သံသရာထဲမှာ တတွဲတွဲတလည်လည် အပိုင်း-(၂)
ဧကသာဋက ပုဏ္ဏား လင်မယားသည်၊ သံဃာတော်များကို အလုပ်အကျွေး ပြုရန် သီလ ဘာဝနာမှု မပြတ် ပြုရကား၊ ကွယ်လွန်သော အခါဝယ် နတ်ရွာ သုဂတိသို့ ရောက်သည်။ ထိုမှ တစ်ဖန် လူ့ပြည် နတ်ပြည် စုန်ဆန် ကျင်လည်ခဲ့ရာ၊ မယား ဧကသာဋက မကောင်းမှု နှိုးဆော်မည့် ဘဝ တစ်ချင့် ကြုံရလေ၏။
ထိုအချိန် အခါကား ဤ ဘဒ္ဒကမ္ဘာတည်း။ ကောဏာဂုံ မြတ်စွာ ပရိနိဗ္ဗာန် စံပြီးချိန်နှင့် ကဿပမြတ်စွာဘုရား ပွင့်တော်မမူမီ၊ ကြားကာလ ဖြစ်ပေသည်။
ဧကသာဋကဟောင်း လင်မယားသည်၊ ဗာရာဏသီပြည် သူကြွယ်မျိုး အဖြစ် ရောက်ရှိနေထိုင်ကြသည်။ သူကြွယ် တောလည် ထွက်သောနေ့ တစ်နေ့၌ အိမ်၌ ကျန်ရစ်သော သူကြွယ်မသည် ယောက်မနှင့် ရန်ဖြစ်တော့သည်။ ယင်းအချိန်ဝယ် ရှင်ပစ္စေက ဗုဒ္ဓါ တစ်ပါး ဆွမ်းရပ်လာသည်။
သူကြွယ့်နှမသည် အရှင်မြတ်၏ သပိတ်တွင် ရှိသမျှ ဆွမ်းနှင့် ဆွမ်းဟင်းများ အပြည့် ကပ်လှူ၏။ ဤသို့လည်း ဆုတောင်း၏။
“တပည့်တော်မဟာ၊ ဒီကောင်းမှုကြောင့် ဖြစ်လေရာ ဘဝမှာ ဒီမိန်းမမိုက်၊ သူ့လိုမိုက်မဲတဲ့ သူများကို ယူဇနာ တစ်ရာက ရှောင်ရှားနိုင်ပါရစေ ဘုရား”
သည်ဆုတောင်းသံကို သူကြွယ်မယား ကြား၏။ “သည်ကောင်မရဲ့ ဆွမ်းကို အရှင်ကောင်း အရှင်မြတ်၊ ဘုန်းမပေး စေရဘူး” ဟူသည့် ယုတ်မိုက်စိတ်သည် ဒေါသအလျှောက် ပေါ်ပေါက်လာသည်။
သို့ကြောင့် အရှင်ကောင်း အရှင်မြတ် နောက်သို့ အပြေး လိုက်သည်။ သပိတ်ကို တောင်းယူသည်။ ဆွမ်းတွေကို သွန်ပစ်သည်။ သပိတ်ထဲတွင် ရွှံ့ပုပ်တွေ ထည့်ပြီး ကပ်လှူသည်။ ရှင်ပစ္စေက ဗုဒ္ဓါ အရှင်မြတ်ကား သပိတ်ပိုက်လျက် ကြွတော်မူသည်။ သည် အပြုအမူကို ယောက်မ မြင်သည်။
“ဟဲ့ အယုတ်တမာမ၊ နင်ငါ့ကို ဆဲချင်ဆဲပါတော့လား၊ နှစ် သင်္ချေ ပတ်လုံး ပါရမီဖြည့် ကျင့်တော်မူရတဲ့၊ မြင့်မြတ်တဲ့ အရှင်သခင်ရဲ့ သပိတ်ထဲကို ဘာပြုလို့ ရွှံ့တွေ ထည့်ရတာတုံး”
နှစ်သင်္ချေ ပတ်လုံး ဖြည့်ဆည်းရတဲ့ ပါရမီရှင် ဆိုပါကလား။
ယောက်မ၏ စကားကို အကြားတွင် သူကြွယ့်မယား ထိတ်လန့်သည်။ ရှင်ပစ္စေက ဗုဒ္ဓါ နောက်သို့ အပြေးလိုက်ပြန်သည်။ သပိတ်ကို တောင်းပြန်သည်။ သပိတ်ကို ယူလာသည်။ ရွှံ့တွေကို သွန်ပစ်သည်။ ရေ အထပ်ထပ်ဆေးသည်။ နံ့သာရေဖြင့်လည်း အဖန်ဖန် ဆေးပြီးမှ နီလွင် ဝင်းဝါသော မဟာလှေခါးပွင့် အဆင်းရှိသည့် စတုမဓုများ အပြည့် ထည့်သည်။ အရှင်မြတ်ထံ ပြန်သွားကာ ကပ်လှူပြီးမှ ဆုတောင်း၏။
“တပည့်တော်မသည် ဤ ကောင်းမှုကြောင့် ရှု၍ မရောင့်ရဲနိုင်တဲ့ ရုပ်အဆင်းနဲ့ ဘဝတိုင်း ပြည့်စုံရပါလို၏ ဘုရား”
“ဣစ္ဆိတံ ပတ္တိတံ တုသျှံခပ္ပမေဝ သမေဇ္ဇတု”
အရှင်မြတ်သည် အနုမောဒနာ ပြုကာ ကောင်းကင် ခရီးဖြင့် ကြွသွားတော်မူလေသတည်း။
(သံသရာထဲမှာ တတွဲတွဲတလည်လည် အပိုင်း-၃ အား ဆက်တင်ပါမည်)



0 comments:
Post a Comment