* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, March 28, 2010

ရှင်ဥပဂုတ္တအကြောင်းကို လေ့လာခြင်း။

ရှင်ဥပဂုတ်မထေရ်၏ အကြောင်းသည် ထေရ၀ါဒ ဗုဒ္ဒဘာသာ ကျမ်းဂန်များတွင် ထင်ထင်ရှားရှား မရှိပါ။ သို့သော်လည်း သာသနာ နှစ်ပေါင်း ၂၅၅၃ နှစ်အတွင်း လွန်ခဲ့သော နှစ်ပေါင်း ၂၂၀၀ ၀န်းကျင်ခန့်က တကယ်ပင် ပေါ်ပေါက်ခဲ့သည်ဟု ဗုဒ္ဓဘာသာဝင်အများက ယုံကြည်လက်ခံနေကြပါသည်။


ထေရ၀ါဒဗုဒ္ဓဘာသာကျမ်းဂန်ဖြစ်သော မဇ္ဈိမနိကာယ၊ မဇ္ဈိမပဏ္ဏာသ ပါဠိတော် ပရိဗ္ဗာဇက၀ဂ်၊ စူဠသကုလုဒါယီသုတ်၌ မြတ်စွာဘုရားရှင်သည် ရှင်ဥပဂုတ္တရဟန္တာ အလောင်းအလျာဖြစ်သည့် စူဠသကုလုဒါယီ ပရိဗိုဇ်ထံ ကြွရောက်တော်မူလာကာ ခက်ခဲနက်နဲသော ပြဿနာများ မေးမြန်းလျောက်ထားပြီး အဆုံး၌ သရဏဂုံတည်ကာ ဘုရားရှင်ထံ ရှင်ရဟန်းပြုခွင့်တောင်း၏။ ရဟန်းအဖြစ်ကို ရလိုကြောင်း ခွင့်တောင်းရာ ဘုရားရှင်က ခွင့်ပြုတော်မူသည်။ သို့ရာတွင် ၄င်း၏တပည့် ပရိဗိုဇ်များက ၀ိုင်းဝန်းတားမြစ်ကြသဖြင့် ရဟန်းပြုခွင့် မရရှိလိုက်ပေ။

အဘယ့်ကြောင့် ရဟန်းပြုခွင့် မရလိုက်သနည်း ဆိုမူ = ရှေးအတိတ်အကုသိုလ်ကံ အကျိုးပေးကြောင့်လို့ အဋ္ဌကထာက ဆိုပါတယ်။ သတိထားဖွယ် အကုသိုလ်ကား = ကဿပ ဘုရားရှင် သာသနာတွင် ရဟန်းပြုပြီး တရားအားထုတ်ခဲ့စဉ် သာသနာ့ဘောင် ငြီးငွေ့သော သူငယ်ချင်း ရဟန်းအား လူဘ၀၏ ပျော်စရာကောင်းပုံ၊ ရဟန်းဘ၀၏ အပြစ်ကြီးပုံ စသည်ဖြင့် လူမထွက် ထွက်အောင် အားပေးအားမြောက်ပြုမိခဲ့၏။

အကြောင်းကား လူထွက်လျင် သူ့ သပိတ်သင်္ကန်း ပရိက္ခရာ အသုံးအဆောင်တွေ ပိုင်ဆိုင်နိုင်မည် ဟူသော အသေးစား လောဘ တဏှာ မျှလောက်ဖြင့် အားပေးခဲ့သောကြောင့် ဖြစ်သတဲ့။ ယခုခေတ် ရဟန်း ရှင် လူများ သတိထားဖွယ်ပါပေ။ တကယ်လည်း သူ့အားပေးမှု့ကြောင့် တပါးက လူထွက်ခဲ့ရကား ဘုရားရှင်ထံ ရဟန်းဝတ်လိုပါသော်လည်း တပည့်အများက ၀ိုင်းဝန်းကန့်ကွက်ကြသောကြောင့် မ၀တ်နိင်ခဲ့ပေ။

ယခုခေတ် ၀တ်ကြောင်ကို လွတ်အောင် ရုန်းလိုပါသော်လည်း မရုန်းနိုင်ပဲ လည်နေကြသူတွေကိုပင် သတိရမိသေးတော့သည်။ စူဠသကုလုဒါယီ သုတ် အဖွင့်အဋ္ဌကထာ ဋီကာတို့တွင် ပါရှိသည်မှာ စူဠသကုလုဒါယီ ပရိဗိုဇ်သည် မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူပြီးနောက် အနှစ် ၃၅၀ ရှိသော် သီရိဓမ္မာသောကမင်း (အသောကမင်း) လက်ထက်တွင် အဿဂုတ္တ မည်သော ရဟန္တာဖြစ်၍ မေတ္တာဝိဟာရီ အရာ ထင်ရှားကျော်ကြားကာ တန်ခိုးဣဒ္ဓိပါဒ် စွမ်းအားကြီးမားတော်မူမည်။ သီရိဓမ္မာသောကမင်းသည် စေတီပေါင်း ရှစ်သောင်းလေးထောင် စသော ဒါနအလှူကြီးများ ပြုလုပ်သည့်အခါ မာရ်နတ်မင်းနှောင့်ယှက် ခြင်းမပြုနိုင်ရန်ကာကွယ်စောင့်ရှောက်လိမ့်မည်-ဟုပါရှိပါသည်။

အချုပ် ဆိုရသော် စာရေးသူအမြင်ဖြင့် ဤဇာတ်ကြောင်းသည် ရှင် ဥပဂုတ္တမထေရ်နှင့် နာမည်တူသာ ဖြစ်တန်ရာ၏၊ အဿဂုတ္တ = ဥပဂုတ္တ အားဖြင့် ထင်ယောင်ထင်မှား ပြုထားသည်ဟု ယူဆမိပေသည်။ အဿဂုတ္တ နာမည်ကား မိလိန္ဒမင်းကြီးကို ဆုံးမသော အရှင်နာဂသေန၏ ဆရာမထေရ်တဆူဖြစ်ပေသည်၊ နှစ်ပေါင်း များစွာအတွင်း နာမည်တူ ရဟန္တာမထေရ်ပေါင်းများစွာ ပေါ်ပေါက်ခဲ့သည်ဟု ယူဆရပါသည်။ အရှင်မဟာကဿပ မထေရ်ကြီးနှင့် အလောင်းတော် ကဿပ၊ ပေါင်းလောင်းရှင်မဟာကဿပ စသည် ဖြင့် ခေတ်အဆက်ဆက် ပေါ်ပေါက်ခဲ့သလို ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် လက်လှမ်းမှီရာ ဖြစ်သော လောကပညတ္တိကျမ်း ရာဇ၀ံသကျမ်း ဒိဗျာဝဒါနသက္ကတကျမ်း တို့၏အဆိုအရ ရှင်ဥပဂုတ္တမထေရ်ကို ကိုးကွယ်သော အယူအဆသည် လွန်ခဲ့သော နှစ်ပေါင်း၂၂၀၀ နီးပါးအချိန် အသောက မင်းတရားကြီးလက်ထက်ကတည်းက ကိုးကွယ်နေဟန်ရှိ၏။

ရှေးထုံးကိုလည်း မပယ်နှင့်၊
ဈေးသုံးကိုလည်း မကြွယ်နှင့်၊

ရှေးထုံးကို ပယ်က ဒုက္ခရောက်တတ်သည်၊ ဈေးသုံး ကြွယ်က မွဲတတ်သည် တဲ့။
ရှေးရှေး သူတော်ကောင်းတို့၏ အယူအဆဖြစ်တာမို့ ပယ်ရန်လည်း ခက်နေသည်ထင်၏။ အဘယ့်ကြောင့်
ဆိုသော် အလှူဒါန ပြုစဉ်ဝယ် မိုးလေ၀သ မနှောက်ယှက်စေဖို့ ပွဲထိုးပူဇော်ထားလျင်အေးဆေးသက်သာ ပြီးဆုံးသော်လည်း ပွဲမထိုးလျင်ကား မိုးအကြီးအကျယ် ရွာသောကြောင့် အလှူဒါန ပျက်လောက်အောင် အလှူရှင်ဒကာ ဒကာမတွေ ကိုယ်စိတ်ဆင်းရဲသည်ကို စာရေးသူ ၃ - ၄ ကြိမ် တွေ့ဘူးခဲ့သည်။

ဘာကြောင့်ပဲ ဖြစ်နေပါစေ - ရတနာသုံးပါး နှင့် တတန်းတည်း ထားပြီးတော့ မကိုးကွယ် သင့်ပါဘူး၊ အနှောက်အယှက်မပေးနိုင်ရန် အကာအကွယ်သဘောဖြင့်တော့ သင့်လျော်သလို ပြုလုပ်သင့်သည် ဟု ယူဆပါသည်။ ရှင်ဥပဂုတ် မထေရ်သည် ထေရ၀ါဒ ကျမ်းဂန်များတွင် ဘယ်နေရာမှ မတွေ့ရသေးကား ရှိသည် ဟု လက်မခံနိုင်ပါ။( မိမိ လေ့လာမှု့ မပြည့်စုံသည်လည်းဖြစ်နိုင်ပါသည် )ယခုလည်း ရှေးရှေးဆရာများ၏အယူအဆ အထောက်အထားများကို လက်လှမ်းမှီသလောက် ဖော်ပြလိုက်ပါသည်။

နှစ်စဉ်ပင် တော်သလင်းလတွင် ရှင်ဥပဂုတ္တရဟန္တာအရှင်မြတ်အား ပူဇော်ပသသည့် မီးဖောင်မျှောပွဲကို ကျင်းပလေ့ရှိသည်။ ဖောင်ပေါ်တွင် ရှင်ဥပဂုတ္တရုပ်တု၊ ရုပ်တုတော်ရှေ့တွင် အုန်း ငှက်ပျောပွဲများ၊ ပန်း၊ ရေချမ်း၊ ဆွမ်း၊ သစ်သီးစသည့် လှူဖွယ်များကို ထားရှိပါသည်။ ဖော်တော်ကို ရောင်စုံမီးပုံးများဖြင့် ဆင်ယင်ကာ ဆီမီးများ ထွန်းညှိထားပါသည်။

ရှင်ဥပဂုတ္တရဟန္တာအရှင်မြတ်သည် တောင်သမုဒ္ဒရာတွင် ကြေးပြာသာဒ်ဖြင့် သီတင်းသုံးစံနေတော်မူသည်ဟု ယုံကြည်ကြသောကြောင့် မီးဖောင်ကို ဧရာဝတီမြစ်တလျှောက်မှ သမုဒ္ဒရာသို့ ရောက်အောင် မျှောချပူဇော်
ကန်တော့ကြသည်။ မြန်မာ့ဒေသက မျှောချလိုက်သော ရှင်ဥပဂုတ္တဖောင်တော် အချို့သည် သီရိလင်္ကာ
တိုင်အောင်ရောက်ရှိသွားတတ်သည်။ရှင်ဥပဂုတ္တရဟန္တာမြတ်သည် ကောင်းမှုကုသိုလ်များ ပြုလုပ်သည့်အခါ ရန်အပေါင်းကို ထိန်းသိမ်းကာကွယ်ပေးသည်ဟု ယုံကြည်ကြပါသည်။ အထူးအားဖြင့် မိုးလေ၀သကို ထိန်းသိမ်းပေသည်ဟုယုံကြည်ကြသည်။

ရုပ်တုတော်ကို ထုလုပ်ရာ၌ ရဟန္တာအရှင်မြတ်သည် ဦးခေါင်းတော်ကို မော့လျက် နေကိုကြည့်၍ ဆွမ်းဘုဉ်းပေးနေပုံကို ထုလုပ်ကြပါသည်။ လက်ယာဘက် လက်တော်က သပိတ်တွင် နှိုက်လျက်ရှိပေသည်။ ယခုအခါတွင်မူ ယခင်ကကဲ့သို့ နေကိုကြည့်လျက် ဆွမ်းဘုဉ်းပေးနေပုံကို မထုလုပ်ကြတော့ဘဲ ရိုးရိုးတင်ပလ္လင်ခွေထိုင်နေပုံကိုထုလုပ်ကြသည်ကိုလည်းတွေ့ရှိရပါသည်။

ဗုဒ္ဓဘာသာဝင် နောက်ပိုင်းကျမ်းများတွင် ရှင်လေးပါး၊ သေလေးပါးရှိသည်ဟု ယုံကြည်ကြသည်။ ဤရှင်လေးပါးမှာ သင်္ဂါယနာတင် ကျမ်းကြီး တို့တွင် မပါရှိပါ။ သို့ရာတွင် ရှေးရိုး ဘိုးဘွားမိဘပြောစဉ် ယုံကြည်မှုဖြစ်ကာလူအများပင်ယုံကြည်ကိုးကွယ်နေကြသည်။

သို့ရာတွင် လောကပညတ္တိကျမ်းတွင် တိဿနာဂဥပဂုတ္တဟု ပါရှိခဲ့သည်။ ရှင်ဥပဂုတ်ကို ပူဇော်ကိုးကွယ်သော အရပ်ဒေသတွင် နတ်ဆိုးနတ်ယုတ်များ မဖမ်းစားနိုင်ခြင်း၊ မြေဘုတ်ဘီလူး တစ္ဆေ သရဲ စသည်တို့ မကပ်ရောက်နိုင်ခြင်း၊ ရောဂါကင်းခြင်း စသည့် အကျိုးများကို ရသည်ဟု ဘားမဲ့ဆရာတော်က မိန့်တော်မူခဲ့ကြောင်းမှတ်သားမိပါသည်။

ဒိဗျာဝဒါနသက္ကတကျမ်းလာ ရှင်ဥပဂုတ္တ၏ အတ္ထုပ္ပတ္တိမှာ ဂေါတမမြတ်စွာဘုရားရှင်သည် မထုရာမြို့သို့ ကြွရောက်တော်မူခဲ့သည်။ ထိုမြို့တွင် ရှင်အာနန္ဒာအား ဤသို့ ဗျာဒိတ်စကား မြွက်ကြားခဲ့သည်။

အာနန္ဒာ-ရှေးအခါက ဤမထုရာမြို့တွင် ဥရုမုဏ္ဍမည်သော တောင်ကြီးရှိခဲ့၏။ တောင်၏တဖက်တွင် ပစ္စေကဗုဒ္ဓါ ငါးရာ နေကြသည်။ တဖက်တွင် ရသေ့ ငါးရာနေ၍ တဖက်တွင် မျောက် ငါးရာ နေကြ၏။ မျောက်ငါးရာတို့၏ အကြီးအကဲ မျောက်မင်းသည် ပစ္စေကဗုဒ္ဓါတို့အား သစ်သီး သစ်ဥ စသည်တို့ဖြင့် ပြုစုလုပ်ကျွေး၏။ ပစ္စေကဗုဒ္ဓါတို့ပရိနိဗ္ဗာန်စံတော်မူသောအခါ ရသေ့ငါးရာကို လုပ်ကျွေးပြန်သည်။ ရသေ့ငါးရာတို့အား ပစ္စေကဗုဒ္ဓါတို့ကဲ့သို့တရားအားထုတ်ရန် မျောက်မင်းက လက်ဟန်ဖြင့် ပြသညွှန်ကြား၏။ ရသေ့ငါးရာလည်း ၀ိပဿနာတရားကို အားထုတ်လေရာ ပစ္စေကဗုဒ္ဓါများ ဖြစ်ကြသည်။ မျောက်မင်းလည်း အိုမင်းမစွမ်းဖြစ်ကာ ကွယ်လွန်လျှင်ပစ္စေကဗုဒ္ဓါတို့ကနံ့သာ၊ထင်းစသည်တို့ဖြင့်သင်္ဂြိုဟ်ကြ၏။

ထိုမျောက်မင်းသည် နောင်အခါ နံ့သာဆီ၊ နံ့သာမွှေးတို့ ရောင်းချသည့် သူဌေး၏သားဖြစ်ကာ ရှင်ဥပဂုတ္တဟု အမည်တွင်လျက် ငါဘုရား၏ သာသနာတော်ကို စောင့်ရှောက်ကာ အကျိုးပြုပေလိမ့်မည်-ဟု ဗျာဒိတ်ပေး ဟောကြားတော်မူခဲ့သည်။ အထက်ပါအကြောင်းအရာမှာ မဟာယာနဂိုဏ်းလာ ဒိဗျာဝဒါနသက္ကတကျမ်းမှ ဖြစ်ပါသည်။ရာဇ၀ံသကျမ်းတွင်လည်းသီရိဓမ္မာသောကမင်း၏အလှူဒါနကိုဝိုင်းဝန်းကူညီစောင့်ရှောက်၍ အနု
မောဒနာပြုသော ကာလ၌ ရှင်ဥပဂုတ္တမထေရ်မြတ်က မာရ်နတ်မင်းကို ဆုံးမတော်မူကြောင်း ပါရှိပါသည်။

လောကပညတ္တိကျမ်း၌လည်းအောက်ပါကဲ့သို့တွေ့ရှိရပါသည်။

ဗာရာဏသီပြည့်ရှင် ဗြဟ္မဒတ်မင်းကြီးသည် သားသမီးမရရှိသောကြောင့် အမွေခံသားသမီးရရန် ကြီးစွာသော မဟာဒါနကို ပြုလုပ်ပေးလှူ၏။ ထိုစဉ် တံငါသည်တို့က ငါး၏၀မ်းထဲမှ လူမိန်ကလေး ရရှိသဖြင့် မင်းကြီးအား ဆက်သကြသည်။ မင်းကြီးလည်း ၀မ်းမြောက်စွာဖြင့် မွေးမြူထား၍ မစ္ဆဒေ၀ီဟု အမည်ပေးထား၏။ မစ္ဆဒေ၀ီ အရွယ်သို့ရောက်လာသော် ကိုယ်မှ မကောင်းသော အပုပ်နံ့ထွက်ရာ မည်မျှကုသပါသော်လည်း အပုပ်နံ့ မပျောက်ချေ။ ထို့ကြောင့် စားနပ်ရိက္ခာအပြည့်အစုံနှင့် ဖောင်ပေါ်တင်၍ မြစ်တွင် မျှောလိုက်လေသည်။

မြစ်အကွေ့တခုတွင် ရှင်ဥပမည်သော ရသေ့က မြစ်တဖက်ကမ်းသို့ကူးလို၍ ပို့ပေးရန်ပြောရာ မစ္ဆဒေ၀ီက သူ၏မျက်နှာကို မကြည့်လျှင် ပို့ပေးမည်ဟုပြော၏။ ရသေ့က မကြည့်ပါ ၀န်ခံသဖြင့် တဖက်ကမ်းသို့ ပို့ပေး၏။ ကမ်းသို့ရောက်သောအခါ ရသေ့က အမျိုးသမီး၏ အမျိုးအနွယ်ကို သိလိုသဖြင့် မစ္ဆဒေ၀ီအား ကြည့်လိုက်ရာ မျက်နှာချင်းဆုံမိသောကြောင့် မစ္ဆဒေ၀ီတွင် ပဋိသန္ဓေတည်ရှိသွားလေ၏။ ထို့ကြောင့် ရသေ့အား ပြောပြ၍ စောင့်ရှောက်ရန် မေတ္တာရပ်ခံရာ ရသေ့က သဘောတူသည်။ သားကိုဖွားမြင်သည့်အခါ ရသေ့ ဥပ၏ စောင့်ရှောက်ကျွေးမွေးသည်ကို အစွဲပြု၍ ဥပဂုတ္တ-ဟု အမည်ပေး၏။ အရွယ်ရောက်သောအခါ ရဟန်းပြု၍ တရားကျင့်ရာ ဈာန်သမာပတ်တို့ကို ရရှိသော ရဟန္တာဖြစ်ပြီးလျှင် တောင်သမုဒ္ဒရာ၌ ကြေးပြာသာဒ်နှင့် စံနေတော်မူသည်။

သီရိဓမ္မာသောကမင်းကြိး၏ မဟာဒါနအလှူတော်ကြီး ကောင်းမွန်ပြီးစီးအောင်မြင်ရန် မာရ်နတ်မင်း၏ မဟာဒါန အလှူတော်ကြီး ကောင်းမွန်ပြီးစီးအောင်မြင်စေရန် မာရ်နတ်မင်း၏ အထူးထူးသော အန္တရာယ်တို့ကို တားဆီးလျက်မာရ်နတ်မင်းအားလည်းဆုံးမတော်မူ၏-ဟုတွေ့ရှိရပါသည်။

ရှင်ဥပဂုတ္တမထေရ်မြတ်အား ယုံကြည်ကိုးကွယ်သည်ကို ပုဂံမင်းဆက်၌ပင် ရှိသည်ကို တွေ့မြင်ရပါသည်။ အထောက်အထားမှာ ကျန်စစ်သားမင်း၏ သားတော် ရာဇကုမာရ်မင်းသားသည် မြင်းကပါအရပ်တွင် ဂူပြောက်ကြီးဘုရားကို တည်ထားကိုးကွယ်၏။ ထိုဘုရားစေတီရှိ နံရံဆေးရေးပန်ချီတို့တွင် ရှင်ဥပဂုတ္တနှင့် အသောကမင်းကြီးတို့ သာသနာတော် ပြန့်ပွားရေးအတွက် ဆွေးနွေးနေပုံကို တွေ့ရှိရပါသည်။ ရေးထိုးထားသော ကျောက်စာအရရှင်ဥပဂုတ္တနှင့်အသောကမင်းကြီးတို့ဖြစ်ကြောင်းကိုသိရှိရပါသည်။

ဖော်ပြပါ ဆေးရေးပန်ချီ၊ ကျောက်စာတို့ကို တွေ့ရှိရသဖြင့် ရှေးပုဂံခေတ်ကပင် ရှင်ဥပဂုတ္တကို ယုံကြည်ကိုးကွယ်
ကြကြောင်းကို သိရှိနိုင်ပေသည်။ သက္ကရာဇ် ၁၁၅၄-ခုနှစ်တွင် ပုဂံ၌ ရှင်အဂ္ဂ၀ံသ ရေးသားပြုစုခဲ့သော သဒ္ဒနီတိ ပါဠိသဒ္ဒါကျမ်းတွင်လည်း ရှင်ဥပဂုတ္တက မာရ်နတ်မင်းကို ( ခါးပန်းကြိုးဖြင့်) ချည်နှောင်ကာ ဆုံးမတော်မူသည်။ ( ဥပဂုတ္တော မာရဗန္ဓော ) ( Upagutto Mara bandho ) ဟု ရေးသားထားသည်ကို တွေ့ရှိနိုင်ပါသည်။

ထို့ပြင် မုံရွေးဇေတ၀န်ဆရာတော်ဘုရားကြီး ပြုစုသော သမန္တစက္ခုဒီပနီကျမ်း၌ အရှင်ဥပဂုတ္တ၏ အတ္ထုပ္ပတ္တိ ၀တ္ထုထုံးစံများကို ခိုင်ခိုင်ခံ့ခံ့ ဒဠှီကမ္မ ဉာပကပြု၍ မှတ်းသားလောက်အောင် ကျမ်းဂန်ကို မတွေ့ဖူးသော်လည်း ရာဇ၀ံသကျမ်း၌ သီရိဓမ္မာသောကမင်းကြီးသည် စေတီရှစ်သောင်းလေးထောင်တို့ကို အနုမောဒနာ
ပြုသောကာလ မာရ်နတ်ကို အရှင်ဥပဂုတ္တက ဆုံးမကြောင်း၊ သဒ္ဒါကစ္စည်းကျမ်း သဒ္ဒနီတိကျမ်းတွင် ဥပဂုတ္တေန မာရဗန္ဓော-ဟု ဥဒါဟရုဏ် သာဓက ထုတ်ဖော်ကြောင်း၊

မိလိန္ဒပဥှာတွင် ယထာ မောဂ္ဂလိပုတ္တတိဿတ္ထေရာ ဥပဂုတ္တတ္ထေရာဒယော နိဒ္ဒိဿတိ၊ ဧ၀ံ ဧတေပိ နိဒ္ဒိသတိ မယံ ပရိနိဗ္ဗုတေ ပဉ္စသတ၀ဿသတေ ကာလေ ဧတေ ဥပဇ္ဇိဿန္တိ စသည်ဖြင့် အရှင်မောဂ္ဂလိပုတ္တတိဿမထေရ်၊ အရှင်ဥပဂုတ္တထေရ် စသည်တို့သည် တရားညွှန်ပြသကဲ့သို့ ထို့အတူ ပရိနိဗ္ဗာန်စံပြီးနောက် အနှစ်ငါးရာတိုင်သော် ဖြစ်ကုန်လတံ့၊ တရားညွှန်ပြကုန်လတံ့-ဟု ဗျာဒိတ်ထားတော်မူကြောင်းများကိုသာ တွေ့ဖူးသည်-ဟူ၍ ဖော်ပြထားပါသည်။


ကျမ်းကိုးစာရင်း
၁။ မဇ္ဈိမပဏ္ဏာသ ပါဠိတော်
၂။ မဇ္ဈိမပဏ္ဏာသ အဋ္ဌကထာ ဋီကာ
၃။ မြန်မာ့စွယ်စုံကျမ်း အတွဲ ၁၄
၎။ ရှင်ဥပဂုတ္တရဟန္တာ ပူဇော်နည်းနှင့် ဥပဂုတ္တထေရအပဒါန်၊
၅။ သမန္တစက္ခုဒီပနီကျမ်း။ ( မုံရွေးဇေတ၀န်ဆရာတော်ဘုရားကြီး)
၆။ သဒ္ဒနီတိပါဠိသဒ္ဒါ။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP