* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, April 2, 2010

meditation ဆိုရာဝယ်

ကောင်းကင်ကိုရေးတဲ့ ကဗျာတစ်ပုဒ်မှာ "Meditation တွေမှာတောင်… side effect တွေ ရှိသေးသလား?" ဆိုတဲ့ ဝေါဟာရကို သတိထားမိတယ်။ ဆေးပညာသုတေသီတွေက meditation ရဲ့ side effect အနေနဲ့ anxiety တို့ panic attack တို့ကနေ depression တို့ ဘာတို့အထိ သုတေသနလုပ်မိသမျှ ချရေးထားတဲ့ ဆောင်းပါးတွေရှိတယ်။ သူတို့ထဲမှာလည်း meditation ကို နှစ်ပေါင်းများစွာ လုပ်လာသူတွေ ပါမှာပဲ။ သူတို့တွေရဲ့ ဆောင်းပါးတွေထဲမှာတော့ ဘယ်နည်းစနစ်က ဘယ်လိုဖြစ်သလဲ ဘယ်ဆရာပြတဲ့တရားကို အားထုတ်မိပြီး ဘယ်လိုဖြစ်သလဲ စတာတွေအထိ အသေးစိတ်မရေးသားနိုင်ဘူး။

ဒါပေမဲ့ ဒါကရှင်းပါတယ်။ မြတ်ဗုဒ္ဓဟောကြားတာ မဟုတ်တဲ့ တရားထိုင်နည်းတွေ၊ အလိုဆိုးကြောင့် နည်းဆန်းထွင်တဲ့ ဆရာဆန်းတွေရဲ့ လောဘ၊ ဒေါသ၊ မောဟ တွေကြောင့်တော့ တရားထိုင်သူတွေဟာ သူတို့ရေးသားသလို ဖြစ်မယ်ဆိုရင် ဖြစ်နိုင်တယ်။ ထေရ၀ါဒ ဗုဒ္ဓဘာသာစစ်မှန်ရင်တော့ ဒီလိုဖြစ်တာတွေ ရှိမှာမဟုတ်ဘူး။ မြတ်စွာဘုရားက သုတ်ကိုလည်း ဟောတယ်။ ၀ိနည်းကိုလည်း ဟောတယ်။ အဘိဓမ္မာကိုလည်း ဟောတယ်။ ဒါနကိုလည်း ဟောတယ်၊ သီလကိုလည်းဟောတယ်။ ဘာဝနာကိုလည်း ဟောတယ်။ သမထဘာဝနာကို လည်းဟောတယ်။ ၀ိပဿနာဘာဝနာကိုလည်း ဟောတယ်။ တရားတော်တွေအားလုံးဟာ ချင့်ချိန်ညှိနှိုင်းနိုင်ဖို့ ဟောကြားထားခဲ့တာပဲ။ ကျမ်းကိုသိပေမဲ့ ကိုယ်သိတဲ့တစ်ပိုင်း တစ်စိတ်လောက်ကို လိုသလိုချဲ့ထွင်ပြီး ဟောဖို့ မဖြစ်နိုင်ဘူး။ အဲဒီလိုဟောမယ်ဆိုရင် အကုန်လွဲချော်ပြီး ကိုယ်အလိုရှိတဲ့ လာဘ်လာဘကိုတောင် ဘုရားဟောတဲ့စကားတော်ထဲက ထုတ်နုတ်ပြီး တောင်းဆိုဖို့ ဖြစ်ကောင်း ဖြစ်နိုင်သွားမှာပဲ။ အဲဒီလိုလုပ်တာမျိုးကိုတော့ မြတ်စွာဘုရားအား စွပ်စွဲတယ်လို့ ဝေဖန်ကြရတယ်။

ဒါကြောင့် အာစရိယဖြစ်တဲ့ သံဃာတော်အရှင်မြတ်များက တပည့်များကို သြ၀ါဒပေးတဲ့အခါ ကျမ်းသိရုံနဲ့ လိုသလိုချဲ့ထွင် ဟောပြောတာကို အားမပေးဘူး။ ကျမ်းအမျိုးမျိုးကို ညှိနှိုင်းပြီး ဟောကြားကြဖို့ တပည့်များကို သင်ကြားလေ့ရှိတယ်။ အဲဒီကနေ အခြေခံပြီး ကျမ်းသိလျက် ကျမ်းညှိခက်လို့ မိန့်ဆိုကြတာကို ကျွန်တော်တို့ ကြားသိရလေ့ရှိတာပဲ။

ဥပမာအားဖြင့် ထေရ၀ါဒ ဗုဒ္ဓဘာသာက သံဃာနဲ့ လူပညာရှိ တရားဟော ဓမ္မကထိကတွေဟာ မြတ်စွာဘုရားရဲ့ သဗ္ဗညုတဥာဏ်ကို ကျော်ပြီး မဟောကြဘူး။ ဟောစဉ်အတိုင်းလည်း ဟောကြမယ်။ ပါဠိတော် အနှစ်သာရကို ထုတ်ပြ ရွတ်ပြပြီး အဋ္ဌကထာ ဋီကာတွေ အာစရိယောဝါဒတွေနဲ့ ညှိပြီး အကျယ်ဖွင့်ဆို ဟောကြားကြမယ်။ ကိုယ်ထင်တာလေး ကိုယ့်အာဘော်လေး ထည့်ပြောချင်ရင်တောင် မိမိအာဘော်ပါလို့ ရိုးရိုးသားသား ၀န်ခံပြီး ဟောပြောကြတယ်။ သုတ်တော်က အနက်ကိုလိုအပ်မယ်ဆိုရင် ၀ိနည်း အဘိဓမ္မာများကအနက်နဲ့ ညီညွတ်အောင် ဖွင့်ဆိုပြသကြမယ်။ သစ္စာလေးပါးက မလွတ်အောင် ဟောကြမယ်။ မြတ်စွာဘုရားမဟောတဲ့ တရားတော်တွေကို မြတ်စွာဘုရား ဟောသယောင်ယောင် မလိမ်လည်မလှည့်ဖျားကြဘူး။

တရားပြတဲ့ သံဃာနဲ့ လူဝတ်ကမ္မဋ္ဌာနာစရိယတွေဟာလည်း မြတ်စွာဘုရားရဲ့ သဗ္ဗညုတဥာဏ်ကို ကျော်ပြီး တရားမပြကြဘူး။ မဟာသတိပဋ္ဌာနသုတ်တို့ ၀ိသုဒ္ဓိမဂ်တို့ကို အတိုင်အတည်ထားပြီး တရားပြကြမယ်။ လာဘ်လာဘ၊ ကျော်စောမှုတို့ကို အလိုရှိလို့ ဟောပြောတဲ့ အလိုဆိုးမျိုး မထားကြဘူး။ ဖြောင့်မတ်ခြင်း လွန်စွာဖြောင့်မတ်ခြင်းဆိုတဲ့ စိတ်အရည်အသွေးနဲ့အတူ ကြီးမားတဲ့ အသိဥာဏ်တွေ စိတ်စွမ်းအင်တွေ ရှိကြမယ်။ ယောဂီရဲ့ စရိုက်ကို ခန့်မှန်းနိုင်ပြီး သင့်လျော်တဲ့ ကမ္မဋ္ဌာန်းကိုပေးနိုင်မယ်။ သင့်လျော်တဲ့တရားကို ဟောနိုင်မယ်။

အဲဒါလို မြတ်စွာဘုရားရဲ့ သဗ္ဗညုတဥာဏ်တော်နဲ့ အာဘော် အ၀န်းအ၀ိုင်း မှ မထွက်စေဘဲ လွန်စွာဖြောင့်မတ်သောစိတ်ထားများနဲ့ တရားဟောပြော ပြသကြတဲ့ သံဃာတော်အရှင်မြတ်များရဲ့ ကျေးဇူးဂုဏ်ကြောင့် ထေရ၀ါဒဗုဒ္ဓသာသနာရဲ့ အရိပ်အောက်မှာတော့ ဒီလိုဆိုးကျိုးတွေ ဖြစ်နိုင်ဖို့မရှိဘူးလို့ သဘောရတယ်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP