ကုသိုလ်တရား။
| စာပေးကဏ္ဍ - ဓမ္မဆောင်းပါးများ |
| Sunday, 28 March 2010 08:32 |
| လောကတွင် ဗုဒ္ဓဘာသာဝင် သူတော်စင်များ ကုသိုလ်၊ အကုသိုလ် အကြောင်းကို ပြောပြောနေကြပါသည်၊ ရေးလဲ ရေးနေကြပါသည်၊ စဉ်းစားလဲ စဉ်းစားကြပါသည်၊တွေးလဲ တွေးကြပါသည်၊ ကုသိုလ်ဆိုတာဘာလဲ ? “ကောင်းမှု” ဟု လူတိုင်း သိကြပါသည်။ သို့ပေမဲ့ ကုသိုလ်အကြောင်းကို သိသူ၊ ကုသိုလ်ကို တန်းဖိုးထားသူ နည်းသေးသည့်ဟု ထင်မိပါသည်။ ဒါကြောင့် ကျွန်တော် ဖတ်မှတ် လေ့လာထားသော တရား အသိလေးများကို ပြန်လည်မျှဝေ ခြင်းသာ ဖြစ်ပါသည်။ အကယ်၍ အမှား များပါခဲ့ပါက မေတ္တာရှေးထား၊ ကရုဏာပွား၍ ပြုပြင်ပေး စေလိုပါသည်။ ကျွန်တော်ကိုယ့်ကိုယ်ကို အမြဲတမ်း မေးခဲ့ဖူးတဲ့ မေးခွန်းလေး တစ်ခုရှိပါသည်။ ကုသိုလ်ဆိုတာဘာလဲ? ဒီနေရာမှာ ကုသိုလ်အကြောင်းကို ပြောလိုက်ရင် အကုသိုလ် အကြောင်းလဲ အလိုလို သိပြီးသာ ဖြစ်မှာပါ။ အကုသိုလ်ဟာ ကုသိုလ်ရဲ့ ဆန့်ကျင်ဘက်ပါ။ ကုသိုလ်ဆိုတာ ဘာလဲ? ကုသိုလ်ဆိုတာ ကောင်းမှုလို့ လူတိုင်းသိကြပါတယ်။ သို့သော် ကုသိုလ်အကြောင်းကို သေသေချာချာသိတဲ့သူ နည်းပါးပါတယ်။ ကုသိုလ်အကြောင်းကို သေသေချာချာသိဖို့ဆိုရင်- ကုသလံ- အန၀ဇ္ဇ သုခ၀ိပါက လက္ခဏံ၊ အကုသလ ၀ိဒ္ဓံသနရသံ၊ ဝေါဒါန ပစ္စုပဋ္ဌာနံ၊ ယောနိသောမနသိကာရ ပဒဋ္ဌာနံ။ (စိတ္တုပ္ပါဒကဏ္ဍ၊ ဓမ္မသင်္ဂဏီ အဋ္ဌကထာ၊ စာမျက်နှာ- ၁၀၃) ကုသလံ- ကုသိုလ်ဆိုတာ အန၀ဇ္ဇ - အပြစ်ကင်း၏ သုခ၀ိပါက လက္ခဏံ -ကောင်းတဲ့၊ ချမ်းသာတဲ့ အကျိုးလည်းပေးတယ်။ ကုသိုလ်ဆိုတာ (၁) အပြစ်ကင်းတယ်။(အပြစ်= အကုသိုလ်တရား အားလုံး ။) (၂) ကောင်းတဲ့ အကျိုးလည်းပေးတယ်။ “အန၀ဇ္ဇ” က ကုသိုလ် ဓမ္မရဲ့ အပြစ်ကင်းတဲ့သဘော။ အပြစ်ကင်းရာမှာ ကုသိုလ် ကိုယ်တိုင်ကလဲ အပြစ်ကင်းတယ်၊ ကုသိုလ်ပြုတဲ့ ပုဂ္ဂိုလ်မှာလဲ အပြစ်ကင်းတယ်။ မိမိလဲ အပြစ်ကင်းတယ်၊ သူတစ်ပါးလဲ အပြစ်ကင်းတယ်။ “သုခ၀ိပါက” က ကောင်းကျိုးတွေရနေလို့ မကောင်းကျိုးအပြစ်တွေ ကင်းနေတဲ့သဘော၊ ချမ်းသာပေးတာ၊ ချမ်းသာ ဆိုတဲ့ အကျိုးကိုရရှိခြင်းသဘော။ ကုသလံ အန၀ဇ္ဇ သုခ၀ိပါက လက္ခဏံ ။ “အပြစ်ကင်းကွာ၊ စိတ်ချမ်းသာ၊ မှတ်ပါ ကုသိုလ် သဘောတည်း။” ကုသလံ အန၀ဇ္ဇ သုခ၀ိပါက လက္ခဏံ- ကုသိုလ်ဆိုတာ အပြစ်ကင်းပါ၏ ။ ကောင်းတဲ့ အကျိုးကို ပေးပါ၏ ။ ဒါက ကုသိုလ်ရဲ့ လက္ခဏာ၊ ကုသိုလ်ရဲ့ ပင်ကိုယ် သဘောပါ။ ကုသိုလ်က ဘာတွေ ဆောင်ရွက်ပေးလဲ၊ ကုသိုလ် သတ္တိကဘာလဲ။ ကုသလံ- အကုသလံ ၀ိဒ္ဓံသန ရသံ ။ “ အကုသိုလ်များ ငုံ့ရှောင်သွား ၊ သေသွား ကုသိုလ် သဘောတည်း။ ” ကုသလံ - ကုသိုလ်ဆိုတာ ၊ အကုသလံ ၀ိဒ္ဓံသနရသံ -အကုသိုလ်တရားတွေကို သတ်ဖြတ် ဖျက်ဆီး၊ မောင်းထုတ်၊ ဖိနှိပ်ထားနိုင်တဲ့ ကိစ္စတွေကို ဆောင်ရွက်လုပ်ကိုင်ပါတယ်။ ဒီနေရာမှာ ပုဂ္ဂိုလ်ကလဲ ပုဂ္ဂိုလ်အလုပ်လုပ်ပါတယ်၊ ဓမ္မကလဲ ဓမ္မအလုပ် လုပ်တယ်။ အဲဒီ သဘောကို သိစေချင်ပါတယ်။ အဲဒီလောက်မှ သိမထားရင် တရားအားထုတ်ရတာ အင်မတန် အကျိုးနည်းပါတယ်၊ သာသနာနဲ့ တွေ့ကြုံရတာ တည်ပြီး အကျိုးနည်းတယ်။ ကုသိုလ် ဓမ္မက ဘာတွေ ဆောင်ရွက်လဲ၊ ဘာအလုပ်လုပ်ပေးသလဲဆိုရင် - (၁) အကုသိုလ်ကို ငုံ့ရှောင်သွားအောင် ဖိထားတယ်။ (သီလ) (၂) အကုသိုလ်ကို ရှောင်ထွက်သွား အောင်လဲ မောင်းထုတ်တယ်။ (သမာဓိ) (၃) အကုသိုလ်ကို သေသွားအောင်လဲ သတ်ပစ်တယ်။ (ပညာ) ကုသိုလ်က ဒီအလုပ် ( ၃ ) လုပ်ကို လုပ်ပေးပါ၏ ။ ကုသိုလ် ပြုတဲ့ ပုဂ္ဂိုလ်သည် ကုသိုလ်ရ - မရ၊ ကုသိုလ် ဖြစ်- မဖြစ်၊ ကိုယ်တိုင် သိနိုင်ပါတယ်။ ဝေါဒါန ပစ္စုပဋ္ဌာနံ ။ “ကုသိုလ်ဖြစ်လာ၊ မိမိမှာ၊ စိတ်ဟာ စင်ကြယ်ချမ်းသာသည်။” ဝေါဒါန ပစ္စုပဋ္ဌာနံ - ကုသိုလ်ရှင်ရဲ့ သန္တာန်မှာ ကိုယ်၊ နှုတ်၊ စိတ် သုံးပါး ဖြူစင်တဲ့ သဘောတွေ ထင်ရှားလာတယ်။ ကုသိုလ်ပြုလို့ ဒါန၊ သီလ သမထ၊ ၀ိပဿနာ အစရှိသည့် ကုသိုလ်ဖြစ်ကြောင်းတွေ “ကုသလ ကမ္မပထ ၁၀ ပါး” ကြိုက်တာပြုလို့၊ ပြုလိုက်တဲ့ အချိန်တိုင်း မိမိစိတ်ကလေးဟာ စင်ကြယ်ပြီး ချမ်းသာလာရင် ကုသိုလ်ဖြစ်နေပါပြီ။ ဒါဆို မိမိမှာ ကုသိုလ်ဖြစ်မဖြစ် သိနိုင်ပါပြီ။ ဝေါဒါန ပစ္စုပဋ္ဌာနံ- ကုသိုလ်ပြုတဲ့ ပုဂ္ဂိုလ်ရဲ့ စိတ်မှာ စင်ကြယ်နေတယ်၊ စင်ကြယ်တဲ့ သဘောတွေ ထင်ရှားလာတယ်၊ စင်ကြယ်တဲ့ သဘောတွေထင်လာရင် ကုသိုလ်ဖြစ်နေပြီ။ ရှင်းနေတဲ့ သဘော၊ ကြည်လင်နေတဲ့ သဘောတွေ ဖြစ်နေရင် ကုသိုလ်ဖြစ်နေပါပြီ။ မိမိစိတ်မှာ မစင်ကြယ်ဘူး ၊ စိတ်ရှုပ်နေတယ် ၊နောက်နေတယ် ဆိုရင်တော့ အကုသိုလ် ဖြစ်နေပါပြီ။ ဒါကြောင့် မိမိတို့ ကိုယ်တိုင် ကုသိုလ်နှင့် ပတ်သက်ပြီးတော့ စိတ်မှာဖြစ်တတ်တဲ့ သဘော၊ မိမိစိတ်မှာ ကုသိုလ်၊ အကုသိုလ်နှင့် ပတ်သက်ပြီး ကုသိုလ်ဖြစ်နေလား အကုသိုလ်ဖြစ်နေလား သဘောပေါက်ရင် နေ့တိုင်း အချိန်တိုင်း ကိုယ်စိတ်ကလေးကို ပြန်ကြည့်နိုင်တယ်။ ရှင်းနေရင် ကုသိုလ်၊ ရှုပ်နေရင် အကုသိုလ်။ ကြည်နေရင် ကုသိုလ်၊ နောက်နေရင် အကုသိုလ်။ ဖြူနေရင် ကုသိုလ်၊ မည်းနေရင် အကုသိုလ်။ တွက်ကြည်၊့ ပြန်ကြည့်၊ စီစစ်ကြည့်ပါ။ မိမိသန္တာန်မှာ ကုသိုလ်၊ အကုသိုလ် ဖြစ်မဖြစ်ဆိုတာကို ကြည့်လိုရတယ် စီစစ်လို့ရတယ်ဆိုတာ သိသွားပြန်တော့လည်းပဲ အဲဒီလို ကြည့်ဖို့၊ စီစစ်ဖို့ ကိုပဲ အမှတ်ရမှု သတိက မရှိပဲ ဖြစ်နေတတ်ပြန်ပါတယ်။ ဒါကြောင့် သတိရှိအောင် ကြိုးစားရပါမယ်။ သတိရှိလာတာနဲ့ အမျှ အကုသိုလ်ဖြစ်ရင် ဖြစ်မှန်းသိတာနဲ့ မိမိစိတ်မှာ အကုသိုလ် မဖြစ်တော့ဘူး။ ကုသိုလ်တွေပဲ ဖြစ်နေပါတော့တယ်။ ကုသိုလ်ဖြစ်ကြောင်း အလုပ်တွေလုပ်နေတိုင်း ကုသိုလ်ဖြစ်သလား ဆိုတော့ ၊ လုပ်တိုင်း ကုသိုလ် မဖြစ်ပါဘူး ။ နှလုံးသွင်း မှန်ကန်မှသာ ကုသိုလ်ဖြစ်ပါတယ်။ ကုသလံ- ယောနိသော မနသိကာရပဒဋ္ဌာနံ “ကုသိုလ်ဖြစ်ရန်၊ အကြောင်းခံ အမှန် နှလုံး သွင်းရမည်။” ကုသလံ- ကုသိုလ်ဆိုတာက၊ ယောနိသော မနသိကာရပဒဋ္ဌာနံ- သင့်တင့်မှန်ကန်စွာ နှလုံးသွင်းတတ်တဲ့ ယောနိသောမနသိကာရလျှင်နီးစွာသော အကြောင်းရှိ၏ ။ အဲဒီ ယောနိသော မနသိကာရ ရှိမှသာလျှင် ကုသိုလ်ဖြစ်ပါတယ်။ ကုသိုလ်က ဒါန၊ သီလ သမထ၊ ၀ိပဿနာ အစရှိသည် ကုသိုလ်ဖြစ်ကြောင်းတွေ “ကုသလ ကမ္မပထ ၁၀ ပါး ” ကို ပြောခဲ့သော်လည်းပဲ၊ တကယ့် ကုသိုလ်ဖြစ်ရခြင်း အနီးဆုံး အကြောင်းရင်းက ယောနိသော မနသိကာရပါ။ ယောနိသော မနသိကာရ ရှိမှ (အမှန် နှလုံးသွင်းမှုဖြစ်မှ) ကုသိုလ်ဖြစ်ပါတယ်။ အယောနိသော မနသိကာရ နှလုံးသွင်း မမှန်ရင် ကုသိုလ်မဖြစ်ပါဘူး။ “ကုသလ ကမ္မပထ ၁၀ ပါး ” မှာ ကြိုက်ရာကို လုပ်ပါ၊ ဒါန ပြုချင် သလောက်ပြု၊ သီလ စောင့်ချင် သလောက် စောင့်၊ သမထ၊ ၀ိပဿနာ အားထုတ် ချင်သလောက် အားထုတ် နှလုံးသွင်း မမှန်ရင် ကုသိုလ် မဖြစ်ပါဘူး။ ဒါဖြင့် ကုသိုလ်ရချင်တဲ့ သူတော်ကောင်းတို့ ကုသိုလ်ဖြစ်ဖို့ အကြောင်းအရင်းတွေမှာ ဘာအဓိကကျသလဲ ဆိုရင် နှလုံးသွင်းမှန်ဖို့ အဓိက ကျပါတယ်။ ကုသိုလ်အကြောင်းကို အကျဉ်းချုပ် ပြန်ပြောရရင် - အချက် (၄) ချက်ပဲ ရှိပါတယ်။ (၁) ကုသိုလ်ရဲ့ သဘောက အပြစ်ကင်းပြီး စိတ်ချမ်းသာတယ်၊ ကောင်းတဲ့ ချမ်းသာတဲ့ အကျိုးကို ပေးတယ်။ (၂) ကုသိုလ်ရဲ့ အလုပ်က အကုသိုလ်တရားတွေကို သတ်ဖြတ် ဖျက်ဆီး၊ မောင်းထုတ်၊ ဖိနှိပ်ထားနိုင်တဲ့ ကိစ္စတွေကို ဆောင်ရွက်လုပ်ကိုင်ပါတယ်။ (၃) ကုသိုလ်ဖြစ်ရင် ကုသိုလ်ရှင်ရဲ့ သန္တာန်မှာ ကိုယ်၊ နှုတ်၊ စိတ် သုံးပါး ဖြူစင်တဲ့ သဘောတွေ ထင်ရှားလာတယ်။ (၄) ကုသိုလ် ဖြစ်ဖို့က သင့်တင့်မှန်ကန်စွာ နှလုံးသွင်းတတ်တဲ့ ယောနိသောမနသိကာရလျှင်နီးစွာသော အကြောင်းရှိ၏ ။ ကုသိုလ်အကြောင်းကို သိလိုက်ရရင် မိမိမှာ ကုသိုလ်တွေ ဘယ်လောက်ဖြစ်နေလဲ အကုသိုလ်တွေ ဘယ်လောက်ဖြစ်နေလဲ ဆိုတာ သိနိုင်ပါတယ်။ ဒါကြောင့် ကျွန်ုပ်တို့သည် ကုသိုလ်တရားများများပွားကာ အကုသိုလ်တရားများ လျော့နည်းသထက် လျော့နည်းလာအောင် အားထုတ်ကြပြီးလျှင် မိမိတို့ လိုလားတောင်းတကြသော အရဟတ္တမဂ်၊ အရဟတ္တဖိုလ် ရရှိ၍ သေခြင်းကင်းရာ နိဗ္ဗာန်သို့ တက်လှမ်းနိုင်ကြပါစေ။ သတ္တလောက အားလုံးရှိ လူ၊နတ်၊ ဗြဟ္မာ သတ္တ၀ါ အပေါင်းတို့ ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ။ |

0 comments:
Post a Comment