* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, April 26, 2010

ရွေးချယ်မှု

ဖြစ်တည်ရာပဓာန အကြောင်း နည်းနည်းပါးပါး ခေါက်ကြည့်ခဲ့တုန်းက ဆတ် ပြောပြတဲ့ ရွေးချယ်မှုအကြောင်း ဇာတ်လမ်းတိုကို ဖတ်ခဲ့ရဖူးတယ်။ ဖြစ်တည်မှုပဓာန၀ါဒဘက်က ရှေ့နေလိုက်တဲ့အချိန်အတွင်း လူငယ်လေးတစ်ယောက် ရွေးချယ်ရမဲ့ ရွေးချယ်မှုပြဿနာကို ဥပမာပေး တင်ပြထားတာ ဖြစ်တယ်။ လူငယ်လေးဟာ စစ်ပွဲမှာပါဝင်တိုက်ခိုက်ပြီး မျိုးချစ်စိတ်ဓာတ်ကို ပြမလား၊ ဒါမှမဟုတ် အိမ်ပြန်ပြီး မိခင်ဖြစ်သူကို စောင့်ရှောက်မလားဆိုပြီး ဒွိဟဖြစ်နေတဲ့အတွက် ယန်းပေါဆတ်ကို လာတိုင်ပင်တယ်။

ဒီအဖြစ်မျိုးက ချစ်သူနဲ့ လက်ထပ်မလား၊ မိဘစကားနားထောင်ပြီး အိမ်ကပေးစားတဲ့သူကို ယူမလားဆိုတဲ့ မိန်းမပျိုတစ်ယောက်ရဲ့ မရွေးချယ်နိုင်မှု ဒွိဟစိတ်နဲ့ အလားသဏ္ဍာန်တူတယ်။ အတင်းအကြပ် ဖိအားပေးခံရတဲ့ အခြေအနေမှာ လူတစ်ဦးဟာ သူ့ဆန္ဒအတိုင်း လွတ်လပ်စွာ ရွေးချယ်ခွင့် ရှိပါ့မလား။ မိမိဆုံးဖြတ်ချက်အတွက် ပတ်ဝန်းကျင်က တာဝန်ရှိတာမျိုးရော မဖြစ်နိုင်ဘူးလား။ ဒီနေရာမှာ ယန်းပေါဆတ်ပြောတာကို ကျွန်တော်က အခုလို နားလည်နေတယ်။ (ဒီနားလည်မှုက မှန်တယ်လို့ တရားသေ မဆိုလိုဘူး)

ယန်းပေါဆတ်ကတော့ ကာယကံရှင်ကိုယ်တိုင်မှာ လွတ်လပ်စွာ ရွေးချယ်ခွင့် ရှိတယ်လို့ ယူဆဟန်တူတယ်။ အထက်က ဥပမာမှာ ယန်းပေါဆတ် ယုံကြည်တာက မေးခွန်းရှင် လူငယ်လေးဟာ မိမိဖာသာ ရွေးချယ်နိုင်တယ်လို့ ယုံတယ်။ ဒါပေမဲ့ စစ်ပွဲကိုပဲ ရွေးရွေး၊ အမေကိုပဲ ရွေးရွေး ဘယ်ဒင်းက မှန်တယ်ဆိုတဲ့ စီရင်ချက်ချတာမျိုးကို ဆတ်က မယုံကြည်ဘူး။ ဒါဟာ မာ့က်စ်ဝါဒီတွေနဲ့ အရှေ့အနောက်လို ဖြစ်နေတဲ့ ယူဆချက်ပဲ။

ဒါက ဘာကိုပြသလဲဆိုရင် ဘေးက ထောက်ကူခြင်း၊ ဖိနှိပ်ခြင်း စတဲ့ အကြောင်း အချက်အလက်တွေဟာ လက်ညှိုးထိုးဖို့ သက်သက်သာ အသုံးကျပြီး တကယ်တမ်း မိမိရဲ့ ဆုံးဖြတ်ချက်အတွက် တာဝန်အရှိဆုံး မဟုတ်ဘူးဆိုတာကို ပြတယ်။ လူငယ်လေးဟာ တိုင်းပြည်အတွက် စစ်ပွဲမှာ ပါဝင်တိုက်ခိုက်တာကို ရွေးချယ်တာလည်း ဖြစ်နိုင်သလို၊ မိခင်ကို ပြန်လည်စောင့်ရှောက်တာလည်း ဖြစ်နိုင်တယ်။ ရွေးချယ်မှုတစ်ခုခုအတွက် မှားတယ်လို့ တခြားလူများက ပြောဖို့မဖြစ်နိုင်ဘူး။ ဒီရွေးချယ်မှုကို တိကျလေးနက်တဲ့ ကျင့်ဝတ်ဆိုင်ရာ ယေဘုယျ စည်းမျဉ်းတွေနဲ့ တိုင်းတာဖို့ မဖြစ်နိုင်ဘူး။ အခြားတစ်ဖက်မှာတော့ ရွေးချယ်မှုတစ်ခုခုအတွက် တကယ် တာဝန်ရှိသူဟာ ကာယကံရှင်သာလျှင် ဖြစ်တယ်လို့ သဘောပေါက်ရမယ်။

တခြားဥပမာကို ကြည့်ကြဦးစို့။ ဆယ်တန်းအောင်ပြီးတဲ့ ကျောင်းသားလေး တစ်ယောက်ဟာ အင်ဂျင်နီယာဘက်ကို ရွေးရမလား၊ ဆရာဝန်လုပ်ရမလား ဝေခွဲမရဖြစ်နေတယ်။ သူက အင်ဂျင်နီယာ လုပ်ချင်ပေမဲ့ မိဘတွေက ဆရာဝန်ဖြစ်စေချင်တယ်။ နောက်ဆုံးသူဟာ ဆရာဝန်လိုင်းကို ရွေးလိုက်တယ်။ အဲဒီက စပြီး သူက ဆရာဝန်လိုင်းကို ယူတာအတွက် မိဘမှာ တာဝန်ရှိတယ်လို့ ယူဆနေတယ်။ အဲဒီအယူအဆနဲ့ တိုက်ရိုက်ဆန့်ကျင်နေတဲ့ သဘောပေါက်မှုတစ်ခုက အခုလို ဖြစ်တယ်။ နောက်ဆုံးဆုံးဖြတ်ချက်အတွက် တာဝန်ရှိသူက တခြားသူမဟုတ်ဘူး၊ မိမိကိုယ်တိုင်သာ ဖြစ်တယ်ဆိုတဲ့ အချက်ပဲ။ တကယ်တော့ ကျောင်းသားလေးဟာ သားကောင်းရတနာလို့ အပြောခံချင်မှုကို ရွေးချယ်လိုက်တယ်။ ၀ါသနာကို စွန့်လွှတ်လိုက်တာဖြစ်တယ်။ ဒါကြောင့် သူ့ရဲ့ ရွေးချယ်မှုအတွက် တကယ်တမ်း တာဝန်ရှိတာဟာ သူကိုယ်တိုင်သာလျှင် ဖြစ်တယ်။ မိဘများ မဟုတ်ဘူး။

ဒါပေမဲ့ ဖြစ်တောင့် ဖြစ်ခဲ ချွင်းချက် အခြေအနေတွေကို တချို့က ဥပမာပေးကြမယ်။ ဥပမာအားဖြင့် အရွယ်မရောက်သေးတဲ့ ကလေးကို ခွဲစိတ်မယ်၊ မခွဲစိတ်ဘူး ဆုံးဖြတ်ဖို့အတွက် ဥပဒေက အရွယ်မရောက်သေးတဲ့ ကာယကံရှင်အစား အုပ်ထိန်းသူကိုပဲ ရွေးချယ်ခွင့်ပေးထားတာမျိုး။ ဒီအခြေအနေမျိုးမှာဆိုရင် ရွေးချယ်ခွင့်ကို ကာယကံရှင်က ပြုလုပ်ခွင့်မရှိဘဲ အုပ်ထိန်းသူကပဲ ပြုလုပ်ခွင့်ရှိတာကို အတိုင်းသား မြင်နေရတယ်။ ဒါပေမဲ့ ဒီအခြေအနေမျိုးနဲ့ တက်တဲ့ စောဒကဟာ ပြောနေတဲ့ ခေါင်းစဉ်ပါ အကြောင်းအရာနဲ့ နည်းနည်းကလေးမှ မသက်ဆိုင်ဘူးဆိုတာ သိသာနေပါတယ်။

အရွယ်ရောက်ပြီးသား လူတစ်ယောက် အနေနဲ့ အားလုံးနဲ့ဆန့်ကျင်မဲ့ ကိုယ်ပိုင် ဆုံးဖြတ်ချက်၊ ဒါမှမဟုတ် အားလုံးနဲ့ လိုက်ရောညီထွေဖြစ်တဲ့ ဆုံးဖြတ်ချက် တစ်ခုမဟုတ် တစ်ခုကို ကျွန်တော်တို့ ရွေးချယ်ရတတ်တယ်။ ရင့်ကျက်ပြီးသား နိုင်ငံသားတွေ အနေနဲ့ကတော့ ဒါက သိပ်ပြဿနာ မရှိဘူး။ ရွေးချယ်မှုလုပ်တဲ့အခါ မိမိကိုယ်ကိုယ် အစွမ်းကုန် ရိုးသားဖို့ အကျင့်ရပြီးသား ဖြစ်နိုင်တယ်။

ဒါပေမဲ့ တချို့မှာတော့ အခုလို ပြဿနာတွေ ဖြစ်ကောင်း ဖြစ်နိုင်တယ်။

(၁)မိမိရဲ့ ရွေးချယ်မှုအတွက် မိမိမှာ တာဝန်ရှိလား/ အရှိန်အ၀ါကြီးသူတွေမှာ ရှိလား ဝေခွဲမရတဲ့ ပြဿနာ။
(၂)အရွယ်ရောက်ပြီးသား အသက်ငယ်သူဟာ အသက်ကြီးသူတွေနည်းတူ ပြဿနာကို ဆုံးဖြတ်နိုင်တဲ့ အရည်အချင်းရှိတာကို လက်ခံနိုင်တယ်/ လက်မခံနိုင်ဘူးဆိုတဲ့ ပြဿနာ။
(၃)အသက်အရွယ်ကွာပေမဲ့ အရွယ်ရောက်ပြီးသူ အချင်းချင်း တန်းတူရည်တူ ဆက်ဆံမှုပေးဝံ့တဲ့ (သို့) ဆက်ဆံရဲတဲ့ ရင့်ကျက်တဲ့စိတ်ထား ရှိတယ်/ မရှိဘူးဆိုတဲ့ ပြဿနာ။


ကတုံးဆံပင်ပေါက်ကို မီးတောက်တဲ့အထိ လျှောက်စဉ်းစားနေပြီး ပြဿနာလေးတွေ မှတ်စုထုတ်လိုက်တာ ဖြစ်တယ်။ အသုံးတည့်ချင်လည်း တည့်မယ်။ ပစ်ရချင်လည်း ပစ်ရလိမ့်မယ်။ ပညာရှိတစ်ယောက်ယောက်ရဲ့ အမြင်ကို အာဂုံရွတ်ပြတာ မဟုတ်ကြောင်း သိသာစေချင်တယ်။ ဖြည့်စွက် ဖတ်ရှုကြပါကုန်။ ၏

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP