အဘိဓမ္မာ အပိုင်း ၃၊ အခန်း ၂၉ (အစာအာဟာရရုပ်စသည်)
ရုပ်တရားအပိုင်းမှာ ယနေ့ အစဉ်ရောက်လာလို့ ပြောပြရမည့် ရုပ်တရားက နေ့စဉ်စားသုံးနေတဲ့ အစာအာဟာရနှင့် ပတ်သက်တဲ့ ရုပ်တရားကို စတင်ပြောရပါလိမ့်မယ်။ အာဟာရရုပ်တရားပဲ ဖြစ်ပါတယ်။ အစာအာဟာရလို့ လူတို့ပြောလေ့ရှိကြပါတယ်။ ဘယ်အရာသည် အာဟာရလည်းဆိုတာ ဗုဒ္ဓအဘိဓမ္မာ သဘောတရားအရ ဒီနေ့လေ့လာကြရပါမယ်။
အာဟာရဆိုတာ စားဖွယ်မှန်သမျှကို အဘိဓမ္မာသဘောတရားအရ အာဟာရလို့ ခေါ်ဆိုတာ မဟုတ်ပါဘူး။ စားဖွယ်ထဲမှာ ပါဝင်တဲ့ အဆီ, အနှစ်, အစေးဓာတ်သဘောကို အာဟာရရုပ်လို့ ခေါ်ဆိုပါတယ်။ စားဖွယ်များမှာ ပါဝင်တဲ့ ချို, ချဉ်, စပ်, ဖန်, ငန်, ခါး- ဟူသော အရသာ -၆-ပါးကို အာဟာရလို့ ခေါ်တာမဟုတ်ဘူး ဆိုတာတော့ သိမယ်ထင်ပါတယ်။ အထင်လွဲမှာစိုးလို့ ပြောပြတာပါ။ ယင်း စားဖွယ်တွေရဲ့ အရသာ -၆-ပါးကို ရသာရုံအနေနဲ့ အပေါ် ဂေါစရရုပ် (အာရုံရုပ်) အကြောင်း ပြောပြစဉ်က ပြောပြခဲ့ ပြီးပီနော်။ တကယ်လိုရင်း အာဟာရရုပ်နှင့် ပတ်သက်လို့ မှတ်သားရမှာက စားဖွယ်များပါဝင်တဲ့ “လူတွေ ပြောလေ့ရှိကြတဲ့
စကားတခုရှိပါတယ်”။ “ဟေ့ အဆီအနှစ် တော်တော်များတဲ့ ဆန်ပဲ, အသားပဲ, အသီးပဲစသည်၊ နောက် ဒီအစာက အစေးအညှော် တော်တော် အားကြီးတယ်”စသည်ဖြင့် ပြောလေ့ရှိကြပါတယ်။ ယင်းသို့ ပြောဆိုသော စကားမှာပါတဲ့ “အဆီအနှစ်၊ အစေး”ဆိုတာ ယခုပြောပြတဲ့ အာဟာရရုပ်ကို ဆိုလိုတဲ့ စကားများပင် ဖြစ်ပါတယ်။ ဒါလောက်ဆို မိမိတို့စားတဲ့ စားဖွယ်ထဲမှာ ပါတဲ့ အာဟာရရုပ်တရား အကြောင်း သဘောပေါက်လောက်ပါပြီနော်။
နောက်တစ်ပါးက ပရိစ္ဆေဒ (ခွဲခြားကြောင်း)ရုပ်ခေါ် “အာသာသဓာတ်ရုပ်” တရား ဖြစ်ပါတယ်။ သိပ္ပံမှာ ဒီစကားလုံးကို ပြောနေကြပါတယ်။ ဗုဒ္ဓအဘိဓမ္မာအရ အာသာသဆိုတာ ဘာကို ဆိုလိုသလဲဆိုတာ သိဖို့ လေ့လာကြည့်ရအောင်။ အာကာသကို တိုက်ရိုတ် အဓိပ္ပါယ် ပြန်မယ်ဆိုရင် ဘယ်အရာနှင့်မျှ ရေးချစ်၊ ထိပါးလို့ မရစကောင်းသော အရပ်ကို “အာကာသ”လို့ ခေါ်ပါတယ်။
ဒီနေရာမှာ အာကာသနှင့် ပတ်သက်လို့... အမျိုးအစား -၄-မျိုးကို တင်ပြပေးပါမယ်။
၁။ အဇဋာကာ= ယခုမျက်မြင်ဖြစ်သော ဟာလာဟင်းလင်း ကောင်းကင် အရပ်၊ ရူပဗြဟ္မာ့ဘုံမှ အထက် ကောင်းကင်အရပ်နှင့် မြေရေလေတို့၏ အောက်မှာ ရှိသော ကောင်းကင်အရပ်များသည် အရာဝတ္ထု ရုပ်အချင်းချင်း ရှုပ်ထွေးငြိကပ်ခြင်း မရှိသော အရပ်ဖြစ်သောကြောင့် “အဇဋာကာသ” (ဇဋာ=ရှုပ်ထွေးခြင်း။ အ=မရှိသော။ အာကာသ=ဟင်းလင်းပြင်အရပ်။)လို့ ခေါ်ပါတယ်။
၂။ ပရိစ္ဆိန္နာကာသ (ပရိစ္တိန္န၊ အာကာသ-လို့ ပါဠိပုဒ်ဖြတ်ရပါတယ်)= တစုတခုသော အရာဝတ္ထုဖြင့် ပတ်ဝန်းကျင် ပတ်လည်မှာ ကာရံပိုင်းခြားအပ်ပြီး အလယ်မှာရှိတဲ့ ကြီးမားတဲ့ (တွင်းလှိုဏ်) အပေါက်ဖြစ်စေ၊ သေးငယ်တဲ့ (အပ်)ပေါက်လေး ဖြစ်စေ “ပရိစ္ဆန္နာကာသ” (ပရိ=ထက်ဝန်းကျင်၌။ ဆိန္န= ပိုင်းခြားကာရံအပ်သော။ အာကာသ= ဟင်းလင်းပြင်အရပ်။)လို့ ခေါ်ပါတယ်။
၃။ ကသိဏုဂ္ဃာဋိမာကာသ (ကသိဏုဂ်-ဃာဋိမာကာသ-လို့ ဖတ်ပါ) (ကသိဏ+ဥဂ္ဃာဋိ+အာကာသ-လို့ ပါဠိပုဒ် ဖြတ်ရပါတယ်။) ဒီအာကာသသည် ကမ္မဋ္ဌာန်းအရာ၌ ပါဝင်တဲ့ ဈာန်၊ အဘိညာဉ်ရဖို့ အားထုတ်တဲ့ အခါမှာ ကသိုဏ်းပညတ်တရားများကို ခွါ၍ အားထုတ်တဲ့အခါမှာ ရအပ်တဲ့ ဟင်းလင်းပြင်ကောင်းကင် အာကာသအကြောင်းပဲ ဖြစ်ပါတယ်။ ဆိုလိုရင်း အဓိပ္ပါယ်က “ကသိုဏ်း ကမ္မဋ္ဌာန်း တပါးပါးကို ခွဲ၍ အားထုတ်တဲ့အခါ ရအပ်တဲ့ အာကာသ”ပင် ဖြစ်ပါတယ်။
၎။ ပရိစ္ဆေဒါကာသ= (ပရိစ္ဆေဒ+အာကာသ-လို့ ပါဠိပုဒ် ဖြတ်ရပါတယ်။) ရုပ်အစု တစ်စုနှင့် တစ်စုခွဲခြားလိုက်လို့ တခုနှင့် တခု မရောစပ်အောင် ပေါ်လာတဲ့ အာကာသဖြစ်ပါတယ်။ ဥပမာ= လက်ချောင်း -၂-ချောင်းကို ပူးကပ်လိုက်တဲ့အခါ လက်-၂-ချောင်း အကြားအရပ် လုံးဝစေ့ကပ်သွားတာ မဟုတ်ပါဘူး၊ ကြားအရပ်ဆိုတာ ရှိပါတယ်။ ယင်းကြားအရပ် သဘောကို ဆိုလိုတာပါ။ သက်ရှိသက်မဲ့ ရုပ်အစု ၂-ခု ပူးကပ်လိုက်လို့ ဖြစ်လာတဲ့ ကြားအရပ်မှန်သမျှကို ခေါ်ပါတယ်။
ဤ ယခုပြောပြနေတဲ့ ပရိစ္ဆေဒ( ပိုင်းခြားကြောင်း)ရုပ်လို့ ခေါ်တဲ့ အာကာသ သဘောဆိုတာ ဒီ နံပါတ် -၄-ပင်ဖြစ်ပါတယ်။ ဒီမျှဆို ဗုဒ္ဓအဘိဓမ္မာအရ အာကာသအဓိပ္ပါယ် သိလောက်ပါပြီ။
နောက်ရုပ်တရားက ၀ိညတ်ရုပ် (သို့မဟုတ်) ၀ိကာရရုပ် “ထူးခြားမှုရုပ်” တရား -၂-ပါးဖြစ်ပါတယ်။ ၀ိညတ်ဆိုတာ သိစေကြောင်းလို့ ဆိုလိုပါတယ်။ ဤ-၂-ပါးကို “၀ိကာရရုပ်= ထူးခြားမှုသဘောရုပ်”လို့လည်း ခေါ်ပါတယ်။ ထူးခြားမှုဆိုတာ မိမိရဲ့ လက်ဟန်အမူအရာ တခုခုဖြင့် သူတပါးကို ပြလိုက်လို့ အပြခံရသူ နားလည်သွားတဲ့ “အော်သူ ငါ့ကို ခေါ်နေတာပဲ၊ သွားခိုင်းနေတာပဲ” စသည်ဖြင့် သိလိုက်တဲ့ ထူးခြားသော အမူအရာကို ဆိုလိုတာပါ။
မိမိတို့တတွေ ဒီရုပ်တရား -၂-ပါးနှင့် ရင်နှီးနေကြပါတယ်။ ဒါပေမယ့် ဒို့... ပြောဆို အသုံးပြုနေကြတာ ဒီတရား -၂-ပါးလား ဆိုတာတော့ သိချင်မှ သိပါမယ်။
ဝိညတ်ရုပ် -၂-ပါးဆိုတာ... ကာယ၀ိညတ်ရုပ်= ကိုယ်အမူအရာဖြင့် သူတပါးအား သိစေမှု။ ၀စီဝိညတ်ရုပ်= နှုတ်အမူအရာဖြင့် သူတပါးအား သိစေမှု-တို့ ဖြစ်ကြပါတယ်။
ကိုယ်အမူအရာဖြင့် သူတပါးအား သိစေခြင်းဆိုတာ... ဥပမာ= မိမိက သူတပါးအား လက်ယက်ခေါ်တယ်ဆိုပါစို့... အခေါ်ခံရသူသန္တာန်၌ ခေါ်နေသူ ပုဂ္ဂိုလ်အပေါ်မှာ နားလည်လိုက်တာက... အော် သူငါ့ကို ခေါ်နေတာပဲလို့ သိလိုက်ပါတယ်။ ခေါ်သောသူသည် အသံထွက် ခေါ်စရာမလိုပါဘူး။ ဤသို့ သူတစ်ပါးအား မိမိ၏ အတွင်းစိတ်သဘောထားကို လက်ဟန်၊ ခြေဟန် ကိုယ်အမူအရာ တခုခုဖြင့် သိစေခြင်းမျိုးကို ဆိုလိုတာပါ။ တခြား မျက်စေ့မှိတ်ပြတာ၊ မျက်စာပြစ်ပြတာ စသည်ကိုလည်း ထိုနည်းတူစွာ ကိုယ်အမူအရာဖြင့် မိမိ၏ အတွင်းသဘောထားကို သူတပါးအား သိစေမှု “ကာယ၀ိညတ်”ပင် ဖြစ်ပါတယ်။
နောက် ၀စီဝိညတ်ဆိုတာက... စကားသံဖြင့် မိမိ၏ စိတ်ဆန္ဒကို သူတပါးအား သိစေမှု ဖြစ်ပါတယ်။ ဥပမာ- ဟေ့ သူငယ်ချင်း “လာဟေ့”၊ “သွားစို့” ခေါ်တဲ့ အခါဖြစ်စေ၊ ခရာမှုတ်ကာ အချက်ပေးတဲ့အခါ ဖြစ်စေ တပါးသူ သိလိုက် ထူးခြားတဲ့ သိစေမှု အမူအရာကို နှုတ်ဖြင့် သူတပါးကို သိစေမှုလို့ ဆိုလိုပါတယ်။ တိုးတိုးပဲ ပြောပြော၊ ကျယ်ကျယ်ပဲ ပြောပြော၊ ကိုယ်ပြောလိုက်လို့ တပါးသူ သိသွားရင် ထိုအမှုအရာသည် နှုတ်ဖြင့် သူတပါးကို သိစေမှု ၀စီဝိညတ်ပင် ဖြစ်တယ်ဆိုတာ မှတ်သားပါ။ ကိုင်း ဒါလောက်ဆို ကိုယ်ဟန်၊ လက်ဟန်၊ နှုတ်ဟန်များဖြင့် သူတပါးကို သိစေမှု “၀ိကာရရုပ် (သို့မဟုတ်) ၀ိညတ်ရုပ်” တရား -၂-ပါးအကြောင်း သိလောက်ပါပြီ။
ဒီနေ့ ဤမျှသာ။
ကူးယူချင်တယ်

0 comments:
Post a Comment