* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, October 3, 2009

သီတင်းကျွတ်လပြည့်နေ့တရားအလှူ-http://www.muladhamma.net



လေးစားချစ်ခင်ရပါသောဓမ္မမိတ်ဆွေအပေါင်းတို့ရှင့်..

သီတင်းကျွတ်လပြည့်နေ့-အဘိဓမ္မာအခါတော်နေ့ ၊ ထူးမြတ်တဲ့ အခါကာလ သမယ မှာ လူတိုင်း လူတိုင်း ကိုယ်စီကိုယ်ငှ ကုသိုလ်ကောင်းမှု တွေ နဲ့ ထုံမွှမ်း ဖြတ်သန်းနေကြမယ်ဆိုတာ ကျွန်မ ကယုံကြည်နေပါတယ်။ မင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေ ရန် ပထမဦးစွာ မေတ္တာပို့သလိုက်ပါတယ်။

ကျွန်မ ကူးယူ ရေးသားပူဇော်နေတဲ့ မူလဓမ္မဆရာတော်ဦးဝိဇယ ရဲ့ Web Site ကို
ယခင် Web Address http://muladhamma.mmgenius.com အစား
ယခု http://www.muladhamma.net လိပ်စာဖြင့် တရားတော် များ ဖတ်ရှု ပူဇော်နိုင် ပါကြောင်း သတင်းကောင်းပါး လိုပါတယ်။
ဤကဲ့ သို့ ဆောင်ရွက် လှူဒါန်းနိုင်စေရန် အတွက် Host Space 15GB နှင့် Domain သာမကပဲ အတတ်ပညာ ပိုင်းဆိုင်ရာတို့ကို စိတ်ရှည် လက်ရှည် ပြသ ကူညီပေး ၊ဒါနပြုပေး တဲ့
-ကိုသက်ဦး (သိင်္ဂါရမောင်) http://www.tgrmg.net
-ကျွန်မ ၏ Blogging ဆိုင်ရာတို့ကို အမြဲ ဆက်သွယ်စီစဉ် ဆောင်ရွက်ပေးပါသော
သားကိုအောင်ဦး (ဓမ္မရသ) http://www.dhammaratha.com
-တရားတော် စီဒီများ၊ စာအုပ်များပေးပို့ လှူဒါန်းပါသော
မထက်စုနှင်းဆီ (သစ္စာတရားများစုဝေးရာ) http://universaltruthplace.blogspot.com တို့၏ ထက်သန်သော စေတနာ သဒ္ဓါတရားကို အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင် ဖေါ်ပြ အပ်ပါတယ်။

အမှန်တရားကို မြတ်နိုးသော အရှင်ဓမ္မဓရ နှင့် မူလ ဓမ္မဆရာတော်-ဦးဝိဇယ ဆွေးနွေးခန်းလေးတွေ ကို ခေါင်းစဉ်တစ်ခု ချင်း ဖတ်ရှု လို့ရသောကြောင့် Post အဖြစ် တင်ဆက်သွားမှာ ဖြစ်ပါတယ်။

ဒိဋ္ဌိဖြုတ် ပုံ နည်းမျိုးစုံ MP3 Format တရားတော် များကိုလည်း Dowload ပြုလုပ် ပူဇော်နိုင်ပါတယ်။

ဤ ကောင်းမှု နှင့် ၊ စပ်သမျှ ၊ ကျန်းမာကြပါစေ၊ချမ်းသာကြပါစေ။

သတ္တဝါ မှန်သရွေ့၊ တရားတွေ့ ၊ ချမ်းမြေ့သာယာရှိကြပါစေ။


မေတ္တာဖြင့်
သစ္စာအလင်း

Read more...

သီတင်းကျွတ်ချိန်ခါ…


Photobucket

ဆီမီး ထွန်းညှိ မီးပုံးပျံလွှတ်
သီတင်းကျွတ်ကာ ဤချိန်ခါဝယ်
အမိအဖ ၊ ဘိုးဘွား ၊ ဆရာ ကျေးဇူးဖြာကို
ကိုယ် နှုတ် ၀စီ ထိုသုံးမည်နှင့်
ကျူးလွန် မှောက်မှား အမိုက်များအား
စိတ်မှာမေ့ဖျောက် အပြစ်မရောက်ရန်
ဆယ်ဖြာရှိခိုး လက်စုံမိုး၍
ညွှတ်တွားခယ ဦးချပါသည်
ဤ မင်္ဂလာ အခါသမယတည်း..

အဝေးရောက်သား သမီးများမှာ
ရေမြေတွေခြား မိဘများနှင့်
မနီး ဝေးကွာ ထိုနေရာများ
မမြင်နိုင်ကား စိတ်မှာထား၍
ကျေးဇူးကိုဆပ် မမေ့အပ်သည့်
မျက်လုံးစုံမှိတ် အရိပ်တို့ အား မြင်ယောင်မှန်းထင်
ကန်တော့ပန်းဆင်လို့ ဦးထိပ်တွင်ထား
ပြားပြားဝပ်ဆင်း ဘုရား ခြေရင်း၌
ယုံကြည်မြတ်နိုး ရှိခိုးပါသည်…
ဤ မင်္ဂလာ အခါသမယတည်း….
ကာရံဆူး


Read more...

သီတဂူစတားရဲ့ သီတင်းကျွတ် ဆုတောင်း


ဒီနေ့သည် သီတင်းကျွတ်ပြည့်နေ့ဖြစ်သည်။ ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့ရဲ့အလေးမြတ်ထားရာ နေ့လည်းဖြစ်ပါသည်။ မြတ်ဗုဒ္ဓသည် တာဝတိံသာနတ်ပြည်ဝယ် မိခင်အားကျေးဇူးဆက်သည့်အနေအားဖြင့် အဘိဓမ္မာတရားများဟောကြားပြီး လူ့ပြည်လူလောကသို့ပြန်ကြွသည့်နေ့ဖြစ်ပါသည်၊ မြန်မာပြည်သူတွေသည် ထိုနေ့ကို နေ့ထူးနေ့မြတ်အဖြစ်သက်မှတ်ကာ မြတ်ဗုဒ္ဓအား ဆီးမီးများဖြင့်ပူဇော်ကြသည်။ ဒါ့ပြင် ရတနားသုံးပါးအား ပူဇောကန်တော့ကြသည်၊ အသက်ကြီးရွယ်အိုး အဘိုးအဖွားတို့အား ပူဇော်ကြသည်၊ ကန်တော့ကြသည်၊ အလွန်ချစ်စရာကောင်းသည့် မြန်မာပြည်သူတွေရဲ့ ဓလေ့ဖြစ်ပါသည်။ ဤနေ့သည် သံဃာတော်များသည် လှောင်အိမ် (အချုပ်)ထဲမှ လွတ်သည့်နေ့လည်းဖြစ်ပါသည်၊ ၀ါတွင်းသုံးလပတ်လုံး အချုပ်မိနေသည်၊ ဒီနေ့ရောက်ရင် ဘာရယ်မသိ အလိုလို စိတ်ထဲမှာ ပေါ့ပါးသလိုခံစားရသည်၊ ကိုယ့်အဖြစ်ကိုပမာပြုပြီး အခြားသူတွေမှာလဲ လွတ်မြောက်မှုကို မျော်နေကြမှာ အမှန်ဖြစ်သည်ဟု တွေးတောမိပါသည်။
လွတ်မြောက်မှုကိုတမ်းတ၊ မျော်လင့်နေကြတဲ့ မြန်မာပြည်သူအားလုံး ကမ္ဘာသူကမ္ဘာသားအားလုံး မိမိတို့မျော်လင့်နေတဲ့ လွတ်မြောက်မှုကို ရယူပိုင်ဆိုင်နိုင်ပါစေလို့ သီတင်းကျွတ်မှာ အကုန်လုံးလွတ် ကျွတ်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

သီတဂူ စန်းလပမာ ချမ်းမြသာယာရှိကြပါစေ။
သီတဂူစတား
၃-၁၀-၂၀၀၉


Read more...

ရွှေဥမင်တောရ ဆရာတော်ကြီး၏ သြ၀ါဒများ

ကိုအောင်ဦး ဘလော့မှကူးယူပါသည်။
www.dhammaratha.com


ရွှေဥမင်တောရ ဆရာတော်ကြီး၏ သြ၀ါဒများ

အအေးမြဆုံး အရိပ်ကို ခိုကြပါစို့ …

Z လူ့ပြည်ခန်းဝါ လူ့ရပ်ရွာတွင် စိမ်းဖြာညွန့်ရှင် စည်ပင်ရွက်စိပ် သစ်ပင်ရိပ်သည် အေးမြ၏။
Z ချစ်ကြည်နှစ်လို့ ဆွေးမျိုးတို့၏ အရိပ်လည်း အေးမြ၏။
Z အကျိုးလိုလား ချစ်သနားသည့် မိဘများ၏ အရိပ်လည်း အေးမြ၏။
Z မြင့်မိုရ်ပမာ ဉာဏ်ရောင်ဖြာသည့် ဆရာသခင် ကျေးဇူးရှင်တို့၏ အရိပ်လည်း အေးမြ၏။
Z တရားမယုတ် စိုးအုပ်ချုပ်သည့် မင်းလုပ်သူတို့၏ အရိပ်လည်း အေးမြ၏။
Z မဂ်ညှောင့်ပွင့်ရာ သာသနာတော် အရိပ်မူကား မည်သူမည်ဝါ မယှဉ်သာအောင် အအေးမြဆုံးသော
အရိပ်အာဝါသပေတည်း။
အားလုံး အားလုံး အအေးမြဆုံး အရိပ်ကို ခိုလှုံနိုင်ကြပါစေ…

ဘာသာရေးတွက် လူရေးထက်

ငယ်ရွယ်သူများ ဘာသာရေး လိုက်စားသင့်သလား?၊ လိုက်စားသင့်ပါသည်။
စောစောစီးစီး ဘာသာရေးလိုက်စားလျှင် ဘာသာရေးက ပေးမည့် အကျိုးစီးပွား
ကျေးဇူးများကို စောစောစီးစီး ရတာပေါ့။
ဘာတွေပေးမည်လဲ?
ပညာပေးမယ်၊ သတ္တိပေးမယ်၊ ယုံကြည်မှုပေးမယ်၊ ငြိမ်းချမ်းမှုပေးမယ်။

စေတနာကို မတွန့်တိုနဲ့

စေတနာသည် လူတိုင်းနဲ့ မတန်ပါလို့ စာတမ်းတွေ ကပ်ထားကြတာ အိမ် တချို့မှာ တွေ့ရတယ်။
အလကားရတဲ့ စေတနာကိုပဲ နှမြောတွန့်တိုရာ ရောက်နေရင် ကောင်းပါ့မလား? စဉ်းစားကြနော်။

စာများများဖတ်ပါ

Z လူသည် ဟင်းလျာနှင့်တူ၍ စာသည် ဆားနှင့်တူ၏။
Z ဆားမပါသော ဟင်းသည် ပေါ့ပျက်ပျက်ဖြစ်၏။ အရသာမရှိ။
Z စာမဖတ်သော လူသည်လည်း စံနှုန်းပြည့် လူမဖြစ် အရာရာ ပေါ့ပျက်ပျက်နိုင်၏။
Z စာဖတ်သော သူသည် စာမဖတ်သောသူကို ပေါင်းသင်းရသော် သဘောမတွေ့၊
ကွေး၍ သွားချင်၏။
Z ဆားမပါသောဟင်းကို သူတကာ မနှစ်မြှို့ဘိသကဲ့သို့ပင်၊
Z ယနေ့ခေတ်သည် စာပေခေတ် ဖြစ်၏။ တိုးတတ်၏။ အကြားအမြင်များကြ၏။
Z သင်တစ်ယောက်တည်း စာမဖတ်ပဲ နေခဲ့သော် သင် ခေတ်နောက်ကျသူ တစ်ဦးသာ
ဖြစ်ပေမည်။
Z ထို့ကြောင့် စာများများဖတ်ပါ။

သတိ သတိ သတိ

လောဘနဲ့ ဒေါသကို မောဟက ကြီးစိုးချယ်လှယ်တယ်။ သူတို့ကို နိုင်တာက “အပ္ပမာဒ” ဆိုတဲ့
သတိပဋ္ဌာန်တရားပဲ။ မဂ္ဂင်ရှစ်ပါး အကျင့်တရားကို ခွဲလိုက်တော့ သီလ သမာဓိ ပညာ၊ သီလနဲ့ သမာဓိကြားက
“သတိ” ကပဲ ပဲ့ကိုင်အုပ်ချုပ်တယ်။ သမာဓိနဲ့ ပညာမှာလည်း “သတိ” ကပဲ ဦးဆောင်တယ်။ နိဗ္ဗာန်ပို့တဲ့ သီလ
သမာဓိ ပညာ ပွားများကြောင်းမှာ “သတိ” သာလျှင် အခရာ ဖြစ်တယ်။ သတိမပါရင် ဘာမျှ အရာမရောက်ဘူး။

ရန်သူလား? မိတ်ဆွေလား?

ကုသိုလ်ကောင်းမှုကို မမေ့တဲ့အတွက် ကိုယ်ဟာ ကိုယ့်မိတ်ဆွေ ဖြစ်သွားကြရပြီ။ မကောင်းမှုလုပ်တဲ့
လူတွေအဖို့ ကိုယ့်ကိုယ်ဟာ ကိုယ့်ရန်သူပဲ။ ရန်သူက ဒုက္ခပေးမယ်။ မိတ်ဆွေက ကူညီတယ်။ မိတ်ဆွေမဟုတ်ပဲ
ရန်သူဖြစ်နေရင် ဘယ်ကောင်းတော့မလဲနော်။

အကြိမ်ပေါင်း(၁၉၇၀)ကျော်

“အပ္ပမာဒတရား” ဆိုတာ မမေ့မလျော့၊ မပေါ့မဆ သတိရှိခြင်း၊ သတိပဋ္ဌာန်း တရားပွားများနေခြင်းပဲ။
မြတ်စွာဘုရားရှင်ဟာ အပ္ပမာဒတရား လက်ကိုင်ထားဖို့ အကြိမ်ပေါင်း(၁၉၇၀)ကျော် ဟောကြားသွားခဲ့တယ်။
ပရိနိဗ္ဗာန်စံဝင်လုဆဲဆဲအထိ “အပ္ပမာဒေန သမ္ပာဒေထ” မမေ့မလျော့ကြနဲ့လို့ နောက်ဆုံးစကား မှာကြားသွားပြီး
မှ ပရိနိဗ္ဗာန်ပြုခဲ့တာ။ ဒီနောက် ဘာစကားမျှ မပြောတော့ဘူး။ ဒါကို ထောက်ရင် သတိ ဘယ်လောက်အရေးကြီး
တယ် ဆိုတာ သိသာတယ်။

ဗဟုသုတ အလိမ္မာ

လူ၏အသက် သေသည့်တိုင်အောင် ဗဟုသုတ အလိမ္မာကို တစ်ကိုယ်တည်း၏ အတွေးဖြင့်
လုံလောက်စွာ မရနိုင်ပေ။ သို့ဖြစ်လေရာ မိမိအလျင် အတွေ့အကြုံများသော လူပေါင်းများစွာတို့ ရေးသားခဲ့
သည့် စာများကို ဖတ်မှသာ အကျိုးရှိသော အသိကို လုံလောက်စွာ ရနိုင်ပေသည်။

နှစ်သစ်

နှစ်သစ်ပြောင်းတယ်ဆိုပြီး လူသစ်ဖြစ်အောင် ခေါင်းလျှော်ကြ၊ အ၀တ်လျှော်ကြ လုပ်ကြတယ်။
စိတ်ကိုရော ဖြူစင်အောင် လျှော်ဖွပ်ကြရဲ့လား။ စိတ်သန့်ရှင်းဖို့က လူသန့်ရှင်းဖို့ထက် အရေးကြီးတယ်နော်။
ကိလေသာ အညစ်အကြေးတွေကို အမြဲလျှော်ဖွပ်နေမှ စိတ်သန့်ရှင်းဖြူစင်တယ်။

ဆုတောင်းမှားနေကြတယ်

နှစ်ကူးတဲ့အခါ ငါးလွှတ်ဖူးကြတယ်။ ဆုတောင်းလေးကလည်း ကောင်းမှ ကောင်း။ နင့်တစ်ခါလွှတ်
ငါ့ဆယ်ခါ လွှတ်တဲ့။ ဈေးသည်တွေတင် အမြတ်ကြီး စားလားမှတ်တယ်။ အလှူရှင်တွေလည်း အမြတ်ကြီးစား
တာပဲ။ ကိုယ်ပါ ငါးဖြစ်ပြီး ဆယ်ခါအလွှတ်ခံရရင် မသက်သာဘူးနော်။ သူ့သေဘေးက လွှတ်ရသလို၊
ကိုယ်လည်း အိုနာသေဘေးက လွတ်ပါရစေ။ ဒီလိုဆုတောင်းရမှာ။

နိဗ္ဗာန်ဉာဏ်နဲ့သွား

သတိပဋ္ဌာန်တရား အားထုတ်တာဟာ ဉာဏ်ကုသိုလ်အလုပ် လုပ်တာပဲ၊ ကံကုသိုလ်က (၃၁)ဘုံ
ချမ်းသာပဲ ပေးနိုင်တယ်။ ဉာဏ်ကုသိုလ်ကြီးကတော့ မနှိုင်းဆနိုင်တဲ့ နိဗ္ဗာန်ချမ်းသာကြီးကို ရစေတယ်။

သူတော်ကောင်းဆိုတာ

Y သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါဆိုတော့၊ သင်မကောင်းလျှင် ကျွန်ုပ်ဆိုးမယ် ဆိုတဲ့
သဘောပေါ့နော်။
Y ဒါဆို အတော်ကို ကြောက်စရာကောင်းတာပဲ။
Y သူတော်ကောင်းဆိုတာ သင်ကောင်းကောင်း မကောင်းကောင်း ကျွန်ုပ်ကတော့
အမြဲကောင်းနေရမယ်လေ။

ကြည်ညိုခြင်း

သူများကို လိုက်ကြည်ညိုမယ့်အစား ကိုယ့်ကိုကိုယ် ကြည်ညိုအောင် လုပ်ကြ။

စိတ်ဓာတ်သည် အရည်အချင်း

ဒီလိုနေရာ အများနဲ့ နေရတာ ကိုယ်အကြိုက်ချည်း မဖြစ်ပါဘူး။ အခုဒီမှာ သူတော်ကောင်း အချင်းချင်း
သည်းခံသလို အရပ်ထဲ လူပေါင်းစုံနဲ့ တွေ့တဲ့အခါမှာလည်း အခုလို အရှိန်ရထားမှ၊ သည်းခံနိုင်တဲ့
အလေ့အကျင့်တွေ ရှိထားမှ၊ အထုံဝါသနာတွေပါထားမှ သည်းခံနိုင်တယ်။
တရားအားထုတ်တာ… စိတ်ကောင်းတွေရှိအောင်၊ စိတ်ကောင်းတွေ တိုးတက်အောင် လေ့ကျင့်တာ။
သူတစ်ပါး ဆိုင်းဘုတ်တပ်ပေးရုံနဲ့ ရင့်ကျက်တယ်လို့ ပြောလို့မရဘူး။
ကိုယ့်စိတ်ဓာတ်က အဆင့်အတန်းမြင့်လာမှ ရင့်ကျက်တယ်လို့ ပြောလို့ရမယ်။ လူတိုင်း လူတိုင်းနော်…
ကိုယ့်ရဲ့ လုပ်ဆောင်ချက်တွေဟာ ကိုယ့်ရဲ့ စိတ်ကောင်းစေတနာနဲ့ အရည်အချင်းကို ဖော်ပြနေတာ
ဖြစ်ရမယ်။

သည်းခံခြင်း သစ္စာဓိဋ္ဌာန်ပြုနည်း

ငါသည် ဤဆယ်ရက်အတွင်း သူတစ်ပါးက ဘာပြောပြော ဘာလုပ်လုပ် ဖိနပ်အောက်က
ဖုံမှုန့်(ခြေသုပ်ခွေ)ကဲ့သို့ စိတ်မဆိုး အမျက်မထွက်အောင် သည်းခံမည်၊ စိတ်ဆိုးခဲ့သော် ဘေးကြီးသင့်၍
ဤနေရာမှ ချက်ချင်းထွက်သွားရပါစေ။ ဆယ်ရက်ပြည့်လျှင် နောက်ဆယ်ရက်ထပ်၍ အဓိဋ္ဌာန်ပြု၊ ယခင်လို
သစ္စာဓိဋ္ဌာန် ပြုထားသူများ အဖျက်ကြုံရတတ်သည် သတိထား။

ကြီးပွားကြောင်း

 အနေလည်းကောင်း စိတ်လည်းကောင်း၍၊
 ကောင်းကောင်းပညာ တတ်မှသာ ငါဟာ ကြီးပွားမည်၊
 အနေမကောင်း စိတ်မကောင်း၍၊
 ကောင်းကောင်းပညာ မတတ်ပါ ငါဟာ ဆုတ်ယုတ်မည်။

အမှားကင်းအောင် သတိဆောင်

တစ်ကြိမ်တစ်ခါ အမှားသည် တစ်သက်လုံး ၀မ်းနည်းစရာ ဖြစ်ရတတ်သည်၊ အပြစ်တင်ခံရလျှင်
အပြစ်ကင်းအောင် ကျင့်ဆောင်ပါ။ စိတ်ရှည် ဇွဲသန်သည်းညည်းခံလျှင် နိဗ္ဗာန်ပင်ရောက်နိုင်သည်။ ဆဲရေးပြစ်
တင် ငွေကုန်စင် လူပင်ပန်းလည်း သည်းခံမြဲ သည်းခံပါ။ ကိုယ့်အပြစ်ကို မမြင် သူများရဲ့ အပြစ်တင်
အဲဒါလူမိုက်ပင်။

ပကတိအေးအေး တည်ငြိမ်သူ ဖြစ်လိုလျှင်
မြတ်ဗုဒ္ဓ၏ တရားကို နှလုံးသွင်းပါ၊

စိတ်လှုပ်တိုင်း မမြဲဘူးဟု သုံးသပ်နေသော ပုဂ္ဂိုလ်အဖို့ စိတ်သည် လှုပ်ရှားခြင်းကင်းကာ ငြိမ်သက်ပိပြား
လာသည်၊ စိတ်ကို အလိုမလိုက်ပဲ ဉာဏ်ကွပ်ကဲလျှင် စိတ်သည် ဉာဏ်အောက်၌ အမိန့်နာခံ ရိုကျိုးကာ
ခေါင်းမထောင်နိုင်ပဲ လည်စင်းကာ အလျှော့ပေးလေ့ရှိသည်။
စိတ်ကို ဉာဏ်ဖြင့် ကွပ်ကဲခြင်းသည် စိတ္တာနုပဿနာ ကျင့်စဉ်ပင် ဖြစ်သည်။ ထိုကျင့်စဉ်အရ စိတ်ကို
နိုင်ရုံမျှမက စိတ်အကြောင်းကို မှန်မှန်ကန်ကန် ပိုမိုအသေးစိတ် နားလည်နိုင်သည်။ ချစ်သူတွေ့တွေ့ မုန်းသူ
တွေ့တွေ့ မတုန်လှုပ်စေရန် ဉာဏ်ဖြင့် ကိန်းနည်းသည် စိတ္တာနုပဿနာခေါ် ပေါ်စိတ် တုန်လှုပ်စိတ်ကို အပျက်
တရားဟု ရှုသတ်သော နည်းပင် ဖြစ်သည်။
နောက်ဆုံး သေခြင်းတရားကိုပင် ပြုံးပြုံးနှင့် မတုန်မလှုပ် ရင်ဆိုင်သွားနိုင်သည်။ ရုပ်နာမ်ကို
ယထာဘူတကျကျ သိသွားနိုင်သည်။ ကိုယ့်အကြောင်း သူ့အကြောင်း လူတွေအကြောင်းကို ကောင်းကောင်း
ကြီး သိသည်။
ငယ်ရွယ်သူများ မှတ်ဉာဏ်ကောင်းလိုသော် ဤနည်းကို ကျင့်ပါ။ စိတ်များ ကြည်လင်၍ မှတ်ဉာဏ်
ကောင်းလာမည်။
Z ဆရာတော်ဘုရားကြီး ခဏခဏမိန့်တယ်။ တို့နဲ့ ဆွေမျိုးတော်ချင်ရင် ညီအစ်ကို၊
မောင်နှမ၊ တူဝရီး၊ ဘာညာတော်တာ ဆွေမျိုး မခေါ်ဘူး။ တို့နဲ့ ဆွေးမျိုးတော်ချင်ရင်
ဘာလဲ၊ တရားရှိအောင်လုပ်၊ တရားရှိတဲ့သူသာ ဆွေမျိုးတော်မယ်။

ဆရာတော် ဓမ္မဒူတ အရှင်ဆေကိန္ဒ

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။

ဓမ္မဘေရီ ဆရာတော်ကြီး

မနုဿတ္တ ဒုလ္လဘလို့ ဘုရားရှင် ချီးမွမ်းတဲ့
လူ့ဘ၀ကြီးဟာ ဆာ၊ ရှာ၊ စား၊ အိပ် ဆိုတဲ့
တိရစ္ဆာန်နဲ့ မခြားနားတဲ့ ဖော်မြူလာဟောင်းကြီးအတိုင်း လည်ပတ်ပြီး
ပူဆွေး ငိုကြွေး သေဘေးနဲ့ နိဂုံးချုပ်ရတဲ့ ဘ၀မျိုး
မဖြစ်သင့်ဘူး။

ဓမ္မဘေရီ ဆရာတော်ကြီး

ဆရာတော်ကြီး၏ အဆုံးအမ သြ၀ါဒများကို လိုက်နာကြ၍ လောကီ လောကုတ် နှစ်ဖြာသော
ကောင်းကျိုး ချမ်းသာကို ရရှိနိုင်ကြပါစေ။

တော်သလင်းလပြည့် (ဂရုဓမ္မအခါတော်နေ့) မှာ ဘုရားရှင်ကို ကြည်ညိုကြသော၊ တရားတော်ကို
ကြည်ညိုကြသော၊ သံဃာတော်များကို ကြည်ညိုကြသော ဗုဒ္ဓဘာသာဝင်များအားလုံးသို့ ဓမ္မဒါန အဖြစ်
ဖြန့်ဝေ၍ ဓမ္မဒါနပြုနိုင်ပါသည်။
အောင်ဦး
www.dhammaratha.com


၁၃၇၁ ခု၊သီတင်းကျွတ်လပြည့်နေ့မှာ ဘုရားရှင်ကို ကြည်ညိုကြသော၊ တရားတော်ကို
ကြည်ညိုကြသော၊ သံဃာတော်များကို ကြည်ညိုကြသော ဗုဒ္ဓဘာသာဝင်များအားလုံးသို့ ဓမ္မဒါန အဖြစ်
ဖြန့်ဝေ၍ ဓမ္မဒါနပြုလိုက်ရပါသည်။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊အောက်တိုဘာလ(၃)ရက်၊ညနေ(၅)နာရီ ကူးယူပါသည်။

Read more...

အဘိဓမ္မာ ရှင်းစရာ

သံကိုသံဖျက် သံချေးတက်သလို စိတ်ကို မှီပြီး စိတ်ကို ဖျက်ဆီးနေတာက စိတ်ရဲ့အပူ အခိုးအငွေ့ဖြစ်တဲ့ကိလေသာပါ။ စိတ်ထဲကိလေသာဝင်လာတာနဲ့ စိတ်ရဲ့ထိန်းချုပ်နိုင်တဲ့ စွမ်းအားတွေ ပျက်ပြယ်သွားတယ်။ ကိလေသာဟာ အေးမြတဲ့စိတ်ကို ပူလောင်စေတယ်။ စင်ကြယ်တဲ့စိတ်ကို ညစ်နွမ်းစေတယ်။ တရား အရှိကို မမြင်ရအောင် ဖုံးအုပ်ထားတယ်။ ကောင်းမှုပြုခွင့်ကို တားမြစ်ပိတ်ပင်ထားတယ်။ စိတ်ကိုနာကျင်အောင် နှိပ်စက်ညှင်းပန်း တယ်။ မလိုချင်တာတွေပေးတယ်။

ရှေ့ကိုသွားသယောင်ယောင် ဟန်ဆောင်ပြီး နောက်ကိုသာ ပြန်ပို့နေတတ်တယ်။
တရားအလုပ် မလုပ်ရင် ကိလေသာဟာ ဘယ်သူ့ကိုမှ မငဲ့ညှာ မထောက်ထားဘူး။
အသက်ကြီးရုံ အချိန်ကုန်ရုံနဲ့ အလိုအလျောက် ရပ်တန့် နောက်ဆုတ် သွားတာမဟုတ်ဘူး။ ဘ၀ကူးအာမခံချက်ကိုတောင် မွှေနှောက်ဖျက်ဆီးပစ်တတ်တယ်။ တရားကင်းကွာရင် အသက်ကြီးတော့ ပိုသောင်းကျန်းတတ်တယ်။ ကြီးလေ ဆိုးလေ ဖြစ်တတ်တယ်။ မောဟ အမှောင်ကို အကာအကွယ်ယူထားတဲ့ ကိလေသာဟာ စိတ်ရဲ့အကျိုးကို လိုလားသယောင် မိတ်ဆွေ ဟန်ဆောင်ပြီး ၀င်လာတတ်တယ်။

စိတ်နှင့်ယှဉ်တွဲမိတာနဲ့ တပြိုင်နက် အတွေးအပြောအလုပ်လွဲအောင် စိတ်ကို အလဲတွန်းချတတ်တယ်။ ကိုယ့်စိတ်ကို ကိုယ်လိုသလို မသုံးနိုင်တော့ဘူး။ ကိလေသာဆိုတာ မျက်စိနဲ့ကြည့်လို့လဲ မမြင်ရဘူး။ လက်နဲကိုင်ကြည့်လို့လဲ မတွေ့ရဘူး။ ခေတ်မီစက်ကိရိယာမျိုးစုံနဲ့ စမ်းကြည့်လို့လဲ မရဘူး။

စိတ်မှာ ကိလေသာဝင်လာရင် ပူလောင်ညစ်နွမ်း ပင်ပန်းရှုပ်ထွေးရတာလဲ အမှန်ပဲ။ ဗုဒ္ဓကျေးဇူးကြောင့် သာ ကိလေသာကို သိရတာပါ။ ကိလေသာ အကျဉ်း ၁၀၊ အကျယ် ၁၅၀၀-ဆိုတာ ဆင်းရဲအပူ တည်ဆောက်ရေးအဖွဲ့ ဖြစ်ပါတယ်။ အဲဒီအဖွဲ့မှာ အ၀ိဇ္ဇာဆိုတဲ့ မောဟက ဥက္ကဋ္ဌ-ပါ။ တဏှာဆိုတဲ့ လောဘက အတွင်းရေးမှူးပါ။ ကျန်တဲ့ကိလေသာတွေက အဖွဲ့ဝင်တွေ ပါ။ ဥက္ကဋ္ဌ အ၀ိဇ္ဇာက အမှန်သဘောကို ဘာမှမသိ။

အတွင်းရေးမှူး တဏှာက အလိုပြီးပြည့်စုံနိုင်တယ်လို့ လုံးဝမရှိ။ ခန္ဓာပစ္စည်းရှာလို့ မပြီးစီး မပြည့်ဝမီမှာပဲ အိုနာသေကြရတယ်။ အဲဒီမသိနဲ့ မပြည့်ဆိုတဲ့ အ၀ိဇ္ဇာတဏှာနဲ့ပဲ သံသရာလည်နေကြရတယ်။ သံသရာဒုက္ခ မပြတ်နိုင်အောင် ချည်နှောင်ဆက်စပ် ပေးနေတဲ့ အခိုင်မာဆုံး သံသရာ ကြိုး နှစ်ချောင်းဖြစ်ပါတယ်။

ကိလေသာကို နိုင်တဲ့လက်နက်က စည်းကမ်းလိုက်နာတဲ့ သီလ၊ အာရုံပေါ် စူးစိုက်တဲ့ သမာဓိ၊ အရှိကို မြင်အောင်ကြည့်နိုင်တဲ့ ပညာ၊ အဲဒီ သိက္ခာသုံးပါးပဲ ရှိတယ်။ လောကမှာ အဖိုးတန် ကျောက်မြက် ရတနာဆိုတာ ကျောက်ခဲ သဲထဲ မြေထဲက ခက်ခက်ခဲခဲ တူးဖော်ပြီး ပြုပြင်ပေးနိုင်မှ အဖိုးတန်အဆင့် ရောက်လာနိုင်သလို လူ့စိတ်ဓာတ်လည်း ကိလေသာဆိုတဲ့ ကျောက်ခဲ သဲထဲ မြေထဲက ခက်ခက်ခဲခဲ ဆွဲထုတ်ပြီး ပြုပြင်ပေးနိုင်မှ စိတ်ကောင်းပေါ်လာပါတယ်။ လူကောင်း ဖြစ်ခွင့် ရနိုင်ပါတယ်။

ကိလေသာဆိုတာ တကယ်ကြောက်ရတဲ့ ကြောက်ခဲ-အစစ်ပါ။ ယပင့်ကျောက် မဟုတ်ဘူး။ ရရစ်ကြောက်ပါ။ လူအချင်းချင်းကြောက်ရတာ ကိလေသာကြောင့်ပါ။ သူ့ကိုတွေးကြောက်နေရတာလဲ ကိလေသာကြောင့်, ကိုယ်က တွေးကြောက်နေရတာလဲ ကိလေသာကြောင့်ပါ။ ကြောက်စရာ ဆင်းရဲအပူ အားလုံး ကိလေသာကြောက်ခဲက မြစ်ဖျားခံတာပါ။

(ယောဆရာတော်၏ -အဘိဓမ္မာ သိစရာ -စာအုပ်မှ ထုတ်နှုတ် ပူဇော်ပါသည်။)


Read more...

အနေကဇာမတင်တဲ့ ရုပ်ပွားတော်ကို ကိုးကွယ်သင့်/မသင့်

အမေး။ ။အရှင်ဘုရား တစ်ခါက လူတစ်ယောက်က သူဟာ အနေကဇာတင်မှု မပြုလုပ်ရသေးတဲ့ ဆင်းတုတော်ကို သာမန်အရုပ်တစ်ခုလိုပဲ သဘောထားပါတယ်။ ဒါကြောင့် သာမန်ရုပ်ထုတစ်ခုလို့ သဘောထားပြီး လှေခါးထစ် တစ်နေရာ၊ ဧည့်ခန်း၊ စတဲ့ နေရာတွေမှာ အလှကြည့်ဖို့ ထားထားတာပါ။ လို့ တပည့်တော်အား ပြောဖူးပါတယ်။ တပည့်တော်သိချင်တာက အနေကဇာမတင်ဘဲ ရုပ်ပွားတော်ကို ကိုးကွယ်သင့်/မသင့် ဆိုတာနဲ့ အနေကဇာမတင်သေးတဲ့ ဆင်းတုတော်များကို မသင့်တော်တဲ့ လှေခါးရင်းစတာတွေမှာ ထားသင့်/မသင့် ဆိုတာကို ဖြေကြးပေးတော် မူပါဘုရား။
ဦးကုမာရ
ခေတ္တစင်္ကာပူ

အဖြေ။ ။ဒီအမေးနဲ့ပတ်သက်ပြီး အချက်သုံးချက်ကို တွေးမိပါတယ်။
(၁) အနေကဇာမတင်ဘဲ ကိုးကွယ်သင့်/မသင့်။
(၂) ရုပ်ပွားဆင်းတုတော်များ ဘုရားအရာ မြှောက်ချိန်၊ ဘုရားလို့ သတ်မှတ်တဲ့အချိန်။
(၃) အနေကဇာမတင်သေးပေမဲ့ မသင့်တော်တဲ့ နေရာများမှာ ထားသင့်/မသင့် ။
ဒီသုံးချက်ကို သိထားပါက အမေးပုစ္ဆာအတွက် ရှင်းသွားပါလိမ့်မယ်။
(၁)အနေကဇာမတင်ဘဲ ကိုးကွယ် သင့်/မသင့်
အနေကဇာတင်တယ် ဆိုတာ တစ်ချို့က ရုပ်ပွားဆင်းတုတော်ကို အသက်သွင်းကြတယ်လို့ ယူဆကြတယ်။ အမှန်က သက်မဲ့ပစ္စည်းတစ်ခုသာဖြစ်တဲ့ ရုပ်ပွားတော်ကို အသက်သွင်းလို့ မရှင်လာနိုင်ပါ။ သွင်းလို့လည်း မရပါ။
အနေကဇာတင်တဲ့သဘောက “အနေကဇာတိ သံသာရံ” စတဲ့ ဂါထာတော်ဖြင့် ရုပ်ပွားဆင်းတုတော်အား ဘုရားရှင်ရဲ့ ဂုဏ်တော်ကို အာရုံပြုပြီး သံဃာတော်များက ရွတ်ဖတ်ပူဇော်ကြတာပါ။ ဘာ့ကြောင့် ဒီဂါထာဖြင့် ပူဇော်ကြတာလဲ ဆိုရင်…
ဘုရားအဖြစ်သို့ ရောက်တော်မူပြီးစ ဘုရားရှင်ဟာ စိတ်ထဲက နှစ်သက်မှု ပီတိများ ထပ်တလဲလဲ ဖြစ်နေပါတယ်။ ဒါကြောင့် စိတ်ထဲ အောင့်ထားမနိုင်ဘဲ ပီတိဖြစ်လွန်းတဲ့အတွက် ‘အနေကဇာတိ သံသာရံ’ စတဲ့ ဂါထာတော်ဖြင့် ဥဒါန်းကျူးရင့်တော်မူပါတယ်။
ယခုအခါ ဘုရားရှင် ဥဒါန်းကျူးရင့်တော်မူခဲ့တဲ့ ဂါထာတော်ဖြင့် ဘုရားရုပ်ပွားတော်အား ရွတ်ဖတ်ပူဇော်ကြတာကို “အနေကဇာတင်တယ် လို့ ခေါ်ပါတယ်။
သက်တော်ထင်ရှား ဘုရားရှင်ရဲ့ ဂုဏ်တော်ကို အာရုံပြုပြီး ရုပ်ပွားဆင်းတုတော်အား ကိုးကွယ်သင့်တဲ့အပြင် ကုသိုလ်တောင်ရပါသေးတယ်။ ကိုးကွယ်မသင့်ဘူးဆိုတာ မရှိပါဘူး။
ရုပ်ပွားဆင်းတုတော်အား ထုလုပ်ပြီးစီးပြီဆိုကတည်းက အနေကဇာတင်တာဖြစ်စေ၊ မတင်တာဖြစ်စေ ကိုးကွယ်ကောင်းပါတယ်။

(၂) ဘုရားအရာမြှောက်တဲ့အချိန်၊ သတ်မှတ်တဲ့အချိန်။
ရုပ်ပွားတော် ထုလုပ်တဲ့နေရာတွေမှာ ဘုရားရှင်ရဲ့ အဆင်းသဏ္ဍာန်နဲ့ တူအောင် တုဖို့အတွက် ကျောင်းသားပေါ်မှာဖြစ်စေ၊သစ်သား ပေါ်မှာဖြစ်၊ တက်ခွထိုင်ပြီး ထုလုပ်ရပါတယ်။ ဒီလို တက်ခွပြီး ထုလုပ်ပေမဲ့ ငရဲမကျပါဘူး။ အကုသိုလ်မဖြစ်ပါဘူး၊ ဘာ့ကြောင့်ဆိုရင် ဘုရားအရာ မမြှောက်သေးလို့ပါ။ ဘုရားလို့ သတ်မှတ်လို့မရသေးလို့ပါ။ ဒါကြောင့် ဘုရားလို့သတ်မှတ်တဲ့အချိန်၊ ဘုရားဆင်းတုအရာမြှောက်တဲ့အချိန်ဟာ ပညာရှင်များ ပန်းပုထုသမားများ ထုလုပ်ပြီးစီးတဲ့အချိန်ပဲ ဖြစ်ပါတယ်။ အနေကဇာတင်ခြင်း မတင်ခြင်းဟာ ပဓာန မဟုတ်ပါ။ ယခုလို့ ထုလုပ်ပြီးစီးတဲ့ ရုပ်ပွားဆင်းတုတော်များဟာ အနေကဇာမတင်သေးပေမဲ့ ဘုရားနဲ့ တူအောင်တုထားပြီးဖြစ်တဲ့အတွက် ကိုးကွယ်သင့်ပါပြီ။

(၃) ရုပ်ပွားတော်များကိုမသင့်တော်တဲ့ နေရာမှာ ထားသင့်/မသင့်
မထားသင့်ပါဘူး။လို့ပဲ ပြောပါရစေ…
အချို့ပြည်ပနိုင်ငံတွေမှာ မသင့်တော်တဲ့ နေရာတွေမှာ ထားတာနဲ့ပတ်သက်ပြီးပြောရရင် ဘုရားရှင်အား အနေကဇာတင်တာဖြစ်စေ၊ မတင်တာဖြစ်စေ နေရာတကာ မသင့်တော်တဲ့နေရာတွေမှာ မထားသင့်ပါဘူး၊ ဘာ့ကြောင့်ဆိုရင် ဆင်းတုတော်က ဘုရားရှင်နဲ့ တူအောင် တုထားပြီးလို့ပဲ ဖြစ်ပါတယ်။
ဥပမာတစ်ခု…………..လူတိုင်းမှာ မိဘဆိုတာ ရှိကြစမြဲပါ။ သားသမီးတိုင်းဟာ မိဘရဲ့ ဂုဏ်ကျေးဇူးကို အတိုင်းအတာတစ်ခုအထိ သိနေကြတာ ဓမ္မတာပါ။ မိဘဂုဏ်ကျေးဇူးကို သိတတ်တဲ့ သားသမီးများဟာ အမိအဘများ သေဆုံးသွားကြတဲ့အခါ အမိအဘများရဲ့ ကိုယ်စားဓါတ်ပုံတွေ ကို မိမိအိမ်မှာ ချိတ်ဆွဲထားတတ်ကြပါတယ်။ တစ်ချို့ဆိုရင် ဘုရားအဆောင်ရဲ့ အောက်နားမှာ ကပ်ပြီး အမြတ်တနိုး ချိတ်ဆွဲပြီး ပူဇော်ကြတာကို တွေ့ရပါတယ်။
ဆိုလိုတာက အမိအဘများကွယ်လွန်ပြီးတဲ့နောက် မိဘများကိုယ်စား သူတို့ရဲ့ ဓါတ်ပုံများကို လှေခါးရင်းစတဲ့ မသင့်တော်တဲ့ နေရာတွေမှာ ထားမလားဆိုတာ တွေးကြည့်ပါ။ တကယ်လို့ ထားကြမယ်ဆိုရင် မိဘကိုမရိုသေရာ ရောက်သွားပါမယ်။ မိဘရဲ့ဂုဏ်ကျေးဇူးကို မသိတဲ့ သားသမီးများ ဖြစ်သွားမှာပါ။
ထို့အတူပဲ သက်တော်ထင်ရှား ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူပြီးတဲ့နောက် ဘုရားရှင်ရဲ့ ကိုယ်စား ထုလုပ်ထားတဲ့ ဆင်းတုတော်များကို မသင့်တော်တဲ့ လှေခါးရင်းတွေမှာ သွားထားမယ်ဆိုရင် ဘုရားရှင်အား မရိုသေရာရောက်သွားပါမယ်။ ဘုရားရှင်ရဲ့ ဂုဏ်ကျေးဇူးကို မသိတတ်တဲ့ ဗုဒ္ဓဘာသာဝင်များ ဖြစ်သွားမှာပါ။ ဒါကြောင့် ရုပ်ပွားဆင်းတုတော်များ ဘုရားအရာမြှောက်ပြီးတဲ့အချိန်ကစလို့ မသင့်တော်တဲ့နေရာတွေမှာ မထားသင့်တော့၊ မရိုမသေ မလုပ်ကောင်းတော့ပါ။
ယနေ့ နိဗ္ဗာန်ကုန်ဆိုင်ကြီးများမှာ ရောင်းကုန်ပစ္စည်းတစ်ခုအနေဖြင့် ရုပ်ပွားတော်များကို လူသွားတဲ့လမ်းကြောင်းရဲ့ နံဘေး အောက်ကြမ်းပြင်ချပြီး ရောင်းချနေကြပါတယ်။ ပိုင်ရှင်များကတော့ ဆင်းတုတော်ထက်မြင့်တဲ့ ထိုင်ခုံများမှာ ထိုင်နေကြတာဟာ မသင့်တော်ပါဘူး။ လာဝယ်သူများကလဲ ဖိနပ် စီးသွားတာကို မြင်ရပါသေးတယ်။ သူတို့အစား ကျောချမ်းလှပါတယ်။ ဒါကြောင့် နိဗ္ဗာန်ကုန်ဆိုင်ကြီးမှာ အပါယ်လက်မှတ် လာဝယ်နေကြတာပဲ လို့ တွေးမိပါတယ်။ ဒါလောက်ဆိုရင် ဒီအဖြေနဲ့ပတ်သက်ပြီး သဘောပေါက် လောက်ပြီ ထင်ပါရဲ့………..။

အပြည့်အစုံသို့ »



Read more...

မှတ်သားဖွယ်ရာ စကားများ - ဆရာတော် အရှင်ဆန္ဒာဓိက




ဆရာတော် အရှင်ဆန္ဓာဓိက ၏ မှတ်သားဖွယ်ရာ စကားများကို ကိုနန္ဒ ဘလော့ခ်မှ တစ်ဆင့် ပြန်လည် ကူးယူ ဖော်ပြပေးလိုက်ပါတယ်။ ဖတ်ကြည့်၍ အမြဲနှလုံးသွင်း မှတ်သားကာ သီတင်းကျွတ်လပြည့်နေ့ အခါတော်နေ့မှာ ကုသိုလ်ပွားများနိုင်ပါစေ။








မိဘကျေးဇူးအကျေဆပ်နည်း
စိတ်မထားတတ်တဲ့မိဘ စိတ်ထားတတ်အောင်၊
စိတ်ထားတတ်ပြီးသားမိဘ ပို၍ပို၍ စိတ်ထားတတ်အောင်၊
လမ်းညွှန်ဖေးမ ပေးရင် မိဘကျေးဇူး ကျေပါတယ်။

ကုသိုလ်မလုပ်သေးတဲ့ မိဘ ကုသိုလ်လုပ်အောင်၊
ကုသိုလ်လုပ်နေတဲ့ မိဘ ပို၍ပို၍ ကုသိုလ်လုပ်အောင်
ကူညီပံ့ပိုးပေးရင် မိဘကျေးဇူးကျေပါတယ်။

တရားမရှိသေးတဲ့ မိဘ တရားရှိအောင် ၊
တရားရှိပြီးသား မိဘ ပို၍ပို၍ တရားရှိအောင်
စွမ်းဆောင်ဖြည့်ဆည်းပေးရင် မိဘကျေးဇူးကျေပါတယ် ။


ကျေးဇူးသိစိတ်မြင့်မားသူတိုင်း သိစိတ်ကျေးဇူးဖြင့် တုံ

စိတ်မထားတတ်တဲ့ မိဘ စိတ်ထားတတ်အောင် ၊
ကုသိုလ်နည်းပါးတဲ့ မိဘ ကုသိုလ်တိုးပွားအောင် ၊
ကူညီ ပံ့ပိုးပေးတာကို ဓမ္မနဲ့ ကျေးဇူးဆပ်တယ်လို့ ခေါ်ပါတယ်။
မိဘရဲ စိတ်ဓာတ် မြင့်မားရေးအတွက်
စိတ်အာဟာရတွေနဲ့  ကျေးဇူးဆပ်တာမို့ 
စိတ်ပိုင်းဆိုင်ရာ ကျေးဇူးဆပ်နည်း လို့ 
ခေါ်ဆိုနိုင်ပါတယ် ။

ကိုယ့်ရဲ့ ကူညီပံ့ပိုးပေးမှုကြောင့်
မိဘရဲ့ စိတ်ဓာတ်မြင့်မားမှုနဲ့  ကုသိုလ်တိုးပွားမှုက
ဘ၀လွတ်မြောက်မှု အဆင့်အထိ တတ်လှမ်းသွားနိုင်ပြီဆိုရင်
အဲဒီလို တတ်လှမ်းနိုင်အောင်
ဓမ္မနည်းနဲ့ ကျေးဇူးဆပ်တဲ့ သားသမီးအနေနဲ့ 
မိဘကျေးဇူးကို အကျေဆပ်ပြီးသား ဖြစ်သွားတော့တာပါပဲ ။


စေတနာကောင်းရင် အကျိုးပေးကောင်းတယ်

ဘယ်သူဘယ်လောက်ပဲ အလုပ်များတယ်ပြောပြော
လူတိုင်း လူတိုင်းမှာ
ကိုယ်အလုပ်၊ နှုတ်အလုပ်၊ စိတ်အလုပ်ရယ်လို့ 
အလုပ်သုံးမျိုးပဲ ရှိပါတယ် ။

အဲဒီအလုပ်သုံးမျိုး လုပ်တိုင်း လုပ်တိုင်း
စေ့ဆော်တိုက်တွန်းမှုဆိုတဲ့
စေတနာဓာတ်လေး အမြဲပါပါတယ်။

ကောင်းတာလုပ်ရင် ကောင်းတဲ့စေတနာ၊
ဆိုးတာလုပ်ရင် ဆိုးတဲ့စေတနာ
တွဲပါနေပါတယ် ။

အလုပ်တိုင်းမှာ တွဲပါနေတဲ့ အဲဒီစေတနာဓာတ်လေးကို
ကံ လို့ ခေါ်ပါတယ် ။
စေတနာကောင်းရင် ကံကောင်းပြီး
စေတနာဆိုးရင် ကံဆိုးပါတယ်။
ကံကောင်းရင် အကျိုးပေးကောင်းပြီး
ကံဆိုးရင်တော့ အကျိုးပေး ညံ့ပါတယ် ..။


စိတ်ဓာတ်မြင့်မားလေ အများအကျိုးဆောင်ရွက်လေ

ကြုံတွေ့ လာသမျှ လူသားတိုင်းရဲ့ အကျိုးစီးပွားကို
ကိုယ်စွမ်းနိုင်သမျှ မေတ္တာစေတနာအပြည့်နဲ့ 
ကူညီဆောင်ရွက်ပေးတာကိုပဲ
ဒီဘ၀ ကျေးဇူးရှင် ၊သံသရာ့ ကျေးဇူးရှင်တွေကို
ကျေးဇူးတုံ့ ပြန်နေတာမို့ 
ကျေးဇူးဆပ်တယ် လို့ ခေါ်ပါတယ် ..။

မျက်မှောက်မျက်ကွယ် ကျေးဇူးရှင်တွေကို
ကျေးဇူးဆပ်နေရတာကိုပဲ
ပေးဆပ်နေရတယ်လို့ ပေါ့ပေါ့ပါးပါး သုံးနှုန်းကြပါတယ်..။

ကျေးဇူးတရားကို သိနားလည်တဲ့ သူတော်ကောင်းမှန်သမျှ
ကိုယ်နဲ့ ထိတွေ့ ပတ်သတ်လာသူတွေရဲ့  အကျိုးစီးပွားကို
ကိုယ်စွမ်းနိုင်တဲ့ဘက်က သို့ မဟုတ်
ကိုယ်စိတ်ဝင်စားတဲ့ အခန်း ကဏ္ဍက
အတတ်နိုင်ဆုံး ကူညီ ဆောင်ရွက်ပေးရင်း
ကျေးဇူးတရားကို တုံ့ ပြန်ပေးဆပ်နေကြတာမို့ 
လောကအတွက်ပေးဆပ်နေကြတဲ့
ပရဟိတ သူတော်ကောင်းတိုင်းကို
မြင့်မြတ်စွာ ပေးဆပ်နေသူများလို့ 
ကမ္ပည်းထိုးနိုင်ပါတယ် …။


သူ့ အနာဖျောက်ရင် ကိုယ့်အနာပျောက်တယ်

သူတစ်ပါးရဲ့ နာရေးကို
ကူညီစောင့်ရှောက်ပေးတဲ့သူဟာ
ဘ၀ရဲ့ နာရေး ဒုက္ခ အမျိုးမျိုးမှ
လွတ်မြောက်နိုင်ပါတယ် ။

စီးပွားဥစ္စာ မပြည့်စုံတဲ့ ဘ၀နာရေး၊
ကျန်းမာရေး ညံ့ဖျင်းတဲ့ ဘ၀နာရေး၊
အသိအလိမ္မာ ဥာဏ်ပညာ
ချို့ တဲ့တဲ့ ဘ၀နာရေး၊
အချစ်ကံ
အိမ်ထောင်ရေးကံမကောင်းတဲ့ ဘ၀နာရေး
အစရှိတဲ့ ဘ၀ရဲ့ နာရေးဒုက္ခ အမျိုးမျိုးဟာ
နာရေးကူညီသူ ကုသိုလ်ရှင်ရဲ့ ဘ၀ထံပါးမှာ
ပိန်းကြာရွက်တွင် ရေမတင်လျှောကျသကဲ့သို့ 
ကင်းစင်လွင့်ပျောက်
မကျမရောက်ပဲရှိမှာ သေချာပါတယ် …။


စိတ်ထားတတ်မှ စိတ်ချမ်းသာမယ်

ယောနိသောမရှိတဲ့သူ၊ စိတ်မထားတတ်တဲ့သူဟာ
ကိုယ်ကိုယ်တိုင်လည်း စိတ်ချမ်းသာအောင်မနေတတ်သလို
ကိုယ့်ပတ်ဝန်းကျင်ကိုလည်း
စိတ်ချမ်းသာအောင် ဖန်တီးမပေးနိုင်ဘူး ..။

ဒါကြောင့် မိမိရော၊ မိမိ ပတ်ဝန်းကျင်ပါ
စိတ်ချမ်းသာမှု အမြဲ ရှိစေဖို့ အတွက်
လူသားတိုင်း စိတ်ကျန်းမာရေးကောင်းအောင်
ကြိုးစားဖို့ လိုအပ်လှပါတယ် ..။
သိပ်မခက်ခဲပါဘူး အရာရာကို ယောနိသောမနသိကာရ ထားလိုက်ယုံပါပဲ ။

စိတ်ထားတတ်ရင် စိတ်ကျန်းမာပါတယ် ။
ယောနိသောမနသိကာရ ဆိုတာ
စိတ်ထားတတ်တာကိုပြောတာပါ ..။

ကောင်းတဲ့အခြေအနေနဲ့ ပဲ တွေ့ တွေ့ ၊
ဆိုးတဲ့ အခြေအနေနဲ့ ပဲ တွေ့ တွေ့ ၊
တွေ့ သမျှ အခြေအနေထဲက ကောင်းတဲ့အချက်ကို
မရရအောင် ရှာကြံတွေ့ ပြီး
စိတ်ချမ်းသာအောင် ထားတတ်တာကို
စိတ်ထားတတ်တယ်လို့ ခေါ်ပါတယ် ။

စိတ်ထားမတတ်ရင်
စိတ်ချမ်းသာစရာနဲ့  တွေ့ နေတာတောင်မှ
စိတ်ဆင်းရဲ နေတတ်ပါတယ် …။



အမှန်ပြောရင် သံယောဇဉ်လည်းရှိပါတယ်

မေတ္တာအခံမှာ သံယောဇဉ်ရှိမှ၊
သံယောဇဉ်အခံမှာ မေတ္တာရှိမှ
အကျွမ်းဝင်သူ ဖြစ်နိုင်ပါတယ် ။

မေတ္တာနှင့်ယှဉ်သော သံယောဇဉ်
သံယောဇဉ်နှင့် ယှဉ်သောမေတ္တာဟာ
အကျွမ်းဝင်ခြင်းရဲ့ လက္ခဏာပါ ။

မေတ္တာသာရှိပြီး သံယောဇဉ်မရှိရင်လည်း
ကိုယ့်အပေါ်ဆက်ဆံတာဟာ
အားလုံးအပေါ်ဆက်ဆံတာထက်
ပိုပြီးဂရုတစိုက်ရှိမှာ မဟုတ်ပါဘူး ။

သံယောဇဉ်သာရှိပြီး မေတ္တာမရှိရင်လည်း
ကိုယ့်ရဲ့ ကောင်းကျိုးဆိုးကျိုး၊
ကောင်းမှု ဆိုးမှုတွေကို
ဝေမျှခံစားနားလည်နိုင်စွမ်း၊ အကျိုးဆောင်ပေးနိုင်စွမ်း၊ ရှိမှာမဟုတ်ပါဘူး ။



အရာရာ အဆင်ပြေချင်ရင် အရာရာတိုင်းမှာ သဒ္ဓါတရားရှိပါ

စားဝတ်နေရေးနဲ့ ပတ်သတ်လို့ 
အစစအရာရာ အဆင်ပြေချင်ရင်
ဒါနကောင်းမှုမှာ သဒ္ဓါတရားအားကောင်းရပါမယ် ..။

ကျန်းမာရေးနဲ့ ပတ်သက်လို့ 
အစစအရာရာ အဆင်ပြေချင်ရင်
သီလကောင်းမှုမှာ သဒ္ဓါတရားအားကောင်းရပါမယ် ..။

စိတ်ဓာတ်ရေးရာမှာ
အစစအရာရာ အဆင်ပြေချင်ရင်
သမထကောင်းမှုမှာ သဒ္ဓါတရားအားကောင်းရပါမယ် ..။

အသိဥာဏ်ပညာမှာ
အစစအရာရာ အဆင်ပြေချင်ရင်
ဝိပဿနာကောင်းမှုမှာ သဒ္ဓါတရားအားကောင်းရပါမယ် ..။



သဒ္ဓါသာဝင်နေရင် အရာရာအဆင်ပြေပါတယ်

သဒ္ဓါတရားသာရှိရင်
အာရုံတိုင်းဟာ ကုသိုလ်အာရုံတွေ ချည်းပါ ..။
သဒ္ဓါတရားသာရှိရင်
နေရာတိုင်းဟာ ကုသိုလ်နေရာတွေ ချည်းပါ..။
သဒ္ဓါတရားသာရှိရင်
အလုပ်တိုင်းဟာ ကုသိုလ်အလုပ်တွေချည်းပါ ..။
သဒ္ဓါတရားသာရှိရင်
အချိန်တိုင်းဟာ ကုသိုလ်အချိန်တွေ ချည်းပါ ..။
ကုသိုလ်စီးပွားနဲ့ တရားရတနာဟာ
သဒ္ဓါအရင်းအနှီး ရှိသူတွေအတွက်သာ
သီးခြားဖြစ်ထွန်းနေတဲ့
သဘာဝ အခွင့်အရေးတွေပါပဲ …။



တရားအလှူကမ်းပါမှ အများလူချမ်းသာမယ်

သံသရာမှာ ဘ၀ကောင်းရတယ်
ချမ်းသာကောင်းခံစားရတယ်ဆိုတာ
ကုသိုလ်ကံကောင်းရှိလို့ ပါ ။

ကုသိုလ်ကံကောင်းသာမရှိရင်
ချမ်းသာကောင်း ခံစားရတဲ့
ဘ၀ကောင်းကို လုံးဝမရနိုင်ပါဘူး ။

ကုသိုလ်ကံကောင်းရဖို့ ဆိုတာကလည်း
ကုသိုလ်ကံကောင်းတွေကို
စိတ်လိုလက်ရ ပြုလုပ်အားထုတ်မှ ရှိနိုင်ပါတယ် ။

ကုသိုလ်ကံကောင်းတွေကို
စိတ်လိုလက်ရ ပြုလုပ်အားထုတ်ဖြစ်ဖို့ ဆိုတာကလည်း
ကုသိုလ်ကံကောင်းတွေကို
စိတ်လိုလက်ရ ပြုလုပ်အားထုတ်သင့်တယ်လို့ 
နားလည်သဘောပေါက်တဲ့
အသိဥာဏ်ရှိမှ ဖြစ်နိုင်ပါတယ် ..။

အဲဒီ အသိဥာဏ်ကို
တရားအလှူ ( ဓမ္မဒါန ) ကသာ
ပေးစွမ်းနိုင်ပါတယ် ..။


Read more...

သီတင်းကျွတ် လပြည့် ပ၀ါရဏာနေ့


သီတင်းကျွတ်လသည် မြန်မာတို့ ၏ (၁၂) လရာသီတွင် သတ္တမမြောက်လဖြစ်ပြီး ၀ါတွင်းကာလ၏ နောက်ဆုံးလဖြစ်ပါသည် ။
ရာသီခွင်မှာ တူရာသီ ဖြစ်ပြီး အဿဝတီ ကြယ်နှင့် လမင်းတို့ စန်းယှဉ်ကာ
မွန်းတည့်ကြသည် ။ရာသီပန်းမှာ ကြာဖြူပန်း ( Nymphaea Lotus ) ဖြစ်ပါသည် ။ သီတင်းကျွတ်လကို ရှေးမြန်မာကျောက်စာများ၌ `သန္တူလ´ ဟုရေးထိုးကြသည် ကိုတွေ့ရပါသည်။ ချိန်ခွင်ပုံ ကြယ်တာရာ နက္ခတ်တို့  စုဝေးသော မိုးကာလဟု လည်းကောင်း ၊ တောင်သူလယ်သမားတို့ စိုက်ပျိုးထားသောစပါးပင်များ သန်စွမ်းစွာထောင်မတ်သောလဟု လည်းကောင်း ပညာရှိများ ဖွင့်ဆိုကြပါသည်။

မြန်မာတို့ သည့် စိတ်ရင်းရိုးသား တည်ကြည်ကြသူများ ဖြစ်သည်နှင့်အညီ
စစ်မှန်သော ထေရ၀ါဒ ဗုဒ္ဓသာသနာတော်ကို
ပုဂံခေတ် အနော်ရထာမင်းတရား နှင့်ရှင်အရဟံ မထေရ်မြတ်တို့၏ ကျေးဇူးတရားကြောင့် ဆည်းကပ်ကိုးကွယ်ခွင့် ရကြပြန်သောအခါ
ဗုဒ္ဓမြတ်စွာ၏ အဆုံးအမ တရားတော်များနှင့်
လိုက်လျောညီထွေစွာ အေးချမ်းပျော်ရွှင်ဖွယ် ကောင်းသော လူနေမှုဘ၀များဖြင့် လောကဓံတရားများကို ရင်ဆိုင်ကျော်လွှားနိုင်သော ၊
ရောင့်ရဲတင်းတိမ်တတ်သော စိတ်နှလုံးကိုခေတ်အဆက်ဆက် ပိုင်ဆိုင်ခဲ့ကြသူများ ဖြစ်ကြပါသည် ။ ဤစိတ်ဓာတ်များ အရင်းခံဖြင့် (၁၂) လရာသီရှိသည့်အနက် အခါကြီး၊ ရက်ကြီးနေ့များတွင် ရတနာသုံးပါးအား ရည်စူး၍ ကောင်းမှုကုသိုလ်များ ပြုလုပ်လေ့ရှိကြပါသည် ။

သီတင်းကျွတ် မီးထွန်းပွဲတော်သည် မြန်မာတို့၏ (၁၂) လရာသီ ပွဲတော်များတွင် ထင်ရှားသောပွဲတော် တစ်ခုဖြစ်ပြီး ပွဲတော်စတင်ကျင်းပခဲ့သည့် အစဉ်အလာမှာ
ဘုရားရှင် သက်တော်ထင်ရှား ရှိခဲ့စဉ်အခါကပင် ဖြစ်ပါသည် ။
ဗုဒ္ဓမြတ်စွာဘုရားရှင်သည် သတ္တမမြောက်ဝါကို တာဝတိံသာ နတ်ပြည်၌ ၀ါကပ်တော်မူပြီး မယ်တော်ဖြစ်ခဲ့ဖူးသော
သန္တုဿီတနတ်သားအားအမှုးပြု၍ စကြ၀ဠာနေရာ အနှံ့ မှ နတ်ဗြဟ္မာ အပေါင်းတို့ အား အဘိဓမ္မာတရားတော်မြတ်ကို ဟောကြားတော်မူသည် ။
သီတင်းကျွတ်လပြည့်နေ့  ရောက်သောအခါ ဘုရားရှင်သည် နတ်ဗြဟ္မာ အပေါင်းခြံရံကာ ရွှေစောင်းတန်း ၊ ငွေစောင်းတန်း ၊ပတ္တမြားစောင်းတန်းများဖြင့် စီခြယ်အပ်သော ရတနာစောင်းတန်းဖြင့် လူ့ ပြည်ဖြစ်သော သင်္ကဿနဂိုရ်ပြည်သို့ ပြန်လည်ဆင်းသက်ကြွမြန်းတော်မူသည် ။
ထိုအခါ သမယတွင် ပြည်သူပြည်သားအပေါင်းတို့က မီးရှူးမီးတိုင်များ ၊မီးပန်းများ၊ ဆီမီးများ ပန်း၊ ရေချမ်းများဖြင့် ကပ်လှူပူဇော်ကြသည် ။
တာဝတိံသာနတ်ပြည်ရှိ စူဠာမဏိစေတီတော် ကိုလည်း ပူဇော်သည့် အထိမ်းအမှတ်ဖြင့် မီးပုံးများပြုလုပ်၍ ကောင်းကင်သို့ လွှတ်တင် ပူဇော်ကြသည် ။ထိုကဲ့သို့ ပူဇော်ကြသည်ကို အကြောင်းပြုကာ ယနေ့ ခေတ်အခါတိုင်အောင်
မြန်မာတစ်နိုင်ငံလုံး၌ နှစ်စဉ်ကျင်းပ ပြုလုပ်မြဲ ဖြစ်သည် ။

သီတင်းကျွတ် လပြည့်နေ့တွင် ပုရိမ၀ါမှ ထမြောက်ကြသော သံဃာတော်အရှင်မြတ်များ သည် မိမိတို့အချင်းချင်း အပြစ်ကြီးငယ်ရှိပါက သည်းခံခွင့်လွတ်ရန်၊ လမ်းမှန်ကိုညွန်ပြရန်၊ သွန်သင်ဆုံးမရန် တောင်းပန်ကြပြီး ပ၀ါရဏာပြုကြပါသည်။
ထို့ကြောင်း သီတင်းကျွတ် လပြည့်နေ့ကို ပ၀ါရဏာနေ့ဟုလည်း ခေါ်ကြပါသည်။

ထို့အတူ မြတ်ဗုဒ္ဓ၏ အဆုံးအမ၌ တည်ကြသော မြန်မာလူမျိုးတို့သည်လည်း မိမိထက်အသက် ဂုဏ်ဝါကြီးသူ၊မြင့်မြတ်သူ၊ ရိုသေလေးစားထိုက်သူတို့အပေါ် အပြစ်ကြီးငယ်များရှိပါက သည်းခံခွင့်လွတ်ကြရန် ငယ်သူ ၊ နိမ့်ကျသူတို့က ပူဇော်ကန်တော့လေ့ ရှိကြသည်။

ထို့ပြင် ဤထူးမြတ်သော ၀ါကျွတ်သော အချိန် အခါသမယတွင် မိမိတို့တတ်နိုင်သမျှ ပူဇော် သက္ကာရတို့ ဖြင့် သက်ကြီးဝါကြီးများ ၊ မိဘဆရာများကို ပူဇော်ကန်တော့လေ့ရှိကြ၏ ။
ထို့ကြောင့် ၀ါကျွတ်ကာလသည် မြန်မာတို၏
တစ်ဦးကို တစ်ဦး ရိုသေလေးစားတတ်သော သဘော ၊
မာန်မာနကို နှိမ့်ချတတ်သော သဘော၊
အပြန်အလှန် မေတ္တာစေတနာ ထားတတ်သောသဘော စသည်ဖြင့် အမျိုးကောင်း သားသမီးတို့၏ ယဉ်ကျေးသိမ်မွေ့သော စိတ်နေစရိုက် ကိုဖော်ကျူး ပြသနေသော အမျိုးဂုဏ်ကို မြှင့်တင်ပေးနေသည့် အချိန်အခါ ဖြစ်ပါသည်၊၊
သို့ဖြစ်ရာ မြန်မာပြည်များအားလုံး
ကောင်းသောအကြံ ၊
မှန်သောအကျင့် ၊
သင့်သောအယူ ၊
ဖြူသောနှလုံး ၊
သူတော်ထုံး´ တို့ ဖြင့် သီတင်းကျွတ် မီးထွန်းပွဲတော်ကို ပျော်ရွှင်စွာ ပါဝင်ဆင်နွဲ နိုင်ကြပါစေ..ဟု ဆန္ဒပြုလိုက်ပါသည်။ ။
ဖော်ပြပါကဲ့သို့ သီတင်းကျွတ်ကာလ၏ ပျော်ရွှင် ချမ်းမြေ့.သာယာပုံကို ရှေးစာဆိုတစ်ဦး၏ ကဗျာတစ်ပုဒ်ဖြင့် နိဂုံးချုပ်လိုက်ရပါသည်။

ဆီမီးရယ်ထိန် ၊
အိုင်မင်းရေကြည်က .. ၊
ကြာငါးမည် ငုံအာစွင့်တယ်.. ၊
ဖူးပွင့်ချိန်ခါ .. ။
အဿဝဏီ ယှဉ်ကာချဉ်းပါလို့ .. ၊
လင်းလာတဲ့
ငွေတာရိန်ရယ်.. ၊
ပြာမှိန်လျက် မြူချေဆိုင်း .. ။
ဂါရဝေ ၊ သဒ္ဒါခြွေ ကန်တော့ပွဲကိုလ .. ၊
မစဲပေါင် ကုသိုလ်နှိုးကြတယ် .. ၊
မျိုးမြန်မာတိုင်း။ ။


http://www.dhammaflavour.netမှ


Read more...

အခြေခံ ဗုဒ္ဓဘာသာသင်တန်း - ဆရာတော်ဦးသီလာနန္ဒာဘိဝံသ

ဆရာတော်ဦးသီလာနန္ဒာဘိဝံသ အမေရိကန်နိုင်ငံမှာ ပို့ချခဲ့တဲ့ “အခြေခံ ဗုဒ္ဓဘာသာသင်တန်း” ကို http://www.burmeseclassic.com/tayar_section.php မှာ တင်ထားတာ တွေ့ရပါတယ်။ ဓမ္မဒါနအဖြစ် ထပ်ဆင့်ပြန်လည် မျှဝေပါတယ်။

သင်တန်းမိတ်ဆက်
ရတနာသုံးပါး
ဘုရားရတနာ
တရားရတနာ
သံဃာရတနာ
သစ္စာလေးပါး
မဂ္ဂင်ရှစ်ပါး
ကံနှင့် ကံ၏အကျိုး
ဘ၀ဟောင်း ဘ၀သစ်
ပဋိစ္စသမုပ္ပါဒ်
ကန်တော့ပုံနှင့် ငါးပါးသီလ
၈-ပါး, ၉-ပါး, ၁၀-ပါးသီလ
ဘုရားအနေကဇာတင်ခြင်း
ပရိတ်ကြီးအကြောင်း


Read more...

အဘိဓမ္မာအခါတော်နေ့ ..

Posted on 6:58 PM by peacefulness


အဘိဓမ္မာအခါတော်နေ့
ယနေ့ ဘာနေ့လည်း ဆိုတော့ သီးတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ ဖြစ်ပါတယ်။ ဘာကြောင့် အဘိဓမ္မာအခါတော်နေ့ လိုခေါ်ကြသလဲဆိုတော့ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး တိတ္တိတွေကိုအောင်မြင်ပြီးတဲ့နောက် တာဝတိံသာနတ်ပြည်ကို ကြွပြီး အတိတ်က မယ်တော် ဖြစ်ခဲ့ဘူးတဲ့ နတ်သား ကို အမှုူးထားပြီးတော့ နတ်ပရိတ်သတ်တွေ၊ စကြာဝဠာအနှံ့အပြားက ရောက်လာကြကုန်သော နတ်ဗြဟ္မာအပေါင်းတွေကို အလွန့်ကို ထူုးခြားတဲ့ အဘိဓမ္မာဒေသနာတော် မြတ်ကြီးကို ၀ါတွင်း သုံးလပတ်လုံး ဟောကြားတော်မူခဲ့ ပါတယ်။ ၀ါတွင်း သုံးလပတ်လုံး အဘိဓမ္မာတရားတွေကို ဟောကြားတော်မူပြီးနောက် သီးတင်းကျွတ်လပြည့် ပ၀ါရဏာနေ့မှာ ၀ာာဝတိံသာနတ်ပြည်ကနေ လူ့ပြည်ကို ပြန်လည်းကြွရောက်လာတာကို အစွဲပြီးပြုတော့ အဘိဓမ္မာအခါတော်နေ့ ရယ်လို့ ကျင်းပခဲ့ကြ ပါတယ်။

ဦးဇင်းတို့ ဗုဒ္ဓဘာသာဝင် သူတော်ကောင်းတွေ အဘိဓမ္မာတော်နေ့ လို့ ဘာကြောင့် ခေါ်တွင်ရတာလည်းဆိုတာကို သိပြီးတဲ့နောက်မှာ ဘာကြောင့်များ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးသည် ဒီလောက် ထူးခြားမွန်မြတ်လှသော တရားတော်မြတ်ကြီးကို နတ်ပြည်မှာသွားရောက် ပြီးအပင်ပန်းခံဟောခဲ့ပါသလဲ ဆိုတာကို တွေးသင့် သိသင့်ပါသည်။ ဘာကြောင့်ဘာလိမ့် “အတိတ်ဘ၀က ခုနှစ်ရက်သာ မိခင်အဖြစ်တော်စပ်ခဲ့ပြီး နို့ရည်ချိုချိုကို ခုနှစ်ရက်သာ သောက်သုံးခွင့်ရခဲ့ပေမဲ့ မြတ်စွာဘုရားရှင်က င်ါကိုယ်တိုင် အတုမရှိပုဂ္ဂိုလ် ဖြစ်နေငြားသော်လည်း မွေးကျေးဇူးတရား ကိုကျေအောင် မဆပ်ရသေးဘူးတဲ့ ဒါကြောင့် မိခင်ရဲ့ ကျေးဇူးတရားတွေကို ကျေပွန်စွာ ဆပ်နိုင်ခြင်းအကျိုးငှာ တာဝတိံသာနတ်ပြည်ကို ကိုယ်တိုင်သွားရောက်ပြီး မိခင် တော်ဆပ်ခဲ့ဘူးသည့် နတ်သားကို ထူးခြားမွန်မြတ်သောတရားဒေသနာတော်ကို တစ်ရက်လည်းမဟုတ်၊ တစ်လလည်းမဟုတ်၊
သုံးလပတ်လုံး ပင်ပန်းခံကာ တရားဟောပြီး ကျေးဇူးဆပ်ခဲ့ပါသည်”။

ဦးဇင်းတို့ ဗုဒ္ဓဘာသာဝင်တွေ စဉ်းစားဖို့တစ်ချက်ရှိသွားပါပြီး၊ မြတ်စွာဘုရားရှင်က ခုနှစ်ရက်သာ မိခင်အဖြစ်တော်စပ်ခဲ့ နို့ရည်ချိုချိုကို သောက်သုံးခဲ့ရပါသော်လည်း ဘုရားဖြစ်အောင်ကျိုးစားခဲ့တာတောင် တာဝန်မကျေသေဘူးတဲ့၊ ဒါကြောင့်မွေးကျေးဇူးကို ကျေအောင်ဆပ်နိုင်ရန် ကိုယ်တော်တိုင်သွားရောက်ပြီး သုံးလပတ်လုံးတရားဟောခဲ့ရပါသည်။ သူတော်ကောင်းတို့ အတုမရှိတဲ့မြတ်စွာဘုရားတောင် မိခင်၏် မွေးကျေးဇူးကို မကျေမှာဆိုး သည့်အတွက် ဒီလိုတွေပေးဆပ်ခဲ့ရပါသည်။ မိမိတို့က မြတ်စွာဘုရားလို အတုမရှိသော ပုဂ္ဂိုလည်းမဟုတ်ပါ ဒါဆိုရင် ဘယ်လိုဆပ်ကြမှာလည်း၊ မိခင်၏ကျေးဇူးတရားတွေ ကို ဒီဘ၀မှာ ကျေအောင်ဆပ်နိုင်ရန် ဘယ်လိုများ စိတ်ကူးထားကြပါသလဲ ဒီဘ၀မှာ တက်နိုင်သလောက် ဆပ်မယ်လို တွေးများတွေးထားဘူးခဲ့ကြပါသလား။
မိမိအသက်ထင်ရှား ရှိနေမယ် မိခင်ကလည်း အသက်ထင်ရှား ရှိနေမယ်ဆိုရင် မိမိနိုင်သလောက် မွေးကျေးဇူးကို ဆပ်စေချင်ပါသည်။ မေ့လျှော့ပျော်ပါးပြီး မိခင်ကိုလည်းမိခင်မှန်းမသိ ဖခင်ကိုလည်းဖခင်မှန်း မသိ နေကြ မယ်ဆိုရင် ဖြင့် မိမိတို့ရရှိထားတဲ့ ပစ္စုပ္ပန်ဘ၀မှာလည်း မကောင်းဘူး နောက် ဖြစ်လာမည့် ဘ၀အတွက်လည်းမကောင်းဘူး၊ ဒါကြောင့် မိခင်၏ ဂုဏ်ကျေးဇူးတရားတွေကို အမြဲတန်း အောင်းမေ့ သတိရပြီး ရိုရိုသေသေ ပြုစုလုပ်ကျွေးကြရမယ်၊ ဒီလိုကျေးဇူးတရားတွေကို ဆပ်နေတဲ့နေရာမှာ မိခင်တစ်ဦးတည်း မဟုတ်ပါ ဖခင်သည်လည်း ပါပါသည်၊ လောကကြီးမှာ ကျေးဇူးကြီးမားလွန်းသော မိခင်၏ ဂုဏ်ကိုသိသော ပုဂ္ဂိုလ်တွေရှိသလို ဂုဏ်ကိုမသိသော ပုဂ္ဂိုလ်တွေလည်း ရှိပါသည်။ မသိသော သူတွေအတွက်တော့ဖြင့် ရင်လေးစရာပါ၊ ဂုဏ်ကိုသိသူ အဖို့မှာတော့ ဂုဏ်တွေ ဖြစ်နေကြပေမယ့် ဂုဏ်ကိုနားမလည်း တန်ဖိုးမထား သောသူတွေ အတွက်ကြတော့ အပြစ်တွေ ဖြစ်နေပါတယ်။

“လောကမှာ မြစ်တွေထဲကရေတွေဟာ ချိုမြိန် အေးမြပြီးတော့ စီးဆင်းနေကြတယ်၊ ချို မြိန်အေးမြပြီး စီးဆင်းနေကြသော ထိုမြစ်ရေတွေသည် သမုဒ္ဒရာသို့ရောက်သောအခါ ချိုမြိန်မှုတွေကင်းပြီး သောက်သုံး၍ မကောင်းတော့ပါ၊ အဲဒီလိုပဲ ရေချိုတွေဟာ ရေငန်ဖြစ်ပြီး မကောင်းတာလို့ ဂုဏ်ကောင်းတွေဟာ ဂုဏ်သိသူအဖို့မှာ ကောင်းနေပေမယ့် ဂုဏ်ကိုနားမ လည်သူ အဖို့ကျတော့ မကောင်းတော့ဘူး”။

လူတစ်ယောက်မှာ ကောင်းမွန်သော မွန်မြတ်သော စိတ်နေစိတ်ထားရှိနေသလို သူ၏ဆန့်ကျင်ဘက်ဖြစ်သော မကောင်းသောစိတ် မမွန်မြတ်သော်စိတ်နေ စိတ်ထားလည်းရှိ သည်၊ ‘ဟီနာဓိမုတ္တိက၊ ပဏီတာဓိမုတ္တိကဆိုတာရှိတယ်။ ပဏီတာဓိမုတ္တိကဆိုတာ မွန်မြတ်တဲ့ နှစ်လုံးသွင်းတဲ့တာ၊ ဟီနဓိမုတ္တိကဆိုတာက ယုတ်ညံ့တာကို နှစ်လုံးသွင်းတဲ့တာ။မိမိက ဘယ် အမျိုး အစားထဲမှာလည်း ဆိုတာစဉ်စားပါ၊ ခုခေတ်သားသမီးတွေက များသောအားဖြင့် အရွယ်လေးရောက်လာပြီး ကိုယ့်အိမ်ကိုယ့်သားတွေနှင့်ဖြစ်သွားတဲ့အခါမှာ အလုပ်များနေလိုပါ သားသမီးတွေ ကိစ္စနှင့်အလုပ်ရှုပ်နေလိုပါ စသည်ဖြင့် မိခင်ရဲ့ ဂုဏ်ကျေးဇူးတွေ ဘယ်လောက်ကောင်း တယ်ဆိုတာတွေလည်း မေ့သွားတက်ကြတယ်။ မမေ့ထိုက်တဲ့ ပု၈္ဂိုလ်တွေများကတော့ မိဘနှစ်ပါးမမေ့ထိုက်ဘူး၊ ရတနာသုံးပါးမမေ့ထိုက်ဘူး၊ ဆရာသမားကို မမေ့ထိုက်ဘူး၊ မိဘဆိုတာကတော့ ပြောစရာမရှိတော့ဘူး ၊ မိဘဆိုတာ လက်ဦးဆရာမည်ထိုက်စွာ ဗုဗ္ဗာစရိယမိနှင့်ဖ ဆိုသလိုပဲ မိဘဆိုတာ လက်ဦးဆရာတွေ ၊ ဗြဟ္မာကြီးတွေပဲ၊

ဗြဟ္မာတိ မာတာပိတရော၊ ဗုဗ္ဗာစရိယာတိ ၀ုစ္စရေ။
အာဟုနေယျာစ ပုတ္တာနံ၊ ပဇာယ အနုကမ္ပကာ။


ဗြဟ္မာကြီးတွေဟာ မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုတဲ့ ဈန်တရားကိုပွားများတယ်၊ အဲဒီလို ဗြဟ္မာတွေဟာ ၀ိဟာရဈန်ပွားများသလို မိဘတွေဟာလည်း သားသမီတွေအပေါ်မှာဗြဟ္မာတွေ ပွားများတဲ့ တရားလေးပါးကို ပွားများကြလို့လည်း သူတို့နှင့် တူတာလို့ပြောလိုချင်ဖြစ်သည်၊ မိမိကို ဘယ်သူတွေက ဘယ်လောက်ချစ်တယ်လို့ပြောပြော မိဘတွေရဲ့ မေတ္တာကိုမှီပါမလား ၊ သားသမီးတွေ အပေါ်မှာ ဘယ်သူကိုမှ ပိုချစ်တယ်ဆိုတာမရှိ ပါဘူး၊ မြတ်စွာဘုရား အဂုင်္တ္တရနိကာယမှာ ဟောကြားတော်မူခဲ့တဲ့ ဒေသနာတော်အရ မိဘ၏ ဂုဏ်ကနည်းတာမဟုတ်ဘူး၊ ကျေးဇူးသိတဲ့သော သားသမီးတွေကတော့ မိဘတို့၏ ကိုယ်ကျိုး မငဲ့သော သားသမီးအကျိုးကိုလိုလိုလားလား ဆောင်ရွက်ခဲ့တာတွေကိုသေချာစဉ်စားမိရင် သိမှာပါ နောက်တစ်ခုက မိမိတို့လည်း အိမ်ထောင်ကျ သွားသည့်အခါမှာ လည်း သားသမီးတွေ ရသောအခါ မိဘ၏မေတ္တာကိုတွေးမိသတိရမိမှာပါ အဇာတသတ်မင်းသားလို့ပေါ့၊

မိဘတွေကို အမှု့မဲ့ အမှတ်မဲ့ ထားကြတဲ့ ပုဂ္ဂိုလ်တွေဟာ နောင်မှ နောင်တရ တက်ကြပါတယ်၊ မိမိတို့ သတိရတဲ့အချိန် ပူဇော်ချင်တဲ့အချိန် လုပ်ကြွေးချင်တဲ့အခါ ကြတော့ မိဘတွေက မရှိတော့ဘူး၊ အဲဒီအခါ နောင်တ ရတတ်ကြပါတယ် အဇာတသတ် နောင်တ ရသ လိုမျိုးပေါ့၊ ဒါမျိုးတွေက ကောင်းတဲ့ အစဉ်အလာ အကျင့်စရိုက်မဟုတ်ပါဘူး၊ မြတ်စွာဘုရားတောင် ဆပ်ဖို့ခဲရင်းပါတယ်ဆိုတဲ့ မိခင်မေတ္တာကိုလည်း ပေါ့ပေါ့တန်တန် မတွေးပါနဲ့၊ လွယ်လွယ်နဲ့ ဆပ်နိုင်မယ်လို့လည်းမထင်လိုက်ပါနဲ့၊ ဒါကြောင့် မိခင် ဖခင်တွေကို မသေခင်လုပ်ကျွေးရမယ် ပြုစုရမယ် စောင့်ရှောက်ရမယ် ၊ တက်နိုင်သလောက် ကျေးဇူးကို ဆပ်ရမယ်။

ဒါကြောင့် ပြောချင်တာက မိမိ တို့တွေက သားကောင်းသမီကောင်းတွေအဖြစ်နှင့် မိခင်ဖခင်တို့၏မေတတ္တာ ဂရုဏာတွေကို ပြန်လည်အမှတ်ရပြီး ကုသိုလ်တွေ ပွားများနိုင်ကြပါစေလို့ တိုက်တွန်းလိုက်ပါသည်။


Read more...

အေးအေးလူလူလမ်းလျှောက်နေတဲ့စိတ်

လမ်းမီးတိုင်တွေမှာ ၀ါကျင်ကျင်မီးလုံးတွေ သုံးတာ ကျွန်တော် အလွန်သဘောကျသည်။ ၀ါကျင်ကျင်မီးရောင်သည် ရတု ကဗျာများ၊ စိတ်ကူး ပန်းချီကားများ ထွက်အောင် ပြုစားနိုင်သော အရောင်ဖြစ်သည်ဟု ဆိုချင်ပါသည်။ အထူးသဖြင့် လမ်းမီးတိုင်၏ ထိပ်တွင် တပ်ဆင်ထားသော ၀ါကျင်ကျင် မီးလုံးနှစ်လုံးက အင်္ဂလိပ်အက္ခရာ ဗွီပုံသဏ္ဍာန်အတိုင်း ခေါင်းချင်းခွာလျက် ကျောချင်းမကပ်တကပ် အနေအထားဖြင့် တည်ရှိနေသော အခါတွင် ဖြစ်ပါသည်။ ကျောချင်းမှီထားသော မီးကွက်များက ကျယ်ပြောသော လမ်းမပေါ် ခပ်ကျဲကျဲသာ ဖြာဆင်းနေရသဖြင့် အနှာ လမ်းမပေါ်တွင် မီးခိုးရောင်သန်းသော ညပါးပါး ကို တစ်ကွက်ခြားစီ မြင်နိုင်ပါသည်။ ထို့ကြောင့် မနေနိုင်သဖြင့် ဤသို့မှတ်တမ်းတင်မိသည်။

"လမ်းမီးရောင်ဝါကျင်ကျင်အောက်မှာ
အေးအေးလူလူလမ်းလျှောက်နေတဲ့စိတ်
ညပါးကွက်ကျားနဲ့တိတ်တခိုးတွေ့ဆုံတယ်"

လမ်းမီးရောင် ၀ါကျင်ကျင်ကို မြင်ရုံနှင့် စိတ်က လှုပ်ခါနိုင်ဘိသည်။ အကယ်၍များ နက်ဖြန်ဟာ သီတင်းကျွတ် လပြည့်နေ့ကပဲ၊ ရွာမှာနှင့် အိမ်မှာ၊ ဟိုနေရာ ဒီနေရာမှာ၊ ငါကျင်လည်ခဲ့ရာငါ့ဇာတိမှာ ဆီမီးတွေမြိုင်မြိုင်ထွန်းလတ္တံ့ဟုများ အကျယ်ဝိတ္ထာချဲ့၍များ တွေးမိလျှင် ရင်သည် အသို့ဖြစ်လိမ့်မည်နည်း။ ဟော..။ အခုလို တွေးမေးကလေး မေးရုံနှင့် မြင်းရိုင်းနှင့်တူသော စိတ်က အတိတ်အနာဂတ်၊ ကာလဒေသနှံ့အောင် ကဆုန်ဆိုင်းကာ ပြေးဘိသည်။ မည်သို့ဇက်ခွံ့ရအံ့နည်း။ ဖြေပါ။

ဆရာတော်ရှိလျှင်တော့ "နှလုံးသွင်းတတ်ပါစေ" ဟု အမိန့်ရှိပေမည်။ "နှလုံးသွင်းမှားလျှင် ကုသိုလ်အာရုံသည်ပင် အကုသိုလ် ဖြစ်နိုင်တယ်" ဟုဆုံးမပေမည်။ "စိတ်သည် မကောင်းမှု၌ မွေ့လျော်၏" ဟု မြတ်စွာဘုရားက ဟောကြားတော်မူခဲ့သည်။ ဓမ္မပဒထဲတွင်မူ "ရဟန်းတို့ ဤလောကကြီးအား စိတ်သာလျှင်ရှေ့သွားရှိ၏" ဟု ဟောကြားခဲ့တာ နာကြားရဖူးသည်။ စိတ်သည်လည်းကောင်း၊ စိတ်ပညာသည်လည်းကောင်း၊ စိတ်ကြောင့်ဖြစ်သော ရောဂါတို့သည်လည်းကောင်း စိတ်ဝင်စားဖွယ်ဖြစ်ပါသည်။

မှတ်မိနေတာကတော့ ရှစ်တန်းနှစ်က ဖတ်ခဲ့ရသော နွေကန္တာဦးဝတ္ထု ဖြစ်ပါသည်။ နွေကန္တာဦးမှာ ဆရာတက္ကသိုလ်ဘုန်းနိုင်က စိတ်ကစဥ့်ကလျား (Schizophrenia) ဝေဒနာသည် "နုနုငယ်"၏ အကြောင်းကို ဤသို့ရေးပြခဲ့သည်။

___"အချုပ်ခန်း သံတိုင်တို့ကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ရင်း နှင်းငွေသည် အတွင်းသို့ ကြည့်၏။ ဖွေးဖွေးနုသော ကိုယ်ထက်၊ နက်မှောင်သော ဆံပင်များ လွှမ်းအုပ်နေသော ချစ်သူကို တွေ့ရ၏။ တွေ့ရလေ၏။ ပျော့ပျောင်းနူးညံ့စွာ နှင်းငွေက ခေါ်၏။ "နုငယ် ကိုယ်ပါလေ။ နှင်းငွေပါ။" နုနုငယ်က လုံးဝမလှုပ်။ သူ့ကိုလည်း မကြည့်။ သံတိုင်များကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ရင်း သူကသာ နုနုငယ်ကို ငေးကြည့်နေသည်။ ငေးကြည့်မိစဉ် သူ့မျက်လုံးမှ မျက်ရည်ပေါက်များ စီးကျလာနေသည်ကို သူသတိပြုမိသည်။ နုနုငယ်က သူ့ကို ကျောခိုင်းလိုက်၏။ ထို့နောက် ကြမ်းပြင်ပေါ်မှ တစ်စုံတစ်ရာကို ကောက်ယူလိုက်၏။ လက်ပံပွင့်နီနီများတည်း။

နုနုငယ်သည် အေးချမ်းတည်ငြိမ်စွာ သီချင်းစဆိုသည်။ လက်ပံပွင့်များကို ရင်တွင်ပိုက်ပွေ့၍ သီချင်းစဆိုသည်။

"မဆင်သာသည်၊ ယင်းမာပျဉ်းဖြူ၊ အပင်ငယ်ပျပ်သည့်၊ ဇလပ်ဖြူကို၊ ချူလို့ပစ်ရတော့မလား။ မကြင်သာသည် မင့်မှာသူနှင့် အယူငယ်ကမ်းတဲ့၊ မလှမ်းသူကို မြှူလို့ရစ်ရတော့မလား။"_______

လက်ပံပွင့်နီများကို ရင်တွင်ပိုက်လျက် သီချင်းဆိုနေသည့် နုနုငယ်က ကျွန်တော်၏ ညအိပ်ရာဝင်ချိန် အတော်များများကို အသနားခံခဲ့ဖူးသည်။ ကြီးပြင်းလာတော့လည်း A Beautiful Mind ဇာတ်ကားထဲက သချာင်္မဟာပညာကျော် ဂျွန်နက်ရှ်က ခြောက်လှန့်ပါသည်။ ဝေဒနာသည်တို့ကို စာနာ သနားခြင်းကြားမှ စိတ်အကြောင်းကို ပို၍သိချင်လာမိသည်။

"စိတ်အကြောင်း သိချင်လျှင် အဘိဓမ္မာကိုဖတ်၊ တရားကိုလည်း အားထုတ်" ဟု ဆရာဘုန်းကြီးက ဆုံးမခဲ့ဖူးသည်။ နောက်တော့ ဆရာများ၏ကျေးဇူးကြောင့် အဘိဓမ္မာ ဒေသနာတော်အရ "စိတ်ဟူသည်မှာ အာရုံကို သိတတ်သော သဘောတရား"ဟူ၍ ဖွင့်ဆိုကြောင်း သိလာရသည်။ "အာရုံကိုသိပေမဲ့ အမှန်အတိုင်းသိချင်မှ သိမည်၊ အမှန်အတိုင်းသိသွားရအောင် တရားအားထုတ်ရတာပဲ" ဟူ၍ ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီးက မကြာခဏအမိန့်ရှိတာတွေ သိလာရသည်။

ဆေးသိပ္ပံဆိုင်ရာမှာ စိတ်ကစဥ့်ကလျားတို့ အယ်ဇိုင်းလ်မားတို့၊ စိတ်ကျရောဂါတို့၊ မန်းနစ်ဒီပရက်ဆစ်တို့ အကြောင်း ရှာဖတ်ကြည့်သည်။ ကိုယ် မဖြစ်တာတော်သေးသည်ဟု အောက်မေ့မိသည်။ တော်သေးသည်ဟု ဆိုသော်လည်း သိပ်တော့ တော်လှသည် မဟုတ်။ လောဘမူစိတ်ရှစ်ပါးသည် မတော်လှ၊ ဒေါသမူစိတ်နှစ်ပါးသည် မတော်လှ၊ မောဟမူစိတ်နှစ်ပါးသည် မတော်လှ။ ဤစိတ်ဆယ့်နှစ်ပါးကို အဘိဓမ္မာဒေသနာအရ အကုသိုလ်စိတ်များဟု ခေါ်ဆိုပါသည်။

ကုသိုလ်စိတ် ဆယ့်နှစ်ပါးကတော့ နည်းနည်းတော်ဦးမည်။ သို့ရာတွင် သံသရာဝဋ်ဆင်းရဲကို ကျင်လည်စေဦးမည့် စိတ်များဖြစ်ပြီး ဤကုသိုလ်စိတ်သက်သက်ဖြင့် သောက၊ပရိဒေ၀၊ဒုက္ခ၊ဒေါမနဿတို့ကို ငြိမ်းအေးအောင် မလုပ်ပေးနိုင်သေးဟု ဆိုပါသည်။ သို့ဖြစ်၍ လောကုတ္တရာစိတ် ရှစ်ပါးကိုသာ တော်သည် သင့်သည် ကောင်းသည်ဟု ပြောရပါတော့မည်။

သို့သော် ကျွန်တော်တို့၏ စိတ်သည်ကား ကုသိုလ်စိတ်၊ အကုသိုလ်စိတ်နှင့် အဟိတ်စိတ်နှင့် ကာမသောဘနစိတ်များဖြင့်သာ အသားကျနေသည်။ သို့ဖြစ်၍ လောကုတ္တရာစိတ်များရအောင် ကြိုးစားရသည်မှာ ၀ဲသြဃများလှသော ပင်လယ်ထဲမှာ လှေလှော်ခတ်နေရသည်နှင့် တူနေသည်။ လောကဓံဝဲတို့တွင် အစုပ်ခံရ၊ အမှုတ်ခံရ၊ အလှည့်စားခံရ၊ အမျောခံရ ဖြစ်ကြရပါသည်။ "ဘ၀ဆိုတာ မတပ်မက်ချင်ပါလျက် တပ်မက်ဖွယ်ကောင်းသည့်အရာ" ဟု အချို့က ပြောကြသည်မှာ မည်မျှမှန်ကန်သည် မသိ။ စွန်းလွန်းဆရာတော်ကြီးကတော့ "မသိတော့ လိုချင်၊ လိုချင်တော့ ပြုလုပ်၊ပြုလုပ်တော့ ရရှိ၊ ရရှိတော့ ခံပေတော့" ဟူ၍ ဟောကြားပါသည်။ "လိုချင်လို့ရတယ်၊မလိုချင်လျှင်မရဘူး" ဟု အမိန့်ရှိပါသည်။ ဒီအတိုင်းဆိုလျှင် ကျွန်တော်တို့၏ "မလိုချင်ဘူးဟူသော စကားများက မည်မျှလိုချင်ရာ ကျနေပြီး၊ လိုချင်လျက် မရသဖြင့် မည်မျှပူလောင်နေသည်ကို အများမသိအောင် ဖုံးကွယ်ဖို့ မည်မျှကြိုးပမ်းနေရသလဲ" မသိပါ။ ဤသို့လျှင် ကျွန်တော်သည် မသိဟူသောစကားကို လှိုင်လှိုင်သုံးလျက် ကာမဘုံသား၏အဖြစ်ကို တိတိပပ ၀န်ခံလိုက်ပါသည်။

ဦးဘိုခင်၏ သံသရာခရီးသည် သီချင်းတွင်မူ ကာမဘုံသား၏ အဖြစ်ကို ဤသို့ရေးခြယ်ပြထားသည်။

"ကာမဘုံသား၊ဆုံလည်နွားသို့နှယ်၊ အနတဂ္ဂမဘ၀တွေရယ်၊ ကြင်လည်ခဲ့ရာဝယ်၊ မဆုံးနိုင်တော့တယ်၊ တ၀ဲလည်လည်၊ သမုဒယဆိုသောတဏှာရယ်၊ ငြိလာတယ်သံယောဇဉ်ကတွယ်၊သားရယ်သမီးရယ်၊ ဇနီးသည်ခင်ပွန်းလင်သည်၊ ဆွေရယ်မျိုးရယ်၊ ချစ်ကြိုးသွယ်သွယ်နှောင်ဖွဲ့တာရယ်၊ မရုန်းနိုင်မထွက်နိုင်၊ မြဲခိုင်လှတဲ့သံသရာခရီးသည်"


စိတ်အကြောင်းကို သိချင်သော ကျွန်တော့်ဆီ ဆုထူးပန်ဆရာဟန်၏ အဘိဓမ္မာ စိတ်ပိုင်းစာအုပ်ကလေးသည် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပါသည်။ ဒါနဲ့မီးတိုင်အောက်ကို ၀င်ပါသည်။ မီးတိုင်အောက်ကို ၀င်ပြီး စာဖတ်မည်ဟု စိုင်းပြင်းသောအခါ၊ လမ်းမီးတိုင်များဆီစိတ် ကရောက်ပါသည်။ ထိုအခါ ငယ်ကအကြောင်းများကို စဉ်းစားမိပြီးသွားပြီး စိတ်အကြောင်းဆီ တစ်ပတ်လည်သွားပါသည်။ စိတ်အလည်လွန်ပြီး တစ်ပတ်ပြည့်သောအခါ အိပ်ချင်လာပါသည်။ သို့ဖြစ်၍ ပရမတ္တသစ္စာလေးပါးမှာ စိတ်၊စေတသိက်၊ ရုပ်၊နိဗ္ဗာန် တို့ဖြစ်ကြောင်း စာစုတွင် ရပ်တန့်ပြီး၊ ကာမာဝစရစိတ်များကို ပြန်နွှေးပါသည်။ ထိုသို့နွှေးရင်း အခြားသောစာအုပ်များကို သတိရ၍ ပြန်လှန်ပါသည်။ ထိုသို့လှန်ရင်းပင်လျှင် နက်ဖြန်ခါသည် သီတင်းကျွတ်လပြည့်နေ့ဖြစ်သည်ကို သတိရပါသည်။ အဘိဓမ္မာအခါတော်နေ့ ဖြစ်သည်ကို သတိရပါသည်။

ဆရာဟန်၏ စာအုပ်ကို ပို့ပေးသော ဆရာတော်က ဤနေ့ကိုရည်၍ ပို့ပေးတော်မူဟန်တူသည်။ မာတိကာ၏နောက်တွင် "အဘိဓမ္မာကိုမှ အထိုက်အလျောက် နားမလည်လျှင် ကံကောင်းချင်ပါလျက်၊ ကံကောင်းအောင် လုပ်နည်းကိုပင် သိနိုင်မည် မဟုတ်"ဟူသော တိပိဋကဓရ အရှင်သိရိန္ဒာဘိဝံသ(ယော) ဆရာတော်၏ စာတန်းကို စတွေ့ရပါသည်။ ဆရာတက်တိုး၏ အမှာတွင်မူ "ဆရာဟန်အသုံးပြုသော သင်နည်းမှာ ဆရာအတတ်ပညာသင်ကြားသော နည်းစနစ်ဖြစ်ပေသည်။ အဘိဓမ္မာအချက်အလက်များကို သင်္ကေတများ၊ စာရင်းဇယားများဖြင့် မွမ်းမံ၍ အဓိပ္ပါယ်တို့ကို လိုရင်းတိုရှင်းနည်းဖြင့် ရှင်းလင်းသင်ပြနည်းဖြစ်သောကြောင့် ခေတ်မီသည်ဟု ခေါ်ရမည်ကဲ့သို့ ဖြစ်ပါသည်" ဟု ပါရှိသည်။ တိုရှင်းလွယ်ကူသော နည်းဖြင့် အဘိဓမ္မာ စိတ်ပိုင်းကို အချိန်တိုအတွင်း ကောင်းမွန်စွာ နားလည်လိုလျှင် အလွန်သင့်လျော်မည့် စာအုပ် ဖြစ်ဟန်တူပါသည်။

မဟာစည်ဆရာတော် ဘုရားကြီး၏ အဘိဓမ္မာတရားတော်ကြီးမှာလည်း အလွန်ခံ့ညားပါသည်။ မဟာစည်ဆရာတော်သည် အဘိဓမ္မာတရားတော်ကြီးကို အလွန်ကျယ်ပြန့်စွာ ဟောကြားသွားတော်မူဖူးသည်။ ဟောတရားကို ကျမ်းစာအုပ်ပြုပြီး မကြာမီ မဟာစည်ဆရာတော်ဘုရား ဘ၀ဇာတ်သိမ်းချုပ်ငြိမ်းတော်မူသဖြင့် အဘိဓမ္မာတရားတော်ကြီးသည် မဟာစည်ဆရာတော်ဘုရား၏ နောက်ဆုံးကျမ်းစာအုပ် ဖြစ်ရကြောင်းကို ၀က်လက်-မစိုးရိမ်ဦးတိဿ၏ နိဒါန်းတွင် ဖော်ပြထားသည်။ မြတ်စွာဘုရား တာဝတိံသာ တွင် ဟောကြားတော်မူခဲ့သော အဘိဓမ္မာ ဟောစဉ်အတိုင်း ဟောကြားတော်မူရသဖြင့် မဟာစည်ဆရာတော်ဘုရား၏ ကျမ်းစာအုပ်တွင်မူ စိတ်ပိုင်း၊ စေတသိက်ပိုင်း စသည့်(ဆရာဟန်၏စာအုပ်မှာကဲ့သို့ )အဘိဓမ္မတ္ထသင်္ဂဟကျမ်းလာ အစီအစဉ်အတိုင်း မဟောကြားဘဲ "ကုသလာဓမ္မာ၊ အကုသလာဓမ္မာ၊ အဗျာကတာဓမ္မာ" ဟူသော တိက်၂၂ တိက်မှ ကုသိုလ်စိတ်ကို ဝေဖန်ပုံ ခေါင်းစဉ်ဖြင့် တရားတော်ကို စတင်ဟောကြားခဲ့ပါသည်။

"ထီးတံခွန်လည်း၊ လွန်ကဲထူးလျှင်၊ အတိဆတ္တ ဓဇ ခေါ်တွင်
တရားတော်လည်း လွန်ကဲထူးလျှင်၊ အဘိဓမ္မ ခေါ်ရနည်းတူပင်"

ဤကား အဘိဓမ္မာဟု ခေါ်တွင်ရခြင်းကို အလွယ်တကူမှတ်မိစေရန် မဟာစည်ဆရာတော်ဘုရားစပ်ထားခဲ့သော သံပေါက်ကလေး ဖြစ်ပါ၏။ မဟာစည်ဆရာတော်၏ သံပေါက်လင်္ကာများသည် ကျော်ကြားသလောက် အဓိပ္ပါယ်ထိမိပါသည်။"၀ိပဿနာဥာဏ်ဆိုတာ ဘယ်ဟာရှု၍ဖြစ်သနည်း၊ စွဲလန်းနိုင်ရာငါးခန္ဓာ မှန်စွာရှု၍ဖြစ်သတည်း" စသော သံပေါက်လင်္ကာလေးများမှာ တိုတိုနှင့် အလွန်ထိရောက်လှသည်။ "ဤသည့်စားဖွယ် အမယ်မယ်ကို မြူးရယ်မာန်ကြွ လှပရေဆင်း၊ ပြည့်ဖြိုးခြင်းငှာ မသုံးပါဘု" အစချီ ဆွမ်းမစားမီ ဆင်ခြင်ရသော ပစ္စဝေက္ခဏာ လကာင်္လေးကို စပ်ဆိုသူကိုမူ အသေအချာမသိရပါ။ ဤဆရာတော်ဘုရားပင်လျှင် စပ်ဆိုသည်ဟု ထင်မြင်မိပါသည်။

ကျွန်တော့် မိတ်ဆွေများကတော့ နက်ဖြန်ညမှာ ဆီမီးစထွန်းမည်ဟု စိုင်းပြင်းနေကြသည်။ တစ်ယောက်ကတော့ မနက်ဖြန်နေ့လည်မှာ ဘုန်းကြီးကျောင်းသွားပြီး တရားနာမည်ဟု ဆိုသည်။ ရှိခိုးကြ၊ ပူဇော်ကြ၊ တရားနာကြားကြနှင့် မနက်ဖြန်သည် အဟုတ်သာယာသော နေ့ဖြစ်မည့်ပုံပေါ်သည်။

ဒါနဲ့ နုနုငယ်အကြောင်း ပြောစရာရှိတာက နွေကန္တာဦး၏ အဆက်ဖြစ်သော ၀သန်လေချိန်မှန်ကူးတွင် ဆရာ တက္ကသိုလ်ဘုန်းနိုင်က နုနုငယ်ကို ရောဂါပျောက်ကင်းစေပြီး ဆရာဝန်ကိုနှင်းငွေနှင့် ပြန်တွေ့ပေးလိုက်ပါသည်။ သီလရှင်ဝတ်ခါနီးအချိန်တွင် တွေ့ဆုံခြင်းဖြစ်ပါသည်။ နုနုငယ်ကို သီလရှင်ဝတ်ပေးမည့် သီလရှင်ဆရာကြီးကတော့ "ပိုးဖလံမျိုးမီးကိုတိုးသည်"ဟု ညည်းတွားပါသည်။ ကျွန်တော်ကတော့ ပျော်ပါသည်။ ( ကလေးကိုး-အဲဒီတုန်းက)





Read more...

သိဒ္ဓတ္ထ ဘာကြောင့်ရဟန်းပြုသနည်း... (မစိုးရိမ်စာသင်သား)


အမှားနှင့်အမှန် (မစိုးရိမ်စာသင်သား)

သိဒ္ဓတ္ထ ဘာကြောင့်ရဟန်းပြုသနည်း...




ပြန်တမ်းသိမ်း အမှုငြိမ်း ဝိနိစ္ဆယသြဝါဒပစ်စာ... (သင်္ဂဇာဆရာတော်)

သင်္ဂဇာဆရာတော် စကားပုံပေါင်းချုပ်

ပြန်တမ်းသိမ်း အမှုငြိမ်း ဝိနိစ္ဆယသြဝါဒပစ်စာ...
သက္ကရာဇ် ၁၂၁၇-ခု၊ တပေါင်းလဆန်း ၁-ရက်နေ့၊ လေးချက်တီးကျော်အချိန်တွင် အတွင်းဝန် ဦးချိန် အိမ်ဝင်းအတွင်းချထားသော ပြန်တမ်းသိမ်း အမှုငြိမ်း ဝိနိစ္ဆယသြဝါဒအကြောင်း...










Read more...

Dzochen Teaching Oct 7-9

The Thousand Stars Tibetan Buddhist organisation in Bangkok has the following announcement (be sure to contact them to find out details such as how much is in English/Thai)

The Thousand Stars Foundation is pleased to invite you to join a series of teaching on “A-Tri Preliminary Practice of Dzogchen” by Latri Khenpo Geshe Nyima Dakpa Rinpoche on :

October 7-9, 2009, 6.30-8.30 pm.

.. at the foundation house. This is the first time ever for such a teaching to be given in Thailand. There are no registration fees.

“A” is a sacred syllable representing primordial mind, which is pure, clear and radiant. Preliminary practice is the training to realize this state. We will do the practice step by step. Rinpoche will do guided meditation at the end of each session. We will also do a 9-step breathing practice to purify our body and mind before we start meditating.

สำหรับทุกท่านที่สนใจการฝึกจิตตามแนวซกเช็น พระอาจารย์ลาตรี เคนโป เกเช ญีมา ทรักปา ริมโปเช จะนำภาวนาเรื่อง “การฝึก อา-ทรี บนวิถีแห่งซกเช็น” วันที่ 7-9 ตุลาคม ที่บ้านมูลนิธิพันดารา เวลา 18.30-20.30 น. หัวข้อภาวนานี้เป็นครั้งแรกที่มีการสอนจริงจังในเมืองไทย งานนี้ไม่เก็บค่าลงทะเบียนค่ะ

“อา” เป็นอักขระศักดิ์สิทธิ์หมายถึงจิตกระจ่าง เป็นสภาวะเดิมแท้ของจิตที่มีอยู่ภายใน ใสบริสุทธิ์ การฝึกซกเช็นคือการกลับไปสู่สภาวะนี้ การฝึกปฏิบัตินี้จะทำตามลำดับขั้น ช่วงท้ายของทุกวัน เราจะร่วมนั่งสมาธิกับพระอาจารย์ ฝึกลมหายใจเพื่อชำระล้างให้สะอาดก่อนฝึกสมาธิบนวิถีซกเช็น

มูลนิธิพันดารา

Thousand Stars Foundation

695 ลาดพร้าว 11 จตุจักร กทม 10900

695 Ladprao 11 Jatujuk BKK 10900

http://www.thousand-stars.org/Site/Welcome.html

http://krisadawan.wordpress.com/



Read more...

*သေခြင်းတရားနှင့် မေတ္တာ-၂*

ဘဂ၀ါ ဂီတထဲတွင် မေးခွန်းတစ်ခု မေးထားပါသည်။

“ကမ္ဘာပေါ်ရှိ အံ့သြဖွယ်ရာများ အနက်တွင် အဘယ်အရာသည် အံ့ဩဖွယ် အကောင်းဆုံး ဖြစ်ပါသနည်း။”

အဖြေမှာ “မိမိ၏ ပတ်ဝန်းကျင်တွင် နေ့စဉ်နှင့် အမျှ သေဆုံး ပျောက်ကွယ်နေကြ သူတွေကို တွေ့မြင်ပါလျက် သူ့ကိုယ်သူမူ သေရမည်ဟု မည်သူမျှ မယုံကြည်သလို နေကြခြင်းသည် အံ့ဩဖွယ် အကောင်းဆုံးပင် ဖြစ်ပါသည်။”

မုချ သေကြရမည်ဆိုသော ကံကြမ္မာ၏ အလားကို မေ့ထားကြပြီးလျှင် လူတို့သည် ပစ္စည်း ဥစ္စာကိုလည်း လိုသည်ထက် ပို၍ အဆမတန် စုဆောင်းနေကြသည်။ ပိုင်ဆိုင်မှု၌ တပ်မက်သောစိတ်၊ တွယ်တာသော စိတ် ကြီးမားလျက် ရှိကြသည်။ တစ်စုံတစ်ယောက်သော အလွန် အရေးပါ အရာရောက်သော သူ၏ အဖြစ်ကို လိုလား တောင့်တလျက်ပင် ရှိကြပါသည်။ ကိုယ့်ကိုယ်ကို အထင်ကြီးသော၊ အမြင်ကြီးသော စိတ်ဖြင့် ရည်မှန်းချက် ကြီးသောစိတ်၊ အလိုဆန္ဒ ကြီးသော စိတ်တို့ဖြင့် သိမ်ငယ်သောစိတ် ရှိသူတို့သည် အမျိုးမျိုးသော အပြုအမူများကို ပြုလုပ် ဆောင်ရွက်လျက် ရှိကြပါသည်။ ကြီးမြတ်သော စိတ်သဘောထား ရှိသူတို့၏ အရှုအမြင်မျိုးကို ကျွန်ုပ်တို့မှာ ကင်းမဲ့လျက် ရှိတတ်ပါသည်။ သေခြင်းတရားကို မျက်မှောက် ရှုမြင် ဆင်ခြင်သော အမြင်မျိုး ကျွန်ုပ်တို့မှာ ကင်းမဲ့တတ် ကြပါသည်။

ဤသဘော တရားကို ဒွန်ယွန်က အစွမ်းထက်သော အဆုံးအမအဖြစ် အသုံးပြုခဲ့လေသည်။ သေခြင်းတရားကို အကြံပေး ပုဂ္ဂိုလ်အဖြစ် သဘောထား၍ သူက သင်ကြား ပို့ချသည်။ မလွဲမသွေ ရောက်လာမည့် သေခြင်းတရားကို ၀မ်းနည်းခြင်း၊ ပူဆွေးခြင်း၊ ကြောင့်ကြခြင်း ကင်းသော၊ ကြည်ကြည်လင်လင် လက်ခံနိုင်သော သတိရှိရေးကို သူက သင်ကြားပေး လေသည်။ သေခြင်းတရား အကြောင်းကို သုံးသပ်ခြင်းဖြင့် ခဏတိုင်း ခဏတိုင်း၌ ပြုအပ်သော ကံကိစ္စတိုင်း၌ အစွမ်းသတ္တိ အင်အားနှင့် ပြေပြစ်မှု၊ ပြည့်စုံမှုကို ရရှိနိုင်ပါသည်။

လူတိုင်းမှာ မိမိတို့ ပြုလုပ်သမျှ ကိစ္စတိုင်း၌ အကျင့်ပါနေသော သဘော ကိုယ်စီ ရှိတတ်ကြပါသည်။ တစ်ခါတစ်ရံ ဤ ပုံစံကျနေသော အကျင့်သည် အဖျက် သဘောကိုလည်း ဆောင်ပါသည်။ ဥပမာ ဒေါသဖြစ်တတ်သည့် သဘော၊ ယူကျုံးမရ ဖြစ်တတ်သည့် သဘောများ ဖြစ်၏။ ထိုနည်းအတိုင်း ပင်လျှင် ကျွန်ုပ်တို့သည် သေခြင်းတရား အပေါ်၌ သတိမြဲအောင် (မရဏာ နုဿတိ မြဲအောင်) စိတ်ကို လေ့ကျင့်လျှင်လည်း ရပါသည်။ ပြုသမျှ အပြုအမူ အားလုံးတွင် သေခြင်းတရားကို သက်သေထား၍ ပြုသင့်ပါသည်။ အကယ်၍ သေခြင်းတရား ကိုသာ ကျွန်ုပ်တို့၏ အကြံပေး ပုဂ္ဂိုလ်အရာမှာ ထားပါက ကျွန်ုပ်တို့သည် အသက်ရှင်နေသမျှ ခဏတိုင်း၌ သေခြင်းတရားနှင့် နောက်ဆုံး ရင်ဆိုင်ရသည့်တိုင် ကျွန်ုပ်တို့မှာ ပြည့်ဝသော စိတ်နှင့် အင်အားကောင်းသော စိတ်ကို ရရှိနေမည် ဖြစ်ပါသည်။

သေခြင်းတရားကို လက်ဖျားထိပ်မှာ ထားနိုင်လျှင် ကျွန်ုပ်တို့သည် ပို၍ ပို၍ အမျိုးမျိုးသော လောဘ ဆန္ဒများ အပေါ်ဝယ် ကြည်နူးနှစ်သိမ့်မှု၊ ကျေနပ် ရောင့်ရဲမှု မျိုးလည်း လျော့နည်းသွားမည်။ ပါဝင် ပတ်သက်လိုမှု တွေလည်း လျော့နည်းသွားမည်။ ထိုကဲ့သို့ ကျွန်ုပ်တို့မှာ အလိုဆန္ဒတို့၏ လွှမ်းမိုးမှု နည်းပါး ဆုတ်ယုတ်သွားသည်နှင့် အမျှ ကျွန်ုပ်တို့သည် အရာဝတ္ထုများ အပေါ်၌ တပ်မက် တွယ်တာမှုများလည်း လျော့နည်းသွားမည် ဖြစ်၏။ ထိုအခါ ကျွန်ုပ်တို့၏ စိတ်ထဲတွင် ချစ်ခြင်း မေတ္တာတရားနှင့် ပေးကမ်း စွန့်ကြဲလိုမှု၊ ရက်ရောမှုလည်း ပွင့်လင်း ပေါ်ထွက်လာမည် ဖြစ်ပါသည်။ သေခြင်းတရားကို သတိနှင့် ဆင်ခြင်နေမှုသည် ကျွန်ုပ်တို့အား ရှင်းလင်းသော ဉာဏ်အမြင်ကို ပေးနိုင်ပါသည်။ ထိုနေရာကို ရောက်သောအခါ ငါဆိုတာ ဘယ်သူလဲ၊ သေသူဟာ ဘယ်သူလဲ ဆိုသည်ကို ရှင်းရှင်းလင်းလင်း သိသာစေပါ တော့သည်။

ဤအဆင့်တွင် ဖြစ်ပေါ်လာသော အနိစ္စ ၀ိဇ္ဇာဉာဏ်သည် အရာ ခပ်သိမ်းတို့၏ ခေတ္တ ခဏမျှသာ တည်နေသည့် သဘောကို လည်းကောင်း၊ အရာခပ်သိမ်းသည် အစဉ်သဖြင့် ခဏတိုင်း၌ ပြောင်းလဲ ရွေ့လျားနေသည်ကို လည်းကောင်း သိနားလည်စေ ပါတော့သည်။ ခဏတိုင်း၌ နာမ်ရုပ် ဖြစ်စဉ်နှင့် ကျွန်ုပ်တို့၏ စကြာဝဠာ တစ်ခုလုံးသည် ဖြစ်လာလိုက် ပျောက်ဆုံးသွားလိုက် ဖြစ်နေသည်။ သေသွားလိုက် မွေးဖွားလိုက် ဖြစ်နေသည်။ ကျွန်ုပ်တို့သည် ငြိမ်သက် တည်ကြည်သော စိတ်တစ်ခု ဖြစ်ပေါ်လာအောင် အားထုတ်နေခြင်း ဖြစ်ပါသည်။ အလွန် ကြီးကျယ်သော အပြောင်းအလဲ များနှင့် ရင်ဆိုင်ရသော အခါဝယ် မတုန်မလှုပ်သော စိတ်ကို ရအောင် အားထုတ် နေကြခြင်းသာ ဖြစ်ပါသည်။


ဆက်လက် ဖော်ပြပါမည်။

>>> ဆရာဦးဆန်းလွင်နှင့် ဆရာဦးဟန်ဌေးတို့ ဘာသာ ပြန်ဆိုသော ဂိုးလ်စတိန်း၏ ကိုယ်တွေ့ ၀ိပဿနာ စာအုပ်မှ ကူးယူဖော်ပြ မျှဝေအပ် ပါတယ် ခင်ဗျာ...။

လေးစားစွာဖြင့်
ဖိုးသား


Read more...

သီတင်းကျွတ်မှာမိဘနှစ်ပါးကိုကန်တော့ပါတယ်..


အမေရေ.. ဒီနေ့ဟာ သာသနာတော်နှစ် (၂၅၅၃)၊ ကောဇာသက္ကရာဇ် ၁၃၇၁ ခုနှစ်၊ ခရစ်နှစ် ၂၀၀၉ခုနှစ်၊ အောက်တိုဘာလ(၃)ရက်နေ့.. သီတင်းကျွတ်လပြည့်နေ့ ဆိုပဲ။ အဝေးရောက်နေတဲ့ သားအတွက်တော့ အမေ့အနားကို ကိုယ်တိုင်လာရောက်ပြီး ရှိခိုးကန်တော့ချင်ပေမယ့် အဝေးတနေရာကနေပဲ ဒီတရားပိုစ့်လေးနဲ့ပဲ ရှိခိုးကန်တော့လိုက်ရပါတယ်။ သီတင်းကျွတ်လပြည့်နေ့မှာ အမေတစ်ယောက် စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေလို့ ဦးစွာဆုတောင်းမေတ္တာ ပို့သမိပါတယ်။ တကယ်တမ်းတော့ အမေရေ.. မိဘနှစ်ပါးရဲ့ ခြေအစုံကို သားရဲ့ဦးခေါင်းနဲ့တိုက်ပြီး ကန်တော့လိုက်ချင်တာပါ.. ဒါပေမယ့် အဝေးတနေရာမှာဆိုတော့.. စိတ်ထဲကပဲရည်းမှန်းပြီး အမေနဲ့အဖေရဲ့ ဂုဏ်ကျေးဇူးအနန္တကို မှန်းမျှော်ရှစ်ခိုးလိုက်ပါရစေ..။ အဝေးရောက်နေတဲ့ သားတစ်ယောက်ရဲ့ အမေ့မေတ္တာရဲ့ စာလောင်မွတ်သိပ်မှုကို အဝေးရောက်နေတဲ့ သားတွေသားမီးတွေကလွဲပြီး ဘယ်သူမှ နားလည်နိုင်လိမ့်မယ်လို့ မထင်မိပါဘူးလေ။ ဒီပို့ စ်လေးဟာ မိဘနဲ့ အဝေးတနေရာမှာ ခွဲခွာနေရတဲ့ ညီအစ်ကိုမောင်နှမတွေ အားလုံးအတွက် ရည်ရွယ်ပြီး ရေးမိတယ်ဆိုရင်လည်း မမှားပါဘူးအမေ..။

လွန်ခဲ့သော နှစ်ပေါင်း (၂၅၀၀)ကျော်ဆိုတဲ့ အချိန်ကာလတစ်ခုမှာပေါ့..။ ဘုရားရှင်ကိုယ်တော်မြတ်ကြီးဟာ သူ့ရဲ့မိခင်တော်စပ်ခဲ့ဖူးသော မယ်တော်မာယာဒေ၀ီကနေ နတ်ရွာစံပြီး တာဝတိသာနတ်ပြည်မှာ နတ်သားဖြစ်နေတဲ့ မယ်တော်အမိနတ်သားကို ကျေးဇူးဆပ်တရားဖြစ်တဲ့ အဘိဓမ္မာတရားဟောကြားပြီး လူ့ပြည်ကို ပြန်ဆင်းလာခဲ့တဲ့ အချိန်အခါပါပဲ။ ဘုရားရှင်ကိုယ်တော်မြတ်ကြီး လူ့ပြည်သက်ဆင်းခဲ့တဲ့ အချိန်တုန်းကဆို ဘုရားရှင်ရဲ့ လက်ဝဲရံ လက်ယာရံတွေမှာ နတ်ဗြဟ္မာတွေ ခြံရံပြီးတော့ တန်ခိုးရောင်ဝါတောက်ပစွာဖြင့် ရွှေစောင်းတန်း ငွေစောင်းတန်း ပတ္တမြားစောင်းတန်းဆိုတဲ့ စောင်းတန်းသုံးသွယ် ခြံရံပြီးတော့ သပ္ပါယ်လို့ ရှုမဆုံးအောင် သက်ဆင်းခဲ့တာပါ။ လူအများမြင်သာအောင် တန်ခိုးရောင်ဝါတွေပြပြီး ဆင်းသက်ခဲ့တာပါ။ ဘုရားရှင် ကိုယ်တော်မြတ်ကြီး ဒီလိုတန်ခိုးရောင်ဝါပြပြီး ဆင်းသက်ပြတယ်ဆိုတာ အကြောင်းမဲ့တော့ မဟုတ်ပါဘူးအမေ..။ ဘုရားရှင်ကိုယ်တော်မြတ်ကြီးဟာ မလိုအပ်လို့ရှိရင် စကားတောင် နှစ်ခွန်းပြောတာ မဟုတ်ပါဘူးနော်.. တန်ခိုးပြပြီးဆင်းပြီဆိုမှတော့ အဓိကအကြောင်းအရင်းက ဘာလဲဆိုတာ သိဖို့အရေးကြီးပြီပေါ့..။

ဘာအတွက် အဘိဓမ္မာတရားကို ၀ါတွင်းသုံးလပါတ်လုံး ဟောခဲ့ရသလဲ? ဘာလို့ တန်ခိုးတွေပြပြီး ဆင်းခဲ့ရသလဲဆိုတာလေး အမေ့ကို သားသိသလောက် အနည်းအကျဉ်းလေး ပြောပြချင်တာပါ။ ဘုရားရှင် ကိုယ်တော်မြတ်ကြီးဟာ ဘုရားဖြစ်သွားခဲ့တဲ့ အချိန်အခါတောင်မှ မိဘကျေးဇူးကို မဖြစ်မနေ ဆပ်သွားတယ်ဆိုတာကို သတ္တ၀ါတွေအားလုံး သိစေချင်တဲ့အတွက် အဘိဓမ္မာကျေးဇူးဆပ်တရားကို တာဝတိသာနတ်ပြည်မှာ ၀ါတွင်းသုံးလပါတ်လုံး ဟောကြားခဲ့တာပါ။ တခြားအကြောင်းအရာတွေလည်း အများကြီးရှိပါတယ်။ ဒါပေမယ့်.. အဓိကကတော့ ငါဘုရားလို သံသရာအကြွေးမရှိတော့တဲ့သူတောင်မှ မိဘကျေဇူးကို အကျေဆပ်သွားတယ်ဆိုတာ သတ္တ၀ါအားလုံးကိုသိစေချင်တာပါ။

မိဘရဲ့ ကျေးဇူးတရားတွေ ကြီးကျယ်မြင့်မြတ်ပုံ.. မိဘကျေးဇူးကို ကိုယ်ကဘာတွေပဲဖြစ်နေပါစေ.. ဘယ်လောက်ကြီးပဲ ကြီးကျယ်မြင့်မြတ်နေပါစေ.. ဘယ်လောက်ကြီးပဲ တန်ခိုးအာဏာကြီးမားနေပါစေ.. ဆပ်သင့်တယ်.. ဆပ်ထိုက်တယ်ဆိုတဲ့ အကြောင်းကို သတ္တ၀ါအပေါင်းကို သိစေချင်တဲ့အတွက်ပါပဲ။ မိခင်နို့ရေကို (၇)ရက်ပဲ သောက်သုံးခဲ့ရတဲ့ ဘုရားရှင်ကိုယ်တော်မြတ်ကြီး ကိုယ်တော်တိုင်တောင်မှ မိခင်နို့ရည်(၇)ရက်ရဲ့ တန်ဖိုးကို မမေ့မပျောက် ကျေးဇူးအကျေဆပ်ပြသွားတယ်ဆိုတော့.. သားတို့လိုလူမျိုးတွေ အတွက်ကတော့ မိဘကျေးဇူးဟာ ဘယ်လောက်ဆပ်သင့်တယ်ဆိုတာ ဘာမှကို ပြောစရာမလိုတော့ပါဘူးအမေ..။

သီတင်းကျွတ်ရောက်တိုင်း ဖရောင်းတိုင်လေးထွန်းပြီး.. အော်.. ငါတို့ ဘုရားရှင်ကိုယ်တော်မြတ်ကြီး မိဘကျေးဇူးဆပ်တရားဟောပြီး ပြန်ဆင်းလာခဲ့တဲ့အချိန်အခါပဲ.. ငါတို့လည်း ဘုရားရှင်လို မိဘကျေးဇူးကို အကျေဆပ်ကြဖို့ လိုတယ်ဆိုတာလေးကို မမေ့နဲ့ဆိုတဲ့ အသိလေးကလည်း ရင်ထဲကို အမြဲတမ်းတိုးဝင်လျှက်ပါပဲအမေ။ ဖရောင်းတိုင်လေးထွန်းပြီးတော့ ဘုရားရှင်ကို ကြိုဆိုရှိခိုးကန်တော့ရင်း မိဘကျေးဇူးကို ငါတို့လည်း ဘုရားရှင်လို အကျေဆပ်ကြရမယ်ဆိုတဲ့ အသိလေးကလည်း ဘုရားရှင်ကိုယ်တော်မြတ်ကြီး ကိုယ်တော်တိုင် အနားနာကိုလာပြီး ဆုံးမသြ၀ါဒတွေ ဟောကြားနေသလိုပါပဲလေ။

သားတို့ ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေမှာ သီတင်းကျွတ်ရောက်ရင် မိဘဆရာသမားတွေ.. ကိုယ့်ထက် အသက်ဂုဏ်ဝါကြီးကျယ်မြင့်မြတ်တဲ့ ကျေးဇူးရှင်ပုဂ္ဂိုလ်တွေကို သွားရောက် ကန်တော့ရတာတွေ ရှိပါတယ်အမေ။ ဒါတွေဟာ ဘာလို့လည်းဆိုတော့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့ မိဘကျေးဇူးဆပ်ပြသွားတဲ့ ကျေးဇူးဂုဏ်တော်ကို တန်ဖိုးထား ကြည်ညိုတဲ့သဘောနဲ့ သွားရောက်ကန်တော့တာဖြစ်သလို.. ကိုယ့်ထက် အသက်ဂုဏ်ဝါ ကြီးမြတ်သူတွေရဲ့ ဆုံးမစကားတွေကို ရှိခိုးကန်တော့ရင်း နာခံမှတ်သားရတဲ့ သဘောတရားတွေ ပါဝင်ပါတယ်အမေ။ ဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့ မေတ္တာတရားတွေကြောင့် လူကြီးမိဘဆရာသမားတွေ.. ကျေးဇူးရှင်ပုဂ္ဂိုလ်တွေကို ရှိခိုးကန်တော့ရတဲ့ အစဉ်အလာလေးကလည်း အင်မတန် မွန်မြတ်လှပါတယ်နော်။ ဒီအကြောင်းရာလေးတွေဟာ တကယ်တော့ အမေကိုယ်တိုင် သားကို သွန်သင်ဆုံးမပြောဆိုပေးခဲ့လို့ သိလာတဲ့ အသိတရားလေးတွေပါပဲ။ အမေ့ကို သတိတရနဲ့ ပြန်လည်မြင်ယောင်အောင် သားက အစဖော်ပြောပြရင်း ရှိခိုးကန်တော့လိုက်တာပါအမေ။

ယခု.. သားတစ်ယောက်အနေနဲ့လည်း ဘုရားရှင်ကိုယ်တော်မြတ်ကြီးလို မိဘကျေးဇူးကို အကျေဆပ်ဖို့ မဖြစ်နိုင်သေးပေမယ့်လည်း ဆပ်နိုင်အောင် ကြိုးစားနေတုန်းပါပဲအမေ။ အမေတို့အဖေတို့ရဲ့ ဆုံးမစကားတွေနဲ့အတူ ပျော်ရာမှာမနေရ.. တော်ရာမှာနေရဆိုတဲ့ စကားအတိုင်း မိဘနှစ်ပါးကို စိတ်ချမ်းသာအောင် ကျေးဇူးဆပ်နေတယ်ဆိုရင်လည်း မမှားပါဘူးအမေ။ အမေနဲ့အဖေ့ကို သူများတွေလို တိုက်တွေကားတွေနဲ့ မထားနိုင်ပေမယ့် သားတတ်နိုင်တဲ့ဘက်ကနေ စိတ်ချမ်းသာအောင်လေးထားပြီး ကျေးဇူးဆပ်နေတယ်ဆိုတယ်ဆိုတာ အမေနဲ့အဖေတို့ သိစေချင်ပါတယ်။ သားအမြဲတမ်းပြောတဲ့ စကားလေးတစ်ခွန်းရှိပါတယ်.. အမေတို့ကွယ်လွန်မှ မျက်ရည်တစ်စက်မကျချင်ဘူး.. မသေခင်မှာ စိတ်ချမ်းသာအောင် ထားမယ်ဆိုတဲ့ စကားလေးပါ အမေ။ ဒီစကားလေးကိုတော့ အမေ နားလည်မှာပါ။

နောက်ဆုံးအမေ့ကို ကန်တော့ရင်း ပြောချင်တာလေးတွေ ရှိတယ်အမေ။ ဘုရားရှင်ကိုယ်တော်မြတ်ကြီးက မိဘကျေးဇူးကို အကျေဆပ်ရမယ့် ဆုံးမစကားတွေ.. ဘယ်လိုဆပ်မှကျေတယ်ဆိုတဲ့ နည်းလမ်းတွေ သွန်သင်ဆုံးမပေးခဲ့တာတွေ အများကြီး ရှိပါတယ်အမေ။ မိဘတွေရဲ့ မေတ္တာကြီးကျယ်မြင့်မြတ်ပုံနဲ့ နှိုင်းဆလို့မရတဲ့ ကျေးဇူးတွေကို သားမှတ်သားထားတာလေးနဲ့ အမေ့ကိုကန်တော့ရင်း ပြောပြချင်ပါတယ်။

လူဖြစ်မရှုံးပါစေနဲ့..
မိဘနှစ်ဖြာရှိနေပါလည်း ကျေးဇူးမသိ မဆပ်ဘိက တစ်သက်လုံးလုံး လူဖြစ်ရှုံး၏။

ဒီမှာမိတ်ဆွေ..
လောကမှာ အမေကိုမှ မချစ်တတ်ဘူး.. မသိတတ်ဘူးဆိုတဲ့သူဟာလေ.. သူကိုယ်တိုင် ဘယ်သူ့ကိုမှ ချစ်လိမ့်မယ်မထင်နဲ့။ တိုင်းပြည်ကိုလည်း မချစ်ဘူး။ ဘယ်သူ့ကိုမှလည်း ရိုသေမှာမဟုတ်ဘူးဆိုတာ စိတ်သာချ ဒိဋ္ဌ ဒိဋ္ဌ အမှန်ပဲဗျာ..။ (ဆရာကြီးဦးသုခ)

မင်းကိုအချစ်ဆုံးဆိုတာ..

လောကကြီးမှာ ဘယ်သူတွေမင်းကို ဘယ်လောက်ချစ်ပါတယ်ပဲ ပြောပြော.. မိဘမုန်းသလောက်တောင် မမှီဘူးဆိုတာ မြဲမြဲမှတ်ထားပါ။

ဘုရားရှင်ပြောတဲ့ လူယုတ်မာဆိုတာ..

မိဘတွေအိုမင်းရင့်ရော်နေသောအချိန်တွင်.. မိဘများအား လုပ်ကိုင်ကျွေးမွေးနိုင်စွမ်းရှိပါလျှက်နှင့် လုပ်ကိုင်မကျွေးမွေးသောသူတို့သည် လူယုတ်မာ..။

နားလည်မဲ့အချိန် နောက်မကျစေပါနဲ့..
မိဘကိုမသေခင်ကျွေးပါ၊ သေမှငိုမနေပါနှင့်
မိဘအရိပ်ကိုခိုပါ၊ မိဘကိုမစော်ကားပါနှင့်
အတောင်စုံလျှင်ပြန်ပါ၊ မိဘကိုမပုန်ကန်ပါနှင့်
မိဘမျက်ရည်တစ်က်၊ သားသမီးဆင်းရဲတစ်သက်
သင်ကိုယ်တိုင်မိဘဖြစ်မှ မိဘရဲ့မေတ္တာကိုနားလည်လိမ့်မယ်..။

နိယာမကိုလွန်ဆန်နိုင်သောအရာ..
သားလှချစ်စွာ မိမာတာ၏
နီတျာထွေးထွေး နှလုံးသွေးသည်
သည်းခြားသူ့အား နို့စို့ငြားသော်
သားမြတ်အဖျား ရောက်လာငြ်ား၍
ဘော်သာစွာသွေး ဖြူဖြူဖွေးသည်
ချစ်သွေးလူလှ ချစ်သောကြောင့်။

အမေ..
ဇမ္ဗူတိုင်းမှာ အဖြေညှိပြရင်
အပူလှိုင်းဖြာ ဝေဒနိကတွေနဲ့
လူတိုင်းဟာ အမေရှိကြတယ်။
မရေမရာ ပဟေဠိတွေကြောင့်
အသေအချာ အဖေမသိတောင်မှ
အမေရှိတယ်။
ချစ်သဒ္ဓါဝေကဲ
ပြည့်တန်ဆာ အမေလည်း အမေ
အကြောင်းတရားအခြေမွဲ
သူတောင်းစားအမေလည်း အမေ
သမီးသားတွေ ကြီးထွားစေဖို့
စီးပွားအထွေထွေ
စိန်ရွှေပတ္တမြား အိမ်မြေကားနှင့်
ငွေသားအမွေ မပေးနိုင်မှ အမေမဟုတ်
ယိုင်နဲ့နဲ့တဲအတွင်း
လှဲခင်းအိပ်နေစရာ တိုးဖယ်ပေးခဲ့
အရိုးဟင်း တစ်ဖဲ့စီဝေ
ထမင်းရည်တူတူသောက်
ဗိုက်မှောက်တော့ အတူတူ
ခြင်ထောင်မရှိ ခြုံစောင်မရှိ
ခင်းစရာ ဖျာလည်းမရှိလို့
ခြင်ကိုသွေးလှူအတူတူ
အပူကိုမျှဝေခံစား
ဒုက္ခကိုပိုမိုလေးနက်စေ
ပညာအမွေရွှေအိုး
ရိုးသားမှုဂုဏ်သိက္ခာ
မေတ္တာအကြင်နာမှတပါး
အခြားပေးစရာအထွေထွေမွဲသော်လည်း
အမေဟာအမေပါပဲလေ။ (အောင်လှိုင်ထွန်း)

မိဘကျေးဇူးကြီးမားပုံ..
အနှစ်တစ်ရာ သက်တမ်းမှာ အနှစ်တစ်ရာကာလပတ်လုံး ညာဘက်ပခုံးပေါ် အမိကိုတင်၊ ဘယ်ဘက်ပခုံးခေါ် အဖကိုတင်ပြီး အစစအရာရာ လိုလေသေးမရှိအောင် လုပ်ကျွေးသော်လည်း မိဘကျေးဇူး မကုန်နိုင်ပေ..။

ဒါဆိုဘယ်လိုကျေအောင် ဆပ်ရမှာလည်း? ဒီအချက်တွေနဲ့ဆပ်ရင် ကျေပါတယ်.. မိဘကျေးဇူးဆပ်ရန် အခြေအနေ(၄)မျိုး..
(၁) သက်ရှိထင်ရှားရှိရမည်။
(၂) မှီခိုနေရမည်။
(၃) ကျွေးမွေးနိုင်တဲ့စိတ်ရှိရမည်။
(၄) ကျွေးမွေးနိုင်တဲ့ ဓနဥစ္စာရှိရမည်။

မိဘကျေးဇူးအကျေဆပ်နည်း(ဘုရားနည်း)
(၁) သဒ္ဓါတရားမရှိတဲ့မိဘကို သဒ္ဓါတရားနဲ့ ပြည့်စုံအောင်၊
(၂) သီလတရားမရှိတဲ့မိဘကို သီလတရားနဲ့ပြည့်စုံအောင်၊
(၃) မပေးရက်မလှူရက် နှမြောတွန့်တိုတတ်တဲ့မိဘကို စွန်ကြဲပေးကမ်း လှူဒါန်းခြင်းနှင့် ပြည့်စုံအောင်၊
(၄) ပညာဥာဏ်မရှိတဲ့မိဘကို ပညာဥာဏ်နဲ့ပြည့်စုံအောင်၊

အမေတစ်ယောက်ဒီစာလေးဖတ်ပြီး သားပြောပြချင်တဲ့ အကြောင်းအရာလေးကို သိနိုင်ပါစေလို့..။ သီတင်းကျွတ်လပြည့်နေ့မှာ သူများတွေလို အမေနဲ့အဖေရဲ့ ခြေအစုံကိုသွားရောက်ပြီး ဦးမချနိုင်တဲ့ အဝေးရောက် မောင်နှမအားလုံးကိုယ်စား ရေးသားပေးလိုက်ပါတယ်။ အဝေးရောက်နေပေမယ့် လူတိုင်းရဲ့ နှလုံးသားထဲမှာ မိဘရဲ့မေတ္တာတရားတွေကို နားလည်နေမယ်ဆိုတာလည်း ယုံကြည်ပါတယ်။ ဘုရားရှင်ကိုယ်တော်မြတ်ကြီးကဲ့သို့ မိဘရဲ့ကျေးဇူးတရားတွေကို ဓမ္မနဲ့ကျေအောင်ဆပ်နိုင်တဲ့ သားကောင်းသမီးမြတ်တွေ ဖြစ်ကြပါစေလို့လည်း သီတင်းကျွတ်လပြည့်နေ့မှာ ဆုတောင်းဆန္ဒပြုပေးပါတယ်။ အဝေးတနေရာမှ အမေ့ကို လှမ်းမျှော်ကန်တော့ရင်း.. ဓမ္မမိတ်ဆွေ မောင်နှမအအပေါင်းလည်း မှန်းမျှော်ကန်တော့နိုင်ကြပါစေလို့ ဆန္ဒပြုဆုတောင်းပေးလိုက်ပါတယ်။ ဓမ္မမိတ်ဆွေအပေါင်း.. သီတင်းကျွတ်လပြည့်နေ့မှာ ကိုယ်စိတ်နှဖြာ ကျန်းမာချမ်းသာကြပါစေ…။


Read more...

စွန်းလွန်း ဖြေကြားသော နိဗ္ဗာန် အကြောင်း

သီတင်းကျွတ်လပြည့်နေ့ကို ကြိုဆို သောအားဖြင့် စွန်းလွန်းဆရာတော်ဘုရားကြီး၏ နိဗ္ဗာန်အကြောင်း ဆောင်းပါးဖြင့် ပူဇော်လိုက်ပါသည်၊

( ၁၂၈၇ ပြည့်နှစ်၊ ကဆုန်လဆုပ် ၄ -ရက်နေ့ ပဲခူးမြို့ အဗျားရွာတွင် ဖက်ပင်အိုင် ဆရာတော်ကြီးက မြင်းခြံ ဆရာတော်အား မေးမြန်းပြောဆိုခြင်း --- --
စကားချပ်။ ။ ဖက်ပင်အိုင် ဆရာတော်သည် စွန်းလွန်းဆရာတော် ထက် အသက် ၊ သိက္ခာဝါတော် ကြီးသောကြောင့် နှုတ်ဆက် စကားပြောကြားပြီး မေမြန်းပြောဆိုလေသည်၊ )

ဖက်ပင်အိုင်။ ။ မျက်စိနဲ့ အဆင်း ( ရူပါရုံ ) တွေ့သောအခါ မျက်စိက အဆင်းထံ သွားသလား၊ အဆင်းက မျက်စိ ထံ လာလေသလား။
ဖြေ။ ။ မျက်စိကလဲ မသွား၊ ရူပါရုံ ကလဲ မလာပါ ဘုရား။
ဖက်ပင်အိုင်။ ။ ဒါဖြင့် ဘယ်နှယ် မြင်နိုင် သတုံးဗျ။
ဖြေ။ ။ သူ့ သတ္တိက ရှေးရူ့သောအခါ မြင်နိုင်ပါ ၏ ဘုရား။

ဖက်ပင်အိုင်။ ။ ဒါဖြင့် အဆင်း ရူပါရုံက လာတာပေါ့ ဗျား
ဖြေ။ ။ မလာပါ ဘုရား၊ ( ဥပမာ ) နေကိုကြည့်သော သူသည် နေ၏ သတ္တိ အရောင်အလင်းကြောင့် မျက်စိကျိန်းခြင်းသာ ရှိပါ၏ဘုရား။ နေ၀န်းကြီးက မျက်စိထဲ ၀င်လာသည် မဟုတ်ပါ၊ မျက်စိကလဲ နေ၀န်းထဲ ၀င်သွားသည် မဟုတ်ပါဘုရား။

ဖက်ပင်အိုင်။ ။ ဒါဖြင့် မြင်းခြံ ဆရာတော်-- နိဗ္ဗာန် အကြောင်းပြောစမ်းပါ၊

ဖြေ။ ။ နိဗ္ဗာန်ဆိုတာ ဘုရား၊ ( ဥပမာ ) ယောဂီပုဂ္ဂိုလ
် တစ်ယောက်သည် ၀ိပဿနာ အားထုတ်၍ စိတ် စေတသိက် ရုပ်တရားတို့၏ ဖြစ်ခြင်း ပျက်ခြင်းကို ကြီးစွာသော ဆင်းရဲကြီး ဟုငြီးငွေ့လျက် ဆင်းရဲခြင်း၏ အကြောင်းကို ရှာက တဏှာ ကို သိရသည်နှင့် တပြိုင်နက် မဂ်က တဏှာကို ပယ်လိုက်တော့ အကြောင်း အကျိုး ပြတ်သွားပါရော၊

အဲဒီ မဂ်က မပယ်မီ ဖြစ် ပျက်နေတာက သင်္ခတ၊ နောက်တော့ အကြောင်း- အကျိုး ပြတ်၍ ဘာမှ မရှိတာကတော့ အသင်္ခတ - နိဗ္ဗာန် ပါဘဲ ဘုရား။

ဖက်ပင်အိုင် ။ ။ ၎င်းနိဗ္ဗာန်မှာ နေ၀န်း -လ၀န်း သဏ္ဍာန်များလို အရောင်တွေများ ရှိသလားဗျ။
ဖြေ။ ။ အရောင်တွေ မရှိပါ ဘုရား။
ဖက်ပင်အိုင်။ ။ ဒါဖြင့် ဘယ်နှယ်နေတုံး ပြောစမ်းပါဗျာ။
ဖြေ။ ။ ပြောစရာ မရှိပါ ဘုရား။

ဖက်ပင်အိုင်။ ။ ဒါဖြင့် နိဗ္ဗာန် မရှိဘူးလား၊
ဖြေ။ ။ ရှိပါ၏ ဘုရား၊
ဖက်ပင်အိုင်၊ ။ စိတ် စေတသိက် ရုပ် နိဗ္ဗာန်ဆိုတဲ့ ပရမတ္ထတရား လေးပါး ရှိတယ်မဟုတ်ဘူးလား။
ဖြေ။ ။ ရှိ်ပါတယ် ဘုရား၊
ဖက်ပင်အိုင်။ ။ အဲဒီ ပရမတ် ပြောဗျာ၊
ဖြေ။ ။ ဆရာတော်ဘုရား --- ဦးက၀ိက ပရမတ် ဆိုလျင် ဘာမှ ပြောစရာ မရှိ၊ လက်ပိုက် ထိုင်နေရုံပဲ ဘုရား။

ဖက်ပင်အိုင်၊ ။ နေစမ်းပါအုံးဗျာ။ ဟောဒီ ရွှေတုံးကြီးကို ခဲ လို့ ပြောဆိုကာမျှဖြင့် ၎င်းရွှေတုံးကြီး ခဲဖြစ်သွားမှာ လားဗျ၊
ဖြေ။ ။ မဖြစ်ပါ ဘုရား။ သို့သော်လည်း ပညတ် တရားတွေလို ဒြပ် -၀တ္ထု ပုံသဏ္ဍာန်နှင့် လက်ဆုပ်လက်ကိုင် မပြနိုင်ပါ၊ ရုပ် နာမ် တို့၏ ဖြစ် ချုပ် မရှိပဲ ငြိမ်းအေးသွားတာကို နိဗ္ဗာန် လို့ ခေါ်တာပဲ ဘုရား။

ဖက်ပင်အိုင်။ ။ ဥာဏ် ဆယ်ပါး ပွားများတာ ပြောစမ်းပါဗျာ။
ဖြေ။ ။ ( ဥပမာ ) ယောဂီ ပုဂ္ဂိုလ် တစ်ယောက်သည် အာနာပါန ရှု့ရင်း သမာဓိ တက်လာသောအခါ မိမိကိုယ်ပေါ်မှာ ဝေဒနာကို သတိထားမိပါရော ဘုရား။ အဲဒါ ပထမတော့ သညာအားဖြင့် ဝေဒနာပေါ်ပြီးနောက် ဖြစ် ပျက်ခြင်း ဓမ္မကို ဟုတ်တိုင်းမှန်စွာ မြင်ပါရော၊ ဒါနဲပ ကြောက်ခြင်း ရွံရှာခြင်း ဖြစ်ပါရော ဘုရား။

ဖက်ပင်အိုင်။ ။ ဥာဏ်ဆယ်ပါးဟာ တစ်ခုစီ ပွားရမည် မဟုတ်လားဗျ၊
ဖြေ။ ။ တစ်ခုစီ ပွားတာက ကိုယ့် အပေါ် မူတည်ပါတယ် ဘုရား။

ဖက်ပင်အိုင်။ ။တစ်ခုစီ မပွားလျင် ဘယ့်နှယ် လုပ်မှာ တုန်းဗျ။
ဖြေ။ ။ သမ္မသန ဥာဏ် သုံးသပ်ရုံမျှနှင့် ဖြစ်ပျက်ခြင်း ကြောက်ခြင်း ရွံ့ရှာခြင်းစသည် အစဉ်လိုက် ဖြစ်ပါရော ဘုရား။

ဖက်ပင်အိုင်။ ။ အင်း ဒီဟာက သမ္မသန ဥာဏ်၊ သုံးသပ်လိုက်တော့ ဖြစ်ပျက်တာက ဥဒယဗ္ဗယ ဥာဏ်၊ ပျက်တာက ဘင်္ဂဥာဏ်၊ ကြောက်တာက ဘယဥာဏ်၊ ရွံတာက အာဒီန၀ ဥာဏ်၊ အင်း ဟုတ်ပေတယ်ဗျ ဟုတ်ပေတယ်၊
ဖက်ပင်အိုင်။ ။ ဦးက၀ိ ရဲ့ ၊ လောကမှာ သောတာပန် သကဒါဂါမ် အနာဂါမ် ရဟန္တာလို့ ရှိကြ မဟုတ်လား။
ရှိပါရဲ့ ဘုရား။
ဖက်ပင်အိုင်၊ ။ အဲဒီ ပုဂ္ဂိုလ်များဟာ အစဉ်အတိုင်း တောက်လျောက် သောတာပန် မှ ရဟန္တာ ထိ တက်သွားကြသလား။
ဖြေ။ ။ မတက်ပါ ဘုရား။

ဖက်ပင်အိုင်။ ။ ဒါဖြင့် ဘယ်လို တက်ရတုံးဗျ ၊ တက်ပုံ့ ပြောစမ်းပါအုံး။
ဖြေ။ ။ ယောဂီသည် သမ္မသန ဥာဏ်ကို သုံးသပ်၍ ဥာဏ်ဆယ်ပါး တောက်လျောက် ကုန်သွားသောအခါ ထိုယောဂီကို ပညတ်အားဖြင့် သောတာပန် လို့ ခေါ်ကြပါတယ် ဘုရား။
ပြီးနောက် သမ္မသနဥာဏ် သုံးသပ်အုံး၊ ဥာဏ်ဆယ်ပါး ကုန်ပြန်က သကဒါဂါမ်လို့ ခေါ်ကြပါတယ် ဘုရား၊ ဤကဲ့သို့ လေးကြိမ်တက်က ရဟန္တာလို့ ခေါ်ကြပါတယ်
ဘုရား၊

( အရိယာတို့ မည်သည် မိမိ သိရှိထားသော တရားထူးကို သူတပါးတို့ မေးသော်လည်း ဥပါယ်တံမျဉ် ဖြင့်သာ ဖြေဆိုကြလေ့ ရှိသည်၊ ငါ တရားထူး ရပြီ ဟု တိုက်ရိုက် ပြောဆိုလေ့ မရှိပေ၊ )

ဤနေရာ၌ စွန်းလွန်းဆရာတော်သည် မိမိ ခံစားဖူးသော မဂ်ဖိုလ်အကြောင်း နိဗ္ဗာန်အကြောင်းကို တိုက်ရိုက် မဖြေဆိုပဲ ယောဂီတစ်ယောက်အနေဖြင့် ဖြေဆိုခဲ့ခြင်း ဖြစ်ပေသည်၊ ဤကား ဖက်ပင်အိုင် ဆရာတော်နှင့် ပထမအကြိမ် တွေ့ဆုံ ခြင်းတည်း၊ ၁၂၉၀ ပြည့်နှစ် ဒုတိယအကြိမ်တွင် ဖက်ပင်အိုင် ဆရာတော်က တရားထူးရရှိခြင်းနှင့်ပက်သက် ၍ အားမနာတမ်း မေးမြန်းစိစစ်ပုံများကို တင်ပြသွားပါမည်။ ။



Read more...

အဘိဓမ္မာတရားတော်(သို့မဟုတ်)အမေ့ကျေးဇူး၊ အထူးဆပ်ခြင်း


မေမေချစ်သော သားသား နဲ့ မီးမီးရေ----

မကြာခင် ဝါလကင်းလွတ်ပြီး သီတင်းကျွတ် တော့မယ်နော်။ သီတင်းကျွတ်လပြည့်နေ့ က တော့  အဘိဓမ္မာ အခါတော် နေ့ လို့သတ်မှတ် ထား ကြ တာ ကလေး တို့သိပြီး သားဆိုတာ မေမေ ယုံကြည်နေပါတယ်။

ဓမ္မစင်္ကြာ တရားတော် ဟောကြားစဉ် ကတော့ ရိုးစင်းမှု ၊ ငြိမ်းအေး မှု ၊တောတောင်ရိပ်ရဲ့ အေးမြမှု၊ နေဝင်ချိန်လေးရဲ့ ငြိမ်း ချမ်းမှု ကိုမေမေ ပြောပြခဲ့ ဘူးပါတယ်။ အခု အဘိဓမ္မာ တရားကတော့ မေမေ တို့ ကျေးဇူးတော်ရှင် မြတ်စွာဘုရားရဲ့ အတုမရှိ တဲ့ သဗ္ဗညုတ-ဉာဏ်တော်၊ ဘုန်းတန်ခိုးတော်အစုံစုံ၊ ဂုဏ်တော် အနန္တ တို့နဲ့ အတူ သိုက်သိုက် မြိုက်မြိုက် ခမ်းခမ်းနားနား နဲ့ ဆန်းပြားကြီးကျယ် ၊ အလွန့်အလွန် ကြည်ညို ဘွယ် ရာ အာရုံ ကို ထင်ဟပ်ပေါ်လွင်စေတာမို့ မေမေ ပြောပြချင် နေမိပါတယ်။


ကလေးတို့ရေ-----အဘိဓမ္မာဆိုတာ၊ အလွန်သိမ်မွေ့ နူးညံ့သော ဓမ္မ၊ အလွန်နက်နဲ ခက်ခဲသော ဓမ္မ၊ အလွန်ကျယ်ပြန့်သော ဓမ္မ၊ အလွန်ထူးကဲသော ဓမ္မ၊ ဖြစ်ပါတယ်။ အင်္ဂလိပ် လိုတော့ Highest Doctrine ပေါ့။ မေမေတို့ကျေးဇူးတော်ရှင် မြတ်စွာဘုရား ၄၅-ဝါကာလ ပတ်လုံး ဟောကြားတော်မူခဲ့တဲ ဗုဒ္ဓဝစန တွေကို ပိဋက အားဖြင့်ပိုင်းခြား လိုက်တဲ့အခါ ဝိနယ ပိဋက၊သုတ္တန္တ ပိဋက ၊ အဘိဓမ္မာ ပိဋက ရယ်လို့ ပိဋကသုံးပုံရှိတာပေါ့။ ဓမ္မက္ခန္ဓာ အားဖြင့် ဆိုလျင် ဝိနယပိဋက မှာ ၂၁၀၀၀၊ သုတ္တန္တ ပိဋက မှာ ၂၁၀၀၀၊ အဘိဓမ္မာ ပိဋက မှာ ကတော့ ဓမ္မက္ခန္ဓာ ပေါင်း ၄၂၀၀၀ ပါဝင်နေပါတယ်။ သာလွန်ထူးခြားတဲ့ တရားဖြစ်တာမို့ အဘိဓမ္မ (ဓမ္မထူး-ဓမ္မလွန်)လို့ခေါ်တာပေါ့။


ဓမ္မ-ဟူသည် အရှိတရား၊ အမှန်တရား၊ ကြောင်းကျိုးဆက် တရား၊ သဘာဝတရား၊ ပကတိ တရား၊ ဉေယျတရား၊ နိဿတ္တတရား၊ နိယာမတရား၊ ပရမတ္ထတရား၊ သစ္စာတရား တို့ဖြစ် ပါ တယ်။ အလွန့်အလွန် သိမ်မွေ့နူးညံ့သော၊ ခက်ခဲ---နက်နဲသော၊ ထူးကဲ ဆန်းကျယ်သော၊ သတ္တ၊ အတ္တမဟုတ်သော၊ ပင်ကိုယ်သဘာဝ အားဖြင့် အရှိအမှန်ဖြစ်သော၊ သိအပ်သော ထို အဘိ ဓမ္မာ တရားဖြစ်နေတာကိုး ကလေးတို့ရေ..။

တာဝတိံသာနတ်ပြည်မှာ မယ်တော် ဖြစ်ခဲ့ဘူးတဲ့ သီရိမဟာ မာယာဒေဝီ ဟာ သန္တုဿိတ နတ်သားဖြစ်လို့နေခဲ့တယ်။ ကျေးဇူးတော်ရှင် မြတ်စွာဘုရား ကိုမွေးဖွားပြီး ၇-ရက်မှာ နတ်ရွာစံ သွားခဲ့တာပါ။ သူသူ ကိုယ် ကိုယ်ပေါ့နော်..။ကျေးဇူး ရှိတဲ့ သူတွေကို ကျေးဇူးဆပ် ရင် အမွန်မြတ်ဆုံး ၊ အဘိုးအတန် ဆုံး အရာတွေနဲ့သာ ဆပ်ကြတာပဲ မဟုတ်လား။ မေမေတို့ရဲ့ ကျေးဇူးတော် ရှင် မြတ်စွာဘုရား က သုံးလောကထွဋ်ထား ဆိုတော့ ကျေးဇူးဆပ် တဲ့ အရာ ဟာ အသာလွန်ဆုံး ၊ အမွန်မြတ်ဆုံး ၊အထူးကဲဆုံးအဘိဓမ္မာတရားဖြစ်နေတာ အမှန်ကန်ဆုံးရွေးချယ် မှုပေါ့ ကလေးတို့ရေ..။ (အမေ့ကျေးဇူးဆပ်တရား) ဆိုရင် လည်းမမှားနိုင်ဘူးပေါ့။


တာဝတိံသာနတ်ပြည်မှာ ဟောကြားခဲ့တာကို သေသေချာချာ ဆန်းစစ် ရေတွက်ကြည့်ရရင်တော့ သည် အချက် တွေကိုလည်း တွေ့ရှိမှတ်သား စေချင်ပါတယ်။

၁။ မယ်တော်ကိုကျေးဇူးဆပ်လိုခြင်း။

၂။ မိဘကျေးဇူးကိုသတ္တဝါတို့နားလည်စေလိုခြင်း။

၃။ အဘိဓမ္မာတရားကို အစအဆုံး တစ်ထိုင်တည်းဟောကြား လိုခြင်း။

၎။ အစအဆုံး တစ်ထိုင်တည်းဟော မှသာ နာကြားရသောတရားနာသူများ အကျိုးထူးရရှိနိုင်ခြင်း။

၅။ အဘိဓမ္မာ ဒေသနာတော် ၏ ကျယ်ဝန်း နက်နဲမှုကို သိစေလိုခြင်း။

၆။ လူတို့၏ အရေ အတွက်ဖြင့်သုံးလခန့် ကြာအောင်ဟောကြားမှ ကုန်နိုင်မည့်အဘိဓမ္မာတရားကို လူတို့၏ ဣရိယာပုတ် နှင့် ဟောသူရော နာသူပါ အစအဆုံး မနေနိုင်ခြင်းစသော အကြောင်းရင်းများကြောင့် အဘိဓမ္မာတရားတော်ကို လူ့ပြည်မှာ မဟော ကြားခဲ့တာပါ။


အဘိဓမ္မာ တရား သည် အလွန်တရာ ခက်ခဲ နက်နဲ လှ သော ဓမ္မ-ကို စိတ်အစဉ်၌ အာရုံနှင့် နီဝရဏ ကြားဝင်မခုဘဲ တစ်ဆက်တည်း မရပ်မနား တောက်လျှောက် ဧကာသန၊ ဧက၀ါရ ၊ နာကြားနိုင်မှ တတ်သိနားလည်နိုင်မှာဖြစ်တာလည်း ပါဝင်နေတာပေါ့လေ။မေမေတို့ရဲ့ လူတို့ ဌာနေမှာတော့ စားရေး၊ အိပ်ရေး၊ ကိုယ်လက်သန့်ရှင်းရေး စသည့် အနှောင့် အယှက်များသည် အလုပ်တိုင်းမှာ ဝင်ရောက် ဟန့်တားလေ့ရှိပါတယ်။ အလုပ်တခု မှာ စိတ် ကူး၊ စူးစိုက်နေခိုက် ကိုယ်ခန္ဓာ ပင်ပန်းခြင်း၊ အလေးအပေါ့သွားလိုခြင်း၊ အစာရေစာ ဆာလောင်ခြင်း စသည်တို့က ဝင်ရောက် နှောင့်ယှက်လာတဲ့အတွက် အလုပ်မှာ စူးစိုက်ထား တဲ့ သမာဓိ ဟာ ပျက်စီးရပါတော့တယ်။ ဒါကြောင့် မို့လို့ ပြတ်တောင်း၊ ပြတ်တောင်း အကြိမ် ပေါင်းများစွာ ဟောကြားရမယ်ဆိုလျှင် ထိုမျှနက်နဲသည့် အဘိဓမ္မာ-သည် လူတို့ပြည်၌ အရာ ထင်၍ ကျန်ခဲ့မှာ မဟုတ်တာ အမှန်ပါပဲ။


နတ်တို့ ဌာနေမှာကား အချိန် ကွာခြားချက်ကလည်း ဝေးလွန်းလှပါတယ်နော်။ လူ့ပြည်မှာ နှစ်တရာ၊ တာဝတိံသာနတ်ပြည်မှာ တစ်ရက် သာရှိပေတာပဲ။ ဒါကြောင့် စားချိန်၊ အိပ်ချိန်တို့မှာ ကျဲလွန်းလှ ပါ တယ်။ ကျင်ကြီးကျင်ငယ် စွန့်ရခြင်း၊ ညောင်းညာ ပင်ပန်းခြင်းလည်း မရှိတဲ့ ထိုနတ်များ မှာ ၁၅-မိနစ် (သူတို့အချိန်ဖြင့်) ခန့်မျှသာရှိမဲ့ ထို အဘိဓမ္မာ တရားပွဲကို တစ်ဆက် တည်း၊ တစ်ထိုင်တည်း၊ တစ်စိတ်တည်း၊ တစ်ဝီထိတည်း နာကြားရခွင့် ခဲ့ကြပါတယ်။

ဟောကြားတဲ့နေရာ က နတ်ပြည် ဖြစ်ပေမဲ့လို့ စတင် ပေါ်ထွန်းခဲ့တဲ့အချိန် ကတော့ လူ့ပြည် မှာဖြစ်ပါတယ် ကလေးတို့ရေ..။ ကျေးဇူးတော်ရှင် မြတ်စွာဘုရား ဟာ- မဟာ သက္ကရာဇ် ၁၀၃ ခုနှစ်- ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့မှာ ၊ဖွားဘက်တော် ဗောဓိ ညောင်ပင် ရဲ့ ခြေရင်း က အပရာဇိတ ပလ္လင်တော် ထက်ဝယ် ဘုရားအဖြစ် ရောက်ရှိတော် မူခဲ့ပါတယ်။

ဘုရားအဖြစ်သို့ ရောက်တော်မူပြီး သတ္တ သတ္တာဟ ဆိုပြီး ၇- ရက် ၇လီ ၇ ဋ္ဌာန သီတင်းသုံးတော်မူ ပါတယ်။ ပထမဆုံး သတ္တာဟဖြစ်တဲ့ ပလ္လင်္က သတ္တာဟ အထက်မှာ (ကဆုန် လပြည့်ကျော်၁ရက် မှ ၇-ရက်နေ့ထိ) သီတင်းသုံး တော်မူပါတယ်။ ဒုတိယစံတော်မူတဲ့နေရာကတော့ ဗောဓိပင်ရဲ့ အရှေ့မြောက်ယွန်းယွန်း ၁၄လံ အကွာမှာ မတ်မတ် ရပ်ပြီး ဗောဓိပင်နဲ့ရွှေ ပလ္လင်ကိုကျေးဇူးဆပ်တဲ့ အနေနဲ့ မမှိတ်သော မျက်စိနဲ့ စိမ်းစိမ်း ကြည့်တော် မူပါတယ်။(ကဆုန်လပြည့်ကျော် ၈ရက် ကနေ ၁၄ရက်ထိ)စံတော်မူတာကတော့ အနိမိသ သတ္တာဟ ဖြစ်ပါတယ်။ နံပါတ်(၃) သတ္တာဟ ဖြစ်တဲ့ စင်္ကမ သတ္တာဟ မှာ တော့ ပထမ နဲ့ ဒုတိ ယရဲ့ ကြားမှာ နတ်ဗြဟ္မာတွေ ဖန်ဆင်းထားအပ်သော အရှေ့အနောက် သွယ်တန်းထားတဲ့ ရတနာ စင်္ကြန်တော် မှာ (ကဆုန်လ ကွယ် မှ နေ နယုန်လဆန်း ၆ရက် နေ့အထိ) စင်္ကြန် လျှောက် တော် မူပါ တယ်။

နံပါတ်(၄) သတ္တာဟ ကတော့ ရတနာဃရ သတ္တာဟဖြစ်ပါတယ်။ ဗောဓိပင်၊ရွှေ ပလ္လင် ကနေ အနောက်မြောက်ဒေါင့် ၊အတောင်လေးဆယ်(ဆယ်လံ) ကွာတဲ့အရပ်မှာ နတ်ဗြဟ္မာတွေ ဖန်ဆင်း ထားတဲ့ ----ရတနာမျိုးစုံ စီချယ်ထားတဲ့ ရတနာဃရ ရွှေအိမ်တော်မှာ ထက်ဝယ် ဖွဲ့ခွေ ထိုင်နေရင်း၊ တရားတော်တွေကို ကွန့်မြူးကျက်စား၊ ဆင်ခြင် သုံးသပ်တော်မူပါတယ်။ မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ နယုန်လဆန်း ၇ ရက်ကနေ ၁၃-ရက်နေ့အထိ(၇) ရက် လုံးလုံး …မထသော ထိုင်နေခြင်း ဖြင့်ထိုင်ရင်း။ခန္ဓာ နဲ့ ဖြစ်ပျက်နေတဲ့ သဘောတရားတွေကို သဗ္ဗညုရွှေဉာဏ်တော် ကြီးနဲ့ ဆင်ခြင်သုံးသပ် တော် မူပါတယ်။

ဒါကြောင့်လည်း (အဘိဓမ္မာ အစ-ရတနာဃရ ရွှေအိမ်က) လို့မှတ်သားနိုင်ပါတယ် ကလေးတို့ရေ..။ နောင် အချိန်မှာ အဘိဓမ္မာ ခု နှစ်ကျမ်း(ဓမ္မသိင်္ဂဏီကျမ်း၊ဝိဘင်းကျမ်း၊ ကထာဝတ္ထုကျမ်း၊ ပုဂ္ဂ လပညတ်ကျမ်း၊ ယမိုက်ကျမ်း၊ ပဋ္ဌာန်း ကျမ်း) ရယ်လို့ဖြစ်လာမဲ့ တရား တော် တွေ၊ ခန္ဓာမှာ ဖြစ်ပျက်နေတဲ့ တရားတွေ ကို (သိရန်မှန်က၊ မကျန်ရအောင်၊ လုံးဝစုံ လင်၊ အကုန်မြင် ၊ သဗ္ဗင်ဉာဏ်တော် အစွမ်းတည်း) ဆို တဲ့အတိုင်းသိသင့် သိထိုက်တဲ့ တရားတော် ကို အကုန် သိမြင်နိုင်တဲ့ ဉာဏ်တော်ကြီး၊ အလွန်တရာ ကြီးကျယ် ပြန့်ပြောတဲ့ ဉာဏ်တော်ကြီး နဲ့ အစဉ်အတိုင်း ဆင်ခြင်တော်မူပါတယ်။

၆ ကျမ်းမြောက် ယမိုက် ကျမ်းလည်း ပြီးသွားလို့ ပဋ္ဌာန်းကျမ်းကို ဆင်ခြင်တော်မူတဲ့အခါ စိတ်တော် ကလည်း အင်မတန် ကြည်လင်ပြီး စိတ်တို့ရဲ့ မှီရာ သွေးတော် တွေကလည်း အင်မတန် ကြည်လင်လာတဲ့အတွက် အသားတော် အရေတော် ကြည်လင်လာတယ်။ သဗ္ဗညု တဉာဏ်တော် ကြီး က နဲ့ မီးမောင်းထိုးပြ လိုက်သလိုဖြစ်နေတာ ကိုး။ စိတ်တော် အင်မတန် ကြည်လို့ ၊ငြိမ်းအေးမှုတွေလည်းဖြစ်လာလိုက်တာ။ စိတ်တို့ရဲ့ တည်မှီရာ၊ဟဒယ ဝတ္ထုဆိုတဲ့ နှလုံး အာကြည်ရုပ်ကလည်း ကတဆင့် အသွေးအသားတွေ ဆီ ကူးစက်ပြီးသွေးတော်တွေ ကလည်းကြည်လင်မှု ဖြစ်လာလို့ အသားတော် ၊ အရေတော် ခန္ဓာ တော် ၊ အစိတ်စိတ် ကနေ ကြည်လင်လွန်း အားကြီးလို့ အရောင်တွေ တစ်လက်လက် ထွက်လာ ပြီး ရောင်ခြည်တော် ၆သွယ် ကွန့်မြူးလာပါတယ်။တစ်ခဲနက်ဖြစ်ပေါ်လာတာ အလွန် အကျူး အထူးသပ္ပါယ်တော်မူ သော ဘုရားရှင်ပါ။ -မျက်ခုံးတော်ကနေ နီလဆိုတဲ့ စိမ်းညိုသောအရောင်။
-မြတ်စွာ ဘုရားရဲ့ အသားတော် အရေတော် ကနေ ဝါဝင်းသော ရောင်ခြည်တော်၊ ပီတဆိုသော-ရွှေသော ရောင်ခြည်တော် ။
-နှုတ်ခမ်းတော်၊လျှာတော်၊ သွေးတော်တွေ မှ လောဟိတ ခေါ် နီရဲ သောရောင်ခြည်တော် ထွက်ပေါ်လာပါတယ် ။ -သွားတော်၊ အရိုးတော် ၊ မျက်ဆံတော် မှ ဖြူသော သြဒါတ ရောင်ခြည်တော် ရောင်ခြည် တော်တွေထွက်လာပါတယ်။ ညိုရွှေနီဖြူ-လို့ လွယ်လွယ်မှတ်ပါ ကလေးရေ..။
မြတ်စွာဘုရားရဲ့ ခန္ဓာကိုယ် အစိတ်စိတ်မှ ညိုမောင်းသောရောင်ခြည်တော် ၊ မဉ္ဇိဋ္ဌ ရောင်ခြည် ထွက်လာပါတယ်။ သပြေသီးမှည့်ရောင် လို မျိုးပေါ့။

သည်ရောင်ခြည်တွေအကုန်ပေါင်းယှက်ပြီး၊ နဝရတ် မျိုးစုံကြဲဖြန့်တဲ့အရောင်၊ပြိုးပြိုးပြက်ပြက် သောအရောင်တွေထွက်လာပါတယ်။အဲဒါကတော့ ပဘဿရ ရောင်ခြည်တော် ပေါ့နော်။

ရောင်ခြည်တော် ခြောက်သွယ် တို့သည် အနန္တ စကြာဝဠာ တိုင် အောင်ပြန့်နှံ့ သွားပြီးတော့ နေအရောင်၊ လအရောင်၊ ဗြဟ္မာ နတ်တို့ရဲ့ အရောင်ကို လွှမ်းဖုံးသွားတော့ ၊ နတ် ဗြဟ္မာ တွေက အားလုံးကအာရုံ စိုက်ပြီး ဘုရား အဖြစ်ကိုရောက်တော် မူပြီဆိုတာ သိလာကြတာ ပေါ့နော်။ အင်မတန် ကြီးမားတဲ့ ဉာဏ်တော်ကြီးရသွားတယ် ဆိုတာ မသိကြဘူး။ ဘုရားအဖြစ်သို့ ရောက်တော် မူပြီး စတုတ္ထသတ္တာဟ ရောက်တဲ့အထိ အဘိဓမ္မာတရားကို ဘယ်သူ့ကို မှ မဟောရသေး ပါ ကလေးတို့ရေ..။ သဗ္ဗညုတ ရွှေ ဉာဏ်တော် နဲ့ သာသိ နေဆဲပါ။
စတင်သိတဲ့အချိန်မှာ ထူးပြားဆန်း ကျယ်ခဲ့ သလို အမေ့ကျေးဇူး ဆပ်ခရီး ကလည်း အံချီးဖွယ် အစုံစုံ၊ ဂုဏ်ပေါင်းစု နေခဲ့တာပါ။ တကယ် ဟော ကြားဖြစ်တဲ့ အချိန်ကတော့ ဘုရားဖြစ်ပြီး နောက် ၇-ဝါမြောက် အခါ ကာလ သမယ- မဟာသက္က ရာဇ်-၁၀၉ ခုနှစ်မှာဖြစ်ပါတယ်။ သာာဝတ္ထိနေပြည်တော်မှာ အယူဝါဒ လွဲနေတဲ့ တိတ္ထိတွေကိုနှိမ်နင်းတော်မူဘို့အတွက် ၊ သရက်ဖြူ ပင်ရင်းမှာ တန်ခိုးတော် တွေ ဆန်းဆန်းကြယ် ကြယ် ၊ ရေမီး အစုံစုံနဲ့ ယမက ပြာဋိဟာ ပြတော်မူပါတယ်။
အဲဒီ တန်ခိုး နဲ့ ပဲ သာဝတ္ထိ ပြည် ကနေ တာဝတိံသာနတ်ပြည် ကို ကြွချီတော်မူပါတယ်။ တာဝတိံသာနတ်ပြည် ဆိုတာက ယူဇနာ ၈သောင်းလေးထောင် အမြင့်ဆောင်တဲ့ မြင်းမိုရ် တောင်ထိပ်မှာရှိတာ မဟုတ်လား။ တစ်ယူဇနာ ကို ၁၂.ရ၂ မိုင်ရှိတာဆိုတော့ အကွာအဝေးကို မှန်းဆသာ ကြည့်ပါတော့နော်။ မြင်းမိုရ်တောင်ကို သမုဒ္ဒရာ လေးစင်း ၊တောင်စဉ်ခုနှစ်ထပ် ဝန်း ရံပြီး တည်ရှိကြ တယ်။ မြင်းမိုရ်တောင်ရဲ့ တစ်ဝက် အမြင့်ရှိတဲ့ ယုဂန္ဓိုတောင် ဆိုတာ က ဝန်းရံထားတဲ့ တောင်စဉ် ခုနှစ်ထပ်မှာ ပါဝင်ပါတယ်။

တာဝတိံ သာ ကို ကြွချီတော်တဲ့အခါ ရတနာစင်္ကြံမှာ ခြေ တစ်ဖဝါး ချပါတယ်။ လက်ယာခြေတော် လှမ်းတော် မူ၍ ယုဂန္ဓိုတောင်ထိပ်မှာ တစ်ဖဝါး ချတော် မူပါတယ်။ မြင့်မိုရ်တောင် ထိပ်ကို တစ် ဖဝါးချတော်မူပါတယ်။ တန်ခိုးတော် နဲ့သွားလို့ စုစုပေါင်း နှစ်လှမ်း၊သုံးဖဝါး နဲ့ ကြွချီတော် မူခဲ့တာပါ။ တာဝတိံသာနတ်ပြည် ရောက်တဲ့အခါ ပင်လယ်ကသစ်ပင် ခြေရင်းမှာ ခင်းထားတဲ့ ပဏ္ဍုကမ္ဗလာ မြကျောက်ဖြာ ပေါ်ဝယ် သီတင်းသုံးလို့ အမေ့ကျေးဇူးဆပ်တရား- အဘိဓမ္မာ တရား မြတ်ဒေသနာကို (မဟာသက္ကရာဇ် ၁၀၉ ခုနှစ်-ဝါဆိုလပြည့်ကျော် တစ်ရက် နေ့မှ သီတင်းကျွတ်လပြည့်နေ့ထိ ) အသံမစဲဟောကြားတော်မူ လိုက်တာ မြင်ယောင်ရင်းမေမေဖြင့် သဒ္ဓါပီတိတွေ နှလုံးအိမ်မှာ ယိုစိမ့်လာလိုက်တာ ကလေးတို့ရေ။ ဖော်ပြနိုင်စွမ်းမရှိ တော့ပါ။(Beyond Expression ပေါ့နော်)။

ဟောကြားချိန်ဟာ လူ့သက်တမ်းနဲ့တွက်တော့သာ ရက်ပေါင်း ကိုးဆယ်၊ နတ်သက်တမ်း နဲ့ကတော့ ၁၅မိနစ် လောက်သာရှိပေတာကိုး။ မြတ်စွာဘုရားကလူသားပါ။လူသားဣရိယာပုတ်နဲ့ လူသားတို့ရဲ့ အချိန်အတိုင်း ဘုဉ်းပေးသုံးဆောင်၊ အနားယူတော်မူမှသာခန္ဓာကိုယ် မျှတတော်မူပါတယ် ။ဒါကြောင့် အနားယူရမယ်။နေ့သန့်စင်တော် မူရမယ်။ ရေချိုး သုံးသပ်ရမဲ့ အချိန်ရှိတယ်။ကျင်ကြီးကျင်ငယ် စွန့်ရမဲ့အချိန်ရှိတယ်။ အဲဒါကြောင့် နေ့စဉ် နံနက် ၉နာရီ ရောက်တိုင်း အသွင်တူ၊အသံတူ တဲ့ နိမ္မိတ ရုပ်ပွားတော် တစ်ဆူ ၊ ဖန်ဆင်းတော်မူပါတယ်။ (ဤနေရာ မှ ဤနေရာထိ၊ ဤနည်းဖြင့်ဟောကြားတော်မူစေ သတည်း) လို့ အဓိဋ္ဌာန်ပြုပြီး၊သပိတ်သင်္ကန်းယူဆောင်လို့ ဟိမဝန္တာ၊အနောတတ် ရေအိုင်ကိုကြွချီရေချိုးသန့်စင် တော်မူပါတယ်။ ဥတ္တရဂုရု၊ မြောက်ကျွန်း မှာဆွမ်းခံကြွတော် မူပါတယ်။အနောတတ်ရေအိုင် ဆိပ်ကမ်းသာမှာ အေးချမ်းစွာ ဆွမ်းဘုဉ်း ပေးတော်မ်ူပြီး စန္ဒကူးတော ကိုလာပြီး နေ့သန့်စင်(အနားယူ)တော်မူပါတယ်။

အဲဒီအခါမှာ လက်ယာတော်ရံ ပညာ အရာ ဧတဒဂ်ရတဲ့ ရှင်သာရိပုတ္တရာမထေရ် ကြီး ကစန္ဒကူးတော ကိုလာပြီး ခြေဆုပ်လက်နယ်ပြုတော်မူပါတယ်။ လူ့ပြည် မှာ ဘုရားရှင်က ချစ်သားသာရိပုတ္တရာ…ငါဘုရားသည် တာဝတိံသာ နတ်ပြည်မှာအဘိဓမ္မာတရားကို ဟောခဲ့ ပြီးပြီ လို့ပြောတော်မူပါတယ်။ အကျဉ်း ခေါင်းစဉ် လောက်ပဲပြန်ပြော လိုက်တာပါ။

ဒါပေမဲ့ အရှင်သာရိပုတ္တရာ ဉာဏ် အင်မတန်ကြီးတယ် ဆိုတော့ ကျလာတဲ့ မိုးစက် မိုးပေါက်တွေကိုရေတွက်နိုင်တဲ့ သမာဓိအားကြီး ဉာဏ်အားကြီးတဲ့ မထေရ်မြတ်ကြီး ဆိုတော့ အကျဉ်း မျှနဲ့ ပဲ နားလည် သွားပါတယ်။ အရှင်သာရိပုတ္တရာကလည်း တပည့်ရင်း ရဟန်း (၅၀၀)ကို (ဘုရားရှင်-တန်ခိုးပြတဲ့ဝါဆို လဲပြည့်မှာပဲ မြတ်စွာဘုရားရဲ့ တန်ခိုးကို ကြည့်ညိုပြီး ရဟန်းပြုခဲ့တဲ့ အမျိုးကောင်းသား ၅၀၀ ရဟန်းဖြစ်စ ရဟန်းတွေပါ-ကဿပ ဘုရားရှင်လက်ထက် က လင်းနို့သား-၅၀၀ဖြစ်ခဲ့ဘူးပါတယ်) မြတ်စွာဘုရားဟော ကြားတော်မူအပ်သော အဘိဓမ္မာတရားတော်ကို မကျဉ်းမကျယ် ပြန်ဟော ပါတယ်။ အဘိဓမ္မာတရားတော် သည် နည်းသုံးနည်းနဲ့ လူ့ပြည် နတ်ပြည်မှာ တပြိုင်နက်ပေါ်ထွန်းခဲ့ တယ်လို့ အာရုံပြုထားပေးပါ ကလေးတို့ရေ..။ ၁။တာဝတိံနတ်ပြည်မှာ အကျယ်ဆုံးနည်း(ဝိတ္ထာရနယ- အကျယ်နည်း)

၂။လူ့ပြည်မှာ အကျဉ်းဆုံးနည်း (သင်္ခေပနယ-အကျဉ်းဆုံးနည်း)

၃။လူ့ပြည်မှာ မကျဉ်းမကျယ် နည်း(နာတိ ဝိတ္ထာရ- နေတိသင်္ခေပနယ နည်း) တို့ဖြစ်ပါတယ်။

ဟောကြားခဲ့တဲ့ ရက်တွေ တွက်ကြည့်ရင် တော့ …

၁။ ဓမ္မသင်္ဂင်္ ဏီကျမ်း---၁၂ ရက်

၂။ ဝိဘင်းကျမ်း---၁၂ ရက်

၃။ ဓာတုကထာ-ကျမ်း---၆ ရက်

၎။ ပုဂ္ဂလပညတကျမ်း---၇ ရက်

၅။ ကထာဝတ္ထုကျမ်း--၈ ရက်

၆။ ယမိုက်ကျမ်း---၂၀ ရက်

၇။ ပဋ္ဌာန်းကျမ်း---၂၅ ရက် ဟောကြားရပါတယ်။
တရားတော် အဆုံးမှာ မိခင် သန္တုဿိတ နတ်သား ဟာ သောတာပန် တည်ခဲ့ပါတယ်။ စကြာဝဠာ တိုက်တစ်သောင်း အပေါင်း မှ သောင်းသောင်းဖြဖြ တရားနယူကြတဲ့ နတ်ဗြဟ္မာ အပေါင်း ကုဋေ-၈သောင်းတိတိ ကျွတ်တန်းဝင်ခဲ့ ပါတယ်။ လူ့ပြည်မှာနာယူရတဲ့ က ရဟန်း ၅၀၀ ကတော့ ရဟန္တာ အဖြစ်သို့ရောက် ရှိခဲ့ပါတယ်။ တစ်ချိန်တည်း ၊ တပြိုင်တည်း ဖြစ်ခဲ့တာပါနော်။
ရက်ပေါင်း ၉၀ ပြည့်လို့ သီတင်းကျွတ်လပြည့်နေ့  ရောက်သောအခါ ဘုရားရှင် သည် နတ်ဗြဟ္မာ အပေါင်းခြံရံကာ ရွှေစောင်းတန်း ၊ ငွေစောင်းတန်း ၊ပတ္တမြားစောင်းတန်း များဖြင့် စီချယ် အပ်သော ရတနာ စောင်းတန်းဖြင့် လူ့ပြည်ဖြစ်တဲ့ သင်္ကဿနဂိုရ် ပြည်သို ပြန်လည်ဆင်းသက်ကြွမြန်း တော်မူခဲ့ပါတော့တယ်။ လူကော နတ်ပါ အချင်းချင်းမြင်နေရ တာ ကြည်ညိုဘွယ် ကောင်းလွန်းလို့ ဘုရားဆုမပန် မိတဲ့လူ မရှိကြပါဘူးတဲ့။

သည် အဘိဓမ္မာဟောကြားတော် မူခဲ့ပုံလေး ကို တိတိကျကျ ပုံဖော် မှန်းဆရင်း မနက်ဖြန်မှာ ကျရောက်မဲ့ အဘိဓမ္မာ အခါတော်နေ့မှာ ကျေးဇူးတော်ရှင်မြတ်စွာဘုရားရဲ့ဂုဏ်တော် အနန္တ ကို ရိုသေလေးမြတ်စွာ ညွတ်နူး ပူဇော်ကြရအောင်နော်။ ကျေးဇူးရှိသူများကိုလည်း အကောင်းဆုံး ဓမ္မ ဖြင့်ကျေးဇူးဆပ်နိုင်အောင် ကြိုးစားကြ မယ်လို့ သဘောပေါက် ခံယူလိုက်ပါလို့ မေမေ က ဓမ္မလက်ဆောင် ပေးပို့လိုက်ပါတယ် ချစ်သောကလေးတို့ရေ…။

ကျမ်းကိုး

၁။ အဘိဓမ္မာ နှင့် ဝိပဿနာ၊ ဒေါက်တာ ဉာဏိဿရ ( မြတ်မင်္ဂလာစာစောင်)
၂။ အဘိဓမ္မာ ပထမဆင့် မှတ်စု ၊ သဓမ္မဇောတိကဓဇ ဆရာမဒေါ်ခင်လှတင်
၃။ သဒ္ဓမ္မဇောတိကဓဇ ဆရာမဒေါ်ခင်လှတင် ၏ ပဋ္ဌာန်းကျင့်စဉ်သင်တန်း၊ တိတ်ခွေ အမှတ် ၁၊ ၂ (http://www.dhammadownload.com/)
(စာတမ်းများ ရှာဖွေ ပေးပို့ပါသော ဘုန်းဘုန်းဦးလောကနာထ-http://www.lknt.org/ နှင့် မင်္ဂလာသတင်းစဉ် http://mawluu.blogspot.com/ ဘလော့ ကို အထူး ကျေးဇူးတင်ပါကြောင်းမှတ်တမ်းတင်ဖေါ်ပြအပ်ပါသည်။)


Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP