* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, October 22, 2009

သံသယဆူးငြောင့်

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

သဒ္ဓါယ တရတိ သြဃံ”- ယုံကြည်မှုသည် အခက်အခဲဟူသမျှတို့ကို လွတ်မြောက်နိုင်စွမ်း ရှိပေသည်။ ဘယ်အရာပဲလုပ်လုပ်၊ ဘယ်အရာကိုပဲ ရချင်ရချင် ကိုယ့်လုပ်နေသည့် အလုပ် သည် အောင်မြင်နိုင်သည့် နည်းလမ်းဟူ၍ မယုံကြည်လျှင် ထိုအလုပ်ကို လုပ်မည်မဟုတ်ပေ။ မယုံကြည်ဘဲ လုပ်နေလျှင်လည်း အောင်မြင်မှု ရလာနိုင်မည် မဟုတ်ပေ။ ယုံကြည်မှု အားအင် သတ္တိသည် မရှိမဖြစ်လိုအပ်သောအရာပင်ဖြစ်ပါသည်။ အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်ခြင်း၊ အမှန်အတိုင်းဖြစ်ရန် ဆင်ခြင်နိုင်ခြင်း၊ အကြောင်းအကျိုး၊ အကောင်းအဆိုးကို ခွဲခြားသိမြင်နိုင် ခြင်းဟူသော ပညာဉာဏ်သည်လည်း သဒ္ဓါတရားနှင့် အတွဲညီနေရန် လိုအပ်၏။ ချိန်ခွင်လျှာ အစွန်းမထွက်ဘဲ ရှိသကဲ့သို့ သဒ္ဓါနှင့်ပညာ တရားနှစ်ပါး ညီမျှနေရမည်ဖြစ်ပါသည်။


ယုံကြည်မှုရှိမှ အခက်အခဲမှန်သမျှ ကျော်လွှားပြီး အောင်မြင်နိုင်သည်ကမှန်၏။ အမှားကို ယုံကြည်နေမိပြန်လျှင်လည်း မဟုတ်သေးပေ။ အမှားကို ယုံကြည်နေက အမှန်ကို မမြင်နိုင် ဖြစ်နေမည်။ ဘုရားရှင် မပေါ်ထွန်းသေးခင်က လူတို့သည် တော၊ တောင်၊ နတ်၊ နဂါး၊ မီး၊ ပင်လယ်၊ သမုဒ္ဒရာ စသဖြင့် ကိုယ့်ယုံကြည်မှုအလိုက် အသီးသီးကိုးကွယ်ကြသည်။ ထိုသို့ ယုံကြည်ပြီး ပူဇော်ပသကြလျှင် ကျရောက်လာမည့် ဘေးအန္တရာယ်၊ ရန်စွယ် မှန်သမျှ ပပျောက်သွားကြမည်၊ ကောင်းကျိုးချမ်းသာ အဖြာဖြာတို့ ရောက်ရှိလာကြမည် အစရှိသည်ဖြင့် ယုံကြည်နေကြသည်။ ကိုးကွယ်ရာအမှန်ဟုလည်း မှတ်ယူထားကြသည်။ ထင်သည့်အတိုင်း ဖြစ်လာကြသည်ဟူ၍ တိုက်ဆိုင်မှုတို့ကို အမှန်အဖြစ် တစ်ထစ်ချမှတ်ယူပြီး ပို၍ ပို၍ ယုံကြည်နေကြခြင်းပင်ဖြစ်သည်။

မပြောင်းလဲနိုင်သော အမှန်တရားတို့မှာ စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်ဟူသော သဘော အမှန်၊ သမုဒယသစ္စာ၊ ဒုက္ခသစ္စာ၊ မဂ္ဂသစ္စာ၊ နိရောဓသစ္စာ အစရှိသော ပရမတ္ထသစ္စာ သဘောတရားတို့ပင်ဖြစ်၏။ ပညတ်ထားသော အခေါ်မှန်သမျှတို့မှာကား အမြဲပြောင်းလဲ နေကြမည်ဖြစ်သည်။ ထိုသို့ပင် အထင်မှားနေသော အရာအားလုံးတို့သည်လည်း တစ်နေ့၌ အမှန်သို့ ပြောင်းလဲသွားမည်ဖြစ်သည်။ အမှန်ကို သိမြင်သွားမှသာလျှင် အမှားသို့ ပြန်လည်၍ မပြောင်းလဲနိုင်တော့ခြင်းဖြစ်သည်။ အမှား၌ ကျင်လည်နေသော သဘောတရားတို့သည်သာ သံသယစက်ကွင်းတွင် ရှိနေသောကြောင့် ဆူးငြောင့်သဖွယ် အနှောင့်အယှက်က အမြဲကာဆီး ထားပြီး အလင်းမရနိုင်ဘဲ အမှောင်သက်သက်ဖြင့်သာ ကျင်လည်နေခြင်း ဖြစ်ပေသည်။

အမှန်တရားသို့ မရောက်သေးသမျှ တည်ငြိမ်မှုသည် အလျှင်းမရှိနိုင်သေးပေ။ ရင့်ကျက်မှု သဘောသည် အမှန်တရား၏အရိပ်ကို ထင်ဟပ်ပြသနေခြင်းသာဖြစ်ပေသည်။ ရဲရင့်ခြင်းသတ္တိ သည် သံသယတည်းဟူသော အမှောင်ကို ဖြိုးခွင်းနိုင်မှသာလျှင် ရရှိနိုင်သည့် ဆုလာဘ် တစ်ခုပင်ဖြစ်၏။ ဘုရားတည်းဟူသောရတနာ၊ တရားတည်းဟူသောရတနာ၊ သံဃာတည်းဟူ သောရတနာဟုဆိုအပ်သော ရတနာမြတ်သုံးပါးတို့နှင့် နှိုင်းယှဉ်လိုက်လျှင် တစ်ခြားတစ်ခြား သော လောကီရတနာတို့သည် အချည်းအနှီးမျှသာ တန်ဘိုးရှိတော့၏၊ မြတ်နိုးဖွယ် ရတနာ အစစ်ကား ဘုရား၊ တရား၊ သံဃာ ရတနာတို့သာ အမှန်စင်စစ် ဧကန်ဖြစ်တော့၏ဟု သံသယမရှိတော့သည့်အခါတွင် အနှောင့်အယှက်ဆူးငြောင့်တို့ ကင်းလာသည်။ သစ္စာဉာဏ် ဖြင့် သက်ဝင်ယုံကြည်သွားလျှင် သံသယဆူးငြောင့်မှာ လုံးဝ ကင်းရှင်းသွားပေသည်။ ရဲရင့်ခြင်း ဆုလာဘ်ကို ပိုင်ဆိုင်သွားသည်ဖြစ်ခြင်းကြောင့် သေရမှာပင် မကြောက်မလန့် သေနိုင်တော့ ၏။

ငါဘယ်က လာပါသနည်း။ ငါဘယ်သို့ သွားမည်နည်း။ ငါဆိုသည့် ငါကရော ဘယ်လိုမျိုးကို ခေါ်ဝေါ်သတ်မှတ်ထားသနည်း။ သံသယတို့နှင့် ရောထွေးလို့နေ၏။ ဗုဒ္ဓ၏ သစ္စာတရားအရ ငါဆိုသည်မှာ အခေါ်မျှသာရှိ၏။ အမှန်အားဖြင့် မရှိပေ။ အမှန်အားဖြင့် ရုပ်နာမ်နှစ်ပါး၊ ထိုနှစ်ပါးကို ချဲ့ပြောလျှင် ခန္ဓာငါးပါးတို့သာလျှင်ရှိပေသည်။ ဖောက်ပြန်တတ်သော ရုပ်သဘော တရားတို့က မည်သူ့အလိုကိုမျှမလိုက်ဘဲ သူ့သဘောအတိုင်း ဖောက်ပြန်ပျက်ဆီး၍သာနေကြ ၏။ ခံစားတတ်သော သဘောတရားက ခံစားမှုအလုပ်ကိုသာ သူလုပ်နေသည်။ မည်သူက ခိုင်းလို့ လုပ်နေခြင်းမျိုးမဟုတ်ပေ။ ခံစားမှုအလုပ်သည် သူ့သဘော၊ သူ့အလုပ်ဖြစ်၍ သူ့အလို လို လုပ်နေခြင်းသာဖြစ်သည်။ ကြံစည်တွေးတောတတ်သောသဘောက ကြံစည်တွေးတော ခြင်းအလုပ်၊ မှတ်သားတတ်သောသဘောတရားတို့က မှတ်သားခြင်းအလုပ်၊ သိတတ်သော သဘောတရားတို့က သိတတ်ခြင်းအလုပ် အစရှိသည်ဖြင့် မည်သူ့အလိုမျှမလိုက်၊ သူ့သဘော သူ့အလို သူ့အလုပ်ကိုသာ တသွင်သွင်လုပ်နေခြင်း ဖြစ်သည်ဟု ဉာဏ်ဖြင့်သိမြင်လျှင် ငါ၊ သူတစ်ပါး၊ ယောက်ျား၊ မိန်းမတို့သည်မရှိ၊ ဓမ္မတို့၏သဘောသာလျှင်ဖြစ်၏ဟု သံသယကင်း လျှင် ဆူးငြောင့်လည်းကင်းပါသည်။

သံသယအမှောင်ရှိနေသ၍ ဆူးငြောင့်သဖွယ် အနှောင့်အယှက် ရှိနေပေဦးမည်ပင်။ သံသယ သည် မည်သည့်အောင်မြင်မှုကိုမှ မရနိုင်သည် အနှောင့်အယှက် ဆူးငြောင့်တစ်ခုကဲ့သို့ဖြစ်၏။ မိဘနှင့်သားသမီး၊ ညီနှင့်အစ်ကို၊ မောင်နှင့်နှမ၊ လင်နှင့်မယား၊ ဆရာနှင့်တပည့်၊ သူငယ်ချင်း မိတ်ဆွေ၊ ခေါင်းဆောင်နှင့်နောက်လိုက် အစရှိသည့် ပေါင်းဖွဲ့ထားသည့် နှစ်ယောက်နှင့် အထက်အရေအတွက်ရှိသည့် အဖွဲ့အစည်းမှန်သမျှ တစ်ယောက်နှင့် တစ်ယောက် ယုံကြည်မှုမရှိ သံသယရှိနေကြလျှင်လည်း ထိုအဖွဲ့အစည်းအတွက် အောင်မြင်မှုတို့ကို မရရှိနိုင် ဘဲ သံသယရှိခြင်းက တိုးတက်အောင်မြင်မှုတို့၏ အတားအဆီးဆူးငြောင့်သဖွယ် အနှောင့် အယှက် ဖြစ်နေပေမည်။ အဖွဲ့ဖြင့်မဟုတ်ဘဲ တစ်ဦးတည်းဖြစ်လင့်ကစား မိမိနှင့် ပတ်သက်နေ သော အလုပ်တို့၌လည်းကောင်း၊ မိမိကိုယ်ကို လည်းကောင်း လုပ်မှ လုပ်နိုင်ပါ့မည်လား စသဖြင့် ကိုယ့်ကိုယ်ကို သံသယရှိခြင်း၊ ကိုယ်လုပ်နေသောအလုပ်သည် ကိုယ်အလိုရှိသော ပန်းတိုင်သို့ ရောက်ရှိနိုင်ပါမည်လောဟူသော သို့လောသို့လောဖြင့် သံသယရှိနေသည့်စိတ်က ပင် မိမိ၏အောင်မြင်မှုတို့ကို တားဆီးနေမည်ဖြစ်ပေသည်။

သံသယရှိသည့် အခြေအနေ အရပ်ရပ်တို့သည် တစ်ခုနှင့်တစ်ခု မတူဘဲ ကွဲပြားနိုင်ပါသည်။ တူညီသောသဘောတရားမှာကား သံသယရှိခြင်းသည် ယုံကြည်မှုအပြည့်အ၀ မရှိခြင်းပင်ဖြစ် သည်။ ယုံကြည်မှုမရှိက ရဲရင့်ခြင်းသတ္တိ မရှိနိုင်။ ယုံကြည်ခြင်းကို ထပ်ပြီးချဲ့ပြောလျှင် ယုံမှ ကြည်လင်နိုင်သည့် သဘောဖြစ်၏။ မယုံလျှင် မကြည်လင်နိုင်သေးပေ။ မြတ်စွာဘုရားသည် သစ္စာလေးပါးမြတ်တရားကို ကိုယ်တိုင် သိမြင်သော၊ လူနတ်ဗြဟ္မာ သတ္တ၀ါအားလုံးတို့၏ ဆရာတစ်ဆူဖြစ်တော်မူသော သမ္မာသမ္ဗုဒ္ဓဖြစ်သည်ဟု သံသယမရှိပါက ဘုရားရှင်ကို ကိုးကွယ်ဆည်းကပ်ခြင်း၊ နိဗ္ဗာန်ရောက်ကြောင်းဟူသည့် ဟောကြားခဲ့သော တရားများကို နာကြားခြင်း၊ ဟောကြားထားသော နည်းလမ်းအတိုင်း တရားအားထုတ်ခြင်း အစရှိသော နိဗ္ဗာန်ရောက်ကြောင်းအလုပ်တို့ကို ယုံယုံကြည်ကြည်ဖြင့် လုပ်ဆောင်မည်ဖြစ်သည်။ မယုံ ကြည်လျှင် မလုပ်ဆောင်သေးပေ။

မယုံကြည်ဘဲ လုပ်ဆောင်နေလျှင် သဒ္ဓါဗိုလ် အားနည်းနေသောကြောင့် သတိဗိုလ်၊ သမာဓိ ဗိုလ်၊ ၀ီရိယဗိုလ်၊ ပညာဗိုလ်တည်းဟူသော ဗိုလ်ငါးပါးတရားတို့ အားနည်းလာကြမည်။ စစ်ပွဲတွင် စစ်သူကြီးငါးဦးတို့က အဓိကဦးဆောင်တိုက်ခိုက်ရမည့် တာဝန်ဖြစ်လျှင် ထိုစစ်သူကြီး တို့ကိုယ်တိုင်က သတ္တိမရှိ၊ တိုက်လိုခိုက်လိုသည့် အားအင်တွေယုတ်လျော့ပြီး အောင်မြင်နိုင် မည်ဟု ယုံကြည်မှုမရှိလျှင် စစ်မအောင်နိုင်သလို တရားအားထုတ်ရာတွင်လည်း သဒ္ဓါ၊ သတိ၊ သမာဓိ၊ ၀ီရိယ၊ ပညာ ဗိုလ်ငါးဖြာတို့ အားနည်းနေလျှင်၊ ဘုရားရှင် ဆိုဆုံးမထားသော တရားများအတိုင်း အားထုတ်လျှင် နိဗ္ဗာန်ချမ်းသာကို ရရှိခံစားရမည်မှာ မလွဲဧကန်သာဖြစ်၏ဟူ ၍ ယုံကြည်မှုမရှိလျှင် တရားကျင့်ကြံအားထုတ်ခြင်းကို လုပ်မည်မဟုတ်ပေ။ မယုံတယုံ၊ စမ်း တ၀ါးဝါးဖြင့်လုပ်နေလျှင် ဆူးငြောင့်သဖွယ် သံသယစိတ်တို့က စဉ်ဆက်မပြတ် နှောင့်ယှက် နေပေတော့မည်။

ကိုးကွယ်ရာ၌ ကိုးကွယ်ရာအစစ်အမှန်ဖြစ်သည့် ဘုရား၊ တရား၊ သံဃာတို့ကိုသာ ကိုးကွယ် သော၊ တရားအားထုတ်ရာ၌ နိဗ္ဗာန်ရောက်ကြောင်း မဂ္ဂင်ရှစ်ပါးအကျင့်ကို ကျင့်ကြံ ပွါးများအား ထုတ်သော၊ အမှန်သိမြင်ရာတွင်လည်း သစ္စာလေးပါးကို ဉာဏ်ဖြင့် အမှန်စင်စစ် ထိုးထွင်း သိမြင်ပြီးသော အရိယာပုဂ္ဂိုလ်တို့၌သာ သံသယတည်း ဟူသောဆူးငြောင့် မရှိတော့သော ကြောင့် ခိုင်မြဲသောသီလ၊ တည်ငြိမ်သော သမာဓိ၊ မဖောက်ပြန်သော ပညာတရားတို့ ပြည့်စုံ သွား၏။ စောင့်ရှောင့်နိုင်သည့် သီလ၊ သမာဓိ၊ ပညာတို့အလိုက် အေးချမ်းမှု အရသာတို့ ကိုလည်း ဆထက်တိုး၍ ခံစားနိုင်ပေသည်။ အဆုံး၌ရှိသော သီလ၊ သမာဓိ၊ ပညာတရားတို့နှင့် ပြည့်စုံသွားလျှင် အအေးချမ်းဆုံးသော သန္တိသုခကိုလည်း ရရှိခံစားနိုင်ပေတော့၏။

အဆုံးစွန်သော သန္တိသုခ နိဗ္ဗာန်ချမ်းသာကို ရရှိခံစားနိုင်ရန်အတွက် အစဦးဆုံး ရှင်းလင်းရမည့် အနှောင့်အယှက် အမှောင်ထုကြီးမှာ သံသယဆူးငြောင့်ပင်ဖြစ်၏။ သံသယဆူးငြောင့်တို့ကို မည်ကဲ့သို့ ရှင်းလင်းရပါမည်နည်း။ မင်္ဂလသုတ်တရားတော်အတိုင်း ဦးစွာပထမ လူမိုက်တို့ကို ရှောင်ကြဉ်ရ၏။ လူမိုက်တို့နှင့် ပေါင်းဖော်နေရလည်း လူမိုက်တို့တရားကို မနှစ်သက် မမြတ်နိုး မိအောင်နေရမည်။ တရားတို့ကို သံသယကင်းရှင်းစွာသိထားသော သံဃာတော်များ၊ ပညာရှိ များကို ဆည်းကပ်ရပါမည်။ ထိုသံဃာတော်အရှင်သူမြတ် အစဖြာသော ပညာရှိတို့က ဘုရားရှင်၏ တရားနှင့်လျော်ညီအောင် ဟောကြားတော်မူသော တရားတို့ကို လက်တွေ့ ကျင့်ကြံပွါးများ အားထုတ်ရပါမည်။ ဓမ္မတို့အပေါ်၌ သံသယစိတ် များဝင်လာလျှင် ပညာရှိတို့နှင့် တရားဆွေးနွေးမေးမြန်းရပါမည်။

တရားကျင့်ကြံပွါးများ အားထုတ်နေသော ယောဂီသည် နိဗ္ဗာန်ချမ်းသာ ရရှိနိုင်ရေးကိုသာ ဦးတည်ပြီး ပုဂ္ဂလအဓိဋ္ဌာန်ကိုပယ်၊ ဓမ္မအဓိဋ္ဌာန်အတိုင်းသွား၊ အတွင်းရန်သူနှစ်ပါးဖြစ်သည့် ဣဿာ၊ မစ္ဆရိယတရားတို့ကို ဖယ်ရှား၍ အ၀တ်၌ အစွန်းအထင်းထင်တိုင်း ဆပ်ပြာ၊ ရေတို့ဖြင့် လျှော်ဖွတ်သလို စိတ်အညစ်အကြေးကိလေသာတို့ကိုလည်း သတိ၊ ဉာဏ်ပညာတို့ဖြင့် အချိန်တိုင်းလျှော်ဖွတ်နေရပါမည်။

သတ္တ၀ါအားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝနိုင်ပြီး သံသယဆူးငြောင့်တို့ ကင်းပျောက်၍ နိဗ္ဗာန်သို့ မျက်မှောက်ပြုနိုင်ကြပါစေ။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP