* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, April 10, 2010

ဖြတ်သန်းစီးဆင်းနေသော ရေ

စရထ ဘိက္ခဝေ စာရိကံ-တဲ့။ ချစ်သားရဟန်းတို့ ခရီးသွားကြ-လို့ ဒီပါဠိလေးက ဆိုလိုတာပါ။ တကယ်တော့ လည်း ဒီစကားလုံးလေးဟာ မြင့်မြတ်သူတွေအတွက် ရည်ရွယ်တယ်ဆိုယင် ပိုမှန်ပါလိမ့်မယ်။ စာရေးသူ အတွက်တော့ သာသနာပြုဆိုတဲ့စကားလုံးဟာ ဟိုခပ်ဝေးဝေးမှာပါ။

ဒီစကားလုံးဟာလည်း လူတိုင်းနဲ့ ထိုက် တန်ခွင့်တော့ ရှိမယ်မဟုတ်ဘူးလို့ တွေးမိပြန်တယ်။ ဘာ့ကြောင်းလဲလို့ဆိုယင် ဒီစကားလုံးကို စတင်သုံးနှုန်း တဲ့အချိန်မှာ တကယ်ဖြူစင်တဲ့ပုဂ္ဂိုလ်တွေချည်း ဖြစ်နေလို့ပါ။ သာသနာပြုဆိုတာက အတွေ့အကြုံဆိုတဲ့ အချိန်ရယ်၊ ကျင့်သုံးပြီးတဲ့ရလဒ်ရယ်၊ အသက်အရွယ်ရယ်၊ ပညာရယ် ဒါတွေပြည့်စုံမှာသာ ခေါ်ခွင့်ရှိမှာပါ။ ဒါကိုပဲ ခပ်မြင့် မြင့်ပြောကြည့်မယ်ဆိုယင်တော့ သီလ၊ သမာဓိ၊ ပညာ ပြည့်စုံဖို့ လိုအပ်တယ်ပေါ့။ ဟုတ်ပါတယ်။ စာရေးသူ ဒီခရီးသွားရခြင်းဟာ ဒေသန္တရဗဟုသုတပါ။ (conservative)ကွန်ဆာဗေးတစ်သမားများကတော့ ဒီခရီးဟာလိုအပ်ပါသလားလို့ မေးနိုင်ပါတယ်။ မေးခွင့်လည်း ရှိပါတယ်။ ဒါပေမယ့် (liberal)လစ်ဘရယ် သမားကတော့ လိုအပ်ကောင်း လိုအပ်တယ်လို့ ပြောနိုင်ပါတယ်။ ဘာဘဲဖြစ်ဖြစ် ဒီခရီးကိုတော့ စမိခဲ့ပါပြီ။

ဒီနေရာမှာ ပြောကြည့်ချင်တာ တစ်ခုရှိတယ်။ စာရေးသူအမှတ်မမှားခဲ့ဘူးဆိုယင် ဒီစကားလေးဟာ အိန္ဒိယ စာရေးဆရာ ရာဟုလာသံကိစ္စည်းရဲ့ စကားလို့ ထင်ပါတယ်။ ဘာလဲဆိုယင် “ တသွင်သွင် စီးဆင်းနေတဲ့ ရေဟာ သန့်ရှင်းကြည်လင်တယ်။ ရပ်တံ့နေတဲ့ရေဟာ အမှိုက်သရိုက်တွေနဲ့ ညစ်နွမ်းစေတယ်” ဆိုတာပါ။ အဲဒီရဲ့ နောက်ဆက်တွဲ စကားလေးက ဒီလိုပါ။ “ခရီးသွားနေသူဟာ ငြိကပ်မှုတွေ ကင်းတယ်”လို့ ဆိုပါတယ်။ ဒီစကားလေးဟာ ခရီးသွားဖို့အစီအစဉ်ဆွဲနေသူ စာရေးသူအတွက်တော့ ကိုင်ဆွဲလာရမယ့် အကိုးအကား အထောက်အထားလေးတစ်ခုပါ။

စာရေးသူ ယခုလို အတိတ်ရဲ့ဖြတ်သန်းခဲ့ပြီးတာတွေကို ပြန်လည်ဖော်ထုတ်ပြနေခြင်းဟာလည်း နောက်ထပ်ဖြတ် သန်းနေခြင်း အမျိုးအစားတစ်ခုလို့လည်း ဆိုရမှာပါ။ ရှေ့စကားလုံးလေးတွေနဲ့ နောက်လာမယ့် စကားလုံးတွေ အတွက် အဆက်အစပ် ပြတ်မသွားစေဖို့အတွက် ဒီစကားလုံးလေးတွေနဲ့ ပြန်စကြည့်ချင်ပါတယ်။ အဲဒါကတော့ အိန္ဒိယကနေ ပြန်လာလို့ သီဟိုလ်ကို ပြန်ရောက်နေတယ်ဆိုတာပါ။

ဒီခရီးဟာ ပညာရေးအတွက်လည်းမဟုတ်သလို သာသနာပြုအတွက်လည်း ပုံဖော်လို့ မရတဲ့အတွက် အတော့် ကို စိတ်ထဲမှာ လွတ်လပ်ပေါ့ပါးပါတယ်။ သီဟိုလ်ပြန်ရောက်လို့ သုံးလတာမျှ ကြာမြင့်လို့လာတဲ့အခါမှာတော့ ဒီခရီးကို သူငယ်ချင်းတွေနဲ့ အတူတကွသွားဖို့ စီစဉ်မိခြင်းပါ။ မြန်မာနိုင်ငံမှာကတည်းက ဒီနိုင်ငံတွေရဲ့ အမည်က စာရေးသူပတ်ဝန်းကျင်မှာ ကြားနေရတာဆိုတော့ သိပ်တော့မစိမ်းလှပါဘူး။ လေယာဉ်လက်မှတ်ကိစ္စ၊ ဗီဇာကိစ္စ တွေ လုပ်ပြီးတဲ့ နောက်မှာတော့ သွားဖို့အတွက် အားလုံးအစဉ်သင့်ပါ။ ဒီတစ်ခေါက် သီဟိုလ် လေယာဉ်ကွင်း ပြန်ရောက်တယ်ဆိုယင်ပဲ အမည်မသိတဲ့ ရင်ထဲက ဝေဒနာလို့များ ပြောခွင့်ရှိမလား ဒါမှမဟုတ် ခံစားမှုလို့များ ပြောခွင့်ရှိမလားမသိပါ။ တစ်မျိုးကြီးပါ။ လိုက်ပို့တဲ့သူငယ်ချင်းများစွာက ဒီဝေဒနာကိုများ ပိုလို့ တိုးစေသလား တော့ ပြောဖို့ခက်ပါတယ်။ လာကြိုတုန်းက သူငယ်ချင်းများစွာဟာ အားဖြစ်စေနိုင်ပေမယ့် ခုအပြန်ကျတော့ အင်အားကို နုံချိစေခဲ့ပြီလား။ ဖြစ်နိုင်ပါတယ်။ ခုတစ်ခါထွက်ခွါခြင်းကတော့ နောင်ဘယ်အချိန်မှ ပြန်လည် ရောက်ပါဦးမလဲဆိုတာပါပဲ။

ဒီလိုနဲ့ လေယာဉ်ပေါ် နောက်ထပ်တဖန် ရောက်လို့လာခဲ့ပြန်ပါပြီ။ ခုစီးရမယ့်လေယာဉ်ကတော့ အတော့်ကို ကြီးမားတာပါ။ မော်လဒိုက်နိုင်ငံကနေ သီဟိုလ်ကို ၀င်လာတာပါ။ ခရီးသွားဧည့်သည်ဟာ ခုံအပြည့် မဟုတ် ယင်တောင် အနည်းငယ်လောက်သာ ထိုင်ခုံလွတ်ရှိမှာပါ။ လေယာဉ်စတင်လို့ ပျံသန်းပြီး မီနစ် နှစ်ဆယ် လောက်အကြာမှာပဲ စာရေးသူတို့ ဘုရားရှင်ကို တမ်းတလာရပါတယ်။ လူတွေဟာ အကြောက်တရားကို အကြောင်းပြုပြီး ကိုးကွယ်မှုကို ရှာဖွေကြတယ်ဆိုတဲ့စကားဟာ ဒီနေရာမှာ ပိုလို့မှန်မှာပါ။ ဒီခရီးတစ်ခု လုံးနီးပါး ဟာ ပင်လယ်ပေါ်က ဖြတ်သန်းနေတာပါ။ ဘာ့ကြောင့် ဘုရားကိုသတိတရ ရှိလာရပါသလဲဆိုယင် ဒီလိုပါ။

ကောင်းကင်ပေါ်တက်လာကတည်းက မိုးက အနည်းငယ်ရွာနေတာကို သတိပြုမိပါတယ်။ ဒါပေမယ့် ဒီလောက် ကြီးကျယ်လိမ့်မယ် မထင်ခဲ့ပါဘူး။ မိနစ် နှစ်ဆယ်လောက်အကြာမှာတော့ လေယာဉ်ဟာ လှုပ်ခါလို့နေပါပြီ။ ပထမတော့ မသိသာသေးပေမယ့် တဖြည်းဖြည်းနဲ့ ကြမ်းတမ်းလာပါတယ်။ လေယာဉ်ဝန်ထမ်းများကလည်း သတိပေးနေပါတယ်။ နိမ့်လိုက်မြင့်လိုက်နဲ့ လှုပ်လိုက် ခါလိုက်နဲ့ စာရေးသူတို့လည်း အတော်လန့်လာပါတယ်။ တစ်ချိန်မှာတော့ လေယာဉ်ရဲ့ လှုပ်ခါမှုအားဟာ စားစရာသောက်စရာတွေ လိုက်ပို့နေတဲ့တွန်းလှည်မှာရှိတဲ့ အရာ ၀တ္ထုတွေ အကုန်လွင့်စင်သွားပါတော့တယ်။ လေယာဉ်မယ်လည်း ထိန်းမနိုင် သိမ်းမရနဲ့ အနားမှာရှိတဲ့ ခုံကို အပြေးအလွှားကိုင်ထားရပါတယ်။ လေယာဉ်ကြီးဟာလည်း အောက်ကို တည့်တည့်ကျလာပါတယ်။

ဒီလေယာဉ်ကြီးမှာ ဘာသာမျိုးစုံပါဝင်တဲ့အတွက် အားလုံးဟာ ကိုယ့်ဘုရားကို တမ်းတနေကြမှာပါ။ သူ့ကိုယ်ကြည့် ကိုယ့်သူကြည့်နဲ့ အားငယ်စရာအကောင်းဆုံးအချိန်ဟာ အဲဒီအချိန်လို့များ ဆိုရမလားပဲ။ လူသားရဲ့အသိညဏ်က သဘာဝလောကကို အနိုင်ယူနိုင်မလား ဒါမှမဟုတ် သဘာဝလောကကြီးကပဲ လူ့အသိညဏ်ကို ဖြိုခွင်းမလား ဆိုတာ မသိနိုင်ပါ။ စာရေးသူလည်း ရွတ်ဖတ်သရဇ္ဈယ်လိုက်တာ အလွတ်ရထားသမျှ ကုန်သလောက်ပါပဲ။ ဒီတစ်ချီတော့ သွားပြီ ပင်လယ်သမုဒ္ဒရာထဲ ထိုးကျပြီး ငါးစားဖြစ်မှာတော့ ကျိန်းသေပဲပေါ့။ ဟန်ကိုယ့်ဖို့ ဆိုပေမယ့် စိုးရိမ်စိတ်က တကယ်တော့ ငယ်ထိပ်တက်နေတာပါ။ သွားနေကြ လေယာဉ်မယ်တွေတောင် တုန်လှုပ်နေတဲ့ ဒီခရီးဟာ စာရေးသူတို့လို့ ရံခါစီးတဲ့သူများအတွက်တော့ ပြောစရာတောင်လိုမယ်မထင်။ စာရေးသူဘ၀မှာ ရင်အခုန်ဆုံးအချိန်ဟာ ဒီအချိန်ဖြစ်ပါလိမ့်မယ်။ အဓိပ္ပါယ် ကွဲပြားခြားနားမှုတွေ ရှိနေပေမယ့် ရင်ခုန်ခြင်းလို့ပဲ ဒီနေရာမှာ ဆိုကြည့်ချင်ပါတယ်။

ကံကောင်းခြင်းဆိုတဲ့ ဆုလာဒ်ဟာ ကိုယ့်ဘက်မှာရှိနေသေးတော့ လေယာဉ်ဟာ တဖြည်းဖြည်း ငြိမ်သက်လာ ပါတယ်။ လေယာဉ်မောင်းသမားရဲ့ ကျွမ်းကျင်မှုလို့ဆိုပါက ပိုလို့သင့်တော်မှာပါ။ ဒါပေမယ့် ည တစ်နာရီလောက် က စီးခဲ့တဲ့ ဒီလေယာဉ်ပေါ်မှာ တဒိတ်ဒိတ်ခုန်နေတဲ့ရင်ကို ဖိနှိပ်ယင်း တမှေးမျှ အိပ်စက်မရတော့ပါဘူး။ မိုးသက်လေပြင်းများခေါ်မလား တိမ်တိုက်တွေထူပြောတယ်လို့ ပြောလို့ရမလား မသိပါ။ တည်ငြိမ်သွားပြီ ဆိုတာကို ကြေငြာပြီးတဲ့နောက်မှာတော့ ပုံမှန်အတိုင်း လေယာဉ်ဟာ ပျံသန်းလို့ လာပါတယ်။ လေယာဉ်ထွက်ခွါ လာလို့ သုံးနာရီလောက် ကြာတဲ့အခါမှာတော့ လေဆိပ်ကို ဆိုက်တော့မယ်ဆိုတာ ကြေငြာခဲ့ပါတယ်။ ဒီအသံကို ကြားရတဲ့အပျော်ဟာ မှန်းဆလို့မရနိုင်တဲ့အပျော်ပါ။ အော် နောက်ထပ်ဖြတ်သန်းဖို့ ငါ့မှာ အခွင့် အရေးတွေ ရှိနေသေးပါလားလို့ သိရှိခွင့် ရလိုက်လို့ပါပဲ။

လေယာဉ်ဖြတ်သန်းခြင်းကိစ္စကတော့ အောင်မြင်ခဲ့ပါပြီ။ နောက်ထပ်ဖြတ်သန်းဖို့ဆိုတဲ့ အင်မီဂရေးရှင်း ကိစ္စက လည်း ရှိပါသေးတယ်။ ဒါပေမယ့် ယခုနလောက် စိုးရိမ်မှုမရှိခဲ့ယင်တောင် အတိုင်းအတာတစ်ခု အထိတော့ စိုးရိမ်မှုက ရှိသေးတာပါ။ ဒီနေရာမှာ တွေးမိတာက ဒီလိုပါ။ လူသား တစ်ယောက်အဖြစ်ရယ်၊ နိုင်ငံတစ်ခုရဲ့ ပတ် စပို့အစစ်အမှန်တစ်ခုရယ်၊ နိုင်ငံတစ်ခုကို ၀င်ရောက်ခွင့်ဗီဇာရယ်၊ လေယာဉ်လက်မှတ်ရယ်၊ show money-ပြဖို့ရယ် ဒါတွေ ပြည့်စုံနေပါရဲ့ လူသားချင်းအတူတူ အခွင့်အရေးတွေ ဘာ့ကြောင့်များ မညီမျှရ ပါသလဲ၊ ဘာ့ကြောင့် ဒီစိုးရိမ်စိတ်တွေ ၀င်ခဲ့ရပါသလဲ။

ဒီအတွေးတွေရဲ့ အဖြေမရမီမှာပဲ အင်မီဂရေးရှင်း ဂိတ်တစ်ခုကို အားလုံးအတူတူ ရောက်လာခဲ့ကြပါတယ်။ တန်းစီနေကြတဲ့အချိန်မှာ စာရေးသူတို့အတန်းက လူများစွာ ကျန်ပါ သေးတယ်။ နောက်ဆုံးမှာတန်းစီနေတဲ့ စာရေးသူကို လူလွတ်နေတဲ့ ဂိတ်က ၀န်ထမ်းအမျိုး သမီးက လက်ယပ် ခေါ်နေပါတယ်။ သွားရကောင်းနိုးနိုး မသွားရကောင်းနိုးနိုးနဲ့ နောက်ဆုံးမှာတော့ ဖြစ်သမျှ အကြောင်း အကောင်းပဲဆိုပြီး အဲဒီဝန်ထမ်းအမျိုးသမီးဆီ သွားလိုက်ပါတယ်။ ဂိတ်ရောက်တယ်ဆိုယင်ပဲ ပတ်စပို့ကို ပေးလိုက်ပါတယ်။ စာရေးသူကို ပြုံးပြပြီး ချက်ချင်းပဲ တံဆိပ်တုံးထုပေးပြီး သွားနိုင်ပြီဆိုတဲ့ လက်အမူ အရာ ပြပါတယ်။ ဒါနဲ့ ရှေ့ဆက်လျှောက်သွားခဲ့တယ်။ သူငယ်ချင်းဖြစ်သူများမှာတော့ အင်မီဂရေးရှင်း ဂိတ်ပေါက်က နောက်ထပ် နှစ်နာရီလောက်ကြာမှ ထွက်ခွါလာခဲ့နိုင်ပါတယ်။

ပစ္စည်းတွေအားလုံး ယူပြီးလို့ လေယာဉ်ကွင်းက ထွက်ခွါလာတယ်ဆိုယင်ပဲ အော် ငါ နောက်ထပ်ဖြတ်သန်းမှုတစ်ခုကို ဖြတ်သန်းခဲ့ပါပြီလားလို့ တွေးမိပြန် ပါတယ်။ ဒီလိုဖြတ်သန်းမှုလေးတွေကို ကျော်ဖြတ်နိုင်ခဲ့တာကပဲ နောက်ထပ်အသစ်သစ်သော ဖြတ်သန်းမှုများ အတွက် အင်အားဟုဆိုပါလျင် မြန်မာအများ ကျင်လည်ကျက်စားရာ မလေးရှားနိုင်ငံမှာ စာရေးသူ နေပျော် နေဦးမှာပါ။









0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP