ဘ၀အရေး စိတ်အေးကြောင်း အခန်းဆက် -၂

လက်ရှိဘ၀၊ တမလွန်ဘ၀အတွက် စိတ်အေးရအောင် အာဠ၀ကသူတော်ကောင်း ဘီလူးကြီးက ဘယ်လိုဆက်ပြီး ဘုရားရှင်ကို လျှောက်ထားတယ်ဆိုတာ ဆက်လက် မှတ်သားဖို့ တင်ပြလိုက်ပါတယ်။ ဖတ်မှတ်ပြီးကလည်း ကျွန်တော်တို့တစ်တွေ ဘီလူးကြမ်းကြီးလို့ အများထင်နေကြတဲ့ ဘီလူးထက် မမိုက်ဖို့ လိုက်နာကျင့်သုန်းရမယ်နဲ့ တူတယ်။ လောကဆိုရိုး စကားတစ်ခု “သူများ လက်ညှိုးတစ်ချောင်းထိုးရင် ကိုယ့်မှာ ကျန်လက်လေးချောင်းနဲ့ ပြန်ထိုးခံနေရတယ်တဲ့”။ ဘာဆိုင်လဲ ဆိုတော့...
အကောင်းဆုံးအရသာ?
ဘာမေးလဲဆိုတော့''ကိံသု သာဓုတရံ ရသာနံ” အရသာတွေထဲမှာ အကောင်းဆုံးအရသာက ဘာလဲ?''
ကဲ ဒီမေးခွန်းရဲ့အဖြေလေးကို စဉ်းစားကြည့်လိုက်၊ လောက လူတွေကို ဒီအမေး မေးလို့ရှိရင်၊ ဝက်သား ကြိုက်တဲ့လူက ဝက်သားလို့ မပြောပေဘူးလား?၊ ဒါကြောင့်မို့ ဗမာစကားပုံတောင် အဆိုရှိသေးတယ်၊ “အသီးသရက် အသားဝက်တဲ့”၊ သရက်သီးကြိုက်တဲ့ လူက သရက်သီးကောင်းတယ်လို့ ပြောတယ်၊ သရက်သီးဟာ အရသာ အရှိဆုံးလို့ ဒီလို ထင်ကြတယ်၊ လောကလူတွေဟာ အရသာရှိတယ်ဆိုတာ ကိုယ်ကြိုက်တာကို အရသာ အရှိဆုံးလို့ ထင်ကြတာပဲ၊ ပြောကြတာပဲ၊ အမျိုးမျိုးဖြေတယ်၊ အဲဒီ ကောင်းတယ်ဆိုတဲ့ အရသာတွေဟာ အကုန်လုံး အကန့်အသတ်နဲ့ချည့်ပဲ၊ ကဲ ဝက်သား ကြိုက်တဲ့လူတွေကို နေ့တိုင်း ဝက်သားချည့် ချက်ကျွေး လို့ရှိရင် သူစား နိုင်မလား?၊ မစားနိုင်ဘူးလား?၊ ကိုယ့် ဘာသာကိုယ်ပဲ စဉ်းစားကြည့်၊ ကောင်းတယ်ဆိုတဲ့ အရသာကို ဒါချည့်းပဲနေ့တိုင်း ကျွေးမယ်၊ ဒီပုဂ္ဂိုလ်က မစားနိုင်တော့ဘူး။
အဲဒီတော့ မြတ်စွာဘုရားရဲ့အဖြေက လောကလူတွေ မဖြေနိုင်တဲ့အဖြေမျိုး၊ မသိနိုင်တဲ့အဖြေမျိုးကို ဖြေ ထားတယ်၊ မှန်လည်းလုံးဝမှန်တဲ့ အဖြေမျိုး၊ မြတ်စွာဘုရားက ''သစ္စံ သာဓုတရံ ရသာနံ-လောကမှာ အကောင်းဆုံးအရသာဟာ သစ္စာပဲ'' မှန်တာကိုပြောတဲ့ သစ္စာစကား။
ဘာဖြစ်လို့ ကောင်းတဲ့အရသာလို့ပြောတာတုန်း၊ လောကလူတွေဟာ မှန်တဲ့စကားကို ပြောနေလို့ရှိ ရင် နွယ်မြက်သစ်ပင်တောင် ဆေးဖက်ဝင်တယ်ဆိုတယ် မဟုတ်လား၊ ဝစီသစ္စာနဲ့ ပြောရင် အရာခပ်သိမ်း အောင်မြင်နိုင်တယ်။
ဝစီသစ္စာလို ကောင်းတဲ့အရသာက ဘယ်တော့မှ အီမသွားဘူး၊ ဝက်သားစားရင် အီသွားမယ်၊ အချိုတွေလည်းစားရင် အီသွားမယ်၊ အချဉ်တွေလည်း ကြာရှည် မစားနိုင်ဘူး၊ ဒိပြင်အရသာတွေလည်း အတိုင်း အတာ အကန့်အသတ်နဲ့ ချည်းပဲ၊ မှန်တဲ့စကားဟာ အကြိမ် တစ်ရာပြောလည်း အရသာမပျက်ဘူး။
ရလာတဲ့အကျိုးဟာလည်း အင်မတန်ကြီးမားတယ် - လူသားကိုမဆိုထားဘိ၊ ဘုရားအလောင်းငုံး ဖြစ်စဉ်က တောမီးလောင်လာတဲ့အခါ မှန်တာကို ပြောလိုက်တယ်၊ ''သန္တိ ပက္ခာ အပတနာ- သူ့မှာ အတောင်တော့ပေါက်ပြီး မပျံနိုင်သေးဘူး''တဲ့၊ ''သန္တိ ပါဒါ အဝဉ္စနာ-သူ့မှာခြေထောက်တွေတော့ရှိတယ်၊ မသွားနိုင်ဘူး''တဲ့၊ ''မာတာ ပိတာ စ နိက္ခန္တာ- အမေ၊ အဖေ တွေကလည်း ထွက်ပြေးကုန်ကြပြီ''တဲ့။ ဟော သူပြောတဲ့ စကား ၃-ခွန်းစလုံး မှန်တယ်၊ အဲဒီ မှန်တဲ့စကားကြောင့် တောမီးကြီး သူ့ကို ရှောင်သွားပါစေလို့ သစ္စာ ဆိုတာ၊ မီးက သူ့ဆီ လုံးဝရောက်မလာနိုင်ဘူး၊ ဒါ မှန်တဲ့စကား၏ အရသာရှိပုံပဲ၊ မှန်တဲ့စကားဟာ ဘေးရန်အန္တရာယ်များကိုလည်း ကာကွယ်နိုင်တယ်။
သို့သော် လောကလူတွေဟာ မှန်တဲ့စကားကို အရသာခံပြီး ပြောနိုင်လားဆိုတော့ မပြောနိုင်ဘူး၊ မပြောနိုင်လို့ မှန်တာကို ပြောရရင် လင်္ကာမချောဘူးတဲ့၊ ဒါကြောင့်မို့ 'မုသားမပါ လင်္ကာမချော'တဲ့၊ မှန်တာ ပြောရရင် စကားက တယ်မချောလို့၊ တယ်ပြီးတော့ အဆင်မပြေလို့၊ နဲနဲလေးတော့ အလိမ်အကောက်ကလေး ထည့်လိုက်ချင်တာ လင်္ကာချောအောင် လိမ်တာလေးတော့ ထည့်ချင်သေးသပေါ့၊ အဲလောက်ထိအောင် မှန်တဲ့ စကားနဲ့ ဝေးကွာနေတယ်။
မြတ်စွာဘုရားက လောကမှာ အရသာတွေထဲမှာ အကောင်းဆုံးအရသာဆိုတာ ဝစီသစ္စာကို ပြောတာ ပါတဲ့၊ အမှန်ပြောတာဟာ အရသာအရှိဆုံးပဲ၊ ဘယ်တော့မှလည်း အမှန်ပြောရသည့်အတွက် အီ-မသွားဘူး၊ လိမ်တတ်တဲ့ပုဂ္ဂိုလ်တွေကတော့ အမှန် ပြောချင်မှာ မဟုတ်ဘူးနော်။ ဒ့ါဖြင့် တို့တတွေဟာ ဘဝအရေးမှာ အကောင်းဆုံးသောအရသာကို စားဖို့လိုအပ်နေတယ်။ ဘယ်လိုတုန်းဆို မှန်ကန်တဲ့စကားကိုပြောပြီး သစ္စာဆိုမယ်ဆိုရင် ကိုယ်လိုချင်တာတွေလုပ်လို့ ရပါတယ် စမ်းကြည့်ပေါ့၊ မဟုတ်တာတော့ မပါစေနဲ့၊ လင်္ကာချောအောင်တော့ သွားမထည့်နဲ့နော်။
ဆိုပါစို့-ဘုရားရှိခိုးရမှာ ပျင်းတဲ့လူက သစ္စာဆိုလို့ရတယ်၊ 'ကျွန်ုပ်သည် နေ့စဉ်နှင့်အမျှ ဘုရားရှိခိုးရမှာ အလွန်ပျင်းပါတယ် ဘယ်တော့မှလည်း ရှိမခိုးပါဘူး၊ ဤမှန်သောစကားကိုဆိုရသောကြောင့်'ဆိုပြီး သစ္စာဆို လို့ရတယ်၊ တစ်ခုခုလိုချင်တာကိုပြော၊ စွမ်းအားသတ္တိပြည့်လာတဲ့ နေ့မှာ အောင်မြင်လာမှာပဲ၊ တစ်ခုခု မဟုတ်တာ လုပ်တာကလည်း မဟုတ်တာလုပ်တာကို သစ္စာဆိုလို့ရတယ်၊ သစ္စာဆိုတာ မှန်တာကို ပြောတာ၊ ဒါကြောင့်မို့ သစ္စာဆိုတဲ့ စကားတစ်ခုဟာ အင်မတန်မှ အရသာရှိတဲ့ အရာတစ်ခုဖြစ်တယ်လို့ မြတ်စွာဘုရားက ဒီမှာ ဖြေတယ်။
အကောင်းဆုံးသောအသက်ရှင်နည်း?
နောက်မေးခွန်းတစ်ခုက ''အရှင်ဘုရား ...လောကလူတွေဟာ ဘဝမှာ နည်းအမျိုးမျိုးနဲ့ အသက်ရှင် နေကြတယ်၊ ဘာနဲ့ အသက်ရှင်ရင် အကောင်းဆုံး ဖြစ်မလဲ?''
ဘာနဲ့အသက်ရှင်ရမလဲ?၊ လူတွေကတော့ အဖြေ အမျိုးမျိုး ထုတ်ကြမှာပေါ့၊ ထမင်းစားပြီး အသက်ရှင်တဲ့လူ ရှိတယ်၊ အလုပ်အကိုင်အမျိုးမျိုးနဲ့ အသက်ရှင်တဲ့လူ ရှိတယ်၊ ဝန်ထမ်းအလုပ်မျိုးစုံနဲ့ အသက်ရှင်ကြတာ ရှိတယ်၊ အဲဒီလို အသက်မွေး အသက်ရှင်ဖို့ လုပ်ငန်းတွေ အများကြီးထဲမှာ ဘာနဲ့အသက်ရှင်တာဟာ အကောင်းဆုံး လဲဆိုတာ မြတ်စွာဘုရားက ဖြေတယ်။ ''ပညာ ဇီဝိံ ဇီဝိတမာဟု သေဋ္ဌံ - အသက်ရှင်ဖို့ အသက်မွေးတဲ့ အထဲမှာ အသိပညာနဲ့ အသက်ရှင်တာအသက်မွေးတာ အကောင်းဆုံးပဲ''။
လောကမှာ အကောင်းအဆိုး အကြောင်း အကျိုးမှ မသိတဲ့ ပုဂ္ဂိုလ်တစ်ယောက်ရဲ့ အသက်ရှင်နေမှုက တန်ဖိုးမရှိပါဘူးတဲ့၊ အရာရာ အကောင်းနဲ့အဆိုး အကြောင်းနဲ့အကျိုး ခွဲခြားသိပြီးတော့ ထိုအသိ ပညာနဲ့ အသက်ရှင်တဲ့လူကမှ တကယ် အကောင်းမြတ်ဆုံး အသက်ရှင်ခြင်းပဲ။
ဆိုလိုတာက လူ့ဘဝရလာလို့ လူဖြစ်လာရင် ပညာရှိပါစေ၊ ပညာဆိုတာ – အခုခေတ်ပြောတဲ့ သင် ထားတဲ့ အတတ်ပညာတွေကိုချည်းပြောတာ မဟုတ်ဘူးနော်၊ အကောင်းနဲ့အဆိုး အကြောင်းနဲ့အကျိုးကို ခွဲခြားသိ တတ်တဲ့ အသိဉာဏ်ကို ပြောတာ၊ အဲဒီ အသိဉာဏ်ကို ရဖို့ဆိုရင် ပညာသင်ရတယ်ပေါ၊့ သိထားတဲ့ပညာပေါ်မှာ ထပ်ဆင့်ပြီးစဉ်းစားတတ်တဲ့ အသိဉာဏ်မျိုးဟာ အင်မတန်မှအရေးကြီးတယ်။
ဒိထက် အဆင့်မြင့်လာလို့ရှိရင်လည်း ... ကြည့်၊ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က ဟောထားတယ်လေ-“သင်္ခါရတရားတွေရဲ့ သဘာဝကို မသိဘဲနဲ့ အနှစ်တစ်ရာ အသက်ရှည်ရတာထက် သင်္ခါရတရားတွေကို သိတဲ့အသိဉာဏ်နဲ့ တစ်နေ့တာ အသက်ရှင်ရတာက ပိုကောင်းတယ်”တဲ့၊ အနှစ်တစ်ရာ အသက်ရှင်နေပေမဲ့လို့ အသိဉာဏ်ဖြင့် အသက်ရှင်ရသည့် တစ်နေ့တာလောက် တန်ဖိုးမရှိဘူးလို့ ဒီလိုဟောတာ။
အဲဒါကြောင့်မို့ အသိပညာဆိုတဲ့နေရာမှာ လောကီပညာပဲဖြစ်စေ၊ လောကုတ္တရာပညာပဲဖြစ်စေ၊ အကောင်းအဆိုး အကြောင်းအကျိုးကို သိပြီးတော့ ကိုယ့်ဘဝလမ်းကြောင်းကို လျှောက်လှမ်းဖို့ကို ကိုယ့်ကိုယ်ကို ဆုံးဖြတ်နိုင်စွမ်းရှိတဲ့ အသိဉာဏ် အနည်းဆုံးရှိဖို့ လိုအပ်တယ်တဲ့၊ ဒီထက် အဆင့်မြင့်လာလို့ရှိရင် ဝိပဿနာပညာတို့ မဂ်ပညာတို့ ဒါတွေရှိရမှာပေါ့၊ အဲဒီ အဆင့်မြင့်တဲ့ ဓမ္မပညာတွေအထိအောင် ရှိရမယ်။
အဲတော့ လောကမှာ ပညာမဲ့တို့၏ အသက် ရှင်မှုသည် လုံးဝတန်ဖိုးမရှိဘူးတဲ့၊ ပညာရှိရှိနဲ့ အသက် ရှင်ရတာကသာ တန်ဖိုးရှိတယ်၊ ပညာရှိပြီဆိုရင် ဘဝအရေးလည်း စိတ်မအေးရဘူးလား?။
အခက်အခဲကို ဘာနဲ့ဖြတ်ကျော်ရမလဲ?
နောက်တစ်ခုက လူ့လောက လူရယ်လို့ဖြစ်လာပြီး ဘဝတစ်ခု လျှောက်လှမ်းလာပြီဆိုတဲ့အခါမှာ အခက်အခဲတွေဖြတ်ကျော်ရတာ မရှိဘူးလား?၊ အခက် အခဲတွေကို ဖြတ်ကျော်ရမယ်ဆိုရင် ဘာနဲ့ ဖြတ်ကျော်မလဲ?၊ ဘာရှိဖို့လို့လဲ? အဲဒီ မေးခွန်းလေးကို ဆက်မေးတာ။
ဆိုပါစို့-ကိုယ်သွားမဲ့လမ်းမှာ တောင်ကျရေတွေ တသွင်သွင်စီးနေတယ်၊ အဲဒီ တောင်ကျရေတွေကို “သြဃ” လို့ခေါ်တယ်၊ ဝဲသြဃကြီး၊ အင်မတန်မှ ပြင်းထန်တဲ့ အဟုန်နဲ့ စီးနေတယ်၊ အဲဒါကို ဖြတ်ကူးဖို့ဆိုတာ အင်မတန်မှ ခဲယဉ်းတယ်၊ ဒီလိုပဲ လောကမှာရှိတဲ့ အခက်အခဲတွေကို ဖြတ်ကျော်ဖို့အတွက် ဘာလိုလဲဆိုရင်၊ မြတ်စွာဘုရားက ''သဒ္ဓါယ တရတိ သြဃံ'' ယုံကြည်ချက် လိုတယ်တဲ့၊ သဒ္ဓါကို ဒီနေရာမှာ ထပ်ဟောတယ်၊ ယုံကြည်ချက် မရှိဘူးဆိုရင် ဘဝမှာအခက်အခဲပေါင်း မြောက်မြားစွာကို သူဖြတ်ကျော် နိုင်ပါ့မလား?၊ မကျော်နိုင်ဘူး။
ဘဝရဲ့အခက်အခဲ-သြဃတွေဟာ ဘယ်လောက်ခက်ခဲလည်းဆိုရင် ကာမဂုဏ် အာရုံထဲမှာ စိတ်ဝင်စားနေတဲ့ လောဘဆိုတာ အင်မတန် ကြီးမားတဲ့ အရှိန်အဟုန်နဲ့ မိမိသန္တာန်မှာ ဖြစ်နေတာ၊ ဒါကို စွန့်ပယ်တယ်ဆိုတာ ဖြတ်ကျော်တာပဲ၊ သူ့ကို စွန့်ဖို့ လွယ်လား?၊ မလွယ်ဘူး။ ကာမဂုဏ်အာရုံတွေကို စွန့်ပယ်ပြီး တစ်ဖက်ကမ်းကို ရောက်အောင်သွားဖို့ ဆိုတာ သိပ်ခဲယဉ်းတယ်၊ ဒါလည်း သြဃတစ်ခုပဲ။
ဒီကာမဂုဏ်အာရုံတွေကိုတော့ စွန့်ပယ်နိုင်ပြီး ဈာန်တွေရလို့ သမထကျင့်စဉ်တွေ အောင်မြင်, သမထ ကျင့်စဉ်တွေနဲ့ ပျော်ပြီးနေတယ်၊ အဲဒီ သမထကျင့်စဉ်တွေ ရထားတဲ့ ဘဝတစ်ခုကို ကျော်လွှားဖို့ရန်ကျတော့ အခက်အခဲရှိပြန်တယ်၊ အဲဒါကတော့ ဘာနဲ့ ဖြတ်ကျော်မတုန်း?၊ သဒ္ဓါနဲ့ပဲ ဖြတ်ကျော်မယ်၊ ယုံကြည်ချက်ရှိဖို့ လိုတယ်။
ယုံကြည်ချက်မရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ အခက်အခဲတွေကို ကျော်လွှားဖို့ မဖြစ်နိုင်ဘူး၊ တရားကျင့် တဲ့နေရာမှာပဲဖြစ်စေ၊ လောကအရေးမှာပဲဖြစ်စေ၊ အခက်အခဲတွေကိုကျော်လွှားဖို့ဆိုတာ နံပါတ်တစ်က ဘာအရေး ကြီးတာလဲ?၊ ယုံကြည်ချက်တဲ့၊ အခက်အခဲတွေကို ယုံကြည် ချက်နဲ့ ကျော်ဖြတ်ရမယ်တဲ့၊ ဒါ အာဠဝကမေးတာ၊ ဘဝမှာ အခက်အခဲတွေနဲ့ ကြုံလာရင် ဘယ်လိုကျော်ဖြတ်ရမလဲ? ယုံကြည်ချက်နဲ့ ကျော်ဖြတ်ရမယ်၊ ယုံကြည်ချက်ရှိလာပြီဆိုတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ အခက်အခဲတွေကို ကျော်လွှားနိုင်တယ်။
ကျယ်ပြောတဲ့ဘဝကြီးကို ဘာနဲ့ဖြတ်ကူးမလဲ?
နောက်တစ်ခုဟာ သိပ်ကျယ်ပြောတဲ့ သိပ်ဝေးလံတဲ့ အရာတစ်ခုကို ဖြတ်ကူးမယ် ဆိုပါစို့-ဥပမာ ပင်လယ်ကြီးကို ဖြတ်ကူးတော့မယ်၊ လူ့လောကမှာ ဘဝခရီးကြီးကိုလျှောက်လှမ်းကြတာဟာ ပင်လယ်ကြီး ဖြတ်ကူးနေရတာနဲ့ အတူတူပဲ၊ အင်မတန်မှကျယ်ပြောတဲ့ ဘဝကြီးတစ်ခုကို ဖြတ်ကူးနေရတယ်၊ ဘာနဲ့ ဖြတ်ကူး ကြမလဲ။
မြတ်စွာဘုရားက ''အပ္ပမာဒေန အဏ္ဏဝံ'' ကာမဂုဏ်အာရုံတွေပေါ်မှာ စိတ်လွှတ်မထားဘဲနဲ့ ကုသိုလ်ကောင်းမှုပေါ်မှာ အမြဲတမ်းသတိရနေတဲ့ အပ္ပမာဒဆိုတဲ့ သတိနဲ့ ဖြတ်ကူးရမယ်တဲ့”။
ကြည့်လေ အဲလို မကူးနိုင်ဘူးဆိုရင်၊ လူတွေရဲ့ ဘဝဟာ ဘယ်လောက်ကျယ်ပြောတာလဲဆိုရင် မျက်စိက မြင်ရတဲ့အရာတွေဟာ အများကြီးကျယ်ပြောတယ်၊ နားက ကြားရတဲ့အသံတွေဟာလည်း အများကြီး ကျယ်ပြောတယ်၊ ဒါကို ဖြတ်ကူးဖို့ရန် တော်တော်ခက်တယ်၊ ဟုတ်ရဲ့လား၊ မျက်စိနဲ့ မြင်ပြီးတော့ ဖြစ်တဲ့ ပျော်ရွှင်မှုကြီးကို ဖြတ်ကျော်ဖို့ခက်တယ်၊ နားက ကြားပြီးတော့ သာယာတဲ့အသံတွေပေါ်မှာ ပျော်မြူးနေတာကို ဖြတ်ကျော်ဖို့ရာ ခက်တယ်၊ လျာက အရသာခံနေတာတို့၊ နှာခေါင်းက မွှေးကြိုင်တဲ့အနံ့ပေါ်မှာ ပျော်ရွှင်နေတာတို့၊ ခန္ဓာကိုယ်ကနေ ထိတွေ့တဲ့အရာတွေပေါ်မှာ ပျော်ရွှင်နေတာတို့၊ အာရုံငါးပါး ကာမဂုဏ်တရားတွေဟာ ဖြတ်ကျော်သွားဖို့ အင်မတန်ခဲယဉ်းတယ်၊ ကျယ်ပြော နေတယ်၊ အဲဒါတွေကို ဖြတ်ကျော်ချင်ရင် သတိကြီးစွာ ထားပြီး ဖြတ်ကျော်ရမယ်။
သတိကို တည်ဆောက်တယ်ဆိုတာ၊ ကြည့်လေ သတိပဋ္ဌာန်တရားပွားတဲ့အခါမှာ လူတွေဟာ ဘယ်လောက် သတိမေ့တတ်သလဲဆိုတာ သတိပဋ္ဌာန်တရား ပွားကြည့်တဲ့အခါမှာ ကိုယ့်နှာခေါင်းက အမြဲလေလေး ထွက်နေတာကိုပဲ အစဉ်ထာဝရ ထွက်တိုင်း ထွက်တိုင်း သိရဲ့လား?၊ မသိဘူးနော်၊ မေ့သွားတာချည်းပဲ၊ ကိုယ်ဘာ လုပ်နေတယ်ဆိုတာ မေ့နေတယ်။
လူတွေကတော့ ကိုယ့်ကိုယ်ကို သတိရှိတယ်လို့ ထင်နေကြတယ်၊ သို့သော် လူတွေ လုပ်နေတာနဲ့ တွေးနေတာက တစ်ခြားစီ၊ ဥပမာ-လူကတော့ ထိုင်နေတယ်၊ စိတ်ကတော့ တစ်ခြားရောက်နေတယ်၊ လူက အိပ်နေတယ်၊ စိတ်က တစ်ခြားရောက်နေတယ်၊ အဲဒါဟာ မေ့နေတယ် ခေါ်တယ်နော်၊ ဒါပေမဲ့ လူတွေက အဲဒါကို မေ့နေတယ်လို့ မထင်ဘူး သတိရှိနေတယ်လို့ပဲ ထင်တယ်။
ကိုယ်ထိုင်နေတာ ထိုင်နေတယ်လို့ မသိဘူးလေ၊ အိပ်နေရင်လည်း အိပ်နေတယ်လို့ မထင်ဘူး၊ သွားနေရင်လည်း သွားနေတယ်လို့ မထင်ဘူး၊ ဘာလို့ တုန်းဆို စိတ်က အမြဲတမ်း တစ်နေရာရောက်နေတယ်။
ဘာနဲ့ ဥပမာတူတုန်းဆို “အိမ်တံခါးဖွင့်ပစ်ခဲ့ပြီး သွားချင်ရာသွားနေတာနဲ့” မတူဘူးလား၊ ကိုယ့်ခန္ဓာ ကိုယ်ထဲ စိတ်မရှိဘူး တစ်ခြားရောက်နေတယ်၊
အဲဒါကြောင့်မို့ အင်မတန်ကျယ်ပြောတဲ့ ဘဝခရီးကြီးကို ဖြတ်ကူးတဲ့နေရာမှာ ကိုယ်ဘာလုပ်နေလဲ ဆိုတဲ့အပေါ်မှာ ထားနိုင်တဲ့သတိဟာ အင်မတန်မှ အရေးပါတယ်လို့ဆိုပြီး မြတ်စွာဘုရားက ဒါကိုပြောတာ။
ဒုက္ခကို ဘာနဲ့ဖယ်ရှားမလဲ?
ကဲ နောက်တစ်ခု - ဆင်းရဲဒုက္ခတွေကို ကျော်လွှားဖို့က ဘာအရေးကြီးလဲ? ဘာနဲ့ ဆင်းရဲဒုက္ခတွေ ကို ကျော်ဖြတ်မလဲတဲ့။
ခုနတုန်းက အခက်အခဲကို ကျော်ဖြတ်တယ်၊ ကျယ်ပြောတဲ့အရာကြီးကို ဖြတ်ကူးတယ်၊ အခုတစ်ခါ ဒုက္ခကို ဘာနဲ့ ဖယ်ရှားနိုင်တုန်းဆိုရင် မြတ်စွာဘုရားက “ဝီရိယေန ဒုက္ခမစ္စေတိ- ကြိုးပမ်းအားထုတ်မှုဝီရိယဖြင့် ဆင်းရဲဒုက္ခကို ဖယ်ရှားပစ်နိုင်တယ်”။ ဆင်းရဲမှု သံသရာကို ကျော်လွှားချင်ရင် ကြိုးစားကြရမှာပေါ့၊ ဒါ ပြောတာပေါ့၊ ဟုတ်ရဲ့လား?၊ မကြိုးစားဘဲနဲ့ ဆင်းရဲမှု သံသရာကြီးမှ မလွတ်မြောက်နိုင်ဘူး၊ ဒါကြောင့်မို့ လွတ်မြောက်ရန်အတွက် ဝီရိယနဲ့ ကြိုးစားအားထုတ်ကြရမယ်။
စိတ်ဖြူစင်အောင် ဘယ်လိုလုပ်ရမလဲ?
ဒါဖြင့် လောကလူတွေရဲ့စိတ်ဟာ ဖြူစင်သွားအောင် ဘာနဲ့လုပ်ရမတုန်းဆို မြတ်စွာဘုရားက ''ပညာယ ပရိသုဇ္ဈတိ- ပညာဖြင့်သာ ဆေးကြောလို့ရမယ်'' လူတွေရဲ့စိတ်ဟာ ပညာဖြင့်ဆေးကြောတယ်ဆိုရင် ကိုယ့်စိတ်ထဲမှာ ကြည်နေတယ်။
နံနက်မိုးသောက် အလင်းရောက်လို့ မျက်စိနှစ်လုံးပွင့်လာတဲ့ အချိန်ကစပြီး ကိုယ့်စိတ်ကို check လုပ်၊ ဘာတွေတွေးနေလဲ၊ ကိုယ့်စိတ်ထဲမှာ လောဘရှိနေလား၊ ဒေါသရှိနေလား၊ မောဟရှိနေလား၊ စိတ်ရဲ့ အညစ်အကြေးတွေ ရှိသလား၊ အာရုံနဲ့တွေ့ရင် စိတ်ဟာ အညစ်အကြေးတွေ ရှိနေလားဆိုတာ ကိုယ်က check-လုပ်ရမယ်၊ လုပ်တဲ့အခါကျတော့ ဉာဏ်မရှိရင် သိပါ့မလား?၊ မသိဘူးတဲ့၊ ကိုယ်ဝတ်တဲ့အဝတ်မှာတော့ ပေတယ် ဆိုတာ မသိဘူးလား၊ သိတယ်၊ စိတ်မှာလည်းပဲ ညစ်ပေလာရင် သိရမယ်၊ မသိရင် ညစ်ပေမှုကို ဖယ်ရှား နိုင်မှာ မဟုတ်ဘူး။
အဲဒါကြောင့်မို့ စိတ်၏အညစ်အကြေးကို သိဖို့ပညာလိုအပ်တယ်တဲ့၊ ပညာနဲ့သာလျှင် စိတ်ရဲ့ အညစ်အကြေးတွေကို ဖယ်ရှားပစ်နိုင်တယ်၊ ဒါကြောင့်မို့ သိအောင်ကြိုးစားရမယ်လို့ ဒီလိုပြောတာ။
ကိုယ့်စိတ်လေးဖြူစင်ဖို့ အရပ်စကားပြောရင်တော့ လွယ်တာပေါ့၊ “စိတ်ကို ဖြူစင်အောင်ထား-ဖြူစင် အောင်ထားဆိုတာ ဘယ်ဟာက ဖြူစင်တာတုန်း ဘယ်ဟာက မည်းတာတုန်းလို့ မသိရင် ဘယ်လိုလုပ် ဖြူစင်အောင်ထားမလဲ?”၊ မသိနိုင်ဘူး၊ ဟုတ်ရဲ့လား?၊ ဖြူစင်တာကို မည်းတယ် ထင်နေတယ်၊ မည်းတာကို ဖြူစင်တယ် ထင်နေတယ်၊ ဘယ်လိုလုပ် ဖြူစင်အောင် လုပ်လို့ရမလဲနော်။ ပညာရှိမှ ဖြူ၊ မဖြူ သိနိုင်မယ် မဟုတ်လား?။ ဒါ့ကြောင့်မို့ မြတ်စွာဘုရားက ဒီမေးခွန်းရဲ့အဖြေမှာ ''ပညာနဲ့ ဖြူစင်စေရမယ်လို့''ဖြေလိုက်တာ။
ပညာကို ဘယ်လိုရအောင်ယူမလဲ?
အဲဒီလို ဖြေလိုက်တော့ နောက်ထပ် အာဠဝကကြီးက မေးခွန်းတစ်ခု ထပ်မေးတယ်။ ပညာနဲ့ ဖြူစင်အောင်လုပ်ရတယ်ဆိုတော့ စိတ်ဓာတ်ကို ဒီလို ဖြူစင်စေတတ်တဲ့ပညာမျိုးကို ဘယ်လိုလုပ်ပြီးရအောင် ယူမလဲ?၊ ဒါ မေးခွန်းတစ်ခု။
မြတ်စွာဘုရားက ပညာရတဲ့နည်းကို ဖြေတယ် ''သုဿုသာ လဘတေ ပညံ'' နားလည်ချင်တဲ့စိတ်၊ နားထောင်ချင်တဲ့စိတ်၊ နားထောင်ချင်တဲ့ဆန္ဒရှိရင် ပညာရပါတယ်”။
ကြည့်လေ တရားပွဲလာ တရားနာတယ်ဆို ပညာမရဘူးလား၊ ဒါ-တရားနာချင်တဲ့ စိတ်ကြောင့်မို့ ဒီပညာက ရတာ၊ တရားနာနေတဲ့ အချိန်မှာလည်း ကြိုးစားပြီးတော့ မှတ်မှတ်သားသားနာမယ်ဆိုတဲ့ စိတ်ရှိတဲ့သူက မမှတ်မိဘူးလား?၊ အေးဒါကိုပြောတာ မြတ်စွာဘုရားက ပညာရချင်တယ်ဆိုရင် တတ်ချင်တဲ့စိတ်က အဓိက၊ တတ်ချင်တဲ့စိတ် ရှိရင်တတ်ပြီ။
ရှေးတုန်းက ဆရာတော်ကြီးတစ်ပါးက ပြောလေ့ရှိတယ် လူငယ်တွေကိုတွေ့ရင် ''မင်းစာတတ်ချင် လား?''တဲ့ ''တတ်ချင်ပါတယ်''လို့ပြောတဲ့အခါ ''အေး တတ်ချင်ရင် တတ်ပြီကွာ''လို့ ပြောတယ်၊ ဘာဖြစ်လို့တုန်းဆိုတော့ “တတ်ချင်တဲ့ စိတ်ဟာ ပညာရဲ့မုခ်ဦးပဲ”၊ စာတတ်ဖို့ရန်အတွက် စာတတ်ချင်တဲ့ စိတ်ဟာ အဓိက၊ ဒါကြောင့်မို့ ပညာရဖို့အတွက် ပညာရချင်တဲ့, သင်ချင်တဲ့ စိတ်ဟာ အဓိကမကျဘူးလား?၊ ကျတယ်၊ သင်ချင်တဲ့စိတ် ရှိတဲ့ ပုဂ္ဂိုလ်ကမှ ပညာကိုရအောင်သင်တာတဲ့၊ ဒါကို မြတ်စွာဘုရားက ''သုဿုသာ လဘတေ ပညံ''လို့ ပြောတာ။
ပညာဆိုတာလည်း အဆင့်ဆင့်ပဲ၊ လောကီရှိတယ်, လောကုတ္တရာပညာရှိတယ်၊ သိချင်တဲ့ပညာ တစ်ခုထက်တစ်ခု မြင့်လာတယ်၊ ဝိပဿနာပညာဆိုတာ ဘာလဲ?၊ မဂ်ပညာဆိုတာ ဘာလဲ?၊ သိချင်လာတယ်၊ သိချင်လာလို့ ကြိုးစားတယ်၊ သင်တယ်၊ ကျင့်တယ်၊ ဒါ မြတ်စွာဘုရားက ပညာရခြင်းအကြောင်းကို ဖြေတာ။
ဥစ္စာကို ဘယ်လိုရှာမလဲ?
ဒါဖြင့် လောကီလူတွေဘဝမှာ နေ့စဉ်သုံးဖို့ ပစ္စည်းဥစ္စာ မရှိရင်လည်း မဖြစ်ဘူးတဲ့၊ ဘဝအရေးမှာ နေ့စဉ်သုံးဖို့ စားဖို့အတွက် ပစ္စည်းဥစ္စာက လိုသေးတယ်၊ ခုနကပြောတဲ့ ပစ္စည်းဥစ္စာက သဒ္ဓါဆိုတဲ့ ပစ္စည်းဥစ္စာ အခိုင်မာဆုံးကို ရည်ညွှန်းပြီး ပြောတာ၊ နေ့စဉ်စားဖို့အတွက် ပိုက်ဆံရော မလိုအပ်ဘူးလား?၊ လိုအပ်တယ်။
အဲဒီလို လောကီဓနတွေရဖို့အတွက် ဘာလုပ်ရ မတုန်းဆိုတော့ မြတ်စွာဘုရားက ''ပတိရူပကာရီ ဓုရဝါ၊ ဥဋ္ဌာတာ ဝိန္ဒတေ ဓနံ- ပစ္စည်းဥစ္စာရချင်ရင် ရနိုင်တဲ့နည်းလမ်းကို ကျင့်သုံးတဲ့”၊ ကြိုးစားတဲ့ လုံ့လ ဝီရိယ ရှိရမယ်''တဲ့၊ လုံ့လဝီရိယ ရှိပြီးတော့ တက်တက်ကြွကြွကြိုးစား အားထုတ်တဲ့၊ အားထုတ်လို့ရှိရင် လောက မှာရှိတဲ့ စီးပွားဥစ္စာတွေ၊ တိုးပွားလာနိုင်တယ်၊ ဒါတော့ ဟုတ်တာပဲ။
မြတ်စွာဘုရားပြောတဲ့ အထဲမှာ ''ပတိရူပ ကာရီ'' ဆိုတာပါသေးတယ်၊ အဲဒါ ဘာကိုရည်ညွှန်းတာလဲဆို ပစ္စည်းဥစ္စာ ကြီးပွားခြင်း၊ ရခြင်း၊ တိုးပွားခြင်း အတွက်က ကြိုးစားဆိုတာ ဒါ-အဓိကတစ်ခု၊ အဲဒီ ကြိုးစားဆိုတဲ့ အထဲမှာ ဘာတွေပါတုန်းလို့ဆို သုတ္တန်တစ်ခုမှာ မြတ်စွာဘုရားက “နည်းပညာကျွမ်းကျင်မှု၊ လုပ်ငန်းကျွမ်းကျင်မှု ပါရမယ်၊ ဇွဲကောင်းမှု ပါရမယ်”၊ ဟော-၃-ခု၊ ကြိုးစားတိုင်းလည်း ရချင်မှရမယ်လေ၊ သာမန်ကြိုးစားပြီး နည်းပညာ မပါရင် အောင်မြင်ပါ့မလား?၊ လုပ်ငန်းမကျွမ်းကျင်ရင်ကော အောင်မြင်ပါ့မလား ?၊ မအောင်မြင်ဘူး၊ အဲဒါကြောင့်မို့ ကြိုးစားဆိုတဲ့ အထဲမှာ လုပ်ငန်းကျွမ်းကျင်မှုရယ်၊ ဇွဲကောင်းမှုရယ်၊ နည်းပညာရယ်၊ ခုခေတ်လိုပြောလို့ရှိရင် technology- ဆိုတာ အရေးကြီးတယ်လို့ ပြောတာနော်။ “ဘုရားက လွန်ခဲ့တဲ့နှစ်ပေါင်း -၂၅ဝဝ- ထဲက ပြောခဲ့ပြီးသား” စီးပွားရေး ပညာနဲ့ ပတ်သက်ပြီး ကြိုးစားအားထုတ်လို့ရှိရင် ပစ္စည်း ဥစ္စာရနိုင်တယ်၊ ဟောဒါ တစ်ခု။
အကျော်အစောရှိရန် ဘယ်လိုလုပ်ရမလဲ?
နောက်တစ်ခု သူကဆက်မေးတယ်၊ လောကမှာ ပစ္စည်းဥစ္စာတော့ ရှိပါပြီ၊ အချို့ကျ အကျော်အစော မဲ့တယ် ဂုဏ်သတင်း မရှိဘူးပေါ့၊ လူဆိုတာ ပိုက်ဆံရှိရုံနဲ့တင် မပြီးဘူး ဂုဏ်သတင်းကလည်း မကြီးချင်ဘူးလား?၊ လူကြားထဲမှာ သူကလည်း နာမည်လေးက ထွက်ချင်သေးတာကိုး၊ လူတိုင်းလူတိုင်းမှာ ပိုက်ဆံလေးရှိလာရင် နာမည်လေးက ရချင်တယ်။
ဒါဖြင့် နာမည်ရချင်ရင် ဘာလုပ်ရမတုန်းဆို မြတ်စွာဘုရားဖြေတာ''သစ္စေန ကိတ္တိံ ပပ္ပေါတိ''တဲ့ မှန်ကန်ဖို့လိုတယ်၊ မှန်ကန်ရင် နာမည်ရပါတယ်၊ ဟုတ်ရဲ့လား?၊ ဘာလုပ်လုပ် အမှန်တရားပေါ်မှာ ရပ်တည်ပြီးလုပ်ဖို့ လိုတယ်၊ အရပ်ထဲမှာပဲ ကြည့်လေ ဟောဒီလူက လူမှန် ဆိုပြီး သူ့ကို မလေးစားကြဘူးလား?၊ လေးစားကြတယ်၊ ဒီလူဟာ ဘယ်တော့မှ မဟုတ်တာ မလုပ်ဘူး, မှန်ကန်တယ်, သမာဓိရှိတယ်ဆိုပြီး ဂုဏ်သတင်းက ထွက်လာတာပဲ၊ အဲဒါကြောင့်မို့ ''သစ္စေန ကိတ္တိံ ပပ္ပေါတိ'' လူတစ်ယောက်ဟာ သစ္စာရှိတယ်၊ ကတိတည်တယ်၊ မှန်ကန်တယ်ဆိုရင် ဒီပုဂ္ဂိုလ်ဟာ ကျော်စောလာတာပဲ။
မိတ်ဆွေတွေရချင်ရင် ဘယ်လိုလုပ်ရမလဲ?
ထင်ပေါ်ကျော်ကြားပြီးတော့ အချို့က အပေါင်းအသင်းမိတ်ဆွေများချင်တယ်၊ လူတွေဟာ ပြောကြတယ်လေ ''တစ်ရွာကို တစ်ကျီဆောက်''ဆိုတဲ့၊ အဲဒါ ဂိုဒေါင်တွေ လိုက်ဆောက်ခိုင်းတာမဟုတ်ဘူး”၊ ရွာတိုင်း, နေရာတိုင်းမှာ မိတ်ဆွေတွေရှိရမယ် ပြောတာနော်၊ ဒါဖြင့် မိတ်ဆွေတွေရအောင် ဘယ်လိုလုပ်ရမလဲဆိုရင် မြတ်စွာဘုရားက ဖြေတယ် ''ဒဒံ မိတ္တာနိ ဂန္ထတိ''တဲ့ မိတ်ဆွေတွေ များများရအောင်ကတော့ ပေးပါတဲ့၊ ပေးတဲ့လူက မိတ်ဆွေများများရတယ်၊ ဟုတ်ရဲ့လား?၊ ပေးရမယ်၊ နှမြော နေရင် မိတ်ဆွေမရှိဘူး။
ဒါကြောင့်မို့ ဗမာစကားမှာ အခြွေအရံလို့ ပြောကြတယ်လေ၊ အခြွေအရံဆိုတာ ခြွေနိုင်မှရံတယ်တဲ့၊ ကိုယ်ပေးနိုင်, ကမ်းနိုင်ရင် မိတ်ဆွေတွေ မပေါဘူးလား၊ အဲဒီအဓိပ္ပါယ်ကို ဘုန်းကြီးတို့က အိန္ဒိယတို့, သီဟိုဠ်တို့ နေတုန်းက ပိုသဘောပေါက်သွားတယ်၊ သီဟိုဠ်မှာ နေတုန်းကဆိုရင် ဘုန်းကြီးတို့ကို နိုင်ငံခြားသား ဆိုပြီးတော့ လာလာပြီး မိတ်ဆွေဖွဲ့တယ်၊ မိတ်ဆွေဖွဲ့ပြီး ဟိုဟာလေးတောင်း, ဒီဟာလေးတောင်း တောင်းတတ်တယ်၊ သူတို့ ဝါသနာ၊ ကိုယ်ကပေးရင် မိတ်ဆွေပေါတယ်၊ အဲဒီမှာ။ အော် - မြတ်စွာဘုရားက အိန္ဒိယတို့, သီဟိုဠ်တို့ ကြည့်ပြီး ဒါဟောပုံ ရတယ်လို့၊ ပေးနိုင်လို့ရှိရင် မိတ်ဆွေ အလွန်ပေါတယ်။
ဟိုးရှေးတုန်းက သီဟိုဠ်ကို ဗမာပြည်က အများကြီးလှူခဲ့တယ်၊ အများကြီး ထောက်ပံ့ခဲ့တယ်၊ အဲဒီတုန်းက မြန်မာကို သူတို့က “ဗုရုမာ”လို့ ခေါ်တယ်၊ “ဗုရုမာ”ဆို မသိတဲ့ လူမရှိဘူး၊ အခုနောက်ပိုင်းကျတော့ မြန်မာပြည်က အဆက်အသွယ်ပြတ်သွားတယ်၊ အဆက် အသွယ်ပြတ်သွားပြီး နောက်ဘယ်သူတွေ အဆက်အသွယ်များတုန်းဆို ထိုင်းတွေက အဆက်အသွယ်များလာတယ်၊ ထိုင်းတွေကလှူတယ်, တမ်းတယ်ဆိုတော့ ထိုင်းကိုပဲသိကြတယ်၊ ဗမာကို မသိတော့ဘူး၊ ကြည့်''ဒဒံ မိတ္တာနိ ဂန္ထတိ''ဆိုတာ ဒါကိုပြောတာနော်၊ ပေးနိုင် ကမ်းနိုင်ရင် မိတ်ဆွေတွေရတယ်တဲ့။
နောက်ဆုံးမေးခွန်း
ကဲ ကောင်းပြီဘုရားတဲ့၊ နောက်ဆုံးမေးခွန်းလေးက ဘာလဲဆိုတော့-နောက်ဘဝအရေးနဲ့ ပတ်သက် ပါတယ်၊ ဒီဘဝတော့ ဒီလောက်ဆို လုံလောက်ပြီ၊ မိတ်ဆွေလည်းပေါပြီ၊ အကျော်အစောတွေလည်းရပြီ၊ ပစ္စည်းဥစ္စာတွေလည်း ချမ်းသာနေပြီ၊ ပညာလည်းရပြီဆို မလုံလောက်သေးဘူးလား?၊ လုံလောက်သွားပြီ၊ ဒါပေမဲ့ နောက်ဘဝအရေး စိတ်အေးဖို့ ဘာလိုသေးတုန်းဆိုပြီး မြတ်စွာဘုရားကိုမေးတယ် ''အရှင်ဘုရား နောင်ဘဝမှာ စိတ်အေးဖို့ ဘာတွေလိုတုန်း ဘယ်တရားတွေ ကျင့်သုံးမှ နောက်ဘဝအရေး စိတ်အေးမလဲ?''မေးတော့ မြတ်စွာဘုရားက ''သစ္စံ ဒမ္မော ဓိတိ စာဂေါ''ဆိုပြီး တရား -၄-မျိုးကို ဟောတယ်။
“သစ္စံ”ဆိုတဲ့ အမှန်တရားရှိဖို့ လိုတယ်တဲ့၊ “ဒမ္မော”-ဆိုတဲ့ အသိပညာရှိဖို့ လိုတယ်တဲ့၊ “ဓိတိ”-ဆိုတဲ့ လုံ့လဝီရိယရှိဖို့ လိုတယ်တဲ့၊ “စာဂေါ”-ဆိုတဲ့ စွန့်ကြဲ ပေးကမ်းမှုရှိဖို့ လိုတယ်။
ဆိုလိုတာက ဘဝခရီးအတွက် စိတ်အေးရအောင် လိုအပ်တဲ့အချက်တွေကတော့ မှန်ကန်တာကို ပြောဖို့လိုတယ်၊ ကိုယ့်ဘဝကိုယ့်အကြောင်း, အကောင်းနဲ့အဆိုး, အကြောင်းနဲ့အကျိုးသိတဲ့ပညာ လိုတယ်၊ ကြိုးပမ်း အားထုတ်မှု လုံ့ဝီရိယလိုတယ်၊ စာဂဆိုတဲ့ ကိုယ်တစ်ယောက်တည်း မသုံးစွဲဘဲနဲ့ ကိုယ့်ရှိတဲ့ ပစ္စည်းကို အများနဲ့မျှဝေသုံးစွဲတတ်တဲ့ စွန့်ကြဲမှုဆိုတာ လိုတယ်တဲ့၊ အဲဒီ -၄-မျိုးနဲ့ ပြည့်စုံရင် နောက်ဘဝအရေး စိတ်အေးရ ပါတယ်တဲ့၊ မြတ်စွာဘုရားက အာဠဝကကြီးကို ဟောတာနော်၊ အားလုံးမေးခွန်းပေါင်း -၁၃- ခုနှင့် အဖြေ -၁၃- ခု။
တရားချစ်ခင်သူတော်စင်ပရိသတ်တို့ ဗုဒ္ဓမြတ်စွာက အာဠဝကသုတ္တန်မှာ ဒီအချက်တွေ ဟောထားတယ်၊ ဒီမေးခွန်းတွေရဲ့ အဖြေတွေဟာ ကဿပမြတ်စွာဘုရားဖြေခဲ့တဲ့ အဖြေတွေနဲ့ ဂေါတမမြတ်စွာဘုရား ဖြေခဲ့တဲ့အဖြေတွေဟာ လုံးဝထပ်တူပါပဲ၊ ကဿပမြတ်စွာဘုရား ဖြေခဲ့တဲ့ အဖြေအတိုင်း ဂေါတမမြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က ထပ်ဆင့်ဖြေတယ်၊ ဒီသုတ္တန်ကြီးဟာ ကဿပဘုရားရှင် လက်ထက်က မေးခွန်းတွေကို ဖြေထားတဲ့ သုတ္တန်၊ ဂေါတမဘုရားရှင် လက်ထက်မှာလည်းဖြေထားတဲ့ သုတ္တန်ဆိုတော့ ဘုရားနှစ်ဆူ ဟောထားတဲ့ သုတ္တန်ဖြစ်တယ်၊ ဒီလိုမှတ်ရမယ်။
ဒီအဖြေတွေဟာ ဘဝအရေးစိတ်အေးဖို့ရန်အတွက် ဘုရားနှစ်ဆူဖြေခဲ့တဲ့ အဖြေတွေ၊ အခုပြောခဲ့တဲ့ အချက်အလက်တွေ မိမိတို့သန္တာန်မှာ မရှိသေးလို့ရှိရင် ရှိအောင်ကြိုးစားအားထုတ်ဖို့ လိုအပ်တယ်၊ တရားနာပြီးရင် လိုက်နာကြရမှာ ဒီအချက်တွေကို ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့တဲ့ အခု“အာဠဝကသုတ္တန်”မှာ လာတဲ့အတိုင်း မိမိတို့ကိုယ်တိုင် လိုက်နာကျင့်သုံးကြပြီဆိုရင် လူတိုင်းလူတိုင်းဟာ ဒီဘဝအရေးပဲဖြစ်စေ၊ နောက်ဘဝ အရေးပဲဖြစ်စေ၊ ယ္ခုဘဝ နောက်ဘဝဆိုတဲ့ ဘဝအရေးတွေမှာ စိတ်အေးနေရပါပြီ။
အားလုံးသော တရားချစ်ခင် သူတော်စင်ပရိသတ်တို့သည် ဘဝအရေးစိတ်အေးရလေအောင် ဟောဒီတရားများကို ကျင့်ကြံကြိုးကုတ် အားထုတ်တော် မူနိုင်ကြပါစေကုန်သတည်း။
ပြီးပါပြီ။ဘာမေးလဲဆိုတော့''ကိံသု သာဓုတရံ ရသာနံ” အရသာတွေထဲမှာ အကောင်းဆုံးအရသာက ဘာလဲ?''

သာဓု သာဓု သာဓု

0 comments:
Post a Comment