ဘ၀ချမ်းသာရေးလမ်းစဉ်
အားလုံးပဲမင်္ဂလာပါ.... အခုတစ်လော စာမေးပွဲရက်လေးနီးကပ်လာသည်က တစ်ကြောင်း ၊ ရုံးအလုပ်ကိစ္စလေးတွေ များနေသည်ကတစ်ကြောင်း ၊ အကြောင်းအမျိုမျိုးတို့ကြောင့် စာတွေမရေးအားသေးတဲ့အတွက် အသစ်မတင်နိုင်ဖြစ်နေခဲ့ပါတယ် ...။
နေ့စဉ်လာရောက်ကြတဲ့ ဘလော့ဂါမောင်နှမတွေနဲ့ စာဖတ်သူမောင်နှမများအားလုံးအတွက် အကျိုးရှိစေဖို့ရည်ရွယ်ပြီး ဘာသာရေးဆိုင်ရာလေးတွေ နဲ့ ကျမ ဖတ်မှတ်ထားသမျှလေးတွေကို အချိန်ရသမျှလေးမှာ ပြန်လည်၍ ဝေမျှပေးသွားဖို့ စိတ်ကူးမိပါတယ်...။
စာမေးပွဲကြီးပြီးမှပဲ စာလေးတွေ ကဗျာလေးတွေ နဲ့ နှင်း ရဲ့ စိတ်ကူးထဲက ရောက်တက်ရာရာလေးတွေ ကို အတိုးချပြီး ပြန်ရေးပါ့မယ်လို့ အားလုံးကို အသိပေးရင်း အားလုံးကို ခေတ္တနှုတ်ဆက်ပါတယ်ရှင်...။
ကျေးဇူးတော်ရှင် အဘိဓဇမဟာရဋ္ဌဂုရု တိပိဋ္ဋကဓရ ဓမ္မဘဏ္ဍာဂါရိက
ဘဒန္တ၀ိစိတ္တသာရာဘိဝံသဆရာတော်၏ ဘ၀ချမ်းသာရေးလမ်းစဉ်
၁။ နေ့စဉ်ကောင်းမှုကုသိုလ်တရားများ၌ မမေ့မလျော့စဉ်းစားပါ။
၂။ လူဖြစ်လာလျှင် လူ၏တန်ဖိုးကို သိအောင်ကြိုးစားပါ။
၃။ မည်သူတရားပျက်ပျက် သင်မပျက်ပါစေနဲ့၊ သတိထားပါ။
၎။ သင့်ကို အကြောင်းပြုပြီး သူများစိတ်မဆင်းရဲပါစေနဲ့။
၅။ မိဘကို စားနိုင်တဲ့အခါမှာ ကျွေးပါ၊ သေမှ ငိုမနေပါနဲ့။
၆။ သူများအပြစ်ကို မပြောပါနဲ့၊ ကိုယ့်အပြစ်ကိုသာ ရှုပါ။
၇။ ဗြဟ္မစိုရ်တရားအမြဲပွားများ၍ ကိုယ်တွင်းသီလတရားမြဲပါစေ။
၈။ အလိုက်သိပါ၊ အားနာပါ၊ အရှက်အကြောက်ရှိပါ။
၉။ ကြီးသူကို ရိုသေပါ၊ ရွယ်တူကိုလေးစားပါ၊ ငယ်သူကိုသနားပါ။
၁၀။ မစူးမစမ်းမဆင်ခြင်ပဲမပြောပါနဲ့၊ မလုပ်ပါနဲ့၊ အမြဲသတိထားပါ။
၁၁။ နေရာတိုင်းမှာ စိတ်သဘောကြီးကြီးထားပါ။
၁၂။ နိုင်လိုသူကို အရှုံးပေးက စိတ်နှလုံးအေးမြသည်။
၁၃။ စကားပြောသောအခါ မျှမျှတတပြောဆိုပါ။
၁၄။ မိမိကိုယ်ကို နေ့စဉ်စစ်ဆေးနိုင်မှ ကြီးပွားနိုင်သည်။
၁၅။ မကောင်းတဲ့ အကုသိုလ် စိတ်ရိုင်းစိတ်မိုက်များကို ပယ်ရှားပါ။
၁၆။ သူများကြီးပွားချမ်းသာတာကို မနာလိုမရှုစိမ့် မရှိပါစေနဲ့။
၁၇။ နေရာတိုင်းမှာ ကိုယ်ချင်းစာတရား များများထားပါ။
၁၈။ မိမိကိုယ်ကို ဆုံးမခြင်းက သာလွန်၍ ကောင်းသည်။
၁၉။ မာနကိုနှိမ့်ချ၊ လူ၏ တန်ဖိုးကိုမြှင့်တင်ပါ။
၂၀။ အရာရာမှာ စေတနာသန့်သန့်နှင့် စိတ်ကောင်းတစ်ခုထားပါ။
(မွန်မြတ်သော ၀ိပဿနာတရားကို ရသမျှအချိန်လေးမှာ အားထုတ်ဖြစ်အောင် ကြိုးစားပါ။)
ဆရာတော်ဘုရားကြီး လမ်းညွှန်ဆုံးမတော်မူခဲ့တဲ့ ဘ၀ချမ်းသာရေးလမ်းစဉ်များကို သတိတရားလက်ကိုင်ထား၍ ကျမတို့တက်နိုင်သလောက် အတူတူကြိုးစားအားထုတ်ကြည့်ကြပါစို့....။
အားလုံးပဲ ချမ်းသာခြင်းရဲ့ အတုနဲ့အစစ်ကို ခွဲခြားသိမြင်ပြီး ရခဲလှတဲ့လူ့ဘ၀တိုတိုလေးမှာ ချမ်းသာပျော်ရွှင်စွာနဲ့ ဖြတ်သန်းနိုင်ကြပါစေ... လို့ တောင်းဆုပြုလိုက်ပါတယ်...။
အားလုံးကို ချစ်ခင်လေးစားလျှက်
နှင်းဟေမာ
( 21 Oct 2009 )


0 comments:
Post a Comment