ကျွန်ုပ်၏ ဒဿနများ (၁၁)...
လူသားတွေ တီထွင်ထားတဲ့ တရားဥပဒေက ဘက်လိုက်မှု ရှိသေးတယ်။
ကျွန်ုပ်တို့ဟာ မကောင်းတဲ့ဘက်ကိုပဲ တရစပ် ပြေးချင်နေကြတာ။
Read more...
ဓမ္မ အနှစ်သာရများ စုဝေးရာနေရာ
Labels: ကျွန်ုပ်၏ ဒဿနများ...
Posted by ဘုန်းဘုန်း ဦးဝိစိတ္တ at 11:28:00 PM
Labels: ၄။ ဓမ္မရသစာစုများ
ဝိဉာဏ်တရား ကိုလည်း နယ်လေးပါး နည်းလေးပါး နှင့် ရှင်းပြပါအုံးမယ် ဘုရား။ ဝိဉာဏ် ဟူ သော စကားကို ကြားသိရသောအခါ မသိခြင်း အထင်၊ ကောင်းခြင်း အထင်၊ဆိုးခြင်း အထင် အားဖြင့် အထင် (၃)မျိုးတွင် တစ်ခုခု စိတ်မှာထင်လာပါတယ်။
စိတ်မှာထင်လာသော အထင် အထည် သိစရာကို (အဝိဇ္ဇမာန ပညတ်နယ်) ဟုခေါ်ပါတယ်။ စိတ်မှာထင်လာသည့်အတိုင်း (ငါထင်တာအမှန်၊ အခြား အထင်အမှား) ဟု အဟုတ်ထင်ခြင်း၊ အဝိဇ္ဇာ ဟုခေါ်ပါတယ်။
စိတ်မှာ ထင်လာသော (အထင်အထည်တွေဟာ တကယ်မရှိ၊ ပြောဆို ဆက်သွယ် လို့ရရုံသာ တပ်ထားသော နာမည်မျှသာဖြစ်ပါတယ်။ ဟုသိမြင်ခြင်း ကို ဝိဇ္ဇာဉာဏ် လို့ခေါ်ပါတယ်။
ဝိဇ္ဇာ ဉာဏ်ဟူသော စကား၏ ခန္ဓာ တွင် တွေ့လို့ရသော တရားကိုယ်မှာ သိမှု အစဉ်သည် ( ဝိဇ္ဇမာန ပညတ်နယ် )ဖြစ်ပါတယ်။ ( မသိ၊ ဆိုး၊ကောင်း) ဟူသည်မှာ သတ်မှတ်ချက် အထင်မျှ သာ ဖြစ်ပါတယ် ။
အမှန်ရှိသော တရားမဟုတ်ပါ။ သိမှု အစဉ် ဝိဉာဏ်တရားကို (ဒါပဲရှိတယ်၊ တခြားဟာတွေ မရှိ)ဟု ဘောင်ခတ်ပြီး အဟုတ်ထင်လျှင် *အဝိဇ္ဇာ* ဖြစ်တယ်ခေါ်ပါတယ်။
သိမှု အစဉ် ဝိဉာဏ်တရားသည် (၁)နာရီ၊ (၁)မိနစ် တပြိုင်နက် ရ လာသည် မဟုတ်။တစ်စက္ကန့်ကို ကုဋေ တစ်သိန်းစိတ် ပြီး ထို အစိတ်ထဲ မှ တစ်ခုစီ တစ်ခုစီသော ဖြစ်ပျက်သဘောလေးသာ တပြိုင်နက်ရခြင်း ဖြစ်ပါတယ်။
ထို ဖြစ်ပျက်သဘောလေးတွေ ကုဋေ တစ်သိန်းပေါင်းမိမှ တစ်စက္ကန့်ဖြစ်ပါတယ်။စက္ကန့် (၆၀) မှ တစ်မိနစ် ဖြစ်ပါတယ်။မိနစ် (၆၀) မှ တစ်နာရီ ဖြစ်ပါတယ်။
သိမှု ဝိဉာဏ်တရား၏ ကုဋေ တစ်သိန်းသော အစိတ် ထဲမှ တစ်ခုသော ဖြစ်ပျက်သဘောလေး သည် ( သဘောနယ်) ဖြစ်ပါတယ်။ ထိုသဘောနယ်တွင်သိရသော ဖြစ်ပျက်သဘောလေး တစ်ခုသည် ဝိဉာဏ်၏ ဘဝ အစစ်ဖြစ်ပါတယ်။
ဝိဉာဏ်၏ ဘဝ အစစ် ကို သိ ရသော အခါ ဝိဇ္ဇမာနပညတ်နယ် တွင်သိရသော အစဉ်သန္တန် များ အမှန်မရှိပဲ ၊စိတ်ထဲမှာ ထင်ရုံမျှသာ ဖြစ်ပြီး ဝိဉာဏ်၏ ဘဝ အတုသာဖြစ်ကြောင်းကို မြင်သိခြင်းသည် * ဝိဉာဏ်*ဖြစ်ပါတယ်။
ထိုဝိဇ္ဇာ ဉာ ဏ် ထက် အဆင့်မြင့်သော အဝိဇ္ဇာ တရားရှိပါသေးတယ်။ ဖြစ်ပျက် သဘော လေး တစ်ခု သာရှိသော ဝိဉာဏ်တရားကို ( ဒီ ဖြစ်ပျက်လောက် လောက်တော့ သူစွမ်းသေးတယ် )ဟု အဟုတ်ထင်သော အဝိဇ္ဇာတရားသည် ဖြစ်နေပြန်ပါတယ်။
ထိုဖြစ်ပျက်လေး တစ်ခုသည် သင်္ခါရ မပါပဲ လုံးဝ မဖြစ်နိုင်ပါဘူး။ ဖြစ်နိုင်တဲ့ အားမှ မူလက ပျက်နေသော ကြောင့် (သုည)သာ ဖြစ်ပါတယ်။ ဤ မူလပျက် သဘော သုည နယ် ကို သိလိုက်မှ အဝိဇ္ဇာ ဖြစ်ခွင့်မရပဲ ဝိဇ္ဇာ ဉာဏ်သာ ဖြစ်ပါတယ်ဘုရား။
နည်းလေးပါးနှင့်ပိုင်းခြားလိုလျှင် ၊ ဝိဉာဏ်တရားတစ်ခုကို ( ဖြစ်ပျက်သဘော နှင့် မူလပျက်သဘော ) ဟု ပိုင်းခြားသိမြင်ခြင်းသည် အဗျာပါရ အနတ္တ နည်းဖြစ်ပါတယ်။ ဤ နည်းဖြင့် (ဝိဉာဏ်ကို အနှစ်သာရ ရှိတယ်။) ဟုထင်သော သက္ကာယဒိဋ္ဌိ အတ္တဒိဋ္ဌိကို ပယ်နိုင်ပါတယ်။
သင်္ခါရနှင့်ဝိဉာဏ်တို့သည် ဆက်စပ်ပြီးဖြစ်ကြတယ်ဟုသိမြင်ခြင်းသည် ဧကတ္ထနည်း လို့ ခေါ်ပါ တယ်။ ဤနည်းဖြင့် (တရားတစ်ခုသည် သဘော နှစ်ခုရှိတယ်၊ လုံးဝ မဆက်စပ်ဘူး)။ဟုထင်သော ဥစ္ဆေဒဒိဋ္ဌိ ကို ပယ်နိုင်ပါတယ်။
သင်္ခါရနှင့် ဝိဉာဏ်တရား တို့သည် ( သင်္ခါရ အနိမ်၊့အမြင့်၊ဝိဉာဏ် အနိမ်၊့အမြင့် ရှိကြတယ် ) ဟုသိမြင်ခြင်းသည် နာနတ္ထနည်းဖြစ်ပါတယ်။ ဤနည်းဖြင့် (ဆက်စပ်လျှင် ပုံစံတစ်မျိုးတည်း ဖြစ်ရမည်။) ဟုထင်သော သဿတဒိဋ္ဌိ ကိုပယ်နိုင်ပါသည်။
သင်္ခါရကောင်းသလောက်၊ ဝိဉာဏ်ကောင်းမည် ။ သင်္ခါရဆိုးသလောက် ဝိဉာဏ်ဆိုးမည် အကြောင်းအကျိုးတရား တွေဟာ များရာသို့ ဆောင်တတ်တယ် ဟုသိမြင်ခြင်းသည် ဧဝံ ဓမ္မတာ နည်း ဖြစ်ပါတယ်။
ဤနည်းဖြင့် ( အနိမ့်အ မြင့်ရှိလျှင် ပြောင်းလဲမှု မရှိတော့ဘူး။ လုပ်တိုင်း မဖြစ်ဘူး) ဟုထင် သော အဟေတုကဒိဋ္ဌိ၊ အကိရိယဒိဋ္ဌိကိုပယ်နိုင်ပါတယ်။
ဝိဉာဏ်အကြောင်း ဒီလောက်ဆိုနား လည်လောက်ပါပြီ။
Tags: ဝိဉာဏ်
ဗာရာဏသီဆောင်းတစ်ညမှာ အအေးဓါတ်ကို မျက်ကွယ်ပြုမိတော့ မနက်လင်းတာနဲ့ တစ်ကိုယ်လုံးနာကျင်လို့ပါပဲ။
မစိုးရိမ်ကိုလည်း ဆက်မလွမ်းနိုင်။ ဒေါင်းမြူးချောင်းတေးလည်း ဆက်မရေးနိုင်ဖြစ်ခဲ့ရသပေါ့။ အမေရေ ကမ္ဘာမြေရဲ့ နာမကျန်းသူတွေထဲ သားလည်း အပါအ၀င်ဖြစ်ခဲ့ပြီ။ ပုထုဇဉ်ရဟန်းတစ်ပါးရဲ့ သံဝေဂမှာ အမေ့ကို တမ်းတခြင်းလည်း အစိတ်အပိုင်းတစ်ရပ်ဖြစ်နိုင်ပေရဲ့။ ဒီလိုနဲ့ မိတ်ဆွေရဟန်းတစ်ပါးရဲ့ အခန်းမှာ ကွေးရင်း၊၊မိတ်ဆွေရဟန်းတော်ရဲ့ သဒ္ဓါတရားစစ်စစ်ဆန်ပြုတ်နွေးနွေးကို လွေးရင်း စာအုပ်အဟောင်းတွေကို ဖတ်မိ၊
ဆရာအောင်သင်းရဲ့ “နှလုံးသားကို လေးပေါ်တင်၍ ပစ်သောအခါ” စာအုပ်ထဲက “လောကတွင် စည်းစိမ်အရှိဆုံးမှာ အနည်းငယ်နေမကောင်းခြင်းဖြစ်သည်” ဆိုတဲ့ စကားလေးကို ပြန်အမှတ်ရမိတယ်။ ဘာပဲဖြစ်ဖြစ်
ဇိမ်မကျလှဘူးဗျ။ ကိုယ့်ရပ်ကိုယ့်ရွာ ကိုယ့်အမေအိမ်ဆိုရင်တော့ ဇိမ်ကျကောင်းဇိမ်ကျနိုင်ပါတယ်။
ခုတော့ သူစိမ်းတို့ရပ်ဝန်းမှာ နေရတဲ့အခိုက် မိတ်ကောင်းဆွေကောင်းလေးရှိလို့သာ ခုလို စာလေးပေလေးနဲ့ ကွေးနေနိုင်တာပါ။ ဒါပေမယ့် မျက်နှာပူစရာပါ။ ကျေးဇူးတင်ပါတယ် မိတ်ဆွေ။
စာအုပ်အဟောင်းတွေထဲ ပိုးဟတ်တစ်ကောင်လို တိုးဝင်တတ်တာ အကျင့်ပါနေတော့ ၂၀၀၈ ခုနှစ် မတ်လထုတ် သရဖူမဂ္ဂဇင်းတစ်အုပ်ထဲက ကဗျာတစ်ပုဒ်ကို သွားထိမိပါတယ်။ ကဗျာဆိုတာကလည်း သူသိရသလောက် ဖတ်လို့နားမလည်တဲ့ကဗျာ။ ဖတ်လို့နားလည်တဲ့ ကဗျာ။ နားလည်ပေမယ့် ဖတ်လို့ မကောင်းတဲ့ကဗျာ။ ဖတ်လို့ကောင်းပေမယ့် နားမလည်တဲ့ ကဗျာ။(ရိုးရိုးသားသားပြောမိတာပါ၊ ပညာရပ်ဆိုင်ရာဝေါဟာရတွေလည်း နားမလည်ဘူးလေ။)
ဖတ်မိတဲ့ကဗျာခေါင်းစဉ်က “ ၀ိမုတ္တိရှုမျှော်ခင်း” ရေးသူက နိုင်မွန်အောင်သွင်.....။ ကဗျာခေါင်းစဉ်ကတော့ လွတ်မြောက်မှုမြင်ကွင်းကို ရည်ညွှန်းထားတာ ရိပ်မိလိုက်ပါတယ်။
ကဗျာဖတ်ပြီးချိန်မှာတော့ ရေးရေးရိပ်ရိပ် မြင်သာထင်သာရှိလာသလိုပါပဲ။ ဒါပေမယ့် အပြည့်အ၀နားမလည်နိုင်သေးတာ အမှန်ပါ။ နားမလည်ပေမယ့် ဆက်ဖတ်ချင်လို့ ဖတ်မိပြန်ပါတယ်။ အံသြစရာကောင်းတာက ကဗျာရဲ့ အနှစ်သာရက လောကုတ္တရာအတွင်းသားဆီ တရွေ့ရွေ့ပို့နေတာကိုလည်း ဖတ်ရင်းနဲ့ သိသာလာပါတယ်။
ကျေးဇူးပါ မစ္စတာနိုင်မွန်အောင်သွင်၊
ဒီကဗျာမှာ ဆွဲနှုတ်၊ လွတ်မြောက်စေ နဲ့ လွှတ်ပေးဆိုတဲ့ ကြိယာသုံးခုကို စနစ်တကျသုံးစွဲထားတာကိုတော့ သတိပြုမိလိုက်ပါတယ်။
လေးညှို့မှ မြားတို့ကို ဆွဲနှုတ်ပယ်ပစ်ခဲ့ပြီ။
ထောင်ချောက်မှ နာကျင်ခြင်းတို့ကို လွတ်မြောက်စေခဲ့ပြီ။
ချည်တိုင်မှ နွားတို့ကို လွှတ်ပေးခဲ့ပြီ။
ကျွန်ုပ်မှာ မလွတ်မြောက်နိုင်သေးသမျှသောစိတ် ကျွန်တော်ဘ၀မှ
စာနာရိုကျိုးသော နှလုံးဖြင့် တစ်နေ့တာကို ရွေ့လျားခဲ့ပါသည်။
လေးညှို့မှ မြားကို ဆွဲနှုတ်
ထောင်ချောက်မှ နာကျင်ခြင်းကိုလွတ်မြောက်စေ
ချည်တိုင်မှ နွားတို့ကို လွှတ်ပေး...
ပထမအပိုဒ်ထဲကို တိုးဝင်ကြည့်လိုက်တော့ တစ်ခါမှ မလွတ်လပ်ဖူးတဲ့လူတစ်ယောက်လိုပဲ
မြူးသွားပါတော့တယ်။
ရိုးစင်းတဲ့ ပုထုဇဉ်တစ်ယောက်ရဲ့ သာမန်ဘ၀.........။
ကဗျာရေးသူက ပုထုဇဉ်တော့ ပုထုဇဉ်။ ဒါပေမယ့် ဗြဟ္မစိုရ်ကျင့်သုံးနေဆဲ ပုထုဇဉ်အဖြစ် ရွေ့လျားနေခဲ့ပါပြီတဲ့။
ကဗျာဆရာကိုယ်တိုင်လည်း “မလွတ်မြောက်နိုင်သေးသမျှစိတ်” အကျဉ်းထဲက သူလွှတ်ပေးနိုင်တာတွေ လွှတ်ပေးနေခဲ့တာပါ။ သံသရာဝန်တွေပိနေတာမှန်ပေမယ့် လူမှုဘ၀နယ်ပယ်နဲ့ လောကအခင်းအကျင်းမှာတော့ ဗြဟ္မစိုရ်တရားတွေ သိပ်သိပ်သည်းသည်း ထိထိစပ်စပ် နွေးနွေးထွေးထွေး အေးအေးမြမြလိုအပ်နေခဲ့တာကတော့ တကယ့်အမှန်တရားပါ။
ကတိက၀တ်မှ စူးနစ်လှောင်ပိတ်ခြင်းတို့ကို ဆွဲနှုတ်ပစ်ပယ်ခဲ့ပြီ။
မုန်တိုင်းအစမှ လေပြေလေညင်းတို့၏ သိမ်မွေ့မှုတို့ကို လွတ်မြောက်စေခဲ့ပြီ။
မိုးတိမ်တောင်ညိုတို့၏ ပိတ်ဆို့ကာဆီခြင်းတို့မှ နေရောင်တ၀င်းဝင်းတို့ကို လွှတ်ပေးခဲ့ပြီ။
ကျွန်ုပ်မှာ မလွတ်မြောက်နိုင်သေးသမျှစိတ် ကျွန်တော်ဘ၀မှ
ဒုက္ခတစ်ဝက်ခန္ဓာဖြင့် အလင်းဖျော့ စက်ဝန်းတစ်ရပ်စာကို ရွေ့လျားခဲ့ပါသည်။
ကတိက၀တ်မှ စူးနစ်လှောင်ပိတ်ခြင်းကို ဆွဲနှုတ်..
မုန်တိုင်းအစမှ လေပြေလေညင်းတို့၏ သိမ်မွေ့မှုတို့ကို လွတ်မြောက်စေ..
မိုးတိမ်တောင်ညိုတို့၏့ ပိတ်ဆို့ကာဆီးခြင်းမှ နေရောင်တ၀င်းဝင်းတို့ကို လွှတ်ပေး
လောကီလူမှုနယ်ပယ်တွေကိုပဲ ခပ်ပါးပါးညွှန်းပါရစေတော့။
ကတိတွေအထပ်ထပ်ပေးရတဲ့ နေ့ရက်များ ပေးထားတဲ့ကတိတွေကိုပဲ ထပ်တလဲလဲ ချိုးဖျက်မိနေတဲ့ ဘ၀အစုန်အဆန်....သူတစ်ပါးကို မိဘကို မိသားစုကို မိတ်ဆွေတွေကို ပေးထားတဲ့ကတိတွေ ပေးမိတဲ့ကတိတွေ ပေးလိုက်ရတဲ့ကတိတွေ....ကိုယ့်ကိုယ်ကို ပေးထားတဲ့ကတိတွေက ကိုယ်ကိုယ်တိုင်အတွက်တောင် မလုံခြုံခဲ့ပါလား။
“ခင်ဗျားအရက်ဖြတ်လိုက်ပြီဆိုဗျ”ဆိုတဲ့စကားကို ကြောင်အအရီဝေေ၀နဲ့ ပြန်ကြည့်ခဲ့ရတဲ့ ရှက်ရွံ့နာကျင်ဖွယ်တိုက်ဆိုင်မှုများ...“အဖေကြီး ပြောတော့ ဒီနှစ်ကျောင်းအပ်ပေးမယ်ဆို“လို့ အားကိုးတကြီးမော့ကြည့်နေရှာတဲ့ သမီးလေးရဲ့ မျက်ဝန်းကို မျက်နှာလွှဲလိုက်ရတဲ့ ကတိမတည်နိုင်ရှာတဲ့ ဖခင်တစ်ယောက်ရဲ့ အဇ္ဈတ္တမိုးခါးများ...
“မင်းပြောတော့ ဒီနှစ်ဆိုရင် စာမေးပွဲအောင်ပါပြီဆိုကွ” စာမေးပွဲကျရှုံးလို့ အားငယ်တိုးတိတ်နေတဲ့ သားတစ်ယောက်နဲ့ မျှော်လင့်ချက်ကြီးမားရှာတဲ့ ဖခင်တစ်ယောက်ကြားက ကတိများ....
ကတိတွေ ကတိတွေ
မိသားစုအသိုက်အမြုံသေးသေးလေးကနေ နိုင်ငံအရေးအရာတွေထိ ပေးထားမိတဲ့ ကတိတွေ...မတည်နိုင်ခဲ့တဲ့ကတိတွေ....
ငယ်ငယ်တုန်းကဖတ်ခဲ့ရတဲ့ ဘကြီးအောင်ညာတယ်ဆိုတဲ့ ကတိတွေ.....။ လောကရှုမျှော်ခင်းထဲမှာ ကတိတွေနဲ့လှောင်ပိတ်ခဲ့နေပါရောလား။ ကတိတွေဟာ အနှောင်အဖွဲ့ဆိုပါလား ဆွဲနှုတ်ပစ်..။
ကတိတွေ ကျိုးပဲ့လို့ လူမှုဘ၀ဟာ မုန်တိုင်းဆန်လာလေရဲ့...။ပဋိပက္ခတွေ ငြင်းခုန်ရန်လိုမှုတွေနဲ့ ပြက္ခဒိန်စာမျက်နှာတွေဟာ ပြဿဒါးတွေချည်းမွေးဖွားနေတော့တယ်..အဲဒီမုန်တိုင်းအစထဲက လေပြည်တွေကို လွတ်မြောက်စေကြ....
လူတစ်ဦးချင်းဆီရဲ့ အခွင့်အရေးတွေဟာ နေရောင်တ၀င်းဝင်းတွေပါပဲ။ လူတစ်ဦးချင်းစီရဲ့ အခွင့်အရေးတွေကို အသိအမှတ်ပြုကြ......ကဗျာဆရာရှဲု့ စကားနဲ့ ပြောမယ်ဆိုရင်တော့ ပိတ်ဆို့ခံထားရတဲ့ နေရောင်တ၀င်းဝင်းတွေကို လွှတ်ပေးကြ.....။
ဗြဟ္မစိုရ်တရားလက်ကိုင်ထားတဲ့ ကဗျာဆရာကတော့ အမြင်မတော်တာတွေကို ဆွဲနှုတ်ပစ်ချင်.. လွတ်မြောက်စေချင်..လွှတ်ပေးချင်နေရှာပါတယ်။ ဒါဟာ ကဗျာဆရာရဲ့ ဓမ္မဒိဌာန်ပါပဲ..။
ဗြဟ္မစိုရ်ခွန်အားမရှိပဲ ၀ိပဿနာတကားကားလုပ်နေသူတွေကိုတော့ ကဗျာဆရာရဲ့ ကိုယ်စား အနည်းငယ်သရော်လိုက်ပါတယ်။
ကဗျာဆရာကတော့ စာနာရိုကျိုးသော နှလုံးဖြင့် ဆိုတာနဲ့ ဗြဟ္မစိုရ်ကို လှစ်ပြခဲ့ပါပြီ..။စာနာမှုတွေ ထွန်းကားရင် နာကျင်ကြေကွဲမှုတွေ လွင့်ပါးသွားရမှာပါပဲ..
ဘာပဲဖြစ်ဖြစ် ကဗျာဆရာကတော့ ဒုက္ခတစ်ဝက်ခန္ဓာဖြင့် အလင်းဖျော့ စက်ဝန်းတစ်ရပ်စာကို ရွေ့လျားခဲ့ပါသည်။ လို့ ပြောခဲ့ပါတော့တယ်။ ကဗျာဆရာက တရွေ့ရွေ့ပြောင်းလဲမှုထဲမှာ ကမ္မဌာန်းအာရုံတစ်ခုကို စူးစူးစိုက်စိုက် ရှုမှတ်နေပြီလို့ ယုံကြည်ရတဲ့အခြေအနေပါ။ ဒုက္ခတစ်ဝက်ခန္ဓာတဲ့ အလင်းဖျော့ စက်ဝန်းတစ်ရပ်စာတဲ့......။
ဥပါဒါန်မှ သံသရာတို့ကို ဆွဲနှုတ်ပယ်ပစ်ခဲ့ပြီ။
နယ်နိမိတ်ထဲမှ လူမျိုးတစ်ရာ့တစ်ပါးတို့ကို လွတ်မြောက်စေခဲ့ပြီ။
ကာရန်ထဲမှ ကဗျာကို လွှတ်ပေးခဲ့ပြီ။
ကျွန်ုပ်မှာ မလွတ်မြောက်နိုင်သေးသမျှစိတ် ကျွန်တော်ဘ၀မှ
နွံမပျော်နိုင်ရပါလိုသော စိတ်စေတသိက်ဖြင့် ရွေ့လျားခဲ့ပါသည်။
ကဗျာဆရာဟာ ဥပါဒါန်ကိုစွန့်လွှတ်လိုက်ပါပြီတဲ့၊ အရိယာဆန်လာတာပါ။ (ဒီနေရာမှာအရိယာဆန်လာတာလို့ပဲ သုံးခဲ့ပါတယ်) ဒီအဆင့်မှာ လူကို လူလိုပဲ မြင်ကြရတော့မှာပါ။ အသွေးအရောင် နယ်နိမိတ်တွေ ဂလိုဘယ်ဖြစ်ရတော့မှာပါ ။ ဒဿနအစွဲတွေနဲ့ ဝေေ၀၀ါးဝါး အစ်ဇင်တွေနဲ့ ထွေပြားခဲ့တာတွေ ရပ်ပစ်ကြရတော့မှာပါ။
ကိုယ့်အမျိုးကို ကိုယ်စောင့်ရှောက်ရမှာ သေချာပေမယ့် မျက်ကန်းမျိုးချစ်စိတ်တွေဟာ အလုပ်မဖြစ်တော့တာ သေချာခဲ့ပါပြီ...။.ကူးကြသန်းကြ လက်ဆွဲနှုတ်ဆက်ကြ. အပြုံးတွေ ဝေငှကြ ...
ကဗျာဆရာက ဥပါဒါနပစ္စယာ ဘဝေါ ဆိုတာကြီးကို.....။ လူမျိုးအစွဲတွေ နောက်ဆုံး ကဗျာဆရာတစ်ယောက်ရဲ့ အဆုံးစွန်အတ္တဖြစ်တဲ့ ယုံကြည်ချက်အစွဲအလမ်းဖြစ်တဲ့ ကာရန်တွေကိုတောင် လွှတ်ပေးခဲ့ပြီတဲ့။
နွံမပျော်နိုင်ရပါသော စိတ်စေတသိက်ဆိုပဲ...။ ကိလေသာနွံတွေထဲ မပျော်နိုင်ရပါသောစိတ်စေတသိက်.....အဲဒါ လိုအပ်ချက်အစစ်ပဲ။
အချိန်ထဲမှ နာရီပညတ်တို့ကို ဆွဲနှုတ်ပယ်ပစ်ခဲ့ပြီ။
နာရီပညတ်များထဲမှ စောင့်စားရခြင်းဝေဒနာများကို
လွတ်မြောက်စေခဲ့ပြီ။
စောင့်စားရခြင်းဝေဒနာများတို့မှ သက်ပြင်းအစအနများကို
သက်ပြင်းအစအနများမှ ရာသီပြောင်း ခေါင်းလောင်းသံများကို
ရာသီပြောင်းခေါင်းလောင်းသံများမှ နာကျင်စွာ
သတိရနေတတ်ခြင်းတို့ကို
နာကျင်စွာ သတိရနေတတ်ခြင်းများမှ ကြာပွတ်ရာများကို
လွှတ်ပေးခဲ့ပြီ လွှတ်ပေးနိုင်ခဲ့ပါပြီ။
တောမီးလောင်ခဲ့သမျှသော စကြ၀ဠာတို့သည်ပင်
သံသရာရှုမျှော်ခင်း၌ အစက်အပြောက်အဖြစ်နှင့်သာ ရှိ၍
မာကျောချွန်မြလှစွာသော ငါ့အတ္တတို့သည်လည်း
ငါ့ခန္ဓာ၏ အလွန်သို့ ပျော့ပျောင်းသိမ်မွေ့စွာ
လွတ်မြောက်နိုင်ကြပါစေသား။
ဒီကဗျာက စကားလုံးတွေအများကြီး တွေးစရာတွေအများကြီးကို ဖြစ်စေတာတော့ အမှန်ပါ။ ဒါပေမယ့်ရေးရင်းနဲ့ ခေါင်း(ဂေါင်း)တစ်ခြမ်းကိုက်လာလို့ ခဏလောက်တော့ နားပါရစေဦး။ ဘာပဲဖြစ်ဖြစ် ရေးစရာလေးတွေကလည်း ရှိနေတော့ ရေးမိနေဦးမှာပါပဲ။ ခေါင်းကိုက်တယ်ဗျို့..။
Posted by ဓမ္မဂင်္ဂါ at 1:13 AM
Labels: ကဗျာဖတ်ခြင်းIt is wonderful to see many of you today in this hall for the Dhamma talk this morning," said Venerable Sayadaw U Vimala.
There are 5 advantages in listening to Dhamma talks, namely
ကျွန်တော်တို့ ထေရ၀ါဒဗုဒ္ဓဘာသာလူငယ်များအနေဖြင့် အောက်တိုဘာလအတွက် (၁၉)ကြိမ်မြောက်အဖြစ် လှူဒါန်းခဲ့သော နေရာများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
(၁)တောင်သာမြို့နယ်၊ မကြီးချိုကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်းအတွက် အလှူငွေ(၇)သိန်း ကျပ်ကို မနုနုယဉ် (၉/တသန(နိုင်)၀၈၆၀၅၆၊ ရွှေရည်လင်းပွဲရုံ၊ ပျဉ်းမနား၊ ဘောဂသီရိကားကွင်း၊ နေပြည်တော်၊ မြို့မဈေးပွဲရုံတန်း နေပြည်တော် ၊ သပြေကုန်းဈေးပွဲရုံတန်း နေပြည်တော်။ ဖုန်းနံပါတ် - ၀၆၇-၂၂၅၃၅) ထံသို့ ရိုးမဘဏ် (ပျဉ်းမနား)မှ လှူဒါန်းခဲ့ပါသည်။ ယခုအချိန်တွင် ထိုမူလတန်းကျောင်း ဆောက်လုပ်ဆဲဖြစ်ပါသည်။ မှတ်တမ်းဓါတ်ပုံများကို ကျောင်းဆောက်လုပ်ပြီးချိန်တွင် သီးသန့်ဆက်လက်ဖော်ပြပေးမည် ဖြစ်ပါသည်။
(၂)မွန်ပြည်နယ်၊ ဘီးလင်းမြို့၊ မြင်သာထေရ၀ါဒပရိယတ္တိစာသင်တိုက်နှင့် ဘုန်တော်ကြီးသင်ပညာရေးကျောင်း၊ အတွက် အလှူငွေ(၄)သိန်းကျပ်ကို မခင်နှင်းအောင် (မှတ်ပုံတင်- ၁၀/ဘလန(နိုင်)၀၅၁၄၃၇ အမှတ်(၃) သီတာလမ်း၊ ဘိုးရာဇာရပ်ကွက်၊ ဘီးလင်းမြို့ ( မွန်ပြည်နယ် ) ဖုန်း / ၀၅၇ - ၆၄၃၀၂)ထံသို့ ဘီးလင်းမြို့ မြန်မာ့စီးပွားရေးဘဏ်မှ လှူဒါန်းခဲ့ပါသည်။ ထိုသို့လှူဒါန်းမှုတွင် မှတ်တမ်းဓါတ်ပုံများမှာ နေရာဝေးကာလွန်း၍ အင်တာနက်မှ ပြန်လည်ပေးပို့ပေးရန် အခက်ခဲများရှိသည့်အတွက် လက်ရှိတွင် ဖော်ပြနိုင်ခြင်းမရှိသည်ကို ခွင့်လွှတ်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါသည်။ အခွင့်အားလျော်စွာ ထိုမှတ်တမ်းဓါတ်ပုံများကို ပြန်လည်ဖော်ပြပေးမည်ဖြစ်ပါသည်။
(၃)ကနီမြို့တွင် ဆောက်လုပ်လျှက်ရှိသော ဘုရားရှင် ကန္ဓကုဋီကျောင်းဆောင်တော်အတွက် ကိုညီညီရှိန်၏ ဇနီးထံကို အလှူငွေ(၃)သိန်းကျပ်အား မသန္တာဦး (ဗကညီညီရှိန်၏ဇနီး)၊ (အမှတ်-၄၅၊ ၆-လွှာ၊ ကျောက်မြောင်း ကြီးရပ်ကွက်၊ အောင်မင်္ဂလာလမ်း၊ တာမွေမြို့နယ်၊ ဖုန်း-095088398)ထံသို့ ဗိုလ်ကြီး ထွန်းထွန်းလှိုင်မှ သွားရောက် လှူဒါန်းခဲ့ပါသည်။ မသန္တာဦးမှ ကနီမြို့ ကျောင်းတော် ဆောက်လုပ်မှုအတွက် သွားရောက်ကူညီ ဆောင်ရွက်ပေးခဲ့ပါသည်။ သို့သော် ကျောင်းအလှူ မှတ်တမ်းဓါတ်ပုံများမှာ ပြန်လည်ပေးပို့ခြင်း မရှိသေးသည့်အတွက် သီးခံစောင့်ဆိုင်းပါရန် ထပ်ဆင့်မေတ္တာရပ်ခံ အပ်ပါသည်။
(၄)နာဂစ်မုန်တိုင်းဒဏ်ခံခဲ့ရသော ဧရာဝတီတိုင်း၊ ကွမ်းခြံကုန်းမြို့နယ်၊ မန်တလိတ်ကျေးရွာတွင် စပါး ပြန်လည်စိုပျိုးရန် မျိုးစေ့အတွက် လိုအပ်သောငွေကို လှူဒါန်းခဲ့ပါသည်။ ထိုအတွက် အလှူငွေကို ပထမဦးစွာ အန်တီ ဒေါ်ခင်မေလွင်(ရန်ကုန်)ထံသို့ ပို့ပေးခဲ့ပါသည်။ ထိုအလှူအတွက် ကူညီဆောင်ရွက်ပေးမည့် မအေးအေးခိုင်-ဖုန်း ၀၉၅၁၉၅၃၀၈မှ အန်တီဒေါ်ခင်မေလွင်ထံသို့ လှူဒါန်းငွေ(၄)သိန်းကို လာရောက်ယူ၍ မန်တလိတ်ကျေးရွာတွင် ကူညီ၍ လှူဒါန်းပေးခဲ့ပါသည်။ ထိုသို့လှူဒါန်းမှုအတွက် မှတ်တမ်းဓါတ်ပုံများမှာ ကျွန်တော်တို့ထံသို့ မရောက်ရှိသေးသည့်အတွက် ပြန်လည်ဖော်ပြနိုင်ခြင်း မရှိသေးသောကြောင့် နားလည် နိုင်ပါရန် တင်ပြအပ်ပါသည်။
(အလှူဒါနအစုစုအတွက် ကူညီဆောင်ရွက်ပေးကြသော ဓမ္မမိတ်ဆွေအပေါင်းအား ထေရ၀ါဒဗုဒ္ဓဘာသာ လူငယ်များမှ အထူးကျေးဇူးတင်ရှိပါကြောင်း ဤနေရာမှ ပြောကြားအပ်ပါသည်။) ထိုကဲ့သို့ (၁၉)ကြိမ်မြောက် အလှူတော်အတွက် ၀မ်းမြောက်ဝမ်းသာစွာ သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ရန် အတွက် အောက်ပါဆောင်းပါး ဖြင့် ဓမ္မဒါနပြုအပ်ပါသည်။
လောကတွင် လူသားတိုင်း ကြီးပွားတိုးတက်ချမ်းသာချင် ကြသည်ဆိုသည်မှာ လောက သဘာဝတရားပင်ဖြစ်ပေသည်။ ကြီးပွားချမ်းသာဖို့အတွက်ပင် နေ့စဉ်နေ့တိုင်း လူသားတို့သည် ကြိုးစားရုန်းကန် လှုပ်ရှားနေရပေသည်။ ချမ်းသာသုခသည် စစ်မှန်သောအကြောင်းတရားကသာ ပေးစွမ်းနိုင်ပေသည်။ လူသားတိုင်းသည် စီးပွားဥစ္စာတိုးတက်ပြီး ချမ်းသာချင်ကြပေသည်။ လူသားတိုင်းသည် စီးပွားဥစ္စာပေါများသော်လည်း မတင်းတိမ်ပေ။ အသက်ရှည်စွာဖြင့် ကျန်းကျန်းမာမာနေချင်သည်။ ရာထူး၊ ဂုဏ်ကျော်ကြားမှုများကိုလည်း အဆုံးမရှိစွာ လိုအင်ဆန္ဒရှိပြန်ပေသည်။ နောက်ဆုံးအနေဖြင့် တမလွန်ဘ၀တွင်ပါ ကောင်းရာသုဂတိပါ ရောက်ချင်ပြန်ပေသည်။ လူသားတို့၏ မျှော်လင့်ချက်ကား မကုန်နိုင်ပေ။ ထိုသို့သော ချမ်းသာတရားများသည် ဓမ္မလမ်းကြောင်းမှ သွေဖီ၍ မည်သည့်ချမ်းသာသုခုမှ စစ်စစ်မှန်မှန်မရနိုင်ပေ။ မှန်ကန်သောဓမ္မလမ်းကြောင်းပေါ်မှ လျှောက်မှသာ မှန်ကန်သော ချမ်းသာသုခကိုရနိုင်ပေမည်။
မြတ်စွာဘုရားရှင်သည် လောကလူသားများအတွက် လောကမှာကြီးပွားကြောင်း ချမ်းသာကြောင်းတရား အနေဖြင့် မင်္ဂလာတရား(၃၈)ပါးကို၊ ဟောကြားတော်မူပေသည်။ မြတ်စွာဘုရားရှင် မပွင့်ထွန်းမှီ လူတွေ၊ နတ်တွေ၊ ဗြဟ္မာတွေအားလုံး မင်္ဂလာတရားရဲ့အဓိပ္ပါယ်ကို အမျိုးမျိုးဖွင့်ဆိုခဲ့တာဆိုရင် တစ်ဆယ်နှစ်နှစ် ကာလပတ်လုံးကြာမြင့်ခဲ့တယ်ဆိုတာ ဗုဒ္ဓဘာသာဝင်တိုင်း မင်္ဂလသုတ်တရားတော်ကို ရင်းနှီးစွာ ကြားနာဘူးပေသည်။ မိမိတို့၏ပတ်ဝန်းကျင်တွင်လည်း လူသားတိုင်း မင်္ဂလာပါဆိုတဲ့စကားလေးကို အမြဲတစေ ပြောဆိုနေသည်များကိုလည်း ကြားဘူးကြပေမည်။ လောကီမင်္ဂလာ တရားများသည် ဘုရားရှင်ဟောကြားသော မင်္ဂလာ တရားတော်နှင့် ကိုက်ညီပါ၏လော။
မင်္ဂလာဆိုသည်မှာ မကောင်းမူအကုသိုလ်မှန်သမျှဖယ်ရှားပစ်လိုက်ပြီး ကောင်းမူ့ကုသိုလ်တရားတွေ တိုးပွားအောင်ဆောက်ရွက်ခြင်းသည် မင်္ဂလာဖြစ်ပေသည်။ ကောင်းတဲ့စရိုက်တွေထင်ရှားလာတဲ့သောအခါ ကြီးပွားတိုးတက်ရာဖြစ်တဲ့အတွက် မင်္ဂလာတရားတော်နှင့်ညီပေသည်။ ဒီအချက်အလက်တွေနဲ့ပြည့်စုံမှသာ မင်္ဂလာတရားရဲ့ အနစ်သာရသည် ပြည့်စုံမှာဖြစ်ပါသည်။ ထို့ကြောင့် မကောင်းမူအကုသိုလ်တရားများ ပယ်ရှောင်ရှားပြီး ကောင်းမူတရားတွေပြည့်စုံအောင်ဖြည့်ကျင့်နေရပေမည်။ မဂ်လာတရားအနေဖြင့် (၃၈)ပါးရှိပေသည်။ မဂ်လာတရားများသည် နှုတ်တွင် ရွတ်ဆိုနေရုံဖြင့် မပြီးပြည့်စုံပေ။ မိမိတို့၏နေ့စဉ်လုပ်ဆောင်နေသော ကံသုံးပါးလုံးဖြင့် ဖြည့်ကျင့်နေမည်ဆိုလျှင် ကြီးပွားတိုးတက်ရာ ချမ်းသာခြင်းဖြစ်ပေလိမ့်မည်။
အလှူရေစက် လက်နှင့်မကွာဆိုသော စကားများသည် မိမိတို့မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်များ၏ ဒါနတရားနှင့် ဆက်စပ်၍ အထူးပင်တိုက်တွန်းစရာမလိုအောင် သဒ္ဓါတရားပေါကြွယ်ဝလှသည်မှာ သိသာထင်ရှား လှပေသည်။ တစ်မူးရလို့၊ တစ်ပဲလှူ ဒိုရှမ်းတောင်သူ တူနိုင်ရိုးလား၊ ချစ်စဖွယ်ရိုးသား တောင်ပေါ်သားတို့သည်လည်း အလှုဒါနှင့်ပက်သက်၍ ဂုဏ်ယူကြပြန်ပေသည်။ နေရာတိုင်းတွင် ကျွေးမွေးလှူဒါန်းသော ယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်လာများကို ကြည့်ခြင်းအားဖြင့်လည်း ဒါနတရားနဲ့ပက်သက်၍ လွန်စွာပင် ကြည်နူးဖို့ကောင်းပေသည်။ ထို့သို့ပြုလုပ်နေသောဒါနတရားသည် မဂ်လာတရားတွင် တစ်ပါးအပါအ၀င်ဖြစ်ပေသည်။
ဒါနပြုခြင်းအားဖြင့် မကောင်းမူတွေဖယ်ရှားပြီး ကောင်းမူတွေဖော်ထုတ်လိုက်ခြင်းဆိုသောအချက် (၂)ချက် ပါဝင်ပေသည်။ ထိုအချက်နှစ်ချက်ပါဝင်နေသောကြောင့် ဒါနပြုခြင်းသည် ကြီးပွားချမ်းသာ တိုးတက်ရာ ဖြစ်ပေသည်။ ဒါနကို ဆန့်ကျင့်ဘက်ပြုရမည်ဆိုလျှင် မကောင်းမူတွေ ကိုဖော်ထုတ်ပြီး ကောင်းမူတွေကို ငုပ်လျှိုးသွားစေမယ်ဆိုရင် ပျက်စီးရာ ပျက်စီးကြောင်းသာဖြစ်ပါလိမ့်မည်။
ဒါနဟူသည် အလွန်ကောင်းမြတ်သော အသိဥာဏ်သာလျှင် ရှေ့သွားရှိသော စေတနာသည် ဒါနဖြစ်ပါသည်။ ဒါနံ- စွန့်ခြင်း၊ ကြဲခြင်း၊ ပေးခြင်း၊ ကမ်းခြင်း၊ လှူဒါန်းခြင်းအမည်ရ မြတ်ဒါနသည် ဥတ္တမံ- ကောင်းမြတ်လှစွာသော၊ မင်္ဂလံ- မင်္ဂလာကြီးတစ်ပါးဖြစ်ပေသည်။ ဘုရားရှင်က မင်္ဂလာသုံးဆယ့်ရှစ်ပါး ဟောကြားရာတွင် စွန့်၊ ကြဲ၊ ပေး၊ ကမ်း၊ လှူဒါန်းမူဒါန အကျင့်တရားကို မြင့်မြတ်သောမင်္ဂလာတစ်ပါးဟု ဟောကြားခဲ့သည်။ ထို့ကြောင့် မင်္ဂလာရှိလိုသူတို့အတွက် စွန့်သင့်တာကို စွန့်ရမည်။ ကြဲသင့်တာကို ကြဲရမည်။ ပေးသင့်တာကို ပေးရမည်။ ကမ်းသင့်တာကို ကမ်းရမည်။ လှူသင့်တာကို လှူရပေမည်။ ဒါနဟူသည် ပစ္စည်းဥစ္စာကြွယ်ဝသည်နှင့် မသက်ဆိုင်ပေ။ စေတနာနှင့် သဒ္ဓါတရားသည်သာ အဓိကဖြစ်ပေသည်။
လောက၌ ပေးသင့်တာကိုပေးပြီး၊ ရသင့်ရထိုက်တာကို ယူလျှင် သဘာဝကျသည်။ တရားမျှတသည်ဟု ဆိုရပေမည်။ လူတိုင်းတွင် အပေးလည်းရှိသည်။ အယူလည်းရှိပေသည်။ လူလူချင်း အပေးအယူနှင့် ပေါင်းသင်း ဆက်ဆံနေထိုင်ကြရပေမည်။ ထို့ပြင် ယူသင့်ယူထိုက်သည်ကိုသာ ယူရမည်။ ဒါသည် အခြေခံအကျဆုံးသော လူကျင့်ဝတ်ဖြစ်သည်ဟုလည်း လောကနီတိအရဆိုနိုင်ပါသည်။
မိမိ၏ဘ၀ကိုယ်တော့ အယူနှင့်တည်ဆောက်ကြရပေမည်။ ပညာယူရမည်။ ရသင့်ရထိုက်သော အခွင့်အရေးကိုယူရမည်။ သို့သော် ဘ၀ဆိုသည်မှာ မိမိ၏တစ်ဘ၀တည်းမဟုတ်ပေ။ မိမိနှင့်အမြဲမကွာဆက်စပ်နေသော ပတ်ဝန်းကျင်ဘ၀တွေလဲ ရှိသေးသည်။ သို့ဖြစ်၍ မိမိ၏ဘ၀တစ်ခုတည်းကို တည်ဆောက်နေရုံဖြင့် မပြီးပြည့်စုံသေးပေ။ ပတ်ဝန်းကျင်ဘ၀တွေကိုလည်း ကူညီတည်ဆောက်ကြရပေမည်။
ပတ်ဝန်းကျင်ဘ၀တွေကို တည်ဆောက်ရာ၌ အယူနှင့်တည်ဆောက်၍မရ၊ အပေးနှင့်သာ တည်ဆောက်ရမည်။ အယူသည် အတ္တဟိတကို တည်ဆောက်ခြင်းဖြစ်၍၊ အပေးသည် ပရဟိတကို တည်ဆောက်ခြင်းဖြစ်ပေသည်။ မိမိတို့သည် ငါဘာကို တည်ဆောက်နေသလဲဟု နေ့စဉ်နေ့တိုင်း စဉ်းစားရပေမည်။ ဘုရားဖြစ်ဖို့ကျင့်စဉ်၌ စရိယာသုံးပါးရှိပေသည်။ ပထမ လောကတ္ထစရိယ လောကကောင်းကျိုး၊ ဒုတိယ ဉာတ္ထစရိယ ဆွေမျိုး၊ လူမျိုး ကောင်းကျိုးကိုကျင့်သည်။ တတိယ ဗုဒ္ဓတ္ထစရိယာ ဘုရားဖြစ်ဖို့အတွက် မိမိကောင်းကျိုးကိုကျင့်သည်။ ဘုရားအလောင်းတော်တို့ကတော့ ကိုယ်ကျိုးကိုနောက်ဆုံးမှာကျင့်ပေသည်။
မြတ်စွာဘုရားရှင်သည် သုမေဓါရှင်ရသေ့ဘ၀တွင် ဒီပင်္ကရာမြတ်စွာဘုရားရှင်၏ ခြေတော်ရင်း၌ နောင်လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းလွန်သောအခါ၌ ငါကဲ့သို့ ဘုရားစင်စစ်ဖြစ်လိမ့်မည်ဟု ဗျာဒိတ်ပန်း ဆင်မြန်းပြီး သည့်နောက် ရှေးကပွင့်ခဲ့ဘူးသော ဘုရားအဆူဆူတို့သည် စွန့်ခြင်း၊ ကြဲခြင်း၊ ပေးခြင်း၊ ကမ်းခြင်း၊ လှူဒါန်းခြင်းဟူသော ဒါနအကျင့်ကို ဦးစားပေး ကျင့်သွားကြောင်းမြင်တော်မူလေသည်။ ထို့ကြောင့် ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော်ဘုရားက ဘုရားအဆူဆူ ဒါနကူမှ သုံးလူသင်းကျစ် ဧကန်ဖြစ်၍ အမြိုက်တရား ဟောကြားလျှက် အများဝေနေ ကျွတ်လွတ်စေ၏ ဟူ၍ ဆုံးမထားပါသည်။ ဘုရားသော်မှ ဒါနကူလို့ ဒါနအကူ အညီနှင့်ဘုရားဖြစ်ရပေသည်။ ထို့ကြောင့်ဒါနသည် မြတ်စွာဘုရားရှင်တိုင်း၏ ပထမစာမျက်နှာတွင် အရေးကြီးသော ကဏ္ဍတစ်ရပ်တွင် ပါဝင်ပေသည်။
ဘုရားအလောင်းတော်သည် သဗ္ဗညုတဥာဏ်တော်အတွက် သွေးတွေဖောက်ပြီး စွန့်လွှတ်လှူဒါန်းခဲ့တာဆိုရင် သမုဒ္ဓရာလေးစင်းက ရေတွေထက်များပေသည်။ အသားတွေ လှီးဖြတ်လှူခဲ့ရတာဆိုရင်လည်း မဟာပထ၀ီ မြေကြီးထက်များပေသည်။ မျက်လုံးတွေ ထုတ်လှူ၊ စွန့်လှူခဲ့ရတာည်း ကောင်းကင်မှ ကြယ်တာယာတွေ ထက်ပင်များပေသည်။ အခြား ခြေ၊ လက်၊ အင်္ဂါတွေစွန်ခဲ့ရသည်မှာလည်း မရေမတွက်နိုင်အောင်ရှိပေသည်။ မြတ်စွာဘုရားရှင်သည် သတ္တ၀ါတွေချမ်းသာသုခအတွက် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းကာလပတ်လုံး ပါရမီဖြည့်ခဲ့ပေသည်။ မြတ်စွာဘုရားရှင်၏ သတ္တ၀ါတွေအားလုံးအပေါ်တွင်ထားသော မေတ္တာ၊ ကရုဏာမှာ အနှိုင်းဆမဲ့အောင် ကြီးမားပေသည်။ ထိုသို့ စွန်လွှတ်ခဲ့ခြင်းများသည် သတ္တ၀ါအားလုံး၏ အကျိုးစီးပွား ချမ်းသာ ရဖို့အတွက်ပင်ဖြစ်ပေသည်။ ဘုရားအလောင်းတော်ဘ၀ကပင် ကြည်ညိုဖို့ကောင်းလှပါသည်။
ဘုရားအလောင်းတော် ဝေသန္တရာမင်းသားဘ၀တွင်လည်း မွေးမွေးချင်း အမေဘာများပေးလှူစရာရှိပါလဲဟု မေးလေသည်။ ထိုအခါအမေလုပ်သူသည် အသပြာတစ်ထောင်ထုတ်ကို ရှေ့မှာချပေးလေသည်။ ထိုအခါဘုရား အလောင်းတော် ဝေသန္တရာမင်းသားသည် အနီးရှိအထိန်းတော်ကြီးဆီကို တွန်းထိုးပေးလေသည်။ ဘုရားအလောင်းတော်၏ ပေးကမ်းသောလက်အထုံသည် ထိုကဲ့သို့ပါလာလေသည်။ ယူဖို့ဘယ်သောအခါမှ စဉ်းစားခြင်းမရှိပေ။
ထိုကြောင့် ဘုရားရှင်ဖြစ်လာသောအခါ သုံးဆယ့်ရှစ်ဖြာမဂ်လာတရားတော်တွင် စွန့်ကြဲပေးကမ်းမူ အလှူဒါနသည် ကောင်းမြတ်သော မဂ်လာတစ်ပါးဖြစ်သည်ဟု ဟောကြားတော်မူလေသည်။ အပေးသာင်္မလာဟု ဟောပြီး အယူကိုမင်္ဂလာဟု မဟောပေ။ သို့ဖြစ်၍ မင်္ဂလာရှိဖို့ဆိုလျှင် ပေးသင့်ပေးထိုက်တာကို ပေးကြရပေမည်။ ပေးလျှင် မင်္ဂလာရှိသည်။ မပေးလျှင် မင်္ဂလာမရှိဟု အဓိပ္ပါယ်ရပေသည်။ ထို့ကြောင့် ပေးကမ်းခြင်းအမူကို ပြုကြ ရပေမည်။
အပေးအယူနှစ်မျိုးနှင့်နေထိုင်သော လောကကြီးတွင် ထိုနှစ်ခုမညီမျှမူကြောင့် ပြဿနာတက်ကြရသည်ကများပေသည်။ ငါးပါးသီလသိက္ခာပုဒ်တွင်လည်း အဒိန္နာဒါနာ သူတစ်ပါးမပေးတာကို ယူခြင်းမှ ဝေရာမဏိ ရှောင်ကြဉ်ပါ၏ဟု ဟောကြားဆုံးမထားပါသည်။ ပေးသင့်ပေးထိုက်တာကိုပေး၍ ယူသင့်ယူထိုက်တာကိုယူမှ သဘာဝကျပေသည်။ ပေးသင့်ပေးထိုက်တာကို မပေးပဲနှင့် မယူသင့်မယူထိုက်တာကိုတော့ ယူလျှင် သဘာဝမကျပေ။
မင်္ဂလာဟူသည် သဘာဝကျခြင်းလည်းဖြစ်ပေသည်။ သဘာဝကျလျှင် မင်္ဂလာရှိသည်။ သဘာဝမကျလျှင် မင်္ဂလာမရှိ။ မင်္ဂလာရှိဖို့ဆိုလျှင် သဘာဝကျအောင်လုပ်ရပေမည်။ အပေးနှင့်အယူတွင် အပေးကိုသာ မင်္ဂလာဟုဟောကြားလေသည်။ ထို့ကြောင့် မဂ်လာရှိအောင်နေထိုင်ဖို့အတွက် တစ်ခုခုကိုတော့ပေးရမည်။ ပေးနိုင်ရပေမည်။ ဒုက္ခကိုသာမပေးနှင့် ကျန်တာတွေအားလုံးပေးနိုင်သည်။ လက်၏စောင်မခြင်း၊ နှုတ်၏ ဆောင် မခြင်းဆိုသလို ကိုယ်တတ်နိုင်တာကိုယ်ပေးကြရမည်။ ထို့ကြောင့် ပေးကမ်းခြင်းသည် မင်္ဂလာတစ်ပါးပင် ဖြစ်ပေသည်။ ထို့ကြောင့် မင်္ဂလာရှိဖို့အတွက်ဆိုရင် မင်္ဂလာတရားတော်အတိုင်း ကျင့်ကြံကြိုးစား အားထုတ်ရ ပေမည်။
ဓမ္မမိတ်ဆွေအပေါင်း ကိုယ်စိတ်နစ်ပါး ကျန်းမာချမ်းသာကြပါစေ
ကိုညီ
မှတ်ချက်။ ။ အရှင်သံဝရလင်္ကာရ၏ ဆောင်းပါးများအားမှီငြမ်းပါသည်။
တောင်စဉ်ရေမရ ပြောတာမဟုတ်ပါဘူး၊
ပေါက်ကရတော့ မတွေးလိုက်ပါနဲ့ ၊
မျှော်လင့်ချက် နွေတိမ်မှာ၊
ငါ ခြေသလုံး အိမ်တိုင်ထူထားတယ်၊
ရောက်ဖူးချင် လာလည်ပါ၊
ငါ. ကမ္ဘာကြီးမှာ နေပါတယ်၊
စာရေးချင်ရင် ရွာဦးကျောင်းသို့ လိပ်မူလိုက်၊
ငါ. သဘဝတရားတွေကို လေ့လာဖတ်ရှု့နေတယ်၊
အရာရာဟာ ကောင်းကြပါပေတယ်၊
ဆွေးလိုက် တွေးလိုက် ငေးလိုက်၊
ဟော..ရေးလိုက်တယ် တစ်စေ့တစ်စောင်း၊
သောင်ပြင်က ဂဏန်းခြေရာတွေကိုတောင်၊
အနုပညာ တစ်ရပ်လို့ ခံစားတတ်ခဲ့ရင်၊
ညာနေတာတွေကို မှန်တယ်လို့ လက်ခံနိုင်အောင်၊
ကြိုးစားလိုက်ကြစို့...။
ဟာနေတာတွေ ကဲ့ရဲ့ဖို့သက်သက် မဟုတ်ပါဘူး၊
ဖြည့်စွက်ဖို့လည်းပါတယ်...။
Posted by ကပ္ပိယကျော်ခေါင် at 7:26 PM
Labels: ကဗျာ
မတ်စွာဘုရားသည်
(၁) ပုံတော် မြတ်ဘုရား (၂) ဂုဏ်တော် မြတ်ဘုရား ဟူ၍ နှစ်မျိုးနှစ်စား ရှိလေသည်။
ထိုနှစ်မျိုးကို ဗုဒ္ဓဘာသာနွယ်ဝင် သူတော်စင်များ သိရှိလိုက်နာ မှတ်သားစေရန် ရေးသားဖော်ပြအပ်ပါသည်။
၁။ ပုံတော်မြတ်စွာဘုရားဟူသည် သက်တော်ထင်ရှား မြတ်စွာဘုရားကို ထုလုပ်ထားသော ဆင်းတုတော်ကို ခေါ်ဆိုလေသည်။ ထိုဆင်းတုတော် ပုံတော်တို့ကို ဗုဒ္ဓဘာသာနွယ်ဖွား သူတော်စင်များတို့သည် ကိုးကွယ်ဆည်းကပ်ကြသည်။ ကိုးကွယ်ဆည်းကပ်သူတိုင်းကိုလည်း အကျိုးပေးသည်။
ပုံတော်တို့သည်-
(က) မတ်တတ်ရပ်တော်မူပုံ။ (ခ) ထိုင်နေတော်မူပုံ။ (ဂ) လျောင်းတော်မူပုံ ဟူ၍ သုံးမျိုးသုံးစား ရှိလေသည်။
ထိုသုံးမျိုးကို ဥဒ္ဒိဿက စေတီသုံးမျိုးဟု ခေါ်ဆိုလေသည်။
မတ်တတ်ရပ်တော်မူပုံသည်လည်း-
(၁) ဗျာဒိတ်ပေးတော်မူပုံ (၂) ဒေသစာရီ ကြွချီပုံ (၃) နာဠာဂီရိဆင်ကို အောင်မြင်တော်မူပုံ
(၄) မတ်တတ်ရပ်တော်ဖြင့် အလှူခံတော်မူပုံ (၅) ရှောင်တခင် ကြွရောက်သတိပေးခြင်း၊ သြ၀ါဒပေးခြင်း ပြုလုပ်တော်မူပုံ စသည်ဖြင့် အမျိုးမျိုး တွေ့ရလေသည်။
ထိုင်နေတော်မူပုံသည်လည်း-
(၁) ဈာနမုဒြာခေါ် သမာပတ်ဝင်စားပုံ၊ (စက္ခုနြေ္ဒချထား၍ ၀ဲဘက်လက်ဝါးပေါ် ယာလက်ဝါးတင်၍ တရားထိုင်သည့်ဟန်)
(၂) ဓမ္မစကြာပုံ (၀ဲဘက် လက်ခလယ်ကို ယာဘက်လက်ညှိုးဖြင့် ထောက်ပြသည့်ဟန်)
(၃) ဘူမိဖဿ (ယာဘက်လက်ကို မြေကြီးထိစေလျက် ၀ဲဘက် လက်ခလယ်ကို တင်ပလ္လင်ခွေပေါ်မှာ ပက်လက်လှန်ထားသည့်ဟန်)
စသည်ဖြင့် အမျိုးမျိုး တွေ့ရလေသည်။
မြတ်စွာဘုရားသည် အရှေ့အရပ်သို့ မျက်နှာမူ၍သာ ထိုင်တော်မူလေသည်။ ဗောဓိပင်နှင့် ရွှေပလ္လင်ဝယ် ဘုရားဖြစ်တော်မူချိန်မှာပင် အရှေ့ဘက်သို့ မျက်နှာမူကာ ထိုင်နေတော်မူသည်။
လျောင်းတော်မူသည်မှာ-
ခြင်္သေ့မင်းကဲ့သို့ ယာဘက်ကို စောင်းလျက် လဲလျောင်း ကျိန်းစက်လေ့ရှိသည်။ ယာဘက်ခြေတော်ပေါ်၌ ၀ဲဘက်ခြေတော်ကို အနည်းငယ်လွန်၍ ထား၏။ ခြေဖ၀ါးနှစ်ခု တညီတည်း ထားလျှင် ဒူးဆစ်တော်အချင်းချင်း၊ ဖမျက်တော်အချင်းချင်း ထိခိုက်နေ၍ နာကျင်ခြင်း ဖြစ်တတ်သည်။
အထက်ဖော်ပြပါ ဥဒ္ဒိဿက စေတီများကို ထုလုပ်ကိုးကွယ်ကြရာတွင်-
(က) ကြွချီတော်မူပုံ (ခ) ရပ်တော်မူပုံ (ဂ) ထိုင်နေတော်မူပုံနှင့် (ဃ) လျောင်းတော်မူပုံ စသော ဘုရားရှင်၏ ပုံတော်များကို အများဆုံး ဖူးတွေ့နိုင်ပေသည်။ ထိုပုံတော်များကို ဖူးတွေ့ကြရသည့်အခါ မိမိ၏ စိတ်အစဉ်တွင် မည်ကဲ့သို့ ထားရှိပြီး ဖူးမြော်ကြည်ညိုရမည်ကို ရေးသားတင်ပြရသော် အောက်ပါအတိုင်း ဖြစ်ပါသည်။
ကြွချီတော်မူပုံ-
နောက်တော်ပါ သံဃာတော်များ၏ ရှေ့တော်က စက်လက္ခဏာတို့ဖြင့် တင့်တယ်သော ခြေတော်အစုံကို ကြွချီလျက် ထိုထိုဤဤ ဒေသစာရီ လှည့်လည်တော်မူသည့်အခါတွင်လည်း ဝေနေယျသတ္တ၀ါတို့၏ အကျိုးကို သယ်ပိုးဆောင်ရွက်တော်မူ၏။ ယခုအခါ ကြွသွားတော်မူပုံကို ထုလုပ်ထားသော ရုပ်ပုံ ရုပ်ပွးတော်၊ ဆင်းတုတော်များကို ဖူးတွေ့ရသည်ရှိသော် ရုပ်ပွားတော်လောက်သာ စိတ်မထားဘဲ (မိမိအိမ်၌ မိဘဘိုးဘွား တို့၏ ဓာတ်ပုံကိုမြင်ရလျှင် ဓာတ်ပုံလောက်တွင်သာမက အသက်ရှင်တုန်းအခါက မိဘဘိုးဘွားကိုပါ တခါတည်း သတိရလျက် ပြောဆိုဆုံးမပုံတွေကိုပါ ထင်ယောင်၊ မြင်ယောင်ဖြစ်လာသကဲ့သို့) သက်တော်ထင်ရှား မြတ်စွာဘုရား၏ ကြွသွားတော်မူပုံကိုပါ ထင်ယောင်၊ မြင်ယောင် ဖြစ်လာစေလျက် နှစ်သက်ကြည်နူးစွာ ဖူးမြော်ကြည်ညိုကြရပါမည်။
ရပ်တော်မူပုံ-
ဗုဒ္ဓမြတ်စွာဘုရားသည် ကြွသွားတော်မမူဘဲ ရွှေတောင်ကြီးအလား ရပ်တန့်တော်မူ၏။ ရပ်တော်မူလျက် ဝေနေယျသတ္တ၀ါတို့၏ အကျိုးစီးပွားကို သယ်ပိုးရွက်ဆောင်တော်မူ၏။ ထို့ကြောင့် ရပ်တော်မူနေပုံကို ထုလုပ်ထားသော ရုပ်ပွားတော် ဆင်းတုတော်များကို ဖူးတွေ့ရသည်ရှိသော် သက်တော်ထင်ရှား ဘုရားရှင်ကိုယ်တော်မြတ်သည် ရပ်တော်မူလျက် မိမိအား ဆုံးမတော်မူနေပုံကို ထင်ယောင် မြင်ယောင် ဖြစ်လာအောင် ရိုသေစွာ ဖူးမြော်ကြည်ညိုကြရပါမည်။
ထိုင်နေတော်မူပုံ-
သက်တော်ထင်ရှား ဘုရားရှင်သည် ပရိသတ်အလယ်တွင် ရောင်ခြည်တော်ခြောက်သွယ် ကွန့်မြူးလျက် တင်ပလ္လင်ဖွဲ့ခွေ ထိုနေတော်မူလျက် တရားဟောပြောကာ သတ္တ၀ါအများ၏ အကျိုးကို ဆောင်ရွက်တော် မူခဲ့ပါသည်။ ထို့ကြောင့် တင်ပလ္လင်ဖွဲ့ခွေ ထိုင်နေတော်မူပုံကို ထုလုပ်အပ်သော ရုပ်ပုံ ရုပ်ပွားတော်၊ ဆင်းတုတော်များကို ဖူးမြော်ရသည်ရှိသော် ရုပ်ပွားတော်လောက်တွင်သာ စိတ်မထားဘဲ သက်တော်ထင်ရှား မြတ်စွာဘုရား၏ အနီးထံပါးဝယ် တရားဓမ္မသြ၀ါဒတော်များ လိုက်နာကြားနာနေကြရ သကဲ့သို့ ထင်မြင်လာအောင် ဖူးမြော်ကြရပါမည်။
လျောင်းတော်မူပုံ-
မြတ်စွာဘုရားသခင်သည် ညဥ့်အခါ ဂန္ဓကုဋီတိုက်တော်ဝယ် ရံဖန်ရံခါ လျောင်းတော်မူလျက် နတ်ဗြဟ္မာများ၏ လျှောက်ထားလာသမျှသော အမေးပုစ္ဆာမှန်သမျှတို့ကို ဖြေရှင်းဟောပြတော်မူ၍ သတ္တ၀ါတို့၏ အကျိုးကို ဆောင်တော်မူပါသည်။ ထို့ကြောင့် ယခုအခါ ရွှေသာလျောင်း-ဟုခေါ်ဆိုအပ်သော လျောင်းတော်မူပုံကို ဖူးတွေ့ရသည်ရှိသော် သက်တော်ထင်ရှား မြတ်စွာဘုရားသည် အမေးပုစ္ဆာများကို ဖြေရှင်းဟောပြောနေပုံကို ထင်မြင်လာအောင် ဖူးမြော်ကြည်ညိုကြရန် ဖြစ်ပါသည်။
ဤသို့ ပုံတော်အမျိုးမျိုးကို ကိုးကွယ်ဆည်းကပ် ပူဇော်ခြင်းသည် ကုသိုလ်အကျိုးထူးကို ဖြစ်စေပါသည်။ သို့သော် ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်အခါက ၀က္ကလိရဟန်းကဲ့သို့ လိုတော့ မဖြစ်စေချင်ပါ။ ၀က္ကလိရဟန်းသည် ဘုရားရှင်၏ဂုဏ်တော်၊ ကျေးဇူးတော်တို့ကို မကြည်ညိုဘဲ ပုံတော်ကိုသာ ကြည်ညိုနေ၍ ကုသိုလ်ထုး မရဘဲ-တုစ္ဆ ၀က္ကလိ (အချည်းနှီးသော ၀က္ကလိ) ဟု ဘုရားရှင်၏ ကဲ့ရဲ့ခြင်း ခံခဲ့ရသည်။
ဂုဏ်တော်မြတ်ဘုရား-
ဂုဏ်တော်မြတ်ဘုရား ဟူသည် အပိုင်းအခြားမရှိသော ဂုဏ်တော်တို့နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို ခေါ်ဆိုလေသည်။ ထိုဂုဏ်တော်တို့သည်-
(၁) အရဟံဂုဏ်တော်
(၂) သမ္မာသမ္ဗုဒ္ဓဂုဏ်တော်
(၃) ၀ိဇ္ဇာစရဏသမ္ပန္နဂုဏ်တော်
(၄) သုဂတဂုဏ်တော်
(၅) လောက၀ိဒူဂုဏ်တော်
(၆) အနုတ္တရောပုရိသဒမ္မသာရထိဂုဏ်တော်
(၇) သတ္ထာဒေ၀မနုဿာနဂုဏ်တော်
(၈) ဗုဒ္ဓဂုဏ်တော်
(၉) ဘဂ၀ါဂုဏ်တော် အားဖြင့် ဂုဏ်တော် ၉-ပါးရှိလေသည်။
ထိုဂုဏ်တော် ၉-ပါး၏ ဖွင့်ဆိုချက်များမှာ အောက်ပါအတိုင်း ဖြစ်သည်။
(၁) အရဟံ-ကိလေသာကင်း၍ ပူဇော်အထူးကို ခံထိုက်သော မြတ်စွာဘုရား။
(၂) သမ္မာသမ္ဗုဒ္ဓေါ-သစ္စာလေးပါးတရားကို ဆရာမရှိ ကိုယ်တော်တိုင် သိတော်မူသော မြတ်စွာဘုရား။
(၃) ၀ိဇ္ဇာစရဏသမ္ပန္နော-အသိနှင့်အကျင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
(၄) သုဂတော-ကောင်းသောစကားကိုသာ ပြောဆိုတော်မူတတ်သော မြတ်စွာဘုရား။
(၅) လောက၀ိဒူ-လောကသုံးပါးကို အကုန်အစင် သိမြင်တော်မူသော မြတ်စွာဘုရား။
(၆) အနုတ္တရောပုရိသဒမ္မသာရထိ-ဆုံးမထိုက်သူတို့ကို ယဉ်ကျေးအောင် ဆုံးမတော်မူတတ်သော မြတ်စွာဘုရား။
(၇) သတ္ထာဒေ၀မနုဿာနံ-လူ နတ် ဗြဟ္မာ သတ္တ၀ါတို့၏ ဆရာတဆူ ဖြစ်တော်မူသော မြတ်စွာဘုရား။
(၈) ဗုဒ္ဓေါ-သစ္စာလေးပါးကို မိမိကိုယ်တော်တိုင်လည်းသိ၊ သူတပါးတို့ကိုလည်း သိအောင် ဟောပြတော်မူသော မြတ်စွာဘုရား။
(၉) ဘဂ၀ါ-ဘုန်းတော်ခြောက်ပါး ဂုဏ်တော်တွေအနန္တနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား-ဟူ၍ ဘုရားရှင်၏ ဂုဏ်တော်တို့ကို ချီးမွမ်းပူဇော်ကြရမည် ဖြစ်သည်။
ထိုသို့ပူဇော်ခြင်းသည်လည်း-
(၁) အာမိသပူဇာ (၂) ဓမ္မပူဇာအားဖြင့် နှစ်မျိုးရှိလေသည်။
အာမိသပူဇာဖြင့် ပူဇော်ပုံမှာ-
ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး ပစ္စည်းလေးပါး အသုံးအဆောင်များအား ပူဇော်ရာ၌ အရဟံ-ဂုဏ်တော်ရှင် မြတ်စွာဘုရား၏ စိတ်တော်အစဉ်၌ ကိလေသာအညစ်အကြေး အနောက်အကျုတို့မှ ကင်းသဖြင့် သန့်ရှင်းကြည်လင်လျက် ရှိပုံ။ ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှု ဟူသမျှတို့ကို ကိုယ်ဖြင့် ပြုတော်မမူ၊ နှုတ်ဖြင့် ပြောတော်မမူ၊ စိတ်ဖြင့် ကြံစည်တော် မမူပုံနှင့် အတုမရှိသော သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့နှင့် ကုံလုံပြည့်ဝ၍ ပူဇော်မှုကို အထူးခံထိုက်ပုံစသော ဂုဏ်ရည်တို့ကို ယုံကြည်စွာ မှန်းမျှော်၍ လက်အုပ်ချီမိုး ရှိခိုးလျက် ပန်း-ရေချမ်း-ဆွမ်း-ဆီမီး အသီးသီးတို့ကို ကပ်လှူပူဇော်ရပါမည်။ (သရဏဂုံ သီလ ခံယူဆောက်တည်၍ လှူဒါန်းခဲ့လျှင်ကား အာမိသပူဇာ၊ ဓမ္မပူဇာ နှစ်မျိုးလုံးပင် ဖြစ်နိုင်ပါသည်။)
ဓမ္မပူဇာဖြင့် ပူဇော်ပုံမှာ-
ဓမ္မပူဇာ-တရားဖြင့် ပူဇော်ရာ၌ မိမိတို့၏ စိတ်အစဉ်ကို ကိလေသာအညစ်အကြေး အနောက်အကျူတို့မှ ကင်းစင်နိုင်သမျှ ကင်းစင်နိုင်အောင် ဆေးလျှော်သုတ်သင်၍ ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုဟူသမျှတို့ကို ကိုယ်ဖြင့် ပြုတော်မမူ၊ နှုတ်ဖြင့် ပြောတော်မမူ၊ စိတ်ဖြင့် ကြံစည်တော်မမူပုံနှင့် အတုမရှိသော သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့နှင့် ကုံလုံပြည့်ဝ၍ ပူဇော်မှုကို အထူးခံထိုက်ပုံ စသော ဂုဏ်ရည်တို့ကို ယုံကြည်စွာ မှန်းမျှော်၍ လက်အုပ်ချီမိုး ရှိခိုးလျက် ဂုဏ်တော် ၉-ပါးကို အာရုံပြု ရွတ်ဆို၍ ပူဇော်ရပါမည်။
ပုံတော်ကို ပုံတော်အတိုင်း မထားဘဲ ဂုဏ်တော်ဖြင့် ထုံမွှမ်း၍ ပူဇော်လျှင် အန္တရာယ်ကင်းခြင်း၊ စီးပွားလာဘ်လာဘ တိုးတက်ခြင်း စသော အကျိုးထူးတရားများကို ရရှိပေလိမ့်မည်။ သက်တော်ထင်ရှား မြတ်စွာဘုရားကို စိတ်ထဲ၌ ထင်မြင်လာအောင် မှန်းဆသူသည် ဘုရားရှင်ကို ကြည်ညိုလေးစားသူ ဖြစ်ပေရကား ဘုရားရှင်၏ ကိုယ်စား ရုပ်ပွားဆင်းတုတော်နှင့် စေတီတော်များအနီး၌ မလေးမစား မနေ၀ံ့တော့ပေ။
သို့ရာတွင် လောက၌ ပုဂ္ဂိုလ်တဦးတယောက်အပေါ်တွင် ထိုသူ၏ဂုဏ်ထူးကို မသိခင်က ကြည်ညိုပြီးနောက် ထိုသူ၏ ဂုဏ်ထူးကို သိရပြန်သောအခါ အတိုင်းထက်အလွန် ပိုမိုကြည်ညိုလေးစား အားထားကိုးကွယ်လိုသော စိတ်များ ဖြစ်ပေါ်လာသကဲ့သို့ ထို့အတူ အထက်က ဖော်ပြခဲ့သော မြတ်စွာဘုရား၏ ဂုဏ်တော်ကိုးပါးကိုပင် မိမိဉာဏ်မီသမျှ သိရှိကြလျှင် မိမိ၏ သဒ္ဓါပညာတို့သည် ရှေးကထက် သာလွန်တိုးပွားကြရမည် ဖြစ်ပေသည်။
ကျွန်တော် အပါအ၀င် စာရှုသူတို့သည် ဘ၀များစွာ သံသရာဝယ် ကျင်လည်ခဲ့ရသော်လည်း မိမိတို့စိတ်ထဲ၌ ဤကဲ့သို့ ဘုရားရှင်ဟူသော အာရုံမျိုးကို ရယူနိုင်ဖို့ရာ လွန်စွာခဲယဉ်းပါသည်။ ယခုအခါ ကံကောင်းလှသဖြင့် ဘုရားရှင်၏ အကြောင်းအရာနှင့် ဂုဏ်တော်များကို ကြားသိရပေသည်။ ထို့ကြောင့် အေးအေးဆေးဆေး မိမိတို့အိမ်၌ ဘုရားရှင်ကို အာရုံပြုရင်း ရွတ်ဖတ်ရှိခိုးကြဖို့ရာ မကျဉ်းမကျယ် အနက်သဘောကို နှုတ်တက်ဆောင်ထားပြီး မိမိ၏ မျက်စိကိုမှိတ်၍ ဖြစ်သော အာရုံ၌ထင်မြင်လာသော ဘုရားရှင်၏ ပုံတော်အတွင်း၌ အထက်ကပြဆိုခဲ့ပြီးသော ဂုဏ်တော်များကိုသွင်း၍ သန့်ရှင်းစင်ကြယ်သော သီလကို ဆောက်တည်ကာ အာရုံပြုကိုးကွယ်ဆည်းကပ်နိုင်ကြစေရန် ရေးသားဖော်ပြအပ်ပါသည်။
ဘုရားရှင်သည် သက်တော် ၂၉-နှစ်အရွယ်တော်၌ တောထွက်တော်မူ၍ ၃၅-နှစ်အရွယ်တွင် ဘုရားဖြစ်တော်မူပြီးလျှင် သက်တော် ၈၀-အပြည့်မှာ ပရိနိဗ္ဗာန်စံဝင်တော်မူသည်။ ဘုရားအဖြစ် ၀ါတော် ၄၅-၀ါမျှသာ သီတင်းသုံးတော်မူရသည်။ ထို ၄၅-၀ါမျှဖြင့် ကာလမကြာရကား နောင်အခါ ဗုဒ္ဓသာသနာကို ယုံကြည်သူတို့ ကိုးကွယ်ဆည်းကပ်နိုင်ကြဖို့ရာ အမွေအနှစ်ပေးခဲ့သည့် အနေအားဖြင့် ရှင်တော်မြတ်၏ အရိုးဓာတ်တော်များကို အစိတ်စိတ်အမြွှာမြွှာ ဖြစ်အောင် အဓိဋ္ဌာန်တော်မူခဲ့ပါသည်။
အသက်ရှည်သော ဘုရားရှင်၏ အရိုးဓာတ်တော်ကား အစိတ်စိတ်အမြွှာမြွှာ မဖြစ်ဘဲ တလုံးတခဲတည်း တည်ရစ်တော်မူပါသည်။ ထို့ကြောင့် ဘုရားရှင်၏ ဓာတ်တော်များကို ဌာပနာထားသော စေတီပုထိုးတော်၊ ရုပ်ပွားတော်များကို ဖူးဇော်ရသောအခါ၌ ဓာတ်တော်၊ စေတီတော် ရုပ်ပွားတော်လောက်တွင်သာ စိတ်မထားဘဲ သက်တော်ထင်ရှား မြတ်ဘုရားကို ထင်မြင်အောင် ဖူးမြော်ကြရန် ဖြစ်သည်။
အချုပ်ဆိုသော် ပုံတော်မြတ်ဘုရား၏ ပုံတော်အတွင်း၌ ဂုဏ်တော်မြတ်ဘုရား၏ ဂုဏ်တော်တို့ကို သွင်းယူပူဇော်လျက် တိဟိတ်ဥက္ကဋ္ဌ ကုသလ (ဉာဏ်နှင့်ယှဉ်၍ရအပ်သော ကုသိုလ်ထူး) ကို ရရှိမည်မှာ မုချဧကန် စင်စစ်အမှန်ပင် ဖြစ်ပေသည်။
( သန်းဝင်းရှိန်)
( မြတ်မင်္ဂလာ ၂၀၀၃-ခု ဇန်န၀ါရီလ)
© Blogger templates The Professional Template by Ourblogtemplates.com 2008
Back to TOP