အမှန်ကိုမြင်နိုင်ပါစေ
ဟဲ့ ကောင်လေး.. မပြောကောင်းပြောကောင်း လျောက်ပြောနေတယ်.. လွဲပါစေ ပယ်ပါစေ.. နောက် မပြောနဲ့နော် တဲ့။ အမြဲတမ်းကြားမိတဲ့ စကားလေးပါပဲ။ သေကြောင်း ကြေကြောင်းတွေ မပြောစမ်းပါနဲ့.. နိမိတ်မရှိ နမာမရှိနဲ့.. လျောက်လျောက်ပြောနေတယ်ဆိုပဲ။ အော်.. စဉ်းစားမိပါရဲ့။ အမှန်ကို မမြင်နိုင်.. အမှန်ကို မသိချင်နဲ့ အားလုံးကို မမြင်ချင်မကြားချင်နဲ့ မျက်နှာလွှဲနေကြပါလားပေါ့။ ဘာသာခြားသူငယ်ချင်းတစ်ယောက်က ပြောလိုက်တဲ့ စကားလေးကိုလည်း နားထဲကကြားယောင်မိပါသေးတယ်.. ကိုးကွယ်ရာဘာသာတွေ အမျိုးမျိုးရှိတဲ့ အထဲမှာလည်း မင်းတို့ဗုဒ္ဓဘာသာကပဲ တခါလာလည်း အို၊ နာ၊ သေ.. တခါလာလည်း အို၊ နာ၊ သေနဲ့ တော်တော် အဆိုးမြင်တဲ့ဘာသာပဲ.. လူ့ဘ၀ကြီးရလာတာ ပျော်ပျော်ပါးပါးနဲ့ ချမ်းချမ်းသာသာနေသွားရင် ဘယ်လောက်ကောင်းမလဲ.. မဟုတ်ဘူးလားလို့ မေးလိုက်တဲ့ စကားလေးပါပဲ။ သေခြင်းတရားကိုဆင်ခြင် ဆင်ခြင်နဲ့ သေခြင်းတရားကိုဆင်ခြင်နေရင် ဘာမှလုပ်ချင်ကိုင်ချင်စိတ် ရှိမှာလည်း မဟုတ်တော့ဘူးတဲ့။ မင်းတို့ဘာသာက တော်တော် အဆိုးမြင်တဲ့ဘာသာပဲကွာတဲ့။ သူ့ကိုကြည့်ပြီး ပြုံးမိပါသေးတယ်။ သူပြောတဲ့ စကားလေးတွေ ကြားရတာ အပေါ်ယံကြည့်ရင်တော့ ဟုတ်သလိုလိုပဲနော်။ ကိုယ့်ကိုယ်ကိုလည်း မေးခွန်းလေး ထုတ်မိပါတယ်.. သူပြောသလိုဆို တို့ဗုဒ္ဓဘာသာက အဆိုးမြင်တာလား။
သူပြောတဲ့စကားလေး စဉ်းစားမိရင်း… ဆရာတော်တစ်ပါး ဟောကြားသွားတဲ့ တရားစကားလေး သတိရမိပါတယ်။ “ဗုဒ္ဓဘာသာကို ဘာသာအမျိုးမျိုးမှ ကိုးကွယ်နေတဲ့လူအမျိုးမျိုးတွေက အဓိပ္ပါယ်အမျိုးမျိုး သတ်မှတ်ကြတယ်။ အချို့က အဆိုးမြင်ဝါဒလို့ သတ်မှတ်ကြသလို.. အချို့ကျလည်း အကောင်းမြင်ဝါဒလို့ သတ်မှတ်ကြတယ်.. တို့ဗုဒ္ဓဘာသာဟာ အဆိုးကိုလည်း မြင်တာမဟုတ်သလို.. အကောင်းကိုလည်း ရွေးပြောပေးတဲ့ ဘသာမဟုတ်ဘူး.. အမှန်မြင်ပြီး အမှန်ပြင်ပေးတဲ့ ဘာသာပါ” တဲ့။ ဆရာတော် ပြောသွားတဲ့ စကားလေးက အင်မတန်ရှင်းပြီး လိုရင်းကို ရောက်စေပါတယ်။ ဘုရားရှင်ကိုယ်တော်မြတ်ကြီး လောကအလယ်ပွင့်ထွန်းတော် မူလာတယ်ဆိုတဲ့ ရည်ရွယ်ချက်ဟာလည်း အ၀ိဇ္ဇာအမှောင်ထဲမှာ အကန်းဘ၀နဲ့ မသိပျော်ပျော်နေကြတဲ့ သတ္တ၀ါအားလုံးကို ဥာဏ်မျက်စိဖြစ်တဲ့ ၀ိဇ္ဇာမျက်လုံးနဲ့ အလင်းရောင်အမှန်တရားကို သိရှိနိုင်အောင်အတွက် ပွင့်ထွန်းပေါ်ပေါက်လာခဲ့တာပါပဲ။ အမှန်တရားကို လက်ခံနိုင်အောင် အမှန်တရားကို နားလည်သဘောပေါက်နိုင်အောင် ဥာဏ်မျက်စိ အလင်းရောင်တွေ လာရောက်ဖွင့်ပေးတယ်ဆိုရင်လည်း မမှားနိုင်ပါဘူး။
တလောကလုံးက ခိုင်တယ်၊ မြဲတယ် အတ္တလို့ထင်နေတဲ့အရာတွေကို အနတ္တပါလို့ တပါးထဲ ကျွေးကြော်ခဲ့တဲ့ လွန်ခဲ့သော နှစ်ပေါင်း(၂၅၀၀)ကျော်က ဘုရားရှင်ပွင့်ထွန်းတော်မူခဲ့တဲ့ အချိန်အခါကို မျက်စိထဲမှာ မှန်းမျှော်ကြည့်မိပါတယ်။ ဘုရားရှင် ကိုယ်တော်မြတ်ကြီး စတင်လုပ်ဆောင်ခဲ့တဲ့အရာဟာ ဘယ်လောက်ခက်ခဲတဲ့ အရာပါလဲနော်။ လူဆယ်ယောက်ရှိတဲ့အထဲမှာ ကျန်တဲ့ကိုးယောက်ကမှားနေပြီး တစ်ယောက်ထဲက အမှန်ကိုထောက်ပြနေမယ်ဆိုရင် မှားနေတဲ့လူတွေက အမှန်ပြောတဲ့လူကို ၀ိုင်းဟားချင် ဟားကြပါလိမ့်မယ်.. အရူးလို့လည်း ပြောချင်ပြောကြပါလိမ့်မယ်။ အမှန်တရားကို အမှားလို့ အများစုကထင်နေတော့ အမှန်ပြောတဲ့သူကပင် အမှားဖြစ်သွားတတ်ပါတယ်။ သူတို့ကိုယ်တိုင်လည်း မသိနားမလည်တဲ့အတွက် အမှားနဲ့ထိတွေ့ပါများလာတဲ့အခါ.. အမှန်တရားပျောက်ပြီး အမှားဘက်ကို ရောက်သွားကြတာပါ။ ကိုယ်ကဘယ်လောက်ကြီးပဲ အမှန်ကို အမှန်ပါလို့ပြောနေနေ အမှန်တရားကို လက်ခံနိုင်တဲ့ နားလည်နိုင်တဲ့ ဥာဏ်မျက်စိ မရှိရင်လည်း မမြင်နိုင်ပါဘူး။ အမှန်တရားနဲ့ ဝေးပြီးရင်း ဝေးကွာနေအုံးမှာပါ။
ဘုရားရှင်ကိုယ်တော်မြတ်ကြီး ပွင့်ထွန်းတော်မူလာခဲ့တဲ့ ရည်ရွယ်ချက်ဟာ ဗုဒ္ဓဘာသာဝင်လူဦးရေတွေ များသထက်များလာဖို့ ပွင့်ထွန်းတော် မူခဲ့တာမဟုတ်သလို.. ဗုဒ္ဓရဲ့ဝါဒတွေကို မှားမှားမှန်မှန် လက်ခံရမယ်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ လောကကြီးအပေါ်ကို အမှားတွေနဲ့ စတင်ခဲ့တာ မဟုတ်ပါဘူး။ စလှမ်းခဲ့တဲ့ခြေလှမ်းတွေကိုက အမှန်တရားကို သတ္တ၀ါတွေသိရှိစေဖို့ဆိုပြီး စတင်လှမ်းလာခဲ့တာပါ။ သူတို့ပြောပြောနေတဲ့ အို၊ နာ၊ သေတွေပဲကြားနေရတာဟာ အဆိုးမြင်တာဆိုရင် ဘယ်ဟာတွေက အကောင်းကိုမြင်တာလဲ.. မအို၊ မနာ၊ မသေတာက အကောင်းကို မြင်တာပဲလို့ တွေးရတော့မှာပေါ့။ ဒါဆိုရင် ဘုရားရှင်ဟောကြားခဲ့တဲ့ မအို၊ မနာ၊ မသေရာကို ရောက်စေနိုင်တဲ့နည်းလမ်းအကျင့်တွေဟာ အကောင်းကိုမြင်ပြီး အမြင်ကိုမှန်စေတဲ့အကျင့်တွေပဲဆိုတာ သူတို့ပြောလိုက်တဲ့ စကားနဲ့တင် သူတို့ကိုယ်တိုင် နှလုံးသွင်းလက်ခံသင့်ပါပေတယ်။ အမြဲတမ်း အိုနေ နာနေ သေနေတယ်ဆိုတာ ကိုယ့်မျက်စိရှေ့မှာလည်း မျက်ဝါးထင်ထင်ပြနေသလို ဆင်းရဲခြင်းအမှန်ဆိုတာလည်း သိနေတယ်.. ဒါကို လက်မခံနိုင်ဖူးဆိုရင်တော့ဖြင့်.. ဆရာတော်အရှင်ဇ၀န ဆုံးမသလိုပါပဲ.. “ရန်သူသူဝိုင်းခံရသူသည် ထွက်ပေါက်သိလျှက်နဲ့ မထွက်သော်၊ ကံပါရမီချဖွယ်မလို၊ အညစ်အကြေးလူးသူသည် ရေစင်ရှိလျှက်မဆေးသော် ရေ၌အပြစ်ဆိုဖွယ်ရာမလို၊ ရောဂါရှိသူသည် ဆေးရှိလျှက် ဆေးမမှီဝဲသော် ဆေး၏အပြစ်ဟု ဆိုဖွယ်ရာမလို” ဆိုတဲ့ ဆုံးမစကားလေးအတိုင်းပါပဲ။
နောက်တစ်ခုကတော့ သေခြင်းတရားနဲ့ပတ်သက်ရင် မပြောကောင်းဘူးလို့ထင်ကြတဲ့ အတွေးတွေပါ။ ဘာသာအမျိုးမျိုး ကိုးကွယ်မှုတွေအမျိုးမျိုးရှိတဲ့အတွက် အယူအဆအမျိုးမျိုးလည်း ရှိကြပါတယ်။ ဒါပေမယ့် အမှန်တရားကိုတော့ ဘယ်ဘာသာမဆို ဘယ်လူမျိုးမဆို လက်ခံနိုင်ဖို့အတွက်တော့ လိုအပ်သင့်ပါတယ်။ ဗုဒ္ဓဘာသာမှမဟုတ်ပါဘူး.. တခြားဘာသာဝင်တစ်ယောက်က အမှန်ကို ပြောနေတယ်.. မှန်လည်းမှန်နေတယ်ဆို လက်ခံရမှာပါပဲ။ အမှန်တကယ်ရှိနေတဲ့.. အမှန်တကယ်နှလုံးသွင်းသင့်တဲ့ သေခြင်းတရားကို ဆင်ခြင်ခြင်းဟာ အင်မတန် မှန်ကန်တဲ့ဆုံးမစကားပါပဲ။ သေခြင်းတရားကို ဆင်ခြင်တဲ့အတွက်.. အော်.. ငါလည်းတနေ့သေရမှာ သူလည်းတနေ့သေရမှာပဲ.. သူ့အပေါ်မှာ ဒေါသတွေထွက်နေလို့ ဘာထူးမှာလဲ.. သူ့ကိုအညှိုးတွေထားနေလို့ ဘာထူးမှာလဲ.. သူတစ်ပါးဆီက မတော်မတရားတွေယူနေလို့ရော ဘာတွေထူးလာအုံးမှာလဲ.. သေရင်လည်း ကိုယ့်နောက်ပါသွားတာမှ မဟုတ်တာဆိုတဲ့ အသိတွေဟာ သေခြင်းတရားကို ခဏတာဆင်ခြင်လိုက်တဲ့သူအတွက် ကုသိုလ်တရားတွေ တိုးပွားသွားရတာ မဟုတ်ပါလား။
ဒါမှမဟုတ်.. သေခြင်းတရားကိုမှ မဆင်ခြင်မိရင် ငါ့အတွက် ငါရမှဖြစ်မယ်.. ငါ့အကျိုးအတွက်၊ ငါ့မာနအတွက် ငါ့လောဘအတွက် ငါကောင်းစားဖို့ဆိုရင်တော့ဖြင့် မိမိရဲ့ရင်ထဲမှာလည်းပူသလို.. တပါးသူရဲ့ရင်ထဲမှာပါ ပူလောင်စေပါတယ်။ ဒါဟာ ဘုရားရှင်ကိုယ်တော်မြတ်ကြီးဆုံးမထားတဲ့ သေခြင်းတရားကိုဆင်ခြင်ခြင်းဟာ မင်္ဂလာအရှိဆုံးပဲဆိုတဲ့ အဓိပ္ပါယ်အနည်းအကျဉ်းလောက်ကို မြင်သာအောင် ထုတ်ပြပေးလိုက်တာပါ.. ဖြန့်တွေးနိုင်ရင် တွေးနိုင်သလောက် မင်္ဂလာတရားနဲ့ပြည့်စုံပါပေတယ်။ သေခြင်းတရားကို များများဆင်ခြင်နိုင်လေလေ.. ကိုယ့်ရဲ့ရင်ထဲမှာ လောဘ၊ ဒေါသ၊ မောဟဆိုတဲ့ ကိလေသာအပူမီးတွေ ငြိမ်းလေလေပါပဲ။ အမှန်တကယ်အားဖြင့်တော့ အမှန်တရားကို မြင်နိုင်တဲ့ လက်ခံနိုင်တဲ့ ဥာဏ်ပညာရှိလေလေ.. ကိုယ့်ရဲ့ရင်ထဲမှာ ကိလေသာမီးတွေ ငြိမ်းလေလေပါပဲ။ အမှန်တရားကို မမြင်နိုင်သ၍တော့ အမှားတွေကိုသာ အမှန်ထင်နေကြရအုံးမှာဖြစ်သလို.. အမှားသံသရာထဲမှာလည်း အမှားတွေ ထပ်မံကျူးလွန်နေကြအုံးမှာပါ။ ဘုရားရှင်ကိုယ်တော်မြတ်ကြီးဆုံးမခဲ့တဲ့ ဓမ္မဆိုတဲ့.. အမြဲတမ်းမဖောက်မပြန် မှန်ကန်တဲ့အသိတရားတွေကို မှန်ကန်တဲ့အမြင်တွေနဲ့ အမှန်ကိုမြင်နိုင်ပြီး အမြင်တွေ မှန်ကြပါစေလို့ ဆန္ဒပြုရင်း…။

0 comments:
Post a Comment