အသက်ထက် အလွန်
Saturday, 01 May 2010 00:45 |
Written by Administrator | PDF | | Print | | E-mail
“လောကမှာတော့ ‘သေရေး ရှင်ရေး’ ဆိုတာ အရေးအကြီးဆုံးကိစ္စတစ်ခုလို့ မှတ်ယူကြတာပေါ့ သာသနာတော်မှာတော့ အသက်ထက် အလွန်အရေးကြီးတဲ့ကိစ္စ ရှိသေးတယ်”
ကြာတော့ကြာခဲ့ပြီ။ မိမိ ရဟန်းဖြစ်စလောက်က ဆိုတော့ လွန်ခဲ့သော နှစ်ပေါင်း(၃၀)ကျော် လောက်ကပေါ့။ ဟိုဟိုဒီဒီ ဘုရားဖူးရယ်လို့ အလွန်သွားခဲလှပေမယ့် အသက်အရွယ်ကြီးမှ ဒီတစ် ခေါက်ပဲ ဘုရားဖူးရောက်လာဖူးတဲ့ ကြီးတော်နဲ့ ဦးလေးတို့က ကိုယ်တိုင်လိုက်ပို့စေချင်တယ်လို့ တောင်းဆိုကြတာရယ်၊ ဦးပဉ္ဇင်း၊ ကိုယ်ရင်များက စာမေးပွဲကြီး နီးကပ်နေတာရယ်ကြောင့် စစ်ကိုင်း တောင်ကို ဘုရားဖူးလိုက်ပို့ဖို့ မငြင်းဆန်သာဘဲ လက်ခံလိုက်ရတယ်။
အမရပူရက စစ်ကိုင်းကို စောစောထသွားပြီး စစ်ကိုင်းတောင်ခြေရောက်မှ ဆွမ်းဆိုင်တစ်ဆိုင်မှာ နံနက်ဆွမ်းကပ်တော့ ဆိုင်ထဲမှာ ဆွမ်းဘုဉ်းပေးနေတဲ့ သက်လတ်ပိုင်းအရွယ် ဆရာတော်တစ်ပါးနဲ့ ဒကာသုံးယောက်တို့ကို တွေ့ရတယ်။ ဆရာတော်က သူတို့ဝိုင်းမှာ တစ်ပေါင်းတည်း ဘုဉ်းပေးဖို့ တိုက် တွန်းဖိတ်ခေါ်လို့ အတူဘုဉ်းပေးကြရာက စကားစပ်မိတော့ ဆရာတော်က ပုသိမ်တစ်ဖက်ကမ်းက ဖြစ်ပြီး ဒကာတော်ကတော့ ပုသိမ်မြို့ပေါ်ကတဲ့။ သူတို့ကလည်း ဒေသမကျွမ်းကြလို့ အတူတူ အဖော် လုပ်ပြီး မိမိကို ဦးဆောင်လမ်းပြအဖြစ် လုပ်ပေးဖို့ ပြောတာနဲ့ တစ်ပေါင်း တည်းသွားဖို့ ၀န်ခံလိုက် တယ်။
ဘယ်ကစပြီး တက်မလဲ၊ အခု တောင်ခြေက စပြီးတက်ရင် လွမ်းစေတီးကို ပထမဆုံးတွေ့ရ မယ်။ ငှက်လှေနဲ့သရက်ပင်ဆိပ်အထိသွားပြီး ဥမင်ကိုးဆယ်ဘက်က စတက်ရင်တော့ အပြန်မှာ လွမ်း စေတီကနေ ဆင်းရမှာ ဖြစ်တယ်ဆိုတဲ့အကြောင်း တိုင်ပင်တော့ ဆရာတော်က “စပြီး ဘုရားဖူးတက် တက်ချင်း လွမ်းရတာ မကောင်းပါဘူး၊ အပြန်ရောက်မှ စစ်ကိုင်းတောင်ကို လွမ်းပြီး ပြန်ခဲ့ကြတာပေါ့၊ တပည့်တော်တို့မှာ တခြား လွမ်းစရာမှ မရှိဘဲ” လို့ ရယ်စရာလိုလို ပြောတာနဲ့ ဥမင်ကိုးဆယ်ဘက်က စတက်တဲ့ ခရီးစဉ်ကို အတည်ပြုလိုက်ပါတယ်။
ပဲစားဂူအလွန် ဥမင်(၃၀)ဘက် တက်ခါနီးမှာတော့ ခရီးတစ်ထောက်အဖြစ် တရုတ်စကားပင် အရိပ် ခပ်ကျဲကျဲအောက်က အုတ်ခုံတန်းမှာ ခဏနားနေကြတုန်း ဟိုတောင်ဘက် ဆွမ်းဦးပုညရှင်ဆီ လောက်က ပြေးလာခဲ့ပုံရတဲ့ ကလေးငယ်တစ်ယောက်လက်ထဲမှာ အမျိုးသမီးငယ်ကိုင်တဲ့ အိတ်ကလေး တစ်ခုကိုင်ပြီး ခပ်ဖြည်းဖြည်း ရောက်လာတယ်။ ကလေးက ဘောင်းဘီခပ်နွမ်းနွမ်း၊ စွပ်ကျယ်လက်ပြတ် ပခုံးတစ်ဖက်ပြဲနဲ့ အနားရောက်တော့ “ဘုန်းဘုန်း ဒီနားအတိုင်း ကင်မရာလွယ်ထားတဲ့ အစ်ကိုကြီးတစ်ယောက် ဘယ်ဘက်ကို သွားတာတွေ့လိုက်သလဲဘုရား”လို့ လျှောက်ထားတယ်။ “လူတွေ သွားတာ လာတာများတော့ တို့လည်း သတိမထားလိုက်မိဘူးကွ။ ဘာဖြစ်လို့တုန်းဆိုတော့
“ဒီမှာ သူတို့အိတ် ဖြစ်မယ်ထယ်တယ်၊ တပည့်တော်တို့ ဆိုင်ရှေ့နားကခုံပေါ်မှာ ထိုင်နေကြရင်း ရှုခင်း တွေ ဓာတ်ပုံရိုက်နေရာက ထွက်သွားကြတာ၊ ဒီအိတ် သူတို့ထိုင်တဲ့ခုံပေါ်မှာ ကျန်နေတာတွေ့လို့ အစ်မက လိုက်ပေးချေ ဆိုတာနဲ့ လိုက်လာခဲ့တာ”တဲ့။
“လူတွေလည်း အများကြီးကွဲ့၊ ကလေးလိုက်နေရင် လမ်းမှာ လွဲချင်လွဲနေမယ်။ ဒီနားကသာ စောင့်နေ ဒီနေရာဟာ ဟိုဘက် ဒီဘက် လမ်းခွဲပဲ။ သူတို့အိမ်ဆိုရင် မေ့ကျန်တာ သတိရတော့ ပြန်လာ ရှာကြမှာပေါ့” ဆိုတော့ ကလေးလည်း အသာခေါင်းညိတ်ပြီး အိတ်ကလေးကို ကိုင်ရင်း ရပ်နေတယ်။ သိပ်မကြာလိုက်ပါဘူး။ “အမျိုးသား အမျိုးသမီး စုံတွဲတစ်တွဲလည်း ခပ်သုတ်သုတ်ပဲ ရောက်လာကြ တယ်။ အမျိုးသမီးက ကလေးလက်ထဲက အိတ်ကို မြင်လိုက်ရင်ပဲ “ဟော ဟိုမှာ ဟိုမှာ အဲဒါ တို့အိတ်” ဆိုပြီး ကလေးလက်ထဲက အိတ်ကို ပြေးယူပါတယ်။ ကလေးကလည်း “အစ်မကြီးတို့ မေ့ကျန်ခဲ့လို့ သားလိုက်ပေးတာပါ” ဆိုပြီး ပေးလိုက်တယ်။ အမျိုးသမီးက အိတ်ကိုဖွင့်ကြည့်ပြီး အထဲ က ပိုက်ဆံများ ထုတ်ရေနေတယ်။ ရာတန်စက္ကူအထပ်တစ်ခုလို့ ခန့်မှန်းကြည့်ရတာ သုံးလေးထောင် ခန့်တော့ ရှိမယ်ထင်တယ်။ ပြီးတော့မှ အမျိုးသမီးက “အဲ တော်သေးရဲ့။ အားလုံးစေ့တယ် မောင်ရေ၊ မိတို့ ခပ်မြန်မြန်လိုက်လာလို့ တော်သေးတယ်”ဆိုပြီး ကလေးငယ်ကို လှည့်မကြည့်တော့ဘဲ ပြန်လည့်သွားပါတော့တယ်။ မိမိတို့အဖွဲ့ဝင်များရော၊ ကလေးငယ်ပါ ပါးစပ်အဟောင်းသားနဲ့ ငေးကျန် ရစ်တယ်။
ခဏနေတော့မှ ပုသိမ်က ဆရာတော်ကြီးက ကလေးငယ်ကို “ဟဲ့ ငါ့တပည့် ဘာငေးနေတာလဲ၊ မင်းတာဝန်ကျေပြီပဲ။ ငေးမနေနဲ့တော့လေ။ ဘုန်းဘုန်းတို့နဲ့ လာစကားပြောဦးကွ။ ငါ့တပည့်က ဘယ်မှာနေလဲ၊။ ဒီတောင်ပေါ်မှာ ဘာလာရောင်းကြသလဲ” ဆိုပြီး အကျိုးအကြောင်း မေးပါတယ်။ ကလေးငယ်က သူတို့အကြောင်းပြောပြဖို့ “သားတို့ကလို့- စလိုက်တော့ ဆရာတော်က တပည့်တော် လို့ ပြောရတယ်။ သားတို့က မပြောရဘူး၊ ဟုတ်ကဲ့ ဆိုတဲ့ နေရာမှာ တင်ပါ လို့ ပြောရတယ်” လို့ ဆုံးမ ပါတယ်။
“တင်ပါ့ တပည့်တော်တို့ ဒီတောင်ခြေမှာပဲ နေပါတယ်။ အဖေက အရင်ကတော့ ရွာထောင်မီး ရထားစက်ရုံမှာ လုပ်တယ်။ ခြေထောက်ခိုက်မိလို့ အလုပ်က ထွက်လိုက်တာ (၂)နှစ်လောက်ရှိပြီ။ အဖေ့အတွက် လျော်ကြေးရတဲ့ ပိုက်ဆံနဲ့ အိမ်ကလေးဝယ်ပြီး နေကြတာ၊ အမေက မြို့ထဲလှည့်ပြီး အကြော်ရောင်းတယ်။ အစ်မက မနှစ်က ရှစ်တန်းကျလို့ ကျောင်းကထွက်ပြီး ဒီတောင်ပေါ်မှာ လက် သုပ်ဆိုင် ဖွင့်ရောင်းတယ်။ သူက မနက်စောစော အစ်မကို ဒီအပေါ်အရောက်ပို့ရင်း တရုတ်စကားဖူး လိုက်ချိုးတယ်။ အားလုံး မွေးချင်းငါးယောက်၇ှိတယ်။ ကလေးက အခု ၅ တန်းတက်ရမယ်။ အငယ်သုံးယောက်က ကျောင်းနေစ(၂)ယောက်၊ အိမ်မှာ နို့ဖြတ်တစ်ယောက်တဲ့။ သူတို့ အသုပ်ဆိုင်က အာလူး ပြုတ်ရယ်၊ ကြာဇံရယ်၊ တရုတ်စကားဖူးပြုတ်ထားတာရယ် သုံးမျိုးရောပြီး သုပ်ရောင်းတာတဲ့။ အခုလို ကျောင်း ပိတ်ချိန်မှာတော့ သူလည်း အစ်မနဲ့အတူ ဆိုင်မှာလိုက်ကူတယ်။ တရုတ်စကားဖူးတွေ လိုက်ချိုးပြီး ကိုယ့်ဆိုင်မှာ လိုသလောက်လည်း သုံးတယ်။ တခြားလိုတဲ့ဆိုင်တွေ ကို လုက်ပေးရင်း သူတို့က မုန့်ဖိုးပေးတယ်။ အဲဒါ စုပြီး ကျောင်းဖွင့်တဲ့အခါ လွယ်အိတ်တစ်လုံး ၀ယ်ရ မယ် ဆိုတာရယ် အကြောင်းစုံ ပြောပြနေပါတယ်။
နောက်ဆုံးမှာ “အစ်မကတော့ လာမည့် ကျောင်းဖွင့်ချိန်ရောက်ရင် ဘောင်းဘီနဲ့ အင်္ကျီအသစ် တစ်စုံလည်း ၀ယ်ပေးမယ်လို့တော့ ပြောတာပဲ။ ဒါပေမယ့် ၀ယ်နိုင်မယ် မထင်ပါဘူး။ အမေနဲ့ အစ်မနှစ်ယောက် တစ်နေကုန်ရောင်းတာမှ တစ်နေ့(၁၀)ကျော်မြတ်တာ၊ အိမ်စားတာက ညမနက်(၇) ကျပ် လောကုန်ပြီး အဖေ့အတွက်ဆေးလည်း ၀ယ်နေရတယ်”လို့ ပြောရင်း စကားအဆုံးသတ် လိုက် ပါတယ်။
ကလေးက သွက်သွက်လက်လက်နှင့် အပြောအဆိုလည်း ယဉ်ကျေးသလို မိသားစုအခက်အခဲ ကိုလည်း အတော်နားလည်နေတဲ့ပုံပဲ။ ဆရာတော်က ဆိုင်နေရာ သေချာမေးပြီး အပြန်ကျရင် တို့လည်း ငါ့တပည့်တို့ဆိုင်မှာ နားဦးမယ်နော်။ အခု ဆက်တိုက်လိုက်ဦးမယ်လို့ နှုတ်ဆက်ပြီး ခရီးဆက်ခဲ့ကြတယ်။
ပြန်အဆင်းမှာ ဆွမ်းဦးပုညရှင်နားရောက်တော့ ကလေးပြောတဲ့ဆိုင်ကို ရှာကြည့်နေတုန်း ကလေးက “ဟိုမှာ ဟိုမှာ အစ်မ၊ သားပြောတဲ့ ဘုန်းဘုန်းတို့အဖွဲ့ဆိုပြီး ပြေားလာကြိုတယ်။ သူတို့ကို လက်ဟန်ုပြပြီး “ဘုရားအရင် ကန်တော့လိုက်ဦးမယ်၊ ပြီးမှ လာမယ်”လို့ အမူအရာနဲ့ပြောတော့ နားလည်တဲ့ပုံနဲ့ ခေါင်းညိတ်ပြ ပါတယ်။
သူတို့ဆိုင်ကလေးက ထင်းရှုးပြားနဲ့ လုပ်ထားတဲ့ စားပွဲခုံရှည်လေးတစ်ခုပေါ်မှာ စဥ့်ရေနွေး ကြမ်းအိုးနှစ်လုံးနဲ့ စဥ့်အကြမ်းပန်းကန်(၁၀)လုံးလောက်ရယ်၊ ဖင်ထိုင်ခုံ ပုပုလေး (၁၀)လုံးလောက် ရယ်နဲ့ တစ်ဖက်ရပ် တဲကလေးပါ။ ဗန်းတစ်ခုထဲမှာ အာလူးပြုတ် ပါးပါးလှီးပြီးသားရယ်၊ ကြာဆံရေ နွေးဖျောထားတာရယ်၊ တရုတ်စကားအဖူးလေးတွေ ပြုတ်ထားတာရယ်ကို တစ်ကန့်စီ ပုံထားပြီး နိုင်လွန်ခြင်ထောင်စလေးနဲ့ အုပ်လို့၊ အနားမှာတော့ ဆီချက်ဘူးတစ်ဘူးနဲ့ ကြက်သွန်နီ၊ ကြက်သွန်ဖြူ လှီးပြီးသားလေးတွေ တစ်ကန့်ကိုလည်း သံပန်းကန်ပြားတစ်ခုနဲ့ ထည့်ပြီး နိုင်လွန်စလေးနဲ့အုပ်လို့။
ကလေးမကလေးက(၁၅)နှစ်လောက် ရှိရော့မယ်။ သစ်သစ်လွင်လွင် မဟုတ်ပေမယ့် သပ်သပ်ရပ်ရပ် ၀တ်ဆင်ထားတယ်။ မျက်နှာကလည်း မွန်မွန်ရည်ရွည် ပြေပြေပြစ်ပြစ်ကလေး။ မိမိ တို့အဖွဲ့ ထိုင်မိကြတဲ့အခါ ပုဆစ်တုပ်ပြီး ဦးချလိုက်သေးတယ်။ ပြီးမှ “ဟဲ့မောင်လေး၊ ဟို အဒေါ်တို့ ဆိုင်မှာ ဘုန်းဘုန်းတို့ ရေနွေးကြမ်း ကပ်ရအောင် ကြွေပန်းကန်နှစ်လုံး သွားငှားချေ”လို့ ခိုင်းလိုက်ပါ တယ်။ ကလေးက ဖင်ပေါ့မယ့်ပုံဆိုတော့ ဆိုင်နီးနားချင်း ကူညီလုပ်ကိုင်းပေးတတ်လို့ ခင်မင်နေကြ ပုံ ဆိုတော့ ဆိုင်နီးနားချင်း ကူညီလုပ်ကိုင်ပေးတတ်လို့ ခင်မင်နေကြပုံရပါတယ်။
ကလေးပြန်လာတဲ့အခါ ကြွေအကြမ်းပန်းကန်(၂)လုံးအပြင် လက်ဖက်ရည်အချို(၂)ခွက်လည်း ပါလာတယ်။ ဘုန်းဘုန်းတို့ကပ်ဖို့ ဆိုလို့ ဆိုင်ကလှူလိုက်တာတဲ့။ မိမိတို့က လက်သုပ် ငါးပွဲမှာပြီး ရေနွေးကြမ်းနဲ့ ဘုဉ်းပေးစားသောက်ကြရင်း ကလေးမကို မိသားစုအကြောင်း ထပ်ပြီး စပ်စုကြည့်မိ သေးတယ်။
ကလေးပြောပြထားတာများအပြင် နောက်ထပ် သိရတာကတော့ အဖေက ခြေထောက်တစ် ဖက် မသန်တော့တဲ့အပြင် ပန်းနာရင်ကျပ်ရောဂါ အခံလည်း ရှိလို့ အက်စမာဂွမ်း မပြတ်ဝယ်ထားရ ကြောင်း ၊ တစ်ခါတစ်လေ ရောဂါဖောက်လာရင် သမဆေးခန်းပြရလို့ အခက်ကြုံရကြောင်း၊ မိသားစု စားဝတ်နေရေးအရ ကျောင်းထွက်လိုက်ကြောင်း၊ လက်သုပ်ရောင်းရတာက တောင်ခြေမှာဆို တစ်ပွဲ ငါးမူးရပြီး တောင်ပေါ်မှာ သုံးမတ်ရကြောင်း၊ လက်ဖက်ရည်တစ်ခွက်နဲ့ ဈေးတူဖြစ်ကြောင်း၊ တစ်နေ့ ငါးကျပ်ကျော်ကျော်လောက်ကျန်လို့ နေ့စား သုံးကျပ်ဆယ့်ငါးပြားနဲ့တော့ သားအမိနှစ်ယောက်လုပ်ခ က အဖေ့အတွက် ဆေးဖိုးဝါးခလေး အပိုရတတ်ကြောင်း၊ မောင်လေးက ဆိုင်မှာ လိုအပ်တဲ့ တရုတ် စကားပွင့်တို့ ဘာတို့ ခူးပြုတ်ပြိးတဲ့အခါ ခုနပန်းကန်သွားငှားတဲ့ ထမင်း၊ လက်ဖက်ရည်ရောင်းတဲ့ ဆိုင်မှာ စားပွဲထိုး ကူညီလုပ်ပေးလို့ နေ့လည်စာ ဆိုင်ကကျွေးပြီး ညနေ အိမ်ပြန်ချိန်မှာ မုန့်ဖိုး တစ်ကျပ်၊ တစ်ကျပ်ခွဲလောက် ပေးတဲ့အတွက် ကျောင်းစရိတ်ရအောင် စုထားပေးပေမယ့် အဖေ့ရောဂါ ရက်ဆက် ဖောက်လာတဲ့အခါမျိုးမှာ သူ့စုငွေလေးတွေ သုံးလိုက်ရကြောင်းများပါပဲ။
အိမ်မိုးရမယ်ဆိုတဲ့အကြောင်းမေးကြည့်တော့ နှီးသက်ကယ်(သက်ငယ်) မိုးရတာက အကုန် အကျ သက်သာပေမယ့် (၂)နှစ်လောက်ပဲ ခံကြောင်း၊ ၀ါးကပ်မိုးရင် ငါးနှစ်ခြောက်နှစ် ခိုင်ပေမယ့် သံဖိုးပါဆိုရင် နှစ်ရာနီးပါးကုန်မှာဆိုတော့ မတတ်နိုင်ခဲ့ကြောင်း၊ ဒီနှစ်တော့ ချွေတာစုပြီး ၀ါးကပ်မိုးမယ် စိတ်ကူးကြောင်းများ ပြောပြပါတယ်။
ကလေးမ စကားဆုံးတဲ့အခါ ဆရာတော်က မောင်နှမနှစ်ယောက်ရဲ့ လိမ္မာရေးခြားရှိပုံကို ခန့်မှန်း မိလို့ထင်ပါတယ်။ တရားစကားလေးတွေနဲ့ ဆုံးမနေတယ်။
အေးကွယ်၊ လူ့လောကမှာတော့ အသက်ရှင်ရေးဆိုတာ အလွန်အရေးကြီးတာပေါ့ကွယ် “သေရေး ရှင်ရေး”လို့ လူတွေ ပြောနေကြတဲ့အတိုင်းပေါ့။ အခု ကလေးတို့ လုပ်ကိုင်ရှာဖွနေကြတာ ဟာလည်း အဓိကကကတော့ အသက်ရှင်ရေးအတွက်ပဲပေါ့။ လူတိုင်းဟာ အသက်ရှင်ဖို့အတွက်သာ ရေးကြီးခွင်ကျယ် ထင်မှတ်နေကြပေမယ့် အသက်ရှင်ရတာဟာ ဘာလုပ်ဖို့လဲဆိုတာ အထိတော့ ဆက်ပြီး မစဉ်းစားတတ်ကြဘူးကွဲ့။ အသက်ရှင်နေရသည့်အခိုက်ကလေးမှာ “ငါ- ငါ “လို့ ပြောဆိုနေ ရတာလေးကိုလည်း အစွဲကြီး စွဲပြီး သာယာနေကြတတ်တယ်။ ပြီးတော့ “ငါ” ချင်း ပြိုင်ဆိုင်ဖို့အတွက် အခြံအရံတွေ၊ စည်းစိမ်ဥစ္စာတွေကို စုဆောင်းရှာဖွေနေကြတော့တယ်။ မောင်နှမနှစ်ယောက်ကတော့ နားလည်လေသလားမသိဘူး။ ငေးပြီး နားထောင်နေကြတယ်။ အတူပါလာတဲ့ ဒကာကြီးတွေကတော့ ခေါင်းတညိတ်ညိတ်နဲ့။ ဆရာတော်က ဆက်ပြောနေတယ်။
တို့မြတ်စွာဘုရားကတော့ အသက်ရှင်ရတာဘာ့အတွက်လဲဆိုတာအထိ စဉ်းစားတာရှိတယ်။ ဟို “၀ိသုဒိမဂ်” ဆိုတာမှာလည်း ဟေားထားတာရှိတယ်။
(၁) ကိုယ်လက်အင်္ဂါကို စောင့်ရှောက်ဖို့ ဥစ္စာ ပစ္စည်းကိုစွန့်ရမယ်။
(၂) အသက်ကို စောင့်ရှောက်ဖို့ ခြေလက်အင်္ဂါကို စွန့်ရမယ်တဲ့။
ကလေးမတို့အဖေမှာ အသက်ကို ထိခိုက်မယ်ဆိုတော့ ခြေတစ်ဖက်ကို ဖြတ်ပစ်လိုက်ရတယ် မဟုတ်လား၊ အဲဒါမျိုးပြောတာပေါ့။ ပြီးတော့
(၃)ကိုယ်ကျင့်တရားကို စောင့်ရှောက်ဖို့ ပစ္စည်း ဥစ္စာ၊ အင်္ဂါခြေလက်၊ ကိုယ်နဲ့အသက်ကိုပါ စွန့်ရမယ်တဲ့ (၀ိသုဒ္ဓိမဂ္ဂ)သီလနိဒ္ဒေသ) အဲဒါကို အစဉ်အတိုင်းအကြောင်းရှာလိုက်တော့--
ပစ္စည်းဥစ္စာဆိုတာ အင်္ဂါခြေလက်ကို စောင့်ရှောက်ဖို့။ အင်္ဂါခြေလက်တွေ ဆိုတာက ကိုယ့် အသက်ကို စောင့်ရှောက်ဖို့။ ကိုယ့်အသက် ဆိုတာက ကိုယ်ကျင့်တရားတွေ၊ ပါရမီကုသိုလ်တွေကို ဆည်းပူး စောင့်ရှောက်ဖို့လို့ ဆိုလိုတာကွဲ့။
အဲဒီတော့ လူဆိုတာ ဘယ်အတွက် အသက်ရှင်နေဖို့ လိုအပ်နေတာလဲဆိုရင် အဲဒီနောက်ဆုံး အချက် အတွက်ပဲ နားလည်လား။ အဲဒါ အသက်ထက် အရေးကြီးတဲ့ တရားပဲကွဲ့။
အခု ငါ့တပည့်များဟာ ဆင်းရဲတယ်ဆိုပေမယ့် မိဘကို လုပ်ကျွေးရမှန်းလည်း သိတယ်။ ကိုယ့်မှာ စားဝတ်နေရေး မပြည့်စုံဘူး။ ဖခင်ကြီးရဲ့ အသက်ကိုလုယူဖို့ ကြိုးစားနေရတဲ့ အချိန်မျိုးမှာပဲ စောစောက ဧည့်သည်တွေမေ့ကျန်ရစ်တဲ့ သူများပစ္စည်းကို ရယူလိုတဲ့ စိတ်ထားမရှိဘူး။ ဥစ္စာရှင်ကို ရှာပြီး လိုက်ပေးတယ်။ ဒါဟာ ဘုရားရှင်ပြောတဲ့ အသက်ထက် အရေးကြီးဆုံး ကိုယ်ကျင့်တရား ပဲကွဲ့။ ငါ့တပည့်များမှာ အဲဒီ အရေးအကြီးဆုံး တကယ့် ရတနာအစစ်ကို ပိုင်ဆိုင်နေကြပြီဖြစ်လို့ နောက်ဆို ဆင်းရဲ ဒုက္ခတွေက ကင်းလွတ်တော့မှာ၊ မိသားစုတွေ အားလုံးလည်း ဒီလိုစိတ်ထားမျိုးတွေ တိုးသည်ထက် တိုးအောင် ကြိုးစားကြနော်” လို့ ပြောပြီး ပါလာတဲ့ ဒကာကြီးကို-
“ကဲ ကျောင်းဒကာ၊ အဲဒီ ဘုန်းကြီး န၀ကမ္မ ထဲက တစ်ရာတန်နှစ်ရွက် ထုတ်လိုက်ပါ” လို့ အမိန့်ပေးလိုက်တယ်။ ပြီးတော့….
“ကလေးတို့ ဒါ ဘုန်းဘုန်းက စေတနာနဲ့ပေးတာ၊ မင်းတို့ရဲ့ လိမ္မာရေးခြားရှိတာနဲ့ ကိုယ်ကျင့် တရားကို ဂုဏ်ပြုတာမို့ မငြင်းဆန်ကြနဲ့ ယူလိုက်။ ပြီးတော့ အိမ် မိုးစရာရှိတာလည်း မိုးပေါ့။ ဟောဒီ ကလေးအတွက် ကျောင်းတက်လွယ်အိပ်နဲ့ အ၀တ်တစ်စုံလည်း ၀ယ်ပေးလိုက်နော်” လို့ ပြောပြောပြီး အတင်းအယူခိုင်းတယ်။ ကလေးမလေးက ငြင်းနေသေးပေမယ့် ဆရာတော်က အကျိုးအကြောင်း ပြောပြပြီး ယူဖို့တိုက်တွန်းတော့မှ လက်ခံတယ်။ ရာတန်စက္ကူလေးတွေကို လှမ်းယူတဲ့ သူ့လက်က လေးတွေကတော့ တုန်တုန်လှုပ်လှုပ်နဲ့။ ဒီရာတန်စက္ကူနှစ်ရွက်ဟာ သူတို့ မိသားစုအတွက်တော့ ပထမဆုံး ရောက်လာတဲ့ ဧည့်သည်တော့ကြီးများ ဖြစ်ပုံရပါတယ်။
အသုပ်ဖိုး ရှင်းမယ်လုပ်တော့ ဇွတ်ငြင်းနေတယ်။ လှူပါရစေတဲ့။ ပါလာတဲ့ ဒကာကြီးက ငါ့တူ ဘောင်းဘီးနဲ့ အင်္ကျီဝယ်ပေါ့ကွာ။ ပိုတော့လည်း မင်းအစ်မနဲ့ ငယ်တဲ့ ကလေးတွေအတွက်လည်း ၀ယ်ချင်တာ ၀ယ်ပေးပေါ့ဆိုပြီး ငါးဆယ်တန်တစ်ရွက် ပေးလိုက်တယ်။ အဲဒီတုန်းကတော့ မလေးရှားကလာတယ်ဆိုတဲ့ လုံချည် ပွင့်ရိုက်ကလေးတွေ တစ်ထည်မှ ပ-ပ-က ဆိုင်မှာ သုံးကျပ်ခွဲပဲ ပေးရတာဆိုတော့ ဒီငွေပမာဏဟာ သူတို့မိသားစု အတွက် လတ်တလော အခက်အခဲအားလုံးကို ဖြေရှင်း နိုင်လောက်ပါတယ်။ ကလေးများကို ကြည့်ရတာ မယုံကြည်နိုင်လောက်အောင် အံ့သြနေကြ ပုံပဲ။
“ကဲ ပြန်ကြတော့မယ်” လို့ နှုတ်ဆက်လိုက်တဲ့အခါမှာတော့ ကလေးနှစ်ယောက်လုံး ဘုန်းကြီးနှစ်ပါးကိုကော ပါလာတဲ့ ဒကာ၊ ဒကာကြီးတွေကိုရော ပုဆစ်တုပ်ပြီး ဥိးချကန်တော့နေရင်း ပါးစပ်ကလည်း “ဘုန်းဘုန်းတို့ ကျန်းမာကြပါစေ၊ ဦးဦးတို့ ဒေါ်ဒေါ်တို့ ကျန်းမာကြပါစေနဲ့” ဆုတောင်း ကြလို့ နောက်ဆုံးအကြိမ် ဦးချပြီးချိန်မှာတော့ ကလေးမလေးက သူ့မျက်နှာကို လက်ပေါ်က မခွာတော့ဘူး။ ကိုယ်လုံးလေး သိမ့်ခနဲ မသိမသာ တစ်ချက် လှုပ်လိုက်တာလည်း တွေ့လိုက်ရတယ်။
မိမိတို့ ပြန်လာလို့ ခပ်လှမ်းလှမ်းကနေ ပြန်ကြည့်လိုက်တော့ မောင်နှမနှစ်ယောက်လုံး လက်အုပ်ကလေးတွေချီပြီး မျှော်ငေးကြည့်နေကြတုန်း။ ပါးစပ်ကလေးတွေ ကလည်း လှုပ်စိ လှုပ်စိ နဲ့။ လွမ်းစေတီကဆင်းကာနီးမှာ အားလုံးပဲနောက်ကို ပြန်လှည့်ကြည့်မိကြသေးတယ်။ ပုသိမ်က ဆရာတော်ရဲ့ မျက်နှာမှာတော့ စစ်ကိုင်းတောင်ပေါ်မှာ လွမ်းစရာတစ်ခုခု ကျန်ရစ်ခဲ့သလိုလို မျက်မှောင့်ခပ်ညှိညှိ။
ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)

0 comments:
Post a Comment