* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, April 2, 2010

အမုန်းမခံပါနဲ့ ၊ မုန်းဖို့ လည်း မကြိုးစားလိုက်ပါနဲ့ ။

စာရေးမလို့ လုပ်တော့ “အစည်းအဝေးတဲ့ဗျာ၊ သွားကြစို့ လား” အခန်းအပြင်ဘက်မှ အတန်းဖော် မိတ်ဆွေ တစ်ဦးရဲ့ ကျင့်သားရနေပြီးသား နှိုးဆော်သံ။ အစည်းအဝေးမှတ်တမ်းဆိုပြီး ဒိုင်ယာရီ စာအုပ်ထဲမှာ လက်ယား ရေးထိုးမိခဲ့ဖူးတာလည်း အကြိမ်ကြိမ်။ အစည်းအဝေးတွေ လုပ်လှပါလားလို့  ညည်းနေရတာလည်း ခိုငှက်ကလေးများသာသိရင် လက်ယားပြီး ရမ်းသမ်းပစ်နေတဲ့ နွားကျောင်းသား လေးသီးဆီ ကိုသာ သူတို့ ကိုယ် သူတို့  "ငါ့ထက် ညည်းနေရမယ့်သူ ရှိရကောင်းလား"ဆိုတဲ့ အတွေးနဲ့  တမင်တိုးဝင်ပြီး အရှုံးပေး သတ်သေမိကြလိမ့်မယ် ထင်ပါရဲ့။

ဘာပဲဖြစ်ဖြစ် သွားရပေအုံးမယ်။ အစည်းအဝေးခန်းမထဲမှာ မင်္ဂလသုတ်ကို မိနစ် အနည်းငယ်ခန့် မျှလည်း ဟန်ကျပန်ကျ နှလုံးသွင်းကာ ရွတ်ဆိုချီးမြောက်ရပေအုံးမယ်။ မိုင်ခရိုဖုန်း မြင်တိုင်း သဲသဲလှုပ် ထပြောကြဦးမယ့် ကိုရွှေကုလားများရဲ့ အသံတော်ကိုလည်း ရွှေနားတော် ဘ၀င်ကျအောင် သည်းခံ နားထောင်ရပေအုံးမယ်။

အစည်းအဝေးက ပြန်လာတော့ မိတ်ဆွေ တစ်ယောက်ရဲ့ မေးခွန်းကို ထပ်တလဲလဲ ပြန်တွေးမိပြန်တယ်။ သူက ဘယ်လို ရည်ရွယ်ချက်မျိုးနဲ့  မေးတာလဲတော့ မသိပါဘူး။ ငါ့ညီကို သူများက အမုန်းခံရတာရယ်၊ ငါ့ညီက သူများကို မုန်းတာရယ် ဘယ်ဟာ ပိုအကြောက်ဆုံးလဲတဲ့။ အဖြေတော့ ရေရေရာရာ ပြန်မပေးမိခဲ့ပါဘူး။

အခုထိ ဘယ်ဟာကို ပိုကြောက်ပါတယ်ဆိုတဲ့ အဖြေလည်း မထွက်ခဲ့ပါဘူး။ နှစ်ခု စလုံးကို ကြောက်မိတာတော့ အမှန်ပါပဲ။ မုန်းတယ်ဆိုမှတော့ သူကပဲ မုန်းမုန်း၊ ကိုယ်ကပဲ မုန်းမုန်း မကောင်းတာချည်းပါပဲလေ။ ကိုယ်က မုန်းနေမိမယ်ဆိုရင် သူ့ ကို မြင်တိုင်း မုန်းတဲ့ စိတ်က အကုသိုလ်ဖြစ်စရာတွေပဲ တွေးမိ၊ လုပ်မိအောင် တွန်းပို့ နေတော့မှာပါ။ ကိုယ့်ကို သူများက မုန်းနေပြီဆိုရင်လည်း သူ့ စိတ်ထဲမှာ ကိုယ်နဲ့ အကြောင်းတိုက်ဆိုင်မိတိုင်း အကုသိုလ်တွေ ကိုယ့်ကြောင့် ဆက်တိုက် ဖြစ်နေတော့မှာပါပဲ။

ပတ်ဝန်းကျင်မှာ ကိုယ့်ရဲ့ အပြောအဆို၊ အလုပ်အကိုင်လေးတွေ မှားနိုင်တာရယ်ကြောင့် အမုန်းတော့ ခံကြရမှာပါပဲ။ အကြီးစားအမုန်းလည်း ဖြစ်ချင်ဖြစ်မယ်၊ အသေးစားအမုန်းလည်း ဖြစ်ချင်ဖြစ်မယ်။ သူရော၊ ကိုယ်ရော ပြန်ဖြေလို့ မရနိုင်လောက်တဲ့ ကြောက်ခမန်းလိလိ အမုန်းမျိုး မဖြစ်မိကြအောင်တော့ နေကြရမယ်။ အမုန်းတရား ဖြစ်ပေါ်စေနိုင်တဲ့ အရင်းခံအကြောင်းတွေကို အသိ၊ ဥာဏ်ပညာ နဲ့ ချိုးနှိမ်ထားရမယ်။

ကိုယ့်ရဲ့ ပတ်ဝန်းကျင်မှာ ကိုယ့်ကို မုန်းနေတဲ့သူ များနေပြီဆိုရင်တော့ ကိုယ့်ကို ဘာကြောင့်မုန်းသလဲ ပြန်သုံးသပ်ကြရမယ်။ ဒီလိုပဲ ကိုယ်က သူများကို မုန်းနေမိပြီဆိုရင်လည်း ဘာကြောင့် သူ့ ကို မုန်းနေရတာလဲဆိုတာကို စဉ်းစားကြည့်ရပါမယ်။ ပြီးတော့ မုန်းဖို့ ကောင်းတဲ့ အတွေး၊ မုန်းဖို့ ကောင်းတဲ့ အပြော၊ မုန်းဖို့ ကောင်းတဲ့ အလုပ်အကိုင်လေးတွေကို ပြန်လည် ပြုပြင်နိုင်အောင် ကြိုးစားရမယ်။ ဒီလိုမှ မကြိုးစားဘူးဆိုရင် အမုန်းကြောင့်ဖြစ်တဲ့ ရာဇ၀တ်မှုတွေ၊ ကလဲ့စားချေမှုတွေ တသီကြီး ဖြစ်လာတော့မှာ မလွဲပါပဲ။ အမုန်းဆိုတာနဲ့  ပြည်သူတစ်ရပ်လုံးရဲ့ အမုန်းတော်ခံ ဖြစ်သွားရရှာတဲ့ မင်းတစ်ပါးအကြောင်း သတိရမိပြန်ပါတယ်။

အဲဒီမင်းအကြောင်း နဲနဲပြောပြရအောင်ပါ။ တခါက ဗာရာဏသီပြည်မှာ မဟာပိင်္ဂလမင်း အုပ်ချုပ်နေပါတယ်။ အဲဒီ မင်းက မင်းကျင့်တရားနဲ့  ညီညွတ်မျှတစွာ တိုင်းပြည်ကို မအုပ်ချုပ်ပါဘူး။ မင်းတစ်ပါးရဲ့ ဂုဏ်ကို ညှိုးစေတဲ့ အဂတိလေးပါးလိုက်စားတာတို့ ၊ မတရားသဖြင့် အပြစ်ဒဏ်ပေးတာတို့ ၊ ကြံစက်ထဲက ကြံတစ်ချောင်းလို လူတွေကို နှိပ်စက်ညှဉ်းပန်းတာတို့ ၊ စတဲ့ ပြည်သူတွေ မနှစ်မြို့ ဖွယ်ရာ လုပ်ရပ်တွေနဲ့ ပဲ အုပ်ချုပ်နေတော့တာပါတဲ့။

ဒီတော့ တိုင်းပြည်မှာ ရှိတဲ့ သူဌေး၊ အမက်၊ ပုဏ္ဏား နောက်ဆုံး အိမ်က ဇနီး၊ သားသမီး၊ အိမ်ဖော်တွေက အစ သူ့ ကို မချစ်မနှစ်သက်ကြတော့ပါဘူး။ သူ့ ကို ဘယ်လိုမြင်ကြလဲဆိုရင် မျက်စိထဲ ၀င်တဲ့ အမှိုက်လို၊ ထမင်းထဲပါတဲ့ ကျောက်ခဲလို၊ ခြေဖနောင့်မှာ ဆူးတဲ့ ဆူးကြီးလိုပဲ မြင်နေကြတော့တာပါတဲ့။

ဒီလိုနဲ့ အဲဒီမင်းဟာ ပြည်သူတွေ မုန်းနေတဲ့ ကြားကပဲ နှစ်ပေါင်းများစွာ အုပ်ချုပ်ပြီး နတ်ရွာစံသွားပါတယ်။ သူနတ်ရွာစံတော့ ဗာရာဏသီတစ်ပြည်လုံး ၀မ်းမြောက်ပျော်မြူးနေကြတော့တာပါ။ နောက်တစ်ခါ ပြန်မလာရအောင် ဆိုတဲ့ အတွေးနဲ့ သူ့ ရဲ့ အလောင်းကို ထင်းတစ်ထောင်နဲ့  သင်္ဂြီုလ်၊ ပြီးတော့ သင်္ချီုင်း မြေကိုလည်း လှန်ပစ်လိုက်ကြပါတယ်။ နောက်ပြီး.........

နောက်ပြီး သူ့ ရဲ့ သားတော် ဘုရားအလောင်းကို မင်းမြှောက်လိုက်ကြပါတယ်။ တရားစောင့်တဲ့ မင်းရပြီဆိုပြီးတော့လည်း အောင်ပွဲတွေခံကြပါတယ်။ အကျွေးအမွေးတွေနဲ့ လည်း စည်ကားလို့ နေပါတော့တယ်။ အဲဒီအချိန်မှာ သူများ ပျော်နေကြပေမယ့် မပျော်နိုင်ဘဲ ငိုနေတဲ့ နန်းတော် တံခါးစောင့်ရဲ့ ငိုသံကို အံ့သြစွာ ကြားရပါတော့တယ်။

ဒါနဲ့  မင်းက တံခါးစောင့်ကို ခေါ်တွေ့ ပြီး ...

“ တံခါးစောင့် သင်ဟာ ဘာကြောင့် ငိုကြွေးနေရတာလဲ”
“ပိလိင်္ဂမင်းကို သတိရလို့ ပါဘုရား”
“သူသေလို တစ်တိုင်းပြည်လုံးက ၀မ်းမြောက်ဝမ်းသာ အောင်ပွဲခံနေကြတာ
သင်က ဘာလို့  ငိုကြွေးနေရတာလဲ၊ သူ့ ကိုချစ်လို့ လား”
“အများနည်းတူ တပည့်တော်လည်း မချစ်ပါဘူး ဘုရား”
“ဒါဆို ဘာလို့ လဲ လျှောက်တင်စမ်းပါ”

“မှန်ပါ ပိလိင်္ဂမင်းဟာ ပြာဿာဒ်က ဆင်းတိုင်း အကျွန်ုပ်ရဲ့ ဦးခေါင်းကို ရှစ်ချက်၊ ရှစ်ချက် ရိုက်နှက်ပြီးမှ ထွက်သွားပါတယ် ဘုရား၊ ပြာဿဒ်ကို တက်တိုင်းလည်း ရှစ်ချက် ရိုက်ပြီးမှ တက်သွားပါတယ်ဘုရား၊ အခုတော့ အကျွန်ုပ်ခေါင်းကို ရိုက်မယ့်သူ မရှိလို့  သက်သာခဲ့ပါပြီ မင်းကြီး”

“ပိလိင်္ဂမင်းကြီးဟာ ဟိုဘက်ဘ၀ ငရဲပြည်ရောက်လို့  ငရဲထိန်းတွေကိုလည်း အကျွန်ုပ်လို အထွက်ရှစ်ချက်၊ အ၀င်ရှစ်ချက် ရိုက်လို့  မခံနိုင်တော့တဲ့အဆုံး လူ့ ပြည်ပြန်ပို့ မှ ဖြင့် အကျွနိုပ်ရဲ့ သက်သာနေတဲ့ ခေါင်းလေး အရိုက်ခံရ ပြန်ရင် ဆိုတဲ့ အတွေးနဲ့  စိတ်ဘ၀င် မကျကာ စိုးရိမ်ပြီး ငိုမိတာပါဘုရားလို့ ” ပြန်လျှောက်လိုက်ပါတော့တယ်။

ဒီတော့မှ မင်းက တံခါးစောင့်ကို ပိလိင်္ဂမင်းဟာ ပြန်မလာနိုင်တော့တဲ့ အကြောင်း၊ တကယ်သေပြီးတဲ့ သူဟာ ပြန်လာနိုင်ရိုး မရှိလို့  ကြောက်စရာ မလိုတော့တဲ့ အကြောင်း ပြောပြလိုက်မှ တံခါးစောင့်လည်း စိတ်သက်သာရာ ရသွားပါတော့တယ်။

ကဲ…..စာဖတ်သူကို မေးမနေတော့ပါဘူး။ ကိုယ့်ဟာကိုသာ ရှင်လေးမော် ပြန်မေးကြည့်တော့မယ်။ ငါသေသွားခဲ့ရင်ရော အောင်ပွဲခံပျော်နေကြမယ့် သူတွေ ရှင်လေးမော် အနားမှာ ရှိနေပြီလား၊ သူတို့အဲသလောက် မုန်းရအောင်ရော ငါက ဘာတွေလုပ်ခဲ့မိလို့ လဲ။ မုန်းတာကို ပြန်ချစ်လာအောင် မကြိုးစားဘဲ ဘ၀ကူးရဲတဲ့စိတ် ရှင်လေးမော်မှာ ရှိသလား ဆိုတာ……..။




0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP