ကျက်သရေရိပ်
လောကကျက်သရေတွေထဲမှာ ကံပေါ်မှာ အမြင်မှန်ရေးရဲ့ နယ်ပယ်က တလောကလုံးရဲ့ နယ်ပယ်ကြီးဖြစ်တာမို့ အတော်ကျယ်ဝန်းပါတယ်၊ အထက်ဆင့်ဖြစ်တဲ့ အသိဉာဏ်တွေနဲ့ ထိုက်တန်ဖို့အတွက် ဒီနယ်ပယ်မှာ ထောင့်စုံအောင် လေ့ကျင့်ရင်း အသိမျိုးစေ့ကို အောင်မြင်ရင့် သန်စေရတာပါ၊ အထင်ရှားဆုံး သာဓကတစ်ခုကို ကြည့်မယ်ဆိုရင် မြတ်စွာဘုရားရှင်ဟာ ဒီကံနဲ့ ကံရဲ့ အကျိုးကို သိသိပိုင်ပိုင် လက်ခံနိုင်ရေးအတွက် လေကျင့်ရတဲ့ လောကီ နယ်ပယ် ဘ၀တွေဟာ လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်းတောင် ကြာခဲ့ပြီ နောက်ဆုံး သဗ္ဗညုတဉာဏ်ရဖို့မှာတော့ ကဆုန်လပြည့်နေ့ ညနေဆည်းဆာချိန်ကနေ နောက်နေ့ အရုဏ်ဆည်းဆာ မတိုင်မီအထိအတွင် အားလုံးပေါင်းမှ ဆယ်နှစ်နာရီခန့်လောက်ပဲ ကြာခဲ့တာမို့လား။
ဒါကြောင့် ဒီနယ်ပယ်က လောကကျက်သရေများနဲ့ ပတ်သက်လို့ အတော်လေး ထောင့်စုံအောင် ရေးမယ်လို့ နှလုံးသွင်းထားတာပါ၊ အခုလည်း စာရေးဖို့ ပြင်ဆင်နေတုန်းမှာပဲ ဆရာချစ်ဦးညိုရောက်လာပြီး ပင့်ဖိတ်စာ တစ် စောင် လာကပ်တယ်၊ ဆယ်နှစ်ကြိမ်မြောက် ဓမ္မစာဆို ပညာရှင်ကြီးများ ပူဇော်ပွဲတဲ့၊ ဒီနှစ်ပူဇော်မှာက ဓမ္မစာဆို ရဟန်းပုဂ္ဂိုလ်သုံးပါးနဲ့ လူပုဂ္ဂိုလ် ငါးယောက် ပါတယ်၊ ဒီအထဲမှာ မိမိရဲ့ ဘွဲ့အမည်ပါ ပါလာတော့“ အော် .. ငါလဲ အသက် ကြီးစာရင်းထဲ ၀င်နေပေါ့ကို၊”လို့ သံဝေဂပွားလိုက်မိသေးတယ်။
ဆရာချစ်က လူပုဂ္ဂိုလ်များကိုယ်စားတော့ ဆရာကြီး ဦးအောင်သင်းက သြ၀ါဒ စကားပြောဖို့ စီစဉ်ထားပါတယ်ဘုရား၊ ရဟန်းပုဂ္ဂိုလ်များ ကိုယ်စားတော့ အရှင်ဘုရားက အနုမောဒနာစကား နဲနဲပြောပေဖို့လဲ ကြိုတင်လျှောက်ထား ပါတယ်ဆိုတော့” ဘာများပြောလိုက်ရပါလိမ့်” လို့ စဉ်းစားရင်း နာဂစ်က ရောသ မ မွှေသွားတဲ့ တောင်စွန်းမြို့ရှိ မိမိရဲ့ ရွှေစေတီနဲ့ ဓမ္မဘေရီတောရက ပုံရိပ် များဆီ စိတ်က ရောက်သွားတယ်။
