ဂေါတမ ဗုဒ္ဓ မြတ်စွာဘုရား (အပိုင်း-၁)
တနင်္လာနေ့၊ ဒီဇင်ဘာလ ၁၄၊ ၂၀၀၉
Read more...
ဓမ္မ အနှစ်သာရများ စုဝေးရာနေရာ
ရေးသားသူ ထူးပ တနင်္လာနေ့၊ ဒီဇင်ဘာလ ၁၄၊ ၂၀၀၉
( ဘဒ္ဒန္တ တိလောကသာရ ဖြေသည် )
(မေး) (စူဠသောတာပန်)
အရှင်ဘုရား၊ စူဠသောတာပန်ဖြစ်လျှင် အပါယ်မလားကြောင်း ပြောကြပါသည်။ စူဠသောတာပန်သည် ဒိဋ္ဌိ ၀ိစိကိစ္ဆာ မကင်းသေးဟု သိရပါသည်။ သို့ဖြစ်ပါလျက် အဘယ့်ကြောင့် အပါယ်မလားပါသနည်း။ မဟာသောတာပန် နှင့် မည်သည့်တူညီမှု ရှိနေပါသနည်း၊ တပည့်တော်များ နားလည်အောင် ဖြေကြားပြတော်မူပါဘုရား။
(၀င်းအောင်-တောင်ကြီး)
(ဖြေ)
ဤကင်္ခါဝိတရဏ ၀ိသုဒ္ဓိ-ရသော ပုဂ္ဂိုလ်သည် သီလ၀ိသုဒ္ဓိဖြင့် သီလစင်ကြယ်ပြီးဖြစ်ရကား အပါယ်ရောက်ကြောင်း မကောင်းမှုအကုသိုလ် အကြီးစားတွေကို မပြုတော့။ စိတ္တ၀ိသုဒ္ဓိဖြင့် သမာဓိရပြီးဖြစ်ရကား လောကီအာရုံ ကာမဂုဏ်အကြံ၊ သူတပါးပျက်စီးကြောင်း အကြံကိုလည်း မကြံစည်တော့။ ဒိဋ္ဌိဝိသုဒ္ဓိ၊ ကင်္ခါဝိတရဏ ၀ိသုဒ္ဓိ နှစ်ပါးကြောင့် ရုပ်နာမ်အပေါ်၌၄င်း၊ ဘုရား တရား အရိယာသံဃာတော်များ အပေါ်၌၄င်း ယုံမှားသံသယ မရှိတော့။ အ၀ိဇ္ဇာ၊ တဏှာ မကုန်သေးသမျှ ကံကလည်း ဘ၀သစ်အကျိုးကို ပေးမည်သာဟု ယုံကြည်ပြီးဖြစ်ရကား ဒိဋ္ဌိ နှင့် ၀ိစိကိစ္ဆာလည်း ကင်းကွာလေတော့သည်။ ထို့ကြောင့် ရုပ်နာမ်ကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ-ဟု ၀ိပဿနာမရှိသေးသောကြောင့် သောတာပန်အကြီးစား (သောတာပန်အစစ်၊ မဟာသောတာပန်) မဖြစ်သေးသော်လည်း လာမည့်ဘ၀၌ ဧကန်မုချ အပါယ်မကျဖို့ သေချာလှသောကြောင့် စူဠသောတာပန် (သောတာပန် နောင်တော်ကြီး၏ ညီငယ်၊ သောတာပန် အမတော်ကြီး၏ ညီမငယ် သောတာပန်ကား) ဧကန်ဖြစ်နေပြီ-ဟု မှတ်ပါ။
(ခုဒ္ဒသိက္ခာဘာသာဋီကာ ၆၀၂)
********************************************************************************
(မေး) ( ဥစ္စာသယန မဟာသယန)
အရှင်ဘုရား၊ ကိုးပါးသီလ ခံယူဆောက်တည်ရာတွင် ပါဝင်သော ဥစ္စာသယန မဟာသယနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ-မြင့်သောနေရာ မြတ်သောနေရာတို့၌ နေထိုင်အိပ်စက်ခြင်းမှ ရှောင်ကြဉ်ရာ ရှောင်ကြဉ်ကြောင်းဖြစ်သော သိက္ခာပုဒ်ကို ကောင်းစွာဆောက်တည်ပါ၏-ဟုဆိုရာ၌ မြင့်သောနေရာ ဆိုသည်မှာ အမြင့်အတိုင်းအတာ မည်မျှရှိ၍ မြတ်သောနေရာ ဆိုသည်မှာ မည်သည့်နေရာမျိုးကို ဆိုလိုသည်ကို ဖြေကြားပေးတော်မူပါဘုရား။
(မောင်အောင်နီုင်-နန်းချောင်း၊ သံတွဲမြို့)
(ဖြေ)
ဗုဒ္ဓဘာသာ လက်စွဲကျမ်း ၁-၄၆၁-တွင် ဥစ္စာသယန-မြင့်သောနေရာ၊ အခြေ တတောင့်ထွာထက် ရှည်သော အိပ်ရာ၊ ခုတင်၊ ကုလားထိုင်ကြီးများ၌ မထိုင်ကောင်း၊ မအိပ်ကောင်းပါ။
မဟာသယန-မြတ်သောနေရာ၊ စည်းစိမ်ခံစားလေ့ရှိသော လူချမ်းသာများ၏ အိမ်၌ လက်လေးသစ်မက အမွေးရှည်ကော်ဇော၊ သားမွေးအခင်း၊ ခြင်္သေ့၊ သစ်၊ ကျားအရုပ်များဖြင့် ခမ်းနားဆန်းကြယ်သော သားမွေးအခင်း၊ ရွှေချည် ငွေချည်တို့ဖြင့် ချုပ်လုပ်အပ်သော ပိုးအခင်း၊ လဲမွေ့ရာ၊ ဂွမ်းမွေ့ရာများကို မသုံးကောင်းပါ။ အသုံးပြုလျှင် ဤသိက္ခာပုဒ် ပျက်သည်။ (အုန်းဆံမွေ့ရာများကိုကား သုံးကောင်းပါသည်၊ သင်ဖျူးဖျာ၊ ကော်ဇောအမွေးတို စသည်တို့ကို ဤသိက္ခာပုဒ်အရ မြတ်သောနေရာဟု မဆိုထိုက်ချေ။)
********************************************************************************
(မေး) (ဒါနပျက်စီးမှု)
အရှင်ဘုရား။ သီလဆောက်တည်ပြီး သီလကို ကောင်းကောင်း မွန်မွန် မထိန်းနိုင်ဘဲ သီလပျက်လျှင် အပြစ်ရှိသလို ဒါနပြုလုပ်ရာ၌လည်း ဒါနပျက်စီးလျှင် အပြစ်ရှိပါသလား။ လူတို့သည် သီလခံယူပြီး သီလမပျက်အောင် ထိန်းသိမ်းရသလို ဒါနမပျက်စီးအောင် ထိန်းသိမ်းသင့်ကြောင်း ဆရာတော်များက ဟောပြောမှုမရှိပါသဖြင့် ဒါနပြုပြီး ပေါ့ပေါ့ဆဆ နေကြသူများ ရှိပါသည်။ ထို့ကြောင့် သီလကို မပျက်အောင် ထိန်းသိမ်းရသလို ဒါနကိုလည်း မည်ကဲ့သို့ ထိန်းသိမ်းရမည်၊ ပျက်လျှင် မည်သို့အပြစ်ရှိသည်ဆိုသည်ကို သိလိုပါ၍ ဖြေကြားပေးတော်မူပါဘုရား။
(မောင်ခိုင်ဝင်း-သန်လျင်)
(ဖြေ)
ဒါနသည် ၀တ္ထုဒါန၊ စေတနာဒါန ဟူ၍ ရှိရာတွင် ၀တ္ထုဒါနမှာ ပျက်စီးမှုမရှိသော်လည်း စေတနာဒါနမှာ ပျက်စီးတတ်ပါသည်။
စေတနာသည် ပုဗ္ဗစတနာ၊ မုဉ္စစေတနာ၊ အပရစေတနာဟူ၍ သုံးမျိုးရှိရာတွင် တခုခုပျက်စီးလျှင် အပြစ်ရှိပုံကို ဖော်ပြလတံ့ မဃဒေ၀လင်္ကာပုဒ်ဖြင့် သိသာပါ၍ အကျယ်မရေးတော့ဘဲ ထိုလင်္ကာပုဒ်ကို မူရင်းအတိုင်း ဖော်ပြလိုက်ပါသည်။ အဓိပ္ပါယ် ရှင်းပြစရာမလိုအောင် ထင်ရှားလှပါသည်။
ဒါနဟူသည်၊ ပြုအံ့ရည်သော်၊ မလည်မသုန်၊ သဒ္ဓါဟုန်ဖြင့်၊ မတုန်မလှုပ်၊ ထိန်းအုပ်မစ္ဆေ၊ မတွန့်စေနှင့်၊ လှူထွေရှေ့ဖို့၊ ဉာဏ်မဲ့ချို့၍၊ တွန့်တိုတုံက၊ ပထမရွယ်၊ နောင်ခါဝယ်၌၊ နွမ်းနယ်ချမ်းသာ၊ ဆိုးရုပ်ဝါနှင့်၊ မဟာကုသ၊ ပဉ္စပါပီ၊ မဟေသီသို့၊ ယက္ခီယက္ခ၊ တူတမျှဖြင့်၊ ရုပလက္ခဏာ၊ ပျက်တတ်စွာ၏။(ပုဗ္ဗစေတနာ ပျက်မှု)
နောက်မှာတွန့်ငြား၊ သားသမီးမဲ့၊ ချို့တဲ့ယွင်းယို၊ ထန်းငုတ်တိုသို့၊ အိုခါဒုက္ခ၊ ရသည်ဆင်းရဲ၊ တိမ်းလွဲစည်းစိမ်၊ ဂုဏ်သိန်နိမ့်ကျ၊ ဖြစ်တတ်ကြ၏၊ ပဒုမ၀တီ၊ ဒေ၀ီနေမြတ်၊ သန္ဓေနတ်နှင့်၊ ပညတ်မည်ထုတ်၊ အပုတ္တက၊ သူဌေးစသည်၊ ထိုမျှဝတ္ထု၊ အစုစုကို၊ မျှော်ရှုနိုင်းဆ၊ ထောက်အပ်စွရှင့်။(အပရစေတနာ ပျက်မှု)
မုဉ္စအခါ၊ တွန့်တိုပါသော်၊ အင်္ဂါချို့တဲ့၊ ဂုဏ်မဲ့မျိုးနွယ်၊ မတင့်တယ်ဘဲ၊ ငယ်၏တန်ခိုး၊ မပြည့်ဖြိုးသည်၊ နွမ်းညှိုးရော်ရည်မည်ကိုကား။( မုဉ္စစေတနာ ပျက်မှု)
********************************************************************************
(မေး) ( ဘုရားရုပ်ပွားတော်)
အရှင်ဘုရား၊ တပည့်တော်တို့ ဗုဒ္ဓဘာသာဝင် အမျိုးသား အမျိုးသမီးအများစုသည် မိမိ၏လည်ပင်း ပိုက်ဆံအိတ်နှင့် အင်္ကျီအိတ်ကပ်များတွင် ဘုရားစေတီ၊ ရဟန္တာနှင့် ဆရာတော် သံဃာတော်များ၏ ပုံများကို ချိတ်ဆွဲထည့်သွင်းပူဇော်လေ့ရှိပါသည်။ ထိုကဲ့သို့ ပုံတော်များ ထည့်သွင်းပူဇော်လျက် အိမ်သာတက်ခြင်း စသည်ပြုလျှင် အပြစ်ရှိ-မရှိ သိချင်ပါသည်ဘုရား။
(မောင်သန်းဇော်ဦး-ရွှေပြည်သာမြို့နယ်)
(ဖြေ)
ဘုရားစေတီ၊ ရဟန္တာရုပ်တု စသည်များကို မိမိတို့အိမ် ဘုရားခန်း၊ ဘုရားဆောင်၌သာ တရိုတသေ ကိုးကွယ် သင့်ပါတယ်။ လည်ပင်း ပိုက်ဆံအိတ်၊ အင်္ကျီအိတ်ကပ်များတွင် ချိတ်ဆွဲထည့်သွင်း၍ ဆောင်ယူခြင်း၊ အမြဲထည့်ထားခြင်းမျိုး မလုပ်အပ်ပါ။ အချို့ ရှင်သီဝလိပုံတော်များနှင့် ဘုရားပုံတော်ငယ်များကို လည်ပင်း၌ ချိတ်ဆွဲထားလေ့ရှိပါသည်။ မလုပ်ထိုက်ပါ။ ရိုသေမှု ဂါရ၀တရားကြောင့် ကုသိုလ်တရား တိုးပွားနိုင်သည်နှင့်အမျှ မရိသေမှု အဂါရ၀တရားကြောင့် အကုသိုလ်တရားများ လွန်စွာတိုးပွားနိုင်ပါသည်။
********************************************************************************
(မေး) (သကဒါဂါမ်ပုဂ္ဂိုလ်)
အရှင်ဘုရား၊ သောတာပန်သည် ဧကဗီဇိသောတာပန်၊ ကောလံကောလသောတာပန်၊ သတ္တက္ခတ္တုပရမ သောတာပန်-ဟု သုံးမျိုးရှိကြောင်း သိရပါသည်။ သကဒါဂါမ်၌ ဘယ်မျှ ရှိကြောင်း ဖြေကြားပေးတော်မူပါဘုရား
( ပေါ့စ်ချီ-တောင်ကြီး)
(ဖြေ) သကဒါဂါမ်သည်
(၁) လူ့ပြည်၌ သကဒါဂါမိဖိုလ်ကိုရ၍ လူ့ပြည်၌ ပရိနိဗ္ဗာန်စံသော သကဒါဂါမ်။
(၂) နတ်ပြည်၌ သကဒါဂါမိဖိုလ်ကိုရ၍ နတ်ပြည်၌ ပရိနိဗ္ဗာန်စံသော သကဒါဂါမ်။
(၃) လူ့ပြည်၌ သကဒါဂါမိဖိုလ်ကိုရ၍ နတ်ပြည်၌ ပရိနိဗ္ဗာန်စံသော သကဒါဂါမ်။
(၄) နတ်ပြည်၌ သကဒါဂါမိဖိုလ်ကိုရ၍ လူ့ပြည်၌ ပရိနိဗ္ဗာန်စံသော သကဒါဂါမ်။
(၅) လူ့ပြည်၌ သကဒါဂါမိုဖိုလ်ကိုရ၍ နတ်ပြည်၌ဖြစ်၍ လူ့ပြည်၌ ပရိနိဗ္ဗာန်စံသော သကဒါဂါမ်-ဟူ၍ ငါးမျိုးရှိပါသည်။ ထိုငါးမျိုးတွင် နံပါတ် ၅-ဖြစ်သော သကဒါဂါမ်ကို သကဒါဂါမိမဂ္ဂစိတ္တံ ၌ မုချအားဖြင့်ရ၍ ကြွင်းလေးမျိုးကို ဥပစာအားဖြင့် ရသည်ဟု ကျမ်းစာများ၌ ပြဆိုထားကြပါသည်။
********************************************************************************
(မေး) (ဗုဒ္ဓ၀င်သီချင်း)
အရှင်ဘုရား၊ ဗုဒ္ဓ၀င်သီချင်းများ၊ ဓမ္မတေးများ စသော ဘာသာရေးတေးများကို ဥပုသ်သည်များ နားဆင်ခွင့် ရှိ-မရှိ သိလိုပါသည်ဘုရား။
(မိုးညိုမြ-ကယားရိုးမ)
(ဖြေ)
ဓမ္မတေး-ဟူရာ၌ ဓမ္မဂီတ-ဂီတဓမ္မ ဟူ၍ နှစ်မျိုးရှိပါသည်။ ပြဿနာရှင် တင်ပြသော ဗုဒ္ဓ၀င်သီချင်း စသည်များမှာ ဓမ္မဂီတဖြစ်၍ ရတနာသုံးပါးအကြောင်းကိုပင် သာယာနာပျော်ဖွယ်ဖြစ်အောင် ရေးစပ်သီဆိုသော သီချင်းမျိုး ဖြစ်ပါသည်။ ငြိမ့်ညောင်းသော တီးလုံးများဖြင့် ညွတ်နူးစရာ သီချင်းမျိုးဖြစ်၍ ဆိုသူကလည်း အသံကို ဆွဲဆွဲငင်ငင်ဖြင့် နားထောင်ချင်စဖွယ် သီချင်းမျိုးဖြစ်ပါသည်။ ၄င်းကို ရဟန်းသာမဏေများ၊ ဥပုသ်သည်များ သီဆိုခြင်း၊ နားထောင်ခြင်း မပြုအပ်ပါ။ အချို့ ဓမ္မကထိကများ ပါဠိဂါထာများကိုပင် သီးချင်းဖြစ်အောင် ရွတ်ဆိုကြပါသည်။
ယင်းကိုလည်း ဂီတသရဖြစ်၍ နားမထောင်အပ်ပါ။ သီဆိုခြင်း၊ နားထောင်ခြင်းအတွက် အပြစ်မလွတ်ဟု ဆိုပါသည်။ သို့သော် တရားနှင့်စပ်သော သီချင်းမျိုးကို ဂီတသံမဖြစ်စေဘဲ ရိုးရိုးသီဆိုခြင်း၊ ဖတ်ကြားခြင်းမျိုး၌မူ သံဝေဂဖြစ်ဖွယ်ဖြစ်၍ ဂီတဓမ္မအနေဖြင့် အပြစ်မရှိဟု ဆိုပါသည်။ ဥပမာ-တေဘုမ္မာ သီချင်းကြီးကို ဂီတသံမဖြစ်စေဘဲ ရိုးရိုးဖတ်ရွတ်ခြင်းမျိုးကိုကား သံဝေဂဖြစ်ဖွယ်ရှိ၍ နားထောင်နိုင်ပါသည်။
********************************************************************************
(မေး) ( ကံကြမ္မာဝါဒ)
အရှင်ဘုရား၊ တပည့်တော်တို့၏ ပတ်ဝန်းကျင်တွင် လူ့ဘ၀ဆိုတာ ရေးပြီးသား ၀တ္ထုစာအုပ်တအုပ်လိုပဲ ဘယ်နေ့ ဘာဖြစ်မယ်၊ ဘယ်အချိန် ဘာဖြစ်မယ်ဆိုတာ ကံကြမ္မာက သူ့အလိုလို သတ်မှတ်ပြီးသား-လို့ ပြောတတ်ကြ သည်ကို တပည့်တော် ဘ၀င်မကျလှပါ။ အယူအဆ လွဲမှားနေမှန်းသိသော်လည်း မည်သူ၏ အယူအဆနှင့် လွဲမှားနေသည့်အကြောင်းတို့ကို ရှင်းပြပေးပါဘုရား။
(သိန်းဇော်ဦး-လောင်းလုံမြို့)
(ဖြေ) ဘာပဲဖြစ်ဖြစ် ကံကြမ္မာအလျောက် ဖြစ်တာပဲ-ဟူသော အယူမှာ ပုဗ္ဗေကမ္မဟေတု ဒိဋ္ဌိဝါဒ-တမျိုး ဖြစ်ပါသည်။ လူတိုင်းအဖို့ ရှေးကပြုခဲ့သော ကုသိုလ် ပုဗ္ဗေစ ကတပုညတာ ရှိသလို ယင်းရှေးကံကလည်း ဤယခု ပစ္စုပ္ပန်ပြုသောကံနှင့် တွေ့ကြုံ၍ ဥပထမ္ဘက အထောက်အပံ့ရမှသာ အကျိုးပေးပါသည်။
ကံသာမဟုတ် ဆိုင်ရာ ဉာဏ် ၀ီရိယတို့ကလည်း အထောက်အပံ့ပြုပါသည်။ ကံ ဉာဏ် ၀ီရိယ သုံးဌာန စုံလင်မှ ထိထိရောက်ရောက် အကျိုးပေးနိုင်သဖြင့် ရှေးကံတခုတည်းသာ ယုံကြည်စွဲမြဲထားမှုမှာ ဗုဒ္ဓ၀ါဒ မဟုတ်ကြောင်း သတိပြုသင့်ပါသည်။
********************************************************************************
(မေး) ( ပံ့သကူသင်္ကန်း)
ပံ့သကူလာ၊ စီဝရာ၊ ကောက်ရာပိတ်စများ။ အဖြူမဟုတ်၊ ရောင်စုံရုပ်၊ ဆိုးထုတ်မပျက်ငြား။
ကျားကျားကြောင်ကြောင်၊ စပ်ဖာရောင်၊ ပြိုးပြောင် အကွက်များ။
ချုပ်လုပ်ပြီးကာ၊ ဤတိုင်းသာ၊ သုံးပါ အပ်သလား။
( ဦးအာစိဏ္ဏ-ခင်ကြီး၊ ညောင်လေးပင်)
(ဖြေ)
ပံ့သကူမှာ၊ ရောင်စုံရာ၊ ဆိုးပါသစ်ခေါက်များ။ သစ်ခေါက်ဆိုးချက်၊ ရောင်စုံပျက်၊ ချုပ်လျက်ဝတ်ရုံထား။
ဆိုးမညီဘိ၊ နည်းငယ်ရှိ၊ ကင်း၏အပြစ်များ။ မကျားမကြောင်၊ ညိုမှိုင်းရောင်၊ သုံးဆောင်အပ်တကား။
ပံသုကူလ၊ ခုကာလ၊ ဆောင်ထ လွန်နည်းပါး။ အစုတ်အပြတ်၊ မချုပ်စပ်၊ ပစ်အပ်ကောက်ယူငြား။
သင်္ကန်းသစ်စုံ၊ ပစ်၍တုံ၊ လှူပုံအလွန်များ။ သင်္ကန်းပံသုကူ၊ ကောက်၍ဟူ၊ ၀တ်သူ နည်းအပါး။
ပံသုကူရှင်၊ ပြစ်ကင်းစင်၊ ဖူးမြင် ကြည်ညိုပွား။
( မြတ်မင်္ဂလာ ၂၀၀၂-ခု နိုဝင်ဘာလ )
Sunday, 13 December 2009 19:25 | စာရေးသူ Ashinsadhina |
| 
ဘယ်သူမှားတယ်ဆိုတာတော့ ကိုယ်ဟာကိုပဲစဉ်းစားကြည့်ကြပေါ့၊ နောက်ဆုံးမှ ဆုံးဖြတ်ချက် ချကြပါ၊ ဘ၀နဲ့ စိတ်ကောက်နေကြတဲ့သူတွေအကြောင်း နည်းနည်းပြောကြည့်ချင်ပါတယ်။
ဘ၀ဆိုတာ တိုက်ပွဲတဲ့၊ တိုက်ပွဲဆိုတာက အနိုင်ရှိသလို အရှုံးဆိုတာလည်း ရှိတာပဲလေ၊ အမြဲတမ်းနိုင်နေလို့ကတော့ ဘယ်တိုက်ပွဲခေါ်ပ၊ နိုင်ပွဲလို့ တစ်မျိုးတည်း ခေါ်မှာပေါ့၊ လောကမှာ တိုင်းပြည်အတွင်း အချင်းချင်း တိုက်ခိုက်ကြတဲ့ ပြည်တွင်းစစ်တိုက်ပွဲ၊ နိုင်ငံရပ်ခြား တိုင်းတစ်ပါးတို့နဲ့ တိုက်ခိုက်ကြတဲ့ ပြည်ပစစ်ပွဲ စသည်စသည်ဖြင့် တိုက်ပွဲတွေအများကြီးပါပဲ၊ နောက် လူတွေပဲ ပြုလုပ်ကြတဲ့ လူတွေကပဲဖန်တီးပေးနေတဲ့ နွားချင်းတိုက်တဲ့ နွားတိုက်ပွဲ၊ လူချင်းတိုက်တဲ့ လက်ဝှေ့ပွဲ၊ ကြက်ချင်းတိုက်တဲ့ ကြက်တိုက်ပွဲ၊ ကုန်ကုန်ပြောရရင် တွင်းထဲမှာနေတဲ့ ပုရစ်ကလေးတွေကိုတောင် တိုက်ပွဲလုပ်ပေးကြတဲ့ တိုက်ပွဲတွေကို စိတ်ဝင်စားတတ်တဲ့ လူဆိုတဲ့ လူတွေ … လူသားတွေပေါ့…
အဲဒီလူသားတွေ သူများတွေကိုသာ တိုက်ပွဲတွေကို ဖန်တီးပေးနေကြတာ၊ ကိုယ်ကိုယ်တိုင် နေ့စဉ်နဲ့အမျှ နာရီနဲ့အမျှ မိနစ်နဲ့အမျှ စက္ကန့်နဲ့အမျှ တိုက်ပွဲဝင်တိုက်ခိုက်နေကြတဲ့ ကိုယ့်ဘ၀တိုက်ပွဲတွေ ကိုတော့ အမေ့ကြီးမေ့နေကြတယ်၊ ကိုယ့်ဟာကိုယ်ကိုပဲ တိုက်ပွဲဝင်နေကြရတယ်ဆိုတာကို မေ့နေကြတယ်၊ မွေးဖွားခြင်းနဲ့ သေဆုံးခြင်းနှစ်ခုအကြားက တိုက်ပွဲဟာ ကိုယ့်ဘက်က တစ်နေ့ သေမင်းကို အရှုံးပေးရမယ်၊ ဘယ်လိုပဲဖြစ်ဖြစ် အရှုံးပေးရမယ်ဆိုတာကို သိသိကြီးနဲ့တစ်ချို့၊ တစ်ချို့ သိပင်သိငြား မသိချင်ယောင်ဆောင်လျက်၊ တိုက်ပွဲဝင်စိတ်ဓာတ်တွေ ကင်းနေကြတယ်။
ဘ၀မှာ အရှုံးဆိုတာတစ်ခု ရင်ဆိုင်လိုက်ရရင်ပဲ ဘ၀ကြီးတစ်ခုလုံး ဆုံးသွားတော့သလောက် ခံစားနေကြတယ်၊ စာမေးပွဲရှုံးတဲ့ ကျောင်းသား/ကျောင်းသူလေးဟာ ဘ၀တစ်ခုလုံး ဆုံးသွားသလောက် စိတ်ပင်ပန်း လူပင်ပန်းနဲ့ ဘ၀ကိုစိတ်ကောက် ပစ်လိုက်တတ်ကြတယ်၊ လက်မြောက် အရှုံးပေးလိုက်တတ် ကြတယ်၊ အဲဒါလေးကြောင့်ပင် ကိုယ့်ကိုယ်ကို သတ်သေပစ်လိုက် တတ်ကြတယ်၊ တစ်ချို့ အရွယ်ရောက်လာလို့ လူ့သဘာဝ အချစ်တိုက်ပွဲမှာ ဆုံးရှုံးသွားလို့ ဘ၀ကိုပါ စိတ်ကောက်ပြီး အရှုံးပေးကာ အသက်ကိုပါ အဆုံးသတ် ပစ်လိုက်တတ်ကြတယ်၊ စီးပွားရေးတွေလုပ် အရှုံးတွေပေါ်လာတဲ့အခါ ဘ၀ကိုစိတ်ကောက် လက်မြောက် အရှုံးပေးပြီး ကိုယ့်ဘ၀ကို ရေစုန်မျောလျက် ဘာတစ်ခုမှ ဆက်လက်ရုန်းကန်လိုစိတ်မရှိတော့ဘဲ အရက်သေစာ သောက်၊ မူးရစ်စေတတ်တဲ့ ဆေးဝါးတွေအသုံးပြုလျက် ကိုယ့်ဘ၀ကို ဖျက်ဆီးပစ်လိုက်တတ်ကြတယ်၊ အမျိုးမျိုး ပါပဲ၊ မအောင်မြင်ခဲ့တာတစ်ခုကို သင်ခန်းစာယူဘို့စိတ်မကူးတော့ဘဲ ဆက်လက်ပြုပြင်မှု မရှိကြတော့ ဘဲနဲ့ အရှုံးပေးတတ်ကြတယ်၊ ဘ၀ကိုစိတ်ကောက်ပြီး ဘာမှမလုပ်တော့ဘဲ မကြိုးစားတော့ဘဲ နေတတ်ကြတော့တယ်။
တိုက်ပွဲဆိုတာ အနိုင်ရှိသလို အရှုံးလည်း ရှိတာပေါ့၊ အနိုင်ကို အပြုံးနဲ့ရင်ဆိုင်တတ်ရင် အရှုံးဆိုတာကို လည်း အပြုံးမပျက် လက်ခံနိုင်ရမှာပေါ့၊ ရှုံးခါမှ ရှုံးရော၊ မသေမချင်းတော့ တိုက်ပွဲဝင် နေရဦးမှာပဲဆိုတာကို မကျင့်သုံးကြဘူး၊ စိတ်ခံစားမှုလေးတစ်ခုကို ရေးကြီးခွင်ကျယ်လုပ်ပစ်တတ် ကြတယ်၊ အပြစ်ရှိသူတွေကို လိုက်ကြည့်ရအောင်….
မိဘ
သားသမီးတွေကို သိပ်တတ်စေချင်၊ တော်ချင်စေချင်ကြတဲ့ မိဘများ ကိုယ့်သားသမီးရဲ့ မူလ ပင်ကိုယ်စရိုက်၊ ဗီဇ၊ ဥာဏ်ရည်ကို မကြည်ဘဲနဲ့ ဆရာဝန်ကြီးတွေ ဖြစ်စေချင်ကြတယ်၊ အင်ဂျင်နီယာ ကြီးတွေ ဖြစ်လိုကြတယ်၊ ကလေးရဲ့ ဥာဏ်ရည်ဟာ အဲဒီအဆင့်ကို မှီလားမမှီလား ထည့်မစဉ်းစားဘူး၊ ပိုက်ဆံရှိရင် အကုန်ဖြစ်တယ်ဆိုပြီး ဆရာမျိုးစုံကို ပိုက်ဆံနဲ့ငှါး၊ ကလေးကိုသင်ခိုင်း၊ ကလေးက စာမလိုက်နိုင်၊ ကလေးကလည်း ကိုယ့်စာကိုအလိုမကျဖြစ်၊ မိဘကလည်း သားသမီးကို အလိုမကျဖြစ်၊ တစ်နေ့တစ်နေ့ ကလေးတွေဟာ ကိုယ့်ဘ၀ကို မကျေမနပ်ဖြစ်လာ၊ စိတ်က စာထဲမရောက်၊ လွတ်ပေါက် ထွက်ပေါက်ကိုရှာ၊ စိတ်ညစ်ညူးတာပျောက်တယ်ဆိုပြီး ဆေးလိပ်စီးကရက်ခိုးသောက်၊ မကောင်းတဲ့ အပေါင်းအသင်းတွေရဲ့ အဆွယ်ကောင်းမှုနဲ့ အရက်သေစာကိုပါ သောက်စားတတ်လာ၊ မိဘလည်း ဒုက္ခရောက်၊ ကလေးလည်း ဆင်းရဲ၊ ဘ၀နဲ့ နောက်ဆုံးစိတ်ကို၊ ဘ၀ကို အချဉ်ပေါက်ပြီး ပျက်စီးသွားခဲ့တာ ဘယ်လောက်များရှိနေပြီလဲ။
သိဘူးခဲ့တဲ့ မိဘသုံးဦးလောက်ရှိတယ်၊ တစ်ဦးရဲ့ သမီးလေးဟာ ပင်ကိုယ်ဥာဏ်ရည် အလွန်ကောင်း တယ်၊ ကလေးလေးဟာ အတန်းတိုင်းမှာလည်း ပထမတွေနဲ့ချည်း အောင်တယ်၊ ကလေးက သိစက လေးတန်း၊ အဲဒီကလေးဟာ ကျောင်းစာလည်း ကျက်ရတယ်၊ ၀ါသနာအရ ကလေးက သီချင်းဆိုလေးကလည်းကောင်းတယ်၊ အဲဒါကို အမေလုပ်တဲ့သူက ခေတ်ပေါ် ဆိုကရေးတီး မှာ သူ့သမီးလေးကို ပြိုင်ပွဲဝင်ခွင့်ရတဲ့အထိ နည်းပြဆရာမ တွေနဲ့ စနစ်တကျသင်တယ်၊ ကလေးမှာ ကျောင်းအတွက် ကျူရှင်မျိုးစုံလည်း တက်ရတယ်၊ အကလည်း သင်၊ အဆိုလည်း သင်နဲ့ ကလေးလေးဟာ အရုပ်လေးလိုပဲ၊ နားချိန်ပင်မရတော့၊ နှစ်စဉ် ဆိုကရေးတီးကိုလည်း ပါဝင်ပြိုင်စေ သင်စေနဲ့ သမီးလေးဟာ ကလေးဘာသာဘာဝ ကစားချိန်ကို မရှိလောက်အောင် နေနေခဲ့ရတယ်၊ တဖြေးဖြေးနဲ့ကလေးဟာ စက်ရုပ်ဆန်လာတယ်၊ ငေးလာ ငိုင်လာ တွေလာ ဝေလာနဲ့ နောက်ဆုံး ကလေးဟာ အတန်းစာတွေမှာ အားနည်းလာခဲ့တယ်၊ ခုဆို ကလေးက ကိုးတန်း ဆယ်တန်းရောက်ရောပေါ။့
နောက်တစ်ဦးက ကလေးလေးက ခုမှ နှစ်တန်း၊ ကလေးက ပင်ကိုယ်ကကို ဥာဏ်က သိပ်ထက်မြက်လှသည်မဟုတ်ဘူး၊ သို့သော် မအေက သူ့ကလေးကို အရမ်းတော်စေချင် တတ်စေ ချင်တယ်၊ ကလေးလေးက သူငယ်တန်းတုန်းက အဆင့် ငါး/ခြောက်လောက်မှာ ရှိနေသေးတယ်၊ ပထမတန်းရောက်တော့ ဘာသာစုံသင်ပေးဘို့ ကျူရှင်ဆရာမကို အိမ်မှာခေါ်သင် တယ်၊ ကလေးဟာ ကျောင်းကပြီးတာနဲ့ အိမ်ရောက်တော့လည်း စာဆက်သင်ရတယ်၊ စနေ တနင်္ဂနွေမှာ ကလေးကို ကွန်ပြူတာပါ သင်စေပြန်တယ်၊ ကလေးကတော့ ပိုပြီးတိုးမလာတဲ့အပြင် စာက တဖြေးဖြေး ပိုပိုညံ့ညံ့လာတယ်၊ ဒုတိယတန်းရောက်တော့ ကျောင်းသားကျောင်းသူ ငါးဆယ်ရှိတဲ့ အတန်းထဲမှာ ကလေးဟာ အဆင့် လေးဆယ်ကျော်မှာပဲ အမြဲလိုရှိနေခဲ့တယ်။
နောက်တစ်ဦးကတော့ ပင်ကိုယ်ဥာဏ်က အသင့်အတင့်ရှိတယ်၊ ဒါပေမယ့် သူဖြစ်ချင်တာက ဆရာဝန်တဲ့၊ ဆယ်တန်းမှာတွေ့တာ၊ သူ့ဥာဏ်ရည်ကို ကိုယ်တိုင်တွေ့ရတာက အလယ်အလတ်အဆင့် ပဲ၊ လိုချင်စိတ်ကတော့ အားကြီးတယ်၊ ကြိုးစားတယ်၊ စာတွေလည်း တအားသင်တယ်၊ နောက် သူက သူများတွေ တော်သမျှ အကုန်လိုက်တော်ချင်တယ်၊ စီးပွားရေးဝါသနာပါတယ်တဲ့၊ ချမ်းသာချင်လွန်းက လည်း အားကြီးတယ်၊ ကွန်ပြူတာကို ဆရာကြီးတစ်ဆူ ဖြစ်ချင်ပြန်ရော၊ မိဘတွေကတော့ သူ့သား ဘာဖြစ်ဖြစ် ကျေနပ်ပါတယ်ဆိုတဲ့အတန်းစားထဲကပါ၊ ဆယ်တန်းအောင်တော့ ဂုဏ်ထူးတစ်ခုပဲပါတယ်၊ ဆရာဝန်လိုင်းမရလို့ဆိုပြီး နောက်ပိုင်း ရောင်ပေပေဖြစ်သွားတယ်။
ဒီနေရာမှာ ကလေးတွေရဲ့အပြစ်ဆိုတာထက် မိဘတွေမှာ ပိုပြီးအမှားများနေတယ်၊ မိဘတွေက ကိုယ့်သားသမီးကို တတ်စေချင်တယ်၊ တော်စေချင်တယ်၊ ကိုယ့်သားသမီး တော်တာတတ်တာထက် မိဘတွေ အချင်းချင်း ဂုဏ်တု ဂုဏ်ပြိုင်လုပ်ချင်တာက ပိုများနေတာကို ကိုယ်တိုင်တွေ့ခဲ့ရတယ်၊ အဲဒီကလေးတွေ နောက်ပိုင်း ဘ၀ကိုမကျေမနပ်နဲ့ ဘ၀နဲ့စိတ်ကောက်ပြီး လေလွင့်သွားတတ်တာကို မိဘတွေက အလေးမပြုကြဘူး၊ ဒါဟာ အလွန်ပဲ ကြောက်စရာကောင်းတဲ့ ဒီနေ့ ပိုက်ဆံရှိ သားသမီးတွေရဲ့ဘ၀တွေပါပဲ။
ကျောင်းသား
ကိုယ့်ရဲ့ဥာဏ်ရည်ကို ကိုယ်ကိုယ်တိုင်မသိတတ်၊ ကိုယ့်ဝါသနာကို ကိုယ်မဆုံးဖြတ်ရဲ၊ သူများဆရာဝန်ဖြစ်တာကို ကိုယ်က လိုက်ဖြစ်ချင်၊ ကြိုးစားမှုတော့လည်းရှိပါရဲ့၊ သို့သော် အဲဒီကြိုးစားမှု က ပင်ကိုဗီဇ ၀ါသနာနဲ့ မတိုက်ဆိုင်၊ ပင်ကိုယ်ဥာဏ် အဲဒီလောက်ထိ အဆင့်မမီ၊ ကိုယ်လိုချင်တဲ့ လိုင်းဖြစ်တဲ့ ဆရာဝန်မရ၊ အင်ဂျင်နီယာမဖြစ်၊ လိုတာမရတော့ ဘ၀ကိုစိတ်ပျက်၊ ဘ၀နဲ့ မိတ်ပျက်၊ ဘ၀ကိုစိတ်ကောက်၊ နောက်ဆုံး ဖြစ်ချင်ရာဖြစ်စေတော့ဆိုပြီး ဘ၀ကို ရေစုန်မျှောပစ်လိုက်ကြ၊ အရှုံးသံသရာမှာ နစ်မွန်း၊ လူဖြစ်လည်း ရှုံး၊ ဘ၀လည်း ဆုံးတဲ့ထိရောက်၊ ကိုယ့်ကိုယ်ကို မယုံမကြည် အောင် မိမိကိုယ်တိုင်လည်းလုပ်ခဲ့၊ ပတ်ဝန်းကျင်ရဲ့တွန်းအား၊ ဆွဲအားတွေကိုလည်း မတော်လှန်နိုင်ခဲ့၊ စိတ်ကောက်မိတဲ့ ဘ၀ကိုပဲ အပြစ်ပုံချခဲ့၊ စာမေးပွဲတစ်ခါရှုံး/ကျတာကိုပဲ ဘ၀ကြီးတစ်ခုလုံး ဆုံးသွားသယောင် အတွေးမှာထင်ခဲ့၊ အဲဒီခါမှာ အရင်းနှီးဆုံး ပတ်ဝန်းကျင်ဖြစ်တဲ့ မိဘတွေက ဆူကြ၊ မောင်းကြ၊ ကျေအေးအောင် မနှစ်သိမ့်တတ်ကြတော့ ကလေးဟာ ဘ၀ကို ထိခိုက်ရှနာတွေနဲ့သာ လူဖြစ်လာခဲ့တော့၊ ဘယ်သောအခါမှ မအောင်မြင်တဲ့ လူသားလေးအဖြစ် ရပ်တည်သွားခဲ့ကြရ။
စီးပွားရှာသူ
ရတာက တစ်နေ့ကို တစ်ရာကျပ်- ကွမ်းယာစားတာက ၂၅-ကျပ်၊ လဘက်ရည်သောက်တာက မနက်ည- ၅၀၊ ဆေးလိပ်ဘိုးက ၂၅-ကျပ်၊ အိမ်ပြန်လာတော့ အိပ်ကပ်က ဗလာဖြစ်၊ ဘယ်မှာလည်း သားကျွေးဘို့၊ ဘယ်မှာလည်း မယားအတွက်၊ ဘယ်မှာလည်း ထမင်းဘိုး၊ ဘယ်မှာလည်း ဟင်းဘိုး၊ မသုံးတတ်ဘဲ အဖြုန်းနဲ့ဘဲ သံသရာလည်၊ ဘယ်လိုလုပ်စီးပွားဖြစ် ချမ်းသာကြတော့မည်လဲ။ နောက်ထပ် အိမ်က မိန်းမဖြစ်သူ အိမ်ထောင်ရှင်၊ အိမ်ကြီးရှင်မ ကျပြန်တော့လည်း ပါသွားတဲ့ဟင်းဘိုး ကို ကလေးတွေမသိအောင် မုန့်ဟင်းခါးခိုးဝယ်စားတာက တစ်မျိုး၊ ခေတ်စားနေတဲ့ နှလုံး သုံးထိုးတာက တစ်ဖုံ၊ အိမ်ပြန်လာတော့ ကစွန်းရွက်စီးတောင်မှ အနိုင်နိုင်၊ ကိုယ့်ရှိတာကို မသုံးတတ်တာ ပြောပါတယ်၊ ဒီလို မိသားစုမျိုး လင်ကဘယ်လောက်ပဲရှာရှာ၊ ဘယ်လောက်ပဲ ငွေရရ၊ စီးပွား မဖြစ်တော့။ အိမ်ထောင်ဟာ ဘယ်သောအခါမှ မတိုးတက်တော့။
မတိုးတက်တော့ ဖြစ်လာတဲ့ဆိုးကျိုးတွေက အမျိုးမျိုးပေါ့၊ စားဝတ်နေရေး မပြေလည်ဘူးဆိုမှ ဖြင့် လောကကြီးဟာ ဖြစ်ချင်သလိုဖြစ်ကြတော့တာပါပဲ၊ သားသမီးက မိဘကို မရိုသေ၊ မိဘက သားသမီးတွေကို ဂရုမစိုက်နိုင်၊ ပညာသင်မပေးနိုင်၊ သူများဝတ်တာ စားတာတွေကိုမြင်ပြီး အားကျစိတ်ဝင်၊ မိရယ် ဖရယ်ဆိုတာတွေကို အရေးမထားတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဘယ်နည်းနဲ့ ဖြစ်ဖြစ် ငွေရအောင်ရှာကြရော၊ သမီးမိန်းကလေးက ခန္ဓာကိုယ်ကိုရောင်းပြီး ငွေရအောင်လုပ်တယ်၊ သားယောကျာ်းလေးက ခိုးဆိုးလုယက်လာတတ်တယ်၊ မိမနိုင် ဖမနိုင်လေးတွေဖြစ်လာတယ်၊ မအေက လည်း လင်ယောကျာ်းကို မယုံကြည်တော့၊ သူ့နည်းသူ့ဟန်နဲ့ စားဘို့ဝတ်ဘို့ ရှာလာတယ်၊ စရိုက်တွေ ပျက်၊ အကျင့်တွေဖောက်၊ နောက်ဆုံး အိမ်ထောင်ရေးပါ ပျက်ပြားကြ၊ ဘ၀ကို စိတ်နာ၊ စိတ်ကောက်၊ ဖြစ်ချင်ရာတွေ ဖြစ်တော့တာပါပဲ။
ဆရာနဲ့တပည့်
ဒီနေရာမှာတော့ ဆရာဆိုတာကို စာသင်ပေးတဲ့ ကျောင်းဆရာ/ဆရာမတို့ကိုပဲ ပြောပါမယ်၊ ဒီနေ့ခေတ်ကျောင်းသား ကျောင်းသူအများစုဟာ ဆရာဆိုတဲ့သူတွေကို ဆရာလိုမဆက်ဆံကြတော့ဘူး၊ သူငယ်ချင်းလိုဆက်ဆံနေကြတယ်၊ ဒို့များဖြင့် ဆရာဆိုတာကို ဒီနေ့တိုင်အောင် မြင်တာနဲ့ ကြောက်ရွံ့နေတုန်းပါပဲ၊ တောသားဆိုတော့ ကျွန်တော်ဆိုတဲ့အသုံးကို အဲဒီဆရာရှေ့ကလွဲပြီး မသုံးခဲ့ဘူးဘူး၊ ခုထိလည်း ဆရာနဲ့တွေ့ရင် ကျွန်တော်က သူ့အလိုလို ပါးစပ်ကနေ ခုန်ပေါက်ထွက်သွား တုန်းပါပဲ၊ ရွာမှာက တစ်ရွာလုံး ယောကျားလေးတွေ ကျုပ်ကျုပ်နဲ့ပဲ သုံးခဲ့ကြတာကိုး၊ ခုတော့လည်း ခေတ်တွေပြောင်း၊ နှစ်တွေဟောင်းလာတော့ တိုးတက်လာပြီပေါ့။
ဘာဖြစ်လို့ အဲဒီခေတ်ကလို ဆရာတွေကို တပည့်တွေက သူငယ်ချင်းလို ဆက်ဆံနေကြ တာလည်း ဆန်းစစ်ကြည့်တော့ ကျူရှင်ဆိုတာတွေက အရင်းအကျဆုံးဖြစ်နေတယ်၊ မိဘတွေက တတ်နိုင်ရင် တတ်နိုင်သလောက် ဆရာတွေအမျိုးမျိုးကို အိမ်ကိုခေါ်၊ ပိုက်ဆံကို မတန်တစ်ဆပေး၊ ကလေးကို စာသင်ခိုင်း၊ ကလေးက ဒီလူ (ဆရာကိုပြောပါသည်) ငါ့မိဘကပိုက်ဆံပေးပြီး ငါ့ကိုစာသင် ခိုင်းတဲ့ အခိုင်းအစေပါပဲလို့ အမြင်တွေဖြစ်၊ ဆရာဟာ ဆရာ့နေရာမှာ မရှိတော့ဘဲ၊ ငွေပေးပြီး ခိုင်းရတဲ့ အခိုင်းအလုပ်သမားဖြစ်သွားရော။ အဲဒီအခါ ဆရာကလည်း သူ့မှာ သူ့အာဏာပါဝါတွေကို ငွေနဲ့ရောင်း ထားသလိုဖြစ်နေလို့ ငွေမျက်နှာကိုကြည့်လျက် တပည့်ကို မဆုံးမရဲ၊ နောက်တော့ အို ငါက သူ့ကိုစာသင်ပေးရတာပဲ၊ သူ စာတတ်၊ ငါ စာသင်ခရ ပြီးတာပဲရယ်ဟု ဆုံးဖြတ်၊ ဆရာလည်း အကျင့်ပျက်၊ တပည့်လည်း အကျင့်ပျက်၊ ဘ၀တွေဟာ နေသားကျမဖြစ်တော့ဘဲ၊ ဖောက်ပြန်ပြီး ဆရာတပည့်ဆိုတဲ့ ဆက်ဆံရေးတွေ ပျောက်ဆုံးကုန်တော့တာပါပဲ။
အဲဒီမှာလည်း ဘ၀ကိုစိတ်ကောက်ပစ်လိုက်ကြတာမို့ ဆရာတပည့်ဆိုတဲ့ ချစ်စရာ ဆက်ဆံရေး ဘ၀လေး ပျက်စီးခဲ့ရ၊ ဆရာတွေ အားလုံးကို သိမ်းကြုံးပြောလိုက်ခြင်းမဟုတ်ပါ၊ ဘ၀ပျက်နေကြသော ဆရာနဲ့တပည့်တို့ကိုသာ ပြောလိုရင်းဖြစ်ပါသည်။
ဒီလောက်ဆိုရင် အရာရာကိုမြင်တတ်လောက်ပါပြီ၊ နေရာတိုင်းမှာ ဒါမျိုးတွေ အများကြီး ဖြစ်နေပါတယ်၊ ဘ၀ဆိုတာ ကံဇာတ်ဆရာ အကခိုင်းတဲ့အတိုင်း ကနေကြရတာပါ၊ အဲဒီဘ၀ထဲမှာ တစ်ခါ တစ်ခါ ကိုယ်ဖြစ်ချင်သလို မဖြစ်ရတာတွေလည်း ရှိတတ်ပါတယ်၊ ကိုယ်ဖြစ်ချင်တဲ့အတိုင်း ဖြစ်လာတွေလည်း အများကြီးပါပဲ၊ ဘာပဲဖြစ်ဖြစ်ပေါ့၊ က-ရတော့မှာ သေချာနေပြီဆိုမှဖြင့် ကျရာ ဇာတ်ရုပ်ကို အကောင်းဆုံးဖြစ်ဘို့က အလိုအပ်ဆုံးလို့မြင်ပါတယ်၊ တစ်ခုရှုံးရင် တစ်ခုနိုင်ရမှာပေါ့၊ စာမေးပွဲကျရှုံးခြင်း၊ စီးပွားကျရှုံးခြင်းတွေက နောက်ထပ်တစ်ခါ ထပ်ပြီးတော့ ပြင်လို့ ကြိုးစားလို့ ရပါသေးတယ်၊ အဲ စိတ်ဓာတ်ကျရှုံးသွားပြီဆိုရင်ဖြင့် ပြင်လို့မရတော့ပါဘူး၊ ခဏခဏ ပြောဖြစ်ပါတယ်၊ ကျရှုံးတာကြီးကို ရင်ဝယ်ပိုက် နှလုံးသားမှာထွေးသိပ်ထားလို့ကတော့ဖြင့် မစားရတဲ့၊ စားလို့မရတော့တဲ့ ထမင်းထုပ်ကြီး ခေါင်းပေါ်ရွက်ပြီး ရွာရိုးလျှောက် ပစ်လည်း မပစ်ရက်၊ စားလည်း စားမရ၊ ဘာမှ အသုံးမကျတော့ပါဘူး၊ ဒီတော့ ဘ၀ဆိုတာရှိနေသေးရင် တိုက်ပွဲတွေကလည်း မပြတ်ရှိနေမှာပါ၊ အမြဲတန်းလည်း တိုက်ပွဲဝင်နေကြရမှာပါ၊ တိုက်ပွဲတော့ အမြဲတန်း ဘယ်နိုင်နေပ၊ အရှုံးဆိုတာလည်း ရှိမှာပေါ့၊ ရှိနေမှာပေါ့။
အနိုင်ကို အပြုံးနဲ့ဆီးကြိုနိုင်ရင်ဖြင့် အရှုံးကိုလည်း မတုန်မလှုပ်နဲ့ လက်ခံနိုင်အောင် ကြိုးစား ရမှာပေါ့၊ ဘ၀ကိုစိတ်ကောက်မနေကြပါနဲ့၊ ဘ၀ကို စိတ်လည်း ပျက်မနေကြပါနဲ့၊ မသေခင်လေးပဲ ကြိုးစားဘို့အခွင့် အချိန်ရှိတာပါ၊ သေသွားရင် ဘာမှလုပ်လို့မရတော့ပါဘူး၊ အခွင့်သာတုန်းလေးသာ ရုန်းထားလိုက်ကြစေချင်တာပါပဲ၊ လသာတုန်းလေး ဗိုင်းငင်ထားစေချင်တာပါ…….
ဒီလိုမှမဟုတ်ရင်ဖြင့်……. သံသရာက အရှည်ကြီး…. ဘ၀တွေက မဆုံးသေး … ဆက်လျှောက်ကြရပေဦးမှာ… ဘယ်လိုလျှောက်ပ….
13. 12. 2009
Read more...
ဘာမှ မလိုချင် မလုပ်ချင်တော့ပါ….
ဘာသာရေး
ရွှေလမ်းငွေလမ်းဝင်းကြည်
ကိုဖိုးသားလေး မေးလ်ပေးပို့လိုက်တဲ့ မြစိမ်းတောင်ဆရာတော်ဘုရားရဲ့ တရား(၂၉၂)ပုဒ်ကို ဒေါင်းလုပ်ဆွဲယူလိုက်ပါတယ်။ မသေခင် ဆရာတော်ဘုရားရဲ့တရားတွေကိုနာကြား နေပါ တယ်။ ဓမ္မက ပေးလိုက်တဲ့ အကြောင်းအသိတရားတွေက မကျင့်သေးမီမှာကို လက်တွေ့ အကျိုးထူးတွေရနေပါပြီ…။ ဆက်လက်ပြီး ၀ိပသနာကို ကျင့်မယ်ဆိုရင်ဖြင့်…..။ ယခုနည်းနည်း လေးတရားနာပြီး တရားထိုင်ကြည့်နေတာကိုပင် စိတ်ဓာတ်တွေ ထူးထူးခြားခြား နူးညံ့သိပ်မွေ့ သွားတာကို လက်တွေ့ခံစားလိုက်ရပါတယ်..။ ကိုယ်ရည်သွေးပြောဆိုခြင်းမဟုတ်ပါခင်ဗျာ..။
ကျွန်တော်ဟာ အလွန်ဒေါသကြီးသူတစ်ယောက်ပါ။ စာပေနှင့်စာနယ်ဇင်းအဖွဲ့အစည်းတစ်ခုမှာ ဒုတိယခေါင်းဆောင်တစ်ဦးအဖြစ်တာဝန်ယူခဲ့ပါတယ်။ စာပေနဲ့ပတ်သက်ရင် ဘာမဆိုငွေကြေး ကအစ မမျှော်မြင်ဘဲ ပေါင်းသင်းဆက်ဆံ လုပ်ကိုင်ပေးခဲ့ပါတယ်။ ကူညီခဲ့ပါတယ်။ စာရေး ဆရာအဖွဲ့ဝင်ဖြစ်အောင်၊ စာအုပ်ထုတ်ချင်နေသူကို စာအုပ်ထုတ်ဖြစ်အောင် ကူညီပေး ခဲ့ပါတယ်။
တစ်နေ့မှာ..ကျွန်တော် အကူညီပေးခဲ့တဲ့ စာရေးဆရာတစ်ဦး(ရဲအုပ်)ကို သတင်းတစ်ပုဒ်အား ကျွနှ်တော်နှင့်အဆက်အသွယ်ရှိတဲ့ဂျာနယ်တိုက်သို့ အခမဲ့မေးလ်ပို့ကူညီဆောင်ရွက်ပေးလိုက် ပါတယ်..။သူက အသစ်ဆိုတော့ ကျွန်တော့်ဂျာနယ်တိုက်သို့ မိတ်ဆက်ပေးလိုက်တဲ့ စာတို လေးကို အောက်ကရေးလိုက်ပြီး ကျွန်တော့်ကလောင်အမည်ကို အောက်ဆုံးက ရေးပြီးပို့ လိုက်မိပါတယ်..။ သတင်းရဲ့ အဆုံးမှာတော့ သူ့ကလောင်အမည်ကို ထင်ထင်ရှားရှား (အနက်ရောင်)ဖြင့် စာရေးသူရုံးလိပ်စာပါတပ်ပေးထားပါတယ်..။(အဲဒီ သတင်းဟာ သူရေးတဲ့ သတင်းမဟုတ်ပါ..။သတင်းရေးသူမှာ စာနယ်ဇင်းအတွင်းရေးမှူး ရေးတာဖြစ်ပါတယ်။ သတင်း ရေးသားသူအတွင်းရေးမှူးနဲ့ တရားခံက အိမ်နီးခြင်းဖြစ်နေလို့ စာရေးဆရာ(ရဲအုပ်)နာမည် ခံစေပြီးပို့ပေးတာဖြစ်ပါတယ်။သတင်းမေးလ်ပို့စဉ်အချိန်မှာ စာနယ်ဇင်းအတွင်းရေးမှူး ကိုယ် တိုင်ယူလာတဲ့ စီဒီချပ်ကို ကော်ပီယူပြီး ပို့လိုက်တာပါ။)
ဂျာနယ်ထွက်လာတဲ့နေ့မှာ အဲဒီသတင်းက စာမျက်နှာတစ်မျက်နှာအပြည့် ခန်းခန်းနားနား ဖော်ပြ ပါလာပါတယ်။ အောက်က သတင်းရေးသူ ကလောင်အမည်မပါဘဲ မေးလ်ပို့ပေးတဲ့ ကျွန်တော့်ကလောင်(ရွှေလမ်းငွေလမ်းဝင်းကြည်) ဆိုပြီးပါလာခဲ့ပါတယ်။ ကျွန်တော်က ကြိုတင်မသိလိုက်ပါဘူး။
ကျွန်တော့်အလုပ်ခန်းအတွင်းသို့ အဲဒီစာရေးဆရာ(ရဲအုပ်) နှင့် စာနယ်ဇင်း အတွင်းရေးမှူး တို့ နှစ်ဦး ၀င်လာပါတယ်။ အမည်ခံ စာရေးဆရာ(ရဲအုပ်) က သူ့ရဲ့ကလောင်အမည်မပါဘဲ ကျွန်တော့်နာမည်ပါလာလို့ ဒေါသူပုန်ထပြီး ရိုင်းစိုင်းစွာ၊ ပြင်းထန်စွာ၊ ပေါက်ကွဲပြောဆို သွားပါတယ်။ ငမဲ၊ငဆနဲ့ စိမ်ခေါ်စကားများကိုလဲ ပြောပါတယ်။ ယင်းသတင်းဂျာနယ်ကို တစ်ဘက်ကကိုင်၍ ကျန်တစ်ဘက်က လက်ညှိးငေါက်ငေါက်ထိုးပြီးပြောဆို ကြိမ်းမောင်းနေ ပါတယ်..။ ရဲအုပ်တစ်ဦးက တရားခံတစ်ယောက်ကို ရိုက်တော့၊ထိုးတော့မဲ့ပုံနဲ့ အော်ဟစ်ပြော ဆိုနေပါတယ်..။
ဒေါသအလွန်ကြီးတတ်သော ကျွန်တော်သည်တရားဓမ္မများကိုနာကြား ကျင့်ကြံထားတဲ့ကျေးဇူး များကြောင့် စိတ်ဆိုးခြင်းမရှိခဲ့ပါ။ ပြုံးရယ်ခါဖြင့် သူ့ကို စိတ်မဆိုးအောင် အကြိမ်ကြိမ်အခါခါ တောင်းပန်နေခဲ့ပါတယ်။ ကျွန်တော်က ရိုးရိုးသားသားကူညီပေးခဲ့တာဖြစ်ကြောင်း ဒီကိစ္စမှာ ဂျာနယ်တိုက်က မှားတာဖြစ်ကြောင်းကို အေးအေးဆေးဆေးရှင်းပြတောင်းပန်ခဲ့ပါတယ်။ သူကပြင်းထန်းစွာပေါက်ကွဲနေသော်လည်း ကျွန်တော်က ရယ်ရယ်မောမောပြောဆိုနေမိ ပါတယ်။
““ခင်ဗျားက ဘာဒုဥက္ကဌ လဲ၊ ဘာလူကြီးလဲ၊ ခင်ဗျားတို့စာနယ်ဇင်းက ဒီလိုပဲ ကျော်၊ဖြတ်၊ ကျော်ခုတ်နေကြတာပဲလား?။သူများကိုသာ လုပ်လို့ရမယ်..ကျုပ်ကိုဒီလိုလုပ်လို့ မရဘူးမှတ်ပါ။ ဒီသတင်းနဲ့ပတ်သက်လို့ ပြသနာတက်လာခဲ့ရင်တော့ ခင်ဗျားရှင်းဖို့သာ ပြင်ထားလိုက်ပေတော့ ကျုပ်အကြောင်းသိစေရမယ်..”””
ကျွန်တော်က နေပါအုံးဗျာ သတင်းပို့ထားတဲ့ အီးမေးလ်ဖိုင်ကိုမှန်ကန်ကြောင်း ပြန်ဖွင့်ပြ ပါရစေ..။ဂျာနယ်တိုက်ကိုလဲ နောက်တစ်ပတ်မှာ ကလောင်နာမည်မှားနေကြောင်း ရှင်းလင်း ချက်ထည့်ပေးပါရန် အီးမေးလ်ပို့ပေးပါ့မယ်..။ ဘယ်လိုပဲပြော၍ တောင်းပန်သော်လည်း မရပါ။ သူနှင့်အတူပါလာသော ဤသတင်းကိုရေးသားပေးသူ အတွင်းရေးမှူးကို ဇွတ်ဆွဲခေါ်သွား ပါတယ်။
ဂျာနယ်တိုက်က သူတို့မှားသွားကြောင်း ဖုန်းဆက်တောင်းပန်သော်လဲ စာရေးဆရာ(ရဲအုပ်)က မကြေနပ်နိုင်ကြောင်း တင်းမာစွာနဲ့အကြောင်းပြန်ခဲ့ပါတယ်။ဂျာနယ်အယ်ဒီတာချုပ်ကလည်း “ကဲ ဒီလောက်မှ တောင်းပန်လို့မရတာ ရှင်းလင်းချက်ထည့်မနေတော့ပါဘူး” လို့ အပြတ်ပြောလိုက်ပါတော့တယ်။
ဒီနေ့အထိ စာရေးဆရာ(ရဲအုပ်) ကျွန်တော့်ကိုမကြေနပ်ပါ။ကျွန်တော့်ဆီကိုလုံးဝမလာတော့ပါ။ ဒါဘာကြောင့်လည်းဆိုတော့ သူကဒီသတင်းကို သူ့ကလောင်နာမည်နဲ့ပါလာတဲ့ဂျာနယ်ကို အထက်အရာရှိကိုပြပြီးမျက်နှာလုပ်၍ နေရာကောင်းတစ်ခုကိုတောင်းချင်နေကြောင်း စုံစမ်း သိရှိ လိုက်ရပါတယ်..။ သူများသားသမီးကို ကိုယ့်သားသမီးလုပ်ပြီး အခွင့်အရေးယူချင် တာပါလေ..။ ဖြစ်မှ ဖြစ်ရပလေကွယ်..။ အဲဒီအခွင့်အရေးဆုံးရှုံးသွားသော်လည်း ဒီနာမည်ကြီး အမှုသတင်းကြီးဟာ သူကစတင်ဖော်ဆောင်သူဆိုပြီး ၀န်ထမ်းကောင်းဆုရရှိရေး၊ ရာထူးတက် ရေး၊အတွက် အထက် ကို တင်ထားပါသေးသတဲ့ဗျာ..။သတင်းစတင်ပေးသူ၊နာမည်မဖော်ရဲတဲ့ တာဝန်သိသတင်းပေး သူ(အရပ်သား)ကိုတော့…..ဘာလုပ်ပေးကြမည်လဲမသိပါ..။
အင်း.. ကျွန်တော်လည်း ပုထုဇဉ်လူသားအဆင့်ပဲဆိုတော့ ဒီစာကိုရေးလိုက်မိတာကိုက ကျွန်တော့်ရင်ထဲမှ တစ်ငွေ့ငွေ့လောင်းကျွမ်းနေတဲ့ ဒေါသမီးခဲလေးများက ရဲတက်လာတာ ပါလား..။ မဖြစ်သေးပါဘူး..မဖြစ်သေးပါဘူး..။ သူ့အသံ နားထဲကကို မထွက်တော့ပါဘူး..။ သူ့ရဲ့ရိုင်းပြတဲ့အမူအယာတွေကိုလဲ မျက်စေ့ထဲကကို မထွက်တော့ပါဘူး…ဆိုတဲ့ မြင်စိတ်၊ ကြားစိတ်၊နံစိတ်၊စားစိတ်၊ ယားနာကောင်းစိတ်၊ ပြန်လည်တွေးတောစိတ်တွေကို ဖြစ်ပျက်ရှုနိုင် အောင်.. တရားနာလက်စ မြစိမ်းတောင်ဆရာတော်ဘုရားရဲ့ဝိပသနာတရာတော်များအား ဆက်လက်နာကြားပေရပါဦးမည်….။
တရားစစ်၊တရားမှန် သစ္စာတရားတွေကို နာကြားနေရယုံနဲ့ကို ရုပ်တွေ၊စိတ်တွေက နူးညံ့ ကြည်လင်လာပါတယ်။ လောကုတ္တရာတရားဘာဝနာများကိုပွားနေချိန်မှာ.. ဘာမှမလိုချင်၊ မလုပ် ချင်တော့ပါကလား…..။ သစ္စာတရားနာကြားထားတဲ့အသိတွေကိုသာ ဆက်လက် ကျင့်လိုက်ရ ရင်ဖြင့်…….
“ဆရာ.ဆရာ..စာနယ်ဇင်းရွေးချယ်ပွဲနီးလာပြီလေ..။ ဆရာအရွေးခံအုံးမှားလား..?။”
““ဟေး..ဘယ့်နဲ့မေးနေရတာလဲကွာ..၊ငါ့နာမည်စာရင်းကို ထိပ်ဆုံးကသာ ထားလိုက်ပါတော့ ကွာ…။ ဟဲဟဲ.. တရားထိုင်နေချိန်သာ ဘာမှ မလိုချင်၊မလုပ်ချင်တာပါ..။ လောကီရေးရာ စာနယ်ဇင်းအဖွဲ့မှာတော့ …..သေတစ်ဖန် အသက်တစ်ဆုံး..ဥက္ကဌ နေရာကိုဆက်လက် တာဝန်ယူထားပါရစေကွယ်..””
ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊ဒီဇင်ဘာလ(၁၃)ရက်၊ည(၁၂းဝ)နာရီရေးပါသည်။

ရွှေညဝါဆရာတော် ဘဒ္ဒန္တပညာသီဟ အရှင်သူမြတ်သည်၊ ၂၈-၁၂-၂၀၀၉၊ နေ့တွင်၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ကြွရောက်တော်မူ၍၊ ၃၀-၁၂-၂၀၀၉၊ နေ့တွင် မဟာချိုင်သို့ ကြွရောက်တော်မူပြီး။ ၃၁-၁၂-၂၀၀၉၊ နေ့တွင် မြန်မာနိုင်ငံသူ နိုင်ငံသားတို့အား နိဗ္ဗာန်ရောက်ကြောင်း တရားကောင်းများကို ဝပ်တလုမ်ကျောင်းတိုက် အတွင်း၌၊ နေ့တရားပွဲအဖြစ် ဆင်ယင်ကျင်းပ ဟောကြားပေးတော်မူမည် ဖြစ်ပါသောကြောင့်၊ တရားနာလိုသူ မည်သူမဆို လာရောက်နာကြားနိုင်ကြစေရန်၊ နိဗ္ဗာန်ကို အကျိုးမျှော်၍ တိုက်တွန်းနိုးဆော်အပ်ပါသည်။
ရွှေညဝါဆရာတော် ဘဒ္ဒန္တပညာသီဟ မထေရ်သည်၊ သာဓုပရိယတ္တိစာသင်တိုက်တွင် သီတင်းသုံး နေထိုင်တော်မူကာ။ ရန်ကုန် ဗုဒ္ဓတက္ကသိုလ် နှင့် အဘိဓမ္မာ ရွှေညဝါ ဆရာဖြစ်သင်တန်း များတွင်၊ အကျိုတော်ဆောင် ဆရာတော် တစ်ပါးအဖြစ်ဖြင့်၊ သာသနာ့အကျိုးကို သယ်ပို့ဆောင်ရွက်တော်မူနေကြောင်း သိရှိရပါသည်။
Posted by ရွာဦးကျောင်း ဆရာတော် at 7:51 AM 0 comments
Labels: သတင်း
Read more...စာအုပ်လေးတအုပ်လေးကို ဖတ်ဖြစ်ရင်းနဲ့ကိုယ်အတွေလေးကို ချရေးလိုက်တာပါ။ တကယ်လဲအားလုံးအတွက် အကျိုးရှိမယ်ထင်ပါတယ်။ ဖတ်ပြီးတော့ ဝေဖန်းပေးပါအုံး။
လောကသားတိုင်း လိုက်နာ ကျင့်ဆောင်သင့်တဲ့ ၀တ်နှစ်မျိုး ရှိပါတယ်။ တစ်မျိုးက လောက၀တ်ဖြစ်ပြီး နောက်တစ်မျိုးက ဓမ္မ၀တ်ပါ။ လောက၀တ်ဆိုတာ လောကကြောင်းအရ သတ်မှတ်ထားတဲ့
မိဘနဲ့ သားသမီး ပြုကျင့်ရမယ့် ၀တ်များ၊ ဆရာနဲ့တပည့်၊ လင်နဲ့မယား၊ မိတ်ဆွေ အပေါင်းအသင်း သူငယ်ချင်းများ အချင်းချင်း ကျင့်ရမယ့် ၀တ်များ စတာတွေကို ဆိုပါတယ်။ ဓမ္မ၀တ်ဆိုတာ ဘာသာတရားက သွန်သင်ဆုံးမ သတ်မှတ် ပေးထားတဲ့ ငါးပါးသီလကို လုံအောင်ထိန်းမှု၊ ရတနာသုံးပါးကို ကိုးကွယ် ဆည်းကပ်မှု၊ သီလ သမာဓိ ပညာ ပြည့်စုံအောင် အားထုတ်မှု စတာတွေပါ။ ဒီတော့ကာ လောက၀တ်ကို မလိုက်နာဘဲ ဖောက်ဖျက်ရင် ပစ္စုပ္ပန်မှာ ဆင်းရဲဒုက္ခ ရောက်ရတတ်ပြီး ဓမ္မ၀တ်ကို မလိုက်နာ မကျင့်သုံးရင် သံသရာမှာ ဆင်းရဲဒုက္ခ ရောက်တတ်ပါတယ်။
ဒါကြောင့် အတိုချုပ် ပြောရရင် …
လောက၀တ်လည်း မချွတ်စေနဲ့ ဓမ္မ၀တ်လည်း မလွတ်စေနဲ့… ဆိုတာပါပဲကွယ်…။
မောင်သြ-ထီလား)







Read more...
အညရတဗြာဟ္မဏသုတ်
ထိုအခါ ပုဏ္ဏားတစ်ယောက်သည် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆို၏။ပ။ တစ်ခုသော နေရာ၌ ထိုင်နေပြီးလျှင် မြတ်စွာဘုရားအား-
အသျှင်ဂေါတမ ကိုယ်တိုင် သိမြင်ထိုက်သောတရား ကိုယ်တိုင် သိမြင်ထိုက်သော တရားဟု ဆိုအပ်ပါ၏။ အသျှင်ဂေါတမ အဘယ်မျှဖြင့်တရားသည် ကိုယ်တိုင် သိမြင် ထိုက်ပါသနည်း၊ အခါမလင့် အကျိုးပေး ပါသနည်း၊ လာလှည့် ရှုလှည့်ဟု ဖိတ်ခေါ်ပြ ထိုက်ပါ သနည်း၊ မိမိ၏ ကိုယ်ထဲစိတ်ထဲ၌ ဆောင်ယူထားထိုက် ပါသနည်း၊ အရိယာ ပညာရှိတို့သာ ကိုယ်စီကိုယ်င သိနိုင် ခံစားနိုင်ပါသနည်း ဟု လျှောက်ထား၏။
ပုဏ္ဏား ရာဂဖြင့် တပ်စွန်းသောသူသည်...
ရာဂနှိပ်စက် ဖိစီးအပ်သည်ဖြစ်၍ ရာဂဖြင့် သိမ်းကျုံး ဆွဲဆောင်အပ်သည့် စိတ်ရှိရကား မိမိဆင်းရဲရန်လည်း ကြံစည်၏၊ သူတစ်ပါး ဆင်းရဲရန်လည်း ကြံစည်၏၊ မိမိသူတစ်ပါး နှစ်ပါးစုံ ဆင်းရဲရန်လည်း ကြံစည်၏၊ စိတ်ကို စွဲမှီ၍ဖြစ်သော ဆင်းရဲခြင်း နှလုံးမသာခြင်း ကိုလည်း ခံစားရ၏။
ရာဂကို ပယ်ခွါလိုက်သော်...
မိမိဆင်းရဲရန်လည်း မကြံစည်၊ သူတစ်ပါးဆင်းရဲရန်လည်း မကြံစည်၊ မိမိသူတစ်ပါး နှစ်ပါးစုံ ဆင်းရဲရန်လည်း မကြံစည်၊ စိတ်ကို စွဲမှီ၍ဖြစ်သော ဆင်းရဲခြင်း နှလုံးမသာခြင်းကိုလည်း မခံစားရပေ။ (ပုဏ္ဏား ရာဂဖြင့် တပ်စွန်းသောသူသည်။ပ။ ကိုယ်ဖြင့် မကောင်းသော အကျင့်ကို ကျင့်၏၊ နှုတ်ဖြင့် မကောင်းသော အကျင့်ကို ကျင့်၏၊ စိတ်ဖြင့် မကောင်းသော အကျင့်ကို ကျင့်၏။ ရာဂကို ပယ်ခွါလိုက်သော် ကိုယ်ဖြင့် မကောင်းသော အကျင့်ကို မကျင့်၊ နှုတ်ဖြင့် မကောင်းသော အကျင့် ကို မကျင့်၊ စိတ်ဖြင့် မကောင်းသော အကျင့်ကို မကျင့်၊ ရာဂဖြင့် တပ်စွန်းသော သူသည်။ပ။ မိမိအကျိုးကိုလည်းဟုတ်တိုင်းမှန်စွာ မသိ၊ သူတစ်ပါး အကျိုးကိုလည်း ဟုတ်တိုင်းမှန်စွာ မသိ၊ မိမိသူတစ်ပါး နှစ်ပါးစုံ၏ အကျိုးကိုလည်းဟုတ်တိုင်းမှန်စွာ မသိ။ ရာဂကို ပယ်ခွါလိုက်သော် မိမိ အကျိုးကိုလည်း ဟုတ်တိုင်းမှန်စွာ သိ၏၊ သူတစ်ပါး အကျိုးကိုလည်း ဟုတ်တိုင်း မှန်စွာ သိ၏၊ မိမိသူတစ်ပါး နှစ်ပါးစုံ၏ အကျိုးကိုလည်း ဟုတ်တိုင်း မှန်စွာ သိ၏၊)၊
ပုဏ္ဏား ဤသို့လျှင်...
တရားသည် ကိုယ်တိုင် သိမြင်ထိုက်၏။
အခါမလင့် အကျိုးပေး၏၊
လာလှည့် ရှုလှည့်ဟု ဖိတ်ခေါ် ပြထိုက်၏၊
မိမိ၏ ကိုယ်ထဲ စိတ်ထဲ၌ ဆောင်ယူ ထားထိုက်၏၊
အရိယာ ပညာရှိတို့သာ ကိုယ်စီကိုယ်င သိနိုင် ခံစားနိုင်၏ ဟု မိန့်တော်မူ၏။
စာရေးသူ*** တောသားလေး at 12:05 AM
© Blogger templates The Professional Template by Ourblogtemplates.com 2008
Back to TOP