ဆရာဦးရွှေအောင်နှင့် အရစ္စတိုတယ်
“အကျိုးတရား တစ်ခုကို ဖြစ်ပေါ်စေမှု၌ အကြောင်းတရားတို့သည် လေးပါး ပါဝင်ကြရ၏။ ကံလည်း လို၏။ ဉာဏ်နှင့်ဝီရိယလည်းလို၏။ ဆန္ဒလည်း လို၏။ စိတ်ထားလည်း လို၏။ ဆန္ဒ, စိတ္တ, ၀ီရိယ, ၀ီမံသ ပေါင်း လေးခုတို့ကို ဣဒ္ဓိပါဒ်လေးပါး ဟုခေါ်၏။ ဣဒ္ဓိပါဒ်လေးပါးနှင့် ပြည့်စုံမှ အကျိုးတရား ဖြစ်ပေါ်လာနိုင်၏။ ဣဒ္ဓိပါဒ်လေးပါးနှင့် ကံအကြောင်းတရားတွင် ကံသည် ဥပါဒါနကာရဏ မည်၏။ ဥပါဒါနကာရဏဟူသည်မှာ ကိုယ်ထည်အကြောင်း ဖြစ်၏။ စားပွဲလုပ်ရာ၌ သစ်သားသည် ကိုယ်ထည်အကြောင်းဖြစ်သကဲ့သို့ပင် အကျိုးပေးရာ၌ ကံသည် ကိုယ်ထည်အကြောင်းဖြစ်၏။ ဉာဏ်နှင့် ၀ီရိယသည် နိမိတ္တကာရဏ မည်၏။ နိမိတ္တကာရဏဟူသည်မှာ ဗိသုကာအကြောင်း ဖြစ်၏။ စားပွဲလုပ်ရာ၌ လက်သမားမပါလျှင် မဖြစ်သကဲ့သို့ အကျိုးပေးရာ၌လည်း ဉာဏ်နှင့် ၀ီရိယ မပါလျှင် မဖြစ်။ ထို့ကြောင့် ဉာဏ်နှင့် ၀ီရိယ ဗိသုကာအကြောင်းဖြစ်၏။ ဆန္ဒသည် ပတ္ထနာကာရဏ မည်၏။ ပတ္ထနာကာရဏဟူသည်မှာ ရည်မှန်းချက်အကြောင်း ဖြစ်၏။ ရည်မှန်းချက်မရှိလျှင် ဘာမျှ ဖြစ်မလာနိုင်သကဲ့သို့ပင် အကျိုးပေးရာ၌ ဆန္ဒမပါလျှင်လည်း ဘာမျှ မဖြစ်လာနိုင်ပေ။ ထို့ကြောင့်အကျိုးပေးရာ၌ ဆန္ဒကိုလည်း အကြောင်းတစ်ရပ်အနေဖြင့် လိုအပ်၏။ စိတ်သည် သမ၀ါယိကကာရဏ မည်၏။ သမ၀ါယိကကာရဏဟူသည်မှာ ပုံစံအကြောင်း ဖြစ်၏။ စားပွဲလုပ်ရာ၌ စားပွဲပုံစံရှိပါမှ စားပွဲကိုလုပ်၍ ရ၏။ ထို့အတူ အကျိုးတရားတစ်ခု ဖြစ်ပေါ်စေရာ၌ အကြောင်းအနေဖြင့် ပါဝင်ရသည်ပင် ဖြစ်၏။ ဤသည်မှာ ဒဿနကျမ်းများ၌ ဖော်ပြကြသော အဆိုအမိန့်များ ဖြစ်လေ၏။” (ဘ၀အမြင်သစ် - စာမျက်နှာ ၁၂၄)
စင်စစ် ဤအဆိုအမိန့်များကား ဂရိအတွေးအခေါ်ဆရာ အရစ္စတိုတယ်၏ Metaphysics ကျမ်းမှ material cause, efficient cause, final cause, formal cause ဟူသော အကြောင်းတရားလေးပါးကို (http://plato.stanford.edu/entries/aristotle-causality/#FouCau) မြန်မာမှုအတွေးအခေါ်မှ ဝေါဟာရများနှင့် နှီးနွယ်တင်ပြသွားခြင်း ဖြစ်သည်။ ဝေါဟာရအသစ်များသုံးသွားသည့်တိုင် ခိုးလိုးခုလု ဖြစ်မနေပါ။ ဆရာဦးရွှေအောင်၏ အတွေးနှင့် အရေးကို သဘောကျမိပါသည်။

0 comments:
Post a Comment