* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, February 20, 2010

၃၁။ အမ္ဗပါလိထေရီ


အမ္ဗပါလိဘိက္ခုနီ အလောင်းအလျာသည် လွန်ခဲ့သော ကိုးဆယ့်နှစ်ကမ္ဘာထက်၌ ပွင့်တော်မူသော ‘ဖုဿမြတ်စွာဘုရား’ ၏ နှမတော်ဖြစ်၏။ မြတ်စွာဘုရား၏ တရားတော်ကို နာယူကာ ကြီးစွာသော အလှူကြီးကို ပေးလျက် အဆင်းလှခြင်းကို ဆုတောင်းခဲ့လေသည်။

ထိုနောက် သုံးဆယ့်တစ်ကမ္ဘာထက်၌ ပွင့်တော်မူသော ‘သိခီမြတ်စွာဘုရား’ လက်ထက်တော်ဝယ် အရုဏဝတီ ပြည်တွင် ပုဏ္ဏားမျိုး၌ ဖြစ်လေသည်။ မြတ်စွာဘုရား၏ တရားတော်ကို နာကြားရသဖြင့် ရဟန်းမိန်းမ ပြုလုပ်သည်။ တစ်နေ့သ၌ များစွာသော ရဟန်းမိန်းမတို့နှင့် အတူတကွ စေတီတော်ကို ရှိခိုး၍ လက်ယာရစ် လှည့်ခြင်းကို ပြုသည်ရှိသော် ရှေ့မှသွားလင့်သော ခီဏာသဝ ရဟန္တာမိန်းမသည် ချေဆတ်မိချေသည်။

ရဟန္တာမိန်းမ ချေဆတ်ရာမှ တံတွေးပေါက်သည် စေတီတော်ရင်ပြင်ပေါ်၌ ကျသည်ကို ရဟန္တာမိန်းမကြောင့် ဟု မမြင်မသိဘဲ နောက်မှ ရောက်လာသော အမ္ဗပါလိ အလောင်း ရဟန်းမိန်းမသည် ထိုတံတွေးပေါက်ကို မြင်လျှင် “အဘယ် ပြည့်တန်ဆာမသည် စေတီ ရင်ပြင်၌ တံတွေးပေါက်ကို ချပါလိမ့်နည်း” ဟု ဆဲဆို ရေရွတ်မိပေသည်။

ထိုဆဲဆိုမိသော ဘိက္ခုနီမသည် သီလကို စောင့်ရှောက်ထိန်းသိမ်း၍ ‘ပဋိသန္ဓေအမိဝမ်း၌ နေရသည်ကို ကြောက်လှသဖြင့်’ ဥပပါယ် ပဋိသန္ဓေ အဖြစ်၌ စိတ်ကို ထား၍ စိတ်ကို ညွှတ်၏။ ယင်း ဘိက္ခုနီ စုတေသောအခါ ရဟန္တာအရှင်မကို နှုတ်ဖြင့် ပြစ်မှားဖူးသော မကောင်းမှုကံကြောင့် ငရဲ၌ကျက်၏။

ငရဲမှ လွတ်သော်လည်း ဘဝပေါင်း တစ်သိန်းပတ်လုံး ပြည့်တန်ဆာမ ဖြစ်ရ၏။ ထိုနောက် ဤကမ္ဘာအတွင်း၌ ပွင့်တော်မူသော ကဿပ မြတ်စွာဘုရား သာသနာတော်၌ ရဟန်းမိန်းမ ဖြစ်ပြန်၏။ ထိုကုသိုလ်ကံ အကျိုးပေးပြန်သဖြင့် နောက်ဘဝတွင် တာဝတိံသာနတ်ပြည်၌ ဖြစ်လေ၏။

ယခုနောက်ဆုံးဖြစ်သော ဘဝ၌ကား သုံးဆယ့်တစ်ကမ္ဘာထက်က သီလစောင့်သုံး၍ ‘ဥပပါတိက ပဋိသန္ဓေ’ ကို စိတ်ဖြင့် တောင့်တလိုလားခြင်း ရှိသောကြောင့် ကံအားလျော်စွာ ဝေသာလီပြည် လိစ္ဆဝီမင်းတို့၏ ဥယျာဉ်တော်တွင်း သရက်ပင်ရင်း၌ တစ်ဆယ့်ငါးနှစ် တစ်ဆယ့်ခြောက်နှစ် အရွယ် ကောင်းကင်ကျ ‘ဥပပါတိက’ ဖြစ်၍ အမ္ဗပါလိ ဟူသော အမည်ဖြင့် မှည့်ခေါ်ကြကုန်၏။

ဥပပါတိက ကောင်းကင်ကျ ဖြစ်၍ နတ်မမီလူမက အလွန်လှသော အဆင်းရှိရကား မင်းသားအများတို့သည် အလုံးစုံ ဝိုင်းဝန်းကာ ရောက်လာကြကုန်၍ ကြည့်ရှုကြကုန်၏။ ဥယျာဉ်တော်အတွင်း သရက်ပင်ရင်း၌ ဥယျာဉ် စောင့်သောသူသည် ထိုမိန်းကလေးကို မြင်၍ အမျိုးအဆွေ မိဘ စသည်တို့ကို မေးမြန်း၏။ ဥပပါတိက ကောင်းကင်ကျ ဖြစ်ရကား ဆွေမျိုး မိဘတို့ကို အဘယ်မှာ မေးမြန်း၍ ရနိုင်ပါမည်နည်း။

ဆွေမရှိ မျိုးမရှိ အမိအဖ ရှာမရသော မိန်းကလေးသည် မင်း၏ ဥယျာဉ်တော်အတွင်း၌ တွေ့သောကြောင့် မင်းတို့သာလျှင် ပိုင်ထိုက်၏ဟု မင်းဘဏ္ဍာပြုပြီးလျှင် ဝေသာလီမင်း အပေါင်းတို့သည် ကိုယ်စီ ကိုယ်စီ သိမ်းယူ၍ မယားပြုလိုကုန်ကြ၏။

သူ ရထိုက်သည်၊ ငါ ရထိုက်သည် စသည်ဖြင့် အချင်းချင်း ငြင်းခုံကြကုန်၏။ ထို ဝေသာလီ မင်းတို့၏ ငြင်းခုံခြင်းသည် ပြီးငြိမ်းခြင်း မရှိနိုင်၍ ဤ မိန်းကလေးကို တစ်ဦးတည်းသော မင်း မပိုင်စေရ၊ အလုံးစုံသော ဝေသာလီမင်းတို့ ပိုင်ထိုက်စေဟု ဆုံးဖြတ်ကြလေတော့၏။

ဤကား ရဟန္တာမကို ပြည့်တန်ဆာမဟု သုံးဆယ့် တစ်ကမ္ဘာထက်က ဆဲဆိုမိသော ဝစီကံ စီမံ တိုက်တွန်းသောကြောင့် မင်းသားအများတို့ ပိုင်ထိုက်စေဟု ဆုံးဖြတ်ခြင်းကို ခံရလေသတည်း။ မကောင်းမှု ကံကြွင်း ဝဋ်မကင်း၍ မင်းသားများနှင့် ဆက်ဆံရသော ပြည့်တန်ဆာမ ဖြစ်ရသတည်း။

၃၁။ အမ္ဗပါလိထေရီ အပိုင်း-၂ အားဆက်တင်ပါမည်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP