* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, April 26, 2010

Live Questions and Answers (3)…

မနာပဒါယီ အင်တာနက်စာမျက်နှာ အောက်ခြေမှာ ဖွင့်ထားတဲ့ Live Questions and Answers ကဏ္ဍတွင် မေးဖြေထားချက် အချို့ကို အများဖတ်၍ အမြတ်ဖြစ်စေဖို့်၊ နဲနဲပဲဖြစ်ဖြစ် အသိပညာ ဗဟုသုတ ရရှိနိုင်ကြစေဖို့အတွက် တစ်ဆင့်ပြန်လည် တင်ပြပေးလိုက်ပါတယ်။

22 Apr 10, 01:50 PM
Reader:
နာနာဘာဝ ဝိနာဘာဝ ဆိုတာ ဘာကို ဆိုလိုပါသလဲဘုရား။ ဝေမာနိက ပြိတ္တာများကို ဆိုလိုတယ်လို့ ထင်ခဲ့တာ ပါဠိအဓိပ္ပာယ်က ဒီလို မထွက်ဘူးလို့ သိရလို့ အမှန်ကို သိလိုပါတယ်ဘုရား…

22 Apr 10, 03:00 PM
မနာပဒါယီ>>> Reader:
နာနာဘာဝ ၀ိနာဘာဝဆိုတာ သေကွဲရှင်ကွဲ ကွဲကွာခြင်းကို ဆိုပါတယ်။ ပါဠိတစ်ပုဒ်ချင်းရဲ့ အဓိပ္ပါယ်က နာနာဘာဝဆိုတာ အသီးအသီးဖြစ်ခြင်း၊ ဇာတိအားဖြင့် အထူးထူးအပြားပြား ဖြစ်ခြင်း၊ အရပ်တစ်ပါး ဝေးကွားသွားသဖြင့် ကွေကွင်းရခြင်းလို့ အဓိပ္ပါယ်ရပြီး ၀ိနာဘာဝဆိုတာ ကင်း၍ဖြစ်ခြင်း၊ သေဆုံးသွားသဖြင့် ကွေကွင်းရခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ ဒါကြောင့် သေကွဲရှင်ကွဲ ကွဲကွာခြင်းကို ပါဠိလို နာနာဘာဝ ၀ိနာဘာဝလို့ ဆိုတာ ဖြစ်ပါတယ်။

23 Apr 10, 10:45 PM
ကိုမြင့်မောင်:
အရှင်ဘုရား.တပည့်တော်ရွာပြန်တုန်းက သီလရှင်တွေတင်လာတဲ့ကားကို တားစီးမိပါတယ်ဘုရား။ အထဲမှာ သီလရှင်တွေပြည့်နေလို့ အပေါ်တက်ခိုင်းလို့ တက်ထိုင်ပြီး လိုက်ခဲ့တယ်။ အဲဒီအတွက် အကုသိုလ် ဖြစ်ပါသလား ဘုရား...
23 Apr 10, 11:35 PM
မနာပဒါယီ>>> ကိုမြင့်မောင်
:
အကုသိုလ်ဖြစ်မဖြစ်ဆိုတာ ကိုယ့်ရဲ့စိတ်စေတနာ အပေါ်မှာ မူတည်ပါတယ်။ ခရီးသွားတာဖြစ်တဲ့အတွက် အခြေအနေအရ ဆရာလေးတွေစီးလာတဲ့ ကားအပေါ်တက်ထိုင်လိုက်ရတာ ဖြစ်ပေမယ့် စော်ကားလိုတဲ့ စေတနာ မရှိတဲ့အတွက် အကုသိုလ် မဖြစ်ပါဘူး။ အဓိကကတော့ ကိုယ့်ရဲ့ စိတ်စေတနာပါပဲ။ အပေါ်အောက်ဆိုတာတွေကတော့ တစ်ခါတစ်လေ ဘုန်းကြီးတွေလည်း ဖြစ်တတ်ပါတယ်။ လေးငါးထပ်ရှိတဲ့ တိုက်တွေကို ဆွမ်းခံကြွတဲ့အခါ ဆွမ်းစားကြွတဲ့ အခါတွေမှာ လူတွေက အပေါ်ထပ်မှာ ရှိနေတာတွေ၊ ကိုယ့်အထပ်နဲ့ကိုယ် ဘုရားစင်လေးတွေ လုပ်ထားတဲ့အတွက် အပေါ်ထပ်ကလူတွေက အောက်ထပ် ဘုရားစင်တွေပေါ်မှာ ရှိနေတာတွေ စသဖြင့် အများကြီးပါ။ နောက်ဆုံးကောက်ချက်ချဖို့က ကိုယ့်ရဲ့စိတ်စေတနာနဲ့ပဲ ကောက်ချက်ချ ဆုံးဖြတ်ရမှာပါ။ စေတနာ မပါတဲ့ လုပ်ရပ်ဟာ ကံမမြောက်ပါဘူး။ ကံမမြောက်ရင် အကျိုးပေးလည်း မရှိပါဘူး။ ဒါကြောင့် ကိုယ့်ကိုယ်ကို ပြန်စစ်ပြီး စေတနာဆိုးနဲ့ ဟုတ်မဟုတ် သုံးသပ်ကာ စိတ်အစဉ်ကို သက်သာအောင် လေ့ကျင့်ပါလို့ အကြံပြုပါတယ်..

24 Apr 10, 10:15 AM
Jaram:
ဒုလ္လဘ ဝတ်ပေးလိုက်တဲ့ သားက သာသနာ့ဘောင်ထဲမှာ ဝိနည်းနဲ့မလျော်တာတွေ ပြုမူပျော်ပါးနေတယ် တိုင်ကြားခံရလို့ သားကို ဇွတ်လူဝတ်လဲစေရင် မိဘ အပြစ်ရှိပါသလားဘုရား။
24 Apr 10, 02:08 PM
မနာပဒါယီ>>> Jaram:
သာသနာတော်မှာ သာသနာ့တာဝန်ကို ကောင်းစွာထမ်းဆောင်နေတဲ့ ရဟန်းတော်တစ်ပါးပါးကို လူထွက်အောင် လုပ်ဆောင်ရင်တော့ အပြစ်ဖြစ်နိုင်ပေမယ့် ဒီလို ကိုယ့်သားတစ်ယောက်အပေါ်မှာ သူရဲ့ လုပ်ရပ်တွေအတွက် ပိုပြီးအပြစ်မကြီးစေဖို့၊ ပြီးတော့ သူ့ကို အမှီပြုပြီး သာသနာတော် မညှိုနွမ်းစေဖို့ စတဲ့ စေတနာ ရည်ရွယ်ချက်ကောင်းများနဲ့ လူထွက်စေတယ်ဆိုရင် အပြစ်မကြီးနိုင်ပါဘူး။ ဒါပေမယ့် သေချာစုံစမ်းပြီး ဆုံးဖြတ်လုပ်တတ်ဖို့လိုပါတယ်။ သာသနာ့ဘောင် ရောက်နေတဲ့အတွက် ဆရာဥပဇ္ဈာယ်ရဲ့ ညွှန်ကြားမှုလည်း ခံယူဖို့လိုပါတယ်။ သေးငယ်တဲ့၊ အာပတ်ဖြေရင် ပျောက်မယ့် ၀ိနည်းသိက္ခာပုဒ် သေးသေးလေးတွေနဲ့ မညီညွတ်တာကြောင့် အတင်းလူဝတ်လဲ စေတာမျိုးဆိုရင်တော့ နောင်တစ်ချိန် အကျင့်အားကောင်းသွားမှုတွေ ရှိတတ်တဲ့အတွက် သေချာတိုင်ပင် စဉ်းစားဖို့တော့လိုပါတယ်။ အဲလိုမှမဟုတ်ဘဲ ကိုယ့်သားဟာ တကယ့်ကိုပဲ သာသနာတော်မှာ ကြီးမားတဲ့ ၀ိနည်းသိက္ခာပုဒ်တွေ ကျူးလွန်ပြီးနေတာဆိုရင်တော့ သူ့သံသရာ ကောင်းစေရေးကို ရေးရှုတဲ့ စိတ်နဲ့လူထွက်စေတာမှာ အပြစ်မရှိနိုင်ပါဘူး။ တစ်ခါတစ်လေ ကိုယ့်သားလေး ရဟန်းဝတ်နဲ့ မြင်နေရရင်ပြီးရော သူဘာလုပ်လုပ် နေပါစေလို့ လွှတ်ထားလိုက်ရင် သူ့အတွက်လည်း ပိုပြီးအပြစ်ကြီးသလို ရဟန်းဝတ်နဲ့ အပြစ်တွေလုပ်နေတာကို သိနေရတဲ့ ကိုယ်ကိုယ်တိုင်လည်း စိတ်ချမ်းသာမှာ မဟုတ်ပါဘူး။ ဒါကြောင့် လူ့ဝတ်ကြောင်နဲ့ ကိုယ့်သားသမီးဆို ကိုယ်ကိုယ်တိုင် ရိုက်ပုတ်ဆုံးမလည်း လိုသလို ပြုပြင်ကြည့်နိုင်လို့ ရတဲ့အတွက် ဒီလို သူ့အတွက်လည်း အကျိုးမရှိ၊ မိဘတွေအတွက်လည်း အကျိုးမရှိ၊ သာသနာတော် အတွက်လည်း အကျိုးမရှိတဲ့ သားမျိုးဆို လူထွတ်စေတာ အကောင်းဆုံးပါပဲ။ ပိုပြီးကြီးလေးတဲ့ အပြစ်တွေ မဖြစ်စေဖို့ဆိုတဲ့ စေတနာနဲ့ ဇွတ်အတင်း လူထွက်စေတာဖြစ်လို့ ဒီအတွက် အပြစ်မဖြစ်ပါဘူးလို့ပဲ ဖြေကြားလိုပါတယ်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP