စုံလည်း စုံပါ့ ကားဆရာရယ်...
လှူချင်လျှင် ဈေးရောင်းပါ ဆိုတဲ့ စကားလေးတော့ ကြာဖူးသားဗျ။ ကျွန်တော်ကတော့ လှူချင်လျှင် ကားမောင်းပါ ဆိုပြီး ပြောလိုက်ချင်တာ။ ပြောချင်မှာပေါ့ဗျာ။ ကျွန်တော်က တက္ကဆီ မောင်းသမားကို။ ကားမောင်းရင်းနဲ့ မိမိက တတ်နိုင်တယ် ဆိုရင် ဈေးလျှော့ပေးလိုက်တယ်။ အဲဒါလည်း အလှူပေါ့။
ကျွန်တော်က ဆရာတော့ ဆရာပါပဲ။ ဘာဆရာလဲ ဆိုတော့ ကားဆရာလေ။ ခရီးသည်တွေကတော့ ခေါ်ကြတာပဲ။ ကားဆရာ တဲ့။ နေရင်း ထိုင်ရင်း ဆရာ အခေါ်ခံရလည်း မဆိုးပါဘူး။ ကိုယ့်ကိုယ်ကို ဂုဏ်ရှိတယ်ပဲ အောက်မေ့လိုက်တော့တယ်။
ကျွန်တော်က ကားမောင်းတဲ့ အခါကျရင် ခရီးသည်တွေ စိတ်ချမ်းသာအောင်တော့ အတတ်နိုင်ဆုံး လုပ်ပေးလိုက်တာပဲ။ ခရီးသည်တွေ စိတ်ချမ်းသာတော့ ကျွန်တော် ကားဆရာလည်း ကုသိုလ်ရတာပေါ့ဗျာ။
ကုသိုလ်ရတယ် လို့ ပြောသာ ပြောနေရတာ။ တစ်ခါတလေမှာ ဒေါသထွက်ရတဲ့ အခါလည်း ရှိသေးတယ်။ ပစ္စည်းတင်ဖို့ ကားကို ငှားတာ ကားဆရာကို ပစ္စည်းတင်ခိုင်း၊ ချခိုင်း လုပ်ခိုင်းတော့ ကားလာငှားတဲ့ သူနဲ့ မဆင်မပြေတဲ့ အခါလည်း ရှိတတ်တာပေါ့။ ကားကို ငှားတဲ့ အပြင် ပစ္စည်း အတင် အချ လုပ်ပေးဖို့ လူပါ ငှားလိုက်တာ ကျနေတာပဲ။
ဒါနဲ့ တစ်နေ့ ကားကြီးဂိတ် (အဝေးပြေးကားဂိတ်) ကို ကားမောင်းသွားနေတုန်း ကားဂိတ်မှာ ရှိကြတဲ့ သူငယ်ချင်းကားတွေ အားလုံး ကြောက်ကြောက်လန့်လန့်နဲ့ ထွက်ပြေးကုန်ကြတာကို တွေ့လိုက်ရတယ်။ ကျွန်တော် စဉ်းစားမိတာက ယဉ်ထိန်းရဲကပဲ စည်းကမ်းနဲ့ မညီတဲ့ ကားတွေကို လိုက်ဖမ်းနေသလားပေါ့။
အဲဒီ အကြောင်းကို သိရဖို့ သူငယ်ချင်းကား တစ်စီးကို လှမ်းမေးလိုက်မိတယ်။
“အေး…မင်းက အခုမှလာတော့ မသိသေးဘူး။ အရေးပေါ် အသုဘ တင်ဖို့ ဆိုပြီး ငါတို့ရဲ့ ကားတွေကို လာပြီး ငှားနေလို့လေ”
အသုဘ ဆိုတော့ ကျွန်တော် စိတ်ဝင်စားသွားတယ်။ ဟိုတစ်ခါက ကားခကို လောဘကြီးပြီး တောင်းလိုက်မိလို့ ကျွန်တော် စိတ်ကမကောင်း ဖြစ်မိတာလေးကို ပြန်တွေ့မိတယ်။ (ဤအကြောင်းအား ကားဆရာဘ၀ သင်ခန်းစာ အမှတ်တရ တွင် ပြန်လည်၍ ဖတ်ရှုပါရန်)
ဒီတစ်ခါတော့ ငါတော့ ကုသိုလ် ရပြီဆိုပြီး ၀မ်းသာလိုက်တာ။ သူများ မတင်ချင်တဲ့ အသုဘ ကျွန်တော် တင်ပြီး သင်္ချိုင်းကို လိုက်ပို့လိုက်တော့မယ်။
ကျွန်တော်လည်း ကားဂိတ်ရောက်ရော …
“ကားဆရာ…ဟိုကားတွေက အကုန်ထွက်ပြေးသွားပြီးတော့ ခင်ဗျားကျတော့ ဘာဖြစ်လို့ မောင်းထွက်မပြေးတာလဲ?”
“ကျွန်တော်က ခင်ဗျားတို့ရဲ့ အသုဘကို တင်ပြီး သင်္ချိုင်း ပို့ပေးဖို့ စောင့်နေတာလေ”
“ဟာ…ဒါဆို အတော်ပဲဗျာ။ ကျွန်တော်တို့မှာလည်း ကားတွေ မရှိတော့လို့ သင်္ချိုင်းကို ဒီအတိုင်း ထမ်းသွားဖို့ လုပ်နေရတာ။ ဘယ်လောက်ပေးရမလဲ ကားဆရာ”
“ခင်ဗျားတို့ အဆင်ပြေသလောက် ပေးဗျာ”
“အင်း…တော်တော်သဘောကောင်းတဲ့ ကားဆရာပဲ။ အရင်ကားတွေ ဆိုရင် ဈေးအများကြီး ပေးမယ် ဆိုတာတောင်မှ အသုဘ မို့လို့ မလိုက်ရဲကြဘူး။ ကားဆရာကို ကျွန်တော်တို့ ငွေပိုပေးပါမယ်ဗျာ”
“ကောင်းပါတယ်ဗျာ။ ခင်ဗျားတို့ သဘောပါပဲ”
ကားဆရာတွေများ အသုဘ တင်ဖို့ဆိုရင် ကြောက်နေလိုက်ကြတာ။ ကိုယ်က မသေတော့မယ့် အတိုင်းပါပဲ။ ပြီးတော့ ကားပေါ်မှာ ကြက်သား၊ ၀က်သားကျတော့ တင်ကြတာပဲ။ အဲဒါလည်း အသေတွေပဲလေ။ ကြက်သေ၊ ၀က်သေကို ကားပေါ်တင်ထားတာပဲ။ အခု ကျွန်တော်ကလည်း ကားပေါ်ကို လူသေတင်တာ ဘာဖြစ်လဲ။ သူများအခက်အခဲကို ကူညီတာ ကုသိုလ်တောင်ရသေး။
တချို့လူတွေများ အယူသီးလွန်းလိုက်တာ။ ကားပေါ်ကို အသုဘတင်ရင် လာဒ်ပိတ်တယ် တဲ့။ ကျွန်တော်ကတော့ လာဒ်ပိတ်တာ မပိတ်တာ အသာထား။ လောလောဆယ် သူများရဲ့ အခက်အခဲကို ကူညီနေရလို့ ကုသိုလ်တွေ ရနေတာပဲ သိနေတယ်။
ကျွန်တော့်ကားပေါ်ကို တင်ထားတဲ့ အသုဘက ငှက်ဖျားမိပြီး ချက်ချင်းသေလို့ နေ့ချင်းပြီး သင်္ချိုင်းကိုပို့ မြေမြုပ်မှာတဲ့။ ကျွန်တော်ကားကတော့ သင်္ချိုင်းကို မောင်းနေပြီ။
နာရီအတော်လည်း ကြာရော။
ရောက်ပါပြီ။ ဒါပေမဲ့ သင်္ချိုင်းကိုတော့ ကားက ရောက်နေပြီ။ ဒါပေမဲ့ အသုဘထမ်းလာတဲ့ လူတွေက အသုဘကို ကျွန်တော့် ကားအပေါ်ကနေ မချကြသေးဘူး။
“ခင်ဗျားတို့ရဲ့ အသုဘကို ကားပေါ်က ချတော့လေဗျာ”
“ကားပေါ်ကနေ ချလို့ မရသေးဘူး ကားဆရာရေ။ အသုဘကို ဘယ်နားမှာ မြုပ်ရမယ် ဆိုတာ နေရမှ မသတ်မှတ်ရသေးဘဲ”
“ဟင်…ဒါဆိုရင် ခင်ဗျားတို့ရဲ့ အသုဘက ကျွန်တော့်ရဲ့ ကားပေါ်မှာ ဒီအတိုင်း ထားထားဦးမှာပေါ့။ ဟုတ်လား?”
“ခဏလေး စောင့်ပေးပါ ကားဆရာရယ်။ တောင်းပန်ပါတယ်”
“ခဏလေးက မဖြစ်ဘူးခင်ဗျ။ ကျွန်တော်က နေ့လည် ၂ နာရီ အရောက် တက္ကသိုလ်မှာ ကျောင်းဆရာမတွေကို သွားကြိုဖို့ တာဝန် ရှိနေသေးတယ်လေ။ အဲဒါကြောင့်ပါ”
“ဒါဆိုလည်း ကျွန်တော်တို့တွေပဲ ကားပေါ်က ချပြီးတော့ ထမ်းထားလိုက်မယ်”
“ခင်ဗျားတို့က ဘာဖြစ်လို့ အသုဘကို မြေပေါ်မချသေးဘဲ ထမ်းထားရမှာတုန်း?”
“အသုဘ ဆိုတာက သူ့ကို မြုပ်မယ့် နေရာရောက်မှ အဲဒီနားမှ ချရမှာ မို့လို့ပါ”
အင်း…ကျွန်တော်လည်း သူတို့တွေရဲ့ အဖြစ်အပျက်တွေကိုကြည့်ပြီး မတွေးတတ်အောင်ပဲ ဖြစ်သွားတော့တယ်။ ဘယ့်နှယ် အသုဘပဲ သင်္ချိုင်း ရောက်နေမှတော့ သင်္ချိုင်းက သူ့ရဲ့ နေရာပဲပေါ့။ ဒီလူတွေကလည်း ကြံကြံဖန်ဖန် ဘယ်သူတွေကများ သင်ပေးထားလို့လဲ မသိပါဘူး။
အဲဒီတော့ သူတို့တွေကပဲ တစ်လှည့်စီ ထမ်းထားကြမယ် ဆိုပြီး အသုဘကို မြေပေါ် မချသေးဘဲ ထမ်းထားဖို့ သဘောတူလိုက်ကြတယ်။
ကျွန်တော်ကလည်း ကျွန်တော့် ကားပေါ်က အသုဘ ဆင်းသွားရင် ရပြီဆိုပြီးတော့ ဘာမှ မပြောဘဲ ငြိမ်နေလိုက်တော့တယ်။ ကိုယ့်လက်က လွတ် ဗလွတ် ဆိုပြီး သဘောထားလိုက်တာပေါ့။ ကျောင်းဆရာမတွေကို သွားကြိုဖို့ တာဝန်ကလည်း ရှိနေသေးတာကိုး။
ဒါနဲ့ ကျွန်တော်လည်း ကားမောင်းထွက်ဖို့ အလုပ်မှာ အသုဘကို ထမ်းထားရင်း သူတို့တွေ အချင်းချင်း ပြောနေတဲ့ အသံကို ကြားလိုက်ရတယ်။
“ဟေ့… တို့က အသုဘကို မြေမြုပ်မယ်သာ လုပ်နေတာ အသုဘကို သရဏဂုံမှ မတင်ရသေးဘဲ”
အဲဒီမှာ နောက်တစ်ယောက်က ဆက်ပြေတယ်။
“အေး ဟုတ်တာပဲဟ။ သရဏဂုံတင်ဖို့ အတွက် ဘုန်းကြီး ပင့်မှ ရဦးမှာ။ မင်းက ဘုန်းကြီးကို ကြိုပြီးတော့ ပင့်ထားပြီးပြီလား”
“ဟ… ငါလည်း အဲဒါကို မေ့သွားတယ်ကွ။ ဒါဆို ဘယ်လိုလုပ်ကြမလဲ?”
“မတတ်နိုင်ဘူးကွာ။ အသုဘကို သရဏဂုံ မတင်ဘဲ ချလိုက်ကြတာပေါ့”
သူတို့ ပြောနေတဲ့ အသံတွေကို ကျွန်တော် ကြားပြီးတာနဲ့ ကျွန်တော့်ရဲ့ ကားကိုလည်း သင်္ချိုင်းကနေ မောင်းထွက်လာတော့တယ်။
ဒီလူတွေက သရဏဂုံတင်တဲ့ အကြောင်း ဂဃနဏ မသိကြသေးဘဲကိုး။ ဗုဒ္ဓဘာသာတွေ ဖြစ်နေပြီးတော့ သရဏဂုံ တင်ရတဲ့ အကြောင်းလေးကို မသိသေးမှတော့ ဗုဒ္ဓဘာသာဝင် ဖြစ်နေတာ ကံဆိုးတာပဲ။
အမှန်တော့ သင်္ချိုင်းမှာပဲ ဖြစ်ဖြစ်၊ အသုဘ အိမ်မှာပဲ ဖြစ်ဖြစ် သရဏဂုံ တင်တယ် ဆိုတာ အသုဘကို သရဏဂုံ တင်တာမှ မဟုတ်တာ။ အသုဘက သေနေပြီ သရဏဂုံကို ဘာမှ နားလည်မှာ မဟုတ်ဘူး။ သေဆုံးသွားတဲ့ သူနဲ့ ပတ်သက်ရာ ပတ်သက်ကြောင်း လူတွေက သရဏဂုံ ဆောက်တည်ရမှာ။
သရဏဂုံ ဆောက်တည်လိုက်လို့ ရရှိတဲ့ ကုသိုလ်တွေကို သေဆုံးသွားတဲ့ သူအတွက် အမျှအတမ်း ပေးဝေရမှာလေ။
ကျွန်တော်လည်း ကားမောင်း ပြန်လာလိုက်တာ ကျောင်းဆရာမတွေကို ကြိုဖို့ တက္ကသိုလ်ကိုတော့ ရောက်လာပြီ။ ရောက်တာနဲ့ ချက်ချင်းပဲ ကျွန်တော်လည်း ကားပေါ်မှာ ရှိနေတဲ့ ဖုန်တွေကို လိုက်သုတ်လိုက်ရတယ်။ သင်္ချိုင်းက ပြန်လာတဲ့လမ်းက ဖုန်တွေ ထူတဲ့ လမ်း ဖြစ်နေတာလေ။
ကျောင်းဆရာမတွေလည်း ကျွန်တော့်ကားအပေါ်ကိုလည်း အကုန်ရောက်ပြီးရော ဆရာမတွေက မေးတယ်။
“ကားဆရာ ရဲ့ ကားမှာက ဖုန်တွေများလှချည်လား။ ဘယ်ကနေ လာတာလဲ?”
“အခုပဲ အသုဘတင်ပြီး သင်္ချိုင်း ပို့။ ပြီးတာနဲ့ ဆရာမတို့ဆီကို အချိန်မီ ချက်ချင်း ရောက်အောင် လာခဲ့ရတာ”
ကျွန်တော်လည်း အဲဒီလို ပြောလိုက်ရော အောင်မယ်လေ အော်ပြီး ဆရာမတွေအားလုံး ကျွန်တော့်ကားပေါ်ကနေ ဆင်းပြေး သွားကြပါလေရောဗျာ။ အသုဘ တင်ပြီး ပြန်လာတဲ့ ကားမို့လို့ ကြောက်ပြီး မစီးရဲကြတော့ဘူး တဲ့လေ။ ဖြစ်မှ ဖြစ်ရလေ ဆရာမတို့ရယ်။ ကျွန်တော်လည်း အမှန်အတိုင်း ပြောမိသွားတာကိုး။
ဒီနေ့တော့ ကျွန်တော့်မှာ တော်တော်စုံတဲ့ လူတွေနဲ့ တွေ့နေရပါလားနော်။
အင်း…စုံလည်းစုံပါ့ ကားဆရာရယ်…..
(ကျွန်ုပ်၏ ဖြစ်ရပ်မှန် တစ်ခုကို တန်ဆာဆင်၍ ရေးဖွဲ့ထားပါသည်)

0 comments:
Post a Comment