နှစ်သစ်မှာ စိတ်ထားပြုပြင်ပြောင်းပါ့မယ်
အမျိုးအားဖြင့် ထိုသရက်သည် အချိုမျိုးတည်း။ တမာနားစိုက်လိုက်လျင် သီးလာသည့် အသီးကား ခါးသက်သက် အရသာဓာတ်ဖြစ်နေ၏။ အဘယ့်ကြောင့်နည်း။ ရေသောက်မြစ် အရင်းတည်းရာ နေရာဌာနသည် တမာဓာတ် လွန်ကဲလွှမ်းမိုးခြင်းကို ခံရ၍ ဤသို့ မူလဓာတ်ပြောင်းသွားရသည်သာ။ ထို့ကြောင့် ဗီဇဓာတ်အားဖြင့် ပြောင်းလဲခြင်းမရှိ၊ သရက်သီးအသွင်ဖြင့်သာ သီးလာ၏။ သို့သော် ဆက်ဆံ ကျင်လည်ရသည့်နေရာ၏ အထောက်အပံ့ကြောင့် အချိုဓာတ်မှ အခါဓာတ်သို့ပြောင်း သွားရသည်ကို သဘောတရား အမြင်အားဖြင့်ယူ၍ စာကိုချဲ့လိုသည်။
စိတ်ကို သရက်ပင်၏ အချိုမျိုးဖြင့် ပမာပြုလိုသည်။ ထိုအချိုမျိုးကို အထောက်အပံ့ အားမကောင်းသည့်နေရာ၌ ကျက်စားစေမည်လား? အထောက်အပံ အားကောင်းသည့်နေရာ၌ ကျက်စားစေမည်လား? ဟု မေးခွန်းနှစ်ခုဖြင့် မေးမြန်း စစ်ဆေးလျင် အထောက်အပံ့အားကောင်းသည့် နေရာ၌ ကျက်စားစေလိုခြင်းအားဖြင့် ဆန္ဒရှိကြ၏။ သို့ဆိုလျင် မြေဓာတ်၊ နေဓာတ်၊ လေဓာတ်၊ ရေဓာတ် အထောက်အပံ့အားကောင်းသည့် နေရာ၌ ထိုအချိုမျိုးကို စိုက်သင့်သည်။ ထိုမှ ရေသောက်မြစ်သည် ကောင်းသောဓာတ်အားဖြင့် ရှင်သန်ကြီးထွား၍ သီးလာသည့်အသီးသည် ကောင်းသောဓာတ်အား ဖြင့် ဖြစ်ပေါ်လာမည်။
ဤနေရာ၌ ရေသောက်မြစ်သည် အကြောင်းအားဖြင့် ကျေးဇူးပြု၍ သီးလာသည့် အသီးသည် အကျိုးအားဖြင့် ကျေးဇူးပြုခံရ၏။ ဤသို့သဘောအားဖြင့် သရက်ပင်ကို ကြည့်လျင် အထင်အရှားရှိ၏။ ဤကဲ့သို့ စိတ်ကို ကောင်းသောအာရုံ၌ထားလျင် ထိုစိတ်သည် ကောင်းသောဓာတ်အားဖြင့် ဖြစ်ပေါ်၍ ထိုဓာတ်အကြောင်းခံ၍ ကောင်းသော အသီးအပွင့်အကျိုးရလာဒ်များ ဖြစ်ပေါ်လာမည်သာတည်း။ ကောင်းသောဓာတ်ခံ ဆိုသည်မှာ အလောဘဓာတ်၊ မေတ္တာဓာတ် (အဒေါသဓာတ်)၊ အမောဟဓာတ်(ပညာဉာဏ်ဓာတ်)ကို ဆိုလို၏။ အလောဘဓာတ်အရင်းခံအားနည်းလျင် လောဘဓာတ် လွန်ကဲ၍ ပြိတ္တာဘဝ၌ကျင်လည်ရ၏။ မေတ္တာဓာတ်အရင်းခံအားနည်းလျင် ဒေါသဓာတ်လွန်ကဲ၍ ငရဲဘဝ၌ ကျင်လည်ရ၏။ ပညာဉာဏ်ဓာတ် အရင်းခံအားနည်းလျင် မောဟဓာတ်လွန်ကဲ၍ တိရစ္ဆာန် ဘဝ၌ကျင်လည်ရ၏။ ဤသို့သဘောအားဖြင့် အကြောင်းအကျိုး ကျေးဇူးပြုနေသည်မှာ မည်သူမှ လွန်ဆန်ပြုပြင်၍ မရကောင်းသော နိယာမတရား ဖြစ်သည်။ မိမိတို့ပြုပြင်လို့ရသည်မှာ မကောင်းသည့်ဓာတ်လွန်ကဲလျင် ကောင်းသည့်ဓာတ် ဖြစ်အောင်သာ ပြုလုပ်ပေးရမည်သာဖြစ်၏။ နိယာမတရားအရ ကောင်းသော အကြောင်းအကျိုးအားဖြင့် ကျေးဇူးပြုသွားမည်မှာ သူ့သဘာဝတရားဖြစ်သည်။
ထိုကြောင့် အရင်းခံရေသောက်မြစ်အားဖြင့် အလောဘဓာတ်(သဒ္ဓါဓာတ်)သို့ ပြုပြင်ပြောင်းပေးခြင်းသည် ပြိတ္တာဘုံ၌ဖြစ်ရခြင်းဒုက္ခမှ လွတ်ကင်း၍ ကောင်းသောဘုံဘဝမှ ထိုဘုံဘဝ၌ အိုနာသေဒုက္ခကို ရွံမုန်း၍ သံသရာအား ဘေးအဖြစ် ရှုမြင်သောဉာဏ်အားဖြင့် သီလ၊သမာဓိ၊ပညာကို ဆင့်ယူပွားများလျင် နောင်တစ်ဖန် ပဋိသန္ဓေ မနေရခြင်း သုခကို ရနိုင်၏။ အရင်းခံရေသောက်မြစ်အားဖြင့် အဒေါသဓာတ်(မေတ္တာဓာတ်)သို့ ပြုပြင်ပြောင်းပေးခြင်းသည် ငရဲဘုံ၌ ဖြစ်ရခြင်းဒုက္ခမှ လွတ်ကင်း၍ ကောင်းသောဘုံဘဝမှ ထိုဘုံဘဝ၌ အိုနာသေဒုက္ခကို ရွံမုန်း၍ သံသရာအား ဘေးအဖြစ် ရှုမြင်သောဉာဏ်အားဖြင့် သီလ၊သမာဓိ၊ပညာကို ဆင့်ယူပွားများလျင် နောင်တစ်ဖန် ပဋိသန္ဓေ မနေရခြင်း သုခကို ရနိုင်၏။ အရင်းခံရေသောက်မြစ်အားဖြင့် အမောဟဓာတ်(ပညာဉာဏ်ဓာတ်)သို့ ပြုပြင်ပြောင်းပေးခြင်းသည် တိရစ္ဆာန်ဘုံ၌ဖြစ်ရခြင်း ဒုက္ခမှ လွတ်ကင်း၍ ကောင်းသောဘုံဘဝမှ ထိုဘုံဘဝ၌ အိုနာသေဒုက္ခကို ရွံမုန်း၍ သံသရာအား ဘေးအဖြစ် ရှုမြင်သောဉာဏ်အားဖြင့် သီလ၊သမာဓိ၊ပညာကို ဆင့်ယူပွားများလျင် နောင်တစ်ဖန် ပဋိသန္ဓေ မနေရခြင်း သုခကို ရနိုင်၏။
ဤသို့ဆိုလျင် အရင်းခံရေသောက်မြစ်ကောင်းအောင် စိတ်ကို ကောင်းသောနေရာ၌သာ ကျက်စားစေပါ။ ကာမဂုဏ်အာရုံ၌ ကျက်စားပျော်ပါးနေသောစိတ်ကို ဒါနအာရုံ၊ သီလအာရုံ၊ သမာဓိအာရုံ၊ ပညာအာရုံ၌ ကျက်စားစေ၍ ကောင်းမြတ်သော အရင်းခံများဖြစ်အောင် နှစ်သစ်မှာ ပြုပြင်မှုအသစ်များဖြင့် လုပ်ဆောင်သွားရပေမည်။
နိဂုံးချုပ်အားဖြင့် အကြောင်းအရင်းတိုက်ဆိုင်၍ စာအဆုံးသတ်ရေးသားဖော်ပြလိုသည်မှာ လူငယ်သည် နိုင်ငံ၏ ရေသောက်မြစ်အရင်းခံဖြစ်သည်။ ထို့ကြောင့် နိုင်ငံ၏ အေးချမ်းသာယာ တိုးတက်မှုအကျိုးမှာ လူငယ်များ၏ စိတ်ဓာတ်၌ အကြောင်းခံ အရင်းခံသည်။ ဤသို့ဆိုလျင် လူငယ်များ၏ စိတ်ဓာတ်သည်ကား မည်သည့်အရာ၌ အရင်းခံသနည်း။ အပေါ်၌ ပြဆိုခဲ့သော အာရုံ၌ ကျက်စားစေသော၊ ထားစေသောစိတ်၌ အရင်းခံသည်။ ထို့ကြောင့် လူငယ်များ၏ စိတ်ကို ဒါနအာရုံ၊ သီလအာရုံ၊ သမာဓိအာရုံ၊ ပညာအာရုံ၌ များစွာ ကျက်စားစေသင့်သည်။ ဓမ္မဒူတ ဇေတ၀န်တောရ ဆေကိန္ဒာရာမကျောင်းတိုက်တွင် ကလေးတရားစခန်းများ၊ ဆရာတော် ဦးကောဝိဒ(မြိတ်)၏ ဗုဒ္ဓယဉ်ကျေးမှု အခြေပြုသင်တန်းများကိုတွေ့ရ၍ ထိုကလေးများ၏ ကုသိုလ်ပါရမီထူးမြတ်ပုံနှင့် ကလေးများ၏ ရှေ့အရေးကို မှန်းဆ၍ လွန်စွာ ပီတိဖြစ်မိသည်။
လေးစားစွာဖြင့်
ဝင်းမြင့်
Read more...










