန်မာလူမျိုးမှန်သမျှ ထိုတရားတော်ကြီးကို သေချာစွာ သင်ယူခဲ့ကြလေသည်။

၎။ မြန်မာလုလင်ပျိုကလေးများသည် ထိုတရားတော်ကြီးကို ငယ်ရွယ်စဉ်ကစ၍ သင်ယူခဲ့ကြသည်။

၅။ ရပ်သူရွာသားများသည် နှိုးဆော်ခြင်း ပညတ်ခြင်းမရှိပါဘဲလျက် တရားတော်ကို ကျိုးနွံရိုသေကြသည်။

၆။ အချို့ရဟန်းတော်များသည် စည်းမဲ့ကမ်းမဲ့ သွားလာနေထိုင်ကြသဖြင့် ရဟန်းတော်များ၏ သြဇာသည် ရှေးကလောက် မစူးရှတော့ ကြောင်းကိုကြားသိရသည်။

၇။ ထိုကဲ့သို့ ရဟန်းတော်များအား လူအချို့က အရိုအသေကင်းမဲ့ကြသဖြင့် ဗုဒ္ဓတရားတော်သည် မှန်ကန်သောတရား ဟုတ်ပါ၏လောဟု သံသယဖြစ်ကြသည် ရှိသော် မြန်မာလူမျိုးတို့ အတွက် အလွန်ဆိုးဝါးသော ဘေးကြီးဟု ဆိုရပေလိမ့်မည်။

၈။ ဤကမ္ဘာ၌ ဘာသားတရားသည် အားအပေါင်းတို့တွင် အကြီးဆုံးသော အားဖြစ်ပေသည်။

၉။ ယခုအချိန်အခါ၌ ဘုန်းတော်ကြီးများက စည်းလုံးညီညွတ်စွာဖြင့် ရာဇ၀တ်လွန်ကျူခြင်း၏ ဘေးအန္တရာယ်များကို ဟောပြတော်မူလျှင် ရာဇ၀တ်မှု ဖြစ်ပွားခြင်းသည် တနှစ်အတွင်း၌ ရပ်တန့်ပါလိမ့်မည်။

၁၀။ ဘာသာတရား၏ တန်ခိုးသတ္တိသည် လူအမျိုးမျိုးအပေါ်၌ အထူးကြီးပါပေ၏။ ဤမြန်မာပြည်တွင်ကား သာ၍ကြီးပါပေသည်။

ဤကား နိုင်ငံခြားသားဖြစ်သော ထောင်မင်းကြီးတယောက်၏ မြန်မာနိုင်ငံအတွက် ကောင်းသော မှန်လည်းမှန်သော ထင်မြင်ချက်တည်း။ ဤထင်မြင်ချက်နှင့်အညီ ယခုအခါ မြန်မာနိုင်ငံ၌ ပြန်၍ စာရိတ္တကောင်းအောင် ရပ်ရွာနယ်ပယ်အပေါ်၌ မေတ္တာ ကရုဏာထားသော ဘုန်းတော်ကြီးများ၏ ကျောင်းတကျောင်းကား ရပ်ရွာတိုင်းမှာ အမှန်ရှိထိုက်ပါသည်။


လိုက်နာရန် သံပေါက်လင်္ကာ

အိပ်ရာ ၀င်သော် သတိရလို့ ဗုဒ္ဓ ဓမ္မ သံဃရယ်။
ကိုကွယ်ပါတယ် စိတ်မှာ ညွတ်လို့ နှုပါ တွတ်တွတ် ရွတ်ရတယ်။
အိပ်ရာထပြန် တဖန်ထပ်၍ မှန်မှန်မပြတ် ရွတ်ပါ့ကွယ်
ဘေးအန္တရယ် ရန်စွယ်ကင်းလို့ ကောင်းခြင်း သုခ ရလိမ့်မယ်။

ဗုဒ္ဓ ကြောင်းရာ ကောင်းစွာ သိမှ ဗုဒ္ဓကိုလည်း ကြည်ညိုမည်။
ကြည်ညိုသူက ဟောညွန်ပြမှ စိတ်ကနှစ်ခြိုက် လိုက်ကြသည်။
ဂုဏ်တော်တန်တန် မှန်မှန်ရလို့ ခဏခဏ ရွတ်သင့်သည်။
အကျိုးနှင့်ကံ ဝေဘန်တတ်မှ ကံကောင်း ကံမြတ်ပြုလိမ့်မည်။

သရဏဂုံ တည်ရုံမျှဖြင့် ဥပါသက ဖြစ်ပါပြီ။
ကိုယ်ကျင့် သိက္ခာ လုံခြုံကြဘို့ ငါးပါးသီလ ပဉ္စသီ။
ဒုစရိုတ်တွေ ရှောင်သွေခွဲလို့ သုစရိုတ်လဲ စုံအညီ။
ဆွမ်းပန်း ရေတော် မီးတော်ကပ်၍ နေ့စဉ်မလပ် ပြုသင့်သည်။

သိရုံမျှနှယ် တယ်မကောင်းဘူ့၊ လူကောင်းဖြစ်ဘို့ လိုကြတယ်။
လူကောင်းဖြစ်အောင် ဆရာမြတ်သို့ မကြာကပ်လို့ မေးပါ့ကွယ်။
မေးသော် ဖြေရန် ဆရာကောင်းလဲ တရွာတကျောင်း ရှိသင့်တယ်။

တရားစစ်မှန် ကျင့်ကြံကြမှ ချမ်းသာသုခ ရနိုင်မည်။
တရားတုတွေ ကျင့်နေကြလို့ ဆင်းရဲဒုက္ခ ရောက်ရသည်။
ယခုတဖန် အမှန်လမ်းသို့ အမြန်လှမ်းဘို့ ချိန်တော်ပြီ။
သို့မှ တိုင်းပြည် ဘာသာရေးကြောင့် သာယအေးဆေး ရှိလိမ့်မည်။

(မှတ်ချက်) အမရပူရမြို့ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး၏ ဗုဒ္ဓဘာသာသာ သင်ခန်းစာ (အမှတ်-၂၆-ကျမ်းစာ)မှ အားလုံးသော အမိမြေ မြန်မာပြည်သားတို့အတွက် ဆရာတော်ကြီး၏ နှလုံးသားကို ထုတ်ဖေါ်ပြသလိုက်ရပါသည်။

Read more...

ခေတ်သစ် လူနေမှုစနစ်၊ စိတ်ဖိစီးမှု၊ သွေးတိုး၊ နှလုံရောဂါနှင့် ဓမ္မဆေး

နေ့စဉ်ကြုံတွေ့ရင်ဆိုင်နေရသော ခေတ်သစ် လူနေမှုစနစ်၏ ဖိစီးမှုကြောင့် နှလုံးသွေးကြောဆိုင်ရာ ရောဂါသည် ကူးစက်ပျံ့နှံ့ရန် လွယ်ကူသည့် ကပ်ရောဂါတခုသဖွယ် ခြိမ်းခြောက်အန္တရာယ်ပြုလာနိုင်ကြောင်း ကျွမ်းကျင်သူ များက စိုးရိမ်ပူပန်စွာဖြင့် သတိပေးပြောဆိုလျက် ရှိကြသည်။

ခေတ်မီ၍ ရှုပ်ထွေးလှသော ယနေ့ဘ၀ လူနေမှုစနစ်အောက်တွင် ကျင်လည်ကျက်စားနေကြရသည့် လူသားအပေါင်းတို့သည် လောဘ၊ ဒေါသ၊ မောဟတို့ဖြင့် ဗျာများလျက်ရှိကြရာ ထိုသူတို့တွင် သွေးတိုးရောဂါဖြစ်ပွားမှု ပိုမိုထူပြောများပြားကြပြီး အဆိုပါ ရောဂါကြောင့် ခံစားရနိုင်သော အကျိုးဆက်များကို လျော့တွက်ကြသဖြင့် ကြီးမားသော ဘေးအန္တရာယ်သည် လက်တကမ်းအကွာ၌ ရောက်ရှိနေပြီဖြစ်ပေသည်။

အပြည်ပြည်ဆိုင်ရာ ကျွမ်းကျင်သူများပါဝင်သော အဖွဲ့၏အဆိုအရ ယခုအခါတွင် အရွယ်ရောက်ပြီးသူ လေးဦးအနက် တဦးသည် သွေးတိုးရောဂါ ခံစားလျက်ရှိရာ လက်ရှိအခြေအနေကို ထိန်းသိမ်းကိုင်တွယ်ခြင်း မပြုပါက နောင်နှစ်ပေါင်း (၂၀)အတွင်း အရွယ်ရောက်ပြီးသူများ၏ ၆၀-ရာခိုင်နှုန်းအထိ သွေးတိုးရောဂါ ခံစားရသူများ တိုးတက်များပြားလာနိုင်သည်ဟု သိရသည်။

အဆိုပါ တွေ့ရှိချက်ကို ဘယ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့၌ ကျင်းပသော ဥရောပပါလီမန်၌ တင်ပြခဲ့ခြင်း ဖြစ်သည်။ သွေးတိုးရောဂါကို ထိန်းချုပ်နိုင်ရေးအတွက် လုပ်ဆောင်သင့်သည်များကို အရှိန်အဟုန်တိုးမြှင့် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ယုတ်စွအဆုံး အလွန်ရှုပ်ထွေး၍ ဗျာများနေကြရသော နေ့စဉ်လူနေမှု ဘ၀ပုံစံကို ပြုပြင်ရန် လိုအပ်ကြောင်း သုတေသီများက အကြံပြုပြောဆိုသည်။

ယနေ့ခေတ် ပြည်သူများသည် နေ့စဉ်ဖြတ်သန်း ကျော်လွှားနေရသော ဘ၀လူနေမှုပုံစံကို ပြုပြင်ပြောင်းလဲမှု မပြုခြင်း၊ မိမိ၏ကျန်းမာရေးအား ဂရုတစိုက် စစ်ဆေးမှုမပြုခြင်း၊ လိုအပ်သော ဆေးဝါးကုသမှုများ မပြုဘဲနေခြင်းတို့ကြောင့် ယခင်က ဦးနှိမ်ထားနိုင်ခဲ့သော နှလုံးသွေးကြောဆိုင်ရာ ရောဂါသည် ယခုတဖန် ပြန်လည်ဦးမော့လာမည်ကို စိုးရိမ်ပူပန်လျက်ရှိကြသည်။

ကမ္ဘာတ၀န်းတွင် သွေးတိုးရောဂါကြောင့် နှစ်စဉ် လူ ၇.၁ သန်းခန့် အသက်ဆုံးရှုံးလျက်ရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
သွေးတိုးရောဂါ၏ ထိုးနှက်မှုကို ပြင်းထန်စွာ ခံစားနေရသော နိုင်ငံများမှာ အနောက်တိုင်းပုံစံ စီးပွားရေးစနစ်ကို ကျင့်သုံးလျက်ရှိကြသော ဘရာဇီး(လ်)၊ တရုတ်၊ အိန္ဒိယ၊ ရုရှား၊ တူရကီနှင့် ဥရောပ အလယ်ပိုင်းနိုင်ငံများ ဖြစ်ကြသည်။

သွေးတိုးခြင်းကြောင့် ဖြစ်ပွားခံစားရနိုင်သည့် ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးများ---
သွေးတိုးဝေဒနာ ခံစားရခြင်းကြောင့် ခန္ဓာကိုယ်၏ အဓိကကျသော ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများ ပျက်စီးခြင်း၊ နှလုံးဝေဒနာ အပြင်းအထန် ခံစားရမှု (Heart Attack) ဖြစ်စေနိုင်ခြင်း၊ ကျောက်ကပ်ရောဂါနှင့် မှတ်ဉာဏ်ချို့တဲ့ခြင်း (dementia) ရောဂါများ ခံစားရနိုင်သည်။

သွေးတိုးခြင်းကို ထိန်းသိမ်း၍မရနိုင်သော အဓိက အကြောင်းရင်းမှာ ဝေဒနာခံစားရသူ၏ ၅၀-ရာခိုင်နှုန်း ခန့်သည် ဆရာဝန် ညွှန်ကြားသောဆေးကို မှီဝဲသောက်သုံးရန် ငြင်းဆန်ခြင်းနှင့် ကျန်းမာရေးနှင့် မညီညွတ်သော ဘ၀နေမှုပုံစံကို ပြုပြင်ပြောင်းလဲမှု မပြုခြင်းတို့ပင် ဖြစ်သည်။

ဆေးလိပ်သောက်ခြင်း၊ အငန်နှင့် အဆီ စားသုံးမှုလွန်ကဲခြင်း၊ အရက်သေစာ သောက်စားမှုများပြားခြင်းနှင့် အ၀လွန်ခြင်းတို့သည် သွေးတိုးရောဂါကို ဖြစ်ပေါ်စေသော အဓိကအကြောင်းတရားများ ဖြစ်ကြသည်။

စီးပွားရေးဂယက် ရိုက်ခတ်မှု---
ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ School of Economics မှ သုတေသီ Dr Panos Kanavos က သွေးတိုးရောဂါသည် အသက်အရွယ် ကြီးရင့်သူများ၌သာ ဖြစ်ပွားတတ်သည်ဟု ယူဆချက်မှာ မှားယွင်းကြောင်း ထောက်ပြသည်။
အသက် ၃၀၊ ၄၀၊ ၅၀၊ အရွယ်ကောင်းသူများ၌လည်း ထိန်းသိမ်းရန် မလွယ်ကူသော သွေးတိုးရောဂါကို ခံစားရနိုင်ပြီး ထိုမှတဆင့် နှလုံးသွေးကြောဆိုင်ရာ ရောဂါနှင့် လေဖြတ်သည့်ရောဂါတို့ကို ခံစားရနိုင်ကြောင်း ၄င်းက ဆက်လက်ပြောဆိုသည်။

ကာယ၊ ဉာဏစွမ်းအား အထက်မြတ်ဆုံးသော ထိုအရွယ်၌ ရောဂါဝေဒနာများကို ခံစားရသဖြင့် နိုင်ငံ၌ လုပ်အားများ ဆုံးရှုံးခြင်းကြောင့် စီးပွားရေးတိုးတက်မှု အရှိန်အဟုန်ကို အဟန့်အတားဖြစ်စေပြီး ထိုမကျန်းမာသူတို့အား ရေရှည်ကျန်းမာရေး စောင့်ရှောက်မှု ပြုရခြင်းကြောင့် ကာယကံရှင်နှင့် မိသားစု၌လည်းကောင်း၊ နိုင်ငံတော်၌လည်းကောင်း၊ ၀န်ထုပ်ဝန်ပိုးဖြစ်စေသည်။

သွေးတိုေးရာဂါဖြစ်ပွားမှုကို အချိန်မနှောင်းမီ သိရှိနိုင်ရန် ရောဂါကြိုတင်စမ်းသပ်ရှာဖွေခြင်း၊ သွေးတိုးရောဂါ၏ နောက်ကွယ်၌ ဖြစ်ပေါ်လာနိုင်သော အကျိုးဆက်များကို စနစ်တကျ ကိုင်တွယ်ဖြေရှင်းခြင်း စသည်တို့ကို လူထုလှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်သင့်ကြောင်း Dr Kanavos က အကြံပြုပြောဆိုသည်။

နှလုံးရောဂါ ဖြစ်ပွားရခြင်း၏ အဓိကအကြောင်းတရားသည် သွေးတိုးခြင်းကြောင့်ပင် ဖြစ်သည်ဟု သိသာထင်ရှားကြောင်း British Heart Foundation မှ ကျွမ်းကျင်သူများက အတည်ပြုပြောဆိုသည်။
စိတ်ဖိစီးမှုကို အမြဲတစေ ခံစားနေရသူများသည် သွေးတိုးရောဂါ ခံစားရနိုင်ကြောင်း၊ ၄င်းအပြင် စိတ်ဖိစီးမှုကြောင့် ဆေးလိပ်သောက်ခြင်း၊ အာဟာရချို့တဲ့သော အစားအသောက်များ စားသုံးခြင်း၊ အရက်အလွန်အကျွံ သောက်ခြင်း၊ ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှားမှု မပြုလုပ်ခြင်းစသည့် ကျန်းမာရေးနှင့် မညီညွတ်သော ဘ၀နေမှုပုံစံဖြင့် နေထိုင်လေ့ရှိတတ်ကြသည်။ ထိုကဲ့သို့ နေထိုင်ခြင်းသည် ပင်လျှင် နှလုံးရောဂါဖြစ်ပွားခံစားရမည့် အဓိကအကြောင်းတရားပင် ဖြစ်သည်။

စိတ်ဖိစီးမှုကို ဘယ်လိုဖြေလျော့ကြမလဲ---
ခေတ်သစ် ဆေးသိပ္ပံပညာကမူ စိတ်ဖိစီးမှုကို ဖြစ်ပေါ်စေသောအကြောင်းတရားကို သိရှိရန်နှင့် ထိုကဲ့သို့ စိတ်ဖိစီးလျက်ရှိသော အခြေအနေ၌ မည်သို့အဆင်ပြေပြေ နေထိုင်ရမည်ကို နည်းလမ်းရှာဖွေရန် အရေးကြီးကြောင်း၊ ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ ပုံမှန် ဆောင်ရွက်ခြင်းသည် စိတ်ဖိစီးမှုကို လျော့ပါးစေနိုင်ကြောင်း အကြံပြုထားသည်။

ဗုဒ္ဓဘာသာဝင်တဦး၏ အမြင်အရမူ စိတ်ကြောင့် ဖြစ်ပေါ်လာသော ပြဿနာကို စိတ်ဖြင့် ကုစားခြင်းသည် သာလျှင် အကောင်းဆုံးနှင့် အထိရောက်ဆုံးဖြစ်သည်ဟု ယူဆသည်။
စိတ်ဖိစီးမှုကို လျော့ချရန်မှာ စိတ်ဖိစီးမှုကို ဖြစ်ပေါ်စေသော ရင်ထဲ၌ လောင်မြိုက်နေသည့် လောဘ၊ ဒေါသ၊ မောဟမီးများ၏ အရှိန်ကို လျော့ချရန်နှင့် တတ်နိုင်က ငြိမ်းသတ်ပစ်ရန်သာ အဓိကလိုရင်းဖြစ်သည်။

ထိုကဲ့သို့ ရင်ထဲ၌ လောင်မြိုက်နေသော မီးသုံးမီးကို အရှိန်လျှော့ငြိမ်းသတ်နိုင်ရေးအတွက် လူ့ဘ၀တွင် ယောနိသော မနသိကာရဖြင့် (အသင့်အတင့် နှလုံးသွင်း) နေထိုင်တတ်ရန် အရေးကြီးပေသည်။
ယောနိသော မနသိကာရဖြင့် နေတတ်၊ ထိုင်တတ်ရန်မှာ စိတ်ကို တည်ငြိမ်စေသော၊ စိတ်ကို အေးချမ်းစေသော စိတ်တန်ခိုးစွမ်းအင်ကို ထက်မြက်စေသော မြတ်ဗုဒ္ဓ၏ ၀ိပဿနာတရားကို ရှုမှတ်ပွားများ အားထုတ်ခြင်းသာ ဖြစ်ပါသည်။

သို့ဖြစ်၍ ယနေ့ကမ္ဘာပေါ်တွင် ကျယ်ကျယ်လောင်လောင် ဆူဆူညံညံ စိုးရွံ့ကြောက်လန့်ခြင်း ကြီးစွာဖြင့် ငြင်းခုန်ပြောဆိုနေကြသော စိတ်ဖိစီးမှု၊ သွေးတိုး၊ နှလုံးရောဂါ၊ လေဖြတ်ရောဂါတို့၏ဘေးမှ ကင်းဝေးလိုပါမူ ဗုဒ္ဓပေးသော ဓမ္မဆေး-ကိုသာ ယုံယုံကြည်ကြည် မှီဝဲသုံးဆောင်ကြရန်သာ ဖြစ်ပါကြောင်း မေတ္တာဖြင့် ရေးသားတင်ပြလိုက်ရပေသည်။

အောင်ဇင်
Modern life puts stress on heart.
(နိုင်ငံဂုဏ်ရည် မဂ္ဂဇင်း ၂၀၁၀-ခု ဖေဖော်ဝါရီလ)

Read more...

သားတော် ရာဟုလာ ရဟန္တာဖြစ်တာ သာမဏေဘ၀နဲ့လား ရဟန်းဖြစ်မှလား

ဒကာ။ ။ သားတော်ရာဟုလာဟာ အသက်အရွယ် ခုနစ်နှစ်သားမှစ၍ ရှင်သာမဏေ ပြုသွားတာကိုတော့ လူတိုင်းလိုပဲသိကြပါတယ်။ ဒါပေမဲ့ ရဟန္တာ အရှင်မြတ်ကြီး ဖြစ်သွားတာကိုတော့ ရှင်သာမဏေဘ၀နဲ့လား၊ ရဟန်းဘ၀ကျမှလား ဟု မကွဲမပြား ရှိနေကြလို့ ဖြေရှင်းပေးပါဦးဆရာတော်။
ဆရာ။ ။ သားတော်ရာဟုလာနဲ့စပ်ပြီးတော့ မြတ်စွာဘုရားဟောကြားတော်မူတဲ့ ရာဟုလသုတ္တန်တွေဟာ တော်တော်များတယ်၊ အဘိဏှ ရာဟုလောဝါဒသုတ်ကိုတော့ ရာဟုလာသာမဏေကလေး အသက် ၁၈ နှစ်အရွယ်မှာ ရွှေနန်းတော်ကြီးနဲ့ ဆွေမျိုးဉာတိ မိခင်စွဲ ဂေဟသိတပေမ ဆန္ဒရာဂကို ပယ်ရှားနိုင်ရန် အသက် ၁၈ နှစ်အရွယ်မှာ ဟောကြားတော်မူတယ်။
နောက် ရှင်ရာဟုလာ ရဟန်းဖြစ်စ ၀ါ, မရသေးတဲ့ အချိန်ကာလမှာ အရဟတ္တဖိုလ်ကို ရယူကာ ရဟန္တာမထေရ်မြတ်ဖြစ်နိုင်ရေးအတွက် စူဠရာဟုလောဝါဒသုတ်ကို ဟောကြားချေချွတ် ဆုံးမတော်မူလျက် အရဟတ္တဖိုလ်သို့ ပေါက်ရောက်အောင် ပို့ဆောင်ဟောကြားတော်မူသောကြောင့် ရှင်ရာဟုလာဟာ ရဟန်းဖြစ်စ, ၀ါမရမီကလေးမှာပဲ ရဟန္တာဖြစ်တော်မူတယ်လို့ မှတ်ယူရမယ်။
ဒကာ။ ။ ခုလို ကွဲကွဲပြားပြားခြားခြားနားနားသိရတာ ကျေးဇူးတင်လှပါတယ် ဆရာတော်၊ ဒီကိစ္စက ငြင်းကြ ခုံကြလွန်းလို့ပါ။

Read more...

အမေ မသိလို့ပါ


ရေးသူ - ရွှေကျွန်းသား

မဂ္ဂဇင်း ကာတွန်းတစ်ခုထဲမှာ ဒီလိုဖတ်ဖူးပါတယ်။
မိန်းမနှစ်ယောက် ဈေးက အပြန်လမ်းမှာတွေ့တော့
တစ်ယောက်ကနောက်တစ်ယောက်ကို ပြောနေတာ။

‘ကျွန်မအမျိုးသားက နိုင်ငံခြားမှာ အလုပ်လုပ်နေတာလေ။
သားကလည်း နိုင်ငံခြားမှာပဲ။
သမီးကတော့ အဲဒီမှာပဲ ကျောင်းတက်နေလေရဲ့’
‘ဟင် ဒါဆိုရှင်က ဘာလို့လိုက်မသွားတာလဲ’
‘အဟင်း ကျွန်မကကြွားခြင်လို့နေခဲ့တာလေ’ တဲ့။

အဲဒီ ကာတွန်းလေးက အမေပြောပြတာပါ။
အမေကတော့ ဟုတ်မှာပေါ့လေ။
ဒါပေမယ့် အမေမသိသေးတာတွေ အများကြီးရှိပါသေးတယ်။

‘ဟုတ်တယ် နိုင်ငံခြားမှာ လမ်းတွေတအား ကောင်းတာတဲ့။
တစ်မြို့လုံးလည်း သန့်ရှင်းနေတာပဲတဲ့။
လျှပ်စစ်မီးဆိုတာတော့ ပြောစရာကို မရှိဘူးတဲ့’

အမေကတော့ မိတ်ဆွေတွေနဲ့တွေ့တိုင်း အဲလိုပြောလေရဲ့။
ဒါပေမယ့် အမေပြောပြောနေတဲ့ နိုင်ငံခြားမှာ
တစ်အားကောင်းနေတာတဲ့ ဆိုတာ ကျွန်တော်ကတော့ လက်မခံဘူးအမေ။
တစ်ကယ်တော့ နိုင်ငံခြားက တစ်အားကောင်းဒါ မဟုတ်ဘူးဗျ။
ဒါတွေက ပုံမှန်ပဲ။
ကတ္တရာလမ်း ချိင့်ခွက်မရှိတာ
ကို တကားကောင်းတယ်လို့ ပြောလို့ရမလား။
လမ်းဘေးတွေမှာ အမှိုက်မရှိတာရော တအားကောင်းနေတာလား။
လျှပ်စစ်မီး ခလုတ်ဖွင့် လိုက်တိုင်း ရှိနေတာကရော။
Bus ကားတွေ မြို့ပတ်ရထားတွေ အချိန်မှန်နေတာကရော အထူးအဆန်းပဲလား။
ကျွန်တော်ကတော့ အဲဒါကို အရမ်းကောင်းနေတယ်လို့ မယူဆဘူး အမေ။
ဒါတွေက ပုံမှန်လေ။ တစ်ကယ်တော့ ကျွန်တော်တို့ဆီက ပုံမမှန်ဖြစ်နေတာ။
အဲဒါကြောင့် နိုင်ငံခြား တစ်အားကောင်းနေတယ်လို့ပြောရင် သိပ်ဘ၀င်မကျဘူး အမေ။
နိုင်ငံခြားက ပုံမှန်၊ ကျွန်တော်တို့ဆီက ပုံမမှန်။

သူတို့ဆီမှာ ရုပ်ဝတ္ထုပစ္စည်းတိုးတက်မှုကတော့ ထိပ်ပဲလေ။
ဒါပေမယ့် ကျွန်တော်တော့ ဒီမှာ အရမ်းပျော်နေပြီ။
သူတို့နဲ့ တစ်သားထဲကျနေပြီ။
အင်တာနေရှင်နယ် စတန်းဒက် ဖြစ်နေပြီလို့အမေထင်ရင်တော့ အမေ မှားသွားပြီ။
အမေရေ။
ကျွန်တော်ဆိုတဲ့ ကောင်က အမေ့အိမ်ကို ပြန်လာဖို့ပဲ အမြဲတွေးနေတဲ့သူလေ။
မလာနဲ့၊
ဒီမှာနေပူ၊ ဖုန်ထူ၊ ခြင်ကိုက်၊ မီးပျက်လို့တော့ ကျွန်တော့်ကို မပြောပါနဲ့အမေ။
ကျွန်တော်က အဲယားကွန်းခန်းကို မုန်းလို့ နေရောင်ခြည်လေး လိုချင်နေတဲ့သူ၊
လေအဝေ့မှာ ဖုန်နံ့လေး ရှူနေရတာကို air fresher နံ့ထက်ပို ကြိုက်တဲ့သူ၊
အမှောင်ထဲမှာ ထိုင်ပြီး ယက်တောင်လေးနဲ့ ခြင်ရိုက်ပြီး စကားပြောရတာကို
ပို သဘောကျနေတဲ့သူဆိုတာ အမေ မသိပါဘူးလေ။

တစ်ချို့ကတော့ ပြောကြတယ်။
နိုင်ငံခြားမှာက အရည်အချင်းရှိဖို့ပဲ။
အရည်အချင်းရှိရင် အားလုံးတန်းတူပဲတဲ့။
အခုကမ္ဘာကြီးက Globalization ဖြစ်နေပြီတဲ့။
နေရာဒေသလေးတစ်ခုကို စွဲလမ်းနေလို့မဖြစ်ဘူးတဲ့။
ရေကြည်ရာ မြက်နုရာမှာ တိုးတက်အောင်နေရမှာပဲတဲ့။
တစ်ခုတော့ မေးပါရစေ။
ကမ္ဘာကြီးက တစ်ကယ့်ကို ကမ္ဘာ့ရွာကြီး ဖြစ်နေပြီလား။
လူမျိုးရေး ခွဲခြားမှုတွေ မရှိတော့ဘူးလား။ ကျွန်တော့်မေးခွန်းကို သေချာဖြေကြည့်ပါ။
အမေရေ၊ ကျွန်တော်တော့ ကမ္ဘာကြီးက နည်းပညာတစ်ခုကလွဲလို့
ဘယ်နေရာမှ တကယ် Globalize မဖြစ်သးဘူးလို့ထင်တယ် အမေ။
ကျွန်တောတို့လို နိုင်ငံက လာတဲ့သူတွေကို
ရုပ်ဝတ္ထုပစ္စည်း တိုးတက်နေတဲ့ နိုင်ငံတွေက သူတွေက
(လူများစုပါ။ လူအားလုံးကို မဆိုလိုပါ)
ဘယ်လိုမြင်တယ်ဆိုတာ့ အမေ မသိသေးပါဘူးဗျာ။
ဒါတွေထားလိုက်ပါတော့။
အသေးစိတ်တွေ ပြောပြနေရင် အမေ စိတ်မကောင်းဖြစ်နေမှာ။

တစ်ခါတစ်လေကြတော့ ကိုယ့်ကိုကိုယ် စက်ရုပ်တစ်ခုလိုထင်လာမိတယ်။
အလုပ်လုပ်နေတာ တစ်ကယ်ကို ထမင်းစားဖို့အတွက်လိုဖြစ်နေလို့အမေ။
အရင်တုန်းက အမေ့အိမ်မှာ နေရင်းအလုပ်လုပ်ရတာက
အဓိပ္ပာယ် လေးတစ်ခုခု ရှိနေသလိုပဲ အမေ။
အခုတော့ ဘာမှ အဓိပ္ပယ် မရှိသလိုပဲ။
ကိုယ့်နိုင်ငံမှာ လုပ်တာကမှ ကိုယ့်လူမျိုး ကိုယ့်မွေးရပ်မြေအတွက်
ဟုတ်ဟုတ် မဟုတ်ဟုတ် တစ်ခုခုတော့ အကျိုးရှိဦးမယ် အမေ။
ကျွန်တော့်ကိုလူမျိုးရေး အမြင်ကျဉ်းတယ်လို့
ပြောရင်းလည်း ကျေကျေနပ်နပ်ကြီး ခံပါမယ်ဗျာ။
အဲလောက် နိုင်ငံနဲ့ လူမျိုးကို ချစ်နေရင်
ဘာလို့ထွက်လာသေးလဲကွာလို့ အပြစ်တင်မစောပါနဲ့။
လူ့ဘ၀မှာ လူတန်းစေ့လေးတော့ နေချင်တယ်လေ။
အင်း ခက်တာက အခုလိုနေနိုင်စားနိုင်အောင်
အမေ့အိမ်မှာ နေပြီး ကျွန်တော် မရှာနိုင်ဘူး အမေရေ။
ကျွန်တော်ကပဲ ညံ့လွန်းလို့ပဲလား။
ရေကြည်ရာ မြက်နုရာဆိုရင် ကျွန်တော်တို့ဆီမှာ ရေတွေနောက်နေလို့လား။ မြက်တွေကခြောက်နေလို့လား။
ကျွန်တော် မစဉ်းစားတတ်ဘူးအမေရေ။
အမေမသိသေးတာတွေ အများကြီးရှိပါသေးတယ်ဗျာ။

ဥပမာ ဒစ်ဂျစ်တယ် နိုးစက်သံက ဘယ်လောက်မုန်းစရာကောင်းတယ် ဆိုတာ
အမေခံစားဖူးမှ သိလိမ့်မယ် အမေ။
အမေတို့ဆီမှာ လူတွေဂုဏ်ယူဝင့်ကြွားစွာကိုင်နေတဲ့ ဟန်းဖုန်းဆိုတာ
ကျွန်တော့် အတွက်တော့ နွားခလောက် တစ်လုံးနဲ့
ဘာမှ မထူးဆိုတာ အမေ မသိပါဘူး အမေ။
ဒီမှာ ရုပ်ဝတ္ထုပစ္စည်းအရ အများကြီးကောင်းတယ် ဆိုတာတော့
ကျွန်တော် မငြင်းပါဘူးအမေ။
ဒါပေမယ့်ဗျာ စာရေးဆရာတစ်ယောက် ပြောဖူးသလိုပေါ့။

‘ငှက်လှောင်အိမ်ကြီးကိုပဲ ဆေးသုတ်ပြီး
အထဲက ငှက်ကလေးကို အစာမကျွေးရင် ဘာအဓိပ္ပာယ်ရှိမှလဲ’ တဲ့။

ဒီမှာတော့ ရွှေပိန်းချလှောင်အိမ်ကြီးတွေထဲက
ပိန်လှီနေတဲ့ ငှက်ကလေးတွေ အများကြီး တွေ့ခဲ့ရလို၊
အဲလိုတော့ မဖြစ်ချင်ဘူးအမေရေ။

ကျွန်တော်ကတော့ အချိန်တန်ရင် အမေ့အိမ်ကို ပြန်လာနိုင်အောင် ကြိုးစားနေတာ။
အမေရေ။
ငါ့သားက နိုင်ငံခြားမှာ အရမ်းအဆင်ပြေနေတာလို့မကြွားပါနဲ့တော့ဗျာ။
ငါ့သားက အမေ့အိမ်ကို တအားခင်တွယ်တာလို့ပဲ ကြွားလိုက်စမ်းပါ။

အခြေအနေ တစ်ခုရောက်ရင် ကျွန်တော်ပြန်လာမှာပါအမေ။
ဘာအခြေအနေလဲလို့တော့ မမေးပါနဲ့ အမေ။
အခြေအနေတစ်ခုပေါ့။…....

@mutdfan
Photo: Google Search

Read more...

ရာနှုန်းပြည့် အတွေး

သိဒ္ဓတ္ထကို ခမည်းတော် အပါဝင် ဆွေတော်မျိုးတော် အားလုံးက လောကမှာ အကြီးကျယ်ဆုံးဆိုတဲ့ စကြာဝတေးမင်းဖြစ်ဖို့ ၀ိုင်းပြီးဖိအားပေးနေချိန်မှာ သိဒ္ဓတ္တမင်းသားက ဒီလိုတွေးလိုက်တာပါ။

သူတို့က ငါ့ကို အကြီးကျယ်ဆုံး ဖြစ်စေဖို့အတွက်
အနိမ့်ကျဆုံးတွေကို လုပ်စေလိုကြတယ်၊

ငါက အမြင့်မြတ်ဆုံးဖြစ်ဖို့အတွက်
အကြီးကျယ်ဆုံးများကို စွန့်လွှတ်ရမယ်။

ကြီးကျယ်မှုကိုသာ မျှော်မှန်းသူဟာ
အနိမ့်ကျဆုံးကိုပင် လုပ်ရဲကြတယ်။

ကြီးကျယ်ခြင်းနဲ့ မြင့်မြတ်ခြင်းတို့ရဲ့
တန်ဖိုးကို နားမလည်ကြဘူး။

ကြီးကျယ်မှုဟာ အမြင်ခမ်းနားသလောက်
အနှစ်အခိုင်မာ မရှိတဲ့ တစ်ဘ၀ တစ်နပ်စာသာ ဖြစ်တယ်။
မြင့်မြတ်မှုဟာ အမြင်မခမ်းနားပေမယ့် အနှစ်သာရ ပြည့်ဝခိုင်မာတယ်။

မော်ကွန်းသစ်
၂၁.၈.၁၀

Read more...

အထုံ

Tuesday, 07 December 2010 09:17 | PostAuthorIconWritten by Administrator | PDF | | Print | | E-mail

အာသေဝနပစ္စည်း (၁)T Z sayadaw (1)

ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)

အာသေဝနဆိုတာ ထုံတယ် မွှန်းတယ်လို့ အဓိပ္ပာယ် ရပါတယ်။ မြန်မာတွေ ပြောပြော နေကြတဲ့ “အထုံပါတယ်”ဆိုတဲ့ စကားဟာလဲ ဒီ အာသေဝန ပစ္စည်းကို ပြောတာပါပဲ၊ အာသေဝန ပစ္စည်းနဲ့ ပတ်သက်လို့ အဋ္ဌကထာ ဆရာပေးတဲ့ ဥပမာကတော့ အမွှေးနံ့သာ အထပ်ထပ် လိမ်းကျံတဲ့အခါ ရှေးရှေး အကြိမ်တွေက နောက်နောက် အကြိမ်တွေ အတွက် ပိုပြီးမွှေးအောင် ကျေးဇူးပြု ပေးသလိုတဲ့။

ဒီဥပမာအတိုင်း ရှေးဆရာတော်များ နိဿယ ပြန်ထားတာ ကတော့ အာသေဝနပစ္စယော၊ နောက်နောင်မွန်လေး၊ သာလွန်မွှေးအောင် ရှေးရှေး ထုံုံထုထား၊ နံ့သာလားသို့၊ မခြားမလပ်၊၊ မျိုးဇာတ်တူစွာ၊ ကုသလာကုသလ၊ ကြိယသဘော၊ နောက်နောက်ဇောအား၊ တူခြောက်ပါးတွင်၊ ခွန်အားဟုန်ပြင်း၊ ယူစေလျင်း၍၊ ထုံခြင်းဟူသော အာသေဝနသတ္တိထူးဖြင့်၊ ကျေးဇူးပြုခြင်းလက္ခဏာရှိသော အာသေဝနပစ္စည်း တဲ့။

○ ○ ○ ○ ○ ○ ○ ○ ○ ○ ○ ○ ○ ○

ခုခေတ် အထင်ရှားဆုံး ဥပမာနဲ့ ပြောရရင်တော့ ပေါ်လစ်တို့ ဆေးတို့သုတ်ရာမှာ ရှေးရှေး ခံဆေးတွေက နောက်နောက် သုတ်တဲ့ ဆေးတွေ အရောင်ပို တက်လာအောင် ကျေးဇူးပြုသလိုလို့ ပြောရင်လဲရပါတယ်။ သက်ရှိ သတ္တဝါများ အနေနဲ့တော့ တစ်ကြိမ် ကစလိုက်တဲ့ အလုပ်များဟာ တစ်ကြိမ်ထက် တစ်ကြိမ် တိုးလာတဲ့အခါ “အကြိမ်များတော့ အကျင့်ပါ၊ အကျင့်ပါတော့ အထုံရလာတဲ့ သဘောပါပဲ။ အထုံရတာလိုပဲ စရိုက်၊ ဝါသနာ၊ အထုံ၊ ဓလေ့၊ အကျင့်ပါတယ်” လို့ခေါ်ပါတယ်။ သံတူကြောင်းကွဲတွေပါပဲ။

ဒီအာသေဝန ပစ္စည်းဟာလည်း လူ့လောကထဲမှာ အတော်လေး အရာ ကျယ်ပြန့်ပါတယ်၊ ဆေးလိပ်ကို တစ်စတစ်စ ဖွာကြည့်ရာက ဆေးလိပ် စွဲတာတို့၊ မူးယစ်ဆေးဝါး စွဲတာတို့စတဲ့ အသောက် အစားစွဲတာ၊ အပျော်အပါး၊ အလောင်းအစားစွဲတာ စသည်တို့ ဆိုတာ အာသေဝနသတ္တိ ရလာတဲ့သဘောပါပဲ။ အသိဥာဏ် နည်းသူတို့ ဆင်ခြေပေးလေ့ရှိတဲ့ “တစ်တက်စားလဲ ကြက်သွန်ဖြူ၊ နှစ်တက်စားလဲ ကြက်သွန် ဖြူပါပဲ” ဆိုတဲ့ စကားထဲမှာ တစ်တက်စား တာထက် နှစ်တက်စားတာက ပိုအားကောင်းလာပါတယ်၊

ဒီလိုနဲ့ အကြိမ် များလာတဲ့ အခါ မစားဘဲမနေနိုင်အောင်ဖြစ်လာတယ်။ မကောင်းမှုမှာလဲ အလားတူပါပဲ “တစ်ကြိမ် စမိမှတော့ သန်းခေါင်ထက် ညဥ့်မနက်တော့ပါဘူး”ဆိုတဲ့ ဆင်ခြေနဲ့ ဆက်မိုက် ကြရင် အကြိမ် များလာတဲ့အခါ အာသေဝနပစ္စယ သတ္တိအားကောင်းပြီး လက်ရဲ ဇက်ရဲ ဖြစ်လာရာက အကုသိုလ်ကို မပြုဘဲ မနေနိုင်တဲ့ အဆင့်အထိ ဖြစ်လာတတ်ပါတယ်။

ညဥ့်မှာ သန်းခေါင်ထက် နက်တာ မရှိပေမယ့် အပါယ်ငရဲကတော့ တစ်ဆင့်အောက် တစ်ဆင့် နက်သည်ထက် နက်တယ် ဆိုတာ ရှိပါတယ်။ ဒါကြောင့် အကုသိုလ် အရာမှာ အာသေဝနပစည်း သဘောမျိုး ဖြစ်မသွားရေးဟာ အလွန်အရေးကြီး တဲ့ကိစ္စပါ။ သတိထား အသိပွားပြီး အချိန်မီ ဟန့်တားကြဖို့ လိုပါတယ်။

ကုသိုလ် အရာမှာလဲ အလာတူပါပဲ ဘယ်ကိစ္စမဆို တစ်ကြိမ်က စကြရတာ ချည်းပါပဲ၊ ကောင်းမွန်တဲ့ စရိုက်၊ ဝါသနာ၊ အလေ့အထုံ အကျင့်ဖြစ်စေ ချင်ရင် အကြိမ်များအောင် ဇွဲနဲ့ကြိုးစားရမှာပါ၊ အကြိမ်များလာပြီ ဆိုရင်တော့ အာသေဝနပစ္စယ သတ္တိကလဲ အတော်လေးကို အရှိန်ရလာပြီး ကြာတော့ မလုပ်ရ မနေနိုင်ဆိုတဲ့ အထိဖြစ်လာတာပါပဲ၊ ပါရမီဖြည့်တယ် ဆိုတာလဲ ဒီသဘောပါပဲ၊ စရိုက်၊ ဝါသနာ အလေ့၊ အထုံအကျင့်ကနေ ဓာတ်ခံကောင်း ဖြစ်လာတဲ့သဘောပါ။

ပညာသင်ရာမှာ တစ်တန်းထက် တစ်တန်း သဘောပေါက် လွယ်ကူလာတဲ့ သဘောဟာလဲ အာသေဝန ပစ္စယသတ္တိအား ကောင်းလာတယ်လို့ပဲ ဆိုရမှာပါ၊ ခြုံပြီးပြောရရင်တော့ “ကျွမ်းကျင်မှု”ဆိုတဲ့ အလေ့အထတွေ၊ ပညာရပ်တွေ အားလုံးဟာ တစ်ကြိမ်က စခဲ့ကြပြီး ရှေးရှေး အကြိမ်တွေက နောက်နောက် အကြိမ်တွေကို အာသေဝန ပစ္စယသတ္တိနဲ့ ကျေးဇူးပြုပေးကြလို့ ချည်းပါပဲ၊ ဒီလောက်ဆိုရင် အာသေဝန ပစ္စယသတ္တိရဲ့ သဘောကိုရိပ်စားမိလောက်ပါပြီ။

အာသေဝနပစ္စည်းနဲ့ ပတ်သတ်ြပီး အထူး သတြိပုရမယ့် အချက် တော့  နိဿယဆရာရဲ့ စကားထဲမှာပါတဲ့ “မျိုးဇာဇာတ် တူစွာ” ဆိုတဲ့ စကားရပ်ပါပဲ။ အလုပ်လုပ်ရာမှာ ဟိုစပ်စပ် ဒီစပ်စပ် အလုပ်တွေဟာ ရှေးအလုပ်က နောက်အလုပ်ကို အတွေ့အကြုံ အဖြစ် ကျေးဇူး မပြုနိုင်ဘူး၊ အလုပ် တစ်ခုတည်းကို အကြိမ်များစွာ လုပ်မှသာ ရှေ့အလုပ်က နောက်အလုပ်ကို အတွေ့အကြုံ ရစေနိုင်တယ်၊ အလေ့အကျင့် ရစေနိုင်တယ်။ အဲဒီလို တစ်မျိုးတည်းကို အထပ်ထပ် ပြုနေသလို စိတ်တွေမှာလဲ တစ်မျိုးတည်းက အကြိမ်ကြိမ် အထပ်ထပ်လဲ ဖြစ်နေမှ၊ အဲဒီ အကြိမ်ကြိမ် အထပ်ထပ်ဖြစ်တဲ့ စိတ်တွေက ထူးခြားတဲ့သိမှုလဲ ဖြစ်မှ၊ တဖြည်းဖြည်း အင်အားဖြည့်ရတဲ့ စိတ်မျိုးလဲဖြစ်မှသာ အာသေဝန ပစ္စည်းနဲ့ ကျေးဇူးပြုပေးနိုင်ပါတယ်။

ဒါကြောင့် စိတ်ဖြစ်စဉ်(ဝီထိ)တစ်ခုမှာ တစ်ကြိမ်စီသာ ဖြစ်ခွင့်ရကြတဲ့စိတ်တွေလဲ အာသေဝနပစ္စည်းမဖြစ်နိုင်ဘူး၊ အကြိမ်ကြိမ် အထပ်ထပ် ဖြစ်ပေမယ့် အာရုံသိမှု ထူးခြားခြင်းမရှိတဲ့ ဘဝင်စိတ်တွေလဲ အာသေဝနပစ္စည်း မဖြစ်နိုင်ဘူး၊ “အရှင်မွေး နေ့ချင်းကြီး” ဆိုသလို ခွန်အားပြည့်ဖြစ်လာတဲ့ မဂ်စိတ် ဖိုလ်စိတ်တွေလဲ အာသေဝနပစ္စည်းမဖြစ်နိုင်ပါဘူး။

စိတ်ဖြစ်စဉ်(ဝီထိ)တစ်ခုထဲမှာ အကြိမ် ကြိမ်လဲဖြစ်တယ်၊ အင်အား တဖြည်းဖြည်းပေးဖို့လဲ လိုအပ်တယ်ဆိုတဲ့ အကုသိုလ်ဇော၊ လောကီ ကုသိုလ်ဇောနဲ့ ကြိယာဇောတွေသာ အာသေဝန ပစ္စည်း ဖြစ်နိုင်ပါတယ်။ လောကီဇောတွေ ထဲမှာတောင် နောက်ဆုံးဖြစ်တဲ့ လောကီဇောဟာ သူ့နောက်မှာ ဇာတ်တူတရား မရှိတဲ့အတွက် အာသေဝနပစ္စည်း မဖြစ်ပါဘူး၊ သူ့ရှေ့ဇောက အာသေဝနသတ္တိနဲ့ ကျေးဇူးပြုပေးခြင်းခံရလို့ အာသေဝန ပစ္စယုပ္ပန်တော့ဖြစ်ပါတယ်။ အလားတူပဲ နောက်ဆုံး ဇောဟာလည်း ကျေးဇူး ပြုပေးခြင်းခံရတဲ့ ပစ္စယုပ္ပန်သာ ဖြစ်နိုင်ပြီး ကျေးဇူးပြု ပေးတတ်တဲ့ ပစ္စည်းတရား မဖြစ်နိုင်ပါဘူး။

အာသေဝနပစ္စည်းကို ပါဠိတော်မှာဟောတော်မူတာကတော့ “ပုရိမာ ပုရိမာ ကုသလာဓမ္မာ (အကုသလာဓမ္မာ၊ ကြိယိယာဗျာကတာဓမ္မာ ပစ္ဆ္ဆိမိမာနံ ပစ္ဆ္ဆိမိမာနံ ကုသုသနံ ဓမ္မာနံ (အကုသုသလာနံ ဓမ္မာနံ၊ ကြိယိယာဗျာကတာနံ ဓမ္မာနံ) အာသေဝန ပစ္စယေနပစ္စယော” ဆိုပြီး ဟောပါတယ်။

ကုသိုလ် ဇောမှာဖြစ်စေ၊ အကုသိုလ် ဇောမှာဖြစ်စေ၊ ကြိယာဗျာကတဇောမှာဖြစ်စေ ဇောစိတ်ဆိုတာ ယေဘုယျအားဖြင့် (၇)ကြိမ် ဖြစ်ကြပါတယ်၊ အဲဒီလိုဖြစ်ရာမှာ ပထမဇောစိတ်က ဒုတိယဇောစိတ်ကို၊ ဒုတိယက တတိယဇောကိုစသည်ဖြင့် နောက်ဆုံးမှာ ဆဋ္ဌမဇောက သတ္တမဇောကို အာသေဝနပစ္စည်းနဲ့ ကျေးဇူးပြုပါတယ်၊ ရှေ့ကကျေးဇူးပြုပေးတာက ပစ္စည်း၊နောက်ကနေ ကျေးဇူးအပြုခံရတာက ပစ္စယုပ္ပန်ပါ။

ဒီဖြစ်စဉ် သဘောကို အသေအချာ စဉ်းစား ကြည့်လိုက်မယ်ဆိုရင် ပထမဆုံးဖြစ်တဲ့ ဇောစိတ်ကလေးဟာ သူ့ရှေ့မှာ ဇာတ်တူ တရား မရှိတဲ့အတွက် အာသေဝန သတ္တိနဲ့ ကျေးဇူးပြုပေးခြင်းကို မခံရပါဘူး၊ သူကတော့ သူ့နောက်က ဇာတ်တူဖြစ်တဲ့ ဒုတိယ ဇောကို အာသေဝနသတ္တိနဲ့ ကျေးဇူးပြုပေးပါတယ်၊ ဒုတိယဇောကျတော့ ပထမဇောကအာသေဝနသတ္တိနဲ့ ကျေးဇူးပြုပေးခြင်း ကိုခံယူရရှိတဲ့အတွက် ပထမဇောထက် တစ်ဆပိုပြီး အားကောင်းပါတယ်၊ ဒီဒုတိယဇောဟာ သူ့နောက်က တတိယဇောကိုလည်း အာသေဝနသတ္တိနဲ့ ကျေးဇူးပြုပေးတယ်၊ ဒါကြောင့် နောက်နောက် ဇောတွေဟာ ရှေးရှေးဇောတွေ ထက် အားကောင်းတယ်လို့ သဘောပေါက်နိုင်ပါတယ်၊ ဒီအတိုင်းစဉ်းစားကြည့်လိုက်ရင် နောက်ဆုံးဖြစ်တဲ့ သတ္တမဇောဟာ ကံတွေထဲမှာ အားအကောင်း ဆုံးလို့ သဘောပေါက်ပါလိမ့်မယ်။

ဒါကြောင့်လည်း ကုသိုလ်ကံမှာ ဖြစ်စေ၊ အကုသိုလ် ကံမှာဖြစ်စေ အားအနည်းဆုံး ဖြစ်တဲ့ ပထမဇော စေတနာဟာ ဒုတိယဘဝ စသည်အထိ အကျိုးပေး သက်ရှည် လောက်အောင်စွမ်းအား မရှိတဲ့အတွက် အကျိုးပေးမယ်ဆိုရင် အခုဘဝမှာပဲ အကျိုးပေးပါတယ်၊ အကျိုးပေးရာ ကာလနဲ့ခွဲခြားတဲ့ ကံအမျိုးအစား အရ သူ့ကို “ဒိဋ္ဌဓမ္မဝေဒနိယကံ” လို့ခေါ်ပါတယ်၊ အခုဘဝမှာ အကျိုးမပေး တော့ဘူးဆိုရင် ပထမဇောအခိုက် ကံကလေးဟာ အချည်းနှီး အဟောသိကံ ဖြစ်သွားပါတယ်၊ မြန်မာစကားမှာ ပြောပြောနေကြတဲ့ “အဟောသိကံ ဖြစ်လိုက်လေ” ဆိုတာ ဒီကံကိုပြောတာပါပဲ။

အဘိဓမ္မာ သဘောမျိုးကို မလေ့လာဖူး သူများအနေနဲ့ လွှတ်ခနဲ ကြည့်လိုက်မယ် ဆိုရင်တော့ ခုဘဝချက်ချင်း အကျိုးပေးတဲ့ ကံက အားအကောင်းဆုံးကံ ဖြစ်လိမ့်မယ်လို့ ထင်စရာပေါ့၊ အမှန်က အားအနည်းဆုံးကံဖြစ်လို့ ခုဘဝမှာသာ အကျိုးပေးရတာပါ။

အားအနည်းဆုံး ဆိုတာကလဲ နောက်နောက် ဇောတွေရဲ့ စွမ်းအားကို ထောက်ဆ ပြီးတော့သာ ပြောရတာပါ၊ လက်တွေ့ အကျိုးပေးသွားတဲ့ ဖြစ်စဉ်တွေအရ ကြည့်မယ် ဆိုရင်တော့ ပြုသူရဲ့စေတနာ အားကြီးရင် ကြီးသလောက် ပထမဇောရဲ့စွမ်းအား ကလည်း ကြီးမားတာကို တွေ့နိုင်ပါတယ်။

ဆက်လက်ဖေါ်ပြပေးသွားပါမည်။

၂၀၁၀-ခု၊ ဒီဇင်ဘာလ ၇-ရက်၊ အင်္ဂါနေ့။

မေတ္တာဥယျာဉ်။

Read more...

ကိုယ်တိုင် သိမှုမှတဆင့် ငြိမ်းချမ်းရေးကို ရှာဖွေပါ

ယနေ့ အကျွန်ုပ်တို့ ပတ်ဝန်းကျင်ကို ကြည့်ရှု့မယ်ဆိုလျင် စစ်ပွဲများ- အကြမ်းဖက်ခြင်းများ - အကယ်၍ တိုက်ရိုက်မပြုမူခဲ့သည့်တိုင်အောင် အကျွန်ုပ်တို့ကို လွှမ်းမိုးဖို့ စဉ်ဆက်မပြတ်ဖြစ်နေတဲ့ အကျိုးသက်ရောက်မှုများက အစိတ်စိတ်အမြွာမြွာဖြိုခွဲထားတဲ့ ကမ္ဘာတစ်ခုကို အကျွန်ုပ်တို့ဟာ တွေ့ရပါလိမ့်မယ်။

ယနေ့ စိတ်နဲ့ပတ်သက်တဲ့အခြေခံကျကျ မေးခွန်းတစ်ခုကတော့ - ဒီဒုက္ခများရဲ့အဆုံးတစ်ခုကို ဆိုက်ရောက်စေဖို့ ကမ္ဘာမှာ ငြိမ်းချမ်းရေးကို ဘယ်နည်းလမ်းက အောင်မြင်ရရှိစေနိုင်မလဲ - ဆိုတာ ဖြစ်ပါတယ်။

အချို့ရာစုနှစ်အကြာက လူသားသတ္တ၀ါများဟာ သူတို့ရဲ့ကြီးပွါးတိုးတက်မှုနဲ့ပတ်သက်တဲ့ စိတ်ပိုင်းဆိုင်ရာ ဘက်ခြမ်းမှာ လုံလောက်တဲ့ အရေးစိုက်မှုကို ပေးဖို့ နိုးကြားနေဆဲဖြစ်ခဲ့ပါတယ်။ အိန္ဒိယရှိ လူအများဟာ ဝေဒခေတ်ရဲ့ဟိုမှာဘက်ကိုပြန်သွားတဲ့ စိတ်ပိုင်းဆိုင်ရာအမွေအနှစ်နဲ့ ပတ်သက်တဲ့ အခန်းကဏ္ဍတစ်ခု ရှိနေခြင်းအတွက် ဂုဏ်ယူကြပါတယ်။

ကမ္ဘာတစ်ဝန်းလုံး စက်မှုလုပ်ငန်းနဲ့ဆိုင်တဲ့လူ့အဖွဲ့အစည်းများ - များများထုတ်များများသုံးတဲ့လူ့အဖွဲ့အစည်းများရဲ့ သိသာထင်ရှားစွာ အရေးပါလာမှုဟာ - ဥစ္စာစီးပွါးအတွက်၊ စီးပွါးကိုရှားမှီးမှုအတွက်နည်းလမ်းများဆိုင်ရာ - အတွေးစိတ်ကူးများ၊ သဘောတရားများနဲ့ပတ်သက်တဲ့ လှိုင်းလုံးသစ်တစ်ခုကို အဲဒါနှင့်အတူ သယ်ဆောင်လာပါတယ်။

ကမ္ဘာ့ရဲ့စက်မှုပိုင်းဆိုင်ရာနဲ့ရုပ်ဝတ္ထုပိုင်းဆိုင်ရာများရဲ့ အံမခန်းဖွယ်ရာများနဲ့ပတ်သက်လို့ အထွတ်အထိပ် ဖြစ်နေတဲ့ ယနေ့အခါမှာ - ဒီတိုးတက်ကြီးပွားမှုရဲ့အစိတ်အပိုင်းတစ်ခုကို ရရှိပြီးတဲ့သူများမှာ ရောင့်ရဲကျေနပ်မှုများမရှိသလို ဆင်းရဲတဲ့မြင်ကွင်းများက အဆုံးသတ်တယ်မရှိ - ဆိုတာကို အကျွန်ုပ်တို့ဟာ တွေ့မြင်ကြရပါတယ်။

အမှန်စင်စစ် ဥစ္စာပစ္စည်းနဲ့ပတ်သက်တဲ့ သဘောတရားအပေါ်မှာအခြေခံတဲ့လူမှုအဖွဲ့အစည်းအသစ် - ချမ်းသာဆင်းရဲမှုများအကြား အမြဲတမ်းကျယ်ဝန်းနေတဲ့ကွာဟချက်တစ်ခု- ဒါတွေက အကျွန်ုပ်တို့ကို ဒုက္ခပေးနေ ဖိစီးနေတဲ့ - စစ်ပွဲများ၊ အကြမ်းဖက်ဝါဒများရဲ့ အကြောင်းရင်းမြစ်တစ်ခု ဖြစ်ပါတယ်။

ကမ္ဘာရဲ့အစိတ်အပိုင်းတော်တော်များများမှာ ဘာသာရေးအယူသီးမှုများ ခေါင်းထောင်မြင့်တက်လာခြင်းက -ငြိမ်းချမ်းရေးဖြစ်တဲ့ - ဘာသာတရားအားလုံးရဲ့လေးနက်တဲ့အကြောင်းတရားဖြစ်တဲ့ - ဘာသာရေးဆိုင်ရာ စစ်မှန်တဲ့ အနက်အဓိပ္ပါယ်ကို နားလည်ခြင်းနဲ့ပတ်သက်လို့ အကျွန်ုပ်တို့ရဲ့ ဆုံးရှုံးမှုများကို ပြသနေပါတယ်။

ဒီနောက် ယနေ့အချိန်မှာ စိတ်ရဲ့ငြိမ်းချမ်းရေးကို ရရှိဖို့ နည်းလမ်းက ဘားများပါလဲ? ဤလောကဓာတ်တွင်းရှိ အဖြစ်သနစ်များတွင် အကျွန်ုပ်တို့ရဲ့နေရာကို ရှာဖွေဖို့ အကျွန်ုပ်တို့အတွက် မရှိမဖြစ်လိုအပ်ပါတယ်။

မြတ်ဘုရားက- “အားလုံးသော ဘ၀ဖြစ်တည်မှုဟာ အချိန်ပိုင်းမျှသာခံတဲ့ ခဏပန်းဖြစ်စဉ်များ ဖြစ်တယ်” – “ဘ၀ဟာ လျှက်တစ်ပြက်လျှက်စီးလက်ခြင်းကဲ့သို့ ဖြစ်တယ်”-ဆိုတာကို မိန့်ကြားထားပါတယ်။

အကျွန်ုပ်တို့မှာ အချင်းချင်းတိုက်ခိုက်ခြင်းဖြင့် အဲဒါကို ဖြုန်းတီးပစ်ဖို့ - ရုပ်ပိုင်းဆိုင်ရာပိုင်ဆိုင်မှုများကို ရယူသိုမှီးခြင်းဖြင့်သာလျင် အကျွန်ုပ်တို့ရဲ့စွမ်းရည်များကို အလဟဿဖြစ်စေခြင်းဖြင့် အဲဒါကို ဖြုန်းတီးပစ်ဖို့ - မရေမရာလှတဲ့ ဤကဲ့သို့သောတိုတောင်းတဲ့ဘ၀တစ်ခု ရှိပါတယ်။………………..

ငြိမ်းချမ်းမှုကို ရရှိဖို့နဲ့ ပျော်ရွှင်မှုကို ရယူဖို့ မိမိကိုယ်ကိုယ် စုံစမ်းစစ်ဆေးမှုရဲ့လမ်းကို လိုက်ပါဖို့ ဒါဟာ အရေးကြီးတဲ့တန်ဖိုး ဖြစ်ပါတယ်။
အကျွန်ုပ်တို့ဟာ မိမိကိုယ်ကိုယ် စုံစမ်းစစ်ဆေးမှုရဲ့ဖြစ်စဉ်ကို စတင်တဲ့အခါ အကျွန်ုပ်တို့ဟာ အဲဒီအရာထဲသို့ အကျွန်ုပ်တို့ရဲ့တစ်စုတစ်ပေါင်းတည်းဖြစ်ခြင်းကို ထားရပါ့မယ်။ အကျွန်ုပ်တို့မှာ viveka- ကောင်းကျိုး ဆိုးပြစ်ခွဲခြားသိမြင်တတ်တဲ့စိတ်က အမှန်နဲ့အမှားအကြား ကွဲပြားခြားနားမှုကို သိမြင်ဖို့ ပါဝါဖြစ်ပါတယ်။ အကျွန်ုပ်တို့မှာ အံဖွယ်ကောင်းတဲ့လိုအပ်ချက်ရဲ့တစ်စွန်းတစ်စဖြစ်တယ်ဆိုတာကို ပြောဆိုနိုင်ပါတယ်။

မိမိကိုယ်ကိုယ်စုံစမ်းစစ်ဆေးမှုရဲ့ပထမဆုံးဖြစ်စဉ်ဟာ မိမိရဲ့အတွေးများ-အလိုဆန္ဒများ-ခံစားချက်များကို စောင့်ကြည့်ပြီး အဲဒါတွေကို သိနေဖို့ ဖြစ်ပါတယ်။ ဒီသိမှုဟာ မရှိမဖြစ်လိုအပ်ပြီး ဒါဟာ အကျွန်ုပ်တို့ရဲ့ အတွေးများနဲ့ ခံစားချက်များကို တန်းတူသဘောထားဖို့ - အကျွန်ုပ်တို့ရဲ့စိတ်ကို ပျိုးထောင်လေ့ကျင့်ပေးသည့်အနေဖြင့် - ကျင့်သားရဖို့ လူတစ်ယောက်အတွက် အချိန်များစွာ ယူနိုင်ပါတယ်။

မြတ်ဘုရားကပြောပါတယ်။ စိတ်ဟာ အသိတရားလမ်းကြောင်းမှာ ကြီးမားတဲ့အဟန့်အတားဖြစ်နိုင်ပါတယ်။ တချိန်တည်းမှာပဲ ဒါဟာ အသိထူးဆီသို့ လမ်းနဲ့ပတ်သက်လို့ ကြီးမားတဲ့ ပို့ဆောင်ပေးတဲ့ယာဉ် ဖြစ်နိုင်ပါတယ်။ လူတစ်ယောက်ဟာ သူ့ရဲ့စိတ်သွားနေတဲ့အရာကို သိလျင်သိချင်း လူတစ်ယောက်ကို ဆင်းရဲ့ဒုက္ခမျိုးစုံကို ငြိကပ်အောင်ပြုလုပ်တဲ့ အတွေးများ ခံစားချက်များနဲ့ဆက်စပ်ပေးဖို့ သူဟာ ရှေ့ဆက်သွားနိုင်ပါတယ်။

မိမိကိုယ်ကိုယ်စုံးစမ်းမှုနဲ့ပတ်သက်တဲ့ လမ်းကြောင်းရဲ့ဒုတိယအစိတ်အပိုင်းမှာတော့ မိမိကိုယ်ကိုယ် သိမြင် သဘောပေါက်ခြင်းရဲ့လမ်းကြောင်းကို ပိတ်ဆို့ဟန့်တားထားတဲ့ အလိုဆန္ဒများ၊ ခံစားချက်များ- အတွေးများကို အမြစ်ပါမကျန် ဖယ်ရှားဖို့ ဖြစ်ပါတယ်။ လူတစ်ယောက်တွေ့ကြုံခဲ့ပြီးတဲ့ ကြောက်လန့်မှုများ- စိုးရိမ်သောကများ- စိတ်ကျခြင်းများ-အမျက်ဒေါသများ-နဲ့ အခြားဆန့်ကျင်ဘက် ခံစားမှုအားလုံးကို ဒီနည်းလမ်းဖြင့် အမြစ်ဖြတ်နိုင်ပါတယ်။

ဒါဟာ ဒီကမ္ဘာလောကမှာ အလွန်ခက်ခဲတဲ့တာဝန်လို့ ထင်ပါတယ်။ ဒါပေမယ့် ဒီစိန်ခေါ်မှုကို လက်ခံဖို့နဲ့ မိမိရဲ့အားနည်းချက်ကို ရင်ဆိုင်ရဖို့ ထိုက်တန်တဲ့ကြိုးစားအားထုတ်မှုပဲ ဖြစ်ပါတယ်။ အမှန်စင်စစ် ကမ္ဘာမှာ ဒါဟာ အားလုံးသောစိတ်ပိုင်းဆိုင်ရာဒေသနာတော်များရဲ့ ဗဟိုချက်မမှာ ဖြစ်ပါတယ်။

အကျွန်ုပ်တို့ဟာ မိမိကိုယ်ကိုယ်စုံစမ်းခြင်းရဲ့ဒီလမ်းကြောင်းထဲသို့ တိုးတက်လာတဲ့အခါ အကျွန်ုပ်တို့ဟာ ကမ္မဌာန်းတရားများမှတဆင့်- ဒါမှမဟုတ် နတ်တစ်ဦးတစ်ယောက်- သင်္ကေတတစ်ခုကဲ့သို့ ဒါမှမဟုတ် ရုပ်ဝတ္ထုတစ်ခုဖြင့်တောင် - အချို့အရာများအပေါ်မှာ စိတ်ကိုတည်ဆောက်ထားခြင်းမှတဆင့် - အကျွန်ုပ်တို့ရဲ့ စိတ်ကို ဆိတ်ဆိတ်နေခြင်းဆိုင်ရာကျင့်သုံးမှုကို ဆက်လက်လုပ်ဆောင်နိုင်ပါတယ်။

အကျွန်ုပ်တို့ဟာ ကရုဏာ-သနားခြင်းကဲ့သို့ မြင့်မားတဲ့ခံစားချက်အချို့အပေါ်မှာ တည်ဆောက်နိုင်ပါတယ်။ ဒါဟာ ကမ္မဌာန်းထိုင်ဖို့ တကယ်ကောင်းတဲ့နည်းလမ်းများဖြစ်ပါတယ်။

မဟာယာနဗုဒ္ဓဘာသာကျောင်းများမှာတော့ ဗောဓိသတ္တရဲ့ - ဒါမှမဟုတ် သူကိုယ်တိုင်အတွက်သာလျင်မဟုတ် ဒါပေမယ့် သက်ရှင်နေထိုင်တဲ့သတ္တ၀ါတိုင်းအတွက် - နိဗ္ဗာန်ကိုရှာဖွေတဲ့သူတစ်ယောက်ရဲ့ တကယ့် အနှစ်သာရဖြစ်တဲ့လက္ခဏာတစ်ရပ်အဖြစ် - ကရုဏာကို ဖော်ပြထားပါတယ်။

ဒီကရုဏာရဲ့အဓိက ရုပ်သွင်အင်္ဂါဟာ - တစ်ဦးတစ်ယောက်က အခြားအာရုံခံစားနိုင်စွမ်းရှိတဲ့သတ္တ၀ါများရဲ့ဒုက္ခကို သက်သာရာရစေဖို့ တွေးခေါ်သလို - ကိုယ်ကိုယ်တိုင်နိဗ္ဗာန်သို့မ၀င်ရောက်မီ သူတို့ရဲ့လွတ်မြောက်မှုအတွက် အလိုဆန္ဒရှိတယ -ဆိုတာ ဖြစ်ပါတယ်။

မိမိကိုယ်ကိုယ်စူးစမ်းစစ်ဆေးခြင်းရဲ့ဒီနည်းလမ်းကို အသုံးပြုခြင်းဖြင့် စိတ်ရဲ့ငြိမ်းသက်မှုကို မိမိတို့ဟာ တဖြည်းဖြည်းတိုးတက်နိုင်ပါတယ်။ အဲဒီနောက် အကျွန်ုပ်တို့ကိုယ်တိုင်အတွင်းမှာ ငြိမ်းချမ်းမှုကို ခံစားရတဲ့ အချိန်အခါတစ်ခု ရောက်ရှိလာပါတယ်။ အဲဒီနောက် အလွန်ငြိမ်းအေးတဲ့နည်းလမ်းများမှာ တွေးခေါ်နိုင် ပြုမူနိုင်ပြီး အတွင်းပဋိပက္ခများ မရှိတော့ပါ။

လူသားများရဲ့ဘ၀ဟာ မြင့်ချီနှိမ့်ချီ ပြည့်နှက်နေပါတယ်။ ယနေ့ လူတစ်ယောက်ရဲ့ဘ၀မှာ အမှန်တရားကို ဆုပ်ကိုင်တဲ့အရာဟာ မနက်ဖြန်အတွက် ကောင်းတာကို ဆုပ်ကိုင်နိုင်ကောင်းမှ နိုင်ပါလိမ့်မည်။

အကျွန်ုပ်တို့ဟာ အကျွန်ုပ်တို့အတွင်းမှ ငြိမ်းချမ်းမှုကို ရှာဖွေနေတဲ့ဘ၀တစ်ခုဟာ ရည်ရွယ်ချက်-အတွက်သာလျင် ဖြစ်သင့်သည်မဟုတ် - ဒါပေမယ့် ဘ၀ရဲ့အခြားအခြေခံအားလုံးကို ဦးတည်နိုင်တဲ့ မရှိမဖြစ် လိုအပ်တဲ့သတ်မှတ်ချက်အပေါ်မှာ - ဦးတည်ဖို့ လိုအပ်ပါတယ်။


Prasoon Pant

Read more...

ရွှေစကားတို့ရဲ့ မြစ်ဖျား(၁၂)

ဤသင်္ကန်းသည် ငါ့ရှင်ကို ငါပူဇော်သည်မဟုတ်၊ ငါ့ရှင်ရဲ့ ဂုဏ်ကိုသာ ပူဇော်ဖြစ်တယ်။

မဏိသာရမဉ္စူသာရိက ကျမ်းပြုဆရာတော်

ရှေးရှေးကျမ်းစာတွေမှာ စိတ်ဝင်စားဖို့ကောင်းတဲ့ နောက်ခံသမိုင်းကြောင်းတချို့ရှိတတ်ပါတယ်။ အတုယူစရာ အားကျစရာ ကြည်ညိုစရာတွေပေါ့။ အခုပြောပြချင်တဲ့ ကျမ်းတစ်ကျမ်းရဲ့ သမိုင်းကြောင်းကတော့ အင်းဝခေတ်မှာ ပေါ်ထွန်းခဲ့တဲ့ ကျမ်းတစ်ကျမ်းအကြောင်းပါ။ ကျမ်းပြုစုသူက အရှင် မဟာအရိယ၀ံသမထေရ်၊ ကျမ်းစာအမည်က မဏိသာရမဉ္စူသာဋီကာ ဆိုတဲ့ကျမ်းပါ။ တကယ်ဆို ကျမ်းစာရေးသားမှုအားကောင်းခဲ့တဲ့ အင်းဝခေတ်မှာ ပေါ်ထွန်းခဲ့တဲ့ စာတတ်ရဟန်းတော် တစ်ပါးအနေနဲ့ ကျမ်းစာရေးဖြစ်တာ သိပ်တော့ ထူးခြားလှပါဘူး။ ဒါပေမယ့် ထူးခြားတာက ကျမ်းစာဖြစ်ပေါ်လာပုံ သမိုင်းကြောင်းပါ။ အဲဒီသမိုင်းကြောင်းလေးကို ပြောပြချင်လို့ ရွှေစကားတို့ရဲ့ မြစ်ဖျားကဏ္ဍမှာ ထည့်လိုက်ရတာပါ။

အရှင်အရိယ၀ံသက ပင်းယမြို့ စကားကျောင်းမှာ စာသင်နေပါတယ်။ စာဘယ်လောက်အထိ နှုတ်တက်အာဂုံ ဆောင်နိုင်ပြီလဲဆိုရင် မိန်းမကိုယ်ဝန်ဆောင်တစ်ရွက်ခန့်လောက် ပါဠိကျမ်းဂန်တွေကို အာဂုံဆောင်နိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အရှင်အရိယ၀ံသက ကိုယ့်ကိုယ်ကို ”စာတတ်သည် ကျမ်းဂန်တတ်သည်” ဆိုတဲ့သဘောကို မသိသေးဘူးလို့ ခံယူထားပါတယ်။ ဒါကြောင့် စစ်ကိုင်းမှာရှိတဲ့ ဆရာတော်တွေဆီ နည်းသွားခံဦးမယ်ဆိုပြီး စစ်ကိုင်းဘက်ကို ကူးခဲ့ပါတယ်။

အဲဒီအချိန်မှာ စစ်ကိုင်းပုညရှင်စေတီမြောက်ဘက်မှာ စာအလွန်တတ်တဲ့ ရေငုံဘုန်းကြီးတစ်ပါး ထင်းရှားနေတဲ့အချိန်ပါ။ လိုလိုရာရာ ဟုတ်ဟုတ်ငြားငြားစကားတွေမပြောချင်လို့ ရေငုံနေလေ့ရှိတာကြောင့် ရေငုံဘုန်းကြီးလို့ အမည်တွင်နေတာပါ။ အရှင်အရိယ၀ံသက စစ်ကိုင်း ရောက်တာနဲ့ ရေငုံဘုန်းကြီးဆီကို စာဝါတောင်းမယ်ဆိုပြီး သွားပါတယ်။ ရေငုံဘုန်းကြီးဆီရောက်တော့ အရှင်အရိယ၀ံသက ရေငုံဘုန်းကြီးနဲ့ ဘေးတိုက်နေရာလောက်ကထိုင်ပြီး ဦးချလိုပ်ပါတယ်။ ဒါပေမယ့် ရေငုံဘုန်းကြီးက ကိုယ့်စာကိုယ်ကြည့်နေပါတယ်။ အရှင်အရိယ၀ံသက အနားရောက်နေတာကို သတိမပြုမိပါဘူး။ ဒါကြောင့် အရှင်အရိယ၀ံသလည်း ကိုယ့်သားရေနွယ်လေး အသာခေါက်ပြီး ပြန်ခဲ့ရပါတယ်။ ဒုတိယရက် ထပ်သွားပြန်ပါတယ်။ ရေငုံဘုန်းကြီးက ပထမရက်အတိုင်း ကိုယ့်စာပဲ ကိုယ်ကြည့်နေလို့ ရှေးနည်းအတူပဲ ပြန်ခဲ့ရပါတယ်။ တတိယရက်မှာလည်း အရှင်အရိယ၀ံသက ဇွဲ့မလျော့သေးဘဲ ထပ်သွားပါတယ်။ ရေငုံ ဘုန်းကြီးကတော့ ထုံးစံအတိုင်း စာပဲကြည့်နေပါတယ်။ အရှင်အရိယ၀ံသကလည်း ရေငုံဘုန်းကြီးအခြေအနေကိုကြည့်ပြီး ဒီနေ့ တစ်နေ့တာလက်လျှော့တဲ့ အနေနဲ့ သားရေနွယ်အခင်းကို ခေါက်လိုက်တာ အမှတ်တမဲ့ အသံထွက်သွားပါတယ်။ အသံထွက်သွားတော့မှ ရေငုံဘုန်းကြီးက သတိထားမိသွားပါတယ်။ ဒီတော့မှ ငုံထားတဲ့ရေကိုထွေးပြီး မေးပါတယ်။

ငါ့ရှင် ဘာကိစ္စတုန်း။

တပည့်တော် ဆရာတော်ဘုရားထံရောက်သည်မှာ ယနေ့နှင့်ဆို သုံးရက်မြောက်ပါဘုရား၊ တပည့်တော် ဆရာတော်ဘုရားထံ စာဝါတောင်းချင်လို့ပါဘုရား။

ငါ့ရှင် ဘာကျမ်းဂန်တွေ လေ့ကျင့်ဖူးပါသလဲ

တပည့်တော် မသင်ကြား မလေ့ကျင့်ဖူးသောကျမ်းဂန်မရှိပါဘုရား။ ဒါပေသိ ” စာတတ်သည် ကျမ်းဂန်တတ်သည်” ဆိုသည့် သဘောကို မသိသေး၍ ဆရာတော်ဘုရားထံ စာဝါတောင်းခြင်းဖြစ်ပါသည်ဘုရား။

ငါ့မှာတစ်နေ့စာဝါသုံးဝါ ပို့ချပေးရသည်။ မွန်းတိမ်းလျှင် ပုညရှင်စေတီတက်ပြီး တံမြက်ဝတ်လည်း ပြုရသေးသည်။ မအားလပ်ပါ။ သို့သော်လည်း စာတတ်မှန်းမသိဆိုသည်ကို ငါ့ထံ၌သိစေမည်။ တံမြက်ဝတ်ပျက်ပါစေတော့ ဋီကာလက်သန်းကို ပို့ချပေးမည်။

အရှင်အရိယ၀ံသလည်း ရေငုံဘုန်းကြီးဆီက စာတတ်ခွင့်ပြုလိုက်တာနဲ့ မှန်ပါဘုရား လို့ ၀န်ခံလိုက်ပါတယ်။ ဒီနေရာမှာ ဋီကာလက်သန်း ဆိုတဲ့ ကျမ်းအကြောင်း နည်းနည်းပြောပြချင်ပါသေးတယ်။ သီဟိုဠ်ကျွန်း ၀ဋဂါမဏိမင်းကြီးလက်ထက်မှာ အရှင်အနုရုဒ္ဓါမထေရ်က အဘိဓမ္မတ္တသင်္ဂဟဆိုတဲ့ သဂြိုဟ်ကျမ်းကို စီရင်ပါတယ်။ ယခုခေတ်စာသင်သားတွေသင်နေတဲ့ သဂြိုဟ်ကျမ်းပါ။ လက်သန်းအဠကထာလို့လည်း ခေါ်ပါတယ်။ အဲဒီသဂြိုဟ်ကျမ်းရဲ့ အဖွင့်ဖြစ်တဲ့ အဘိဓမ္မတ္တ၀ိဘာဝိနီဋီကာ ကျမ်းကို သီဟိုဠ်ကျွန်း အရှင်သုမဂ်လသာမိက စီရင်ပါတယ်။ဒီကျမ်းကို ဋီကာလက်သန်းလို့လည်း ခေါ်ပါတယ်။ ဒီကျမ်းကလည်း ဒီနေ့ခေတ်စာသင်သားတွေ သင်ကြားပို့ချနေရတဲ့ ကျမ်းပါ။ ရေငုံဘုန်းကြီးက အရှင်အရိယ၀ံသကို အဲဒီဋီကာလက်သန်းဆိုတဲ့ အဘိဓမ္မတ္တ၀ိဘာဝိနီဋီကာကျမ်းကို သင်စေတာပါ။

အရှင်အရိယ၀ံသက အဘိဓမ္မတ္တ၀ိဘာဝိနီဋီကာကျမ်းကို ရေငုံဘုန်းကြီးဆီမှာ သုံးရက်တိတိသင်ပါတယ်။ သုံးရက်သင်ပြီးသွားတော့ အရှင်အရိယ၀ံသက သင်ပြီးသားတွေကို ပြန်လည်လေ့ကျက်နေတဲ့အတွက် ရေငုံဘုန်းကြီးဆီကို သုံးရက်မသွားပဲ နေနေလိုက်ပါတယ်။ အရှင်အရိယ၀ံသက ရေငုံဘုန်းကြီးရဲ့ ပို့ချချက်နဲ့ဋီကာကို တိုက်ဆိုင်လေ့ကျက်လိုက်တော့ ရှင်းခနဲ့ လင်းခနဲနဲ့ စာတတ်သည်ဆိုတဲ့သဘောကို သိသွားတယ်လို့ဆိုပါတယ်။ ဒါကြောင့် ဋီကာနှယ်ကျော်ရော၊ ဋီကာနှယ်ကျော်ရော ဆိုပြီး ဥဒါန်းကျူးပါတယ်။ အဲဒီဥဒါန်းစကားကိုအစွဲပြုပြီး ဋီကာကျော်လို့ တွင်ခဲ့တာလည်း ဒီနေ့အထိပါပဲ။ ဒီဘက်မှာသာ အရှင်အရိယ၀ံသက ဥဒါန်းကျူးနေတာ ဟိုဘက်မှာတော့ ရေငုံဘုန်းကြီးက အရှင်အရိယ၀ံသမလာလို့ မကျန်းမမာဖြစ်လို့လားဆိုပြီး စိုးရိမ်နေတာပါ။ဒါကြောင့် ရဟန်းငယ်တစ်ပါးကိုလွှတ်ပြီး စုံစမ်းခိုင်းပါတယ်။ ဒီအချိန်မှာ ရေငုံဘုန်းကြီးကိုလျှောက်ဖို့အလာ လမ်းမှာ ရဟန်းငယ်နဲ့ဆုံပါတယ်။ အကျိုးအကြောင်း အပြန်အလှန်ပြောကြပြီး ရဟန်းငယ်နဲ့အတူ ရေငုံဘုန်းကြီးဆီ လာခဲ့ကြပါတယ်။ ရေငုံဘုန်းကြီးဆီက သူ့ဆီရောက်တယ်ဆိုရင်ပဲ ဘာကြောင့်မလာသလဲ ဆိုတာ ဦးစွားမေးပါတယ်။ ဒီတော့ အရှင်အရိယ၀ံသက ဆရာတော်သင်ပေးသောနည်းကို သိပါပြီဘုရား၊ ဆရာတော့်ကျေးဇူးကြောင့် စာတတ်တဲ့သဘောကို သိပါပြီလို့ ပြန်လျှောက်ပါတယ်။ ရေငုံဘုန်းကြီးကလည်း တော်တော်လေး ကျေနပ်အားရသွားပါတယ်။ အရှင်အရိယ၀ံသရဲ့ စာပေအရည်အချင်းကိုလည်း တစ်ခါတည်း နားလိုက်လိုက်ပါတယ်။ ဒါကြောင့် ငါ့ရှင်သည် အဘိဓမ္မတ္ထ၀ိဘာဝိနီကျမ်းကို အမှီပြုပြီး ကျမ်းဂန်အရာ၌ လိမ္မာတတ်မြောက်ခဲ့ပေတယ်။ ငါ့ရှင်တတ်မြောက်ခဲ့တဲ့ကျမ်းရဲ့ အဖွင့်ကိုရေးပြီး ကျေးဇူးဆပ်တော့လို့ မိန့်တော်မူပါတယ်။

အရှင်အရိယ၀ံသကလည်း ၀မ်းမြောက်ဝမ်းသာနဲ့ လက်ခံလိုက်ပါတယ်။ အရှင်အရိယ၀ံသက အဖွင့်ကျမ်းကို လူသံ ငှက်သံမကြားတဲ့ တိတ်ဆိတ်တဲ့ ညဥ့်အချိန်မှာပဲ ရေးပါတယ်။ နေ့ပိုင်းမှာ လုံးဝမရေးပါဘူး။ ပြီးတော့ တခုထူးခြားတာက လပြည့်၊ လကွယ်၊ (၈)ရက်ဥပုသ်နေ့တိုင်း စီရင်ရေးသားပြီးသမျှကို ပုညရှင်စေတီရင်ပြင်မှာ သံဃာတော်တွေကို စုဝေးစေပြီး ဖတ်ကြားပါတယ်။ အမှားပါရင်ထောက်ပြဖို့လည်း တခါတည်းမှားထားပါတယ်။ အင်းဝေခေတ်ရဲ့ စာတမ်းဖတ်ပွဲတစ်ခုဆိုရင်လည်း ဆိုနိုင်ပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာ ပုံဂံသားရဟန်းတော်တစ်ပါး ဘုရားဖူးလာတာနဲ့ ကြုံပါတယ်။ ပုဂံသားရဟန်းကလည်း အခွင့်ကြုံနေတာနဲ့ အစွန်တစ်ခုမှာ ထိုင်ပြီးနာယူပါတယ်။ အရှင်အရိယ၀ံသက စာတမ်းဖတ်နေစဉ်မှာပဲ ပုဂံသားရဟန်းက ”အေးအေး”ဆိုပြီး နှစ်ကြိမ်အသံပြုလိုက်ပါတယ်။ အရှင်အရိယ၀ံသကလည်း အသံပြုတဲ့နေရာကို ကညစ်နဲ့မှတ်ထားလိုက်ပါတယ်။ စာတမ်းဖတ်ပြီးတော့ အသံပြုသူရဟန်းရဲ့ တည်းခိုနေ၇ပ်ကိုလည်း မေးထားလိုက်ပါတယ်။ ကျောင်းပြန်ရောက်လို့ အသံပြုထားတဲ့နှစ်နေရာကို ကြည့်လိုက်တော့ တစ်နေရာက ၀ါကျနှစ်ခုထပ်နေပြီး တစ်နေရာမှာတော့ ဣမံ ဂန္ထံလို့ ပုလ္လိင်ဆိုရမှာကို ဣဒံ ဂန္ထံလို့ နပုလ္လိင်နဲ့ရေးထားတဲ့ အမှားနှစ်ချက်ကို တွေ့ရပါတယ်။ အရှင်အရိယ၀ံသက ချက်ချင်းဆိုသလိုပဲ အမှားပြသူ ပုဂံသားရဟန်းကို ပင့်ခိုင်းလိုက်ပါတယ်။ ပုဂံသားရဟန်း ကျောင်းရောက်တော့ ငါ့ရှင် ငါသည် ဤကျမ်းကို သာမညပြုသည်မဟုတ်၊ လူသံငှက်သံစဲတဲ့ ညဥ့်အချိန်မှာ ပုရပိုက်ကို ဖွင့်ပြီးရေးတယ်။ မနက်လူသံငှက်သံကြားမှ ပုရပိုက်ကို အုပ်ဖြစ်တယ်။ ထိုသို့အားထုတ်ထားပါလျက် ”အေးအေး” လို့ အဆိုခံရသေးတယ်လို့ မိန့်ပါတယ်။ ဒီတော့ ပုဂံသားရဟန်းတော်လည်း အရှင်ဘုရား ပြုစုသောကျမ်းမှမာ ဆိုဖွယ်ရာမရှိပါ။ လူတစ်ယောက် ကျောက်စရစ်ခဲတွေ လက်နဲ့ဆုပ်ပြီး တိုက်နံရံကို ပစ်လိုက်တဲ့အခါ တစ်ခဲမကျန် တိုက်နံရံကို အကုန်မှန်သလို အရှင်ဘုရား မိန့်ဆိုသောစကားများမှာ အလိုရှိအပ်သော အနက်အဓိပ္ပါယ်သို့ချည်း ရောက်ပါပေတယ်။ ၀ါကျတစ်ချက်ထပ်တာနဲ့ အခွဲတစ်ချက်လွဲတာကိုသာ အေးအေး လို့ ဆိုမိလိုက်တာပါဘုရား လို့ ပြန်လျှောက်ပြပါတယ်။

အရှင်အရိယ၀ံသက အပြစ်ထောက်ပြသူ ပုဂံသားရဟန်းတော်ကို ကျေးဇူးတင်လို့ မဆုံးပါဘူး။ ဒါကြောင့် ဒီကျေးဇူးကို ဘာနဲ့ပူဇော်ရမလဲလို့ ဘေးဝန်ကျင်ကိုကြည့်လိုက်တော့ မိမိရဲ့ဒုကုဋ်သင်္ကန်းကြီးကို သွားတွေ့ပါတယ်။ ဒီအတိုင်းလှူလိုက်ရင် ပုဂံသားရဟန်းငယ် အလှူမခံဝံမှာစိုးလို့ ဘယ်လိုပြောလှူသလဲဆိုတော့ ”ဤသင်္ကန်းသည် ငါ့ရှင်ကို ပူဇော်သည်မဟုတ်၊ ငါရှင်ရဲ့ ဂုဏ်ကိုသာပူဇော်ဖြင်းဖြစ်ပါတယ်” လို့ပြောလှူပါတယ်။

အရှင်အရိယ၀ံသက ဒါနဲ့တင်ပူဇော်တာမဟုတ်ပါဘူး။ နောင်အခါမှာ ဘုရင်မင်းခေါင်းကို အကျိုးအကြောင်းပြောပြီး ဘွဲ့တံဆိပ်တော်ကိုလည်း အလှူခံစေခဲ့တယ်လို့ စာမှာဆိုပါတယ်။ ဒီအပြုအမူက အတုခိုးစရာနဲ့ နည်းယူစရာပါ။ သာသနာသမိုင်းမှာ ယနေ့ထက်တိုင် ပြောစမှတ်ပြုနေရတဲ့ အပြုအမူပါ။ ပြီးတော့ ဤအရှင်အရိယ၀ံသက သူရဲ့ကျမ်းကို မဏိသာရမဉ္စူသာဋီကာလို့ အမည်တပ်ခဲ့ပါတယ်။

ဒီနေရာမှာ ကြုံတုန်းဓမ္မသမိုင်းတစ်ခုကိုလည်း ထည့်ပြောပြချင်ပါသေးတယ်။ တစ်ခါမှာ ဘုရင်မင်းခေါင် ဆရာတော် အရှင်အရိယ၀ံသကျောင်းကို ရောက်လာပါတယ်။ တရားဟောပြီးပြန်ခါနီးမှာ ဆရာတော်က ” စစ်ကိုင်းယာဉ်ခွန်ကို ချမ်းသာပါစေလို့” အလှူခံပါတယ်။ ဒါပေမယ့် ဘုရင်မင်းခေါင်က မလှူပါဘူး။ ဒီလိုနဲ့ လှေတော်စီးအပြန် မြစ်လယ်ခေါင်မှာ တက်မကို မိကျောင်းကိုက်ထားလို့ ရှေ့ဆက်မသွားနိုင်ဘဲဖြစ်နေတယ်လို့ ဆိုပါတယ်။ ယာဉ်ခွန်ကို လှူပါတယ်လို့ အော်လိုက်မှ မီးကျောင်းက လွှတ်ခဲ့တယ်လို့ ဆိုပါတယ်။ လုပ်သင့်တာကိုလုပ်ပြီး ပြောသင့်တာကို ပြောတာ တရားပြည့်သူတွေရဲ့ ဓမ္မတာတစ်ခုပါ။ မမေ့ကောင်းတဲ့ အင်းဝခေတ်ရဲ့ အပြုအမူပါပဲ။

ကျမ်းကိုး

(၁) သာသနာလင်္ကာရစာတမ်း (မဟာဓမ္မသကြီး)

(၂) သာသနာဗဟုသုတပ္ပကာသနီ (ဘုရားဖြူဆရာတော်)

သူရဇ္ဇ မေ ၂၀၀၁

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP