အလောင်းတော်သူမြတ်တို့၏နှလုံးသား ။
Sunday, 28 March 2010 07:14 |
Written by Administrator | PDF | | Print | | E-mail
“အားအစွမ်းရှိသည်ကို သိမြင်သော ယောက်ကျားကောင်းတစ်ယောက် ဖြစ်ပါလျက် သံသရာ ဝဋ်အတွင်းမှ တစ်ကိုယ် ကောင်းကြံကာ တစ်ယောက်တည်း ကူးပြောင်း သဖြင့် ငါ့အား အဘယ်အကျိုးရှိအံနည်း။ သဗ္ဗညုတ ဘုရားအဖြစ်သို့ ရောက် အောင် အားထုတ်ပြီးလျှင် နတ်နှင့်တကွသော သတ္တဝါအပေါင်းတို့ကို သံသရာပဋ်ဆင်းရဲဒုက္ခ ပင်လယ်ထဲမှ ငါကားဆယ်တင် ပေအံ့….။
ဒီပင်္ကရာမြတ်စွာဘုရားရဲ့ ခြေတော်ရင်းမှာ အလောင်းတော်သူမြတ် သုမေဓာရှင်ရသေ့ ဘုရားဆုပန် တော်မူစဉ်က စိတ်အကြံမှာ အဓိဌာန်တော် မူခဲ့ပုံကလေးပါ။ ဘုရားတစ်ဆူပွင့်တော်မူဖို့ဆိုတာ အနည်းဆုံး လေးအင်္သချေနဲ့ ကမ္ဘာတစ်သိန်း ကြာအောင် ပါရမီတော် အကျဉ်း(၁၀)ပါး၊ အကျယ် (၃၀)ကို ဖြည့်ကျင့်တော်မူရတာမို့ “ဘုရားဆုပန်“ ဖို့ဆိုတာ စိတ်ကူးဖို့ဆို ဝေးလာဝေးလို့ အိပ်မက် မက်ကြည့်ဖို့တောင် မလွယ်ကူလှပါဘူး။
undefined
မြတ်စွာဘုရားရှင်ရဲ့ ဘုန်းတန်းခိုးကျက်သရေ အာနုဘော်တွေကို ကိုယ်တိုင် ဖူးတွေ့ရ ကြားနာရလို့ ဘုရားအဖြစ်ကို အလိုရှိကြ၊ တောင့်တကြသူတွေ များလှပေမယ့် ဖြည့်ကျင့်ရမယ် ပါရမီတော်တွေရဲ့ များပြားတဲ့အဖြစ်၊ ကြီးကျယ်စွာ ဆည်းပူး အားထုတ် ရတဲ့အဖြစ်၊ ဘ၀တိုင်းမပြတ် မလပ် ဖြည့်ကျင့်ရတဲ့အဖြစ်၊ ရိုသေစွာ ဖြည့်ကျင့်ရတဲ့ အဖြစ်၊ ကြာမြင့်စွာ ဖြည့်ကျင့်ရ အဖြစ် ကိုယ့်အသက်ကို မငဲ့ကွက်ဘဲ ဖြည့်ကျင့်ရတဲ့ အဖြစ်တွေကို ဟုတ်တိုင်းမှန်စွာ သိရရင်တော့ သဒ္ဓါ၊ ပညာ၊ ၀ီရိယ နည်းပါးသူတိုင်း ဘုရားဆုပန်ဖို့ ကြောက်ရွံ့ကြမှာပါပဲ။
ဘုရားအလောင်းတော်ဆိုတာ တစ်လောကလုံးကို ပခုံးပေါ်တင်ထား ပြီး ရိုသေကျိုးနွံစွာ အလုပ်အကျွေး ပြုချင်သူတွေပါ။ စိတ်နေသဘောထား၊ အင်မတန် ကြီးကျယ်မြင့်မြတ်တော်မူသလို အသိဥာဏ်ပညာနဲ့မေတ္တာ ကရုဏာ တရားတွေလည်း လွန်စွာ ကြီးမားတော်မူပါတယ်။ တစ်စုံတစ်ယောက်ဟာ နွေရာသီ နေမွန်းတည့်အချိန်မှာ ရေကန်ထဲဆင်းပြီး ရေချိုးနေ တဲ့အခါ ကောင်းကင် က နေအရှိန်ပူတာကို ပူတယ်လို့ မထင်ရသလို အလောင်းတော်သူမြတ်တွေဟာ မဟာကရုဏာတော်နဲ့ အေးမြတဲ့ စိတ်နှလုံးရှိ ကြတာမို့ သတ္တ၀ါတွေရဲ့ အကျိုးစီးပွားကို ရှာမှီးတော်မူရင်း ပါရမီတည်း ဟူသော သမုဒ္ဒရာထဲ သက်ဆင်းကာ အလွန်ကြီးမားတဲ့ ခန္ဓာဒုက္ခ၊ ကံကြမ္မာဒုက္ခ၊ သံသရာဒုက္ခတွေကို ဒုက္ခလို့ ထင်မှတ်တော်မမူဘဲ ကြိုးစားပြီး ကျင့်ကြံအားထုတ် တော်မူကြပါတယ်။
“ ကမ္ဘာသက်တမ်းတစ်ခုအတွင်းမှာ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ရဲ့ အရိုး တွေကို စုပုံထားနိုင်ရင် တောင်ကြီးတစ်ခုစာလောက် ကြီးမားတယ်”လို့ သံယုတ်ပါဠိတော်မှာ ရှင်တော်ဘုရားဟောကြားတော်မူခဲ့တဲ့အတိုင်း၊ အလောင်းတော်သူမြတ် ဘုရားဆုပန် ဗျာဒိတ်ခံတဲ့အချိန်ကစပြီး နောက်ဆုံး ပါရမီပြည့်ဝတဲ့ (ဝေဿန္တရာမင်းကြီးကဲ့သို့) ဘ၀တိုင်အောင် အနည်းဆုံး လေးအင်္သချေနဲ့ ကမ္ဘာတစ်သိန်း ကာလအတွင်း ပါရမီဖြည့်ခဲ့ရတဲ့ ဘ၀တွေကို ရေတွက်ကြည့်ရင် မဟာသမုဒ္ဒရာ ထဲက ရေစက် ရေပေါက် တွေထက်တောင် မြောက်မြားလှပါတယ်။ အဲဒီ လောက်များတဲ့ ဘ၀တွေထဲမှာ ပါရမီမဖြည်ကျင့်ဘဲ အချည်းနှီး ကုန်လွန် သွားတဲ့ ဘ၀ဆိုတာ တစ်ခုတစ်လေမျှတောင် မရှိခဲ့ပါဘူး။
အဲဒီလို သူမတူအောင် ပါရမီဆယ်ပါး စွန့်ခြင်းကြီးငါးပါး၊ စရိယသုံးပါး တွေကို ဖြည့်ကျင့်တော်မူဆဲ အလောင်းတော်မူမြတ် တွေဟာ ဝေဿန္တရာမင်းကြီးဘ၀လို နောက်ဆုံး အထွတ်အထိပ်ကို မရောက်သေးသမျှ ကာလပတ်လုံး ဒီကြားထဲမှာ ပါရမီဖြည့်ဖို့ ခဲယဉ်းလှတာမို့ သက်တမ်းကုန်အောင် နေတော်မူလေ့မရှိကြဘဲ အဓိမုတ္တိမရဏခေါ် သေခြင်းမျိုးနဲ့ နတ်ဗြဟ္မာ အသက်ချွေပြီး လူ့ပြည်လောကမှာ လူဖြစ်ကာ ပါရမီတော်တွေကို ဖြည့်ကျင့်တော် မူတတ်ကြပါတယ်။
အလောင်းတော်သူမြတ်တွေရဲ့နှလုံးသားတော်ဟာ အံ့သြဖို့ကောင်းလောက်အောင် အင်မတန် ကြီးကျယ်မြင့်မြတ်တော် မူပါတယ်။ သတ္တ္တဝါ ခပ်သိမ်းကို သားရင်းသမီးရင်းလို ချစ်ခင်ကြင်နာနိုင်တာကြောင့် တစ်လောကလုံး ရဲ့ဖခင်ကြီးသဖွယ်ဖြစ် တော်မူတဲ့ ဘုရားအလောင်းတော်ဟာ ပါရမီတော်တွေ ရင့်ကျက် ပြည့်ဝတော်မူလာတာနဲ့အမျှ မိမိကိုယ်ကိုချစ်ခင်တွယ်တာခြင်း တဏှာ ကုန်ခမ်းလာကာ ဝေနေယျတွေ အပေါ်မှာ ချစ်ကြင်နာခြင်း မေတ္တာတရားတွေ တိုးပွားတော်မူလာပါတယ်။ အဲဒီလို မေတ္တာ ကရုဏာအဟုန်နဲ့ပွားထုံအပ်တဲ့ သူတော်ကောင်းနှလုံးသား ရှိတော်မူတာကြောင့် အလောင်းတော်သူမြတ်ကို ခြသေ့င်္၊ သစ်၊ ကျားစတဲ့သားရဲတိရစ္ဆာန်တွေက မညှဉ်းဆဲ မနှိပ်စက်နိုင်ပါဘူး။
ကိလေသာတရား လွန်စွာ နည်းပါးပြီး ကုသိုလ်ကောင်းမှူမှာ မွေ့လျော်တော်မူတဲ့ ဘုရားလောင်းတော်မှာသူတစ်ပါးတွေက ပူပန်ဆင်းရဲအောင် ပြုလုပ်တာကို သည်းခံတော်မူနိုင်တဲ့အပြင် မခံချင်စိတ်နဲ့ သူတစ်ပါးတွေကို ဆင်းရဲပူပန်အောင် တစ်ဖန်ပြုလုပ် လိုတဲ့ဆန္ဒ အလျဉ်းကင်းတော်မူပါတယ်။ အဲဒီအကြောင်းနဲ့ ဆက်စပ်ပြီး အလောင်းတော်သူမြတ် နုစဉ်ဘဝက ဖြစ်ပျက်တော်မူခဲ့တဲ့ ဇာတ်ဝတ္တုကလေးတစ်ခုကို ပြောပြချင်ပါတယ်။ `
မျောက်မင်းနဲ့ ပုဏ္ဏားယုတ်
တစ်ခါတုန်းက ဗရာဏသီပြည်မှာ ဗြဟ္မဒတ်မင်းထီးနန်းစံနေစဉ် ဘုရားအလောင်း တော်ဟာ ဟိမဝန္တာမှာမျောက်မင်း လာဖြစ် ပါတယ်။ တစ်နေ့တော့ ကာသိရွာသား လယ်သမား ပုဏ္ဏားတစ်ယောက်ဟာ နွားတွေကိုလွှတ်ထားပြီးလယ်ထဲမှာ ပေါက်တူး ပေါက်နေပါတယ်။ တောစပ်မှာလွှတ်ထားတဲ့ နွားတွေဟာ အစာရှာစားရင်း တောအုပ်ထဲ ဝင်ကာ ပျောက်ဆုံးသွားပါတယ်။
လယ်သမား ပုဏ္ဏားဟာ တောထဲဝင်ပြီးနွားပျောက်ကိုရှာရင်းနဲ့ မျက်စိလည် လမ်းမှားကာ ဟိမဝန္တာတောနက်ထဲကို ရောက်သွားပါတယ်။ တောနက်ထဲမှာ (၇)ရက် တိုင်တိုင် အစားမစားရတာမို့ ချောက်ကမ်းပါးထိပ်မှာပေါက်နေတဲ့ တည်ပင်တစ်ပင် ပေါ်တက်ကာ တည်သီးခူးဆွတ်စားနေတုန်း ပုဏ္ဏားဟာ သစ်ပင်ပေါ်ကပြုတ်ကျပြီး ချောက်ကမ်းပါးထဲကို လိမ့်ကျသွားပါတယ်။ အတောင်( ၆၀ )လောက်နက်တဲ့ အဲဒီချောက်ထဲမှာ (၁၀) ရက်တိတိ ပုဏ္ဏားဟာ ကမ်းပါးပေါ် ပြန်မတက်နိုင်ဘဲ ဒုက္ခ ရောက်နေ ပါတယ်။
အဲဒီအချိန်မှာ ဘုရားအလောင်းမျောက်မင်းဟာ သစ်သီးရှာထွက်လာရင်းနဲ့ ကမ်းပါးချောက်ထဲမှာ ဒုက္ခရောက်နေတ ပုဏ္ဏားကို မြင့်တွေ့သွားပြီး မေးမြန်းစုံစမ်း ပါတယ်။ အဲဒီအခါ ပုဏ္ဏားက အကြောင်းစုံကို ရှင်းပြကာသူ့ကို ကယ်တင်ဖို့ မျောက်းမင်း ကို လက်ဆယ်ဖြာ ထပ်မှာမိုးပြီး ရှိခိုးတောင်းပန်ပါတယ်။ မျောက်မင်းလည်း ပုဏ္ဏားကို လွန်စွာကရုဏာသက်တာမို့ ပုဏ္ဏားကိုယ် အလေးချိန်လောက်ရှိတဲ့ ကျောက်တုံးကို မချီကာ အစမ်းလေ့ကျင့်ခုန်ကြည့်ပါတယ်။ ပြီမှ ပုဏ္ဏားကို ကျောပိုးကာ ချောက်ကမ်း ပါးထဲမှ ခုန်တက်ပြီး ကယ်တင်ပေးပါတယ်။
ကမ်းပါးပေါ် ရောက်တဲ့အခါ အင်မတန် မောပန်းလွန်းတာမို့ ဘုရားလောင်း မျောက်မင်းဟာ ပုဏ္ဏားကို “ ….မိတ်ဆွေ၊ ကျွန် မောပန်းလွန်းတာမို့ တစ်ခဏမျှ အပန်းဖြေပါရစေ၊ သားရဲတိရစ္ဆာန်ဘေးမှ ကျွန်ကိုစောင့်ရှောက်ပါ” လို့ ပြောဆိုပြီး ပုဏ္ဏားရဲ့ ပေါင်ပေါ်မှာ ခေါင်းတင်ကာ လှဲအိပ်လိုက်ပါတယ်။ အဲဒီလို ဘုရားအလောင်း တော် အိပ်ပျော်နေတဲ့အချိန်မှာပဲ ပုဏ္ဏားရဲခေါင်းထဲမှာ “ငါဟာဒီမျောက်မင်းကိုသတ်ပြီး စားရရင်ကောင်းမယ်၊ ပိုလျှံတဲ့အသားတွေကိုလည်း လမ်းခရီးရိက္ခာအဖြစ်ယူသွားရမယ် “ ဆိုတဲ့ မကောင်းတဲ့ အကြံအစည်တွေ ပေါ်ပေါက်လာပါတယ်။
ဒါနဲု့ ပုဏ္ဏားယုတ်ဟာ လက်လှမ်းမီရာ ကျောက်ခဲတစ်ခုကို ဆွဲယူလိုက်ပြီး မျောက်မင်း ရဲ့ ဦးခေါင်းကို ထုခွဲလိုက်ပါတယ်။ ဒါပေမယ့် ပုဏ္ဏားယုတ်ဟာ ရက်ပေါင်းများစွာ အစာအာဟာရပြတ်လပ်နေတာမို့ သူ့ရဲ့ ထုနှက်ချက်ဟာ သေလောက်အောင် မပြင်းထန်ခဲ့ပါဘူး။ ဘုရားလောင်းမျောက်မင်းဟာ ရတ်တရက် မမျှော်လင့်ဘဲ ဘေးအန္တယ်ရာယ်နဲ့ ရင့်ဆိုင်လိုက်ရတာမို့ ကြောက်လန့်တကြား နီးစပ်ရာသစ်ပင်ထက်ကို ပြေးတက်သွားပါတယ်။ ပြီးမှ ဟိုဟိုသည်သည်ကိုကြည့်ပြီး ရန်သူကိုရှာပေမယ့် တစ်စုံတစ်ယောက်ကိုမှ မတွေ့ရတဲ့အခါ သူကယ်တင်ခဲ့တဲ့ ပုဏ္ဏားရဲ့ လက်ချက်မှန်း သိသွားပါတယ်။
အဲဒီအခါ မျောက်မင်းဟာ မျက်ရည်တွေ စီးကျနေတဲ့ကြားက ပုဏ္ဏားယုတ်ကို စိတ်မကောင်းခြင်းကြီးစွာနဲ့ကြည့်ရှူပြီး “ မိတ်ဆွေ…..သင်ဟာ ကိုယ်ရဲ့အသက်သခင် ကျေးဇူးရှင်အပေါ်မှာတောင် မပြုသင့်တာကို ပြုလုပ်ဝံတယ်။ သင့်ရဲ့အပြုအမူဟာ အင်မတန်ရက်စက်ကြမ်းကြုတ်လှတာပဲ။ တကယ်တော့ သင်ဟာ ကိုယ်အသက်သခင်ရဲ့ ဘေးရန်ကိုတောင် ကာကွယ်ပေးသင့်သူ ဖြစ်တယ်၊ ကျေးဇူးကန်းတတ်တဲ့ သင့်ရဲ့အပြု အမူဟာ အင်မတန် အံ့သြဖို့ ကောင်းပါပေတယ်။
ဒါပေမယ့် ကျွန်ပ် ဆင်းရဲဒုက္ခ ခံစားရသလိုသင့်မှာ ဆင်းရဲဒုက္ခ မရောက်ပါစေနဲ့လို့ ကျွန်ပ် ဆုတောင်းမေတ္တာပို့သပါတယ်။ ဝါးပင်ရဲ့အသီးဟာ ဝါးပင်ကိုပြတ်သတ်သလို သင့်ရဲ့မကောင်းမှုအကုသိုလ်ဟာ သင့်ဘဝကို မသတ်ဖြတ်မဖျက်ဆီးပါစေနဲ့လို့ ကျွန်ပ်ဆန္ဒပြုပါတယ်။ ကိုယ် နှုတ် စောင့်စည်းမှုမရှိတဲ့ သင့်ကို ကျွန်ပ်အကျွမ်းတဝင် မခင်ရဲတော့ပါဘူး။ သင့်ရဲ့ရှေ့က ကျွန်ပ်သွားပြီး လမ်းပြပေးပါမယ်။ ကျွန်ပ်ရဲ့ခေါင်းက တစက်စက် ယိုကျနေတဲ့ သွေးစက်တွေအတိုင်း နောက်က လိုက်ခဲ့ပါ။ ဗာရာဏသီ ပြည်သို့ သွားရာလမ်းခရီးကို ကျွန်ပ်ပို့ဆောင်ပေးပါမယ်” လို့ပြောဆိုကာ သစ်တစ်ပင်မှ တစ်ပင်သို့ ခုန်ကူးပြီး လမ်းပြ ခေါ်ဆောင်သွားပါတယ်။
ဘုရားလောင်း မျောက်မင်းဟာ ပုဏ္ဏားယုတ်ကို ဗာရာဏသီသို့ သွားရာလမ်းမ ပေါ်ကို ပို့ပြီးတဲ့အခါ သွေးအလိမ်းလိမ်း ကပ်နေတဲ့ ဦးခေါင်းကို ရေးဆေးကာ တောအုပ်အတွင်း ပြန်ဝင်သွားပါတယ်။ ပုဏ္ဏားယုတ်လည်း
ဘုရားအလောင်း မျောက်မင်းကို ပြစ်မှားခဲ့တဲ့ အကုသိုလ်ကြောင့် လမ်းဘေးရေအိုင် တစ်ခုမှာ ရေဆင်းသောက်တဲ့အခါ ရေနဲ့ထိ့တွေ့မိတဲ့နေရာတိုင်းမှဥ သျှစ်သီးငယ် လောက်ကြီးတဲ့ အိုင်အမာတွေ ပေါက်လာပါတယ်။ ပြီးရင် အဲဒီအနာတွေက ပေါက်ကွဲပြီး သွေးပြည်တွေ ယိုစီးကျကာ ပုပ်စော်နံလာပါတယ်။
လမ်းခရီးမှာ တွေ့တဲ့လူတိုင်းက လူပြိတ္တာနဲ့တူတဲ့ ပုဏ္ဏားယုတ်ကို မောင်းနှင် ထုတ်ကြပါတယ်။ ပုဏ္ဏားယုတ်ဟာ(၇)နှစ်တိုင်တိုင် အဲဒီဆင်းရဲဒုက္ခဝေဒနာကို အလူးအလဲခံစားရင်း လှည့်လည်လာရာ ဗာရာဏသီပြည် ဘုရင်မင်းမြတ်ရဲ့ မိဂဒါဝုန် ဥယျာဉ်ကို ရောက်လာပါတယ်။ ဥယျာဉ်တော်ကို ထွက်လာတဲ့ ဗာရာဏသီမင်းကြီးဟာ ပုဏ္ဏားယုတ်ကို တွေ့တဲ့အခါ “သင်ဟာ ဘယ်သူလဲ၊ ဘာကြောင့်ဒီလို ဆင်းရဲဒုက္ခကြီးစွာ ရောက်နေရပါသလဲ” လို့ မေးမြန်းရာ ပုဏ္ဏားယုတ်လည်း ဖြစ်ကြောင်းကုန်စင် အစအဆုံး ပြောပြပါတယ်။ အဲဒီိလို ပြောပြလျှောက်ထားနေစဉ်မှာပဲ သူတော်ကောင်းကို ပြစ်မှားခဲ့တဲ့ ပုဏ္ဏားယုတ်ကို မြေကြီးဟာ မီးလျှံတွေနဲ့တကွ ဟင်းလင်းပွင့်လာ ပြီး မျိုယူသွားပါတယ်။
ဒီဇာတ်တော်ကလေးဟာ ငါးရာငါးဆယ်၊ တိံသနိပါတ်မှာလာတဲ့ “မဟာကပိ“ အမည်ရတဲ့ ဇာတ်ဝတ္ထုတစ်ခုဖြစ်ပါတယ်။ ဒီဇာတ်တော်ကလေးကို ဖတ်ရတော့ အံ့သြစရာကောင်းတဲ့ အလောင်းတော်သူမြတ်ရဲ့ သူတော်ကောင်းနှလုံးသားကို ဖူးတွေ့ ရသလို၊“ တပည့်တော်က ဗုဒ္ဓမြတ်စွာကို ဘုရားဖြစ်မှ ကြည်ညိုတာပါ“ လို့ မိန့်တော်မူခဲ့တဲ့ အမရပူရ(တောင်)မြို့၊ မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီးရဲ့ သြဝါဒစကားတော်ကိုလည်း သတိရမိပါတယ်။
တကယ်တော့ အလောင်းတော်သူမြတ်ဟာ အရင်းအနှီးကြီးကြီး ပေးခဲ့ရဲပြီး အကျိုးအမြတ်ဟာ နည်းနည်းပဲရတော်မူခဲ့တာပါ။ ရခဲ့တဲ့ အကျိုးအမြတ်ကလည်း မိမိအတွက် မဟုတ်ဘဲ လောကကောင်းကျိုးအတွက်ပဲဖြစ်ပါတယ်။ အလောင်းတော် သူမြတ်ဟာ သူ့ရဲ့ပါရမီကိုကရုဏာတော်နဲ့ စတင်ပြီး ကရုဏာတော်နဲ့ အဆုံးသတ် တော်မူခဲ့တာပါ။ဘဝပေါင်းများစွာမှာ မရေတွက်နိုင်တဲ့အသက်၊သွေး၊ချွေးတွေ ရင်းနှီးပေး ဆပ်ခဲ့ရပြီးအခက်အခဲ့၊အကြပ်အတည်းပေါင်းစုံ တွေနဲ့ရင်ဆိုင်တွေ့ကြုံတော်မူခဲ့ ရတဲ့ အလောင်းတော်သူမြတ်ဟာ သူတော်ကောင်းနှလုံးသားရဲ့ အစွမ်းသတ္တိနဲ့ပဲ ပါရမီ ခရီးကို ငြိမ်းငြိမ်းချမ်းချမ်းအောင်အောင် လျှောက်လမ်းတော်မူနိုင်ခဲ့တာ ဖြစ်ပါတယ်။
သူတော်ကောင်းနှလုံးသားဟာ ဘဝခန္ဓာ၊ ပစ္စည်းဝတ္တုတွေနဲ့ အနှစ်သာရ (အမတေ) ဖြစ်ပါတယ်။ သူတော်ကောင်းနှလုံးသား ကလွဲလို့(နတ်ပြည် ဗြဟ္မပြည် အပါအဝင်) ဘဝ သံသရာမှာ မိမိတို့ ရရှိပိုင်ဆိုင်ထားကြတဲ့ ကြီးပွားအောင်မြင်မှူ အစုစုဟာ အယောင်ဆောင် ချမ်းသာစစ် ချမ်းသာမှန်ကတော့ “နိဗ္ဗာန်“တစ်ခုတည်းပဲ ရှိပါတယ်။ သူတော်ကောင်းနှလုံးသားဟာ နိဗ္ဗန်တံခါး ပွင့်စေနိုင်တဲ့ ” ရွှေသော့တစ်ခုပါ။ သူတော်ကောင်း နှလုံးသားဟာ တဏှာကိုဖြတ်ပြီး တိုတောင်းလှတဲ့ ပါရမီကို ဆက်ပေးမှာ ဖြစ်ပါတယ်။
ဒါကြောင့်မို့ အလောင်းတော်သူမြတ်ဟာ ဘဝခန္ဓာ သံသရာခရီးကို ထီးအဖြစ် မရှုမြင်ဘဲ၊ ငြမ်းအဖြစ် အသုံး တော်မူပြီး၊“သူတော်ကောင်းနှလုံးသား“ဆိုတဲ့ရွှေထီးကိုပဲ အမြင်မားဆုံးရောက်အောင် မြှင့်တင်တော်မူခဲ့တာဖြစ်ပါတယ်။
တော်ဝင်နွယ်

0 comments:
Post a Comment