
သီတဂူဆရာတော်ဘုရားကြီးရဲ့ တစ်ခုသောတရားထဲမှာ နာကြားမိတာလေးက ရင်ထဲမှာစွဲသွားခဲ့ပါတယ်။ အကြောင်းအရာ က အသွင်မဆန်းပေမယ့် ဘ၀အမြင်မှာ တကယ်ဆန်းစေတဲ့တရားလေးပါ။ ကြားဖူးနေကြစကားထဲက ဘ၀ရထား ... ဆိုတဲ့ အကြောင်းပါ။ လူ့ဘ၀ကြီးတစ် ခုလုံးကို ရထားတစ်စင်းနဲ့ တင်စားပြီးပြောဆိုဆုံးမသွားတာမို့ပါ။ နေ့စဉ် ရထားနဲ့ ခရီးသွား လာနေကြတဲ့ လုပ်သားပြည်သူတွေ ရေလို့တောင်ရပါ့မလား။ တစ်နေ့ တစ်ရက်တည်းမဟုတ်။ ဘ၀ စဆိုကတည်းက တစ်ချို့ဆို ရထားပေါ်မှာတင် မီးဖွားခဲ့ကြ။ ကျွန်တော်ဖြင့် အံ့သြလွန်းလို့။ နေ့စေ့လစေ့ကြီး ဘာကြောင့်များ ခရီးသွားကြတာ ပါလိမ့်ပေါ့။ စဉ်းစားရတာ မရေရာခဲ့ပါ။ အဲ့သလို မရိုးမဆန်း ဖြစ်ရပ်တွေ ဘ၀ရထားပေါ်မှာ စုံလို့ပါပဲ။ တစ်ချို့တော့လည်း ရေလမ်းကသွားတော့ သင်္ဘောပေါ်မှာ မွေးဖွားကြ။ လေကြောင်းမှာ သွားရင်းလာရင်းတော့ မမွေးလောက်ဘူးလို့ အဆစ်တွေးကြည့်မိပါသေးတယ်။ ဒါလည်း မပြောနိုင်ပါဘူး... ကိုယ်မှမသိတာ။
ရထားဆိုတဲ့အတိုင်းပါပဲ။ လူတန်းစားပေါင်းစုံ အလွှာပေါင်းစုံကို စီးနင်းကြ။ ရထားပေါ်မှာတင် မိတ်ဆွေတွေဖွဲ့ကြ။ ခင်မင်ကြ။ ရင်းနှီးကြ။ လက်ဆုံးစားကြသောက်ကြ။ တစ်ချို့ကတော့ သောက်ကြစားကြ။ နေရာတွေလုကြ။ ရန်ဖြစ်ကြ။ ကလေးတွေကငိုကြ။ ဈေးသည်တွေက ဆူလို့ညံ့လို့။ အထက်တန်းတွဲဘက် ကိုကြည့်လိုက်တော့ ခုံလေးတွေသပ်သပ်ရပ် ရပ်နဲ့ လူတွေကလည်း ငြိမ်ငြိမ်ဆိတ်ဆိတ်။ လက်မှတ်ကနံပါတ်နဲ့ ခုံနံပါတ်ကို ကိုက်အောင်ရှာနေတာတွေလောက်ပဲရှိပါ တယ်။ သူ တို့မျက်နှာတွေပေါ်မှာတော့ အရောင်သွေးတွေ တစ်မျိုးစီဖြစ်နေတာတော့ သတိပြုမိသား။ အဲ့ဒါဘာလဲဆိုတာကို ကျွန်တော် မသိဘူး။ အင်း ... ဒီလိုနဲ့ပဲ မိမိတို့ လိုရာခရီးပန်းတိုင်ကို ရောက်တဲ့အခါ ဆင်းသွားကြပြန်တယ်။ တစ်ချို့က လည်း ထိုနေရာမှပင် ထပ်ပြီးတက်လာကြပြန်တယ်။ ခရီးသည်တွေ ဘာတွေဘယ်လိုပဲ ဖြစ်နေနေ ရထားကြီးကတော့ အပြုံးမပျက် ခရီးဆက်နေဆဲပါပဲ။
ဘ၀သံသရာ သီချင်းထဲကလို ခရီးပန်းတိုင်း မရောက်ချင်း တစ်ယောက်ဆင်း၊ တစ်ယောက်တက် ဆက်လက်ထွက်ခွါလာ ..လိုက်တာ ဘယ်တော့များမှ ဆုံးမည်မသိ။ မြတ်စွာဘုရားရှင်ကတော့
ဒီဃော ဗာလာန သံသာရော၊ သဒ္ဓမ္မံ အ၀ိဇာနတံ။
သူတော်ကောင်းတရားကို မသိသောသူအား သံသရာသည် ရှည်လျား၏ ဟူသတည်း။ တရားမသိသမျှတော့ ကရွတ်ခွေ ပေါ် ကင်းလျှောက်သလို ဆုံးနိုင်ဖွယ်ရာမမြင်ဘူးလို့ ဘုရားရှင်မိန့်လိုက်တာက မှတ်သားစရာပါပဲ။
ရထားပေါ်ကို စတင်ပြီး တက်ရောက်လာကတည်းက လက်မှတ်နဲ့ဝယ်ပြီးစီးခဲ့ရတာချည်းပါ။ ကိုယ့်လိုတဲ့ပန်းတိုင်ရောက်တာနဲ့ ကိုယ့်ခုံကိုထားပစ်ခဲ့ရမှာပါပဲ။ ငါ ထိုင်ခဲ့တဲ့ ခုံလေးဆိုပြီး သယ်သွားခွင့်မရှိပါဘူး။ ဒီမှာပဲနေတော့မယ်ဆိုပြီးတော့လည်း နေခွင့်မရှိပါဘူး။ သို့သော် ရထားစီးသူတို့ခမျာ ခုံလေးတစ်ခုံအတွက် အလုအယက် ရန်ဖြစ်နေကြတာ ရထားစီးဖူးတဲ့သူတိုင်း မြင်တွေ့ခဲ့ဖူးကြမှာပါ။ ကိုယ်တိုင် ရန်ဖြစ်ပြီး စီးခဲ့တာမျိုးများ ရှိချင်ရှိနေနိုင်မယ်ထင်တယ်နော်။ တစ်ချို့တော့ ခိုးစီးကြတာ တွေလည်း ကြုံတွေ့ဖူးပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ်လိုရာကို ရောက်ဖို့အတွက် သက်သက်သာသာ မရှိလှတာတော့ အမှန်ပါပဲ။
ဘ၀ရထားကြီးကလည်း တစ်ရွေ့ရွေ့နဲ့ အမေ့ဝမ်းခေါင်းကနေ မောင်းထွက်လာလိုက်တာ ခုဆို အတော့်ကို ခရီးပေါက်နေပါ ရောလား။ ခရီးသွားရင်နဲ့ ကိုယ့်ထမင်းလေး တစ်လုပ်စားရဖို့ သူတစ်ပါးတို့ကို သတ်ဖို့လည်း ၀န်မလေးတဲ့ အဖြစ်တွေနဲ့ ကြုံ ခဲ့ရ။ သူများပစ္စည်းယူစားဖို့လည်း မကြောက်လန့်ခဲ့။ အစားတစ်ခုအတွက် စကားများကြ။ ရန်သတ်ကြ။ နေရာတစ်ခုအတွက် အပြိုင်အဆိုင်တွေလုပ်ကြ။ အချိန်တန်ရင် ဒီခုံတန်းကို ငါ ထားခဲ့ရမှာပါလားလို့များ နားလည်မယ်ဆိုရင် ဘယ်လောက် ကောင်းမလဲနော်။ ရန်ဖြစ်ရမှ စားလို့ဝင် အိပ်လို့ပျော်များ ဖြစ်နေကြရောလားမသိ။ အနိမ့်ဆုံးအဆင့် ကိုယ်မကျေနပ်တာရှိ ရင် ဒေါသလေးတော့ ထွက်ပြလိုက်ရမှ။ နဂါးမှန်းသိအောင် အမောက်ထောင်ပြလိုက်ချင်တာကပါသေး။ အမောက်ထောင် ချင်တဲ့ နဂါးဆိုမှတော့ တိရိစ္ဆာန်စာရင်းထဲကို ၀င်သွားပြီးဆိုတာ သူမသိလိုက်ဘူးထင်ပါရဲ့။
တစ်ခါတုန်းက ကြက်တွေကို အုပ်ခြင်းတွေနဲ့ သယ်နေကြာတာတွေ့ဖူးပါတယ်။ သူတို့ခရီးက ကြက်သတ်သမားတွေဆီကိုပါ။ သူတို့တွေ သေရမယ်ဆိုတာကို မသိကြပါဘူး။ အုပ်ခြင်းထဲမှာ အစားစားနေလိုက် ကြတာများ ပျော်ပွဲစားခရီးများထွက်လာ သလား မှတ်ရတယ်။ စားပြန်တော့လည်း တစ်ကောင်နဲ့ တစ်ကောင် ထိုဆိတ်ပြီး