* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, May 2, 2010

ကံလေးမျိုး လေးလီ

၂၀၁၀ ခုနှစ် ဧပြီလ ၂၄ ရက် စနေနေ့ ညနေ ၄ နာရီတွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ဆရာတော် အရှင်သီလာနန္ဒာဘိဝံသ၏ ၂၉-ပတ်မြောက် အဘိဓမ္မာသင်တန်းပို့ချချက်ကို လေ့လာ သင်ယူကြရရာ ရှေးဦးစွာ လောကချမ်းသာဆရာတော်က ၄၅ မိနစ်ခန့် ယခင်သင်ခန်းစာများကို ပြန်လည် ရှင်းပြ သင်ကြားပေးပြီး၊ သင်ကြားမည့် သင်ခန်းစာ မိတ်ဆက်ပေး၏။

+++++

လောကန္တရိတ်ငရဲ

ငရဲကြီး ၈-ထပ်၊ ငရဲငယ် ၁၂၈ သို့မဟုတ် ၁၆၀ တို့ကား မြေကြီးထဲမှာ ရှိ၏။
စကြဝဠာ သုံးခု ဆုံ၍ ဖြစ်ပေါ်လာသော ကွက်လပ်တွင် ရှိသည့် ငရဲကို လောကန္တရိတ်ငရဲဟု ခေါ်၏။
မည်သည့်အခါမှ နေရောင်မရရှိဘဲ ကွက်လပ်ထဲမှာလည်း အလွန်အေးသော ရေများ ရှိ၏။
ဤငရဲ၌ ဖြစ်သော သတ္တဝါတို့မှာ လင်းနို့များကဲ့သို့ နံရံကမ်းပါးများ၌ ကပ်တက်နေကြပြီး တစ်ဦးနှင့်တစ်ဦး တွေ့က ဖက်လုံး သတ်ကြကာ ရေထဲကျလျှင် ကြေမွသွားကြကြောင်း သိရ၏။

+++++

ဘဝတစ်ခု၊ ‘သံ’ ‘ဘွင်’ ‘စု’၊ သုံးခု ထပ်စမြဲ။
‘ဘုံ’ ‘ဇာတ်’ ‘သံ’ ‘သင်’၊ ‘အာ’ငါးအင်၊ ‘သံ’‘ဘွင်’‘စု’ မကွဲ။
(လယ်တီဆရာတော်ဘုရားကြီး)

ဘဝတစ်ခုတွင် ပဋိသန္ဓေ (သံ)၊ ဘဝင် (ဘွင်)၊ စုတိ (စု) စိတ်တို့မှာ ထပ်တူ အတူတူ ဖြစ်၏။

ဘုံ = ကာမာဝစရဘုံ၊ ရူပါဝစရဘုံ၊ အရူပါဝစရဘုံ စသည်။
ဇာတ် = ဝိပါက်ဇာတ်
သံ (သမ္ပယုတ္တဓမ္မ) = ယှဉ်သော စေတသိက်များ
သင် (သင်္ခါရ) = အသင်္ခါရိက၊ သသင်္ခါရိက စသည်။
အာ (အာရုံ) = ‘ကံ’၊ ‘ကမ္မနိမိတ်’၊ ‘ဂတိနိမိတ်’ စသည်။

ဤငါးမျိုးသည် ပဋိသန္ဓေ၊ ဘဝင်၊ စုတိစိတ်တို့၌ မကွဲမပြား အတူတူသာ ဖြစ်ကြ၏။

+++++

ကံအကြောင်း

များသောအားဖြင့် ကံဆိုသည်မှာ ‘အမှု’ ‘အလုပ်’၊ ‘ပြုလုပ်မှုတစ်ခု’ဟု ပြောလေ့ ရှိကြ၏။
တိတိကျကျပြောက ကံဆိုသည်မှာ ကုသိုလ်စိတ် အကုသိုလ်စိတ်နှင့်အတူ တွဲပြီးဖြစ်သော စေ့ဆော်မှုသဘောတရား - စေတနာ ဖြစ်၏။

စေတနာသည် စေတသိက်တစ်ခုဖြစ်ပြီး အခြားသော စေတသိက်များက ဥပါဒ်(ဖြစ်) ဌီ(တည်) ဘင်(ချုပ်)ပြီး ပျောက်သွားသော်လည်း စေတနာစေတသိက်ကမူ အကျိုးပေးနိုင်သော သတ္တိ (ကံ)ကို ချန်ထားရစ်၏။

ဘယ်နားမှာ ချန်ထားရစ်ခဲ့သည် ... ဘယ်နားမှာ ရှိသည်ကိုမူ မိလိန္ဒပဥှာ၌ အရှင်နာဂသေနက အသီးမသီးသေးသော သရက်ပင်၌ အသီးတို့ မည်သည့်နေရာ၌ ရှိသည်ကို မပြနိုင် မပြောနိုင်သကဲ့သို့ ဥပမာပြု၏။

ကံအမျိုးမျိုး ရှိ၏။

(က) ကိစ္စ၏အစွမ်းဖြင့် ကံလေးမျိုး

(၁) ဇနကကံ
အကျိုးဝိပါက်ကို ပဋိသန္ဓေအခါ၌ဖြစ်စေ၊ ပဝတ္တိအခါ၌ဖြစ်စေ အခွင့်သင့်ရာအခါဝယ် မိမိကိုယ်တိုင် ဖြစ်စေနိုင်သော ကံ။

ပဋိသန္ဓေအခါ = ပဋိသန္ဓေစိတ်၏ ဥပါဒ် ဌီ ဘင် ဖြစ်နေဆဲ ကာလ။
ပဝတ္တိအခါ = ပဋိသန္ဓေနောက် ပထမဘဝင်က စပြီး သေသည့်တိုင် ကာလ။
အကျိုးဝိပါက် = ဝိပါက်စိတ်၊ ဝိပါက်စိတ်နှင့်ယှဉ်သော စေတသိက်၊ ကမ္မဇရုပ်၊ ကမ္မဇရုပ်ကတဆင့် ထောက်ပြီးဖြစ်သော ဥတုဇရုပ်။

(၂) ဥပတ္ထမ္ဘကကံ
ကိုယ်တိုင်ကား အကျိုးမပေးနိုင်။ တပါးသောကံ အကျိုးပေးခွင့်ရလေအောင်၊ အကျိုးပေးခွင့် ရနေပြန်လျှင် အကျိုးပေး သန်လေအောင်၊ အကျိုးပေးသည့်အခါမှာလည်း ထိုအကျိုးများ ရှည်ကြာဖွံ့ဖြိုးလေအောင်၊ ကုသိုလ်အရာမှာဖြစ်စေ အကုသိုလ်အရာမှာဖြစ်စေ လျော်စွာ ထောက်မ ကူညီတတ်သော ကံ။

(၃) ဥပပီဠကကံ
တပါးသောကံကို အကျိုးပေးခွင့်မရလေအောင်၊ အခွင့်ရပြန်လျှင် အကျိုးပေး မထက်သန်အောင်၊ ရပြီးသော အကျိုးကိုလည်း မဖွံ့ဖြိုးလေအောင် ကပ်၍ နှိပ်စက်တတ်သော ကံ။

(၄) ဥပဃာတကကံ
နှိပ်စက်ရုံတင်မက တပါးသောကံကို လုံးဝ အကျိုးမပေးနိုင်အောင်၊ ပေးပြီးသော အကျိုးများကိုလည်း ပြတ်သွားအောင် သတ်ဖြတ်တတ်သော ကံ။

+++++

(ခ) အကျိုးပေး အလှည့်အစဉ်အားဖြင့် ကံလေးမျိုး

(၁) ဂရုကကံ
တပါးသောကံတို့ မတားမြစ်နိုင်လောက်အောင် ကြီးလေးသော ကံ။
(ကုသိုလ်အရာ၌ မဟဂ္ဂုတ်ကံများနှင့် အကုသိုလ်အရာ၌ ပဉ္စာနန္တရိယကံများ)

(၂) အာသန္နကံ
သေခါနီး လောလောဆယ်၌ ပြုအပ်သော ကံ၊ သို့မဟုတ် ရှေးက ပြုပြီးသားကို သေခါနီး၌ ထပ်၍ အောက်မေ့အပ် (ဆင်ခြင်နေအပ်)သော ကံ။

(၃) အာစိဏ္ဏကံ
နေ့စဉ်မပြတ် လေ့ကျက်အပ် ပြုအပ်သော ကံ။

(၄) ကဋတ္တာကံ
ဂရုက, အာသန္န, အာစိဏ္ဏကံ အခြေအနေသို့ မရောက်တတ်ဘဲ ဤဘဝ၌ သာမန်ပြုအပ်သောကံများနှင့် ရှေးရှေးဘဝက ပြုအပ်ခဲ့သော ကံများ။

+++++

(ဂ) အကျိုးပေးရာ ကာလနှင့်စပ်၍ ကံလေးမျိုး

(၁) ဒိဋ္ဌဓမ္မဝေဒနီယကံ
မျက်မှောက်ပစ္စုပ္ပန်ဘဝ၌ အကျိုးပေးသော ကံ။ (ပထမဇော စေတနာ)

(၂) ဥပပဇ္ဇဝေဒနီယကံ
နောက်ဒုတိယဘဝ၌ အကျိုးပေးသော ကံ။ (သတ္တမဇော စေတနာ)

(၃) အပရာပရိယဝေဒနီယကံ
တတိယဘဝမှ စ၍ နိဗ္ဗာန်ရသည်တိုင်အောင် အကျိုးပေးသော ကံ။ (အလယ်ဇော ၅-ချက် စေတနာ)

(၄) အဟောသိကံ
အကျိုးလုံးလုံးမပေးသော ကံ။

+++++

(ဃ) အကျိုးပေးရာ ဘုံဌာနနှင့်စပ်၍ ကံလေးမျိုး

(၁) အကုသိုလ်ကံ

(၂) ကာမာဝစရကုသိုလ်ကံ

(၃) ရူပါဝစရကုသိုလ်ကံ

(၄) အရူပါဝစရကုသိုလ်ကံ

+++++

အဘိဓမ္မာသင်တန်းပြီး၍ စနေနေ့ လောကချမ်းသာ ဆည်းဆာတရားပွဲကို တရားခေါင်းစဉ် ရွေးချယ်ရလွန်း၍ ဒုက္ခရောက်နေသော အရှင်ဝိမလက “ဒုက္ခပါပဲ”တရားတော် ဟောကြား ချီးမြှင့် ဓမ္မဒါနပြုကာ ဆယ်မိနစ်မျှ လက်တွေ့ဝိပဿနာရှုမှတ်ကြပြီး ကောင်းမှုကုသိုလ် အမျှပေးဝေကြလေသည်။




သာဓု ... သာဓု ... သာဓု။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP