အမ္ဗပါလိထေရီ (အပိုင်း-၂)
အမ္ဗပါလိသည် ပြည့်တန်ဆာမ ဖြစ်ရသော်လည်း နုန့်နဲ့ချူချာ ဥစ္စာနွမ်းမွဲ ဆင်းရဲသော ပြည့်တန်ဆာ မိန်းမ မဟုတ်ချေ။ စည်းစိမ်ကြီးမား ဥစ္စာများ၍ ထင်ရှားကျော်စောသဖြင့် မြတ်စွာဘုရားနှင့်တကွ သံဃာတော် ထောင့်နှစ်ရာ့ငါးဆယ်တို့ကို ဆွမ်းကပ်လှူ လုပ်ကျွေး၍ မိမိပိုင် မြေဖြစ်သော သရက် ဥယျာဉ်ခြံကြီး တစ်ခုလုံးကို ဘုရား အမှူးရှိသော သံဃာတော်တို့အား လှူဒါန်းကာ ကျောင်းတိုက်ကြီး အကြီးအကျယ် ဆောက်လုပ်၍ စွန့်ကြဲ နိုင်သဖြင့် ဝိသာခါကဲ့သို့ပင် ကျောင်းအမကြီး အမည်ထူးကို ရ၏။ များစွာသော အခြွေအရံဖြင့် ပြည့်စုံ၍ ပြည့်တန်ဆာ သူဌေးမကြီး ဖြစ်သည်။
မြတ်စွာဘုရားသည် ဒေသစာရီ ကြွချီတော်မူ၍ ကောဋိဂါမသို့ ရောက်တော်မူသည်ကို အမ္ဗပါလိ ပြည့်တန်ဆာမ ကြားသိလျှင် အလွန်ဆန်းကြယ်သော ရထားတို့ကို ယှဉ်စေ က စေ၍ အခြွေအရံနှင့်တကွ အလွန်ကောင်းမွန်သော ရထားတို့ကိုစီး၍ ဝေသာလီပြည်တွင်းမှ ထွက်လာ၍ မြတ်စွာဘုရားအထံသို့ ရောက်သောအခါ ရိုသေစွာ ရှိခိုး၍ သင့်တင့်ရာ၌ ထိုင်နေပြီးလျှင် တရားတော်ကို နာ၍ ပြီးဆုံးသောအခါ “ဘုန်းတော်နေဝန်း တောက်ထွန်းတော်မူပေသော မြတ်စွာဘုရား၊ နက်ဖြန် အလို့ငှာ ရဟန်းသံဃာတော် အပေါင်းနှင့် တပည့်တော်မအိမ်သို့ ကြွတော်မူပါဘုရား” ဟု ပင့်ဖိတ်၏။
မြတ်စွာဘုရားသည် ဆိတ်ဆိတ်နေ၍ သည်းခံတော်မူ၏။ အမ္ဗပါလိ ပြည့်တန်ဆာမသည် မြတ်စွာဘုရား ဆိတ်ဆိတ်နေ၍ သည်းခံသည်ကို သိလျှင် နေရာမှ ထကာ လက်ယာရစ် သုံးပတ်လှည့်၍ ပြန်လာ၏။ လမ်းခရီး အကြား၌ မြတ်စွာဘုရားထံသို့ ဖူးမြော်ရန် လာကြသော လိစ္ဆဝီမင်းသားတို့နှင့် ဆုံမိလေ၏။
အချို့သော မင်းသားငယ်တို့၏ ရထားများနှင့် မရှောင်သာဘဲ ရထားဝင်ရိုးစွန်းချင်း ချိတ်မိ၏။ ရထားဘီးချင်း တိုက်မိ၏။ ထိုအခါ မင်းသားတို့က သမ္ဗပါလိအား ဆဲရေး ကြိမ်းမောင်းကြ၏။
“ဟယ် မိန်းမယုတ်၊ အဘယ်ကြောင့် မင်းသားတို့၏ ရထားကို တိုက်ခိုက်စေသနည်း”
“အရှင်မင်းသားတို့၊ အကျွန်ုပ်သည် မြတ်စွာဘုရားကို သံဃာတော်အပေါင်းနှင့်တကွ နက်ဖြန်အတွက် ဆွမ်းပင့်ဖိတ်၍ လာရာ အမှုကိစ္စ စီမံရန် လျင်စွာ လာရသောကြောင့် တိုက်မိပါသည်။ သည်းခံတော်မူကြပါ။
ထိုစကားကို ကြားရသော လိစ္ဆဝီမင်းတို့မှာ အမျက်ထွက်ခြင်းကို မေ့လျော့၍ အမ္ဗပါလိအား တောင်းပန်ကြ၏။
“အို အမ္ဗပါလိ၊ နက်ဖြန် တစ်ကြိမ် ဆွမ်းကပ် လှူဒါန်းခွင့်ကို ငွေတစ်သိန်းဖြင့် ရောင်းပါလော့”
“အရှင် မင်းသားတို့၊ ဝေသာလီ တစ်ပြည်လုံးကို ပေးသော်လဲ အကျွန်ုပ်သည် ဤ ဆွမ်းလုပ်ကျွေးခွင့်ကို မရောင်းနိုင်ပါ”
“ငါတို့ ရှုံးပြီဟေ့၊ အမ္ဗပါလိက ငါတို့ထက် ဦးပြီ၊ အောင်နိုင်သွားပြီ”
ဝေသာလီမင်းသားတို့သည် လက်ဖျားခါလျက် လက်ဖျောက်တီးကြ၏။
လိစ္ဆမင်းသားတို့သည် အညို အရွှေ အဖြူ အနီ အထည်ပုဆိုး အမျိုးမျိုးတို့ကို ဝတ်ဆင်လျက် မြတ်စွာဘုရား ထံတော်သို့ ဆက်လက် လာကြသည်။ ယင်းသည်ကို အဝေးမှ မြင်တော်မူသော မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူသည်။
“ချစ်သား ရဟန်းတို့၊ တာဝတိံသာ နတ်ပြည် ပရိသတ်ကို မမြင်ဖူးကြလျှင် ဝေသာလီ လိစ္ဆဝီ မင်းပရိသတ်ကိုသာ ကြည့်ရှုကြကုန်လော့။ တာဝတိံသာ နတ်ပရိသတ်နှင့် အလားတူသော လိစ္ဆဝီ ပရိတ်သတ်ကို ကြည့်ရှုကြကုန်လော့”
“ဘုန်းတော် ခြောက်စုံ ဂုဏ်တော် အနန္တ ကျေးဇူးတော် ကြီးလှသော သဗ္ဗုည မြတ်စွာဘုရား၊ ဆွမ်း အလို့ငှာ တပည့်တော်များ နန်းတော်သို့ သံဃာတော် အပေါင်းနှင့် ကြွတော်မူပါ မြတ်စွာဘုရား”
“အချင်း လိစ္ဆဝီမင်းသားတို့၊ ငါ ဘုရားအား သံဃာတော်နှင့် တကွ အမ္ဗပါလိသည် ပင့်ဖိတ်၍ နက်ဖြန် အလို့ငှာ ငါ ဘုရား သည်းခံတော်မူပြီ”
မြတ်စွာဘုရား၏ မိန့်တော်မူသံကို ကြားရသောအခါ လိစ္ဆဝီမင်းသားတို့သည် “ ငါတို့ ရှုံးလေပြီ၊ အမ္ဗပါလိ နိုင်လေပြီ” ဟု ဆိုကာ လက်ဖျောက် တီးကြ၊ လက်ဖျား ခါကြပြန်လေ၏။ ထိုနောက်တွင် မြတ်စွာဘုရားသည် ကောဋိဂါမရွာမှ ဉာတိကာ အရပ်ရှိ ‘ဂိဉ္ဇကာဝသထ’ အုတ်ကျောင်းတော်သို့ ကြွကာ ထိုညအဖို့ သီတင်းသုံးတော် မူပေ၏။
နံနက်မိုးသောက်သောအခါ အမ္ဗပါလိလည်း ခဲဖွယ် ဘောဇဉ်တို့ကို ကောင်းစွာ ပြုပြင်စီရင်ပြီး၍ မြတ်စွာဘုရားထံသို့ တမန်လွှတ်ကာ ပင့်ဖိတ်စေ၏။ မြတ်စွာဘုရားသည် သံဃာတော် အပေါင်းနှင့်တကွ အမ္ဗပါလိ အိမ်သို့ ကြွကာ ဆွမ်းအနုမောဒနာ ပြုတော်မူသည်။
“ရွှေဘုန်းတော်သခင် အရှင်ဖြစ်တော်မူသော မြတ်စွာဘုရား၊ တပည့်တော်မသည် ဤ သရက် ဥယျာဉ်ခြံကြီးကို ဘုရား အမှူးရှိသော သံဃာတော်အား လှူဒါန်းပါ၏”
အမ္ဗပါလိသည် မိမိပိုင် သရက် ဥယျာဉ်ကို လှူဒါန်းရာ မြတ်စွာဘုရားသည် ‘အမ္ဗဝန’ သရက် ဥယျာဉ် အာရာမ်ကို အလှူခံတော်မူ၏။ ထိုနောက် မဟာဝုန်တော ‘ကူဋာဂါရကျောင်းတော်’ သို့ ကြွတော်မူ၏။
နောက်များမကြာမီပင် အမ္ဗပါလိ ပြည့်တန်ဆာမသည် မြတ်စွာဘုရား၏ ကျောင်းဒါယိကာမကြီး ဖြစ်လာ၍ မိမိသားဖြစ်သော ‘ဝိမလကောဏ္ဍည’ မထေရ်အထံ၌ တရားတော်ကို နာရ၍ တစ်ကုဋေကုန်သော အခြံအရံနှင့် တကွ သာသနာတော်၌ ရဟန်းမိန်းမ ပြုလုပ်၍ ရဟန္တာ ဖြစ်တော်မူလေ၏။
(အမ္ဗပါလိထေရီ အပိုင်း-၃ နိဂုံးအား ဆက်တင်ပါမည်)


0 comments:
Post a Comment