* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, April 10, 2010

အတွေးနှစ်ဦး တန်ခူးလေပြေ

Written by Administrator | PDF | | Print | | E-mail

Resized_Nanika-တစ်နှစ်ကူးတော့မယ်၊ နှစ်သစ်တစ်ခုထဲကို ရောက်တော့မယ်၊ နှစ်ဟောင်းတစ်ခု ကုန်တော့မယ်လို့လည်း ပြောနိုင်ပါတယ်၊ အပြောင်း အလဲတစ်ခု၊ အဟောင်းအသစ်ရဲ့ ရွေ့လျားမှု၊ ၊ အဟောင်းအဟောင်းတို့ ပျောက်သွားလျင် အသစ်အသစ်တို့ ရောက်လာ တတ်တာဟာ သဘာဝပါပဲ။ ဆိုတော့ ၊ အသစ်နဲ့ အဟောင်း၊ အဟောင်းနဲ့အသစ်၊ ဖြစ်စဉ်တစ်ခုရဲ့ နိယာမ ၊ အမှတ်တရ တွေးကြည့်မိပါတယ်၊ အသစ် တိုင်းဟာ အကောင်းချည်းပဲလို့ မဆိုသာသလို အဟောင်းတိုင်းလည်း အဆိုးချည်း မဟုတ်ပါဘူး၊ အဟောင်းတွေကုန်လို့ အသစ်တွေက အစားထိုး ရတာရှိသလို အဟောင်းတွေနဲ့ မဆိုင်လှပဲ ဖြစ်စဉ်အရ အသစ်အသစ်တွေ ပေါ်ပေါက်ရတာလည်း ရှိရဲ့၊ အဟောင်းတွေဘယ်လို ကောင်း ကောင်း ပြောင်းချိန်တန်လျင်ဖြင့် ပြောင်းရစမြဲ၊ အသစ်တွေ ဘယ်လိုဆိုးဆိုး အစားထိုးဖို့ အချိန် ရောင်လျင်ဖြင့် အဲဒီအဆိုးတွေက အစားထို့လို့ ဝင်လာကြမြဲ။ သဘာဝဖြစ်စဉ်တွေက အချိန်မှန်လှစွာ သူ့သံသရာ သူလည်မြဲ။ ရွက်ဟောင်းတွေ ကြွေချိန်ရောက်လျင်ဖြင့် လှုပ်ခတ်မည့် လေကို စောင့်စားမနေပါပဲ အလိုက်တသင့် ကြွေတတ် ကြမြဲ။ ဒါဟာဖြင့် သဘာဝအလှ တရားရဲ့ နိဟာမတစ်ခုသာပဲပေါ့။

ထပ်ပြီးပြောလိုက် ရလျင်ဖြင့် နှစ်တစ်နှစ်ကတော့ မကြာမီကုန်ဆုံးတော့မယ်။ နှစ်ဟောင်းကုန် ပျောက် နှစ်သစ်ကိုရောက်တော့မယ်။ အသက်တွေလည်း တစ်နှစ်ကြီးတော့မယ်။ အသက်ကြီး တယ်ဆိုတာမျိုး၊ တိတိကျကျ ဆိုရလျင်တော့ အိုမင်းရင့် ရော်လာတယ်ဆိုတာမျိုးကို လူတိုင်းနီးပါး လောက်က လက်ခံချင်ကြတာမျိုးမှ မဟုတ်တာကလား။ သို့ပေမယ့် လောကမှာက လက်မခံချင်ပဲ လက်ခံလိုက်ရတဲ့အရာတွေဆိုတာက အများသားပဲလေ။ အဲတော့ပေါ့။ တစ်နှစ် ကြီးသွားခြင်း ဆိုတာကလည်း လက်မခံခြင်းပဲ လက်ခံလိုက်ရတဲ့ အရာများစွာထဲက တစ်ခုပဲပေါ့။

ပိုဆိုးတာက ခုလို အသက်ကြီးတာကို လက်မခံချင်ပဲ လက်ခံလိုက်ရခြင်းက စာရေးသူမှာ လက်မခံချင်ပဲ လက်ခံခဲ့ရတဲ့ အဟောင်းတွေကိုလည်း ပြန်လည်သတိရစေတယ်။ အသစ်ပြ န်ဖြစ်စေတယ်။ နောက်ပြီး လက်မခံချင် ပဲလက်ခံနေရတဲ့ လက်ရှိအရာတွေပေါ်မှာလည်း ပိုပြီးစိတ်ရောက်စေတယ်။ လက်ခံနေရတဲ့ အရာတွေထဲမှာက လိုချင်တာ မရတဲ့အရာတွေရှိသလို မလိုချင်တာတွေ ရနေရတဲ့ အရာတွေလည်း ပါဝင်နေတယ်၊ တိတိကျကျ ဆိုရလျင်ဖြင့် လိုချင်တာ မရတာထက် မလိုချင်တာတွေ ရရနေရတာတွေက ပိုပါတယ်။ လိုချင်တာ မရခြင်း ကြောင့် ကြုံနိုင်တဲ့ဆင်းရဲဆိုတာနဲ့ ဝေးရအောင် လိုချင်မှုဆိုတာကို ပယ်ခြင်းနဲ့ အစားထိုးရနိုင်ပမယ့် မလိုချင် တာတွေ ရရနေတတ်တာအတွက် အခြားအရာနဲ့ အစားထိုးဖို့က ခက်သားကလား။

မလိုချင်တာတွေ ရရနေတယ်ဆိုလို့ မလိုချင်တဲ့ ရုပ်ဝတ္ထုပစ္စည်းတွေ ရနေတယ် ရယ် လို့ပြောချင်တာ မဟုတ်ပါဘူး။ မလိုချင် မနှစ်သက်တဲ့ အယူအဆတွေ၊ မလိုက်နာလိုတဲ့ ဥပဒေသ တွေကို မလိုပဲ ရရနေတယ်လို့ ဆိုချင်တာပါ။ အချိန်တွေကုန် ၊ အသက်တွေပြောင်း ၊ အရာရာ ပြောင်းလဲနေတဲ့ လောကဖြစ်စဉ်ကြားမှာ ပြောင်းသင့်ပါ လျက်၊ ပြောင်းချိန်ရောက်ပါလျက်ကယ်နဲ့ မပြောင်းပဲ ကန့်လန့်ခံနေတဲ့ အရာမျိုးတွေကို တွေ့တွေ့နေရခြင်းကတော့ မလိုချင်ပဲ ရရနေတတ် တဲ့ အထဲမှာ အဆိုးရွားဆုံး တစ်ခုသာပ။

The flowers depart when we hate to lose them; the weeds arrive while we hate to watch them grow. ( Dozen)

သူတို့တတွေ ကိုယ့်တို့ကို ခွဲခွါသွားမှာကို စိုးရွံ့နေစဉ်မှာပဲ ပန်းပွင့်လေးတွေက ကိုယ်တို့ကို စွန့်ခွါသွားကြတယ်၊ ပေါင်းမြက်ပင်တွေကျပြန်တော့ သူတို့တွေရောက်လာမှာကို အလိုမရှိပေမယ့် မဖိတ်ခေါ်ပဲ ကိုယ်တို့ဆီကို ဆိုက်ရောက်လာခဲ့ကြတယ်၊ (နောက်ပြီး ကိုယ်တို့ရဲ့ ဥယျာဉ်ထဲမှာ ပိုင်စိုးပိုင်နင်း) ရှင်သန်ကြီးထွားလို့နေကြတယ်။ ဆရာကြီးတစ်ဦးပြောသလို ချစ်သူတို့သက်တမ်း တိုလှ၏၊ မုန်းသူတို့သက်တမ်း ရှည်လှ၏၊ ကြေကွဲ၍ မဆုံးပါ ဆိုသလိုပါပဲ။

ဟုတ်လိုက်လေ၊ ချစ်သူတွေက အကြွေစော၊ မုန်းသူတွေကြ ရှည်နိုင်ကောပေါ့။ ၀မ်းနည်းဖွယ် နိယာမပေါ့လေ။လူသားတွေဆိုတာ ကြိုက်နှစ်သက်ပုံခြင်း မတူသလို တန်ဖိုးထားပုံခြင်းလည်း မတူတတ်ကြပါဘူး။ ဒါကြောင့် ဘဝအတွက် စံပြုဖွယ်ရယ်လို့ မှတ်ယူကြတဲ့အရာတွေဟာလည်း တစ်ဦးနဲ့တစ်ဦး မတူကြပါဘူး။ ကိုယ်တစ်ဦး တည်းရဲ့ ကိုယ်ပိုင်ခံယူချက်အရဆိုလျင်ဖြင့် ဖြူစင်မှု၊ ငြိမ်းချမ်းမှုနဲ့ လွတ်လပ်မှု တွေဟာဆိုလျင် နေပျော်ဖွယ် ဘဝတစ်ခုဖြစ်စေဖို့ အဓိက ပင်မတန်ဆာ တွေပါလို့ပြောချင်ပါတယ်။ ဒါကြောင့် ကိုယ့်ဘဝကို ကိုယ်တိုင်ဖန်တီး တည်ဆောက်နိုင်ဖို့ အခွင့်အလမ်းရ ကတည်းကစလို့ တတ်နိုင်သမျှဖြူစင်အောင်၊ ငြိမ်းချမ်းအောင်၊ လွတ်လပ်မှု ရှိအောင်ဆိုပြီး ကြိုးစားနေထိုင်ခဲ့ပါတယ်။ သို့ပေမယ့် ဘယ်အတိုင်းအတာထိ ဖြူစင်တယ်။ ငြိမ်းချမ်းသူတစ်ဦး ဖြစ်လေသလဲဆိုတာကတော့ ကိုယ်ကိုယ်တိုင်ပြောပြဖို့ ခက်ခဲလှပါတယ်။ ဘာကြောင့်လည်း ဆိုရင်ဖြင့် တစ်ချို့ အရာတွေကျ ကိုယ့်အနေနဲ့ ဖြူစင်မှု အရိုးခံ သက် သက်ရယ်လို့ အထင်ရှိပေမယ့် အများအမြင်မှာတော့ ဆန့်ကျင်ဖက် အဓိပ္ပါယ် ဖြစ်သွား တာမျိုးလည်း ရှိနိုင်တတ်တာကိုး။ ငြိမ်းချမ်းမှုမှာလည်း အလားတူပါပဲ။ တခါတရံမှာ ကိုယ့်အတွက် ငြိမ်းချမ်းမှုက တစ်ပါးသူတွေအတွက် အပူပေးသလိုဖြစ်နေတတ်ပြန်ရော။

လွတ်လပ်မှုကို ပြောရလျင်တော့ ခုချိန်ထိနည်းနေသေးတယ်လို့ ဆိုရမှာပါ။ ဒါကတော့ သိသာထင်ရှားတဲ့ လက္ခဏာ တစ်ခုဖြစ်သလို မကြာမကြာလည်း ဒီလိုခံစားမိရတာကြောင့် တိတိကျကျပြောနိုင်ခြင်းဖြစ်ပါတယ်၊ အများအားဖြင့်တော့ အချုပ်အနှောင် အထုံးအဖွဲ့တွေနဲ့ ကိုယ့်ကိုယ်ကို ပြန်လည်ကွပ်ညှပ်ထားလို့ မလွတ်လပ် တာထက် လူ့အသိုင်းအဝိုင်းမှာ နေထိုင် ရတာ ဆိုလေတော့ ပတ်ဝန်းကျင်ကလက်ခံထားတဲ့ စံနှုန်းတွေကို လက် မခံလိုပဲ လက်ခံရတာကြောင့် လွတ်လပ်မှုတွေ နည်းနေရတယ်လို့ မကြာမကြာ အထင်ရောက်နေ မိတတ်ခြင်းပါ။ ဒီအထဲက သတ်မှတ်စံနှုန်းတစ်ချို့ဆိုလျင် လူ့ပတ်ဝန်းကျင်အတွက် ဘာတစ်ခုမှ ကောင်းကျိုး မဖြစ်စေနိုင်သလို လိုက်နာရသူ အတွက်လည်း အလွန်စိတ်မသက်မသာဖြစ်စေတတ်လို့မို့ ခါးသီးစွာလိုက်နာနေရတယ်လို့ မြင်နေမိ တတ်ပါတယ်၊ ဒါတွေကို အရှည်သဖြင့် လိုက်နာပြီးမှ နေနိုင်ပါ့မလားရယ်လို့လည်း ကိုယ့်ကိုယ်ကို ပြန်လည်မေး ခွန်းထုတ်နေမိ တတ်ပါတယ်။ ကန့်သတ်မှုတွေအောက်မှာ မွန်းကြပ်စွာ အသက်ရှင်ရင်း လွတ်လပ်ခြင်း တေးသီချင်းတစ်ပုဒ်ကို ဆိုဖို့ဆိုတာ မဖြစ်နိုင်တာကြောင့် လွတ်လပ်ခြင်းတေးကို အနှောင်အဖွဲ့ကင်းကင်း သီဆိုနိုင်ဖို့ တောင့်တောင့်တတ မျှော်လင့်လို့ နေမိတတ်ပါတယ်။ ကိုယ်တောင့်တတဲ့ အရာကို တကယ်အရယူ နိုင်မယ်ဆို ရင်ဖြင့် အာဂစွမ်းအားရှင်ငါပဲလို့ ကိုယ့်ကိုယ်ကို ချီးမွမ်းထောမနာ ရမှာပါ။ သို့ပေမယ့် ခုထိတော့ ဒီလိုဖြစ်နိုင်ဖို့က ရေရာမှုကင်းတဲ့ အိက်မက်တွင်းဇာတ်လမ်း အခင်းအကျဉ်းတစ်ခုအနေပဲ ရှိပါသေးတယ်။ မကြိုလင့် လက်မကမ်း လိုတဲ့အရာတွေ ရောက်ရောက်လာတတ်ပြီး မှန်းမျှော်ကြိုလင့်တဲ့အရာတွေ မရောက်လာနိုင်ခဲ့ တာဟာလည်း ဘဝမှာ ယဉ်ပါးအသားကျနေတဲ့ ဖြစ်စဉ်တစ်ခုပါပဲ။ အစိန္တိတမ္ပိ ဘဝတိ၊ စိန္တိတမ္ပိ ဝိနဿတိ-မကြံရွယ်တဲ့အရာ တွေကဖြစ်လာတတ်ပြီး ကြံရွယ်ချက်တွေက ပျက်ပြယ်သွား တတ်တယ် ဆိုမဟုတ်လား။ ဒီတော့လည်း ဒီတော့ ပေါ့။

ဗုဒ္ဓကတော့ ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော၊ အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော- မြတ်နိုးချစ်ခင် ရသူတွေနဲ့ ကွေကွင်းခွဲခွါရခြင်းဟာ ဆင်းရဲ။ ရွံရှာမုန်းတီးရသူတွေနဲ့ ပေါင်းသင်းဆက်ဆံ နေရခြင်းဟာလည်း ဆင်းရဲ-လို့ မိန့်တော်မူပါတယ်။ နောက်ပြီး ယမ္ပိစ္ဆံ နလဘတိ ၊ တမ္ပိ ဒုက္ခံ- ရယ်လို့လည်း ဆက်လက်မိန့်တော် မူပြန်ပါတယ်။ အဓိပ္ပါယ်ကတော့ လိုချင်တဲ့ အရာတွေကို မရရှိနိုင်ခြင်းဟာလည်း ဒုက္ခတစ်မျိုးပါပဲတဲ့။ ဟုတ်ပါရဲ့ လိုချင်တဲ့ အရာကို မရနိုင်လို့ အလိုမကျ ဆင်းရဲနေကြရ သူတွေဆိုတာ များမှများပါပဲ။ ကိုယ်လည်း သန်းပေါင်းများစွာသော လူသာများထဲက တစ်ဦးပေါ့။ အင်း ထိတွေ့ခံစားနေရတဲ့ ကိုယ့်လူမျိုးတွေရဲ့ လူမှုဘဝဒုက္ခတွေကို ကြည်လင် အေးမြတဲ့သင်္ကြန်မိုးရေက ဆေးကြောပေးနိုင်ပါစေသား။ လတ်ဆတ်သန့်ရှင်းတဲ့ တန်ခူးလေပြေက ပြယ်လွှင့်နိုင် ပါစေသားလို့ ဆုတောင်းစကားဆိုလိုက်ပါရဲ့။ ။

အို့  ကြိုဆိုအသစ် ၊ ထားရစ်ခဲ့ပေါ့ ၊ အဟောင်းရက်တွေ ၊ နှောင်းပြက္ခဒိန်မှာ။ ။

အရှင်ဉာဏိကာဘိဝံသ

(ကာလီဖိုးနီးယားတက္ကသိုလ်)



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP