*ကိုရင်ကလေး ထင်မသေးနှင့်*

သင်္ကန်းညစ်ထပ် မျက်ချေးနှပ်နှင့်
မသပ်မပယ် ကိုရင်ငယ်ဟု
စိတ်ဝယ်မလေး ထင်မသေးနှင့်
ခေါင်းမှာပွေးဒက် အနာစက်နှင့်
မရှက်တတ်ပေ သာမဏေဟု
ရိုသေကင်းဝေး ထင်မသေးနှင့်
ဆူညံပြေးလွှား ဆော့ကစားလျက်
နေငြားကိုပင် မဆင်ခြင်ဘဲ
စိတ်ထွေပြစ်ထွေး ထင်မသေးနှင့်
မြွေဟောက် မြွေပွေး ပိစိကွေးဟု
အရေးမထား ကိုင်တွယ်ငြားက
ဆိပ်များပြင်းပြ ကုမရသို့
တူလှလေအင် မောင်ကိုရင်ဝယ်
ကျင့်စဉ်သီလ ဆိပ်ပြည့်ဝလျက်
သံဃာ့ဂုဏ်ပန်း ထုံပြည့်လျှမ်း၏
ကိုရင်ကလေး ပိစိကွေးလည်း
ဖြူဖွေးသီလ ကျင့်ဆောင်ရသည်
ဒသလိင်ဒဏ် သေခံယံနှင့်
တစ်ဖန် ခန္ဓက စုဒ္ဒသ ဟု
သီလဆိပ်မျိုး တစ်ရာ့ကိုးနှင့်
ပြည့်ဖြိုးစုံလင် ဂုဏ်ပန်းလွင်၏
ဆင်ခြင်ရှုက လူ့သီလမှာ
ငါးပါးသာတည့် ညစာသောက်စား
သားမယားနှင့် မော်ကြွားနေ့စဉ်
ပျော်ပွဲဆင်လည်း ကိုရင်ကလေး
ပိစိကွေးကား စာရေးစာအံ
တညံညံနှင့် ဆာပြန်သော်လည်း
ထန်းလျက်ခဲမျှ မစားရဘဲ
ပျော်ပွဲကင်းကွာ နေရရှာ၏
သေချာစဉ်းစား ဆင်ခြင်ပွားက
ဘုရားမြေးတော် ကိုရင်မော်ကား
အဟော်ဝတ ကြည်ညိုရာ့မို့
တွေးဆဆင်ခြင် ဉာဏ်သက်ဝင်လျက်
ကိုရင်ကလေး ထင်မသေးနှင့်
ဇိနေးရှင်ချစ် မြေးပါတကား။
မောင်နေရောင်***************************************************************

“ကိုရင်ကလေး ထင်မသေးနှင့်” ကဗျာ လေးကို လူကြိုက် များတယ်လို့ ကျွန်တော့် ဘက်က ယူဆတဲ့ အတွက် မနှစ် တစ်နှစ်က ဖတ်ဖူး ခဲ့တဲ့ စာအုပ် တစ်အုပ်ထဲက ဘုန်းဘုန်းသု ဆိုတဲ့ ဆရာတော် တစ်ပါးရေးတဲ့ စာသင်သား ဒုက္ခ ဆောင်းပါး ၀တ္ထုလေးကို အာရုံပြု ပြီးတော့ ဒီပိုစ့်လေးကို ရေးလိုက် ပါတယ်။
နောင် တစ်ချိန်မှာ သာသနာ့ အကျိုးကို သယ်ပိုးမယ့် ခုကတည်းက ဒီလောကမှာ သာသနာ ရှိနေ သေးတယ် ဆိုတာကို မြင်တွေ့ပြီး သိနိုင်စေအောင် နေရာ တကာမှာ တွေ့နိုင်တဲ့ ကိုရင်လေး ဆိုတာကို တကယ်လည်း အထင် မသေးသင့်ပါဘူး။ ကိုရင် ကလေးတွေမှာ ဒက်တွေ ပွေးတွေ အနာတွေ ဗရပွနဲ့ သင်္ကန်း ကလည်း ညစ်ထေးထေးနဲ့ သပိတ်ကလည်း ပဲ့ပဲ့ရွဲ့ရွဲ့နဲ့ လမ်းတကာ ဆိုင်တကာမှာ တွေ့နေရ ပေမယ့် သူတို့ကပဲ နောက်နောင် ဆရာတော် ကြီးတွေ ဖြစ်လာမယ့် အနာဂတ် သာသနာပြု ပုဂ္ဂိုလ်အလောင်း အလျာလေး တွေပါ။
သူတို့ကို တောက ဆရာ ဘုန်းကြီးတွေက ဉာဏ်ကောင်းလို့ စာတော်လို့ ခေတ်ပညာကို ဆက်လက် မသင်ယူ နိုင်လို့ တတ်နိုင်သမျှ အင်အား လေးနဲ့ ရင်းနှီးတဲ့ ဘုန်းကြီးရှိတဲ့ မြို့ကျောင်း လေးကို ရောက်လာတဲ့ ကိုရင်တွေပါ။ တောကျောင်းက ဆရာ ဘုန်းကြီးကလည်း မြို့မှာ အသိဒကာ ဒကာမတွေ မရှိလေတော့ ဆွမ်းခံအိမ်တွေ ဘာတွေ ဖိတ်မန္တက ပြုထား မပေးနိုင်ဘူး။ မြို့က ဆရာ ဘုန်းကြီး တွေလည်း သူ့ကို ကြည်ညိုတဲ့ ဒီ လက်ဆယ်ချောင်း မပြည့်တဲ့ အိမ်တွေကို လာပို့တဲ့ ကိုရင်တိုင်း ဆွမ်းခံ ကြွပါလို့ ပြောလို့ မဖြစ်ဘူး။ ဟုတ်ပါတယ်။ စာသင် စာချနေတဲ့ ဘုန်းကြီးတွေကို လူတွေက မကြည်ညို ပါဘူး။
ဒါကလည်း ဒကာ ဒကာမတွေ ဘက်က အပြစ်ပြောလို့ မဖြစ်ဘူး။ သူတို့ရဲ့ မြင်နိုင် စွမ်းအားက အလွန် နည်းပါး ပါတယ်။ သူတို့က စာသင်သား မာန်တက်မိတဲ့ ကိုရင်လေးတွေ ဦးပဉ္ဇင်း လေးတွေကို လိုက်ကြည့်ပြီး အပြစ်ပြောဖို့ပဲ သိပါတယ်။ ပြီးတော့ တစ်လှေလုံး ပုပ်ခိုင်းလိုက် တော့တာပါပဲ

။ ဒီပုပ်ထဲက ဒီပဲ လုပ်လိုက်တော့ တာပါပဲ။ ဒီတော့ ကိုရင်လေး တွေကလည်း လက်ရှိ ဆရာတော် ကြီးများ ငယ်ငယ်က ကျင့်သုံးခဲ့တဲ့ အိမ်တကာ လမ်းတကာ ဆိုင်တကာ လှည့်ကာ ဆွမ်းခံတဲ့ နည်းကို သုံးရတော့ တာပါပဲ။ မစိုးရိမ် ဆရာတော် ကြီးများရဲ့ အတ္ထုပ္ပတ္တိ တွေမှာပါတယ်။ “ငါတို့ ငယ်ငယ် တုန်းကဆို ချဉ်ပေါင် တစ်စီးနဲ့ ဆားတစ်ဆုပ် ရဖို့ ဒီမစိုးရိမ် ကနေ လမ်း(၈၀) (၂၆) လမ်းအထိ ပြေးခဲ့ရတာ” စသဖြင့် ပါပါတယ်။
ကိုရင်လေး တွေအားလုံး ဆိုင်တကာ အိမ်တကာ လမ်းတကာ လှည့်ကာ လည်ကာ ဆွမ်းခံနေတာ ပျော်လို့များ သွားမမှတ်နဲ့။ ပြီးတော့ စာချ ဘုန်းကြီး တွေက ဆွမ်းခံ ထွက်သွားတဲ့ ကိုရင်လေး တွေကို တစ်ခါတည်း အမိန့်ပေး လွှတ်လိုက်တယ်။ “ကိုးနာရီ စာသင်ချိန် အမှီ ပြန်လာခဲ့” တဲ့။ ပြန်မရောက်တဲ့ ကိုရင်ကတော့ ဆွမ်းရ မရ မသိဘူး။ စာချ ဘုန်းကြီးရဲ့ တုတ်စာ ကတော့ ရတတ်တယ်။ ဒါကြောင့် ကိုရင်လေးတွေ ကျောင်းကို (၉) နာရီဆို (၉) နာရီ၊ (၈) နာရီဆို (၈) နာရီ အမှီ ပြန်ရပါတယ်။ တကယ် (၉) နာရီ (၈) နာရီ ဆိုပေမယ့် နာရီဝက် ဆယ့်ငါး မိနစ်လောက် ကြိုပြန် ရပါတယ်။ ဆွမ်းခံလို့ ရလာတဲ့ ထမင်းကို မစားရ သေးပါဘူး။ သပိတ်ကို ဘုရားရှေ့ချ ဦးသုံးကြိမ် ချပြီး မနေ့က ပေးလိုက်တဲ့ အိမ်စာကို ပြန်ကျက်ရ ပါတယ်။ ရပြီးသား ဆိုရင်လည်း ပြန်နွှေး ရပါတယ်။ တောက်လျှောက်ပဲ။ ကိုးနာရီ ကနေ (၁၀)ခွဲ လောက်အထိ။
စာကျက်ရ တာနဲ့ အလုပ်လုပ်ရ တာနဲ့ ကွာတာ တစ်ခု ရှိပါတယ်။ စာကျက်ရင် ဗိုက်အလွန် ဆာပါတယ်။ အလုပ် လုပ်ရင် အောင့်ထားလို့ ရပေမယ့် စာကျက်ရင် အောင့်ထားလို့ မရပါဘူး။ ဆယ်နာရီ ခွဲမှ ဆွမ်းစားရမယ့် ကိုရင် မအောင့်နိုင်လို့ လမ်းမှာ ခိုးစား မိတာမျိုး ရှိတတ်ပါတယ်။ လူပုဂ္ဂိုလ် တွေက ဒါမျိုးတွေပဲ လိုက်ကြည့် ပါတယ်။ ကိုရင်လေး ဘေးမှာ လာရပ်တာကို “ငါတို့လို စားချင်ရင် ငါတို့လို လုပ်ပါလား” ဆိုတဲ့ လူတွေက ရှိသေးတယ်။
ကိုရင်တွေ ကျက်ရတဲ့ စာအုပ်ကို မြင်ဖူးပါ သလား

။ အဂ္ဂင်္ုတ္တရ နိကာယ် စာအုပ်တွေ၊ မဟာဝါ စာအုပ်တွေ၊ ရူပသိဒ္ဓိတွေ အဲဒီ သုံးအုပ်ကို ထပ်ထားရင် လူကြီး တစ်ထွာလောက် ရှိပါတယ်။ (စကားမစပ် အဲဒီ စာအုပ်တွေ ကလည်း ၀ယ်နိုင်သူ သို့မဟုတ် ဘုန်းကြီးက ၀ယ်ပေး ထားတဲ့ ကိုရင်လေး အဆင့်ဆင့် လက်ဆင့်ကမ်း စာအုပ် တွေက များတယ်။ စာအုပ်ဈေးက သာသနာသော ဘာသော နားမလည် ဘူးလေ။ ကိုရင်လေး တွေက နဂိုကမှ တောမှာ စာသင်ကျောင်း တက်နိုင် လောက်အောင် ပိုက်ဆံ မရှိတဲ့ ကြားထဲ ဟုတ်တယ် မဟုတ်လား) အဲဒီ စာအုပ်တွေကို ကျက်ရ မှာနော်။ အလွတ် ကျက်ရမှာ။ မြန်မာလို တစ်လုံးမှ မပါဘူး။ ပါဠိလိုချည်း ရေးထားတာ။ စာအုပ် တစ်အုပ် တစ်အုပ်ကို မြန်မာပြန်ရင် နှစ်အုပ်လောက် ထွက်ထွက် လာတယ်။
စာအုပ် တွေက အများကြီးပဲ။ ခုခေတ် တက္ကသိုလ် ကျောင်းသား တွေတောင် မဖတ်နိုင်တဲ့ စာအုပ်ပေါင်း များစွာကို ကိုရင်လေး တွေက သင်နေရ ပါတယ်။ အဲဒီ စာတွေက ဘုရား နှုတ်ကပတ် တော်တွေပါ။ ဘုရား ရှိခိုးရင် သြကာသတောင် မဆိုချင်တဲ့ လူပုဂ္ဂိုလ် တွေထက် ဘုရား သာသနာ တော်ကို ဆက်လက် တည်တံ့အောင် ဘုရား နှုတ်ကပတ် တော်ကို ထိန်းသိမ်းတဲ့ ကိုရင်လေး တွေရဲ့ တစ်နေ့ တစ်နေ့ ရတဲ့ ကုသိုလ်ကို လူပုဂ္ဂိုလ် တစ်သက်လုံး လုပ်လို့ရတဲ့ ကုသိုလ်က ဘယ်လိုမှ မမှီပါဘူး။ အဲဒီ ကိုရင်လေး တွေကို လူတွေ တော်တော် များများက ပစ်ပစ်ခါခါ ဆက်ဆံတတ် ပါတယ်။
ကျောင်းမှာ တပြေးညီ ကြမ်းပြင်မှာ အိပ်ရ ပါတယ်။ တချို့ဆို နေရာကောင်း မရပါဘူး။ သွားလမ်း လာလမ်းမှာ အိပ်ရတာ မျိုးတွေ ရှိပါတယ်။ ကိုရင်လေးပဲ။ ဆော့ချင်စိတ် ကစားချင် စိတ်တွေ များမှာပေါ့။ အပြင်က ကလေးတွေ ဆော့နေချိန် သူတို့မှာ တက္ကသိုလ် ကထိကတောင် စာလုံးပေါင်း ဖတ်ရမယ့် စာတွေကို ဒေါင်းဒေါင်းပြေး ပြန်ဆို နိုင်အောင် ကျက်နေရ ပါတယ်။ သင်္ကန်း လျှော်ချိန်မှာ သင်္ကန်း လျှော်မယ့်အစား စာကို ကျက်နေ ရတယ်။ ရေချိုးရင်း ချေးတွန်း နေမယ့်အစား စာကို ကျက်နေ ရတယ်။ ကိုရင်လေးတွေ စာမေးပွဲကို လိုက်ကြည့် လိုက်စမ်းပါ။ ရန်ကုန်မှာ စေတီ ယင်္ဂဏ စာမေးပွဲ။ မန္တလေးမှာ သကျသီဟ စာမေးပွဲ။ အနေ အထိုင်ထက် စာက ပိုအရေးကြီး ရတယ်။ လူတွေက ဒါကို မမြင်ပါဘူး။ မြင်တာက ကားမှတ်တိုင်မှာ ဘယ် ကားသမားမှ ခေါ်မတင်လို့ ဟိုကား ရပ်ပေးနိုးနိုး ဒီကား ရပ်ပေးနိုးနိုး ကားစုံအောင် တားနေရတဲ့ ကိုရင်တွေကို။
တစ်ခါက ဗေဒင် ဆရာ တစ်ယောက် ဇရပ် တစ်ခုမှာ နားခို နေတုန်း ဆေးဆရာ တစ်ယောက် ရောက်လာတယ်။ ဟိုပြော ဒီပြော ပြောရင်း ဘယ်နေ့ သားလဲလို့ မေးမိတယ်။ ဒီတော့ စနေသား တွေချည်း ဖြစ်နေတယ်။ ခဏနေ သူဌေး တစ်ယောက် ရောက်လာ ပြန်တယ်။ မေးကြည့်တော့ သူလည်း စနေသား။ နောက် လူကြီး လူကောင်း တစ်ယောက် တက်လာတယ်။ သူလည်း စနေသားတဲ့။ နောက် ပညာတတ် တစ်ယောက် တက်လာတယ်။ သူလည်း စနေသား။ ဟား စနေသား တွေချည်း။ ဒီတော့ စနေသားတွေ ပြောကြတယ်။ စနေသား မို့လို့ ဒီလို တော်တာ ဒီလို တတ်တာပေါ့။ အဲဒါကို ကြားတော့ ဇရပ်ရှေ့က သူတောင်းစား ကလည်း ထပြောတယ်။ သူလည်း စနေသားပါ တဲ့။ မင်းကတော့ စနေလေ စနေလွင့်ပဲ လို့ စနေသားတွေ စိတ်ဆိုးဆိုးနဲ့ ပြောလိုက်တယ်။
ကိုရင်လေး တွေက များလေတော့ အနောက်တိုင်း စကားပုံလို သိုးမည်း တစ်ကောင် တစ်လေ ပါတတ်တယ်။ မြန်မာ စကားပုံလို စုံးပြူး တစ်ယောက်တော့ ပါတတ်တယ်။ သို့သော် ကိုရင်လေး ဆိုပြီး အထင် မသေးပါနဲ့။ တစ်သံသရာလုံး သေစေတတ်တဲ့ အဆိပ်ကို ပိုင်တယ်ဆိုတာ ကိုတော့ သတိမမေ့ပါနဲ့။
*******************************************
http://jjqqyy.mmgenius.com/ ဘလော့မှ ကူးယူ ဖော်ပြ မျှဝေပါသည်။
လေးစားစွာဖြင့်
ဖိုးသား
11.05.2009, MON:, 03:53:41 PM
Read more...