ဖြတ်သန်းခြင်းများ။
လူတွေဟာ နေ့စဉ် ဖြတ်သန်းနေကြရတယ်။ တစ်နေ့တာခရီးလို့ပဲဆိုဆို ဘ၀တာခရီးလို့ပဲပြောပြော ဖြတ်သန်းနေကြရတာဟာ လူ့ဘ၀ရဲ့ ပေးအပ်လာတဲ့ တာဝန်ပါပဲ။
စာရေးသူလည်း လူသားများစွာထဲကလူသား တစ်ယောက် ဖြစ်လေတော့ ဖြတ်သန်းနေရတာပါပဲ။ ဖြတ်သန်းခြင်းကတော့ များစွာ ရှိနိုင်ပါတယ်။ ပညာရေးသမားကလည်း ပညာရေးအောင်မြင်ဖို့၊ စီးပွါးရေးသမားကလည်း စီးပွါးရေး အဆင်ပြေဖို့၊ နိုင်ငံရေးသမားကလည်း နိုင်ငံရေး ရည်မှန်းချက်ပြည့်ဝဖို့၊ ခရီးသွားသည်သူကလည်း ခရီးချောမွေ့ စေဖို့ စသဖြင့် လူသားတွေဟာ ကိုယ်နယ်ပယ် အလိုက် ဖြတ်သန်းနေကြရတာပါ။ အောင်မြင်သူလည်းရှိ၏။ ကျရှုံးသူများလည်းမနည်း။ သို့သော် ဖြတ်သန်းနေကြရဦးမှာပဲ။
ဤနေရာမှာတော့ စာရေးသူဖြစ်သန်းခဲ့ဘူးသော ဖြတ်သန်းခဲ့ဖူးခြင်းများစွာထဲမှ နိုင်ငံတစ်ခုနှင့်တစ်ခု ဖြတ်သန်းခဲ့ ရသော အတွေ့ အကြုံများကို မျှဝေကြည့်ချင်ပါတယ်။
လွန်ခဲ့တဲ့ သုံးနှစ်လောက်ကပါ။ နိုင်ငံခြားကို ရောက်ဖူးချင်တာတော့ ရင်ထဲကဆန္ဒပါ။ ဒါပေမယ့် နားလည်ထားတာက နိုင်ငံခြားဆိုတာ နိုင်ငံခြားသွားရတဲ့ဇာတာပါမှ သွားနိုင်ခဲ့မယ်လို့ ယုံကြည်ခဲ့တာပါ။ အသိသူငယ်ချင်းတစ်ယောက်က ပြောပြန်တာက အဲသလို မဟုတ်ပြန်ဘူး။ ဇာတာဆိုတာ ဒေါ်လာပဲတဲ့။ နိုင်ငံခြား မရောက်ခဲ့ဘူးသေးတဲ့ စာရေးသူအတွက် နိုင်ငံခြားဆိုတာကြီးကို သွားရမှာ စိတ်ထဲမှာ မ၀ံ့မရဲသလိုလို တစ်မျိုးပါပဲ။ စပွန်ဆာကိစ္စ၊ ဗီဇာကိစ္စ၊ လေယာဉ်လက်မှတ် စသည်များကလည်း ကိုယ်နဲ့အကျွမ်းမ၀င်သေး။ ဒါပေမယ့် ကြားဖူးနားဝများနှင့်သူငယ်ချင်းများ၏ အကူအညီများက သွားဖို့အဆင့်သင့်ဖြစ်စေပြန်တယ်။ သီဟိုလ်နိုင်ငံကို MA-တန်းအတွက် ပညာသင်ဖို့ သွားမှာပါ။ ဒီလိုနဲ့ နိုင်ငံတော်ပရိယတ္တိသာသနာတက္ကသိုလ်(ရန်ကုန်)က M-A ဘွဲ့ ယူအပြီး ၁၅-ရက်ပြည့်တဲ့နေ့မှာပဲ နိုင်ငံခြားသို့ ပထမဆုံး သွားရောက်ရန် ခြေလှမ်းစတင်ခဲ့တယ်။ မြန်မာနိုင်ငံမှာ MA-ဘွဲ့  ရရှိပြီးသားသူက နိုင်ငံခြားမှာ နောက်ထပ် MA-ဘွဲ့ကို ထပ်ယူရမယ်ဆိုတော့ မေးခွန်းထုတ်ချင်စရာ အများကြီးပါ။
ဒီလိုနဲ့ နောက်ဆုံး ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာခဲ့တယ်။ ဒါပေမယ့် ကံကောင်းထောက်မစွာ စာရေးသူမှာ အရေးပါတဲ့သူ အသိတစ်ယောက်ရဲ့အကူအညီနဲ့ လေဆိပ်မှာရှိတဲ့အထူးဧည့်ခန်းကို ရောက်ရှိသွားပါတယ်။ ပစ္စည်းချိန်တာတွေ လက်မှတ်စစ်တာတွေ ဘာမှမသိလိုက်ရ။ တာဝန်ကျဝန်ထမ်းတစ်ယောက်က အစအဆုံး လုပ်ပေးလို့ပါ။ သူငယ်ချင်းဖြစ်သူများရဲ့ မြှောက်ပင့်ပေးမှုခေါ်မလား အားပေးမှုပြောရမလားမသိပါ။ သူတို့ပြောတဲ့အတိုင်း တစ်ပါးတည်း ချီတက်လာတာပါ။ သွားချင်တဲ့စိတ်တွေ ရှိခဲ့ပေမယ့် တစ်ယောက်တည်းဆိုတော့လဲ ဒီလမ်းခရီးအတွက် စိုးတထိတ်ထိတ်ပါ။ တစ်ပါးတည်းသွားရမှာ မ၀ံ့မရဲဖြစ်နေတာကို သိရှိပုံရတဲ့ ကျေးဇူးများတဲ့ အဒေါ်အရွယ် အသိတစ်ယောက်က “ တပည့်တော်တောင် မသွားဖူးသေးဘဲနဲ တစ်ယောက်တည်း ဂျပန်သွားသေးတာ။ ဦးဇင်းက ယောကျာင်္းလေးတစ်ယောက်ဖြစ်ပြီး ဘာမှအားငယ်စရာမရှိဘူး ” ဟု အားပေးစကားပြော ကြားလာပါတယ်။ အဲဒီလိုပါပဲ။ ထိုင်းမှာရှိတဲ့ ဟိုတုန်းက အတူတူနေခဲ့ဖူးတဲ့ ဦးဇင်းတစ်ပါးကလည်း သူက ထိုင်းလေဆိပ်က စောင့်နေမယ်ပြောပါတယ်။ စာရေးသူကလည်း အဲဒီအားကိုးလေးလည်း ပါတာပေါ့။ ဒါပေမယ့် စာမေးပွဲဖြေနေတဲ့ အဲဒီဦးဇင်းက လေဆိပ်ကို ရောက်မလာခဲ့ပါဘူး။ နောက်မှသိရတာက တစ်ယောက်တည်း မလာဝံ့မှာစိုးရိမ်၍ အဲဒီလိုပြောခြင်း ဖြစ်ပါတယ်တဲ့။
ဒီလိုနဲ့ လေယာဉ်ထွက်ခွါနီးမှာ အထူးဧည့်ခန်းနားထိ ကားနဲ့လာကြိုပါတယ်။ အဲဒီကနေ လေယာဉ်ပေါ် ရောက်ခဲ့တယ်ဆိုပါတော့။ မကြာခင် လေယာဉ်ထွက်တယ် ဆိုယင်ပဲ သူငယ်ချင်းဖြစ်သူပြောတာ ပြန်လည်ကြားယောင်မိပြန်တယ်။ သူငယ်ချင်းဖြစ်သူပြောတာက ဒီလိုပါ။ လွမ်းစရာချန်ထားတာ မရှိတဲ့သူတွေ ခရီးသွားလာမှုဟာ အတော့်ကို ဟာတာတာနိုင်တဲ့ ခရီးဖြစ်နိုင်ပါသတဲ့။ ဟုတ်လောက်ပါတယ်။ ဘာလွမ်းရမှန်းကို မသိပါဘူး။ အလွမ်းဆိုတဲ့စကားလုံးဟာ ကိုယ်နဲ့မပတ်သက်သလိုပါပဲ။ လွမ်းစရာရှိယင် နာစရာနှင့်ဖြေတဲ့။ လွမ်းစရာလည်းမရှိ နာစရာလည်းမရှိတော့ ဟိုကြည့် ဒီကြည့်နဲ့ ထိုင်းလေဆိပ်ကို ဆင်းသက်လာခဲ့တယ်။ ထိုင်းလေဆိပ်မှာလည်း ဘယ်ဂိတ်ပေါက်ဝင်လို့ ဘာလုပ်ရမှန်းမသိဘဲ ယောင်ယောင်လည်လည်ဖြစ်နေတဲ့ စာရေးသူကို ကိုးရီးယားသွားမယ့် မြန်မာအမျိုးသားသုံးယောက်က ကူညီကြရပြန်ပါတယ်။ နေ့လည် ၃-နာရီမှာရောက်ရှိတဲ့ စာရေးသူအတွက် ည ၁၁-နာရီမှထွက်မယ့် လေယာဉ်ကို စောင့်ရပေတော့မည်။ ညပိုင်းလေယာဉ်စီးခါနီးအထိ တစ်နေ့လုံး ကိုယ်တစ်ယောက်တည်း ဟိုလျှောက်လိုက် ဒီလျှောက်လိုက် လုပ်နေရတယ်။
လေဆိပ်ကလည်း မြန်မာပြည်က အပြည်ပြည်ဆိုင်ရာဆိုတဲ့ မင်္ဂလာဒုံလေဆိပ်နဲ့ ထိုင်းက သုဝဏ္ဏဘူမိလေဆိပ်တို့ကလည်း ရောက်ခဲ့ဘူးသူတိုင်းရဲ့ အတွေးများအတိုင်းပါပဲ။ ဒါမျိုးတွေ နှိုင်းယှဉ်မိပြန်တော့လဲ အားငယ်သလိုလို အလိုမပြည့်သလိုလိုပါပဲ။ ဒီအချိန်မှာတော့ အချိန်ကလေး ရလို့လားမသိ။ ဟိုပဲလွမ်းချင်သလိုလို ဒီပဲသတိရသလိုလိုပါပဲ။ လေယာဉ်စီးခါနီးမှာတော့ လူသူတစ်စု ရောက်ရှိလာကြတယ်။ သီဟိုလ်နိုင်ငံသားများ ဖြစ်ပါတယ်။ သူတို့က စာရေးသူအား ဓာတ်ပုံရိုက်ချင်တယ်ပြော၍ ဓာတ်ပုံအရိုက်ခံလိုက်ရသေးတယ်။ လေယာဉ်ထွက်ခွါဖို့ ၁၅-မီနစ်လောက်အလိုမှာတော့ မြန်မာရဟန်းတော်နှစ်ပါး အပြေးအလွှား ရောက်ရှိလာကြတယ်။ အားရှိသွားတယ်။ သူတို့ကလည်း သီဟိုလ်သွားမယ်ဆိုတော့ အတူတူလိုက်သွားယုံပဲပေါ့။ ဒါနဲ့ သူတို့နဲ့ လိုက်သွားတာ အဆင်ပြေစွာပဲ လေယာဉ်ပေါ် ရောက်လာခဲ့တယ်။လေယာဉ်ကတော့ မြန်မာပြည်ကစီးလာတဲ့လေယာဉ်နဲ့ သီဟိုလ်သွားတဲ့လေယာဉ် တော်တော်ကွာသွားပါပြီ။ အစစအရာရာ တစ်ခြားစီဖြစ်သွားပါပြီ။ ဘာတွေများ မှားနေပြီလဲ မြန်မာပြည်---အဲသလို မေးခွန်းကို ထုတ်လိုက်ချင်ပါတယ်။ လေယာဉ်ပေါ်မှာ ဖောင်ဖြည့်ဖို့ မဖြည့်တတ်ပြန်တော့ အနားမှာရှိတဲ့ နိုင်ငံခြားသားတစ်ဦးက ယူပြီး ဖြည့်ပေးရပြန်တယ်။ စာရေးသူဘ၀မှာ ဟိုကဖြည့်ဆည်း ဒီကပံ့ပို့နဲ့ လျှောက်လှမ်းလာရတဲ့ခရီးဆိုပါတော့။
ဒီနေရာမှာ သတိရမိတာ တစ်ခု ရှိတာကို ပြောကြည့်ချင်တယ်။ စင်္ကာပူရောက်တုန်းကပါ။ သူငယ်ချင်းနှစ်ပါးနဲ့ လိုင်းကားစီးပြီး ဈေးဝယ်ထွက်ဖို့ပါ။ စာရေးသူတို့ကို ကျောင်းထိုင်ဆရာတော်က ကားစီး-ရထားစီးတဲ့အခါ အသုံးပြုဖို့ mrt ကဒ်ကလေး ပေးထားပါတယ်။ လိုင်းကားက ရောက်လာပါပြီ။ ကဒ်က ပါသလား မပါသလားမသိ။ အပြေးအလွှား ရှာပါတယ်။ မတွေ့ပါ။ သူငယ်ချင်းနှစ်ပါးက ကားပေါ်ရောက်နေပါပြီ။ စာရေးသူမှာ ကားအပေါက်နားမှာ ဟိုရှာ ဒီရှာလုပ်နေပါတယ်။ အဲဒီအချိန်မှာ ကားပေါ်က အသက်လေးဆယ်အရွယ်ခပ်ချောချော အမျိုးသမီးတစ်ယောက်က ဆင်းလာပြီး ကားပေါ်ကို လက်ဆွဲခေါ်ပါတော့တယ်။ စာရေးသူလည်း ဘာမသိ ညာမသိ အပေါ်ရောက်သွားတယ်။ ကားခကို အဲဒီအမျိုးသမီးကပဲ ပေးလိုက်ပါတယ်။ ကားဖိုးပေးပြီး စာရေးသူအနား လာပြီး လက်ထဲထည့်ပေးလိုက်ပါ သေးတယ်။ ဘာမှန်းတော့ မသိ။ လူကြားထဲ ယောင်တောင်တောင်နဲ့ ယူထားလိုက်တယ်။ နောက်ပြီးမှ သိရတာက စလုံးဒေါ်လာတွေပါ။ အဲဒီအမျိုးသမီးက မြန်မာလား တရုတ်လားတော့ သေချာမသိလိုက်ရ။ စာရေးသူကလည်းမသိ သူငယ်ချင်းများကလည်းနားမလည်။ ကဒ်ပြားပေးမှ စီးလို့ရတယ် ထင်ကြတာကို။ ဒါ့ကြောင့် ကဒ်ပြားကို အပြေးအလွှား ရှာနေတာပါ။ ဒီလိုပါပဲ စာရေးသူဘ၀မှာ သနားလို့ပဲဖြစ်ဖြစ် ညံ့လို့ပဲဖြစ်ဖြစ် ဖြည့်ဆည်းပေးမယ့်သူလေးတွေကတော့ အဆင့်သင့် ရှိနေတတ်ပါတယ်။
ဘန်ကောက်ကနေ ကိုလံဘိုလ်ကို သုံးနာရီလောက်စီးရတဲ့ ဒီခရီးမှာ အတွေးမျိုးစုံ ကပ်ပါလျှက်ပါ။ တစ်ခါတစ်ရံတော့လည်း မြန်မာပြည်ကို အတွေးများက ပြန်ရောက်လိုက်၊ တစ်ခါတစ်လေကြတော့လည်း ရှေးခရီးက ဖြောင့်ဖြူးပါ့မလားဆိုတာတွေ တွေးမိရဲ့ပေါ့။ ဒီလိုနဲ့ သီဟိုလ်နိုင်ငံ ကိုလံဘိုလ်လေဆိပ် ဆင်းတော့မယ်ဆိုတာ ကြားတယ်ဆိုယင်ပဲ တော်တော်ပျော်သွားတယ်။ ကိုယ်ရည်မှန်းခဲ့တဲ့ခရီး ဆိုက်ဆိုက်မြိုက်မြိုက်ရောက်တော့မှာကို။ ဒီလိုနဲ့ အင်မီဂရေးရှင်းရုံးဝင်တာတို့ ဘာတို့ကို အခြားရဟန်းတော်များရဲ့ နောက်က လိုက်လုပ်ယုံပါပဲ။ ကံဆိုးချင်တော့ ရဟန်းတော်တစ်ပါးရဲ့ သယ်လာတဲ့အထုပ်တစ်ထုပ်က ရှာမတွေ့ဖြစ်နေလို့ ဟိုရုံးခန်းဝင်လိုက် ပြေးလိုက် လွှားလိုက်နဲ့ပေါ့။ ဒါပေမယ့် အဲဒီအထုပ်ကတော့ မရခဲ့ပါဘူး။ နောက်တစ်နေ့မှာ ထိုင်းကို ပြန်မှာပေးလို့ အဲဒီအထုပ် ပြန်ရလာခဲ့တယ်လို့ သိရပါတယ်။ လေဆိပ်ထဲမှာ နှစ်နာရီလောက် နောက်ထပ် အချိန်လေးတွေ ပေးလိုက်ရတယ်ဆိုပါတော့။
ဒီလိုနဲ့ လေဆိပ်အပြင်ရောက်တယ်ဆိုယင်ပဲ လာကြိုကြတဲ့ မိတ်ဟောင်းမိတ်သစ်များက အတော်လေး စုံလင်လှပါတယ်။ ကားနှစ်စီးအနက် တစ်စီးက စာရေးသူအတွက် လာကြိုတဲ့ကား၊ နောက်တစ်စီးက အခြားရဟန်းတော်နှစ်ပါးအတွက် ဖြစ်ပါတယ်။ နောက်ဆုံးတော့ စာရေးသူ မျော်မှန်းခဲ့တဲ့ သီရိလင်္ကာခရီး အောင်မြင်စွာ ဖြတ်သန်းနိုင်ခဲ့တယ်လို့ ဆိုရပါ့မယ်။ ဒါကတော့ ဖြတ်သန်းခြင်းများစွာထဲက ဖြတ်သန်းခြင်းတစ်ခုပါ။

0 comments:
Post a Comment