စားနေကြတယ်။ တစ်ချို့ကြက်ဖတွေက တွန်သံတောင် ပေးလိုက်သေးတယ်။ နောက်တစ်ခုရှိသေးတယ်။ နွားတွေကို သတ်ဖို့ဆိုပြီး နွားသတ်ရုံကို ဆွဲသွားလိုက် ကြတာ ... နွားတွေကတော့ ဘာမှမသိ။ ခေါင်းလေးတစ်ညိတ်ညိတ်နဲ့ လိုက်ရှာတယ်။ သူတို့ကို နယ်မြေသစ် စားကျက်သစ် ကိုခေါ်လာတယ်အမှတ်နဲ့များ လိုက်လာသလားထင်ရတယ်။ လမ်းမှာတွေ့တဲ့ မြက်ကိုလှမ်းဆွဲစားလိုက်သေးတယ်။ တစ်ချို့သော နွားတွေက တစ်ကောင်နဲ့ တစ်ကောင်မြင်ရင် ရန်ထောင်တာလား၊ နှုတ်ဆက်တာလားမသိ အော်လို့ ...ဟစ်လို့။ အသံပေးလိုက်လို့။ နည်းနည်းလေးမှ စိတ်ညစ်တဲ့ပုံမပေါ်ဘူး။
ကြက်တွေရော၊ နွားတွေရောက ငါတို့ကိုခေါ်သွားတာဟာ သတ်ဖို့ပဲ .. လို့များသိရင် ဘယ်လိုနေမလဲမသိဘူးလို့ ထင်ရာမြင် ရာ တွေးကြည့်မိပါသေးတယ်။ သိတော့ရော ဘာဖြစ်မှာလည်း ..... တစ်နေ့သေရမယ်ဆိုတာ သိတဲ့ လူသားတွေတောင်မှ ရထားလက်မှတ်တစ်ဆောင်အတွက် ရန်သတ်ကြသေးတာပဲလေ။ ထမင်းတစ်လုပ်အတွက် သူများအတင်းတွေ တုတ်ကြ သေးတယ်လေ။ ရန်တွေဘာတွေလုပ်လို့၊ ဒေါသတွေဘာတွေထွက်လို့၊ ပျော်ပျော်ရွှင်ရွှင်နေနေကြတာတွေ့ရတော့ နွားတွေ ကြက်တွေကို နားလည်ပေးဖို့ အခွင့်အလမ်းတစ်ခုရခဲ့ပါတယ်။
တူနေတဲ့အမူအကျင့်နှစ်ခုကို သိရှိနားလည်ကြတဲ့ ပညာရှိသူတော်ကောင်းတွေကတော့ မတူအောင် နေထိုင်ကြပါတယ်။ ဒေါသထွက်တတ်တဲ့အကျင့်တွေပျောက်အောင်၊ လောဘဖြစ်တတ်တဲ့ အကျင့်တွေပျောက်အောင် သတိပညာနဲ့ ကျင့်သုံး နေထိုင်ရင်း ဘ၀ရထားပေါ်မှာ အေးဆေးသက်သက်စွာ စီးနင်းလိုက်ပါလာကြပါတယ်။ တစ်နေ့မှာ ငါသေရမယ်ဆိုတာ သိတဲ့အတွက် ရန်လည်း မဖြစ်တော့ပါဘူး။ မကျေနပ်တာတွေလည်း မရှိတော့ပါဘူး။ အငြင်းလည်း မပွားတော့ပါဘူး။
ယော စ ၀ဿသတံ ဇီဝေ၊ အပဿံ အမတံ ပဒံ။
ဧကာဟံ ဇီဝိတံ သေယျော၊ ပဿတော အမတံ ပဒံ။
သေခြင်းကင်းရာ ချမ်းသာအစစ် နိဗ္ဗာန်ကိုမမြင်ရပဲ အနှစ်တစ်ရာ အသက်ရှည်နေထိုင်ရခြင်းထက်၊ သေခြင်းကင်းရာ ချမ်းသာအစစ် နိဗ္ဗာန်ကိုမြင်တွေ့ရသောသူ၏ တစ်ရက်တာမျှ အသက်ရှင်နေထိုင်ရခြင်းက မြတ်၏ဟု မြတ်ဗုဒ္ဓက မိန့်မှာတော်မူခဲ့ပါတယ်။ မြတ်စွာဘုရားရှင်ကဲ့သို့သော သူတော်ကောင်းတို့၏ စကားကို သူတော်ကောင်းတို့၏ နားနှင့် နားထောင်မှသာလျှင် ကြားနိုင်၏။ သူတို့ကောင်းတို့ နှလုံးသားနှင့် ခံယူမှသာလျှင် ဆိုလိုသည့် သဘောသွားတို့ ရင်ထဲ ပေါက်ရောက်ပေလိမ့်မည် ဖြစ်၏။
ရထားဖြစ်သည့်အားလျော်စွာ တစ်ဘူတာပြီး တစ်ဘူတာ ရပ်နားနေဦးမှာတော့ သေချာပါတယ်။ ကိုယ်နဲ့မဆိုင်သေးတဲ့ ဘူတာမို့ ကိုယ့်အလှည့်မရောက်သေးရင်တော့ ဒီဘူတာက မဆင်းရသေးဘူးပေါ့။ ကိုယ့်အလှည့်ရောက်တဲ့အခါမှာတော့ ရထားပေါ်ကနေ ခပ်သုတ်သုတ်လေးဆင်းပေးရမှာပါပဲ။ ရထားပေါ်က ဆင်းတဲ့အခါမှာတော့ ခုံတွေလည်း ပါမလာ၊ ကြုံတဲ့ လူတွေလည်း ထားခဲ့ရမှာ နားလည်ထားသင့်ပါတယ်။ ကိုယ့်နောက်ပါမှာက ကိုယ်ယူလာတဲ့၊ ချိုင်းကြားညှပ်လာတဲ့ MONEY အိပ်လောက်နဲ့ သဏ္ဍာန်တူတဲ့ ဒါနအမှုတွေ၊ သီလအမှုတွေ၊ ဘ၀နာအမှုတွေပါပဲ။ ဒါနအမှုကောင်းတဲ့သူတော့ ငွေအိတ်ဖောင်းတာပေါ့။ သီလအမှုကောင်းတဲ့သူတော့ အန္တရာယ်ကင်းပါတယ်။ ဘ၀နာအမှုကောင်းတဲ့သူကတော့ သက် တောင့်သက်သာနေထိုင်ရမှာ သေချာပါတယ်။
အတွေးကိုယ်စီနဲ့ ကျော်ဖြတ်လာခဲ့တာ ခုဆိုရင် ဘူတာ ၂၅ ခုကျော်ဖြတ်ပြီးသွားပြန်ပါပြီ။ ဘယ်နေ့ ဘယ်ဘူတာမှာ ဆင်းရမယ်တော့ မသိသေးဘူး။ ကျွန်တော်နဲ့အတူ စီးနင်းလာတဲ့ ဆရာတော်တွေ၊ နောက်ပြီး အကိုတွေ၊ အမတွေ၊ ညီလေးတွေ၊ ညီမလေးတွေ၊ သူငယ်ချင်း မိတ်ဆွေတွေအားလုံးကို ဘူတာကမဆင်းခင် ကာယ၊ ၀စီ။ မနော သုံးခုလုံးရောပြီး မှားခဲ့တာများရှိရင် ခွင့်လွှတ်ပါလို့ တောင်းပန်ခဲ့ပါရစေ။ မိမိတို့လိုရာခရီးကို သက်တောင့်သက်သာ သွားလာ နိုင်ကြပါစေကြောင်းလဲ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ခင်ဗျာ။
အားလုံးသော သတ္တ၀ါတွေ အမြင်လည်းရှင်း စိတ်လည်းရှင် လက်ငင်းချမ်းသာကြပါစေ။
(ကျွန်တော် မောင်သုခ၏ ၂၅ ပြည့်မွေးနေ့ အမှတ်တရအနေဖြင့် ရေးသားလိုက်ရပါသည်။)
Read more...
"အေးလကွာ... ဒီသဘောတွေပါပဲ။ တို့သင်ရတဲ့ လောကဓာတ်ပညာက ရုပ်တရားကို လေ့လာပြီး အဲဒီလို အဲဒီလို အသေးစိတ် ဖြစ်စဉ်ကလေး ဖြစ်သွားတာကို ပြောထားတယ်။ တို့ ဘုရားကလည်း အဲဒီလိုပဲ တို့ဆိုလိုတဲ့ လူသာမန်တို့ရဲ့ မြင်သိခြင်းဆိုတာမျိုး ဖြစ်ဖို့ စိတ်ဖြစ်စဉ် အသေးစိတ် ကလေးတွေ ရှိတယ်။ အဲဒါကို ပြောထားတယ်။ အဲဒီစိတ်အစဉ်ကို ၀ီထိလို့ အမည်ပေးတယ်။ ဒါကို နားလည်တယ်မဟုတ်လား။"
"နားလည်ပါ့ဗျာ..."
"ဒါဖြင့် ၀ီထိ ဆိုတဲ့ စိတ်အစဉ်ကို ဖွဲ့စည်းထားတဲ့ စိတ်တစ်လုံးချင်းကို သံပေါက်လင်္ကာကလေး ဘုန်းကြီးသင်ပေးထားတာ ညီညီမှတ်မိတယ်မဟုတ်လား ။ ကိုကိုကတော့ ၀ီထိကို မီးရထားနဲ့ ပုံဖော်စဉ်းစားတယ်။ မီးရထားတွဲကလေးဆိုပါစို့... တွဲကလေး။ ဟုတ်ပြီနော်... တွဲတစ်တွဲချင်းဟာ စိတ်တစ်ခုစီပဲ။ အားလုံးကို ပေါင်းခေါ်တာက ၀ီထိ.. ဒီတော့ ၀ီထိတစ်ခုမှာပါတဲ့ စိတ်ကလေး တစ်လုံးချင်းရဲ့ လကာင်္လေးရှိပါရောလား ရွတ်စမ်းကွာ။"
"ဘ၀င်၊ဆင်ခြင်၊ မြင်ပြီးလျှင် ထို့ပြင်လက်ခံတုံ၊ စုံစမ်း၊ ဆုံးဖြတ်၊ ဇောစိတ်သတ်၊ နှစ်ရပ်တဒါရုံ"
"အင်းဟုတ်ပြီ။ ပထမ၀ီထိမှာပါတဲ့ စိတ်တစ်လုံးချင်းကို ပြန်စဉ်းစား ကြရအောင်။ ဖြစ်စဉ်ကလေး ရောပေါ့လေ။ ကိုင်း စိတ်ဆိုတာ အာရုံတစ်ခုခုကို စွဲမှီပြီးမှ ဖြစ်တာ မဟုတ်လား။ အာရုံတစ်ခုခုကို မစွဲမမှီရဘဲ သူ့ချည်းတော့ ဖြစ်လေ့မရှိဘူးလေ။ စိတ်ဖြစ်တဲ့ အခါမှာလည်း စိတ်ကိုမှီပြီး စိတ်နဲ့အတူ တစ်အာရုံထဲ ယူကြတဲ့ စေတသိက်တွေ ဖြစ်သွားကြသေးတယ်။ စေတသိက် အကြောင်းကို နောက်မှ ဆွေးနွေးကြရအောင် နော့...။
မျက်စိထဲမှာ အကြည်ဓာတ်ကလေး ရှိတယ်။ အဲဒီအကြည်ဓာတ်ကလေးက မှန်နဲ့တူတယ်.။မှန်ဟာ သူနဲ့တည့်တည့် ရောက်လာသမျှ အရာဝတ္ထုတွေ၊ အဆင်းရုပ်တွေ သူ့အထဲမှာ ထင်လာကြတယ်၊ အဲဒါ အရိပ်ထင်နိုင်လောက်အောင် ကြည်လင်နေလို့ပဲ။ မျက်စိရှေ့မှောက် ရောက်လာတဲ့ အဆင်းရုပ်ကလေးဟာ အဲဒီအကြည်မှာ လာလာပြီးထင်တယ်။ ဒီလိုထင်ထင်ချင်း မြင်သိစိတ်ကလေးက မဖြစ်ဘူး။ ဒီနေရာမှာ မြင်သိစိတ်ဆိုတာ စက္ခုဝိဥာဏ်ကလေးကို ပြောတာနော်။ တို့ ခုနက စမ်းသပ်ခဲ့တဲ့ ၀ီထိတွေကို ခြုံပြီးသိရတဲ့ မြင်သိခြင်း ဆိုတာမဟုတ်ဘူး။
အင်း အဆင်းရုပ်ကလေး ထင်ထင်ချင်းတော့ စက္ခုဝိဥာဏ်လို့ခေါ်တဲ့ မြင်သိစိတ်က တန်းပြီးမဖြစ်နိုင်ဘူး။ ပထမဦးဆုံး ဘ၀င်စိတ်ကလေး တစ်လုံးဖြစ်တယ်။ ဒုတိယ ဘ၀င်စိတ်ကလေး တစ်လုံးထပ် ဖြစ်တယ်။ တတိယဘ၀င်စိတ်ကတော့ ဘ၀င်စိတ် အစဉ်အတန်းကို ဖြတ်ပစ်လိုက်တယ်။
ပြီးတော့မှ အိပ်ရာကနိုးလာသလို နိုးလာပြီး ဒါဘာလဲလို့ ၀ိုးဝါးဆင်ခြင်တဲ့ ဆင်ခြင်စိတ်ကလေး ဖြစ်လာတယ်။ ကောင်းတဲ့ အဆင်းလေးလား၊ ဆိုးတဲ့အဆင်းလေးလား ဒီလိုဆင်ခြင်တဲ့ စိတ်ကလေးပေါ့။ ပဉ္စဒွါရာဝဇ္ဇန်းလို့ခေါ်တယ်။
အဲဒီလိုဆင်ခြင်ပြီးတော့ မြင်သိစိတ် စက္ခုဝိညာဉ်စိတ်ကလေး ဖြစ်လာတယ်။ ဖြစ်တယ်သာ ပြောတယ်။ သူကတော့ ဘာအဆင်းရယ် ဘာရယ် သေသေချာချာ သိတာမဟုတ်သေးပါဘူး။ စိတ်တစ်ခုအနေနဲ့သာ ဖြစ်သွားတာ ပြောရပါတယ်။ တို့ လူသာမန်တွေသိသလို ချေတို့ တောစပ်တို့ ပေါက်ပင်တို့ ဒီလိုသိတာမျိုးအထိ မရောက်သေးဘူး။ ပရမတ်အာရုံကို ယူထားတဲ့ အတွက် မြင်ကာမတ္တ ကလေးမျှသာ ဖြစ်တယ်။ ဒိဋ္ဌေဒိဋ္ဌမတ္တံ ပေါ့လေ။ လှတာ မလှတာ။ ကောင်းတာ မကောင်းတာ၊ ယောကျာ်းပဲ မိန်းမပဲ ဆိုတာတွေ ဘာမှမသိဘူး။ မြင်သိတယ်လို့ ခေါ်နိုင်ယုံမျှပဲ။ ဒါကို သေသေချာချာ စဉ်းစားရမယ်။
ဒီိ့နောက်တော့ အဆင်းအာရုံကို လက်ခံယူထားတဲ့ စိတ်ကလေး ဖြစ်လာတယ်။ သူကလည်း ဘာမှ မသိသေးဘူး။ လက်ခံထားရုံပဲ။ လက်ခံပြီးမှ စုံစမ်းတဲ့ စိတ်ကလေး တစ်လုံးဖြစ်တယ်။ သူက ကောင်းလား မကောင်းဘူးလား စစ်ဆေးတဲ့ စိတ်ကလေးပဲ။ စစ်ဆေးတယ် ဆိုပေမဲ့ ကြာကြာ စစ်ဆေးနေတာတော့ မဟုတ်ဘူး။ ခဏလေး စစ်ဆေးပြီး ချုပ်ပျောက်သွားရတာပဲ။
သူပြီးတော့မှ ဒါကောင်းတယ် မကောင်းဘူး ဆုံးဖြတ်တဲ့ စိတ်ကလေး တစ်ကြိမ်ဖြစ်တယ်။ ၀ုဋ္ဌောပေါ့။ ၀ုဋ္ဌောက ဆုံးဖြတ်လိုက်ရင် ၀ုဋ္ဌော ဆုံးဖြတ်လိုက်သလို ဇောတွေက လျော်စွာကျလာတော့တယ်။ လျော်စွာဆိုတာက ၀ုဋ္ဌောက ဆုံးဖြတ်လိုက်တဲ့ အတိုင်း ကောင်းတယ်လို့ ဆုံးဖြတ်လိုက်ရင် ကောင်းတဲ့ ကုသိုလ်ဇောတွေ ဖြစ်လာတော့တယ်။ မကောင်းဘူးလို့ ဆုံးဖြတ်လိုက်ရင်လည်း မကောင်းတဲ့ အကုသိုလ်ဇောတွေ ဖြစ်လာတော့တယ်။
ဇောကတော့ ၇ နှစ်ကြိမ်လောက် ဖြစ်လေ့ရှိတယ်။ နောက်တော့ ဇောပြုတဲ့ အာရုံကိုပဲ အာရုံပြုပြီး တဒါရုံ ၂ ကြိမ်ကျရောက် ဖြစ်ပေါ်လာတယ်။ သူ့နောက်မှာ ဘ၀င်စိတ်တွေ ပြန်ဖြစ်လာပြန်တယ်။ ကိုင်း ဒါဟာ မြင်သိစိတ် ၀ီထိဖြစ်ပေါ်ပုံပဲ။ အဲဒီမြင်သိစိတ်ကလေး တစ်ဝီထိကလေးမှာ ဘ၀င် ၃ကြိမ်၊ ဆင်ခြင်စိတ်၊ မြင်သိစိတ်၊ လက်ခံစိတ်၊ စုံစမ်းစိတ်၊ ဆုံးဖြတ်စိတ် တွေတစ်ကြိမ်စီ ပေါင်း ၅ ကြိမ်၊ ဇော၇ ကြိမ်ခန့်ရယ်၊ တဒါရုံ၂ ကြိမ်ရယ် ပေါင်း ၁၇ ကြိမ်ဖြစ်တယ်။ ဒါကို စိတ္တက္ခဏ ၁၇ ချက်လို့ ခေါ်ကြတာပဲ။ ပထမ ၀ီထိပေါ့။