နာဂစ်မုန်တိုင်းကာလအတွင်းမှာ မိမိက ကျန်းမာရေးအတွက် ခွဲစိတ်မှု ခံယူရမှာဖြစ်လို့ ဘယ်မှလည်း မသွားနိုင်ဘဲ ရန်ကုန်မှာပဲ ရက်ချိန်းစောင့်နေခဲ့ရ တယ်၊ ဆရာဝန်ချိန်းတဲံ ရက်မှာပဲ နာဂစ်က ၀င်မွှေလိုက်တော့ ဆေးရုံမှာ လူမမာ တွေ ပြည့်ကျပ်လာလို့ စောင့်လို့ရသေးသူက စောင့်ပါဦးဆိုတာနဲ့ နာဂစ်လွန် ရက်နှစ်ပတ်ကြာမှ ဆေးရုံတက်ရပါတယ်၊ ဒီရက်ပိုင်းမှာ တောင်စွန်းက တပည့် တစ်ပါးရောက်လာတော့ ရန်ကုန်ရဲ့ အရှေ့တည့်တည့် မိုင် ခြောက်ဆယ် ခန့် အကွာလောက်မှာရှိတဲ့ တောင်စွန်းလည်း နာဂစ်ဒဏ် အတော်ခံလိုက်ရ တယ် ဆိုတာ သိရပါတယ်၊ မိမိတို့ ကျောင်းအပါအ၀င် တောင်စွန်းဘက် ပိုင်းကတော့ တောင်တန်းကြီးရဲ့ အရှေ့ဘေးမှာဆိုတော့ အထိုက် အလျှောက် အကာအကွယ် ရလို့ ထိချက်နည်းနည်း သက်သာပါသတဲ့၊ အပျက်အစီးမေးကြည့်တော့ သစ်ပင် ကြီး အချို့လဲပြီး နည်းနည်းပါးပါးထိခိုက် တယ်လို့ ပြောပါတယ်၊ “ အေးပါကွာ ဧရာဝတီတိုင်းတို့ ရန်ကုန်တိုင်းတို့နဲ့ နှိုင်းစာ လိုက်ရင် မင်းတို့ တောင်စွန်းရဲ့ ဒဏ်ချက်က ဆူးခြစ်မိ သလောက် သာသာလေး ပါ သင့်သလိုသာ ပြုပြင် နေထိုင်ကြပေါ့”လို့ပဲ ပြောလိုက်ပါတယ်။
ဆေးရုံက ဆင်းပြီးလို့ တစ်လနီးပါးရှိမှ တောင်စွန်းကို သွားဖြစ်တယ်၊ ကျောင်းနဲ့ မလှမ်းမကမ်းရောက်လို့ အဝေးကနေ လှမ်းကြည့်လိုက်တဲ့အခါ အရင်က တောအုပ်ထဲမှာ ညို့ညို့ဆိုင်းဆိုင်းနဲ့ တကယ့် တောရကျောင်းကြီးလို့ ထင်ရတဲ့ မိမိတို့ကျောင်းတိုက်ကလေးဟာ အကာအကွယ်မဲ့ ထီးထီး ထင်းထင်း ကြီး ဖြစ်နေတာကို တွေ့လိုက်ရတော့ “ သစ်ပင်ကြီး အနည်းအပါးသာ လဲပြိုသွား တယ်ဆိုပေမယ့် တကယ့်ကို ဟာလာဟင်းလင်းကြီးဖြစ်ပြီး တစ်တောလုံး ရှင်း သွား တာပါပဲကလား”လို့ မှတ်ထင်လိုက်ရတယ်၊ ကျောင်းရောက်လို့ သေချာ ကြည့်လိုက်တော့ ပြောတဲ့အတိုင်း အမှန်ပါပဲ၊ ကျောင်းရဲ့မြောက်ဘက်ဘေးမှာ တစ်ကျောင်းတိုက်လုံးကို ဖုံးကွယ်ထားသလိုဖြစ်နေတဲ့ ဒူးရင်းပင်ကြီးရယ်၊ ကျောင်း အနောက်တောင်ဘက်က ညနေပိုင်းမှာ သုံးနာရီလောက်ဆိုရင်ပဲ ကျောင်းပေါ်ကို နေရောင်မထိုးအောင် ကာကွယ်ပေးထားတဲ့ တညင်းပင်ကြီး တစ်ပင်ရယ်၊ ပိန္နဲပင်ကြီးတစ်ပင်ရယ် အားလုံးပေါင်းမှ ဒီအပင်ကြီး သုံးပင်လောက် ပဲ လဲပြိုသွားတာပါ၊ ဒီအပင်ကြီးသုံးပင် မရှိလိုက်တာနဲ့ကို တစ်တောလုံး ဟာလာ ဟင်းလင်းကြီး ဖြစ်သွားတာ၊ ကျန်တဲ့အပင်တွေ အများကြီးရှိပေမယ့် သူတို့ကို ကြည့်လိုက်တော့ နာဂစ်မုန်တိုင်းကြောင့် မိမဲ့ ဖမဲ့ဖြစ်ပြီး ကျန်ရစ်ခဲ့တဲ့ ကလေး သူငယ်လေးများလိုပဲ သိမ်သိမ်ငယ်ငယ်ကလေးတွေနဲ့ မတ်တပ်က မေ့နေကြသ လို ထင်လိုက်ရတယ်။
ဒီအတွေးကနေ သက်ကြီးစာဆိုပညာရှင်ကြီးများဆီ စိတ်ကပြန်ရောက် လာတယ်၊ ဟုတ်ပါတယ်.. မြန်မာစာပေနယ်ပယ်မှာလည်း အခုလိုပညာရှင်ကြီး တွေရဲ့ အရှိန်အ၀ါ ကြောင့်သာ မြန်မာစာနယ်ဇင်းလောကဟာ လူမှုရေး နိုင်ငံရေး စီးပွားရေး ဘာသာရေးစတဲ့ အကြောင်းအရာတွေ စုံစုံလင်လင်နဲ့ သိုက်သိုက် ၀န်းဝန်း အုပ်အုပ်ဆိုင်းဆိုင်း ဖြစ်ပြီး တကယ့်တော်အုပ်ကြီးလို အဝေးက မြင်လိုက် ရုံနဲ့ ၀င်ရောက် ခိုနားချင်စရာ အေးမေးမြမြ စည်စည်ပင်ပင်ကြီး ဖြစ်နေတယ်လို့ ခံစားရပါတယ်။
တခြားမကြည့်နဲ့ မန္တလေး စာနယ်ပေနယ်ကိုပဲ ကြည့်ပေါ့၊ စာဆိုဦးရေ အနေနဲ့ တယ်မများလှဘူးလို့ဆိုရမယ့် မန္တလေးစာပေ အသိုက်အ၀န်းဟာ စာပေ မိခင်ကြီး ဒေါ်အမာဆိုတဲ့ တောစိုးသစ်ပင်ကြီးတစ်ပင်ရဲ့ အရှိန်အ၀ါ နဲ့တင် တစ်ခဲ နက် တောအုပ်ကြီးလို ညို့ညို့မှိုင်းမှိုင်း အုပ်အုပ်ဆိုင်းဆိုင်း အေးအေး မြမြကြီးနဲ့ မြင်ရ ကြားရ သူတိုင်း ၀င်ရောက်ခိုနားချင်စရာကြီး ဖြစ်လို့၊ ဒါကြောင့်လဲ စာပေ ၀ါသနာရှင်တိုင်း ၀င်ရောက်ခိုနား စုရုံးမိကြတာ ထင်ပါရဲ့၊ အခု ဆို ဒီတောစိုးသစ် ပင် မိခင်ကြီး တစ်ပင် လဲသွားလိုက်တဲ့ အခါ မန္တလေးစာပေ အသိုက်အ၀န်းမှာ ကျန်ခဲ့သူ အားလုံးတို့ဟာ မိမိကျောင်းတိုက်မှာ ကျန်ခဲ့တဲ့ သစ်ပင် ကလေး တွေ လိုများတောင် ဖြစ်နေရစ်ကြလေမလားလို့ ထင်မိတယ်။ ငယ်စဉ် ကတည်းက မန္တလေး တောင်မြိုံ(အမရပူရ)မှာ နေလာခဲ့ပြီး မန္တလေးစာပေ အသိုက် အ၀န်းမှာ စာပေ၀ါသနာမျိုးစေ့ရခဲ့တဲ့ မိမိအနေနဲ့တော့ ဒီလိုပဲ ခံစားရ ပါတယ်။
အခုရန်ကုန်မှာ သက်ကြီးစာပေပညာရှင်ကြီးများရဲ့ ကျေးဇူးကို သိရှိခံစား တန်ဖိုးထားကြသူများက စုပေါင်း လုပ်ကျတယ်ဆိုတာ သိရတော့ မိမိစိတ်ထဲမှာ ဆန္ဒထပ်တူ ၀မ်းသာပီတိဖြစ်မိပါတယ်၊ ဟုတ်တယ်လေ… သက်ကြီးစာဆို ပညာရှင်ကြီးတွေဆိုတာ အိုပြီဆိုပြီး ၀ိုင်းပယ်ထားရမယ့်“အိုပယ်” အမျိုးအစား တွေ မဟုတ်ပါဘူး၊ အိုသလောက် အသိပညာတွေ ဗဟုသုတတွေ အတွေ့အကြုံ တွေနဲ့ ကြွယ်ဝနေကြတဲ့ တကယ့် “အိုကြွယ်”ပုဂ္ဂိုလ်မျိုးတွေ ပါ၊ စာပေကိုဝါသနာ ပါလို့ စာပေ အသိုက်အ၀န်းထဲ ၀င်လာသူတိုင်းဟာ ဒီဆရာကြီးတွေရဲ့ စာပေတွေ က တဆင့် သူတို့ရဲ့ ကျေးဇူးတွေကို မခံစားဖူးတဲ့ သူရယ်လို့ မရှိနိုင်ပါဘူး။ မခံယူ ဖူးပါဘူး ဆိုရင်လဲ စာပေနယ်မှာ စာရင်းသွင်းလောက်တဲ့ လူလားမြောက်သူ ဖြစ် နိုင်မယ် မဟုတ်လောက်ပါဘူးလို့ ထင်မိပါတယ်။
မိမိအနေနဲ့တော့ မိမိရေးတဲ့စာတို ပေစ လေးတွေနဲ့ ပတ်သက်ပြီး ပြောလာတဲ့ အခါတိုင်း “အေးဗျာ.. ဒါလေးတွေဟာ ရှင်မောဂ္ဂလာန်တို့ နန္ဒောပနန္ဒ နဂါးတို့လို ကိုယ်စွမ်းကိုယ်စ ကိုယ့်တန်ဖိုးနဲ့ အခိုးအလျှံတွေ လွှတ်နေတာ မဟုတ် ပါဘူး၊ ဆရာသမားတွေရဲ့ အာငွေ့ နဲ့ မှုတ်ထား တာလေးတွေပါ”လို့ ပြန်ပြောမိပါတယ်၊ ဒါဟာ ကိုယ့်ကိုကိုယ် တမင်နှိမ့်ချတဲ့ သဘောနဲ့ ပြောနေတာမဟုတ်ပါဘူး၊ အမှန်တကယ်လည်း ဒီလိုပဲ ဖြစ်နေ ကြရတာပါ၊ မြတ်စွာဘုရားရှင်ကလည်း ရှင်အာနန္ဒာကို “ဘယ်လောက်ပဲ ပါရမီတွေ ပြည့်နေနေ၊ ဆရာသမားကောင်းဆိုတဲ့ မှီရာကောင်းကို မရရှိလျှင် ဘယ်သူမှ ဘာမှမဖြစ်နိုင်ဘူး”လို့ ဆုံးမခဲ့တယ် မဟုတ်လား။
ပါထိက၀ဂ်၊ ၊ပါယာသိသုတ်မှာလဲ.. အရှင်ကုမာရကဿပမထေရ်မြတ်က… “ပညာရှိ သက်ကြီး ပုဂ္ဂိုလ်တို့ အသက်ရှည်ကြာ တည်ရှိနေခြင်းဟာ၊ အသက်ရှည်သလောက် ကောင်းမှုတွေတိုးပွားသလို၊ လူအပေါင်းတို့အတွက် ကြီးပွားချမ်းသာရေးကို ကျင့်သုံးရင်း လူရောနတ်ပါ သတ္တ၀ါအားလုံးတို့အပေါ် ကြီးပွားချမ်ားဖို့အတွက် သနားစောင့်ရှောက်နေကြခြင်းဖြစ်တယ်”လို့ ဟောညွှန် ထားပါတယ်။ သက်ကြီးရွယ်အို ပညာရှင်တို့ရဲ့ ဂုဏ်ကျေးဇူးကို လေးစားသိမှတ် ပူဇော်တတ်ကြပါစေလို့ တိုက်တွန်း သတိပေးလိုတဲ့ သဘောပါ။
အရှင်မြတ်သတိပေး တိုက်တွန်းတဲ့အတိုင်း အခုလို သိမှတ်ပူဇော်ကြတာ ကို သိရလို့ ထပ်တူ ၀မ်းမြောက် သာဓုခေါ်မိပါတယ်။ လောကရဲ့ ကျက်သရေ ဆောင် ကြီးများကို ကျက်သရေရှိရှိ အသိအမှတ်ပြုလိုက်တာဖြစ်လို့ ကျက်သရေ ရှိတဲ့ လုပ်ရပ်တစ်ခုလို့ ဆိုလိုက်ပါရစေ။
ကျက်သရေတွေ စဉ်ဆက်မပြတ် တိုးတက်ကြပါစေ။

0 comments:
Post a Comment