မယ်။'လပြည့်ဝန်းလေး' အဘိဓမ္မာအပိုင်း ၃၊ အခန်း ၂၈ (နှလုံးသားနှင့် ရုပ်သက်)
လပြည့်ဝန်းလေး အခုတလော... ဓာတ်ကြီးလေးပါး မညီမညွတ် (unbalance) ဖောက်ပြန် ဖြစ်/ ပျက်နေလို့ ... ရုပ်တရားများအကြောင်း ဆက်ရေးဖို့ ကြန့်ကြာ နေခဲ့တယ်။ ထားတော့။ ဒီနေ့ ဆက်ပြောပြရမည့်.... ရုပ်တရားများ အဆက်က... “ဟဒယ၀တ္ထုရုပ်=နှလုံးသားရုပ်= HEART” ရုပ်တရား။ သတ္တ၀ါတွေမှာ ဒီနှလုံးသားရုပ်တရားလေး တစ်ပါးပါခဲ့လို့.... တိရစ္ဆာန်ကလည်း တိရစ္ဆာန်အလိုက်၊ လူကလည်း လူ့သဘာဝ အလိုက် ကောင်းကျိုး/ မကောင်းကျိုးကို ပြည့်စုံစေခြင်း ဖြစ်ကြပါတယ်။
ဒါဆို ဗုဒ္ဓအဘိဓမ္မာ သဘောတရားအရ နှလုံးသားဆိုတာ ဘာလဲ၊ ဘယ်နေရာမှာ တည်မှီ နေသလဲဆိုတာ သိဖို့ လိုပါတယ်။ ဗုဒ္ဓအဘိဓမ္မာ သဘောအရ နှလုံးသားဆိုတာ နှလုံးသား၏ အလယ်မှာ... ပုန်းညက်စေ့ခန့် ပမာဏရှိသော တွင်းငယ်လေး ရှိပါတယ်၊ ထိုတွင်းငယ်မှာ သွေးများ တည်ရှိနေပါတယ်၊ ယင်းသွေးများကို ပျံ့နှံ့လျက် တည်သော ၀တ္ထုရုပ်တမျိုးကို “ဟဒယ=နှလုံးသား”ရုပ်လို့ ခေါ်ခြင်း ဖြစ်ပါတယ်။ နှလုံးသားကြီး တစ်ခုလုံးကို အဘိဓမ္မာ သဘောတရားအရ “နှလုံးသား= ဟဒယ”ရုပ်လို့ ခေါ်တာ မဟုတ်ကြောင်းကို သတိပြုစေလိုပါတယ်။ တကယ် နှလုံးခုန်တယ်ဆိုတာ အခုနက ပြောခဲ့တဲ့ နှလုံးအိမ်မှာ ရှိသော ပုန်းညက်စေ့ခန့် ပမာဏရှိတဲ့ တွင်းငယ်ထဲက သွေးများ၏ ပန်းထွက်ကာ လှုပ်ခါနေတဲ့ သဘောကို နှလုံးခုန်တယ်လို့ မဆိုလိုပါ။
စိတ်လှုပ်ရှားမှု အလျောက် နှလုံး ခုန်နှုန်းက မြန်ပါတယ်။ ဥပမာ...မိမိတို့တတွေရဲ့ ပုံမှန်စိတ်အနေအထားနှင့် ဒေါသဖြစ်နေတဲ့ အချိန်များမှာ မတူကွဲပြားစွာ... နှလုံးခုန်နှုန်း မြန်တာ၊ နှေးတာ ဖြစ်နေတယ်ဆိုတာ ခံစားဘူးမှာပါ။ ပုံမှန်အနေအားဖြင့် နှလုံးခုန်နှုန်းသည် တစ်မိနစ်မှာ အနည်းဆုံး ၇၂-ချက်ခန့် လှုပ်တယ်လို့ ဆိုပါတယ်။ နှလုံးသား၏ တည်ရာသဘောသည် ယနေ့ခေတ် သိပ္ပံဆေးပညာအရ ဆရာဝန်များ ယူဆကြတဲ့ ရင်ဘက်၏ ၀ဲဘက်မှာရှိသော နှလုံးနှင့် နေရာချင်း မတူတဲ့ သဘောကိုတော့ သတိပြု မှတ်သားပါ။ ဒါက “ဟဒယ၀တ္တုရုပ်= နှလုံးသားရုပ်= heart” အကြောင်း သဘောသွားပဲ ဖြစ်ပါတယ်။
နောက်ရုပ်တစ်ပါးက.... ရုပ်ရဲ့အသက်ဖြစ်တဲ့ “ရုပ်ဇီဝိတိနြေ္ဒ= ရုပ်အသက်” ပဲဖြစ်ပါတယ်။ စိတ်၊ စေတသိက်ဟူသော နာမ်တရားများ၏ အသက်ဖြစ်တဲ့ “နာမ်ဇီဝိတိနြေ္ဒ” အကြောင်းကိုတော့ အဘိဓမ္မာရဲ့ ဒုတိယပိုင်း (စေတသိက်အခန်း)မှာ ပြခဲ့ပြီးပါပြီ။ ယခု ရုပ်ဇီဝိတိနြေ္ဒ (ဇီဝိတ=ဣနြေ္ဒ)လို့ ပါဠိပုဒ်ကို ၂-ခု ခွဲရပါတယ်။ “ဇီဝိတ=အသက်။ ဣနြေ္ဒ=အစိုးရခြင်းသဘော”။ ၂-ပါး ပေါင်းလိုက်တော့ ရုပ်တရား တွေကို စိုးမိုးနိုင်တဲ့ အသက် (ရုပ်အသက်)ပဲ ဖြစ်ပါတယ်။
နာမ်တရားများ ညီညီညွတ်ညွတ် အတွဲညီညီ အလုပ်ဖို့ကြတော့ နာမ်ဇီဝိတက အလုပ် လုပ်ပေးတယ်။ ရုပ်တရားများ ညီညီညွတ်ညွတ် ဟန်ချက်ညီညီ အလုပ် လုပ်ဖို့ကြတော့ ဒီရုပ်ဇီဝိတရုပ်တရားက တာဝန်ယူ လုပ်ပေးပါတယ်။ နာမ်ဇီဝိတ (နာမ်အသက်) မရှိတော့ရင်... သတ္တ၀ါတစ်ဦးရဲ့ ဘ၀ဟာ နိဂုံးချုပ်ပါတယ်။ ဒါပေမယ့် ရုပ်သက်ကတော့ ကျန်ပါသေးတယ်။ ရုပ်သက်တမ်းရှိသလောက် (အလောင်းကောင် ဖြစ်ပြီး၊ ရုပ်မှုန်၊ ရုပ်မွားလေးများ ဖြစ်သွားသည့်တိုင်အောင်)
ဒီရုပ်ဇီဝိတတရားက ဆက်လက်ပြီး စောင့်ရှောက်ပေးရပါတယ်။ နာမ်တရားများရဲ့ အသက် (ဇီဝိတ)၏ သက်ဆိုင်ရာ နာမ်တရားများအပေါ် စောင့်ရှောက်ပုံနှင့် ရုပ်တရားများရဲ့ အသက် (ဇီဝိတ)၏ သက်ဆိုင်ရာ ရုပ်တရားများအပေါ် စောင့်ရှောက်ပုံက ဤကဲ့သို့ ကွားခြားပါတယ်။
ဒီရုပ်ဇီဝိတတရားက ဘယ်မှာတည်မှီနေသလဲ ဆိုတော့ ခန္ဓာကိုယ် တကိုယ်လုံးမှာ ပျံ့နှံ့တည်မှီနေပါတယ်။ ဒါက ရုပ်ဇီဝိတိနြေ္ဒ= ရုပ်တရားများ၏ အသက်တရားအကြောင်း သဘောအဓိပ္ပါယ်ပဲ ဖြစ်ပါတယ်။ ဒီနေ့ ဒီတရား -၂-ပါးနှင့် ရပ်နားပါအုန်းမယ်။

0 comments:
Post a Comment