ဒီပထမ ၀ီထိပြီးရုံနဲ့တော့ တို့ခုနက စမ်းသပ်ပြီး သတ်မှတ်ထားတဲ့ မြင်သိခြင်း ဆိုတာ မရောက်နိုင်သေးဘူး။ တို့သတ်မှတ်ထားတဲ့ လူရိုးရိုးသာမန်ရဲ့ မြင်သိခြင်းဟာ မြင်လိုက်တာနဲ့ သစ်ပင်လား တောတောင်လား သတ္တ၀ါလား အကုန်လုံးတန်းသိသွားတဲ့ မြင်သိခြင်းပဲ။ အခု ပထမ ၀ီထိ မှာ ဖြစ်တဲ့ မြင်သိမှုကတော့ အလင်းတန်းက ရက်တီနာပေါ် ကျရုံလောက်အဆင့်ပဲ ရှိဦးမှာပဲ။ ဘာပုံရယ် ညာပုံရယ် ဘယ်သိဦးမှာလဲ။
ံ
အခုလို စက္ခုဝိဥာဏ်ပါတဲ့ ၀ီထိက တစ်ကြိမ်ဖြစ်သွားပြီးတော့ သူ့နောက်မှာ နောက်ထပ် ဆင်ခြင်တဲ့ ၀ီထိတွေကတော့ ထပ်ကာထပ်ကာ ဖြစ်တယ်။ နောက်ဖြစ်တဲ့ ၀ီထိတွေကတော့ ပထမ၀ီထိလို အစက ပြန်မစတော့ဘူး။ စုံစမ်းတဲ့စိတ်၊ ဆုံးဖြတ်တဲ့စိတ်၊ ဇောစိတ်၊ တဒါရုံစိတ်တွေပဲ ဖြစ်တော့တယ်။ ဒီလို ထပ်ခါထပ်ခါ ဖြစ်ချင်သလောက် ဖြစ်နေတော့တာပဲ။
ဒီတော့ မျက်စိက မြင်တယ်လို့ ဆိုလို့ရှိရင် အဆင်းရုပ်ကို အဦးအစ မြင်လိုက်ရတဲ့ မြင်ကာမတ္တအဆင့်က ပထမ တစ်ဝီထိ၊ နောက်စဉ်းစားဆင်ခြင်တဲ့ ၀ီထိက တစ်ဝီထိ၊ နောက် ဆင်ခြင်ရင်းနဲ့ သဏ္ဍာန်ဒြပ်ပေါ်တာက တစ်ဝီထိ၊ နောက်အမည်နာမ ပညတ်ပေါ်တာက တစ်ဝီထိ အဲဒီလို လေးဝီထိရောက်အောင် ဖြစ်ပြီးတော့မှ အကောင်အထည်နဲ့ တကွ အမည်နာမပါ ပေါ်လာတယ်တဲ့။
ကိုင်း စိတ်အစဉ်ဟာ သုံးဝီထိလောက်နဲ့ ရပ်နေရင် ခုလို ချေတို့ တောစပ်တို့ ရဲ့ အမည်နာမကို ဘယ်သိနိုင်တော့မလဲ။ အဲ..ပထမ ၂ ၀ီထိလောက်မှာ ရပ်သွားရင် သဏ္ဍာဒြပ်စသည်မပေါ်လာတော့ဘူးတဲ့။"
"သြော အဲဒီလောက်ထိတောင် မြတ်စွာဘုရားက သိသလား။"
"အေး မြတ်စွာဘုရားကလည်း သိတယ်။ တရားအားထုတ်တဲ့ ယောဂီများကလည်း မှန်းဆပြီးတော့ဖြင့် သိနိုင်တယ် လို့ ဆိုတယ်။"
"ဘယ်လိုသိနိုင်သလဲ ကိုကို လုပ်ပါဦး"
"တရားအားထုတ်ရင်း ဘင်္ဂဥာဏ်စတာကို ရောက်တဲ့ အခါမှာ ရှုမှတ်လိုက်တဲ့ အာရုံတွေဟာ သဏ္ဍာန်ဒြပ်စတာတွေ ပေါ်မလာနိုင်တော့ဘဲ တပျက်တည်း ပျက်နေသတဲ့။ ယောကျာ်းပဲ မိန်းမပဲ ဒီလောက်တောင် မခွဲခြားနိုင်တော့ဘဲ ပျက်တာတွေသာ မြင်နိုင်သတဲ့။ အဲဒါဟာ ၀ိပဿနာ ဇောစိတ်တွေက ၀ီထိတွေကို ဖြတ်ချလိုက်လို့ပဲ။ ၀ုဋ္ဌောနေရာလောက်ကနေ ၀ိပဿနာ ဇောတွေက ၂ ၀ီထိ ၃ ၀ီထိ လောက် အတွင်း ဖြတ်ချလိုက်တာပဲ။ ဒီလိုဖြစ်နေရင်တော့ သတိသမာဓိတွေ အားကောင်းတဲ့အတွက် ၀ီထိအစောပိုင်း အတွင်း ၀ိပဿနာဇောတွေ လျင်လျင်မြန်မြန်ရောက်ပြီး သိနေ..သိနေတယ်လို့ မှန်းဆပြီးတော့ဖြင့် နားလည်နိုင်တာပဲလို့ မဟာစည်ဆရာတော်ဘုရားက အမိန့်ရှိတယ်..ဒိဋ္ဌေဒိဋ္ဌမတ္တံဆိုတဲ့ မြင်ကာ မတ္တဆိုတာဟာ ဒီလေးဝီထိအတွင်းကို ပြောတာပဲ။"
"ဒါဖြင့် တရားရှုမှတ်မှုမရှိတဲ့ သာမန်လူဟာ မြင်ကာမတ္တမှာ ဘယ့်နှယ်လုပ်ရပ်နိုင်မလဲ ကိုကိုရ မြင်စရာရှိရင် ချေပဲဖြစ်ဖြစ် တောစပ်ပဲဖြစ်ဖြစ် ပေါက်ပင်ပဲဖြစ်ဖြစ် အကုန်လုံး မြင်သွားတော့မှာပေါ့"
"အမှန်ပဲ... မြင်ကာမတ္တမှာ ရပ်ဖို့ဆိုတာတော့ မလွယ်ဘူး။ မာလုကျပုတ္တသုတ္တန်ကိုတော့ ခြွင်းချက်ထားဦး။ နောက်မှ ထပ်ပြောကြမယ်။ သမာဓိအင်အား မရှိဘဲနဲ့ မြင်ကာမတ္တမှာ ရပ်ဖို့တော့ မဖြစ်နိုင်ဘူး"
"ဟုတ်ကဲ့ကိုကို..၊ ဒါနဲ့ ကိုကိုခုလို ပြောတာ ကြားရတော့ မမနွယ်မေးဖူးတာကို ညီညီသတိသွားရမိတယ်။ "
"အင်း.. နွယ်က ဘာပြောသလဲ"
"ဟိုတစ်လောက ညရုံလွှာမှာ မြပုဏ္ဏမာဆင်တုန်း ကပေါ့"
"ကဲ ညီညီ .. ဦးဖိုးစိန်ဇာတ်ကနေတာလည်းမဟုတ်.. နေမြင့်လာရင် လက်ပိုရှလာမယ်.. ခုတောင် တို့တော်တော် နောက်ကျနေပြီ ပြောစရာရှိလည်းပြော.. ၀ိ,လုပ်မနေနဲ့"
"သြော် မမနွယ်က ညီ့ကိုမေးတယ် . ညီညီ့ ကိုကိုဟာ ကြီးလာရင် ဘုန်းကြီးဝတ်ဖို့ အစီအစဉ်ရှိသလားဟင် တဲ့ .. ဗျ"
"သြော် နွယ်က ကိုကိုဘုန်းကြီးဝတ်ရင် ရဟန်းဒကာခံဖို့ ဖြစ်မှာပေါ့"
"ညီတော့ ဒီလိုမထင်ဘူးကိုကို.."
"ကဲကဲ ထင်တာတွေ မထင်တာတွေ အသာထား..ဒါတွေက ဘုံအနှမ်းက ယုံစတမ်းတွေပါ ညီညီ.. ခဏဖြစ်ဖြစ် ဖြတ်ထားလိုက်လို့လည်း နောက်မကျသွားပါဘူး.. အလုပ်လုပ်ကြစို့ရဲ့.. နောက် "လေးပေါ" လောက်ရိတ်ပြီးမှ စကားပြန်စကြရအောင်။ မဟုတ်ရင် ဆေးလိပ်လည်းတို နေလည်းညိုသွားမယ် ."