Saturday, January 15, 2011
“Associate not with fool”
ဗုဒ္ဓဘာသာမှာ ထင်ဟပ် ဖော်ပြထားတဲ့ စကြာဝဠာ ကမ္ဘာလောက (၁)
အကျွန်ုပ်တို့သည် အကျွန်ုပ်တို့ဘ၀ကို ဖန်တီးသည်
ကောင်းတဲ့အရာအတွက် အမြဲတမ်းစောင့်ဆိုင်းပါ။ အဲဒီအရာဟာ ဖြစ်လာပါတယ်။ အကြောင်းက ဖြစ်ပေါ်လာတဲ့ ဘယ်အရာဖြစ်ဖြစ် အကျွန်ုပ်တို့ ဖန်တီးတာ ဖြစ်ပါတယ်။ တကယ်တော့ အကျွန်ုပ်တို့က အဲဒါကို ဖန်တီးပါတယ်။ အကျွန်ုပ်တို့ဟာ မျိုးစေ့များကို စိုက်ပျိုးပါတယ်။ ဒါပေမယ့် အကျွန်ုပ်တို့ဟာ မျိုးစေ့များကို သတိမမူမရည်ရွယ်ဘဲ စိုက်ပျိုးကြဲချခဲ့ပါတယ်။ ဒါ့ကြောင့် အချို့သောအဖြစ်အပျက်များဟာ မတော်တဆဖြစ်ပြီးတာလို့ အကျွန်ုပ်တို့က တွေးဆကြပါတယ်။ မတော်တဆများဟာ ဘယ်သောအခါမှ မဖြစ်ပျက်ပါ။ အရာရာတိုင်းဟာ ဘယ်တော့မှ မတော်တဆ ဖြစ်ပျက်တယ်ဆိုတာ မရှိပါ။ ဒါဟာ စကြ၀ဠာတစ်ခုဖြစ်ပါတယ်။ ပရမ်းပတာ ဖြစ်နေတာ မဟုတ်ပါ။
တကယ့် လေးနက်တဲ့အန္တိမဥပဒေတစ်ရပ်ရပ်အပေါ်မှာ အရာရာတိုင်းကို အခြေတည်ထားပါတယ်။ တစ်ခုခုဟာ မှားယွင်းသွားတယ်ဆိုတာ မရှိပါ။ ဟုတ်တယ်။ တစ်ခါတစ်ရံ အဲဒီအရာက မှားယွင်းသွားသလို အကျွန်ုပ်တို့ကို ထင်မြင်စေပါတယ်။ အကြောင်းကတော့ အကျွန်ုပ်တို့ဟာ အခြားတစ်စုံတစ်ခုကို မျော်လင့်နေလို့ပါ။
ဒါက ပြဿနာတစ်ခုပါ။ အကျွန်ုပ်တို့ဟာ အရာဝတ္ထုတစ်ခုကို ပြုလုပ်တယ်။ အကျွန်ုပ်တို့ဟာ မျိုးစေ့တစ်ခုကို စိုက်ပျိုးတယ်။ ပြီးတော့ အကျွန်ုပ်တို့ဟာ အခြားတစ်စုံတစ်ခုကို မျော်လင့်တယ်။ အကျွန်ုပ်တို့ဟာ ပန်းအမျိုးအစားတစ်ခုရဲ့မျိုးစေ့များကို စိုက်ပျိုးပြီး အခြားပန်းအမျိုးအစားအချို့ကို မျော်လင့်ကြတယ်။ အဲဒီလိုနဲ့ ပန်းများ ဖြစ်ပေါ်လာတဲ့အခါ အကျွန်ုပ်တို့ကို မချင့်မရဲဖြစ်စေပါတယ်။ ဒါပေမယ့် ပန်းများဟာ မျိုးစေ့များမှ လာတာပါ။ အကျွန်ုပ်တို့ရဲ့ဆန္ဒမှ လာတာမဟုတ်ပါ။
ဒါ့ကြောင့် သတိရပါ။ အကျွန်ုပ်တို့ဟာ စဉ်ဆက်မပြတ် အကျွန်ုပ်တို့ရဲ့ကမ္ဘာကို ဖန်တီးပါတယ်။ မှားယွင်းတဲ့ အရာများဖြစ်ပျက်တော့မယ်ဆိုတဲ့အခါ အမြဲကြောက်ရွံ့ တဲ့သူများ ရှိပါတယ်။ ပြီးတော့ အဲဒီအရာက ဖြစ်လာပါတယ်။ အဲဒီနောက် အဲဒါ ဖြစ်ပျက်လာတဲ့အခါ မှန်ကန်တယ်ဆိုတာ သူတို့ကို သက်သေပြုပါတယ်။ သူတို့ဟာ အဲဒါကို ဖြစ်အောင် ပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။
ကြောက်လန့်တဲ့သူများဟာ သူတို့ကို ဆုပ်ကိုင်ဖမ်းစားထားတဲ့ ကြောက်မက်ဖွယ်ဖြစ်တဲ့ အခြေအနေများကို အမြဲတမ်း ရှာဖွေနေပါလိမ့်မယ်။ ချစ်ခြင်းမေတ္တာကိန်းအောင်းတဲ့သူများဟာ ချစ်ခြင်းမေတ္တာ ဖူးပွင့်လာတဲ့ အခြေအနေများကို အမြဲတစေ ရှာဖွေနေပါလိမ့်မယ်။ အကြောင်းက ဒီဖြစ်တည်ခြင်းဟာ သင်ရေးဆွဲထားတဲ့အစီအစဉ်ကို သင့်ကို အခွင့်အလမ်းပေးဖို့ ဆက်လက်မောင်းနှင်တွန်းပို့နေလို့ပါ။
ဘ၀ဟာအကျွန်ုပ်တို့ရဲ့ သုတေသနလုပ်ငန်းဖြစ်ပါတယ်။ အကျွန်ုပ်တို့ဟာ အကျွန်ုပ်တို့ဘ၀ရဲ့ ဖန်တီးရှင်များ ဖြစ်ပါတယ်။ God ဟာ လူသားကို ဖန်တီးခဲ့တယ်ဆိုခဲ့ယင် ဒါပေမယ့် လွတ်လပ်ခွင့်ကိုတော့ မဖန်တီးခဲ့ပါ။ တကယ်ပဲ အတွင်းမှာ အဓိကအရေးပါ အနှစ်သာရဖြစ်တဲ့ လွတ်လပ်ခွင့်တစ်ခု ရှိပါတယ်။ ယခု သင်ဟာ ဘ၀မှာ သင်နဲ့ ပတ်သက်လို့ သင်ဖြစ်စေချင်တဲ့အရာကို ရွေးချယ်ဖို့ သင့်သဘောအတိုင်း ဖြစ်ပါတယ်။
ဖြစ်ရပ်တစ်ခုကို အခြားဖြစ်ရပ်တစ်ခုနဲ့ ချိတ်ဆက်ထားပါတယ်။ အခြေအနေတစ်ခုက အခြားအခြေအနေ တစ်ခုသို့ ဦးတည်ပါတယ်။ ဒီနောက် သင်ဟာ ဖြည်းဖြည်းချင်း ယုံမှားဖွယ်မရှိတဲ့ ဖြစ်လာရန်သေချာလောက်တဲ့ လမ်းကြောင်းတစ်ခုကို ယူပြီးပါပြီ။ အဲဒီနောက် အခြားရွေးချယ်စရာ နည်းလမ်းအားလုံးကို ဘေးချိတ်ရပ်ဆိုင်းပစ်ပါတော့တယ်။
ကလေးငယ်တစ်ယောက်ကို မွေးဖွားလာတဲ့အခါ ရွေးချယ်စရာအားလုံးကို လမ်းဖွင့်ပေးထားပါတယ်။ သူဟာ လုံးဝ လွတ်လပ်ပါတယ်။ သူဟာ ဂီတသမား- ကဗျာဆရာ- နပန်းသတ်သူ- နိုင်ငံရေးသမား- တစ်ယောက်ယောက် ဖြစ်နိုင်ပါတယ်။ သူဟာ ဘယ်လိုအရာကိုပဲဖြစ်စေ ဖြစ်နိုင်ပါတယ်။ Adolf Hitler ဒါမှမဟုတ် မြတ်ဗုဒ္ဓအဖြစ် ဘာမဆို ဖြစ်နိုင်တာပါ။ ဒါပေမယ့် အနှေးနဲ့အမြန်ဆိုသလိုပဲ ရွေးချယ်မှုများ ဆိုက်ရောက်လာဖို့ လမ်းစ ပျိုးပေးပါတယ်။ ပြီးယင်တော့ သူဟာ စိတ်ချသေချာလောက်တဲ့ ဦးတည်ရာတစ်ခုဖြင့် လှုပ်ရှားဖို့ စတင်ပါတယ်။ ဒီနောက်မှာ အဲဒီဦးတည်ထားတဲ့အရာက သူ့ရဲ့ကမ္ဘာအဖြစ် ဆက်လက် တည်ရှိနေပါတော့တယ်။
ဒါ့ကြောင့် အမြဲတမ်း သတိရပါ။ သင့်နဲ့ပတ်သက်လို့ ဖြစ်ပျက်ခဲ့ပြီးတဲ့ဘယ်အရာဖြစ်ဖြစ် အဲဒါနဲ့ပတ်သက်တဲ့ အကြောင်းတရားက သင့်ကို ဖြစ်စေခဲ့ပြီးတာ ဖြစ်ပါတယ်။ တစ်ခါတစ်ရံ သင့်ကို ဖြစ်ပျက်စေခဲ့ပြီးတဲ့ နာကျင်မှု ဒုက္ခတွေနဲ့ပတ်သက်လို့ - အကြောင်းတရားကြောင့် - သင်ဟာ ဖြစ်တယ်ဆိုတာကို စိတ်ထိခိုက်မှု ဖြစ်ရပါတယ်။ သင် ၀မ်းနည်းစွာခံစားရပါတယ်။ ဒါပေမယ့် ၀မ်းနည်းစွာခံစားဖို့ မလိုအပ်ပါ။ အကြောင်းက အဲဒီအရာမှတဆင့် သင်ဟာ သဘောပေါက်နားလည်ခြင်းတစ်ခုဆီသို့ ဆိုက်ရောက်လာပါတယ်။ ပြီးတော့ ဖြစ်ရပ်များဟာ နောက်ထပ်တစ်ဖန် တူညီတဲ့နည်းလမ်းကို မလိုက်ပါဖို့ သင့်အတွက် လိုအပ်ပါတယ်။
အဲဒီနောက် သတိရဖို့ဒုတိယအရာတစ်ခုကတော့ ထိခိုက်ခံရတဲ့နာကျင်မှုတိုင်းအတွက် ဒါမှမဟုတ် ဖြစ်ပျက်ခဲ့တဲ့အရာတိုင်းအတွက် အမြဲတမ်းကျေးဇူးတင်ပါ။ အကြောင်းက ကြီးပွားတိုးတက်မှုအတွက် သာယာကြည်နူးမှုများ တစ်ခါတစ်ရံ မလိုအပ်ပါ။ ဒါပေမယ့် ထိခိုက်နာကျင်မှုများကိုတော့ ရံခါများမှာ လိုအပ်ပါတယ်။ ဒါ့ကြောင့် ဖြစ်ပျက်နေတဲ့ ဘယ်အရာဖြစ်ဖြစ် တိုးတက်ကြီးပွားဖို့အတွက် အဲဒါကို အခွင့်အရေးတစ်ခုဖြစ်အောင် ပြုလုပ်ပါ။ အလွန်မြင့်မားတဲ့ အချို့အရာအတွက် စတင်တက်လှမ်းရာတစ်ခုအဖြစ် အဲဒီအခွင့်အရေးကို အသုံးပြုပါ။
မိတ်ဆွေသူငယ်ချင်းတစ်ယောက် သေဆုံးသွားတဲ့အတွက် နာကျင်မှုဖြစ်တယ်။ မချိတင်ကဲဝေဒနာခံစားရတယ်။ ဆင်းရဲ ဒုက္ခအတိရောက်တယ်။ ဒါပေမယ့် အဲဒီအခွင့်အရေးကို အသုံးပြုပါ။ သေခြင်းနဲ့ပတ်သက်လို့ ကမ္မဌာန်းကို ရှုမှတ်ပွားများပါ။ သင့်ရဲ့သူငယ်ချင်းမိတ်ဆွေသေဆုံးမှုက သေဆုံးခြင်းသဘောရှိတဲ့ တကယ်အရေးပါတဲ့ဖြစ်စဉ်တစ်ခုနဲ့ ပတ်သက်လို့ သင့်ကို နှိုးဆော်သတိပေး အမှတ်ရစေခဲ့တာ ဖြစ်ပါတယ်။
ဘ၀ဟာ သေးငယ်တဲ့အရေးအရာလေးတစ်ခု ဖြစ်ပါတယ်။ ခုနှစ်ဆယ့်ငါး(၇၅)နှစ်ဆိုတဲ့ အရေးအရာလေး အတွင်းမှာ - သုံးပုံပုံယင် တစ်ပုံက အိပ်ခြင်းဖြင့် - အခြားတစ်ပုံက စားသောက်ဖို့ ပေါင်မုန့်နဲ့ထောပတ်ကို ရှာဖွေခြင်းဖြင့်- နောက်တစ်ပုံက ဆင်ခြင်ညဏ်ကင်းမဲ့စွာ အဓိပ္ပါယ်မဲ့ အသုံးမကျတဲ့ မိုက်မဲမှုများဖြင့်……….ဒါက ကြီးကျယ်လှတဲ့အရာတစ်ခုတော့မဟုတ်။ သေခြင်းတရားနဲ့နှိုင်းစာလျင် ဒါဟာ ဘာမှတော့မဟုတ်ပြန်။ သေခြင်းတရားဆိုတာကတော့ ကမ္ဘေကမ္ဘာ အဆုံးမရှိပါပဲ။
သရီးရိုင်ဖယ် တံဆိပ်လေးမှ ၀တ်ရုံချင်ကြပါသည်ဘုရား…
သန္တုဋ္ဌိသုတ် (ရောင့်ရဲလွယ်ခြင်း)
ရဟန်းတို့ တာဝန်လည်းနည်း၍ ရလည်း ရလွယ်ကုန်သော ပစ္စည်းတို့သည် ဤလေးမျိုးတို့တည်း၊ ထို ပစ္စည်းတို့သည် အပြစ်လည်း မရှိကုန်။ အဘယ် လေးမျိုးတို့နည်းဟူမူ-
ရဟန်းတို့ သင်္ကန်းတို့တွင် ပံ့သကူသင်္ကန်းသည် တာဝန်လည်းနည်း၏၊ ရလည်း ရလွယ်၏၊ ထို သင်္ကန်းသည် အပြစ်လည်းမရှိ။
ရဟန်းတို့ စားဖွယ်တို့တွင် ဆွမ်းခံလှည့်လည်၍ ရအပ်သော ဆွမ်းသည် တာဝန်လည်းနည်း၏၊ ရလည်း ရလွယ်၏၊ ထို ဆွမ်းသည် အပြစ်လည်း မရှိ။မြတ်စွာဘုရား ပံ့သကူသင်္ကန်း ၀တ်ရုံလိုသူ ရှားပါးနေပါပြီ… စီဝိုင်စီရယ် ဗိုလ်မရယ် သရီးရိုင်ဖယ် တံဆိပ်လေးမှ ၀တ်ရုံချင်ကြပါသည်ဘုရား… တစ်ချို့က သင်္ကန်းအသစ်ကလေးရပါလျှင် ပွတ်ကြည့်ကြသေးသည်…
ရဟန်းတို့ ကျောင်းတို့တွင် သစ်ပင်ရင်းဟူသော ကျောင်းသည် တာဝန်လည်းနည်း၏၊ ရလည်း ရလွယ်၏၊ ထို ကျောင်းသည် အပြစ်လည်း မရှိ။မြတ်စွာဘုရား ဆွမ်းခံဖို့ရာ သပိတ်ဆိုတာ သိမ်မှထွက်ပြီးနောက် ဘယ်ထားမိမှန်း မမှတ်မိကြတော့တာ များလှပါသည်ဘုရား… မအပ်စပ်သော သပိတ်အရောင်တွေတောင် မသိကြတော့ပါဘုရား… ဘုန်းတော်ကြီးတစ်ချို့ ခရီးသွားလာလျှင် အထုပ်တွေတော့ အများကြီးပါ… သပိတ်တော့ဖြင့် ပါမလာကြပါ…
ရဟန်းတို့ ဆေးတို့တွင် နွားကျင်ငယ်ပုပ်တည်းဟူသော ဆေးသည် တာဝန်လည်းနည်း၏၊ ရလည်း ရလွယ်၏၊ ထိုဆေးသည် အပြစ်လည်း မရှိ။မြတ်စွာဘုရား မြန်မာပြည်မှ ဆရာတော်ကြီးများ သစ်ပင်အောက်တွင် ရုက္ခမူဓုတင် ဆောက်တည်ကာ နေကြသည်မှာ ကြည်ညိုဖွယ် ကောင်းလှပါသည်… တပည့်တော်တို့ နေရာဒေသကတော့ အလွန်ချမ်းအေးသည့်အတွက် နေထိုင်၍ မရပါဘုရား…
ရဟန်းတို့ တာဝန်လည်းနည်း၍ ရလည်း ရလွယ်ကုန်သော ပစ္စည်းတို့သည် ဤလေးမျိုးတို့တည်း၊ ထို ပစ္စည်းတို့သည် အပြစ်လည်း မရှိကုန်။ ရဟန်းတို့ ရဟန်းသည် တာဝန်နည်း၍ ရလွယ်သော ပစ္စည်းဖြင့် ရောင့်ရဲ၏၊ ဤသို့ ရောင့်ရဲခြင်းကို ''ရဟန်း၏ ရဟန်းအဖြစ်'' ဟူသော အင်္ဂါ တစ်ပါးဟု ငါဆို၏ ဟု မိန့်တော်မူ၏။မြတ်စွာဘုရား၏ စကားတော်ကို ယုံကြည်ပါသည် လိုက်နာလိုပါသည်… သို့သော် တပည့်တော်ကိုယ်တိုင် ရောဂါ ဝေဒနာဆိုးကြီး ရှိပေမဲ့ မသောက်နိုင်သေးပါ… တကယ်သောက်သုံးနေသော ဆရာတော်များကို ကြည်ညိုပါသည်… ကန်တော့လိုက်ပါသည်…
တာဝန်လည်းနည်း ရလည်း ရလွယ် အပြစ်လည်း မရှိသော ပစ္စည်းဖြင့် ရောင့်ရဲသော ရဟန်းအား ကျောင်းကိုလည်းကောင်း၊ သင်္ကန်းကိုလည်းကောင်း၊ သောက်ဖွယ်စားဖွယ်ကိုလည်းကောင်း အကြောင်းပြု၍ စိတ်၏ ပင်ပန်းခြင်း ကင်း၏။ အရပ်မျက်နှာကိုလည်း မထိခိုက်။ ရဟန်းတရားအား လျော်သော အကြင် တရားတို့ကို ထို မြတ်စွာဘုရားသည် ဟောတော်မူ၏၊ မမေ့မလျော့သော သတိရှိသည် ဖြစ်၍ ကျင့်သော၊ နှစ်သက်သော စိတ်ရှိသော ရဟန်းသည် ထိုတရားတို့ကို သိမ်းဆည်း၍ ယူအပ်လေ သတည်း။ 27
၇ - သန္တုဋ္ဌိသုတ်၊ ဥရုဝေလ၀ဂ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။
သိမ်ထဲမှာ ကမ္မ၀ါရွတ်ဖတ်ပြီး ဘယ်သူက ဆရာဥပဇ္ဈာယ်ပြုကာ ဘယ်သူ့ကို စတင်ရဟန်းခံပေးပါသလဲ
တန္တရဂိုဏ်း (မဟာယာန) (သာသနာ ၂၅၀၀-ခရီး (မောင်အံ့ ဘုံဘေ))
သဒ္ဓမ္မပုဏ္ဍရိကဂိုဏ်း (မဟာယာန)
တိယင်တိုင်းဂိုဏ်း (မဟာယာန)
တန္တရဂိုဏ်း (မဟာယာန)
Print this post
ပါရာဇိကရဟန်းလူထွက်ခန်း
14 January 2011
ဆရာတော်ဘုရား
ပါရာဇိကကျသော ရဟန်းသည် ရဟန်းဘ၀က လူထွက်လိုက်လျှင် စင်ကြယ်သွား၍ ထိုလူ့ဘ၀တွင်လည်းကောင်း၊ သာမဏေဘ၀တွင်လည်းကောင်း မဂ်ဖိုလ်ရနိုင်သည်ဟု ဆိုပါသည်။ ထိုစကားမှန်ပါသလား၊ မည်ကဲ့သို့ လူထွက်ရမည်၊ ရှင်သာမဏေပြုရသည်ကို ရှင်းလင်းဖြေကြားပေးပါရန် ပန်ကြား အပ်ပါသည်ဘုရား။
သာသနာသန့်ရှင်းစင်ကြယ်ရေး
လုပ်သားတစ်ဦး
”သာသနာတော်၌ သဒ္ဓါ၍ ရဟန်းပြုကုန်သော ပုဂ္ဂိုလ်မြတ်တို့ သုတ်သင်စောင့်ရှောက်အပ်သော သီလသည် ပါတိမောက္ခရသံဝရ သီလ၊ ဣန္ဒြိယ သံဝရသီလ၊ အာဇီဝပါရိသုဒ္ဓိသီလ၊ ပစ္စယသန္နိဿိတ သီလအားဖြင့် ၄ပါး အပြားရှိ၏။ ထိုလေးပါးတို့တွင် အာပတ် ၇ဘုံသို့ မရောက်စေရအောင် သုတ်သင်စောင့်ရှောက်ထိန်းသိမ်းသော ရဟန်းတို့၏ သီလသည် ပါတိမောက္ခသံဝရသီလမည်၏။ မတော်တဆကျရောက်ခဲ့လျှင်လည်း ဒေသနာဂါမ် အာပတ်ဖြစ်အံ့။ ဒေသနာဂါမ်ဖြင့် ကုသခြင်း၊ ၀ုဠာနကံအာပတ်ဖြစ်အံ့ ၀ုဠာနကံဖြင့် ကုသခြင်း၊ ပါရာဇိက အာပတ်ဖြစ်အံ့ သီတင်းသည်၏အဖြစ်၊ သာမဏေ၏အဖြစ်ကို ၀န်ခံခြင်းပြုသော ပုဂ္ဂိုလ်၏ သီလသည်လည်း ပါတိမောက္ခ သံဝရသီလပင်ဖြစ်၏။( ဤ၌ မဂ်ဖိုလ်အကျိုးငှာ ကျင့်အပ်သော သီတင်းသည်၏ သီလကို ယူစေ လိုသည်။
(သီလ၀ိသောဓနီကျမ်း)
သီလ၀ိသောဓနီကျမ်းကား မြန်မာနိုင်ငံ ကုန်းဘောင်ခေတ် စတုတ္ထအင်းဝမြို့တည် မင်းတရားကြီး ညီတော် သာယာဝတီ မင်းလက်ထက် ”ဘဒ္ဒန္တ၀ိနန္ဒာသဘ” မည်သော တတိယခုံမော်ဆရာတော်ပြုစုသည့် ၀ိနည်းကျမ်း မျှပင်ဖြစ်ပါ၏။ ထိုကျမ်း စာမှာ ၀ိနည်းဆိုင်ရာ၌ အကျဉ်းချုပ် မျှသာဆိုသော်လည်း ကုန်းဘောင်ခေတ်ဦး၊ ခေတ်လယ် ရှေ့တန်းရောက် ဆရာတော် ဘုရားကြီးများ၊ ၀ိနည်းလေးစားပုံ၊ ကျင့်ဆောင်ပုံတို့ကို ထုတ်ဖော်ရေးသားထားသဖြင့် အားကျဖွယ် အတုယူဖွယ် ကောင်းလှ ၍ အမြဲဖတ်ရှုလေ့လာသင့်သော ကျမ်းမြတ်တစ်ဆူ ဖြစ်ပါပေ၏။
ထိုကျမ်းစာတွင် စလျှင်စခြင်း ဖော်ပြပါအတိုင်း သီလကြီးလေးပါးကို မာတိကာစဉ်၍ ရှေးဦးစွာ ပါတိမောက္ခသီလကို ဖော်ပြ ရာ၌ ပါရာဇိက အာပတ်ဖြစ်အံ့၊ သီတင်းသည်၏အဖြစ်၊ သာမဏေ၏အဖြစ်ကို ၀န်ခံခြင်းကိုပြုသောပုဂ္ဂိုလ်၏ သီလသည် လည်း ပါတိမောက္ခသံဝရပင်ဖြစ်၏ ဟု ထူးခြားသော အဆုံးအဖြတ်တစ်ရပ်ကို မှတ်သားဖွယ်ရာဖတ်ရှုမိပါသည်။
ဤ၌ ထူးခြားသောဟူသည်မှာ အတွေ့အကြုံရ နည်းပါးသဖြင့် ထူးထူးခြားခြား ဖြစ်နေရခြင်းမျိုးဟုဆိုလျှင် မမှားနိုင်ချေ၊ ဒေသနာဂါမ်အာပတ်တို့ကို ဒေသနာဂါမ်ဖြင့် ကုသနေခြင်းကို တွေ့နေကျဖြစ်၏။ ၀ုဠာနကံအာပတ်တို့ကို ၀ုဠာနကံဖြင့် ကုသနေကြခြင်းကို ရံဖန်ရံခါ တွေ့ကြရ၏။ ( အချို့နယ်များ တွင် ပရိဝါသ်မာနတ်ပွဲများကို နှစ်စဉ်လို တွေ့နေကြရပါသည်။) ပါရာဇိကအာပတ်ကို သီတင်းသည်အဖြစ်၊ သာမဏေအဖြစ် ကုသခြင်းကိုကား မတွေ့ကြုံရသလောက် ဖြစ်၏၊ အဖြစ်နည်း သော အာပတ်ဖြစ်၍လည်း ဖြစ်နိုင်ပါ၏။
သို့သော် ဤအဖြစ်မျိုးသည် နည်းပါးလှသည်ဟုကား မဆိုနိုင်ပါ။ ပုဂ္ဂိုလ်၏ စိတ်အားလျော်စွာ လျှို့ဝှက်ထားမှုကြောင့် အသိနည်းနေရခြင်းဖြစ်သည်ဟု ဆိုချင်၏။ အကြောင်းအားလျော်စွာ ဖော်ထုတ်သူပေါ်ပေါက်လာ၍ ထင်ရှားလာရမှု များကို လည်း ဂိုဏ်းပေါင်းစုံ ညီညွတ်ရေးအစ တစ်ခါသောအခါက ပေါ်ပေါက်ထင်ရှားလာကာ ကုသသွားရခြင်းဟု သုံးရသည်မှာ သက်သက်ညှာညှာ သုံးလိုက်ခြင်းသာ ဖြစ်ပါသည်။ မဂ်ဖိုလ်အကျိုးငှာကျင့်အပ်သော သီတင်းသည်ဟူသော မှတ်ချက်စာ အရ ထိုပုဂ္ဂိုလ်တို့ ဖြစ်နိုင်၊ မဖြစ်နိုင် စဉ်းစားသင့်ကြပေသေးသည်။
ထိုကိစ္စနှင့်စပ်၍ ” ပါရာဇိကကျသောရဟန်းသည် အာပတ်ကို မကုစားပဲ( လူမထွက်ဘဲ၊ သာမဏေအဖြစ် ၀န်မခံဘဲ) ငါရဟန်းဟု ၀န်ခံလျှင် ရဟန်း ကောင်းတို့နှင့် ပေါင်းဖော်နေလျှင် သရဏဂုံပျက်၏၊ သေသည့်နောက်၌ အပါယ်လေးပါး သာလျှင် လားရာရှိ၏။ ၄င်းကို ထေယျသံဝါသက၌ သွင်းရ၏” ဟု အချို့ဆုံးဖြတ်သည်ကို တွေ့ရ၏။
ပါရာဇိကရဟန်း သရဏဂုံပျက်ခြင်းနှင့် စပ်၍ကား ဤသို့ ယူဆသင့်ကြောင်း ဆုံးဖြတ်ကြကုန်၏။ ရဟန်းဖြစ်သော သူသည် ပါရာဇိကျသော်လည်း ရဟန်းအသွင်၌တည်၍ ငါရဟန်းဟု ၀န်ခံနေသေးသမျှ ရဟန်းပင် ဖြစ်နေ၏။ ထိုပါရာဇိကရဟန်းကို ရဟန်းမဟုတ်ဟု မဆိုနိုင်၊ ရဟန်းကောင်းတို့နှင့် ပေါင်းဖော်နေသော်လည်း ထေယျသံဝါသက (ထေရ်ခိုး) ဟု မဆိုရ ကြောင်း ၀ိနည်းဋီကာတို့တွင် အတိအလင်းဖွင့်ဆို၏။
သရဏဂုံတည်၊ မတည်နှင့် ပက်သက်၍ကား သရဏဂုံသည် လောကီလောကုတ္တရာ သရဏဂုံနှစ်ပါးရှိရာတွင် လောကုတ္တရာ သရဏဂုံ မဆိုလိုသည်မှာ ထင်ရှား၏။ လောကီသရဏဂုံ ရဟန်းနှင့် မစပ်ဆိုင်ဟု ဆိုသင့်၏။ အဘယ်ကြောင့်ဆိုသော် သရဏဂုံ ခံယူခြင်းမှာ လူပုဂ္ဂိုလ်တို့အနေဖြင့် ဘုရား တရား သံဃာ ရတနာသုံးပါးတို့၌ ကြည်ညိုလေးစား အားထားယုံကြည်စွာဖြင့် ” ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ၊” ဟူသော သရဏဂုံသုံးပါးကို သုံးကြိမ်တိုင်တိုင် နှုတ်မြွက်ခံယူ၍ သရဏဂုံတည်သော လူဥပါသာအဖြစ် ရရှိပေသည်။
တစ်ဖန် ဥပါသကာအဖြစ်မှ သာမဏေပြုလိုသောအခါ ဆံရိတ်ခြင်း၊ သင်္ကန်းဝတ်ခြင်းတို့ကို ပြု၍ သာမဏေဆိုင်ရာ သရဏ ဂုံကို ဌာန်ကရိုဏ်းပီသစွာ ရွတ်ဆိုယူ၍ သာမဏေအဖြစ်သို့ ရောက်ရ၏။ ထိုအခါ လူ့အဖြစ်က သရဏဂုံသည် မရှိတော့ဘဲ သာမဏေသရဏဂုံဖြင့်သာ သာမဏေဘ၀ တစ်လျှောက်လုံး တည်ရလေတော့သည်။ ထိုမှတက်၍ ရဟန်းဘ၀သို့ ကူးပြောင်းလိုသောအခါတွင် ဥပသမ္ပဥတ္တိ စတုတ္ထကမ္မ၀ါစာဖြင့် ရဟန်းခံယူ ရပေရာ သရဏဂုံဖြင့် ဖြစ်ရသော သာမဏေအဖြစ်သည်လည်း ရဟန်းဘ၀သို့ ရောက်သည်နှင့် တစ်ပြိုင်နက် ကုန်ဆုံးသွားရပေတော့သည်။
ထိုရဟန်းသည် ပါရာဇိကအာပတ်သို့ ရောက်၍ ရဟန်းစစ် ရဟန်းမှန် မဟုတ်သောအခါ ရဟန်းအသွင်မပျောက်သေး၍သာ ရဟန်းဟုဆိုနေရ သော်လည်း ရဟန်းသိက္ခာလည်း မရှိတော့ပေ၊ သာမဏေလည်းမဟုတ်၍ သာမဏေဆိုင်ရာ သရဏဂုံလည်း မတည်တော့ပေ။ ( သရဏဂုံ ပီပီသသ ဆို၍ ဖြစ်နေရသော သာမဏေလည်း မဟုတ်သဖြင့် သာမဏေ သရဏဂုံ၏ သတ္တိလည်း ယင်း၌ တည်ရှိမနေတော့) လူဥပါသကာ မဟုတ်၍ ဥပါသကာသရဏဂုံလည်းမရှိ၊ လူ့ဘ၀ကရှိခဲ့ဖူးသော သရဏဂုံကလည်း သာမဏေဘုံသို့ အကူးတွင် ကွယ်ခဲ့ပြီမဟုတ်ပါလော။
ရဟန်းသာမဏေတို့အဖို့ သီလသည်သာ ပဓာနဖြစ်ရာ သီလပျက်စီးသောရဟန်းအား အဘယ်မှာလျှင် သရဏဂုံလည်း တည်နိုင်ပါအံ့နည်း။ သီလတည်းဟူသော ဦးခေါင်းပြတ်သူအား သရဏဂုံတည်းဟူသော အသက်သိက္ခာကျန်ရှိမနေ သည်မှာလည်း သဘာဝကျပေ၏။ အမတ်ဘ၀မှ စစ်သူကြီး၊ စစ်သူကြီးဘ၀မှ ဘုရင်ဖြစ်လာသူသည် ဘုရင်ဖြစ်မှ နန်းချခံလိုက်ရသောအခါ မူလမတ်ဘ၀၌လည်း မတည်တော့ဘဲ လူဆင်းရဲဖြစ်သွားရ သကဲ့သို့ပင်တည်း။
ဤနေရာ၌ စောဒနာရာမှာ သရဏဂုံဟူသည် တစ်ခါခံယူထားလျှင် တစ်ဘ၀လုံး မပျက်စီးတော့ပေ။ သေဆုံးကွယ်လွန်လျှင် သော်လည်းကောင်း၊ ဘာသာကူးပြောင်းသွားလျှင်သော်လည်းကောင်း၊ ဤနှစ်မျိုးမရှိသမျှ တစ်ဘ၀လုံးတည်နေနိုင်သည်ဟု အဆိုရှိသည် မဟုတ်ပါလော။ ပါရာဇိက ရဟန်းသည် သေဆုံးကွယ်လွန်သည်လည်းမဟုတ်၊ ဘာသာတစ်ပါးသို့ ပြောင်းသွား သည်လည်း မဟုတ်ပါက စောဒနာငြားအံ့၊ သေဆုံးကွယ်လွန်မှ ဘာသာတစ်ပါးပြောင်းသွားမှ သရဏဂုံပျက်သည် ဆိုသည်မှာ လူ ဥပါသကာ ဒါယကာ၊ ဒါယိကာမတို့အတွက် ဆိုခြင်းသာဖြစ်သည်။ ရဟန်းသာမဏေ တို့အတွက် ဆိုခြင်းမဟုတ်ဟု ဖြေရမည်။
လူနှင့် ရဟန်းသာမဏေတို့ အခြေအနေခြင်း မတူပေ၊ လူတို့အဖို့ သီလပျက်လျှင် သီလသာပျက်သည်၊ သရဏဂုံပျက်သည်။ သာမဏေဆိုလျှင်ပင် သီလပျက်လျှင် ခံယူထားသော သရဏဂုံပါပျက်၍ သရဏဂုံထပ်မံခံယူခြင်း ပြုရသည်။ ရဟန်းမှာကား ဆိုဖွယ်မရှိတော့၊ ပါရာဇိကတစ်ပါးပါး သို့ရောက်လျှင်ပင် သီလခေါင်းပြတ်၍ သရဏဂုံသက်လည်း ကြွေရတော့သည်။ ထို့ကြောင့် ပါရာဇိကသို့ရောက်သော ရဟန်းအား ဤစာအစတွင်ပါရှိသော သီလ၀ိသောဓနီကျမ်းအဆို အတိုင်း ပါရာဇိကအာပတ်ဖြစ်အံ့၊ သီတင်းသည်အဖြစ် သာမဏေ၏ အဖြစ်ကိုဝန်ခံလျက် ပါတိမောက္ခ သံဝရ သီလကို ဆက်ဆံသင့်ပေသည်။ သို့မှသာ မဂ်ဖိုလ်တရားအဆင့်အတန်းကို မျှော်မှန်းနိုင်ပေတော့မည်။
ဤသို့ ဆက်ခံရာ၌ ပါရာဇိကရဟန်းသည် သာမဏေအဖြစ်ဖြင့်နေ၍ သာသနာဤ၀င်လိုလျှင် ရှေးဦးစွာ အ၀တ်ဖြူကိုဝတ်၍ ဥပါသကာအဖြစ် ၀န်ခံရဦးမည်။ ဥပါသကာသရဏဂုံ ခံယူရဦးမည်။ သင်္ကန်းကိုမချွတ်ဘဲ သာမဏေမပြုရ။ သင်္ကန်းကိုမချွတ်လျှင် ပါရာဇိကရဟန်းအဖြစ်မှာပင် တည်နေဦးမည်သာ။ သို့ဖြစ်၍ ဥပါသကာဖြစ်ပြီးမှ သာဏေသရဏဂုံကို ဌာန်ကရိုဏ်းပီသစွာခံယူ၍ သာမဏေ၀တ်ရမည်ဟု ဆိုပါသည်။ ဥပါသကာ သီတင်းသည်အဖြစ် နေလိုကလည်း သာမန်အ၀တ်ဖြူဝတ်ရုံဖြင့် မပြီး၊ လူဝတ်လဲရုံဖြင့် မပြီး၊ မဂ်ဖိုလ်အကျိုးငှာကျင့်အပ်သော သီတင်းသည်သီလဟု သီလ၀ိသောဓနီ ဆိုသည်အတိုင်း သရဏဂုံခံယူရာ၌ ” အဟံ ဘန္တေ သံသာရ၀ဋ္ဋ ဒုက္ခတော၊ မောစနတ္ထာယ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မွံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ၊ ” စသည်ဖြင့် ခံယူနိုင်ကြရန် အရေးကြီးကြောင်း ပြောကြားလိုပေသတည်း။
မြတ်သတီဝါဒီ မဂ္ဂဇင်း
သြဂုတ်လ၊ ၂၀၀၁ ခုနှစ်။
Read more...*သတိကင်းမဲ့ဇုန်*
အေးလိုက်တာ..
ဖော်ထားတဲ့ မျက်နှာလေးတောင်
ခဲသွားမတတ်…။
မွှေးလိုက်တာ..
အနားက လူဆီက ရေမွှေးနံ့
ဒါပေမယ့် အီလည်လည်နဲ့..။
တွေးလိုက်တာ..
တောင်စဉ်ရေမရ
ဟိုရောက်လိုက် ဒီပေါက်လိုက်..။
ဈေးက ရှေ့နားမှာ
လူက လမ်းပေါ်မှာ
ငါက ဈေးဝယ်နေပြီ..။ ။
————————————————
လေးစားစွာဖြင့်
ဖိုးသား
Abhidhamma Books In English
သင်္ဂြိုဟ်ကျမ်းဟု အသိများသော အဘိဓမ္မတ္ထသင်္ဂဟကျမ်း၏ ပထမဆုံး အင်္ဂလိပ်ဘာသာပြန်ကို ဆရာဦးရွှေဇံအောင် (၁၈၇၁-၁၉၃၂) က လန်ဒန် ပါဠိအသင်းတော်ကြီး (PTS) အတွက် “Compendium of Philosophy” ဟူသော အမည်ဖြင့် ရေးသား ပြုစုခဲ့သည်။ သင်္ဂြိုဟ် မိတ်ဆက် Essay ကို စာမျက်နှာ ၇၅-မျက်နှာမျှ အကျယ်တ၀င့် ရေးသား၍ ကျမ်းဦးနိဒါန်းအဖြစ် ဖော်ပြထားပါသည်။ ထို့အပြင် ဘာသာပြန်ရာ၌ ခက်ခဲသော အဘိဓမ္မာ ဝေါဟာရများ၏ အဓိပ္ပါယ်ကို ရှင်းလင်းရန် အောက်ချေ မှတ်စုများ ရေးထိုးထားသည်။
သီရိလင်္ကာ ရဟန်းတော် အရှင်နာရဒ မဟာထေရ် (၁၈၉၈-၁၉၈၃) ကလည်း Abhidhammattha Sangaha - A Manual of Abhidhamma ဟူသော အမည်ဖြင့် အဘိဓမ္မတ္ထသင်္ဂဟကျမ်းကို အင်္ဂလိပ် ဘာသာပြန်ဆို၍၊ စာကိုယ် တစ်ပိုဒ်ချင်းစီ၏ အဓိပ္ပါယ် အဖွင့်များကို ရေးသားခဲ့သည်။ ကျမ်းပြုရာတွင် ဆရာဦးရွှေဇံအောင်၏ သင်္ဂြိုဟ်ဘာသာပြန်နှင့် Mrs. Rhys Davids ၏ Buddhist Psychology (ဓမ္မသင်္ဂဏီဘာသာပြန်) စာအုပ်တို့၏ အကူအညီကို ရယူခဲ့ကြောင်း ဖော်ပြထား၏။
အရှင်နာရဒ မဟာထေရ် ရေးသားပြုစုသော ”Manual of Abhidhamma” ကို အခြေခံကာ၊ အမေရိကန် ရဟန်းတော် ဘိက္ခုဗောဓိ (၁၉၄၄ - ) က အသစ်ပြန်လည် ရေးသား တည်းဖြတ်ခဲ့သည်။ အဘိဓမ္မာ ဝေါဟာရများကို ဘာသာပြန်ရာ၌ အင်္ဂလိပ် ရဟန်းတော် ဘိက္ခုဉာဏမောဠိ ၏ Path of Purifications (၀ိသုဒ္ဓိမဂ် အဋ္ဌကထာ ဘာသာပြန်)နှင့် အတတ်နိုင်ဆုံး ကိုက်ညီစေရန် ပြင်ဆင် တည်းဖြတ်ထား၏။ ထို့အပြင် အဓိပ္ပါယ် ရှင်းလင်းချက်များတွင် ဋီကာကျော် ခေါ် အဘိဓမ္မတ္ထ၀ိဘာဝိနီ ဋီကာကျမ်းနှင့် လယ်တီဆရာတော်၏ ပရမတ္တဒီပနီ ဋီကာကျမ်း နှစ်စောင်၏ အဆုံးအဖြတ်များကိုပါ ထည့်သွင်း၍ ရေးသားထားပါသည်။
Ebook-Link: A Comprehensive Manual of Abhidhamma
ဂျာမန် ရဟန်းတော် အရှင်ဉာဏတိလောက မဟာထေရ် (၁၈၇၈ - ၁၉၅၇) က အဘိဓမ္မာ ၇-ကျမ်း၏ အနှစ်ချုပ်မှတ်စုများအား အဘိဓမ္မာပိဋက လမ်းညွှန် အဖြစ် ရေးသား ထားသည်။ အဘိဓမ္မာ တစ်ကျမ်းလျှင် အခန်းတစ်ခန်းစီ ရေးသားထား၍၊ နောက်ဆက်တွဲအဖြစ် ပဋိစ္စသမုပ္ပါဒ် ဒေသနာကိုလည်း ဖော်ပြထားပါသည်။
Ebook-Link: (ရှာမတွေ့သေးပါ)
ဓမ္မသင်္ဂဏီကျမ်းမှ စိတ်ဖြစ်ပေါ်ပုံ အခန်း (စိတ္တုပ္ပါဒကဏ္ဍ)မှ စိတ်, စေတသိက်တို့အား အုပ်စုများခွဲ၍ ပိုင်းခြားဝေဖန်ခြင်းနှင့် အချိန်ကာလကို အဘိဓမ္မာသဘောအရ သုံးသပ် ဝေဖန်ချက်များပါဝင်သည်။ အဘိဓမ္မာ ရှေ့ပိုင်းကျမ်းများတွင် တရားသဘောတို့ကို အုပ်စုများဖွဲ့ကာ ခွဲခြမ်းစိတ်ဖြာ လေ့လာသည့် Analytical approach ကို ပဓာနသုံး၍၊ ပဋ္ဌာန်းကျမ်းတွင် ထိုတရားသဘောတို့သည် သီးခြားမတည်ဘဲ တစ်ခုနှင့် တစ်ခု အကြောင်းအကျိုးအားဖြင့် ဆက်စပ်ဖြစ်ပေါ်နေကို လေ့လာသည့် Synthetical approach အား အသုံးပြုသည်ကို တွေ့ရ၏။ ထို နည်းနှစ်မျိုးတို့အား နှိုင်းယှဉ်လေ့လာသည့် စာတမ်းတစ်ခုကိုလည်း အခန်းတစ်ခန်း အဖြစ် ထည့်သွင်း ရေးသားထား၏။
Ebook-Link: Abhidhamma Studies
မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ ရေးသားသည့် “ကိုယ်ကျင့်အဘိဓမ္မာ” စာအုပ်အား အငြိမ်းစားပါမောက္ခ ဦးကိုလေး (ဇေယျာမောင်) က အကျဉ်းခြုံး၍ အင်္ဂလိပ်ဘာသာ ပြန်ထားသော စာအုပ်ဖြစ်သည်။
Ebook-Link: Abhidhamma In Daily Life
အာဋာနဋိယသုတ်တော်
14 January 2011
တစ်ခါတုန်းက မြတ်စွာဘုရားရှင် ကိုယ်တော်မြတ် ကြီးဟာ ရာဇဂြိုလ်မြို့နားက ဂိဇ္ဈကုဋ်တော်ကျောင်းတော်မှာ သီတင်းသုံးတော်မူနေခဲ့ပါတယ်။ အဲဒီအခိုက်မှာ သာသနာ တော်စောင့်နတ်မင်းကြီး ၄ ပါးတို့ဟာ ကုဝေရ နတ်မင်းကြီး နေတဲ့ အာဋာနာဋ နတ်မြို့တော်မှာ စည်းဝေးကြပြီး ဝိပဿီ အစရှိတဲ့ ရှေးဘုရားရှင် ၇ ဆူတို့ရဲ့ ဂုဏ်တော်တွေကို အာရုံပြု ရှိခိုးကြပြီးတော့ ဒီ အာဋာနာဋိယ ပရိတ်တော်ကို စီကုံးဖွဲ့ဆိုခဲ့ကြပါတယ်။
အဲဒီလို ဖွဲ့ဆိုကြပြီးတော့ မြတ်စွာဘုရားထံမှောက် ညသန်းခေါင်အချိန်မှာ ရောက်လာကြပြီးတော့ ကုဝေရ နတ်မင်းကြီးလို့ ခေါ်ရတဲ့ ဝေဿဝဏ် နတ်မင်းကြီးက မြတ်စွာဘုရားရှင်ကို ဒီလို လျှောက်တင်ခဲ့ဖူးပါတယ်။
” မြတ်စွာဘုရား … ဟောဒီ ကမ္ဘာလောကမှာ သာသနာတော်ကို ကြည် ညိုတဲ့ နတ်ဘီလူးတွေရှိသလို မကြည်ညိုတဲ့ နတ်ဘီလူး တွေလည်း ရှိကြပါတယ်ဘုရား၊ အဲဒီအထဲမှာတောင်မှ သာသနာတော်ကို မကြည်ညိုတဲ့ နတ်ဘီလူးတွေကတောင် ပိုပြီး များကြပါသေးတယ်ဘုရား၊ ဘာကြောင့်လဲဆိုတော့ မြတ်စွာဘုရားက သတ်၊ ခိုး၊ ကာမ၊ လိမ်၊ သေရည် ဆိုတဲ့ ဒုစရိုက် တရားတွေကနေ ရှောင်ဖို့ ဟောကြားတော် မူပြီး သူတို့က မရှောင်ချင်ကြလို့ ဖြစ်ပါတယ်ဘုရား။
” မြတ်စွာဘုရား … မြတ်စွာဘုရားရဲ့ တပည့်သား သံဃာတော်အများ စုဟာ တောစွန်တောင်ဖျား အရပ်တွေမှာ အနေများ ကြတာမို့ အဲဒီ သံဃာတော်အရှင်မြတ်တွေကို နတ်ဘီလူး တွေက မညှဉ်းဆဲနိုင်အောင်၊ ကာကွယ်စောင့်ရှောက်မှု ပေးနိုင်အောင် မြတ်စွာဘုရားရဲ့ ဓမ္မစက် တပည့်တော်ရဲ့ အာဏာစက်ကို မလိုက်နာကြတဲ့ နတ်ဘီလူးတွေကို ဒဏ်ခတ်မယ်လို့ နတ်မင်းကြီးတွေ သဘောတူ အမိန့်ဖြစ်တဲ့ ဒီ အာဋာနာဋိယသုတ် ပရိတ်တော်ကို ရဟန်းတော်များအား သင်ကြားပေးတော်မူပါဘုရား” လို့ ဝေဿဝဏ် နတ်မင်းကြီးရဲ့ လျှောက်ထားချက် ကို မြတ်စွာဘုရားက ဆိတ်ဆိတ်နေခွင့်ပြုလက်ခံတော်မူ ခဲ့ပါတယ်။
ညှဉ်းဆဲ နှိပ်စက် ဒုက္ခပေးကြမယ့် ဘီလူး၊ သရဲ၊ သင်းကွဲ၊ ပြိတ္တာ၊ တစ္ဆေ၊ မြေဘုတ်၊ နတ်ဘီလူး၊ နတ်မိစ္ဆာတွေရဲ့ ဘေးရန်တွေကနေ ကာကွယ်ပေးနိုင်တဲ့ အလွန် အစွမ်းထက်လှတဲ့ ဒီ အာဋာနာဋိယသုတ် ပရိတ်ဒေသနာတော်ကို ကြည်ညိုသဒ္ဓါ ရိုသေစွာနဲ့ ရွတ်ကြ ဖတ်ကြ နာကြ ကြည်ညိုပူဇော်ကြပါစို့ သူတော်ကောင်းတို့။
ရောဂါအထူး၊ ဘီးလူးသဘက် နှောင့်ယှက်ဖမ်းလာ၊ အာဋာနဋိယ ပရိတ္ထဟု၊ ကြည်စွာမြတ်နိုး ရှိခိုးရွတ်ခါ၊ ဘေးဝေးခွာသည်၊ ကင်းကွာပကတိ၊ ချမ်းသာဘိ၏။
အာဋာနာဋိယပရိတ်သုတ်ရွတ်ဖတ်ရန်အချိန်နှင့် ရွတ်ဖတ်ရခြင်းအကျိုး
အာဋာနာဋိယသုတ်တော်တွင် ၀ိပဿီ အစရှိသော ဘုရားခုနှစ်ဆူတို့၏ ဂုဏ်တော်၊ တန်ခိုးတော်အားဖြင့် လည်းကောင်း၊ ဓတရဋ္ဌ အစရှိသော လောကပါလနတ်မင်းကြီး လေးပါးတို့၏ စောင့်ရှောက်မှုဖြင့် လည်းကောင်း ပရိတ်နာသော ပုဂ္ဂိုလ်တို့မှ အနာရောဂါ စသော အန္တရာယ်များ ကင်းရှင်းလျက် ချမ်းသာသုခနှင့် ပြည့်စုံကြစေရန် အာသီသပြုပုံကို ဟောကြားထားပါသည်။
အာဋာနာဋိယသုတ်တော်ကို အမှောင်ပယောဂကပ်ချိန်နှင့် တခြားမကောင်းဆိုးဝါးများ နှိပ်စက်သောအခါ ရွတ်ဖတ်ကြသည်။ အာဋာနာဋိယသုတ်ကို အမြဲရွတ်ဖတ်ခြင်းဖြင့် အစိမ်းသရဲ၊ မြေဘုတ်၊ ဘီးလူး၊ နတ်ဆိုး၊ နတ်ကြမ်းတို့၏ နှောင့်ယှက်ခြင်းမှ ကင်းလွတ်နိုင်ပြီး မကောင်းသော ဘေးကြမ္မာဆိုးများ လွတ်ကင်းချမ်းသာနိုင်ပါသည်။
(၁) အပ္ပသန္နေဟိ နာထဿ ၊ သာသနေ သာဓု သမ္မတေ။ အမနုေဿဟိ စဏ္ဍေဟိ၊ သဒါ ကိဗ္ဗိသကာရိဘိ။
အပ်ပ-သန်နေဟိ နာထတ်သ၊ သာသနေ သာဓု သမ်မတေ၊ အ-မနုတ်သေဟိ စန်ဒေဟိ၊ သဒါ ကိတ်ဘိသ ကာရိဘိ။
အို သူတော်ကောင်းတို့ သဗ္ဗညုတဉာဏ်ရရန် ထောက်ကူပါရမီ အဆောက်အဦတို့ကို ဖြည့်ကျင့်ဆည်း ပူးတော်မူသော ငုံးမျိုး၌ ဖြစ်တော်မူရသော ဘုရားအလောင်း ငုံးမင်းကို အကြင်ဝဋ္ဋသုတ်ပရိတ်တော်၏ အစွမ်းအာနုဘော် ကြောင့် တောမီးသည် ရှောင်ကွင်းလေပြီ။
(၂) ပရိသာနံ စတဿန္နံ၊ အဟိံ သာယ စ ဂုတ္တိယာ။ ယံ ဒေသေသိ မဟာဝီရော၊ ပရိတ္တံ တံ ဘဏာမ ဟေ။
ပရိသာနံ စတတ်သာနံ၊ အဟိန်သာယ စဂုတ်တိယာ၊ ယံ ဒေသေသိ မဟာဝီရော၊ ပရိတ်တံ တံ ဘဏာမ ဟေ။
အို သူတော်ကောင်းတို့ မြတ်စွာဘုရား၏ အကောင်းအမြတ်ဟု သမုတ်အပ်သော ဘုရားရှင် သာသနာတော်၌ မကြည်ညိုကုန်သော ကြမ်းတမ်းကုန် သော အခါခပ်သိမ်း မကောင်းမှုကို ပြုလေ့ရှိကုန်သော ဘီလူးတို့သည် လေးပါးကုန်သော ပရိတ်သတ်တို့ကို မညှဉ်းဆဲခြင်းငှာလည်းကောင်း၊ ကာကွယ်စောင့်ရှောက် ခြင်းငှာလည်းကောင်း၊ ဝီရိယကြီးမား မြတ်စွာဘုရားသည် အကြင်အာဋာနာဋိယသုတ်ပရိတ်တော်ကို ဟောတော် မူအပ်ပြီ၊ ထိုအာဋာနာဋိယသုတ်တော်ကို ငါတို့သည် ရွတ်ကြကုန်စို့။
(၃) ဝိပဿိဿ စ နမတ္ထု၊ စက္ခုမန္တဿ သိရီမတော။ သိခိဿပိ စ နမတ္ထု၊ သဗ္ဗဘူတာနုကမ္ပိနော။
ဝိပတ်သိပ်သ စ နမတ်ထု၊ စက်ခု မန်တတ်တ သီရိမတော၊ သိခိတ်သာပိ စ နမတ်ထု၊ သပ်ဗဘူတာ နုကမ်ပိနော။
စက္ခုငါးတန် ဉာဏ်အမြင်မျိုးရှိတော်မူသော ဘုန်း ကျက်သရေ ရှိတော်မူသော ဝိပဿီမည်တွင် ရှင်တော် မြတ်ဘုရားအားလည်း အကျွန်ုပ်၏ ရှိခိုးခြင်းသည်ဖြစ်ပါစေ၊ အလုံးစုံသော သတ္တဝါတို့ကို အစဉ်သနားစောင့်ရှောက်တော် မူတတ်သော သိခီမည်တွင် ရှင်တော်မြတ်ဘုရားအားလည်း အကျွန်ုပ်၏ ရှိခိုးခြင်းသည်ဖြစ်ပါစေ။
(၄) ဝေဿဘုဿ စ နမတ္ထု၊ နှာတကဿ တပဿိနော။ နမတ္ထု ကကုသန္ဓဿ၊ မာရသေနာ ပမဒ္ဒိနော။
ဝစ်သဘုတ်သ စ နမတ်ထု၊ နှာတကတ်သ တပတ်သိနော၊ နမတ်ထု က,ကုသန်ဓတ်သ၊ မာရသေနာ ပမတ်ဒိနော။
မဂ်အရဟတ် ရေစင်မြတ်ဖြင့် ဆေးအပ်ပြီးသည့် ကိလေသာရှိတော်မူထသော ချီးမွမ်းထိုက်ဘိ အကျင့်မြတ် ရှိတော်မူထသော ဝေဿဘူမည်တွင် ရှင်တော်မြတ် ဘုရားအားလည်း အကျွန်ုပ်၏ရှိခိုးခြင်းသည်ဖြစ်ပါစေ၊ မာရ်စစ်သည်တသင်းကို နှိမ်နှင်းဖျက်ဆီးတော်မူတတ်သော ကကုသန္ဓမည်တွင် ရှင်တော်မြတ်ဘုရားအားလည်း အကျွန်ုပ်၏ ရှိခိုးခြင်းသည်ဖြစ်ပါစေ။
(၅) ကောဏာဂမနဿ နမတ္ထု၊ ဗြာဟ္မဏဿ ဝုသီမတော။ ကဿပဿ စ နမတ္ထု၊ ဝိပ္ပမုတ္တဿ သဗ္ဗဓိ။
ကောဏာ ဂမနတ်သ နမတ်ထု၊ ဗြန်မနတ်သ ၀ုသီမတော၊ ကတ်သ ပတ်သ စ နမတ်ထု၊ ၀ိပ်ပ မုတ်တတ်သ သပ်ဗဓိ။
မြစ်တားပယ်ရှားအပ်သည့် မကောင်းမှုရှိ၍ ဝိသုဒ္ဓိ ဗြာဟ္မဏဖြစ်တော်မူထသော ကျင့်သုံးခဲ့ပြီးသည့် အရိယာမဂ် အကျင့်မြတ်ရှိတော်မူထသော ကောဏာ ဂမနမည်တွင် ရှင်တော်မြတ်ဘုရားအားလည်း အကျွန်ုပ် ၏ ရှိခိုးခြင်းသည်ဖြစ်ပါစေ၊ ကိလေသာခပ်သိမ်းတို့မှ အရှင်းကျွတ်၍ ကင်းလွတ်တော်မူပြီးဖြစ်တော်မူသော ကဿပမည်တွင် ရှင်တော်မြတ်ဘုရားအားလည်း အကျွန်ုပ်၏ ရှိခိုးခြင်းသည်ဖြစ်ပါစေ။
(၆) အင်္ဂီရသဿ နမတ္ထု၊ သကျပုတ္တဿ သိရီမတော။ ယော ဣမံ ဓမ္မံ ဒေသေသိ၊ သဗ္ဗဒုက္ခာပနူဒနံ။
အင်ဂီရသတ်သ နမတ်ထု၊ သက်ကျ ပုတ်တတ်သ သိရီမတော၊ ယော အိမံ ဓမ်မံ ဒေသေတိ၊ သပ်ဗ ဒုတ်ခါ ပနူဒနံ။
အကြင်သာကီဝင်မင်းသား ဂေါတမရှင်တော်မြတ် ဘုရားသည် ဒုက္ခခပ်သိမ်းကို ငြိမ်းစေဘိတောင်း ပယ်နုတ် ကြောင်းဖြစ်သော ဤတရားမြတ်ဒေသနာတော်ကို ဟောတော်မူပြီ၊ ကိုယ်အင်္ဂါမှ ဖြာဖြာရွှန်းလက်ထွက်သော ရောင်ခြည်ရှိတော်မူသော ကျက်သရေရှင်ဖြစ်တော်မူသော ထိုသာကီဝင်မင်းသား ဂေါတမရှင်တော်မြတ်စွာဘုရား အား အကျွန်ုပ်၏ ရှိခိုးခြင်းသည်ဖြစ်ပါစေ။
(၇) ယေ စာပိ နိဗ္ဗုတာ လောကေ၊ ယထာဘူတံ ၀ိပဿိသုံ။ တေ ဇနာ အပိသုဏာထ၊ မဟန္တာဝီတသာရဒါ။
ယေ စာပိ နိပ်ဗုတာ လောကေ၊ ယထာ ဘူတံ ၀ိပတ်သိသုံ၊ တေ ဇန အ-ပိသုဏာ ထ၊ မဟန်တာ ၀ီတ သာရဒါ။
လောက၌ အကြင်ရဟန္တာပုဂ္ဂိုလ်တို့သည်လည်း ကိလေသာဟု အပူငြိမ်းတော်မူကြကုန်ဖြစ်၍ အမှန်အတိုင်း ထူးသော ဉာဏ်အရသိတော်မူကြကုန်ပြီ၊ ထိုရဟန္တာ ပုဂ္ဂိုလ်တို့သည် ချောပစ်ကုန်းတိုက်ခြင်း မရှိကြကုန်၊ ထို့ပြင် သီလစသည် ဂုဏ်ရည်တွေ စုံမြတ်တော်မူကြကုန်၏၊ အရှင်း ကင်းသည့် ကြောက်ရွံ့ခြင်းရှိတော်မူကြကုန်၏။
(၈) ဟိတံ ဒေ၀နုဿာနံ၊ ယံ နမဿန္တိ ဂေါတမံ။ ၀ိဇ္ဇာစရဏသမ္ပန္နံ၊ မဟန္တံ ၀ီတသာရဒံ။
ဟိတံ ဒေ၀ မနုတ်သာနံ၊ ယံ နမတ်သန်တိ ဂေါတမံ၊ ၀ိတ်ဇာ စရဏ သမ်ပန်နံ၊ မဟန်တံ ၀ီတ သာရဒါ။
ထိုရဟန္တာပုဂ္ဂိုလ်တို့သည် နတ်လူတို့၏ အစီး အပွားကို ပြုတော်မူတတ်သော ဝိဇ္ဇာဉာဏ်၊အကျင့် စရဏနှင့် ပြည့်ဝကုံလုံတော်မူသော ဂုဏ်ပေါင်းညွန့်လူ မြတ်တော်မူသော အရှင်းကင်းသည့် ကြောက်ရွံ့ခြင်း ရှိတော်မူသော ဂေါတမရှင်တော်မြတ်ကို ရှိခိုးကြကုန်၏၊ ထိုရဟန္တာအရှင်မြတ်တို့အားလည်း အကျွန်ုပ်၏ ရှိခိုးခြင်း သည်ဖြစ်ပါစေ။
(၉) ဧတေ စညေ စ သမ္ဗုဒ္ဓါ၊ အနေကသတ ကောဋိယော။ သဗ္ဗေ ဗုဒ္ဓါ သမသမာ၊ သဗ္ဗေ ဗုဒ္ဓါ မဟိဒ္ဓိကာ။
အေတေ စင်ညေ စ သမ်ဗုတ်ဓာ၊ အနေက သတ ကောတိယော၊ သပ်ဗေ ဗုတ်ဓာ သမသမာ၊ သပ်ဗေ ဗုတ်ဓာ မဟိတ်ဒိကာ။
ထိုဝိပဿီအစရှိသော ဘုရားမြတ်ခုနစ်ဆူတို့သည် လည်းကောင်း၊ ဘုရားခုနစ်ဆူတို့မှ တစ်ပါးကုန်သော ကုဋေရာပေါင်းများစွာကုန်သော ဘုရားမြတ်တို့သည် လည်းကောင်း၊ အလုံးစုံကုန်သော ရှင်တော်မြတ်ဘုရား တို့သည် ယှဉ်ပြိုင်နိုင်သူ ရည်တူမရ ရှေးဘုရားတို့နှင့်သာ တူတော်မူကြကုန်၏၊ အလုံးစုံကုန်သော ရှင်တော်မြတ် ဘုရားတို့သည် ကြီးသောတန်ခိုးရှိတော်မူကြကုန်၏။
(၁၀) သဗ္ဗေဒသဗလူပေတာ ဝေသာရဇ္ဇေဟု ပါဂတာ။ သဗ္ဗေ တေ ပဋိဇာနန္တိ၊ အာသဘံ ဌာန မုတ္တမံ။
သဗ်ဗေ ဒသ ဗလူပေတော၊ ဝေသာရစ်ဇေ ဟ ပါဂတာ၊ သပ်ဗေ တေ ပတိဇာနန်တိ၊ အာသဘံ ထာန မုတ်တမံ။
အလုံးစုံသော ဘုရားမြတ်တို့သည် ဉာဏ်တော် ဆယ်ပါး ဘုရားတို့စွမ်းအားနှင့် ပြည့်စုံတော်မူကြကုန်၏၊ ဝေသာရဇ္ဇဉာဏ်တော်တို့နှင့် ပြည့်စုံတော်မူကြကုန်၏၊ အလုံးစုံကုန်သော ထိုဘုရားမြတ်တို့သည် မြတ်သော မြင့်မြတ်ထူးခြား ဘုရားတို့ အရိုက်အရာစစ် သဗ္ဗညုအဖြစ်ကို ဝန်ခံတော်မူကြကုန်၏။
(၁၁) သီဟနာဒံ နဒန္တေ တေ၊ ပရိသာသု ၀ိသာရဒါ။ ဗြဟ္မစက္ကံ ပ၀တ္တန္တိ၊ လောကေ အပ္ပဋိဝတ္တိယံ။
သီဟ နာဒံ နဒန်တေ တေ၊ ဗြန်မ စက်ကံ ပ၀တ်တန်တိ၊ လောကေ အပ်ပတိ ၀တ်တိယံ။
ထိုဘုရားရှင်တို့သည် ပရိသတ်ရှစ်ပါးတို့၌ ကြောက်ရွံ့ခြင်းကင်း ရဲတင်းတော်မူကြကုန်သည်ဖြစ်၍ ခြင်္သေ့မင်း၏ အသံအလား တရားအသံတော်ကို ကျူးရင့် တော်မူကြကုန်၏၊ လောက၌ ဗြဟ္မာနတ်လူ ဘယ်သူတစ် ယောက်မျှ မကန့်ကွက်အား မမြစ်တားနိုင်သော မြတ်သော ဓမ္မစက်ကို ဖြစ်စေတော်မူကြပေကုန်၏။
(၁၂) ဥပေတာ ဗုဒ္ဓဓမ္မေဟိ၊ အဋ္ဌာရသဟိ နာယကာ။ ဗာတ္တိံသ လက္ခဏူပေတာ၊ သီတာနုဗျဉ္ဇနာဓရာ။
အုပေတာ ဗုတ်ဓ ဓမ်မေဟိ၊ အတ်ထာရသ, ဟိ နာယကာ၊ ဗတ်တိန်သ လက်ခဏုပေတော၊ သီတာနု ဗျင်ဇနာ ဓရာ။
လောက၏ အကြီးအမှူး ဦးစီးပဲ့ပြင် ရှင်တော်မြတ် ဘုရားတို့သည် တစ်ဆယ့်ရှစ်ပါးကုန်သော ဘုရားမြတ်တို့၏ သာ ရရာပိုင်ရာ ဂုဏ်တော်တို့နှင့် ပြည့်စုံတော်မူကြပါပေ ကုန်၏၊ သုံးဆယ့်နှစ်ပါးသော ယောက်ျားမြတ်တို့၏ လက္ခဏာတော်တို့နှင့် ပြည့်စုံတော်မူကြပါပေကုန်၏၊ ရှစ်ဆယ်သော လက္ခဏာတော်ငယ်တို့ကို ဆောင်တော်မူ ကြပါပေကုန်၏။
(၁၃) ဗျာမပ္ပဘာယ သုပ္ပဘာ၊ သဗ္ဗေ တေ မုနိကုဉ္ဇရာ။ ဗုဒ္ဓါ သဗ္ဗညုနော ဧတေ၊ သဗ္ဗေ ခီဏာသ၀ါ ဇိနာ။
ဗျာမတ်-ပ-ဘာယ သုပ်-ပ-ဘာ၊ သပ်ဗေ တေ မုနိ ကုန်ဇရာ၊ ဗုတ်ဓာ သပ်ဗင်ညုနော အေတေ၊ သပ်ဗေ ခီဏာသ၀ါ ဇိနာ။
အလုံးစုံကုန်သော မုနိထွတ်ဖျား ထိုဘုရားမြတ်တို့ သည် ဗျာမပ္ပဘာ လျှံဝါတင့်ရွှန်း ရောင်ခြည်ဝန်းဖြင့် တင့်တယ်ထွန်းညှိ ရောင်ခြည်တော်ရှိကြကုန်၏။ တရား အလုံးစုံ အကုန်သိမြင် သဗ္ဗညုဖြစ်တော်မူကြကုန်သော အလုံးစုံကုန်သော ထိုရှင်တော်မြတ်ဘုရားတို့သည် ကုန်ပြီးသော အာသဝေါရှိကြကုန်သော ငါးမာရ်အောင်မြင် ဇိနချည်းပင် ဖြစ်တော်မူကြပေကုန်၏။
(၁၄) မဟာပဘာ မဟာတေဇာ၊ မဟာပညာ မဟဗ္ဗလာ။ မဟာကာရုဏိကာ ဓီရာ၊ သဗ္ဗေသာနံ သုခါဝဟာ။
မဟာ-ပ-ဘာ မဟာတေဇာ၊ မဟာ ပင်ညာ မဟပ်ဗလာ၊ မဟာ ကာရုဏိကာ ဓီရာ၊ သပ်ဗေသာနံ သုခါဝဟာ။
ထိုရှင်တော်မြတ်ဘုရားတို့သည် ကိုယ်ရောင် ဉာဏ်ရောင် ပြောင်တဝင်းဝင်း ထူးမြတ်သောအရောင် အလင်း ရှိတော်မူကြကုန်၏၊ အစွမ်းအမျိုးမျိုးကြီးမြတ်သော တန်ခိုးရှိတော်မူကြကုန်၏၊ ချီးမွမ်းအပ်ဘိ ကြီးမြတ်သော ပညာရှိတော်မူကြကုန်၏၊ ကာယ၊ ဉာဏ ဗလနှစ်ပါး ကြီးမားသောစွမ်းအား ရှိတော်မူကြကုန်၏၊ သတ္တဝါများ လွန်သနားသည့် မဟာကရုဏာ ရှိကြကုန်၏၊ မြဲခိုင်လှ သည့် သမာဓိရှိကြကုန်၏။ သတ္တဝါအလုံးစုံတို့၏ ချမ်းသာ ကို ရွက်ဆောင်တော်မူတတ်ကုန်၏။
(၁၅) ဒီပါနာထာ ပတိဋ္ဌာ စ၊ တာဏာ လေဏာ စ ပါဏိနံ။ ဂတီ ဗန္ဓူ မဟေဿာသာ၊ သရဏာ စ ဟိတေသိနော။
ဒီပါ နာထာ ပတိတ်ထာ စ၊ တာဏာ လေနာ စ ပါဏိနံ၊ ဂတီ ဗန်ဓူ မဟစ်သာသာ၊ သရဏာ စ ဟိတေသိနော။
ထိုရှင်တော်မြတ်တို့သည် သတ္တဝါတို့၏ ကျွန်းကြီး ပမာ မှီခိုရာလည်း ဖြစ်တော်မူကြကုန်၏၊ ကိုးကွယ်ရာ အားထားရာလည်း ဖြစ်တော်မူကြကုန်၏။ ထောက်တည်ရာလည်း ဖြစ်တော်မူကြကုန်၏၊ ဝဋ်ဒုက္ခမှလည်း ကယ်တင် စောင့်ရှောက်တော်မူကြကုန်၏၊ ဘေးမရောက်အောင် တိမ်းရှောင်ပုန်းအောင်းရာလည်း ဖြစ်တော်မူကြကုန်၏၊ နတ်လူအများ အားထားချဉ်းကပ်ရာလည်း ဖြစ်တော်မူ ကြကုန်၏၊ မိတ်ကောင်းဆွေကောင်းလည်း ဖြစ်တော်မူ ကြကုန်၏၊ ထူးမြတ်သော ထောက်တည်ရာ မှီခိုရာလည်း ဖြစ်တော်မူကြကုန်၏၊ ဆင်းရဲဒုက္ခကို ဖျက်ဆီးတော် မူကြကုန်၏။ အကျိုးစီးပွားကိုသာ ရှာမှီးတော်မူလေ့ ရှိကြကုန်၏။
(၁၆) သဒေ၀ကဿ လောကဿ သဗ္ဗေ ဧတေ ပရာယဏာ။ တေသာဟံ သိရသာ ပါဒေ၊ ၀န္ဒာမိ ပုရိသုတ္တမေ။
သ, ဒေ၀ကတ်သ လောကတ်သ၊ သပ်ဗေ အေတေ ပရာယဏာ၊ တေသာ ဟံ သိရ, သာ ပါဒေ၊ ၀န်ဒါမိ ပုရိ သုတ်တမေ။
အလုံးစုံကုန်သော ထိုရှင်တော်မြတ်ဘုရားတို့သည် နတ်နှင့်တကွသော သတ္တဝါအပေါင်း၏ ထူးမြတ်သော မှီခိုဆည်းကပ်ရာ ဖြစ်တော်မူကြပါပေကုန်၏၊ ဂုဏ်တော် ကဲလွန် ယောက်ျားမွန်ပုဂ္ဂိုလ်မြတ် ဖြစ်တော်မူကြ ကုန်သော ထိုရှင်တော်မြတ်ဘုရားတို့ကိုလည်းကောင်း၊ ထိုရှင်တော်မြတ်တို့၏ ခြေတော်တို့ကိုလည်းကောင်း အကျွန်ုပ်သည် ဦးခေါင်းရတနာမြတ်အင်္ဂါဖြင့် ရှိခိုးကန် တော့ပါ၏။
(၁၇) ၀စသာ မနသာ စေ၀၊ ၀န္ဒာမေ တေ တထာဂတေ။ သယနေ အာသနေ ဌာနေ၊ ဂမနေ စာပိ သဗ္ဗဒါ။
ဝစ, သာ မန, သာ စေ၀၊ သဒါ သုခေန၊ ရက်ခန်တု၊ ဗုတ်ဓာ သန်တိ ကရာ တုဝံ၊ တေဟိ တွန် ရက်ခိတော သန်တော၊ မုတ်တော သပ်ဗ ဘယေဟိ စ။
အကျွန်ုပ်သည် ထိုရှင်တော်မြတ်ဘုရားတို့ကို အိပ် သောအခါ၌လည်းကောင်း၊ ထိုင်သောအခါ၌လည်းကောင်း၊ ရပ်သောအခါ၌လည်းကောင်း၊ သွားသောအခါ၌လည်း ကောင်း၊ အခါခပ်သိမ်းနှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့် လည်းကောင်း ရှိခိုးပါ၏။
(၁၈) သဒါ သုခေန ရက္ခန္တု၊ ဗုဒ္ဓါ သန္တိကရာ တုဝံ။ တေဟိ တွံ ရက္ခိတော သန္တော။ မုတ္တော သဗ္ဗဘယေဟိ စ။
သဒါ သုခေန ရက်ခန်တု၊ ဗုတ်ဓာ သန်တိ ကရာ တုဝံ၊ တေဟိ တွန် ရက်ခိတော သန်တော၊ မုတ်တော သပ်ဗ ဘယေဟိ စ။
ဒုက္ခခပ်သိမ်း ငြိမ်းအေးမှုကို ပြုတော်မူတတ် ကုန်သော ရှင်တော်မြတ်ဘုရားတို့သည် သင့်ကို အခါ ခပ်သိမ်း ချမ်းသာရေးဖြင့် စောင့်ရှောက်တော်မူကြစေ ကုန်သတည်း၊ ထိုမြတ်စွာဘုရားတို့သည် စောင့်ရှောက် အပ်သည်ဖြစ်သော သင်သည် ဘေးခပ်သိမ်းတို့မှ ကင်း လွတ်ရသည်လည်းဖြစ်ပါစေ။
(၁၉) သဗ္ဗရောဂါ ၀ိနီမုတ္တော၊ သဗ္ဗသန္တာပ ၀ဇ္ဇိတော။ သဗ္ဗဝေရ မတိက္ကန္တော၊ နိဗ္ဗုတော စ တုဝံဘ၀။
သပ်ဗရောဂါ ၀ိနီ မုတ်တော၊ သပ်ဗသန်တာပ ၀တ်ဇိတော၊ သပ်ဗဝေရ မတိတ်ကန်တော၊ နိတ်ဗူတော စ တုဝံ ဘ၀။
သင်သည် ရောဂါမှန်သမျှမှ အထူးလွတ်ကင်း ရသည်လည်းကောင်း၊ ပူပန်ခပင်း ရှောင်ကွင်းအပ်သည် လည်းကောင်း၊ ရန်မျိုးမှန်သမျှကို ကျော်လွှားလွန်မြောက်ရ သည်လည်းကောင်းဖြစ်၍ ငြိမ်းအေးသည်လည်းဖြစ်ပါစေ။
(၂၀) တေသံ သစ္စေန သီလေန၊ ခန္တိမေတ္တာ ဗလေန စ။ တေပိ အမှေ နုရက္ခန္တု၊ အရောဂေန သုခေန စ။
တေတံ သစ်စေန သီလေန၊ ခန်တိ မစ်တာ ဗလေန စ၊ တေပိ အန်မှေ နုရက်ခန်တု၊ အ-ရောဂေန သုခေ-န-စ။
ထိုရှင်တော်မြတ်ဘုရားတို့၏ သစ္စာတော်ဖြင့် လည်းကောင်း၊ သီလတော်ဖြင့်လည်းကောင်း၊ ခန္တီမေတ္တာ တရားတို့၏ စွမ်းပကားဖြင့်လည်းကောင်း၊ ထိုဘုရားမြတ် တို့သည်လည်း ရောဂါကင်းရှင်းရေးအားဖြင့်လည်းကောင်း၊ ချမ်းသာရေးအားဖြင့်လည်းကောင်း၊ ငါတို့ကိုအစဉ် စောင့် ရှောက်တော်မူကြပါစေကုန်သတည်း။
(၂၁) ပုရတ္ထိမသ္မိံ ဒိသာဘာဂေ၊ သန္တိ ဘူတာ မဟိဒ္ဓိကာ။ တေပိ အမှေ နုရက္ခန္တု၊ အရောဂေန သုခေန စ။
ပုရတ်ထိ မတ်သမိန် ဒိသာဘာဂေ၊ သန်တိ ဘူတာ မဟိတ်ဒိကာ၊ တေပိ အန်မှေ နုရက်ခန်တု၊ အရောဂေန သုခေန စ။
အရှေ့ဘက်အရပ်မျက်နှာ၌ ကြီးသောတန်ခိုး ရှိကုန်သော ဂန္ဓဗ္ဗနတ်တို့သည်ရှိကုန်၏၊ ထိုဂန္ဓဗ္ဗနတ် တို့သည်လည်း ငါတို့ကို ရောဂါကင်းရေးအားဖြင့်လည်း ကောင်း၊ ချမ်းသာရေးအားဖြင့်လည်းကောင်း အစဉ် စောင့်ရှောက်ကြပါစေကုန်သတည်း။
(၂၂) ဒက္ခိဏသ္မိံ ဒိသာဘာဂေ၊ သန္တိ ဒေ၀ါ မဟိဒ္ဓိကာ။ တေပိ အမှေ နုရက္ခန္တု၊ အရောဂေန သုခေန စ။
ဒက်ခိနသမိန် ဒိသာ ဘာဂေ၊ သန်တိ ဒေ၀ါ မဟိတ်ဒိကာ၊ တေပိ အန်မှေ’ နုရက်ခန်တု၊ အ-ရောဂေန သုခေန-စ။
တောင်ဘက် အရပ်မျက်နှာ၌ ကြီးသောတန်ခိုးရှိ ကုန်သော ကုမ္ဘဏ်နတ်တို့သည် ရှိကုန်၏၊ ထိုကုမ္ဘဏ်နတ် တို့သည်လည်း ငါတို့ကို ရောဂါကင်းရေး အားဖြင့်လည်း ကောင်း၊ ချမ်းသာရေး အားဖြင့်လည်းကောင်း အစဉ်စောင့် ရှောက်ကြပါစေ ကုန်သတည်း။
(၂၃) ပစ္ဆိမသ္မိံ ဒိသာဘာဂေ၊ သန္တိ နာဂါ မဟိဒ္ဓိကာ။ တေပိ အမှေ နုရက္ခန္တု၊ အရောဂေန သုခေန စ။
ပစ်ဆိမသမိန် ဒိသ ဘာဂေ၊ သန်တိ နာဂါ မဟိတ်ဒိကာ၊ တေပိ အန်မှေ နုရက်ခန်တု၊ အ-ရောဂေန သုခေန-စ။
အနောက်ဘက်အရပ်မျက်နှာ၌ ကြီးသောတန်ခိုး ရှိကုန်သော နဂါးတို့သည်ရှိကုန်၏၊ ထိုနဂါးတို့သည် လည်း ငါတို့ကို ရောဂါကင်းရေးအားဖြင့် လည်းကောင်း၊ ချမ်းသာရေးအားဖြင့်လည်းကောင်း အစဉ်စောင့်ရှောက် ကြပါစေကုန်သတည်း။
(၂၄) ဥတ္တရသ္မိံ ဒိသာဘာဂေ၊ သန္တိ ယက္ခာ မဟိဒ္ဓိကာ။ တေပိ အမှေ နုရက္ခန္တု၊ အရောဂေန သုခေန စ။
အုတ်တရသမိန် ဒိသာ ဘာဂေ၊ သန်တိ ယက်ခါ မဟိတ်ဒိကာ၊ တေပိ အမှေ’ နုရက်ခန်တု၊ အ-ရောဂေန သုခေန-စ။
မြောက်ဘက်အရပ်မျက်နှာ၌ ကြီးသောတန်ခိုးရှိ ကုန်သော ဘီလူးတို့သည်ရှိကုန်၏၊ ထိုဘီလူးတို့သည် လည်း ငါတို့ကို ရောဂါကင်းရေးအားဖြင့်လည်းကောင်း၊ ချမ်းသာရေးအားဖြင့်လည်းကောင်း အစဉ်စောင့်ရှောက် ကြပါစေကုန်သတည်း။
(၂၅) ပုရတ္ထိမေန ဓတရဋ္ဌော၊ ဒက္ခိဏေန ၀ိရူဠှကော။ ပစ္ဆိမေန ၀ိရူပက္ခော၊ ကုဝေရော ဥတ္တရံ ဒိသံ။
ပုရက်ထိမေန ဓတ ရတ်ထော၊ ဒက်ခိဏေန ၀ိရုန်လှကော။ ပစ်ဆိမေန ၀ိရူပက်ခေါ၊ ကုဝေရော အုတ်တရံ ဒိသံ။
အရှေ့အရပ်၌ ဓတရဋ္ဌနတ်မင်းသည်ရှိ၏၊ တောင်အရပ်၌ ဝိရုဠ္ဇကနတ်မင်းသည်ရှိ၏၊ အနောက် အရပ်၌ ဝိရူပက္ခနတ်မင်းသည်ရှိ၏၊ မြောက်အရပ်၌ ကုဝေရနတ်မင်းသည်ရှိ၏။
(၂၆) စတ္တောရော တေ မဟာရာဇာ၊ လောကပါလာ ယသဿိနော။ တေပိ အမှေ နုရက္ခန္တု၊ အရောဂေန သုခေန စ။
စက်တာရော တေ မဟာရာဇာ၊ လောကပါလာ ယသတ်သိနော၊ တေပိ အန်မှေ’ နုရက်ခန်တု၊ အ-ရောဂေန သုခေန-စ။
လေးယောက်ကုန်သော ထိုနတ်မင်းကြီးတို့ သည် လောကကို စောင့်ရှောက်တတ်ကုန်၏၊ များသော အခြံအရံရှိကြကုန်၏၊ ထိုလောကပါလ နတ်မင်းကြီး လေးယောက်တို့သည်လည်း ငါတို့ကို ရောဂါကင်းရေး အားဖြင့်လည်းကောင်း၊ ချမ်းသာရေးအားဖြင့်လည်းကောင်း အစဉ်စောင့်ရှောက်ကြပါစေကုန်သတည်း။
(၂၇) အာကာသဋ္ဌာ စ ဘူမဋ္ဌာ၊ ဒေ၀ါ နာဂါ မဟိဒ္ဓိကာ။ တေပိ အမှေ နုရက္ခန္တု၊ အရောဂေန သုခေန စ။
အာကာသတ်ထာ စ ဘူမတ်ထာ၊ ဒေ၀ါ နာဂါ မဟိတ်ဓိကာ၊ တေပိ အန်မှေ’ နုရက်ခန်တု၊ အ-ရောဂေန သုခေန-စ။
ကောင်းကင်၌ တည်ကုန်သော ကြီးသော တန်ခိုးရှိကုန်သော နတ်တို့သည်လည်းကောင်း၊ မြေ၌ တည်ကုန်သော ကြီးသောတန်ခိုးရှိကုန်သော နတ်တို့သည် လည်းကောင်း၊ နဂါးတို့သည်လည်းကောင်းရှိကုန်၏၊ ထိုနတ်နဂါးတို့သည်လည်း ငါတို့ကို ရောဂါကင်းရေး အားဖြင့်လည်းကောင်း၊ ချမ်းသာရေးအားဖြင့်လည်းကောင်း၊ အစဉ် စောင့်ရှောက်ကြပါစေကုန်သတည်း။
(၂၈) ဣဒ္ဓိမန္တော စ ယေ ဒေ၀ါ၊ ၀သန္တာ ဣဓ သာသနေ။ တေပိ အမှေ နုရက္ခန္တု၊ အရောဂေန သုခေနစ။
အိတ်ဓိမန်တောစ ယေ ဒေ၀ါ၊ ၀သန်တာ အိဓ သာသနေ၊ တေပိ အန်မှေ’ နုရက်ခန်တု၊ အရောဂေန သုခေန-စ။
ဤမြတ်စွာဘုရားသာသနာတော်၌ နေကြကုန် သော လွန်ကဲသော တန်ခိုးရှိကြကုန်သော အကြင်နတ်တို့ သည်လည်းရှိကုန်၏၊ ထိုနတ်တို့သည်လည်း ငါတို့ကို ရောဂါကင်းရေးအားဖြင့်လည်းကောင်း၊ ချမ်းသာရေးအား ဖြင့်လည်းကောင်း အစဉ်စောင့်ရှောက်ကြကုန်ပါစေကုန် သတည်း။
(၂၉) သဗ္ဗီတိယော ၀ိဝဇ္ဇန္တု၊ သောကော ရောဂေါ ၀ိနဿတု။ မာ တေဝ န္တွန္တရာယာ၊ သုခီ ဒီဃာယုကော ဘ၀။
သပ်ဗီတိယော ၀ိဝစ်ဇန်တု၊ သောကော ရောဂေါ ၀ိနတ်သတု၊ မာ တေ ဘ၀န် တွံတရာယာ၊ သုခီ ဒီဃာယုကော ဘ၀။
အလုံးစုံသော ဘေးရန်တို့သည် ကွင်းဖယ် ရှောင်ရှားကြပါစေကုန်သတည်း၊ စိုးရိမ်ပူပန်ခြင်းသည် လည်းကောင်း၊ အနာရောဂါမျိုးသည်လည်းကောင်း မကျမရောက် ကင်းပျောက်ပါစေသတည်း၊ သင့်အား ဘေးရန်အန္တရာယ်တို့သည် မဖြစ်ပါစေကုန်သတည်း၊ သင်သည် ကိုယ်စိတ်နှစ်ဖြာ ချမ်းသာခြင်းရှိသည်ဖြစ်၍ ရှည်သော အသက်ရှိသည် ဖြစ်ပါစေသား။
(၃၀) အဘိဝါဒနသီလိဿ၊ နိစ္စံ ၀ုဍ္ဎာပစာယိနော။ စတ္တာရော ဓမ္မာ ၀ဍ္ဎန္တိ၊ အာယု ၀ဏ္ဏော သုခံ ဗလံ။
အဘိဝါဒန သီလိတ်သ၊ နိတ်စံ ၀ုတ်ဓာ ပစာယိနော၊ စတ်တာရော ဓမ်မာ ၀တ်ဒန်တိ၊ အာယု ၀န်ဏော သုခံ ဗလံ။
ရှိခိုးခြင်း အလေ့ရှိထသော အမြဲမပြတ် အသက်ဂုဏ်သိက္ခာ သာသူကြီးသူတို့ကို ရိုသေမှု ပြုလေ့ ရှိသူအား အသက်တမ်းသည်လည်းကောင်း၊ ရုပ်ရည် အဆင်းသည်လည်းကောင်း၊ ချမ်းသာခြင်းသည်လည်း ကောင်း၊ ခွန်အားသည်လည်းကောင်း လေးပါးကုန်သော တရားတို့သည် တိုးပွားကြလေကုန်၏။
အာဋာနာဋိယသုတ္တံ နိဋ္ဌိတံ။Read more...

























