* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, October 22, 2009

မန္တလေး ကျောက်တော်ကြီးဘုရား

မန္တလေးမြို့ရှိ ကျောက်တော်ကြီးဘုရားသည် မင်းတုန်းမင်းတရားကြီး၏ ကောင်းမှုတော်ဖြစ်သည်။ မန္တလေးမြို့ မန္တလေးတောင်ခြေရင်း သုဓမ္မာဇရပ်များအနီးတွင် တည်ရှိသည်။ ကျောက်တော်ကြီးဘုရားမှာ ထက်ဝယ်ဖွဲ့ခွေ နေတော်မူသည့်ရုပ်ပွားတော်ဖြစ်သည်။ မဟာသကျ မာရဇိန်-ဟုဘွဲ့တော်ရှိသည်။ သို့သော် စကျင်တောင်မှရသော ကျောက်ကို အစွဲပြုသဖြင့် ကျောက်တော်ကြီးဘုရား-ဟု လူအများက ခေါ်ဝေါ်သမုတ်ကြသည်။

၁၂၂၆-ခုနှစ် ၀ါခေါင်လ (၁၈၆၄-ခုနှစ် သြဂုတ်) တွင် မန္တလေးမြို့၏ မြောက်ဘက် မိုင် ၂၀-ခန့်ဝေးကွာသော စကျင်တောင်မှ ထိုရုပ်ပွားတော် ထုလုပ်မည့်ကျောက်ကို တူးဖော်ရရှိသည်။ ရှေးဦးစွာ ကျောက်ကို ရုပ်ပွားတော်သဏ္ဌာန် အကြမ်းဆတ် ထုလုပ်သည်။ ထို့နောက် ဖောင်ဖွဲ့ထားသောသမ္ဗန်တော်ကြီး ၂-စင်းပေါ်၌တင်၍ မန္တလေးနေပြည်တော်သို့ ပင့်ဆောင်ကြသည်။ ခရီးစတင်မထွက်မီ မန္တလေးနန်းမြို့ရှိ ရွေးတော်ယူတံခါးတိုင် ကြားရသော အမြောက်သံ ပစ်ဖောက်အချက်ပေးသည်။ ရေလမ်းတလျှောက် သမ္ဗန်တော်တွင် အတီးအမှုတ်၊ အကအခုန်တို့ဖြင့် ပွဲသဘင်ဆင်ယင်ကျင်းပလျက် ပင့်ဆောင်သည်။ မြွေရွာမြစ်ဝသို့ရောက်လျှင် သုဓမ္မာဆရာတော်ကြီးတို့က ခတ်လှေတော်နှင့် ကြိုယူပင့်ဆောင်ကြသည်။

ဝါခေါင်လပြည့်ကျော် ၂-ရက်နေ့ (သြဂုတ်လ ၂-ရက်)တွင် ဖောင်တော်ကို မြနန်းစကြာမီးသင်္ဘောဖြင့်ဆွဲယူ၍ မန္တလေးအနောက်ပြင် အီကင်းရွာဆိပ်သို့ ရောက်သည်အထိ ပင့်ဆောင်ကြသည်။ ထိုမှ ခံကုန်းရွာမြောက်၊ ရွှေတချောင်းမြောင်းကို ချိုး၍ မြောင်းတွင်းသို့ သွင်းဆောင်ခဲ့ကြသည်။ ထို့နောက် ကျောက်တော်ကြီးရုပ်ပွားတော်ကို ဖောင်တော်မှ ကုန်းပေါ်သို့ တင်ကြသည်။ ကုန်းပေါ်သို့ရောက်သော် ရုပ်ပွားတော်ကို စွတ်ဖားပေါ်သို့ တင်ကြသည်။ စွတ်ဖားလမ်းလုပ်၍ တလိမ့်တုံးများခံကာ ကြိုးလွန်များဖြင့် ဆွဲယူကြသည်။ အစုအမှုထမ်းပေါင်း ၁၂၀၀၀-ကျော်တို့ကို အိမ်ရှေ့မင်း (ကနောင်မင်းသားကြီး)၊ ၀န်ကြီး၊ အတွင်းဝန် စသော ပုဂ္ဂိုလ်များက ကြပ်မတ်၍ မန္တလေးတောင်ခြေအရောက် ပင့်ဆောင်ကြသည်။ ထိုနှစ် တန်ဆောင်မုန်းလဆန်း ၂-ရက် (အောက်တိုဘာလ ၃၁-ရက်) နေ့တွင် ပလ္လင်ပေါ်သို့ ရုပ်ပွားတော် ရောက်ရှိလေသည်။

ကျောက်တော်ကြီးရုပ်ပွားတော်ကို ကျောက်ဆတ်ပညာသည်အကျော်တို့က ဆက်လက်၍ အချောထုလုပ်ကြသည်။ မျက်နှာတော်ကို ထုလုပ်စဉ် မင်းတုန်းမင်းကြီး ကိုယ်တော်တိုင် ကြည့်ရှုညွှန်ပြသည်။
၁၂၂၇-ခုနှစ် ကဆုန်လတွင် အလုံးစုံ ထုလုပ်ပြီးမြောက်သည်။ ပြီးမြောက်အောင်မြင်သည့်အခမ်းအနား ကျင်းပရန် ကဆုန်လပြည့်ကျော် ၇-ရက် (၁၈၆၅-ခုနှစ် မေလ ၁၆-ရက်) နေ့တွင် မင်းတုန်းမင်းကြီးသည် မိဖုရားခေါင်ကြီးနှင့်အတူ ဦးဆောင်၍ စစ်မြင်းရထား၊ စစ်အင်္ဂါလေးပါး၊ တပ်ဝန်းအခမ်းအနား အကြီးအကျယ် ဆင်ယင်ကျင်းပတော်မူလျက် ထွက်တော်မူသည်။ မင်းတုန်းမင်းတရားကြီး ကိုယ်တော်တိုင် ကျောက်တော်ကြီးဘုရား၏ မျက်ခုံးတော်၊ မျက်ရေးတော်စသော လက္ခဏာတော်များကို ရွှေစုပ်တော်ကို အသုံးပြု၍ ရွှေမင်ဖြင့်ရေးကာ မျက်နှာတော်ဖွင့်လှစ်သည်။

မဟာသကျမာရဇိန် ကျောက်တော်ကြီးဘုရား၏ အရွယ်ပမာဏမှာ ထက်ဝယ်တော်အပြန့် ၁၂-တောင်၊
အ၀န်း ၂၈-တောင်၊ ၂-မိုက်၊ ၄-သစ်။
ခါးတော်အ၀န်း ၁၀-တောင်၊ ၂-မိုက်၊ ၄-သစ်။
ရင့်ပွင့်တော် ပုခုံးစွန်းဝဲယာ အကျယ် ၈-တောင်၊ အ၀န်း အတောင် ၂၀။
ဦးခေါင်းတော်အ၀န်း ၁၃-တောင်။
စမ္မခဏ်မှ ရောင်လျှံတော်ဖျားအထိ ဉာဏ်တော်အမြင့် ၁၇-တောင်၊ ၁-မိုက်၊ ၄-သစ်။
(၂၆-ပေ၊ ၃-လက်မ)။ ဖြစ်လေသည်။

ထိုကျောက်တော်ကြီး မဟာရံတံတိုင်းအတွင်း ပတ်လည်၌ အုတ်ဂူပြသာဒ် ၈၀-တည်ဆောက်၍ ဧတဒဂ်ရ ရဟန္တာရုပ်ပွားတော် ၈၀-ကို ပူဇော်ထားရှိသည်။ ထိုရုပ်ပွားတော် ၈၀-ကို ရုပ်ပွားတော်မြတ်ရှိရာသို့ အသီးသီးမျက်နှာမူလျက်ရှိအောင် တည်ထားသည်။ မင်းမှူးမတ်တို့က ကျောက်တော်ကြီးဘုရား မဟာရံတံတိုင်းပြင်ပတွင် ဇရပ်ပေါင်း ၃၃-ဆောင်ကို ဆောက်လုပ်လှူဒါန်းကြသည်။ ထိုမဟာရံပြင်တံတိုင်းအတွင်း အရှေ့မြောက်ထောင့်နှင့် အနောက်မြောက်ထောင့်တို့၌ မဇ္ဈိမဒေသ ဗောဓိပင်တော်မှ ပင့်ဆောင်ခဲ့သော ဗောဓိပင်များကို မင်းတုန်းမင်းတရားကြီးကိုယ်တော်တိုင် စိုက်ပျိုးတော်မူထားပေသည်။
အကိုး။ (၁) အနှစ် ၁၀၀-ပြည့် မန္တလေး။
(၂) မြန်မာ့စွယ်စုံကျမ်း အတွဲ ၂။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP