Monday, July 13, 2009
ဆင်းရဲသားပပျောက်ရေးတရားတော်..... ၉
(၁) အသံ ၀ိဟိတ ကမ္မန္တ။ ။အလုပ်ကိစ္စ တွေမှာ စီမံ ခန့်ခွဲမှု ညံ့ဖျင်းလာခြင်း၊
(၂) ဗာလ။ ။ မကျွမ်းကျင်ခြင်း၊
(၃) ဒုမ္မ န္တိ မန္တီ။ ။ မတိုင်ပင်ထိုက်တဲ့ ကျွမ်းကျင်မှု မရှိ စိတ်ထားမဖြောင့် မတ်တဲ့ ပုဂ္ဂိုလ် ကို တိုင်ပင်ခြင်း။
ဒီသုံးမျိုးနှင့် သာပြည့်စုံနေရင် ဘယ်လောက်ပဲ အဆင့်မြင့်မြင့် လျှောကျနိုင်ပါတယ်။ တစ်ခါ ဘယ်လို အခြေအနေ မျိုးထိ ထိုးကျနေနေ တစ်တိုင်းပြည်လုံးကို တောင်မှ နလန် ပြန်ထူ အောင်လုပ်နိုင်တဲ့ အကောင်းဘက် ဆီကို ပြန်လည် ဦးမော့ လာနိုင်တဲ့ ချက် (၃)ချက်ကို လည်း ထုတ်ပြပါတယ်။
(၁) သုသံ ၀ိဟိတ ကမ္မန္တ။ ။ အလုပ်အကိုင်တိုင်းမှာ စီမံ ခန့်ခွဲမှု ကောင်းခြင်း၊
(၂) ကာလု ဌာယီ။ ။ အချိန်နှင့် တပြေးညီ အလုပ်လုပ်နိုင်ခြင်း၊
(၃) အတန္ဒိတ ။ ။ မပျင်းရိခြင်း အလုပ်၌ ပျော်ပိုက်ခြင်း၊
ဒီသုံးမျိုးနှင့် ပြည့်စုံလျှင် နွားလား ဥဿဖ အစောင့်အရှောက် ရတဲ့ နွား အုပ်ကြီးလို တစ်ဟုန်ထိုး တိုးပွါးပါတယ်လို့ ပြောသွားပါတယ်။ ဒါလေး နည်းနည်း အကျယ် ချဲ့ ကြည့်ရအောင်
(၁) ``စီမံ ခန့်ခွဲမှု ကောင်းဖို့ အရေးကြီးတယ်တဲ့ ´´
အလုပ်ကို ရည်မှန်းချက် ထားမယ်၊ အဲဒီ ရည်မှန်းချက် ဟာ လိုချင်တဲ့ အကျိုးတရားပေါ့။ အဲဒီအကျိုးတရားကို ဖြစ်စေနိုင်မယ့် အကြောင်းတရားတွေ ရှာမယ်။ အဲဒီအကြောင်းတရားတွေဟာ အလုပ်အကိုင်ပေါ့။ အဲဒီအလုပ် အကိုင်တွေ ကို ဘယ်လို လုပ်မယ်၊ ဘယ်အချိန်လုပ်သင့်တယ်၊ ဘယ်သူတွေနဲ့ လုပ်မယ်၊ ဘယ်လို အကူအညီတွေ ယူမယ်၊ ဘာတွေ ကြိုတင် ပြင်ဆင်ထားသင့်တယ် စသည်ဖြင့် အလုပ်ရယ်၊ အချိန်ရယ်၊ အလုပ်လုပ်မဲ့ သူတွေရယ် အကူအညီ အထောက်အပံ့ တွေရယ် ဒါတွေကို မှန်မှန် ကန်ကန် သုံးစွဲနိုင်လျှင် သဘောပေါက်သိရှိအောင် ကြိုးစားမယ် ဆိုလျှင် စီမံ ခန့်ခွဲ မှု ကောင်း နိုင်ပါတယ်။
ဒီနေရာမှာ အဓိက နှင့် သာမည ကိုလည်း အရာရာ ခွဲခြား သိထားရမှာ ဖြစ်တယ်။ အဓိက ဆိုတာက ဒီအလုပ်တစ်ခု အောင်မြင်ဖို့ ဒီလိုလုပ်မှ သာ ဒီလူ ပါမှသာ ဖြစ်နိုင်တယ် မလုပ်မဖြစ် ဘူး၊ မပါမဖြစ်ဘူး ဆိုလျှင် အဲဒီအလုပ် အဲဒီလူဟာ အဓိက ကျတယ် လို့ ခေါ်တယ်။ ကျန်တာတွေက အကူ သာမည တွေပေါ့။ ဒီလို သိရှိထားမှ လည်း စီမံ ခန့်ခွဲ မှု ကောင်းမှာ ဖြစ်ပါတယ်။
(၂) `` အချိန်နှင့် တပြေးညီ အလုပ်လုပ်နိုင်ဖို့ တဲ့ ´´
ဒါလည်း အလွန် လိုအပ်ပါတယ်။ တစ်ချို့ အလုပ်တွေဟာ အချိန်စောပြီး လုပ်လို့ မအောင်မြင်နိုင်ပါဘူး။ မရင့်ကျက်သေးတဲ့ ပန်းအငုံ ကို အတင်းဖြဲပြီး ပွင့်ခိုင်းသလို ဖြစ်တတ်ပါတယ်။ အချိန်စောပြီး အလုပ် လုပ်တာထက် အချိန်စောပြီး ကြိုတင်ပြင်ဆင်ထားမှုတွေကတော့ ဘယ်အလုပ်မဆို ပြုလုပ်ထားသင့်ပါတယ်။ အချိန် နောက်ကျပြီးမှ လုပ်လျှင်တော့ အကျိုးပြီးနိုင်တော့မှာ မဟုတ်ပါဘူး။ အကျိုးရလျှင်တောင် အပြည့်အ၀ အကျိုးမရ နိုင်တော့ပါဘူး။ ဒါကြောင့် ဘယ်အချိန် ဘာအလုပ် လုပ်သင့်တယ် ဆိုတာ ဘယ်လို အခြေအနေမှာ ဘယ်လို အလုပ် လုပ်သင့်တယ်ဆိုတာ တိကျနိုင်သမျှ တိကျအောင် တွက်ဆပြီးတော့ အချိန်နှင့် တပြေးညီ အလုပ်လုပ်သင့် ပါတယ်။
တစ်ခါတစ်လေတော့ လိုအပ်လာလျှင် ဒီ အချိန်မျိုး ဒီအခြေအနေမျိုး ဆိုက်ရောက်လာအောင် ပတ်ဝန်းကျင်က ပေးလာမည့် အနေအထားကို စောင့်မနေဘဲ မိမိကိုယ်တိုင် လည်း လုပ်ယူနိုင်ပါတယ်။ လုပ်ယူလို့လည်း ရပါတယ်။ ဒါကို ဖန်တီးယူတယ်လို့ ခေါ်ပါတယ်။
အဓိပတိပစ္စည်း - ၃ (ဂ)
ဝိပဿနာအရာတွင် ပရမတ်ကို ရှုပုံ
ဝိပဿနာအရာတွင် ပရမတ်ကို မှတ်ရပါတယ်။ ပညတ်ကို မှတ်တာများနေရင် သမထဆန်နေလို့ တရားသာမှတ်လို့ ကောင်းနေတယ်။ တရားအတွေ့ နှေးနေတတ်ပါတယ်။ ဝိပဿနာတရားအားထုတ်တဲ့ ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်း တရားအတွေ့ မနှေးချင်ကြပေဘူး။ မြန်မြန်တွေ့ချင်ကြပေတယ်။ ပညတ်ပုံသဏ္ဌာန်ဒြပ်တွေကိုတော့ ခွာနိုင်သမျှခွာ၊ ပရမတ်သဘောကိုတော့ သိနိုင်သမျှ သိအောင် စူးစိုက်ရပါတယ်။
ဆောင်ပုဒ်။ ။ ပညတ်ကိုခွာ၊ ပရမတ်သာ၊ မှန်စွာရှုရမည် ။
ပညတ်ပုံသဏ္ဌာန်ဖြစ်တဲ့ ဝမ်းဗိုက်ပုံသဏ္ဌာန်ဒြပ်ကြီးကိုတော့ ခွာနိုင်သမျှခွာ၊ ဖောင်းတဲ့အခါ တောင့်တင်း တွန်းကန်တဲ့သဘော၊ ပိန်တဲ့အခါ လျော့သွားတဲ့သဘောတွေကို သိနိုင်သမျှသိအောင် စူးစိုက်ရပါတယ်။
ကြွတယ်လို့ မှတ်တဲ့အခါမှာလည်း ခြေထောက်ပုံသဏ္ဌာန်ဒြပ်ကြီးကို ခွာနိုင်သမျှခွာ၊ အပေါ်သို့ တစ်ရွှေ့ပြီးတစ်ရွှေ့၊ ရွှေ့တက်သွားတဲ့သဘောကို သိနိုင်သမျှသိအောင် စူးစိုက်ရပါတယ်။ လှမ်းတယ်လို့ မှတ်တဲ့အခါမှာ ခြေထောက်ပုံသဏ္ဌာန်ဒြပ်ကြီးကို ခွာနိုင်သမျှခွာ၊ ရှေ့သို့ တစ်ရွေ့ပြီးတစ်ရွေ့၊ ရွေ့သွားတဲ့သဘောကို သိနိုင်သမျှသိအောင် စူးစိုက်ရပါတယ်။ ချတယ်လို့ မှတ်တဲ့အခါမှာလည်း ခြေထောက်ပုံသဏ္ဌာန်ဒြပ်ကြီးကို ခွာနိုင်သမျှခွာ၊ အောက်သို့ တစ်ရွေ့ပြီးတစ်ရွေ့၊ ရွေ့ကျသွားတဲ့သဘောကို သိနိုင်သမျှသိအောင် စူးစိုက်ရပါတယ်။
ခြေထောက်ပုံသဏ္ဌာန်ဒြပ်ကြီးက ပညတ်ပဲ။ ဝိပဿနာရှုဖို့ရာ မဟုတ်ဘူး။ ရွေ့နေတဲ့သဘောက ပရမတ်ပဲ။ သူ့ကိုတော့ သိနိုင်သမျှသိအောင် စူးစိုက်ရပါတယ်။ ကြွတယ်လို့ မှတ်တဲ့အခါ ခြေထောက်ပုံသဏ္ဌာန်ဒြပ်ကြီးကိုလည်း ခွာလို့ရသွားပြီ၊ အပေါ်ကို တစ်ရွေ့ပြီးတစ်ရွေ့၊ ရွေ့တက်တဲ့ သဘောလေးကိုလည်း သိအောင် စူးစိုက်လို့ ရသွားပြီ၊ အဆင့်ဆင့်ရွေ့နေတဲ့အစဉ် သန္တတိပစ္စုပ္ပန်ကိုလည်း မီအောင် မှတ်တတ်သွားပြီဆိုရင်၊ အပေါ်ကို ရွေ့ရွေ့ပြီးတက်သွားတာကို သိပြီးတဲ့အပြင် ပေါ့ပေါ့ပြီး တက်သွားတာကိုလည်း တွေ့ရလိမ့်မယ်။
လှမ်းတယ်လို့ မှတ်တဲ့အခါမှာလည်း ခြေထောက်ပုံသဏ္ဌာန်ဒြပ်ကြီးကိုလည်း ခွာလို့ရသွားပြီ၊ ရွေ့နေတဲ့သဘောလေးကိုလည်း သိအောင် စူးစိုက်လို့ ရသွားပြီ၊ ရွေ့နေတဲ့အစဉ် သန္တတိပစ္စုပ္ပန်ကို မီအောင် မှတ်တတ်သွားပြီးဆိုရင်၊ ရှေ့ကို ရွေ့ရွေ့သွားတာကို သိပြီးတဲ့အပြင် ပေါ့ပေါ့ပြီး ရွေ့သွားတာကို တွေ့ရလိမ့်မယ်။
ချတယ်လို့ မှတ်တဲ့အခါမှာလည်း ခြေထောက်ပုံသဏ္ဌာန်ကြီးကို ခွာလို့လည်း ရသွားပြီ။ အောက်ကို ရွေ့ကျသွားတဲ့ သဘောကိုလည်း သိအောင် စူးစိုက်လို့ရသွားပြီ၊ ရွေ့နေတဲ့အစဉ် သန္တတိပစ္စုပ္ပန်ကိုလည်း မီအောင် မှတ်တတ်သွားပြီဆိုရင်၊ အောက်ကို ရွေ့ကျသွားတာကို သိပြီးတဲ့အပြင် လေးလေးပြီကျသွားတာကို ယောဂီများကိုယ်တိုင် တွေ့ရပါတယ်။ တရား စတွေ့သွားပြီ ဖြစ်တယ်။ ဝိပဿနာတရား အားထုတ်တဲ့အခါမှာ တရားစတွေ့ဖို့ အရေးကြီးပါတယ်။ တရားတွေ တွေ့သွားပြီးရင် တရားတက်ဖို့ရာ သိပ်မခက်တော့ပါဘူး။ ယောဂီမှာ စိတ်အားတွေ ထက်သန်ပြီးတော့ တရားတွေ တက်သွားနိုင်ပါတယ်။
ဓမ္မောစ မင်္ဂလော လောကေ၊ ဓမ္မော ဂမ္ဘီရော ဒုဒ္ဒသော။
ဓမ္မံ သရဏ မာဂမ္မ၊ သဗ္ဗဒုက္ခာ ပမုစ္စတိ။
ဓမ္မောစ = တရားတော်သည်လည်းကောင်း၊ လောကေ = လောက၌၊ မင်္ဂလော = မကောင်းကျိုးတွေပျောက် ကောင်းကျိုးတွေရောက်စေတတ်သော မင်္ဂလာတစ်ပါးပါတည်း။ ဓမ္မော = တရားတော်သည်၊ ဂမ္ဘီရော = နက်နဲ၏ ၊ ဒုဒ္ဒသော = မြင်နိုင်ခဲ၏ ။ ဓမ္မံ = နက်နဲသော မြင်နိုင်ခဲသောတရားကို၊ သရဏံ = ရှုမှတ်သောအားဖြင့် ကိုးကွယ်ရာကို၊ အာဂမ္မ = အကြောင်းပြု၍၊ သဗ္ဗဒုက္ခာ = အလုံးစုံသော ဆင်းရဲဟူသမျှမှ၊ ပမုစ္စတိ = လွတ်ရ၏ ။ ဣတိ = ဤသို့၊ ဘဂဝါ = မြတ်စွာဘုရားသည်၊ အဝေါစ = ကရုဏာရှေ့သွား ပညာအားဖြင့် ဟောကြားတော်မူခဲ့ပါပေသတည်း ... ။
တရားတော်ဟာ ယောဂီများအတွက် မကောင်းကျိုးတွေပျောက်ပြီး ကောင်းကျိုးအမျိုးမျိုးတွေ ရောက်စေနိုင်တဲ့ မင်္ဂလာတစ်ပါး ဖြစ်တယ်။ တရားတော်ဆိုတာ အလွန်ခက်ခဲ နက်နဲသိမ်မွေ့ပါတယ်။ အဲဒီ ခက်ခဲနက်နဲတဲ့တရားကို မြင်အောင် ရှုနိုင်ပြီဆိုရင် "သဗ္ဗဒုက္ခာ ပမုစ္စတိ" ယောဂီများအတွက် အလုံးစုံသောဒုက္ခမှ လွတ်မြောက်သွားဖို့ရာ ဖြစ်တယ်။
တရားတွေ စတွေ့သွားပြီ ဖြစ်တယ်။ ပေါ့ပေါ့ပြီးတော့ တက်သွားတာ၊ ပေါ့ပေါ့ပြီးတော့ ရွေ့သွားတာ၊ လေးလေးပြီးတော့ ကျသွားတာ တရားစတွေ့တာပဲ ဖြစ်တယ်။ ဘယ်တရားတွေကို တွေ့ရသလဲဆိုတော့ ပေါ့ပေါ့ပြီးတော့ အပေါ်ကို တက်သွားတာ၊ ပေါ့ပေါ့ပြီးတော့ ရှေ့ကို ရွေ့သွားတာကို တွေ့ရတာက တေဇောနဲ့ ဝါယောရဲ့ သဘောကို တွေ့ရတာဖြစ်တယ်။
ဆောင်ပုဒ်။ ။ တေ နှင့် ဝါမှာ၊ ဓာတ်နှစ်ဖြာ၊ ပေါ့တာ ထင်ရှားသည်။
တေ-က တေဇော၊ ဝါ-က ဝါယော။ တေဇောဓာတ်-က အခိုးဓာတ်၊ မီးဓာတ်၊ ပေါ့တယ် အပေါ်ကိုပဲ ရွေ့တက် လွင့်တက်တယ်။ ဝါယောဓာတ်က လေဓာတ်၊ အပေါ့ဓာတ်။ ဤအပေါ့ဓာတ်နှစ်ပါးကို တွေ့ရတာဖြစ်တယ်။ ယောဂီတို့ရဲ့ ခန္ဓာကိုယ်မှာ ထင်ရှားစွာ ဖြစ်နေတဲ့ ရုပ်တရားတွေ ဖြစ်တယ်။
ချလိုက်တဲ့အခါ လေးလေးပြီးကျတာကို တွေ့ရတာက ပထဝီနဲ့ အာပေါရဲ့ သဘောကို တွေ့ရတာ ဖြစ်တယ်။ ပထဝီ-က မြေဓာတ်၊ အလေးဓာတ်။ အာပေါ-က ရေဓာတ်၊ အလေးဓာတ်။ ဒီဓာတ်နှစ်ပါးကို တွေ့ရတာ ဖြစ်တယ်။
ဆောင်ပုဒ်။ ။ ပ နှင့် အာမှာ၊ ဓာတ်နှစ်ဖြာ၊ လေးတာထင်ရှားသည်။
တရား စတွေ့ရပါတယ်။ တရားတွေ တွေ့သွားလို့ရှိရင် တရားရဖို့ရာ မခဲယဉ်းတော့ပါဘူး။ မိမိ၏ ပါရမီအားလျော်စွာ ရသွားနိုင်ကြပါတယ်။
ဆင့်ကာ ဆင့်ကာ ရှုမှတ်လို့ နာမရူပပရိစ္ဆေဒဉာဏ် မှစပြီး ပစ္စယပရိဂ္ဂဟဉာဏ် ရောက်သွားတဲ့အခါ အဓိပတိပစ္စည်းတွေ၊ အဓိပတိပစ္စယုပ္ပန်တရားတွေကို ဝိပဿနာတရားရှုလို့ ရသွားပါပြီ။ ပစ္စယပရိဂ္ဂဟဉာဏ်ကို ရောက်သည်ရှိသော် ဖောင်းတယ် ပိန်တယ် ထိုင်တယ် ထိတယ်လို့ မှတ်နေတဲ့အခါ ယောဂီက သိသိလာတယ်။ ဖောင်းတာ ပိန်တာတွေက ပေါ်ပေးနေလို့ မှတ်သိစိတ်တွေက ဖြစ်နေရတာပဲ။ ထိုင်တာ ထိတာတွေက ရှိနေလို့ မှတ်သိစိတ်တွေက ဖြစ်နေရတာပဲ။ ဖောင်းတာ ပိန်တာ ထိုင်တာ ထိတာတွေက အကြောင်းပဲ။ မှတ်သိစိတ်က အကျိုးပဲ။
ဝိပဿနာဉာဏ်တွေ ရင့်ကျက်လာတော့ ဖောင်းတာ ပိန်တာတွေကလည်း အမျိုးမျိုး ဖောင်းတာ ပိန်တာ ဖြစ်တယ်။ ကျောဘက်မျာ ကပ်ပြီးတော့ ဖောင်းတာ ပိန်တာ ဖြစ်တယ်။ ဘေးဘက်မှာလည်း ကပ်ပြီးတော့ ဖောင်းတာ ပိန်တာ ဖြစ်တယ်။ ငယ်ထိပ်မှာသွားပြီးတော့လည်း ဖောင်း ပိန်တွေ ဖြစ်နေတတ်တယ်။ အဲဒီလို ဖြစ်နေတော့ ဖောင်း ပိန်တွေ ရွှေ့သွားတိုင်း မှတ်သိစိတ်က လိုက်ပြီးတော့ မှတ်ရပါတယ်။ အော် ... ဖောင်း ပိန်ရွှေ့သွားတိုင်း မှတ်သိစိတ်က လိုက်ပြီး မှတ်သိနေရတာပဲ။ ဖောင်းနေတာ ပိန်နေတာက အကြောင်းပါလား၊ မှတ်သိစိတ်က အကျိုးပါလား။ သိသွားပါတယ်။
နောက်တော့ တစ်ဆင့် သိမ်မွေ့သွားတဲ့အခါ ဖောင်းတာ ပိန်တာတွေ မှတ်လို့ မရတော့ဘူး။ "ဖောင်းတာလည်း မရှိတော့ဘူး။ ပိန်တာလည်း မရှိတော့ဘူးဘုရား၊ ဘယ်လိုများ မှတ်ရပါ့မလဲဘုရား"ဟု လျှောက်ကြတယ်။ "ထိုင်တယ် ထိတယ်" မှတ်ရမယ်။ ဖောင်းတာ ပိန်တာတွေ မရှိတော့ "ဖောင်းတယ် ပိန်တယ်"လို့မှတ်တဲ့ မှတ်သိစိတ်လည်း မရှိတော့ဘူး။ ဖောင်းတာ ပိန်တာတွေက အကြောင်း၊ မှတ်သိစိတ်က အကျိုးဆိုတာ ထင်ရှားပါတယ်။
အဲဒီဉာဏ်ရောက်သွားတော့ ယောဂီက အမှတ်တွေလည်း စိတ်လို့ရသွားပြီ ဖြစ်တယ်။ ကမ္မဋ္ဌာန်းဆရာများကတော့ မိမိရဲ့ တာဝန်အရ တရားစဝင်ကတည်းက "ယောဂီ - အထွေထွေ အသေးစိတ်များလည်း မှတ်နိုင်သမျှ မှတ်ပါ။ ဒီတော့မှ တရားမြန်မြန်တက်မယ်။"လို့ သတိပေးစကား မိန့်ကြားရပါတယ်။ မိန့်ကြားပင် မိန့်ကြားငြားသော်လည်း တရားလာလျှောက်တဲ့အခါ "ယောဂီ ... အထွေထွေ အမှတ်တွေ မှတ်လို့ရပြီလား" "မရသေးပါဘုရား"ဟု လျှောက်ထားတယ်။ နာမရူပပရိစ္ဆေဒဉာဏ်မှာ မရသေးဘူး။ မှတ်အားက နည်းနေသေးတယ်။ သမာဓိဉာဏ် အားနည်းတော့ မှတ်လို့ မရသေးဘူး။ နောက်တစ်ဆင့်တက်ပြီး မှတ်လိုက်တဲ့အခါ ပစ္စယပရိဂ္ဂဟဉာဏ်သို့ ရောက်သွားတယ်။ အခုပြောခဲ့တဲ့ အကြောင်းနှင့် အကျိုးသိတဲ့ဉာဏ်သို့ ရောက်သွားတဲ့အခါ ယောဂီ အထူးသတိထားလို့ရှိရင် အကြောင်းနှင့် အကျိုးတွေ ကွဲနေတော့ ဘယ်လိုနေရာတွေမှာ ပိုထင်ရှားလဲဆိုရင် ဣရိယာပုထ်လေးပါးမှာ ပိုထင်ရှားတယ်။
ယခုလို တရားထိုင်ရာက ထရတော့မယ်ဆိုရင် အမြန်မထလိုက်ပါပဲနဲ့ မျက်စိကို မှိတ်ထားပြီး စိတ်က အာရုံပြုကြည့်လိုက်ရင် ထချင်တဲ့စိတ် ဖြစ်နေတာ ထင်ရှားနေပါတယ်။ အထူးသတိထားရင်တော့ ထင်ရှားတယ်။ သာမန် သတိထားရင်တော့ မထင်ရှားဘူး။ အမှတ်မပါပဲနဲ့ ထခဲ့တဲ့ အကြိမ်ပေါင်းက မြောက်များစွာ ဖြစ်ခဲ့ကြတယ်။ ဒါကြောင့် သာမန်သတိထားရင်တော့ မထင်ရှားပေဘူး။ အထူးသတိထားရင်တော့ ထင်ရှားပေတယ်။ "ထချင်တယ်၊ ထချင်တယ်"ဟု ရှေးဦးစွာ မှတ်ရတယ်။
ထို့နောက်မှ ထချင်တဲ့ စိတ်ကြောင့်ဖြစ်တဲ့ လေတွေက တွန်းကန်လို့ ခန္ဓာကိုယ် အပေါ်သို့ ရွေ့ရွေ့တက်သွားတာကို "ထတယ်၊ ထတယ်"လို့ ရှုမှတ်ရပေတယ်။ လက်ထောက်တော့ "ထောက်တယ်၊ ထောက်တယ်"လို့ မှတ်ရပါတယ်။ အားတွေ ပြည့်သွားတဲ့အခါ ခန္ဓာကိုယ်အမူအရာ အပေါ်ကို ရွေ့ရွေ့တက်သွားတာကိုတော့ မြန်မာဝေါဟာရဖြင့် ဘယ်လို ခေါ်သလဲ။ "ထတယ်"လို့ ခေါ်တယ်။ ခေါင်း ကိုယ် ခြေ လက်ပုံ သဏ္ဌာန်များကိုတော့ ခွာနိုင်သမျှခွာ၊ အပေါ်သို့ ရွေ့ရွေ့တက်သွားတဲ့ သဘောကိုတော့ သိနိုင်သမျှ သိအောင် စူးစိုက်ရပါတယ်။ စူးစိုက်လို့ရသွားပြီ၊ ရွေ့နေတဲ့ အစဉ်လေးကိုလည်း မီအောင် မှတ်နိုင်သွားပြီဆိုရင် "ထတယ်၊ ထတယ်လို့ မှတ်လိုက်တဲ့အခါ အပေါ်ကို ရွေ့ရွေ့ပြီး တက်သွားတာကို သိပြီးတဲ့အပြင် ပေါ့ပေါ့ပြီး တက်သွားတာကို တွေ့သိရပါတယ်။ ထချင်တဲ့ စိတ်ကြောင့် ထရတာပဲလို့ သိသွားပါတယ်။ ထချင်တဲ့ စိတ်ကြောင့် ထရတာပဲလို့ သိသွားပါတယ်။
ထရာကနေ သွားရတော့မယ်ဆိုတော့ အမြန်မသွားလိုက်ပဲနဲ့ ခေတ္တရပ်ပြီးတော့ မျက်စိလေးမှိတ်ပြီး မိမိစိတ်ကို အာရုံပြုကြည့်တဲ့အခါ သွားချင်တဲ့ စိတ်တွေ ထင်ရှားနေတတ်ပါတယ်။ ထင်ရှားနေတော့ "သွားချင်တယ်၊ သွားချင်တယ်"လို့ ရှုမှတ်ရပါတယ်။ ထို့နောက်မှ သွားချင်တဲ့ စိတ်ကြောင့်ဖြစ်တဲ့ လေတွေက တွန်းကန်နေလို့ သွားတဲ့ ကိုယ်အမူအရာတွေ ဖြစ်လာမှ "ဘယ်လှမ်းတယ်၊ ညာလှမ်းတယ်၊ ကြွတယ်၊ ချတယ်၊ ကြွတယ်၊ လှမ်းတယ်၊ ချတယ်"ဟု မှတ်ပြီး သွားရပါတယ်။ သွားချင်တဲ့ စိတ်ကြောင့် သွားရတာပဲလို့ ယောဂီ သိသွားပါတယ်။ အမှတ်လည်း စိတ်လို့ရသွားပြီ ဖြစ်တယ်။
သွားရာကနေ၊ စင်္ကြံလျှောက်ရာကနေ ရပ်ရတော့မယ်ဆိုရင် အမှတ်သတိက ရှိနေတဲ့အတွက်ကြောင့် အထူးသတိထားလိုက်မယ်ဆိုရင် စင်္ကြံဆုံးခါနီးမှာ လေး-ငါးလှမ်း၊ သုံး-လေးလှမ်းကစပြီး ရပ်ချင်တဲ့ စိတ်တွေ ဖြစ်နေတာ ထင်ရှားနေတတ်ပါတယ်။ ထင်ရှားနေတော့ ရှေးဦးစွာ "ရပ်ချင်တယ်၊ ရပ်ချင်တယ်"လို့ မှတ်ရတယ်။ ထို့နောက် ရပ်ချင်တဲ့ စိတ်ကြောင့် ဖြစ်တဲ့ လေတွေက တွန်းကန်လိုက်လို့ ရပ်တဲ့ ကိုယ်အမူအရာ ဖြစ်လာမှ "ရပ်တယ်၊ ရပ်တယ်"လို့ မှတ်ရတယ်။ ရပ်ချင်တဲ့ စိတ်ကြောင့် ရပ်ရတာပဲ။ သိသွားပါတယ်။ ရပ်ချင်တဲ့ စိတ်က အကြောင်း ရပ်တဲ့ အမူအရာများက အကျိုးတရားလို့ သိသွားပါတယ်။
ရပ်ရာကနေ ထိုင်ရတော့မယ်အခါမှာလည်း အထူးသတိထားလို့ရှိရင် ထိုင်ချင်တဲ့ စိတ်တွေ ထင်ရှားနေလို့ "ထိုင်ချင်တယ်၊ ထိုင်ချင်တယ်" ဟု မှတ်ရပါတယ်။ ပြီးတော့မှ ထိုင်ချင်တဲ့စိတ်ကြောင့် ဖြစ်တဲ့ လေတွေက တွန်းကန်ချလိုက်လို့ ထိုင်တဲ့ ကိုယ်အမူအရာ ဖြစ်လာမှ "ထိုင်တယ်၊ ထိုင်တယ်"လို့ မှတ်ရတယ်။ မှတ်တဲ့အခါမှာလည်း ခေါင်း ကိုယ် ခြေ လက် ပုံသဏ္ဌာန်များကိုတော့ ခွာနိုင်သမျှခွာ၊ အောက်သို့ တစ်ရွေ့ပြီးတစ်ရွေ့၊ ရွေ့ရွေ့ကျသွားတဲ့ သဘောကို သိနိုင်သမျှ သိအောင် စူးစိုက်ရပါတယ်။ ခေါင်း ကိုယ် ခြေ လက် ပုံသဏ္ဌာန်တွေက ပညတ်တွေ ဖြစ်တယ်။ ဝိပဿနာရှုဖို့ရာ မဟုတ်ဘူး။ တစ်ရွေ့ပြီး တစ်ရွေ့ အောက်သို့ ရွေ့ကျသွားတဲ့ သဘောလေးကတော့ ပရမတ်ပဲ။ သူ့ကိုတော့ သိနိုင်သမျှ သိအောင် စူးစိုက်ရတယ်။ ရွေ့နေတဲ့အစဉ်လေးတွေကိုလည်း မီအောင် မှတ်တတ်လာပြီဆိုရင် ထိုင်ချလိုက်တဲ့အခါ လေးလေးပြီးတော့ ကျသွားတာ ကိုယ်တိုင် တွေ့ရပါတယ်။ ထိုင်ချင်တဲ့ စိတ်က အကြောင်း။ ထိုင်တဲ့ ကိုယ်အမူအရာများက အကျိုးတရား ဖြစ်တယ်။
ထိုင်ရာကနေ လျောင်းချရတော့မယ် ဆိုရင်လည်း အထူးသတိထားလိုက်တဲ့အခါ လျောင်းချင်တဲ့ စိတ်တွေက ရှေးဦးစွာ ဖြစ်နေလို့ "လျောင်းချင်တယ်၊ လျောင်းချင်တယ်"ဟု မှတ်ရတယ်။ နောက်ပြီးမှ လျောင်းချင်တဲ့ စိတ်ကြောင့်ဖြစ်တဲ့ လေတွေက တွန်းချလိုက်လို့ ခန္ဓာကိုယ်အမူအရာ လျောင်းကျသွားတဲ့အခါကျမှ "လျောင်းတယ်၊ လျောင်းတယ်"ဟု မှတ်ရတယ်။ လျောင်းချင်တဲ့ စိတ်က အကြောင်း၊ လျောင်းနေတဲ့ ကိုယ်အမူအရာများက အကျိုးဖြစ်တယ်။
ပစ္စယပရိဂ္ဂဟဉာဏ်ရောက်တော့ မှတ်လို့ရလာပါတယ်။ ထချင်တဲ့ စိတ်နဲ့ ထချင်တဲ့ဆန္ဒက စိတ္တာဓိပတိနဲ့ ဆန္ဒာဓိပတိတို့ ဖြစ်ကြတယ်။ အဓိပတိပစ္စည်းနှစ်ပါး တွေ့ရပါတယ်။ ထတဲ့ ကိုယ်အမူအရာများက ဆန္ဒကြောင့် စိတ်ကြောင့် ဖြစ်ပေါ်လာတဲ့ စိတ္တဇရုပ်တွေပဲ ဖြစ်တယ်။ "စိတ္တသမုဋ္ဌာနာနံ ရူပါနံ" ပါလာပါတယ်။ အဓိပတိ ပစ္စယုပ္ပန်တရားတွေကို မှတ်နေရတာပဲ ဖြစ်တယ်။ ပစ္စည်းကိုလည်း မှတ်ရတယ်။ ပစ္စယုပ္ပန်ကိုလည်း မှတ်ရတယ်။
အဓိပတိပစ္စည်းကိုလည်း မှတ်လို့ရတယ်။ "ထချင်တယ်၊ ထချင်တယ်"ဆိုတာ ဆန္ဒနှင့် စိတ္တနှစ်ခုကို မှတ်လို့ရနေတာ ဖြစ်တယ်။ ထတဲ့ ကိုယ်အမူအရာတို့သည် စိတ္တဇရုပ်တို့ ဖြစ်ကြတယ်။ ဆန္ဒ စိတ္တကြောင့် ဖြစ်တဲ့ "စိတ္တသမုဋ္ဌာနာနံ"အရ တစ်ရွေ့ပြီးတစ်ရွေ့ ခန္ဓာကိုယ်အမူအရာ အပေါ်ကို ရွေ့ရွေ့တက်သွားတာ စိတ္တဇရုပ်များပဲ ဖြစ်တယ်။ သာဓိပတိ စိတ္တဇရုပ်ကို မှတ်လို့ ရသွားပါတယ်။ ဆန္ဒ စိတ္တ ပစ္စည်းတရားကိုလည်း မှတ်လို့ရပါတယ်။ စိတ္တဇရုပ်ကိုလည်း မှတ်လို့ရပါတယ်။
ထို့နောက် ရပ်ရာမှ သွားရတော့မယ်ဆိုတော့ သွားချင်တဲ့ စိတ်တွေ၊ သွားလိုတဲ့ ဆန္ဒတွေကို "သွားချင်တယ်၊ သွားချင်တယ်"လို့ မှတ်ရတာက ဆန္ဒာဓိပတိ စိတ္တာဓိပတိ ပစ္စည်းတရားတွေကို မှတ်နေရတာ ဖြစ်တယ်။ ကိုယ်အမူအရာ ပေါ်လာတော့ "သွားတယ်၊ သွားတယ်"လို့ မှတ်တာက သာဓိပတိစိတ္တဇရုပ်ကို မှတ်တာဖြစ်တယ်။
သွားရာကနေ ရပ်ရတော့မယ်ဆိုတော့ ရပ်ချင်တဲ့ စိတ်တွေ၊ ရပ်ချင်တဲ့ဆန္ဒတွေ ထင်ရှားနေတော့ အဲဒီ "ရပ်ချင်တယ်၊ ရပ်ချင်တယ်" ဆိုတာက အဓိပတိပစ္စည်းလား .. ပစ္စယုပ္ပန်တရားလား ... ပစ္စည်းတရားတွေဖြစ်တယ်။ ပစ္စယုပ္ပန်တရား မဟုတ်ပေဘူး။ ရပ်တဲ့ ကိုယ်အမူအရာများက ပစ္စည်းတရားလား ... ပစ္စယုပ္ပန်တရားလား... ပစ္စယုပ္ပန်တရား ဖြစ်တယ်။ "ရပ်တယ်၊ ရပ်တယ်"လို့ မှတ်နေရပါတယ်။
ပဋ္ဌာန်းတရားတွေကို မိမိခန္ဓာကိုယ်မှာ တွေ့နေရတာ၊ ရှုနေရတာ နေရာကျပါတယ်။ အခုလို ရှုမှတ်နေရင် ယောဂီများ ဘယ်ကို ရောက်သွားမယ် ထင်ပါသလဲ ... မြတ်စွာဘုရား တရားဒေသနာတော်အတိုင်း မှတ်နေရတော့ နိဗ္ဗာန်ပဲ ရောက်သွားမှာဆိုတာ သေချာပါတယ်။
ရပ်ရာမှ ထိုင်ရတော့မယ်ဆိုတာ ပစ္စယပရိဂ္ဂဟဉာဏ် ရောက်နေတဲ့ ယောဂီပုဂ္ဂိုလ် အထူးသတိထားလိုက်တဲ့အခါ ထိုင်ချင်တဲ့ စိတ်တွေ ရှေးဦးစွာ ထင်ရှားနေပါတယ်။ ထိုင်ချင်တဲ့ စိတ်နှင့် ထိုင်ချင်တဲ့ဆန္ဒဟာ အဓိပတိပစ္စည်းတရားလား .. ပစ္စယုပ္ပန်တရားလား .... ပစ္စည်းတရား ဖြစ်တယ်။ ပစ္စည်းတရားကို "ထိုင်ချင်တယ်၊ ထိုင်ချင်တယ်"လို့ မှတ်ရပါတယ်။ ဆန္ဒစိတ္တကြောင့် ဖြစ်ပေါ်လာတဲ့ ကိုယ်အမူအရာများမှာ သာဓိပတိစိတ္တဇရုပ်တွေပဲ ဖြစ်တယ်။
"တံသမုဋ္ဌာနာနဉ္စ ရူပါနံ"ဆိုတဲ့ စိတ္တဇရုပ်တွေပဲ ဖြစ်တယ်။ "ထိုင်တယ်၊ ထိုင်တယ်"လို့ မှတ်ရတာက အဓိပတိပစ္စည်းတရားလား၊ ပစ္စယုပ္ပန်တရားလား ... ပစ္စယုပ္ပန်တရားပါ။ ပဋ္ဌာန်းတွေ ရွတ်ဖတ်နေရတာ ယခုမှပဲ ကိုယ့်ခန္ဓာနထဲမှာ ပဋ္ဌာန်းတွေ ပြန်တွေ့နေရပါတယ်။ အို .. နေရာကျလိုက်တာ၊ ဒီလို သိပြီးတော့ ရွတ်ဆိုရရင် ပိုနေရာကျပါတယ်။ ကိုယ့်ခန္ဓာ ကိုယ်ထဲမှာ ရှိတဲ့ ပစ္စည်း၊ ပစ္စယုပ္ပန်တွေကိုပဲ ရွတ်ဆိုနေရတာပဲ ဖြစ်တယ်။
ထိုင်ချင်တဲ့စိတ်၊ ထိုင်ချင်တဲ့ဆန္ဒက အဓိပတိပစ္စည်းတရား ဖြစ်တယ်။ ထိုင်တဲ့အမူအရာ ရုပ်များက အဓိပတိပစ္စယုပ္ပန်တရား ဖြစ်တယ်။ အကြောင်းနဲ့ အကျိုးပဲ ဖြစ်တယ်။ ထိုင်ချင်တဲ့ စိတ်၊ ထိုင်ချင်တဲ့ဆန္ဒတို့ကြောင့် ထိုင်တဲ့ ကိုယ်အမူအရာများ ဖြစ်လာပါတယ်။ ထိုင်ချင်တဲ့စိတ်၊ ထိုင်ချင်တဲ့ ဆန္ဒတို့က အကြောင်းပစ္စည်းတရား ဖြစ်တယ်။ ထိုင်တဲ့ ရုပ်အမူအရာများက အကျိုးပစ္စယုပ္ပန်တရား ဖြစ်တယ်။ တော်တော်တော့ ထင်ရှားသွားပြီ။
လျောင်းတဲ့အမူအရာလေးမှာ ရှင်းပြပါဦးမယ်။ ယောဂီများ လျောင်းချတော့မယ်ဆိုတော့ အထူးသတိထားနေရင် လျောင်းချင်တဲ့ စိတ်ဆန္ဒ ဖြစ်လာပါတယ်။ "လျောင်းချင်တယ်၊ လျောင်းချင်တယ်" မှတ်ရပါတယ်။ အဓိပတိ ပစ္စည်းတရားကို မှတ်တာလား .. ပစ္စယုပ္ပန်တရားကို မှတ်တာလား ..... ပစ္စည်းတရားကို မှတ်တာပါ။ လျောင်းတဲ့ စိတ်ဆန္ဒကြောင့် ဖြစ်တဲ့ လေတွေက တွန်းချလိုက်လို့ လျောင်းတဲ့ ကိုယ်အမူအရာ ရုပ်တရားတွေ ဖြစ်လာတယ်။ ဖြစ်လာတဲ့အခါကျမှ "လျောင်းတယ်၊ လျောင်းတယ်"လို့ မှတ်ရတယ်။ အဓိပတိပစ္စည်းတရားကို ပစ္စည်းတရားကို မှတ်တာလား ... ပစ္စယုပ္ပန်တရားကို မှတ်တာလား ... ပစ္စယုပ္ပန်တရားကို မှတ်တာပါ။ ကွဲပြားသွားပါတယ်။ မိမိ ခန္ဓာကိုယ်ထဲမှာ အဓိပတိပစ္စည်း၊ ပစ္စယုပ္ပန်တရားတွေ ကျေးဇူးပြုနေတာ ဖြစ်တယ်လို့ ဝမ်းမြောက်ဝမ်းသာ ဖြစ်စရာ ကောင်းပါတယ်။ ဒီလိုသိပြီး ရွတ်ဆိုရရင် အကျိုးများပါတယ်။
ဆက်ရန် ... အဓိပတိ ၃(ဃ) သို့ ....
စိတ်တိုင်းကျဘဝ
ပုံပြင်လေးတစ်ပုဒ်ပါ..။ ရုပ်ရည်ချောချောမောမော အရွယ်ကောင်းလူတစ်ယောက်ဟာ ဗြုန်းခနဲ သေသွားပြီးတော့ ဘုံဘ၀တစ်ခုကို ရောက်သွားတယ်။ ဘယ်လိုဘုံဘ၀ဆိုတာ အစမှာ မပြောနိုင်ဘူး။
ဒါပေမယ့် ရောက်သွားတဲ့နေရာဟာ အင်မတန် သာယာတယ်၊ တောတောင် ရေမြေ အင်မတန်ဆိုပြေတယ်။ အဲဒီနေရာရောက်တော့ သူက ကြည့်ပြီးတော့ ဒီနေရာလေးဟာ အင်မတန်သာယာတာပဲဆိုပြီး ၀မ်းသာနေတယ်။
လျှောက်ကြည့်… ပြီးတော့ အိမ်လေးတစ်အိမ်တွေ့တယ်။ အိမ်လေးကလည်း သူ့စိတ်ကြိုက်ပုံစံမျိုးဖြစ်နေတယ်။ အရင်ကတည်းက သူက အိမ်တစ်လုံးသာ ဆောက်ခွင့်ရမယ်ဆိုရင် ဒီလိုမျိုးလေးဆောက်ဖို့ စိတ်ကူးထားတာ..မဆောက်ဖြစ်လိုက်ဘူး။ ဒါပေမယ့် အဲဒီမှာ ဆောက်ထားတဲ့အိမ်လေးက တောင်ကုံးလေးနဲ့ အင်မတန်ပနှာရတယ်။ ဖောက်ထားတဲ့ လမ်းကလေးကလည်း အင်မတန် အချိုးကျတယ်။ သူ့သဘာဝနဲ့ကို ကိုက်ညီနေတာပဲ။ ပတ်ဝန်းကျင်နဲ့ကို ဟပ်နေတာပဲ။ ဒါနဲ့ ဒီအိမ်လေးကို သွားကြည့်အုံးမယ်ဆိုပြီး အနားသွားကြည့်တော့ အိမ်တံခါးပေါက်မှာ အိမ်ရှင်နာမည်ရေးထားတာ သူ့နာမည်ဖြစ်နေတယ်။ “သြော်.. ဒီအိမ်ဟာ ငါ့အိမ်ပဲကိုး၊ ငါ နတ်ပြည်ရောက်တာဖြစ်ရမယ်၊ ငါ့အတွက် အိမ်တောင် အဆင်သင့်ရှိနေတာ” ဒါနဲ့ သူ့အိမ်ဆိုပြီးတော့ အိမ်တံခါးလေးတွန်းဖွင့်ပြီးတော့ အထဲဝင်သွားတာ..အထဲမှာ ခင်းကျင်းထားပုံကလည်းပဲ အားလုံးဟာ သူ့စိတ်တိုင်းကျ၊ ကြမ်းပြင်ပေါ်မှာ ကော်ဇောခင်းထားတာ အရောင်အသွေးကအစ၊ နူးညံ့ပုံကအစ သူ့စိတ်တိုင်းကျ၊ စားပွဲကုလားထိုင် ဆိုဖာတွေ ထားပုံကလည်း သူ့စိတ်တိုင်းကျ၊ ပြတင်းပေါက်တွေဖောက်ထားပုံ၊ အခန်းတွေ ဖွဲ့ထားပုံ၊ အခန်းမှာ အရောင်တွေဘာတွေ သုတ်ထားပုံ စသည်ဖြင့်ပေါ့လေ.. စိတ်ကူးနဲ့ ကိုယ့်ဖာသာကိုယ်သာ ဖြည့်ကြည့်ကြပေါ့.. အားလုံးဟာ စိတ်တိုင်းကျ၊ တစ်ခုမှ စိတ်တိုင်းမကျတာ မတွေ့ဘူး။ အဲလိုပဲ သူက လျှောက်ကြည့်ပြီးတော့ သဘောတွေကျနေတာ..၊ အင်မတန် ကျေနပ်နေတာ..။ ဟန်ကျလိုက်တာ ပေါ့လေ.. ငါစိတ်တိုင်းကျအိမ်လေးနဲ့ ငါ နေရတော့မယ်။
ခဏနေတော့ သူနည်းနည်း ဆာသလိုဖြစ်လာတယ်။ တစ်ခုခုစားအုံးမှဖြစ်မှာပါဆိုပြီးတော့ စားသောက်ခန်းထဲ ၀င်သွားတယ်၊ အထဲမှာ သွားကြည့်လိုက်တော့ စားစရာအားလုံးဟာ စားပွဲမှာ ပြင်ပြီးသားဖြစ်နေတယ်။ သူ စားချင်တာတွေ အားလုံးဟာ အဲဒီမှာ ပြင်ပြီးသား။ ခူးခပ်ပြီးတော့တောင် ထည့်စရာမလိုဘူး၊ အဲဒီလောက်ထိတောင် စိတ်တိုင်းကျဖြစ်တဲ့ ဘ၀မျိုး..နော်။ ဒါနဲ့ သူစိတ်တိုင်းကျဖြစ်တဲ့ အစားအသောက်တွေကို စားလိုက်၊ သောက်လိုက်နဲ့ အားလုံး အနံ့၊ အရသာ၊ အတွေ့အထိတွေရော၊ ၀ါးရတာ ကြွပ်ကြွပ်ရွရွနေပုံတွေရော၊ အားလုံးဟာ စိတ်တိုင်းကျပဲ။ ဒါပေမယ့် စားရင်းနဲ့ သူက စဉ်းစားမိတယ်။ ကြည့်ရတာလည်း အကုန်လှတယ်နော်၊ စားရတာလည်း အနံ့အရသာ အကုန်လုံးပြည့်စုံတယ်၊ သောက်ရတာလည်းပဲ အနံ့အရသာ အကုန်လုံးပြည့်စုံတယ်..နော်၊ ဒါပေမယ့် သူ့စိတ်ထဲမှာ အားမရသေးဘူး။
“စားရင်းသောက်ရင်းနဲ့ ငါ သီချင်းလေးများ နားထောင်ရရင် ကောင်းမှာပဲ”လို့ စိတ်ကူးလိုက်တာနဲ့ သူကြားချင်တဲ့ သီချင်းသံက အလိုလျှောက် နံရံတွေဘက်ကနေ အသံတွေထွက်လာတယ်။ ဟိုဘက်ကရော၊ ဒီဘက်ကရော အင်မတန်သာယာငြိမ့်ညောင်းတယ်။ ဒါလေးကို သူက နားထောင်ပြီးတော့ ခန္ဓာကိုယ်ကလည်းပဲ အင်မတန်နူးညံ့တဲ့ ထိုင်စရာပေါ်မှာ ထိုင်လို့၊ ဖောဋ္ဌဗ္ဗာရုံတွေကို ခံစားနေတယ်။ မျက်စိကလည်း အင်မတန်လှပတဲ့ အဆင်းတွေကို ကြည့်…လို့ ရူပါရုံအရသာတွေကို ခံစားပြီးတော့ နေတာနော်။ နှာခေါင်းကလည်း အနံ့နဲ့ပြည့်စုံတဲ့ အစားအသောက်တွေရဲ့အနံ့ ဂန္ဓာရုံကို သူ ရနေတယ်၊ လျှာကလည်း ရသာရုံအရသာကို ခံစားနေတယ်၊ နားကလည်းပဲ သောတရုံအရသာကို ခံစားနေတယ်။ အဲဒီလို အရသာတွေကို တပြိုင်နက် ခံစား..ပြီးတော့ သဘောကျနေတယ်။
စားသောက်ပြီးတဲ့ အခါကျတော့ အပြင်ဘက် ဧည့်ခန်းထဲမှာ ထိုင်နေတယ်။ ထိုင်ရတဲ့ နေရာလေးကလည်း အင်မတန်အချိုးကျတယ်.. ပြတင်းပေါက်ကလှမ်း..ကြည့်လိုက်ရင်လည်း အင်မတန်သာယာတဲ့ ရှုခင်းတွေကို တွေ့ရတယ်။ စဉ်းစားနေသေးတယ်.. တစ်ခုခုတော့ လိုတယ်၊ ငါ့မှာ တစ်ယောက်တည်းဖြစ်နေတယ်၊ အဖော်မရှိဘူး။ အဲဒီလိုလဲ စိတ်ကူးတောင့်တလိုက်ရော.. တံခါးခေါက်သံကို ကြားတယ်။ “၀င်ခဲ့ပါ”လို့ လှမ်းပြောလိုက်တော့ သူ့စိတ်တိုင်းကျ အရပ်အမောင်းရော၊ ကိုယ်လုံးကိုယ်ပေါက်ရော၊ ၀တ်ပုံစားပုံ၊ သွားပုံလာပုံရော၊ မျက်နှာအမူအယာရော၊ အကုန်လုံးပြည့်စုံတဲ့ အမျိုးသမီးလေးတစ်ယောက် ၀င်လာတယ်။ အင်မတန်ဝမ်းသာအားရပဲ သူတောင့်တလို့ ရောက်လာတာဆိုတော့ လာကတည်းက သူ့ကိုလည်း ချစ်ပြီးသား ခင်ပြီးသားပဲ၊ ဘာမှ အထူးကြောင့်ကြစိုက်နေစရာမလိုတော့ဘူး..နော်။
ဒါနဲ့ သူတို့ဟာ အဲဒီအိမ်ကလေးမှာပဲ နေပြီးတော့… ကြိုက်သမျှ အာရုံတွေကို ကြိုက်သလို အမြဲတမ်း နေ့တိုင်း ခံစားပြီးတော့ နေတယ်။ ဒီလိုနဲ့ နှစ်တွေ အများကြီးကြာသွားတယ်..။
ကြာလာတော့ တစ်နေ့ သူက စဉ်းစားတယ်၊ နေရထိုင်ရတာတော့ အားလုံးဟာ စိတ်တိုင်းကျချည်းပဲ။ ဒါပေမယ့် နေ့တိုင်း ဒါချည်းပဲဖြစ်နေတာ..။ အဲဒီတော့ အပြောင်းအလဲလေး တစ်ခုခုဖြစ်သွားအောင် “ငါ ငရဲပြည် အလည်သွားရရင် ကောင်းမယ်” ဆိုပြီး စဉ်းစားတယ်။
လူ့စိတ်သဘာဝဟာ.. ဘယ်လောက်ဆန်းကြယ်သလဲဆိုရင် လိုတာတွေ အကုန်လုံးရသွားရင်လည်းပဲ ကျေနပ်သွားမယ် မထင်နဲ့နော်။ မကျေနပ်ဘူး။ စိတ်ရဲ့သဘာဝဟာ.. မကျေနပ်ဘူး။ အဲဒီမကျေနပ်တတ်တဲ့သဘာဝကိုက စိတ်ထဲမှာရှိနေတာ..။ ဘယ်လောက်ပဲ စိတ်တိုင်းကျရရ ကျေနပ်မှာ မဟုတ်ဘူး။ လူတစ်ယောက် ကြံကြံဖန်ဖန်ဆိုပါတော့ ဒီပုံပြင်လေးထဲကအတိုင်း ငရဲပြည်အလည်သွားချင်တယ်။ သူ့ဘ၀နဲ့ အင်မတန်ကွာခြားတာ သူသိတယ်။ ဒါနဲ့ အဲဒီဘုံ အဲဒီဌာနက အကြီးအကဲဆီသွားတယ်။ သွားတော့ အကြီးအကဲက “ဘာများ အဆင်မပြေလို့လဲ”လို့ မေးတယ်။ သူက ပြန်ဖြေတယ် “အားလုံးအဆင်ပြေပါတယ်။ လိုသမျှအားလုံးဟာ တောင့်တတာနဲ့ပဲ ပြီးပြည့်စုံနေတာပဲ” “ဒါပေမယ့် အပြောင်းအလဲလေးဖြစ်အောင် ငရဲပြည်တစ်ခေါက်လောက် သွားကြည့်ချင်လို့ပါ”လို့ပြောတော့… ဌာနက အကြီးအကဲကလည်း သူ့ကို ပြန်မေးတယ် “မင်း ရောက်နေတဲ့နေရာက ဘယ်လိုနေရာထင်လို့လဲ”???…
ပုံပြင်က ဒီနေရာမှာတင် ဆုံးသွားတယ်။
အဖြေက ဘယ်လိုဖြစ်မလဲဆိုတော့ ဒီပုံပြင်ကို ရေးတဲ့သူရဲ့ အာဘော်အရဆိုရင် “မင်းရောက်နေတာ ငရဲပြည်ပဲ၊ မင်းငရဲပြည်ကို သွားနေဖို့မလိုတော့ဘူး”လို့ ပြောတာပဲ။
ဒီပုံပြင်ကို ရေးတဲ့သူက အမေရိကန်တစ်ယောက်၊ ဗုဒ္ဓဘာသာပဲ။ သူဟာ ဒုက္ခသစ္စာရဲ့သဘောကို တော်တော်လေး သဘောပေါက်တဲ့သူ၊ သူဟာ စာတွေအများကြီးရေးတယ်။ သူပြောချင်တဲ့သဘောက ကာမဂုံအာရုံတွေကို ဘယ်လောက်ပဲ အပြည့်အ၀ ခံစားရ ခံစားရ စိတ်ဆိုတာ အားရကျေနပ်မှုရှိမယ့် သဘောမဟုတ်ဘူး။ တစ်နေ့ကျတော့ ဒါကိုလည်းပဲ မကျေနပ်မှုတစ်ခုဖြစ်တော့မှာပဲ။ ဒါဟာလည်းပဲ ဒုက္ခတစ်မျိုးဆိုတဲ့အဓိပ္ပာယ်ပါတယ်နော်။ နောက်တစ်ခုအဓိပ္ပာယ်က ပါနေသေးတယ်။ အဲဒီအဓိပ္ပာယ်က ပိုပြီးတော့ လေးနက်တယ်။ အဲဒါက ဘာလဲဆိုတော့ ဒီလူမှာ မြင့်မြတ်တာ၊ တန်ဖိုးထားစရာ ကြိုးကြိုးစားစား အကောင်အထည်ဖော်ရမယ့် ဦးတည်ချက်ဘာရှိလဲ??? ဘာမှမရှိဘူး၊ သူ စားလိုက်သောက်လိုက် အာရုံအမျိုးမျိုးခံစားလိုက်၊ တစ်နေ့ကုန်သွားလိုက်၊ နောက်တစ်နေ့ စားလိုက်သောက်လိုက်၊ အာရုံတွေ အမျိုးမျိုးခံစားလိုက်၊ တစ်နေကုန်သွားရော…
နောက်တစ်နေ့ရော???….ဒါပဲ
နောက်တစ်နေ့ရော???…. ဒါပဲ။
နောက် ဒီလိုပဲ… နှစ်ပေါင်းလပေါင်း သန်းနဲ့ပဲကြာကြာ ကုဋေနဲ့ပဲကြာကြာ.. သူဘာလုပ်မလဲ???…ဒါပဲ။
ဘာထူးသလဲဆိုရင်ရော???…ဘာမှမထူးဘူး။
ကမ္ဘာပေါင်းများစွာ အဲဒီလိုခံစားနေရတယ်ဆိုတော့ရော???…ဘာထူးသလဲဆိုရင်ရော ဘယ့်နှနေမလဲ???.. ဘာမှ မထူးဘူး..နော်။
လူဆိုတာ.. တစ်ခုခု မြင့်မြတ်တာ၊ လေးနက်တာ၊ တန်ဖိုးထားစရာ ရှိပြီးတော့ အဲဒါကို ကြိုးကြိုးစားစား အကောင်အထည်ဖော်နေရမှ.. သူ့ဘ၀ဟာ အဓိပ္ပာယ်ရှိတယ်။ တန်ဖိုးရှိတယ်။ အဲဒီလိုမှသာ ကျေနပ်မှုကို အပြည့်အ၀ ရနိုင်တယ်။
အဲဒီတော့ ကိုယ့်မှာ ဘယ်လိုစွမ်းရည်သတ္တိတွေရှိတယ်ဆိုတာ ကိုယ်တိုင်သိအောင် စူးစမ်းလေ့လာပြီး လေးနက်မြင့်မြတ်တာ တစ်ခုခုကို နေ့စဉ် အချိန်မှန်မှန် လုံ့လ၀ီရိယထားပြီးတော့ အမြဲတမ်း ကြိုးစားအားထုတ်နေသင့်ပါတယ်။ ။
ဆရာတော်ဦးဇောတိက(မဟာမြိုင်တောရ)၏ သီလတန်ဖိုးတရားခွေမှ နှစ်သက်မိသည့်ပုံပြင်နှင့် ကျေနပ်အတုယူဖွယ် အတွေးအခေါ်ကို စာတင်ဖော်ပြခြင်းဖြစ်ပါသည်။
သုမွန်
ပုရေဇာတပစ္စည်း
နှစ်သက်မိသော ဇင် ပုံပြင်များ (၁၁) Concentra
Undisturbed, the master did not draw his bow, but rather motioned for the young archer to follow him up the mountain. Curious about the old fellow's intentions, the champion followed him high into the mountain until they reached a deep chasm spanned by a rather flimsy and shaky log.
Calmly stepping out onto the middle of the unsteady and certainly perilous bridge, the old master picked a far away tree as a target, drew his bow, and fired a clean, direct hit. "Now it is your turn," he said as he gracefully stepped back onto the safe ground. Staring with terror into the seemingly bottomless and beckoning abyss, the young man could not force himself to step out onto the log, no less shoot at a target.
"You have much skill with your bow," the master said, sensing his challenger's predicament, "but you have little skill with the mind that lets loose the shot."
Read more...
ဗုဒ္ဓဘာသာဝင်တို့၏ အဓိက ကျင့်စဉ်
ထိုလမ်းစဉ်သည် ကာမဂုဏ်အာရုံများကိုလည်း လိုက်စားမှု မပြု။ ခန္ဓာကိုယ်ကိုလည်း နှိပ်စက် ညှင်းပန်းမှု မပြုရသည့် အချက်ရှစ်ချက် ပါဝင်သော လမ်းစဉ် ဖြစ်သည်။
ထိုလမ်းစဉ်ကို လောက သံသရာမှ လွတ်မြောက်ရေးအတွက်သာ အလေးထား၍ ဟောကြားထားသော်လည်း နေ့စဉ်ဘဝအတွက်လည်း ဆွဲယူ အသုံးပြုနိုင်သည်။
အလယ်အလတ်ဟူသော စကားလုံးကို မျှတမှု၊ အစွန်းမရောက်မှု ဟူသော အဓိပ္ပာယ်နှင့် နေ့စဉ်ဘဝအတွက် အသုံးပြုပါက အရာရာတွင် အလွန်အကျွံ မဖြစ်စေဘဲ သင့်တင့်မျှတ ပျော်ရွှင်ချမ်းမြေ့စွာ ပြုမူနေထိုင်သွားနိုင်ပါလိမ့်မည်။
အစားအသောက် အနေအထိုင် အပျော်အပါး စသည်များကို လူ့သဘာဝအရ မကင်းနိုင်သဖြင့် ပြုလုပ်သော်လည်း အလွန်အကျွံ မဖြစ်ဖို့ အရေးကြီး၏။ အလယ်အလတ် မျှတဖို့ အရေးကြီး၏။ မျှတစွာ သုံးဆောင်ခံစားလျှင် ပျော်ရွှင်မှု သုခကို ရနိုင်မည် ဖြစ်၏။
မဇ္ဈိမပဋိပဒါ ကျင့်ရှစ်ဖြာ (အလယ်အလတ်လမ်းစဉ်)
ဘုရားရှင်ဟောကြားထားသည့် အလယ်အလတ်လမ်းစဉ်မှာ -
- သမ္မာဝါစာ
- သမ္မာကမ္မန္တ
- သမ္မာအာဇီဝ
- သမ္မာဝါယာမ
- သမ္မာသတိ
- သမ္မာသမာဓိ
- သမ္မာသင်္ကပ္ပ
- သမ္မာဒိဋ္ဌိ ဆိုသည့် အချက်ရှစ်ချက် ပါသည့် လမ်းစဉ် ဖြစ်သည်။
ထိုရှစ်ပါးကို အကျဉ်းချုပ်က သီလ၊ သမာဓိ၊ ပညာ ဆိုသည့် ဗုဒ္ဓဘာသာဝင်များ၏ အခြေခံ အဓိကအချက်များကို တွေ့ရမည် ဖြစ်သည်။
ဘုရားရှင်သည် အဓိကအချက်သုံးချက်ကိုပင် အခြေခံ၍ လေးဆယ့်ငါးနှစ် ကာလပတ်လုံး တရားဒေသနာအမျိုးမျိုးကို ဒေသအသီးသီးတွင် ပုဂ္ဂိုလ်သတ္တဝါများ၏ စိတ်အခြေအနေကို ကြည့်၍ ဟောကြားခဲ့၏။
အလယ်အလတ်လမ်းစဉ်တွင် အချက်ရှစ်ချက်သာ ပါဝင်သော်လည်း ထိုရှစ်ချက်၏ အနက်အဓိပ္ပာယ်ကို အသေးစိတ် လေ့လာကြည့်က မည်မျှကျယ်ဝန်းကြောင်းကို ဖော်ပြပါအတိုင်း တွေ့နိုင်သည်။
သမ္မာဝါစာ
သမ္မာဝါစာ (ကောင်းမွန် မှန်ကန်သော စကား) ဆိုသည်မှာ -
(၁) မဟုတ်မမှန်သော စကားကို မပြောဆိုဘဲ မှန်ကန်သော စကားကို ပြောဆိုခြင်း။
(၂) တယောက်နှင့်တယောက် အထင်အမြင်လွဲအောင်၊ ခင်မင်မှုပျက်ပြားအောင်၊ ရန်ငြိုးဖွဲ့အောင် အတို့အထောင် ကုန်းချောစကားကို မပြောဆိုဘဲ အချင်းချင်း အဆင်ပြေအောင်၊ ခင်မင်မှုတိုးပွားအောင် ပြောဆိုခြင်း။
(၃) ရုန့်ရင်းကြမ်းတမ်းသောစကား၊ ရိုင်းစိုင်းသောစကား၊ ဆဲရေးတိုင်းထွာသောစကားများကို မပြောဆိုဘဲ ယဉ်ကျေးသိမ်းမွေ့သောစကားကို ပြောဆိုခြင်း။
(၄) အနှစ်သာရ မရှိသော ရောက်တတ်ရာရာ စကားများကို မပြောဆိုဘဲ မိမိသူတပါး နှစ်ဦးသားတို့ အကျိုးရှိမည့် စကားကို ပြောဆိုခြင်းတို့ ဖြစ်သည်။
သမ္မာကမ္မန္တ
သမ္မာကမ္မန္တ (ကောင်းမွန် မှန်ကန်သော ပြုလုပ်မှု) ဆိုသည်မှာ -
(၁) သူတပါးအသက်ကို မသတ်ဘဲ သတ္တဝါများ၏ အသက်ဘေးအန္တရာယ်ကို ကာကွယ်စောင့်ရှောက်ခြင်း။
(၂) သူတပါးပိုင် ပစ္စည်းဥစ္စာကို ခိုးယူခြင်း၊ ဖျက်ဆီးခြင်း၊ မတရား သိမ်းပိုက်ခြင်း စသည်တို့ကို မပြုလုပ်ဘဲ သူတပါး၏ စည်းစိမ်အိုးအိမ်ကို ကာကွယ် စောင့်ရှောက်ပေးခြင်း။
(၃) လင်ရှိမယား၊ မယားရှိလင်၊ အိမ်ထောင်ရှင်များနှင့် လိင်ဆက်ဆံမှု မပြု။ သူတပါး၏ သားပျို သမီးပျိုများကို အတည်တကျ လက်ထပ်ပေါင်းသင်းလိုစိတ် မရှိဘဲ အပျော်သက်သက်ဖြင့် လိင်ဆက်ဆံမှု မပြုဘဲ မိမိ၏ ဇနီးမယား လင်ယောက်ျားနှင့် သစ္စာရှိရှိ ပေါင်းသင်းနေထိုင်ခြင်းတို့ ဖြစ်သည်။
သမ္မာအာဇီဝ
သမ္မာအာဇီဝ (ကောင်းမွန် မှန်ကန်သည့် အသက်မွေးမှု) ဆိုသည်မှာ -
အဆိပ်၊ လက်နက်၊ သေအရက်၊ မူးယစ်ဆေးဝါး၊ ငါး တိရစ္ဆာန်အသားတို့ကို ရောင်းဝယ်ဖောက်ကားခြင်း၊ လူကို ရောင်းကုန်အဖြစ် သတ်မှတ်၍ စီးပွားရှာခြင်းတို့ မလုပ်ဘဲ သူတပါးတို့ကို မထိခိုက်စေမည့် စီးပွားရေးဖြင့် အသက်မွေးခြင်း ဖြစ်သည်။
အထက်ပါ အလယ်အလတ်လမ်းစဉ် သုံးပါးသည် အကျင့်သီလနှင့် ပတ်သက်သည့် လမ်းစဉ်များ ဖြစ်သည်။
ထိုလမ်းစဉ်သုံးပါးကို လေ့လာကြည့်လျှင် သူ့အသက် မသတ်ရ၊ သူ့ဥစ္စာ မခိုးရ၊ သူတပါး သားမယားနှင့် လိင်ဖောက်ပြန်မှု မပြုရ၊ လိမ်ညာ မပြောရ၊ သေအရက် ရောင်းဝယ်ဖောက်ကား သောက်စားမှု မပြုရ ဆိုသည့် ငါးပါးသီလတွင် ပါသည့် အချက်များကိုလည်း တွေ့ရမည် ဖြစ်သည်။
ထိုအကျင့်သီလနှင့်ဆိုင်သည့် ကျင့်ဝတ်များကို လူတိုင်း အတိအကျ လိုက်နာကျင့်သုံးလျှင်ပင် လူတိုင်း ဘေးရန်ကင်းကွာ စိတ်ချမ်းသာ၍ လောကကို သာယာ ချမ်းမြေ့မှုဖြင့် အလှဆင်နိုင်ပါလိမ့်မည်။
သမ္မာဝါယာမ
သမ္မာဝါယာမ (မှန်ကန်သည့် အားထုတ်မှု) ဆိုသည်မှာ -
(၁) မကောင်းသည့်အမှုများ (သူတပါး၏ အသက်ကို သတ်မှု၊ သူတပါးပစ္စည်းဥစ္စာ ခိုးယူ ဖျက်ဆီးမှု၊ သူတပါး ဇနီးမယား လင်ယောက်ျားနှင့် လိင်ဆက်ဆံမှု၊ သူတပါး သားပျို သမီးပျိုများကို ဖျက်ဆီးမှု၊ မမှန်မကန် ပြောဆိုမှု၊ အချင်းချင်း စိတ်ဝမ်းကွဲအောင် ပြောဆိုမှု၊ ရိုင်းစိုင်းကြမ်းတမ်းသည့် စကားကို ပြောဆိုမှု၊ အကျိုးမရှိ ရောက်တတ်ရာရာ စကားများကို ပြောဆိုမှု၊ သူတပါး တရားသဖြင့် ကြီးပွားချမ်းသာနေသည်ကို မကြားလို မမြင်လိုမှု၊ သူတပါး၏ ဘဝစည်းစိမ်ကို ဖျက်ဆီးလိုစိတ်ရှိမှု)ကို မပြုလုပ် မပြောဆို မကြံစည်မိအောင် အားထုတ်ခြင်း။
(၂) ထိုမကောင်းမှုများကို ပြုလုပ်မိခဲ့သော်လည်း အမှားကို ပြုပြင်ရန် သင်ခန်းစာယူရုံမျှလောက် မဟုတ်ဘဲ ပြန်လှန်တွေးတော ပူပန်မနေမိစေရန် အားထုတ်ခြင်း။
(၃) ကောင်းသည့်အမှုများ (ပေးကမ်းစွန့်ကြဲမှု၊ ကိုယ်ကျင့်တရားကောင်းအောင် ကြိုးစားမှု၊ စိတ်ဓာတ်မြင့်မြတ်ဖြူစင်အောင် ကြိုးစားမှု၊ မိမိထက် အသက် ဂုဏ်သိက္ခာကြီးသူတို့ကို ရိုသေလေးစားမှု၊ သူတပါးတို့အား ကူညီစောင့်ရှောက်မှု၊ မိမိကောင်းမှုပြုသည်ကို သူတပါးတို့အား ပြောကြား၍ ဝမ်းသာအတုယူစေမှု၊ သူတပါးတို့ ကောင်းမှုပြုသည်ကို ဝမ်းသာအတုယူမှု၊ တရားပေစာ နာကြား ဖတ်ရှု၍ ဗဟုသုတ ရယူ ပြုမူကျင့်ကြံမှု၊ မိမိသိပြီးသား တရားများကို သူတပါးတို့အား ပြောကြား၍ သိစေ ကျင့်ကြံစေမှု၊ မိမိ၏ အယူအဆ သံသယတို့ကို စာပေလေ့လာခြင်း မေးမြန်းခြင်းဖြင့် မှန်ကန်စေမှု) ကို ပြုလုပ်ရန် ကြိုးစားခြင်း။
(၄) ပြုလုပ်ပြီးသော ကောင်းမှုများကို သတိရ၍ နောက်ထပ်တဖန် ပြုလုပ်ရန် ကြိုးစားခြင်း တို့ ဖြစ်သည်။
သမ္မာသတိ
သမ္မာသတိ (မှန်သော အမှတ်သတိရှိမှု) ဆိုသည်မှာ -
မိမိ၏ ခန္ဓာကိုယ်အတွင်း၌ ဖြစ်ပျက်လှုပ်ရှားနေမှု၊ အကောင်းအဆိုး စသည့် အမျိုးမျိုး ခံစားမှု၊ စိတ်၏ ဖြစ်ပျက်လှုပ်ရှားမှု အခြေအနေ၊ မြင်မှုကြားမှု စသည့် သဘာဝ အခြေအနေများကို စောင့်ကြပ် ကြည့်ရှု သတိပြုနေခြင်း ဖြစ်သည်။
သမ္မာသမာဓိ
သမ္မာသမာဓိ (မှန်သော တည်ငြိမ်မှု) ဆိုသည်မှာ -
သမထ ဝိပဿနာတရားကို ရှုမှတ် အားထုတ်သည့်အခါ ရှုမှတ်သည့် တရားအပေါ်တွင် စိတ်တည်ငြိမ်နေခြင်း ဖြစ်သည်။ ထိုသို့ စိတ်တည်ငြိမ်နေသည့်အခါ ကာမဂုဏ်အာရုံများနှင့်ပတ်သက်သည့် ကြံစည်မှု၊ သူတပါးကို ထိခိုက်နစ်နာစေမည့် တွေးကြံမှု၊ ကိုယ်စိတ်နှစ်ပါး ထိုင်းမှိုင်းလေးလံမှု၊ စိတ်မငြိမ်မသက် လှုပ်ရှားမှု၊ ယုံမှားတွေးတောမှုများ စိတ်ထဲတွင် မရှိတော့ဘဲ စိတ်သည် ကြည်လင်နေသည်။
စိတ်ကြည်လင်ရာမှ အဆင့်ဆင့် တက်ပြီး ဝမ်းသာမှု၊ စိတ်ချမ်းသာမှုများ ဖြစ်လာသည်။
စိတ်တည်ငြိမ် အားကောင်းလာသည့်အခါ စိတ်ထဲတွင် ဝမ်းနည်းဝမ်းသာ ချမ်းသာဆင်းရဲဆိုသည့် သဘောတရားများကို ခံစားမှု မရှိတော့ဘဲ ရှုမှတ်သည့် အာရုံအပေါ်တွင်သာ စိတ်သည် အသိတရားလေးနှင့် တည်ရှိနေခြင်း ဖြစ်သည်။
အထက်ပါ အလယ်အလတ်လမ်းစဉ် သုံးခုသည် လောကုတ္တရာရေးရာပိုင်းတွင် သမာဓိဆိုသည့် အပိုင်းနှင့် ဆက်စပ်နေသည်။
သို့သော် ထိုလမ်းစဉ်များကို နေ့စဉ်ဘဝ လူ့လောကနယ်ပယ်တွင်လည်း အသုံးချ၍ ရနိုင်ပါသည်။
မိမိ၏ နေ့စဉ်ဘဝတွင် မိမိဘာလုပ်နေသည်ကို သိနေရမည်။
မိမိသူတပါး နှစ်ဦးသားတို့အတွက် ကောင်းတာ လုပ်နေတာလား၊ မကောင်းတာ လုပ်နေတာလား ဆိုသည်ကို သိနေရသလို အကျိုးရှိ,မရှိကိုလည်း သတိပြုမိဖို့ လိုသည်။
မိမိ၏ အပြောအဆို အနေအထိုင် အပြုအမူ အကြံအစည်များကို သတိနှင့် စောင့်ကြည့်၍ အပြစ်မရှိ ကောင်းမည့် အကျိုးဖြစ်ထွန်းမည့် အလုပ်များကို လုပ်ဆောင်ရပါမည်။
ဤသို့ ပြုလုပ်လျှင် အရာရာတွင် အမှားနည်း၍ မိမိအတွက် အောင်မြင်မှု ရသကဲ့သို့ အခြားသူများကိုလည်း ထိခိုက်နစ်နာစေမည် မဟုတ်သဖြင့် သာယာချမ်းမြေ့သည့် လူ့အဖွဲ့အစည်းကို ဖြစ်စေပါလိမ့်မည်။
လောဘဖြစ်စရာ ဒေါသဖြစ်စရာ စသည့် မကောင်းသော အာရုံများကို အမှတ်ရနေခြင်းမျိုး (မိစ္ဆာသတိ) မဖြစ်စေဘဲ မိမိပြုလုပ်ခဲ့သည့် သူတပါးအကျိုး သည်ပိုး ဆောင်ရွက်ခဲ့သည်များကို သတိရနေလျှင်လည်း သမ္မာသတိ ဖြစ်နေပါသည်။
မိမိပြောဆို ပြုလုပ်သည့် ကိစ္စများတွင် တည်ကြည်မှု ခိုင်မာမှု ရှိရပါမည်။ ခုတမျိုး တော်ကြာတမျိုး အမျိုးမျိုး ပြောင်းလဲ၍ သစ္စာမရှိ ကတိမတည်သည့် အဖြစ်ကို မရောက်စေရပါ။
ထို့ပြင် ဟိုယောင်ယောင် သည်စပ်စပ် ယောင်ခြောက်ဆယ်အဖြစ်မျိုး မရောက်စေဘဲ အကျိုးရှိမည့် အလုပ်ကို စွဲစွဲမြဲမြဲ အောင်မြင်အောင် လုပ်ဆောင်ရမည်။
ဤနေရာတွင် မိမိ၏ ကိုယ်ကျိုးကိုသာ ကြည့်ပြီး တရားသောနည်းဖြင့် အသက်မွေး ရှင်သန်နေသည့်သူများကို ထိခိုက်နစ်နာစေမည့်အလုပ်၊ မိမိနှင့်သူတပါး နှစ်ဦးသားတို့အတွက် အကျိုးမရှိ မကောင်းသည့် အလုပ်များကို စွဲလမ်းလုပ်ဆောင်နေခြင်းမျိုး (မိစ္ဆာသမာဓိ) မဖြစ်အောင် ရှောင်ကြဉ်မည်ဆိုလျှင် ကောင်းသော တည်ကြည်မှုမျိုး ဖြစ်နေပါမည်။
သမ္မာသင်္ကပ္ပ
သမ္မာသင်္ကပ္ပ (မှန်သော ကြံစည်မှု) ဆိုသည်မှာ -
ရှုမှတ်နေသည့် ကမ္မဋ္ဌာန်းအာရုံအပေါ်ကို အမှတ်သတိလေး ကပ်ရောက်နေစေရန် တွန်းတင်ပေးနေသည့်သဘော ဖြစ်သည်။
ထို့အပြင် ကာမဂုဏ်အာရုံများကို သုံးဆောင် ခံစားဖို့ မစဉ်းစား၊ သူတပါး၏ စည်းစိမ်ဥစ္စာကို ပျက်စီးအောင် မည်သို့ လုပ်ရမည်ကိုလည်း မတွေးတော၊ သူတပါးကို ကိုယ်ရောစိတ်ပါ ထိခိုက်နစ်နာအောင် ကြံဆောင်ခြင်းလည်း မပြုဘဲ မိမိအောက် အစစ အရာရာ နိမ့်ကျသူများ ဆင်းရဲနွမ်းပါးသူများကို မည်သို့ ကူညီထောက်ပံ့ရမည်နည်းဟု မိမိသူတပါး နှစ်ဦးသားတို့အတွက် ကိုယ်ရောစိတ်ပါ ချမ်းသာအောင် စိတ်ကူး ကြံဆောင်ခြင်း ဖြစ်သည်။
သမ္မာဒိဋ္ဌိ
သမ္မာဒိဋ္ဌိ (မှန်သော အမြင်) ဆိုသည်မှာ -
ရုပ်တရား နာမ်တရားများ၏ သဘော သဘာဝနှင့် အဖြစ်အပျက် အဆက်အစပ်တို့ကို ကိုယ်တွေ့ မှန်ကန်စွာ သိနားလည်ခြင်း ဖြစ်သည်။
ထိုသို့ သိနားလည်သည့်အခါ အရာရာတွင် တပ်မက်ခြင်း ကင်း၍ ဆင်းရဲခြင်းမှလည်း အပြီး လွတ်မြောက်ပါတော့သည်။
နေ့စဉ်ဘဝ၌လည်း မည်သည့်ကိစ္စမျိုးတွင်မဆို ချစ်ခြင်း မုန်းခြင်း မသိနားမလည်ခြင်း ကြောက်ရွံ့ခြင်းများကို အခြေခံ၍ မှားယွင်း ဘက်လိုက်မှု မရှိဘဲ အကျိုးသင့် အကြောင်းသင့် မှန်ကန်စွာ ရှုမြင်သုံးသပ် ကျင့်သုံးနိုင်ရပါမည်။
အရာရာတွင် ကိုယ်ချင်းစာမှု၊ ခွင့်လွှတ်နားလည်မှု၊ သည်းခံမှုများနှင့် ရှုမြင်နိုင်လျှင် တယောက်နှင့်တယောက် အထင်အမြင်လွဲခြင်း၊ အပြစ်တင်ခြင်း၊ မကျေနပ်ခြင်း၊ ပြန်လှန်ပုတ်ခတ်ခြင်း၊ ရန်ငြိုးဖွဲ့ခြင်းများ ဖြစ်မလာနိုင်သည့်အတွက် လူတိုင်း စိတ်ဆင်းရဲခြင်း ကင်းဝေး၍ ချမ်းသာသုခကို အပြည့်အဝ ရရှိနိုင်ပါမည်။
ထို့ကြောင့် အလယ်အလတ်လမ်းစဉ် (ဗုဒ္ဓဘာသာဝင်တို့၏ အခြေခံ အဓိကကျင့်စဉ်)ကို မိမိတို့ကိုယ်တိုင်လည်း နားလည်အောင် အသေအချာ လေ့လာ၍ အတိအကျ လိုက်နာကျင့်သုံး၊ အခြားသူများကိုလည်း လိုက်နာကျင့်သုံးစေရန် ပြောပြတိုက်တွန်းပေးခြင်းဖြင့် လောက သံသရာ နှစ်ဖြာသောဌာနတို့၌ အေးငြိမ်းမှုကို ရယူနိုင်ကြပါစေဟု ဆန္ဒပြုရပါတော့သည်။ ။
အရှင်ပညာသီဟ (လောကချမ်းသာစာစောင်)
What the Buddha taught by Walpola Rahula (english language) Jul 13, '09 2:48 AM for everyone
Read more...
နံနက်အခါ၌ သပိတ်သင်္ကန်းကို ယူဆောင်၍...
သာဝတ္ထိနိဒါန်း။
ထိုအခါ၌ ကိသာဂေါတမီဘိက္ခုနီမသည် နံနက်အခါ၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူဆောင်ပြီးလျှင် သာဝတ္ထိပြည်သို့ ဆွမ်းခံဝင်လေ၏၊ သာဝတ္ထိပြည်၌ ဆွမ်းခံဝင်ပြီး၍ ဆွမ်းစားပြီးနောက် ဆွမ်းခံရာမှ ဖဲခဲ့ပြီးလျှင် အန္ဓဝန်တောသို့ နေ့သန့်စင်ခြင်းငှါ ချဉ်းကပ်၍ အမှတ်မရှိသော သစ်ပင်ရင်း၌ ထိုင်နေ၏၊ ထိုအခါ ယုတ်မာသော မာရ်နတ်သည် ကိသာဂေါတမီဘိက္ခုနီမအား ကြောက်ခြင်း၊ ထိတ်လန့်ခြင်း၊ ကြက်သီးမွေးညင်းထခြင်းကို ဖြစ်စေလို၍ လည်း ကောင်း၊ တည်ကြည်ခြင်း သမာဓိမှ ရွေ့လျောစေလို၍ လည်းကောင်း ကိသာ ဂေါတမီဘိက္ခုနီမထံသို့ ချဉ်းကပ်၍ ဂါထာဖြင့် ရွတ်ဆို၏-
ငိုသော မျက်နှာရှိသည် ဖြစ်၍
အဘယ့်ကြောင့် တစ်ယောက်တည်း နေရသနည်း
တစ်ယောက်တည်း တောကြီး အလယ်သို့ ရောက်လာသည်ကား
ယောက်ျားကို ရှာသလော
အချင်းမာရ်နတ် ငါသည် သေခြင်းမှလည်း လွန်မြောက်ပြီ၊
ယောက်ျားကို ရှာခြင်းမှလည်း ဤအတူ လွန်မြောက်ပြီ၊
ငါသည်မူကား မစိုးရိမ်၊ မငိုကြွေး၊ သင့်ကို မကြောက်။
အလုံးစုံသော ခန္ဓာစသည်တို့၌ နှစ်သက်မှု ကင်းပြီ၊
အဝိဇ္ဇာတည်း ဟူသော အမိုက်တိုက်ကို ဖျက်ဆီးအပ်ပြီ၊
သေမင်း၏ စစ်သည်ကို အောင်ပြီး၍ အာသဝေါကင်းလျက် ငါ နေ၏။
၃ - ကိသာဂေါတမီသုတ်၊ ဘိက္ခုနီသံယုတ်၊ သဂါထာဝဂ္ဂသံယုတ်ပါဠိတော်။
ဂန္ဓာရတိုင်း ဘုရားဖူးခရီးမှတ်တမ်း

ဂန္ဓာရဆိုတာ ဂန္ဓ+ဓရ= ဂန္ဓ- နံသာအမွှေးအကြိုင်တွေကို၊ ဓရ-သယ်ဆောင်ခြင်းတဲ့။ ကမ္ဘကျော်ရေမွှေးနံသာ ဖြူစသည် အမွှေးနံ့သာများထွက်သည့် နိုင်ငံသည် ပါကစ္စတန် (ယခု) ဂန္ဓာရတိုင်း (ယခင်)သည် မြတ်ဗုဒ္ဓပုံတော် အနုပညာလက်ယာကျောက်ဆစ်များ တည်ရှိသည် နေရာဖြစ်သည်။ မြတ်ဗုဒ္ဓလက်ထက်တော်၌ ဘုရားရှင်ကို မဖူးမြင်ခင်ဘူးကပင် ကြည်ညိုကာ ရဟန်းပြု၍ ဘုရားရှိရာ ရာဇဂြိုဟ်သို့သွားရောက်၍ လမ်းမှာပင် ဘုရားရှင် နှင့်တွေ့ကာ ရဟန္တာဖြစ်သွားသည့် ဂန္ဓာရမင်းကြီး၏ ဇာတ်လမ်းဖြစ်ပေါ်သည့်နေရာ၊ ဘုရားမပွင့် ပေါ်မှီကပင် တက္ကသီလာ (တက္ကသျှီလ) အဖြစ်နာမည်ကြီးဘူးသည့် နေရာလည်းဖြစ်သည်။
ကဲ မိတ်ဆွေအသေးစိပ် သိချင်ပါတယ်ဆိုရင်တော့ အောက်ကဗွီဒီယိုဖိုင်ကို ကလစ်၍ကြည်နိုင်သလို ဒေါင်းလော့ ဆွဲနိုင်ပါသည်။ မိတ်ဆွေ သီတဂူဆရာတော်ကြီး ရှင်းလင်ပြသည်ကို သေချာစေ့စေ့ငုငု နားထောင်ကြည့်ပါ။ ထူးခြားသည်များကို တွေ့ရှိခံစားရပါလိမ့်မည်။ ကဲ...ကဲ...ပါကစ္စတန်သွားဖို့ ဗီဇာလည်း ယူစရာမလို၊ ငွေလည်း ကုန်စရာမလို အေးဆေး အိပ်ယာပေါ်နပ်ကာ ဘုရားဖူးကြစို့လား။
သီတဂူဆရာတော်ဘုရားကြီး၏ ဂန္ဓာရ ဘုရားဖူး ဗွီဒီယိုမှတ်တမ်းဖိုင်
ကော်နက်ရှင် စပိအင်အားကောင်းသူများ တိုက်ရိုက်ကြည့်နိုင်ရန်
(အပိုင်း-၁)
(အပိုင်း-၂)
Posted by အရှင်နာယကာလင်္ကာရ
at 7/12/2009 05:43:00 PM
Labels: ဂန္ဓာရဘုရားဖူး ခရီးစဉ်
စစ်ကိုင်းတောင်တွင် ဆွမ်းလောင်းအသင်းတစ်ခု တည်ထောင်မည်
Read more...





