* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, May 2, 2010

လောကအလင်းရှင်-မွေးမိခင်သို့


ကျွန်မရဲ့ အမေ
ဘဝ ရဲ့ ဖန်ဆင်းရှင်ပါလေ
ကြီးကျယ် တဲ့စွမ်းအင်တရား မိုးဖျားကမြေကြီး
အံ့ချီးဘွယ် အစုံစုံ ၊ ဂုဏ်ပေါင်း အစုစု
အတုမရှိ စကြာဝဠာ၊ ထိုအရာတို့ ထက်သာလွန်သော
မဟာသမုဒ္ဒရာထက် နက်ရှိုင်းသော
မြင်းမိုရ်တောင် ထက်မြင့်မား သော
မဟာပထဝီ မြေကြီး ထက် ထုထည်ကြီးမားသော
စကြာဝဠာထက် ကျယ်ဝန်းသော….အရာ…..
မေတ္တာ တရားရဲ့ သံစဉ်များ
တေးသွား ကိုဆိုညည်းရင်း သမီး အမေ့ကိုတွေ့ခဲ့တယ်။

ကျွန်မရဲ့ အမေ ဟာ
လွတ်မြောက်ရေးနှင်းဆီမဟုတ်။
လွတ်လပ်ခြင်း ဖြင့်ရဲရင့် -
ရှင်သန်ခြင်းဖြင့် ရဲဝံ့-
နေရာင်တို့ဖြင့်ဖူးပွင့်-
သဘာဝ ပန်းတစ်ပွင့် ဖြစ်ပါတယ်။

မြေဖြူကိုင်တဲ့ လက် ၊ ပုခက်လွှဲ လည်း မပျက်ခဲ့ပါ။
ကြက်သွန် ငရုတ်သီး၊ ညည်းညူရန် အကြောင်းမရှိ ကောင်းကောင်းသိလို့ နေခဲ့တယ်။
ဇာထိုး ၊ပန်းထိုး ၊အမျိုးမျိုး လုပ် ၊ အင်္ကျီချုပ် လို့ အစုတ်သက်သာစေခဲ့တယ်။
ဘာသာရေး ၊လူမှုရေး ၊ပညာရေး၊ အရေးစုံစွာ အမေပါခဲ့ ၊
မူနွဲ့ ဒိတ်အောက်၊ နောက်ကျ မကျန်ရစ်ခဲ့ပါ။
ကန့်ကူလက်လှည့် ၊ တပည့်များ ချစ်တဲ့ဆရာမ ၊
ထိုဘဝ နဲ့ မီးဖိုချောင် ၊ လှောင်ပိတ်မွန်းကြပ် ၊
ရပ်တန့်မနေ၊ တာဝန်ကျေသော…ဘဝတောမှ
လောကအလင်းရှင် ဖြစ်ပါတယ်။

အမေထားရစ် ၊ အနှစ်သာရ ၊ သမီးရခဲ့
ဥစ္စာ အမွေ ၊ ပညာအမွေ။
စိတ်ထားအမွေ၊
မာန်အားအမွေ၊
ဉာဏ်အားအမွေ၊
နာမည် အမွေ.. အထွေ ထွေဆပွား ၊ နှလုံးသား မှာ ၊ခြေရာများစွာကျန်ခဲ့တယ်။

အမေ့ ပေးခဲ့တဲ့ အားမာန်…. ရှင်သန်နေဆဲ
အမေပေးတဲ့ သတ္တိ….ကျန်ရှိနေဆဲ
အမေပေးတဲ့ အသိ…ကပ်ညိနေဆဲ
အမေပေးတဲ့ ဘဝအမြင်….စင်ကြယ်နေဆဲ ၊
ဘဝထဲမှ၊ လဲလျှင်ပြန်ထ ၊
သံဝေဂ နဲ့ နှိမ်ချရိုကျိုး ၊
ကျေးဇူးမိုးကို ရှစ်ခိုးကန်တော့လိုက်ပါရစေ။

၂၀၀၃ ခုနှစ် ဧပြီလ - ၂၉ရက်နေ့တွင် ဘဝတစ်ပါးသို့ပြောင်းသွား ကွယ်လွန်ခဲ့သည်မှာ ဒီနေ့ဆိုလျှင် (၇) နှစ် မြောက်ခဲ့ပြီ ဖြစ်တဲ့ ကျွန်မရဲ့ ကျေးဇူးရှင် မိခင်ကြီး (ဒေါ်စောသွင်)ကို ဒီကဗျာ နဲ့ မြတ်နိုးစွာ ပူဇော်ကန်တော့ လိုက်ပါတယ်။

ကျေးဇူးရှင်အမေရေ….၂၀၁၀ခုနှစ် ၊ဧပြီလ ၂၉ မနက်ခင်း ၊ ဓမ္မစင်္ကြာ ရိပ်သာကျောင်းမှာ အာရုဏ်ဆွမ်းကပ်လှူ ခဲ့ပါတယ်။ ကမ္ဘာအေး မဟာဂန္ဓာရုံကျောင်းတိုက်မှ ပိဋကတ် နှစ်ပုံဆောင် ဆရာတော် ဦးပညာဝံသ အားနေ့ဆွမ်း ကပ်လှူ ပြီး အမျှ အတန်း ပေးဝေငှ တာကို ကျေးဇူးရှင် -အမေ ရောက်ရာဋ္ဌာန ၊ ဘုံဘဝမှ ကြားပါသိပါစေသား။
ဝမ်းမြောက် သိမြင် ၊ သာဓုခေါ်ဆို နိုင်ပါစေသား။ ( အမျှ--- အမျှ---- အမျှ)၃။
သာဓု-သာဓု -သာဓု
0 မှတ်ချက်ရေးရန်

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP