* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, May 2, 2010

တိုက်ဆိုင်မှုလေးတွေ

တစ်ခါက ရွာတစ်ရွာတွင် သီတင်းကျွတ်ဆွမ်းကြီးလောင်းလှူပွဲကျင်းပလေသည်။ ရပ်ဝေးရပ်နီးမှ ဆရာတော်များ သည် ထိုရွာကျောင်းသို့ ညရောက်ကြွတော်မူကြသည်။ သံဃာတော်များသည် အပါး(၃၀)ခန့်လောက်ရှိရာ ကျောင်း တစ်ကျောင်းလုံးလည်း ပြည့်လုခမန်းဖြစ်သွားလေသည်။ သံဃာတော်များသည် ကြုံတုန်းကြုံခိုက် ရောက်တတ် ရာရာ အလ္လာပသလ္လာပစကားများကို ပြောကြလေသည်။ ထိုသို့ပြောကြရာတွင် ထိပ်ပြောင်ပြောင် နှင့်ဆရာတော်က
“တပည့်တော်ကတော့ ဘယ်သူနဲ့ စကားပြောပြော ပြတ်ပြတ်ဘဲ ပြောတတ်တယ်၊”ဟု သူ၏ သဘောထားကို သံဃာတော်များကို ပြောပြနေလေသည်။ ထိုရေနွေးဝိုင်းတွင် နခမ်းပြတ်နေသော ဆရာတော်တစ်ပါး ရှိနေလေ သည်။ ထိုဆရာတော်သည် စဥ်းစားလိုက်သည်ကား
“ဒီကိုယ်တော် ငါ့ကို စောင်းပြောနေတာထင်တယ်၊”ဟု ယူဆကာ နခမ်းပြတ်နေသော ဆရာတော်ကလည်း
“တပည့်တော်ကတော့ စကားပြောလျှင် ပြောင်ပြောင်ဘဲ ပြောတတ်တယ်၊ ”ဟု ပြန်လည် လက်စားချေကာ ပြော ကြားလိုက်လေသည်။ ဤတွင် ထိပ်ပြောင်နေသော ဆရာတော်က
“ကိုယ်တော် စကားပြောရင် ကြည့်ပြောပါ၊ တပည့်တော်ကို ရွဲ့သလိုလိုနှင့် မပြောပါနဲ့”ဟု ပြန်ပြောလေရာ နခမ်းပြတ်နေသော ဆရာတော်က
“အရှင်ဘုရားက တပည့်တော်ကို စပြီး စောင်းပြောလို့ တပည့်တော်က ပြန်ပြောတာလေ”ဟု မိန့်တော်မူ လိုက်လေသည်။ ထိပ်ပြောင်နေသော ဆရာတော်က
“တပည့်တော်က ဘာပြောလို့လဲ”ဟု မေးလေသည်။ ထိုအခါ နခမ်းပြတ်နေသော ဆရာတော်က
“အရှင်ဘုရားက တပည့်တော်ကို စောင်းပြီး စကားပြောရင် ပြတ်ပြတ်ဘဲ ပြောတတ်တယ်၊” လို့ ပြောလို့ တပည့်တော်ကလဲ လက်စားချေတဲ့အနေနဲ ပြောင်ပြောင်ဘဲ ပြောတတ်လို့ပြောတာလေ။”ဟု မိန့်တော်မူလေ သည်။ ဤတွင်မှ ထိပ်ပြောင်နေသော ဆရာတော်သည် သဘောပေါက်သွားလေသည်။
“အော် ငါကိုယ်က နခမ်းပြတ်နေသော ဆရာတော်၏ ရှေ့တည့်တည့်မှာမှ စကားပြတ်ပြတ်ဘဲ ပြောတတ်တယ်လို့ ပြောမိတာကိုး၊”ဟု စဉ်းစားမိကာ ထိပ်ပြောင်နေသော ဆရာတော်ကဘဲ
“ဆရာတော်ဘုရား တပည့်တော်က ဆရာတော်ကို ရည်ရွယ်ပြီးပြောတာ မဟုတ်ပါဘူးဘုရား၊ တိုက်ဆိုင်သွား တာကို ခွင့်လွှတ်ပါဘုရား၊”ဟု လျှောက်ထားလိုက်မှပင် နခမ်းပြတ်နေသော ဆရာတော်သည်လည်း သူ့၏ ဒေါသဖြစ်မှု ပြေပျောက်သွားလေသည်။
“အော် သတိထားစရာပါပေတည်း။ စကားပြောရာတွင် ဆင်ခြင်ပြောဘို့ရန် အရေးကြီးလှပေသည်။ တစ်ခါတစ်ရံ ကိုယ်က အဓိပ္ပာယ်တစ်မျိုးဖြင့်ပြောသည်။ နားထောင်ရသူက နားလည်မှုလွဲသွားလျှင် အချင်းချင်း မဖြစ်သင့် သော ပြဿနာမျိုးဖြစ်တတ်လေသည်။ဤအကြောင်းနှင့်ပတ်သက်လာသဖြင့် မိမိ၏ ကိုယ်တွေ့ဖြစ်ရပ်ကလေး တစ်ခုကို ပြောပြလိုပါသည်။
မိမိတို့၏ အဆောင်သည် နိုင်ငံအသီးသီးမှ ကျောင်းသားများနေထိုင်ကြသော အဆောင်ဖြစ်လေရာ ကျောင်းသား ပေါင်းများစွာနှင့် ရင်းနှီးခွင့်ရလေသည်။ အထူးအားဖြင့် မိမိနှင့် အခန်းချင်းကပ်လျှက် ထိုင်းနိုင်ငံမှ ကျောင်းသား လေးတစ်ယောက်နှင့် အလွန်ရင်းနှီးလေသည်။ ထိုကျောင်းသားလေးသည် ညနေခင်းတိုင်း ပိုက်ကျော်ခြင်းခပ် လေ့ရှိသည်။ တစ်နေ့ ညနေခင်း သူသည် ပိုက်ကျော်ခြင်းခပ်ရန်အတွက် ပြင်ဆင်နေစဉ် မိမိက
“Hello! my friend, are you going to play cane-ball for your health? ဟလို သူငယ်ချင်း သင့်ရဲ့ ကျန်းမာရေးအတွက် ခြင်းခပ်တော့မယ်ပေါ့လေ၊?ဟု မေးလေသည်။ ထိုအခါ ထိုင်းကျောင်းသားလေက
“Bhante, why will I have to go to hell? ဘန္တေ ဘာကြောင့် တပည့်တော်က ငရဲကို သွားရမလဲ၊”ဟု ပြန်လေမေးလေသည်။ သူလည်း ဘာမျှဆက်မပြောပေ၊ အဲဒီကဲ့သို့ မေးပြီး ခြင်းဝိုင်းဆီသို့ ဆင်းပြေးသွားလေ သည်။ မိမိသည်ကား
“ဟောဗျ ငါက မေးတာက တစ်ခြား၊ သူက ဖြေတာက တစ်ခြား၊ ဒီကျောင်းသားလေး ဘယ်လိုများ နားလည်သွား ပါလိမ့်၊ ”တစ်ပါးတည်း စဉ်းစားလျှက် ကျန်နေတော့သည်။ နောက်မှ သဘောက်ပေါက်လိုက်သည်။ မိမိက healthဖြင့် မေးသည်ကို သူက hell ဟု အကြားလွဲသွားဟန်ဖြစ်ပေလိမ့်မည်ဟု ကောက်ချက်ချမိလိုက်သည်။ အော် ကြံကြံဖန်ဖန် မှားလည်း မှားတစ်ပါပေ့ ကျောင်းသားလေရယ်၊ သူကဘဲ listening power နည်းလို့လား မိမိ၏ အသံထွက်ကဘဲ ညံ့လို့လား”ဟု ဝေခွဲမရဖြစ်နေပါတော့သည်။ ဤအရာသည်လည်း အကြားလွဲသွားခြင်း နားလည်မှုလွဲသွားခြင်းတို့၏ အကျိုးဆက်ကြောင့် ဖြစ်ရလေသည်။ သတိထားဘွယ်ရာဖြစ်ပါပေ၏။
0 comments

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP