အရှင်မြတ်သို့....
ကဲ့ရဲ့တင်းဆို
ရန်ငြိုးသိုလျက်
အပြစ်မြင်လည်း
ဆရာ မလုပ်၊ ဆရာဟုတ်တာ
တပည့်တော်တို့ သိပါတယ်..
အရှင်ဘုရား….။
အတိတ်ဝဋ်ကြွေး
ဝိပါတ် ကံကြမ္မာ
ဘယ်ရှောင်မရ
အဟောင်းပေးသူ ဆရာရှင်နှင့်
အသစ်ယူသူ ထိုလူမိုက်တို့
လားရာမတူ ဆန့်ကျင်မူကို…
သူတော်ကောင်းတိုင်း သိပါတယ်….
အရှင်ဘုရား….။
ဆရာလျှောက်လှမ်း မဂ္ဂင်လမ်း
သူတို့လားရာ အပယ်လမ်းပါ
ခန္ဓာနဲ့ရင်း ပေးဆပ်ရတာ...
ပါးစပ်ကတရား လက်က ကားရား
အမြဲလုပ်သူ ထိုလူမိုက်တို့..
ဘုရားရှင်ချွတ်တောင် မကျွတ်နိုင်တာ..
လူတိုင်းနီးပါး သိပါတယ်..
အရှင်ဘုရား…။
တပည့်တော်တို့
ကံသုံးပါးနှင့် ပြစ်မှားမိသည်
ရှိခဲ့ပါသော်…
သည်းခံခွင့်လွှတ် ပေးတော်မူပါ..
အရှင်ဘုရား…။
အရှင်ပြုခဲ့ ဓမ္ဓကုသိုလ်
မြတ်ဘာဝနာကြောင့်
မြင့်မြတ်ဘုံဘဝ စံစားရမှာ
ခံစားသိနှင့် သိနေပါသည်…
အရှင်ဘုရား…..။
(၁၀.၂၁.၂၀၀၉ တွင် ပျံလွန်တော်မူသွားသော အရှင်ပုညနန္ဒသို့ ရည်စူးလျက်….)
ရေးသားသူ
ထက်စုနှင်းဆီ (၁၀.၂၁.၂၀၀၉)

0 comments:
Post a Comment