*ကန္နီဆရာတော်ကြီး၏ တပည့် မြေဇင်းတောရ ဆရာတော်ကြီး၏ တရားရှုမှတ်ပုံ အကျဉ်းချုပ်-၂*
မနေ့က သမထပိုင်း ရှုမှတ်ပုံ အဆင့်ဆင့်ကို ပြောပြီး သွားပါပြီ၊ သတိ ရအောင် ပြန်ပြော ရရင် သမထကို အပိုင်း လေးပိုင်းနဲ့ သွားခဲ့ပါတယ်၊ သတိမြဲရာ ပထမာ ဆိုတဲ့ အတိုင်း ပထမဆုံး နှာသီးဖျား လေးမှာ မိမိရဲ့ သတိကို မြဲနေအောင် ကြိုးစား ရှုမှတ်ရ ပါတယ်၊ ဒီလို ရှုမှတ်ရင်း ၇ ရက် ၈ ရက် သို့မဟုတ် ၁၀ ရက်လောက် အားထုတ်ပြီး သွားလို့ သတိတွေ မြဲနေပြီဆိုရင် (သတိမြဲဆိုတာ ဆိုတာ --၀င်လေ ၀င်တိုင်း, ထွက်လေ ထွက်တိုင်း နှာသီးဖျားကို ထိထိပြီး ၀င် ထွက်တာကို တရစပ် သိနေတာကို ပြောတာပါ) သမထ ဒုတိယ အဆင့်ကို အားထုတ်ရ ပါတယ်။
ဒုမှာ တို ရှည် သိ ဆိုတဲ့အတိုင်း ကိုယ်ထိုင်နေတဲ့ ရှေ့တည့်တည့်ု၂ တောင် ၃ တောင် ကွာဝေးတဲ့ နံရံမှာ အမှတ် အသားလေး တစ်ခု ပြုပြီး ထွက်လေကို အဲဒီ အမှတ်အသားလေး အရောက် တွန်းပို့ရပါတယ် ပြီးရင် အဲဒီလေကို ၀င်လေနဲ့ ပြန်သိမ်းပါ ဒီလိုနည်းနဲ့ ၃ တောင်ကနေ အတောင် ၅၀ အတောင် ၅၀ ကနေ အတောင် ၁၀၀ စသည် ပို့လိုက် ယူလိုက် ပြုလုပ်ရပါတယ်။ ဒီနေရာမှာ တစ်ချက် သတိထားခဲ့ စေချင်တာက လေကို ပို့ ယူ လုပ်တဲ့အခါ နှာခေါင်းက အောက်ကို စိုက်နေတော့ အစပိုင်းမှာ ခက်ပါတယ်။
ဒါပေမယ့် စိတ်အလုပ် ဖြစ်တဲ့အတွက် ရောက်စေ ဆိုရင် ရောက်သွားပါတယ်။ ပြန်လာလို့ စိတ်က ညွတ်လိုက်ရင် ပြန်လာ ပါတယ် ဒါကတော့ မြေဇင်း ဆရာတော်တို့ နည်းပါ၊ မူရင်း ပါဠိတော် မှာတော့… ငါရဲ့ ထွက်လေကို ရှည်ရှည် ရှူမည်ဆိုပြီး ရှည်ရှည် နှာသီးဖျား ကနေ လွှတ်လိုက်ရ မှာပါ ။ ပြီးတော့ ငါ့ရဲ့ ၀င်လေကို ရှည်ရှည် ရှိုက်သွင်းမယ် ဆိုပြီး ရှည်ရှည် ပြန်ရှိုက်လိုက် ရမှာပါ၊ တိုတိုသွင်းမည် တိုတို ပြန်ထုတ်မည်ပေါ့။
နောက်တဆင့်က - သုံးချက်သိမှာ တတိယာ ဆိုတဲ့အတိုင်း အလင်းနိမိတ်ကို နှာခေါင်းမှ ရင်ချိုင့်၊ ရင်ချိင့်မှ ချက် တဖြည်းဖြည်းချင်း ရှိုက်သွင်းလိုက်တဲ့ အခါ…
နှာသီးဖျားမှာ စပြီး ၀င်နေသည် ကိုလည်း သိ၊ ရင်ချိုင့် ရောက်သည် ကိုလည်း သိ၊ ချက်ရောက်သွား သည်ကိုလည်း သိ၊ သုံးဌာနလုံး၌ သိနေအောင် အားထုတ်ရ မှာပါ၊
ပြီးတော့ ပါးဖောက် နားဖောက် ဖြတ်စား လှီးစား စေ ၁၀ ချက်စတာ တွေနဲ့ အလင်း နိမိတ်ကို လိုသလို စေခိုင်း နိုင်အောင် အားထုတ်ရ ပါတယ်
နောက်တဆင့် သမထက လေးမှာ ငြိမ်းစေဘိ ဆိုတဲ့အတိုင်း ၀င်လေ ထွက်လေကို ဖြေးဖြေးလေး ရှူသွင်းရ ထုတ်ရပါတယ်၊ မိမိတို့ ပုံမှန် ၀င်လေ ထွက်လေက ကြမ်းတမ်းပါတယ်။ ဒါကို မိမိက ငါ၏ ထွက်လေ၊ ၀င်လေတို့ကို ငြိမ်းစေအံ့၊ ငြိမ်းစေအံ့”ဟု ရှုမှတ် နေရုံပါ။ ပါရမီဉာဏ် ရင့်သန်သူများ ကတော့ ရှေ့ပိုင်း သမထ ကျင့်စဉ်တွေ မှာပဲ ၀င်လေ ထွက်လေ ငြိမ်းနေတာကို တွေ့ရတတ် ပါတယ်။
ဒီလို အားထုတ်နေရင်း တခါတရံ ထွက်သက် ၀င်သက်တွေ ပျောက်သွား သလို ထင်တတ် ပါတယ်။ ဒီလို သမထ အဆင့် လေးဆင့်ကို အားထုတ်ပြီး သွားပြီဆိုရင် အညစ်အကြေး မရှိတဲ့ မှန်သားပြင် ကြီးလို တိမ်တိုက် ကြားက ထွက်လာတဲ့ လပြည့်ဝန်း ကြီးလို ထင်မှတ်နေ ရပြီး မိမိရဲ့ အလင်း နိမိတ်ဟာ အလွန်ကို ကြည်လင် တောက်ပနေ ပါတယ်။ ဒီလို ပဋိဘာဂ နိမိတ်အဆင် အခိုက် အတန့်မှာ စိတ်ညစ် ညူးကြောင်း နီဝရဏ တရားတွေ ကင်းနေပါတယ်။ .
သမထဆိုတာ တစ်နေရာ တည်းကို စိုက်ရှု တာပါ၊ ၀ိပဿနာဆိုတာ ခန္ဓာကိုယ် တစ်ခုလုံးကို ဖြန့်ရှူ တာလို့ မြေဇင်း ဆရာတော် ကြီးက မိန့်တော် မူပါတယ။် သမထ ယာနိက သမားအတွက် စတုတ္ထ အဆင့် ကျင့်စဉ်မှာ ပဋိဘာဂ အလင်းနိမိတ် ရရှိပြီး ဥပစာ ဆိုက်သွားပြီ ဆိုရင် ၀ိပဿနာကို စတင် အားထုတ် ရှုမှတ်နိုင် ပါတယ်။
ဝိပဿနာ ရှုမှတ်ရာတွင် ရုပ်ကို ရှုမှတ်ရ မှာလား၊ နာမ်ကို ရှုမှတ်ရ မှာလားလို့ မေးစရာ ရှိပါတယ်။ စာပေမှာတော့ သမထ ယာနိက လမ်းစဉ်နဲ့ အားထုတ် သူများ အတွက် နာမ်ကို ရှုမှတ် ပွားများရ မယ်လို့ ဆိုပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သမထ အားထုတ်မှု အားကောင်း၍ သမာဓိ ရင့်သန် နေတဲ့အတွက် ကြောင့်ပါ။ ၀ိပဿနာ သက်သက် ရှုမှတ် ပွားများ သူတွေ ကိုတော့ ရုပ်ကို ရှုမှတ်ဖို့ တိုက်တွန်းထား ပါတယ်။
ကန္နီနည်းမှာ သမထ ယာနိက လမ်းစဉ်ဖြစ်၍ နာမ်ကိုပင် ရှုမှတ် ပွားများရ မည်ဟု မှတ်ရမည့် အနေအထား ရှိပါတယ်။ ဒါပေမယ့် ကန္နီ ဆရာတော် ဘုရားကြီးက ယောဂီ ပါရဂူ ကျမ်းတွင် ရုပ်ကိုပဲ ရှုမှတ်ဖို့ တိုက်တွန်းထား ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သမထ ယာနိက လမ်းစဉ် ဖြစ်ပေမယ့် သမထကို အဆုံးစွန် အပ္ပနာဈာန် ရသည်အထိ အားမထုတ် နိုင်ခဲ့ကြ။ ဥပစာရ ဈာန်အဆင့် မျှသာရှိ၍ ရုပ်ကိုပင် ရှုမှတ် နိုင်သည်ဟု ကျမ်း အကိုး အကားများ ပြ၍ မိန့်တော်မူ ထားပါတယ်။
၁- သမထ အားထုတ်စဉ်က ရရှိခဲ့တဲ့ ပဋိဘာဂ အလင်း နိမိတ်နဲ့ ခြေဖျားကနေ ငယ်ထိပ်အထိ တစ်ကိုယ်လုံး သတိ မလွတ်စေဘဲ ရှုခြင်း
၂- ခြေဖျား မှ ချက်
ချက်မှ လည်မျို
လည်မျိုမှ ငယ်ထိပ်ထိ သုံးပိုင်း ပိုင်း၍ အပြန်ပြန် အလှန်လှန် ရှုမှတ်ခြင်း
၃- လက်လေးသစ် သို့မဟုတ် တတောင် လောက်စီ ပိုင်းပြီး ရှုမှတ်ခြင်း ဆိုပြီး ရှုမှတ်နည်း ၃ မျိုးရှိ ပါတယ်။
ခန္ဓာကိုယ် အစိတ်အပိုင်း အလိုက် ရှုနည်း သုံးမျိုး ကွဲပြား သကဲ့သို့ အရှုမှတ်ခံ အာရုံအလိုက် ရှုပွားရာ အစွန်း သုံးပါးကိုလည်း သိသင့် ပါတယ်။
၁- မြင်ရင် မြင်တယ် ကြားရင် ကြားတယ် လို့မှတ်ခြင်း
၂- မိမိ ခန္ဓာကိုယ်ရဲ့ ငယ်ထိပ် ခြေတောက် လက်စတဲ့ နေရာတွေမှာ တဖွားဖွား ဖြစ်ပျက်နေ တာတွေကို မှတ်ခြင်း
၃- နှလုံးအိမ်ကို ရှုမှတ်ခြင်း ဆိုပြီး အစွန်း သုံးပါး ရှိပါတယ်။
ကန္နီ ဆရာတော်ကြီး မြေဇင်း ဆရာတော်ကြီး တို့ရဲ့ နည်းကတော့ နှလုံးအိမ်ကို ရှုမှတ်တဲ့ နည်းပါ။ အစပိုင်း မှာတော့ ခက်သလို ရှိပါတယ် နောက်ပိုင်းမှာ အလွန် လွယ်ကူပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ခန္ဓာကိုယ် တစ်ခုလုံးရဲ့ ဗဟိုချက် မဟာ နှလုံးအိမ် ဖြစ်နေလို့ပါ၊ နှလုံးအိမ် ကနေ ခန္ဓာကိုယ် တစ်ခုလုံး ဖြန့်ကြည့် လိုက်ရင် ရုပ်တရား နာမ်တရားတွေ တဖွဲဖွဲ တသဲသဲ ဖြစ်ပျက် နေတာကို တွေ့ရပါတယ်။
အထက်တွင် ပြဆိုခဲ့သည့် အတိုင်း မိမိ၏ နှလုံးအိမ်တွင် အာရုံကပ်၍ ရုပ်နာမ် တို့၏ အဖြစ် အပျက်ကို ရှုမှတ် ပွားများ နေသော ယောဂီ ပုဂ္ဂိုလ်အား တရိပ်ရိပ် ဖြစ်၍ တရိပ်ရိပ် ပျက်ပုံကို လည်းကောင်း၊ အသစ်အသစ် ဖြစ်၍ အဟောင်း အဟောင်းတို့ ချုပ်ပျက် နေပုံကို မိမိ၏ ပကတိ မျက်စိဖြင့် ကြည့်၍ မြင်နေရ သကဲ့သို့ မုချထင်ထင် သိမြင်ရ လေတော့သည်။ ထိုသို့ ထင်မြင် လာသော ယောဂီအား အောက်ပါ ဥပမာ ငါးမျိုးတို့တွင် တစ်မျိုးမျိုး ကိုဖြစ်စေ၊ ရော၍ဖြစ်စေ ထင်မြင်လာ တတ်ပါသည်။ ၎င်းတို့မှာ -
၁။ နေအရုဏ် တက်၍ နေထွက်သော အခါ ပြိန်းမြက်ပင် တို့၏ အဖျား၌ တသားတည်း ခဲနေသော ဆီးနှင်း ပေါက်တို့ တဖြောက်ဖြောက် ကြွေကျနေ သည်ကို မြင်နေရ သကဲ့သို့ ထင်မြင် လာခြင်း၊
၂။ မြစ်၊ ချောင်း၊ အင်း၊ အိုင်တို့၌ ရှိသော ၀ဲကွေ့၌ ရေများ တိုးဝှေ့ ခြင်းကြောင့် ဖြစ်ပေါ် လာသော ရေမြှုပ်၊ ရေပွက်တို့ကို မြင်နေရ သကဲ့သို့ ထင်မြင် လာခြင်း၊
၃။ ကြည်လင် ငြိမ်သက် နေသော ရေပြင်တွင် တုတ်၊ တောင်ဝှေး စသည်တို့ဖြင့် ရေးခြစ်၊ ရိုက်ပုတ်လိုက် သောအခါ အလွှာ အလွှာလိုက် တရိပ်ရိပ် ဖြစ်ပေါ် လာသော ရေလှိုင်းတို့ကို မြင်နေရ သကဲ့သို့ ထင်မြင် လာခြင်း၊
၎။ ပွတ်ဆောက်ဖျား၌ တင်ထားသော မုံ့ညှင်းစေ့၊ လေတွင် ၀ဲပါနေသော လူးနှမ်းစေ့ တို့၏ တရွေ့ရွေ့၊ တရိပ်ရိပ်၊ တဖိတ်ဖိတ် ကြွေကျ သည်ကို မြင်နေရ သကဲ့သို့ ထင်မြင် လာခြင်း၊
၅။ ညိုပြာရီ မှောင်နေသော တိမ်လိပ်တို့ အတွင်း၌ တ၀င်းဝင်း၊ တဖျက်ဖျက် လင်းလက် နေသော လျှပ်စစ်နွယ် တို့ကို တွေ့မြင်နေရ သကဲ့သို့ ထင်မြင် လာခြင်းတို့ ဖြစ်ပါသည်။
ဒီဥပမာ ငါးမျိုးကို အားထုတ် ဖူးတဲ့ ယောဂီများ သေသေ ချာချာ နားလည်နိုင် ပါတယ်။ ထူးဆန်းသည့် ဓမ္မ သံသရာက လွတ်မြောက် နိုင်သည့် ဓမ္မများကို စာသိ မှ သည် ကျင့်သိ၊ ကျင့်သိမှ သည် ထိုးထွင်းသိ အဆင့် ရောက်အောင် ကြိုးစား ကြပါစို့လို့ အဖြူရောင် မေတ္တာများနဲ့ တိုက်တွန်း ချင်ပါတယ်။
ကျမ်းကိုး။ ယောဂီပါရဂူကျမ်း
လေးစားရိုသေစွာဖြင့်
ဖိုးသား
5/5/2009, TUE:, 4:53:24 PM
Read more...




















0 comments: