* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, April 26, 2010

တိုတိုလေး မှတ်သားစရာများ (၁ မှ ၃)


ကံ သုံးပါး

နေ့ စဉ် လူတိုင်း လုပ်နေကျ အလုပ် ဟာ သုံးမျိုးဘဲ ရှိပါတယ်။
ကိုယ်ရယ်၊ နှုတ်ရယ် ၊ စိတ်ရယ် ဆိုတာပါပဲ။

ကိုယ် နဲ့  လုပ်တာမှန်သမျှ ကာယကံ
နှုတ်နဲ့  ပြောတာ မှန်သမျှ ၀စီကံ
စိတ်နဲ့  စိတ်ကူး ကြံစည်တာမှန်သမျှ မနောကံ တို့ ဖြစ်ပါတယ်။

ကံ သုံးပါး လုံရမယ် ဆိုကြပါတယ်။
မကောင်းတာ မလုပ်မိစေနဲ့ ။
မကောင်းတာ မပြောမိစေနဲ့ ။
မကောင်းတာ မကြံမိစေနဲ့ - ပေါ့။

ဒါဆို ကံ သုံးပါးစလုံး လုံသွားပါပြီ။
အပါယ်ကို ဘယ်သူ ရိုက်ချချ ကျကို မကျတော့တာပါ။

ကံသုံးပါး ကျူးလွန်ရင် ဒုစရိုက် အလုပ်လို့ လုပ်တယ် ခေါ်ပါတယ်။
လူအများက ထင်နေတာက နိုင်ငံ ရဲ့ ဥပဒေနဲ့ မလွတ်ကင်းတာကို
ပြုလုပ်ရင် ဒုစရိုက်သမား လို့  ထင်တတ်ကြပါတယ်။
အဲဒါလည်း မှန်တော့ မှန်ပါတယ်။အတိကျ မမှန်နိုင်ပါ။

သို့ သော် ခုပြောမှာက၊ ပြောနေတာက
နိုင်ငံ ဥပဒေ ထက် တင်းကြပ်တဲ့ ဘ၀ရဲ့ ကံ ဥပဒေ ပါ။
ကံ ဥပဒေက ပိုပြီး အရေးကြီးပါတယ်။

နိုင်ငံ ဥပဒေ ကျူးလွန်က တစ်ဘ၀ သာ။
(သာမန်ကျူးလွန်မှုမျိုး ဆိုလိုသည်။)
ကံ ဥပဒေ ကျူးလွန်မိက သံသရာမှာ ခေါင်းဖေါ်နိုင်ဖို့ 
လမ်းစ မမြင်ပါဘူး။

ဥပမာ ဆိုပါစို့ -
တိရစ္ဆာန်ဘ၀ ရောက်သွားတယ်။
တစ်ကောင့်တစ်ကောင်နိုင်ထက်ကလူ ပြုနေတာ။
ကောင်းတာလုပ်ဖို့ မဖြစ်နိုင်ဘူး ၊
(တစ်ခါတရံ တော့ ဖြစ်ကောင်းရဲ့ )
ကျွတ်လမ်း လွတ်လမ်းမမြင်ပါဘူး။
ငရဲ ရောက်သွားတယ် ဆိုရင် ပိုလို့ ဝေးစွာ့။

တိုတိုလေး မှတ်သားစရာများ ( ၂ )


ကံ သုံးပါး

ကံဟာ ဒုစရိုက် ကံ။ သုစရိုက် ကံ လို့  နှစ်မျိုးရှိပါတယ်။ ရှေးဦးစွာ ဒုစရိုက်ကံများကို ပြောပြပါ့မယ်။
ပြီးမှ သုစရိုက် ကို ပြောတာပေါ့။

ဒုစရိုက် ကာယကံ-

၁။ပါဏာတိပါတ- သူများအသက် သတ်မှု။

၂။အဒိန္နာဒါန- သူများပစ္စည်းခိုးယူမှု
၃။ကာမေသု မိစ္ဆာရ- သူများသားမယားစော်ကား မော်ကားမှု


ထပ်မံ ရှင်းလင်းချက်
၁။အသက်မှန်သမျှ မည်သည့် အသက်ကိုမျှ မသတ်ရ၊ မညှဉ်းဆဲရပါ။ လူသတ်မှ ဒုစရိုက်အမှု ကျူး လွန်တယ်လို့ မှတ်ကြပါတယ်။ တိရစ္ဆာန်ကိုတော့ လွယ်လွယ်လေး သတ်ဖြတ် စားသောက် တတ်ပါ တယ်။ တိရစ္ဆာန်သတ်လည်း အဘိဓမ္မာ သဘောအရ ဒုစရိုက်အမှု ကျူးလွန်တာပဲ ဖြစ်ပါတယ်။

၂။ ဈေးသည်များရဲ့ ချိန်ဝင်ကိုဖြစ်စေ၊ အလေးကတ္တားကို ဖြစ်စေ လှည့်ပတ်ညာပြီး သူများပစ္စည်း မတရားသဖြင့်ယူခြင်း။ လခစားဖြစ်ပြီး ခွင့်မပြုသော လာဘ်စားမှုတို့ ဟာ လခယူပြီးဖြစ်တာမို့  ပြည်သူ ရဲ့ ပစ္စည်း ခိုးယူရာရောက်ပါတယ်။


၃။ သားသမီး ချင်း မောင်နှမချင်း မစာမနာ၊ အနိုင်ကျင့်ကာ အဓမ္မပြုကျင့်မှုတို့ ဖြစ်ပါတယ်။

ဒီသုံးပါးကို ကာယ ဒုစရိုက် ။ ကာယကံ လို့ ခေါ်ပါတယ်။


ဒုစရိုက် ၀စီကံ-


၁။မုသာဝါဒ- မုသားလိမ်ညာ ပြောခြင်း။ မဟုတ်က ဟုတ်က ပြောခြင်း။

၂။ပိသုဏ၀ါစာ- တစ်ဦးနဲ့ တစ်ဦးမသင့်မြတ်အောင် မကောင်းသတင်းပြောခြင်း၊ဖြန့် ခြင်း။
၃။ဖရုသ၀ါစာ- မကြားဝံ့ မနာသာ ရိုင်းပြစွာ ပြောဆိုခြင်း။ ယုတ်မာစွာပြောတတ်ခြင်း။
၎။သမ္ဖပ္ပလာပ- စကားလေ စကားလွင့်။ အရည်မရ အဖတ်မရ အကျိုးမရှိစကားပြောခြင်း။
တို့ဖြစ်ပါတယ်။
ဒီလေးပါးကို ၀စီ ဒုစရိုက် ။ ၀စီကံ လို့ ခေါ်ပါတယ်။

ဒုစရိုက် မနောကံ-

၁။ အဘိဇ္ဈာ- ကိုယ်တိုင် အလုပ်မလုပ်ပဲ သူများပစ္စည်း အချောင်ရဖို့ ၊
အချောင်နှိုက်ဖို့  ကြံစည်ခြင်း။

၂။ဗျာပါဒ- စိတ်ထဲမှာ သူများကို သတ်ဖြတ်ဖို့ ။ မလိုမုန်းတီးစိတ်များ ဖြစ်နေခြင်း။
၃။မိစ္ဆာဒိဋ္ဌိ- မှားယွင်းစွာနားလည်ခြင်း၊ နားလည်မှုများ မှားနေခြင်း၊ အတွေး အခေါ်အယူဆတို့ 
မှန်ကန် စွာ မသိနားမလည်ခြင်း။ ( မိစ္ဆာ-မှားယွင်း၊ ဒိဋ္ဌိ-အယူဆ၊) တို့ ဖြစ်ပါတယ်။
ဒီ သုံးပါးကို မနော ဒုစရိုက် ။ မနောကံ လို့ ခေါ်ပါတယ်။

လူအများစု သိနေတာက သတ်ဖြတ်မှု၊ ညှဉ်းဆဲမှု၊ မုဒိန်း စော်ကားမှု၊ သိသိသာသာ ခိုးတာကို ပဲ ဒုစရိုက် သမား လို့ ထင်တတ်ကြပါတယ်။

( သိသိသာခိုးတာ ဆိုတာက မသိမသာ လာဘ်စား၊ သိသိ သာသာ လာဘ်စားတာကို ခိုးတယ်လို့  မထင်ကြ၊ မသိကို မသိတော့ သလို ဖြစ်နေတာမို့  သိသိသာသာ ခိုးတာ လို့  ဆိုလိုက်တာပါ။)

ပြီးတော့ ၀စီကံ နဲ့  ဒုစရိုက် သမားများ၊ မနောကံနဲ့ ဒုစရိုက် သမားများ ရှိတတ်ကြပါတယ်။ မသိလိုက် မသိပါ မေ့မေ့လျော့လျော့ ရှိတတ်တာမို့  အဲဒီ အထဲ ကိုယ်မပါဝင်မိစေဖို့ ၊ ရှောင်ကာ ရှားကာ နေတတ်ဖို့  ပြောပြလိုက်တာပါ။


အမှာ။ ။ကံသုံးပါး အဓိပ္ပါယ် နဲ့  သီလ သမာဓိ ပညာ ဆက်စပ်ပုံကို
တိုတိုလေး ( ၂ ) မှာ ရေးပါ့မယ်- လို့ ပြောခဲ့သော်လည်း
တိုတိုလေး မှတ်သားစရာများ ဖြစ်တာမို့ နောက်ထပ်
အပိုင်းဆက်များကို ဆက်စပ်သလို ကြိုးစားကာ ရေးသားပါ့မယ်။


အပိုင်း (၃)
အကုသိုလ်ရဲ့  လမ်းစ ( လမ်းကြောင်း )


ဒုစရိုက် ၁၀ ပါးကို အကုသိုလ်ရဲ့ လမ်းစ လမ်းကြောင်းလို့ ခေါ်ပါတယ်။ စာအလိုကတော့ အကုသလ ကမ္မပထ ပါတဲ့။ သူ့ ရဲ့  ဂိတ်ဆုံးလမ်းခရီးက ငရဲ တိရစ္ဆာန် ပြိတ္တာ အသုရကာယ် ဆိုတဲ့ အပါယ်လေးပါး ဖြစ်ပါတယ်။

အကုသိုလ် မကောင်းမှုတွေ ဆိုတာနဲ့  ပါတ်သက်လို့  မှတ်သားထားရမှာက-

၁။ကိုယ်တိုင်ပြုလုပ်ခြင်း ( သာဟတ္ထိက)၊
၂။ သူများကို လုပ်ပါလို့ စေခိုင်းတိုက်တွန်းခြင်း ( အာဏတ္တိ)
၃။မကောင်းတာလုပ်တာကို ကောင်းကျိုးရသည့်အနေနဲ့ 
မကောင်းတာ လုပ်ချင်လာအောင် ပြောခြင်း၊ နားချခြင်း၊(၀ဏ္ဏဘာသန)
၎။သူများလုပ်နေတဲ့ မကောင်းတာကို စိတ်တူ သဘောတူ လိုက်လျောခြင်း
( သမနုည) တို့ ဟာလည်း ဒုစရိုက် အလုပ် ကျူးလွန်ရာ ရောက်ပါတယ်။

ဒါကို ပဲ ဒုစရိုက် ၁၀ ပါး အပြား ၄၀- ပါတဲ့။ ဒုစရိုက် အကျဉ်း ၁၀ ပါး ကို အကျယ်ချဲ့ ရင် အပါး ၄၀ ဖြစ်သွားတယ်လို့  ဆိုလိုတာဖြစ်ပါတယ်။

ဒုစရိုက် ( ၁၀ ) ပါး ကို မှတ်မိလွယ်အောင် ဆောင်ပုဒ်လေးနဲ့  မှတ်ကြသေးတာပေါ့။

ဆောင်ပုဒ်-၁။ သက်သတ်- ခိုးမှု၊ ကာမေသု ၊ သုံးခု ကာယကံ။
၂။လှည့်စား- ရန်တိုက်၊ မိုက်မိုက်ကန်းကန်း- နှုတ်ကြမ်းလေခြင်း၊
ပြိန်ဖျဉ်းစကား၊ ပြောဆိုငြား၊ လေးပါး ၀စီကံ။
၃။ သူ့ ဥစ္စာမှန် ၊ မတရားကြံ၍ ၊ ဖေါက်ပြန်သေကြေ၊ ပျက်စေလိုငြား၊
အယူမှား၊ သုံးပါးမနောကံ။


လေးဆယ် ဖြစ်လာပုံ အကျဉ်းမှတ်ဖို့ -

ဆောင်ပုဒ်- ဒုစရိုက်နဲ့  သုစရိုက်ပြိုင်၊ ဤဆယ်ခိုင်ကို၊ ကိုယ်တိုင်ပြုငြား၊ သူများခိုင်းတုံ၊
ဂုဏ်ကိုပြောပြ၊ ၀မ်းမြောက်ကြပြန်၊လေးဆယ်မှန်၊ မြှောက်ဟန် သဘောပိုက်။

တောင်မြို့ ၊ မဟာဂန္ဓာရုံ ဆရာတော်။ ရတနာ့ဂုဏ်ရည်၊ စာမျက်နှာ- ၂၆၆
နှင့်( အဂုင်္တ္တရနိကာယ)။

အများ အမြင်မှာ မကောင်းတာလုပ်တာကို ကိုယ်တိုင် လုပ်မှ အကုသိုလ်ဖြစ်တာ။ မြှောက်ပေးရင် အကုသိုလ် မဖြစ်သလို ထင်တတ်ကြပါတယ်။

တစ်ခါတလေများဆိုရင် သူများ မဟုတ်တာ လုပ်ဖို့  တိုင်ပင်လာပြီ ဆိုတာနဲ့ လုပ်လေကွာ၊ ဟုတ်တယ်၊ မင်းနေရာ ငါဆို ဒီလိုပဲ တွယ်ထည့်လိုက်မှာ။ နောက်မဆုတ်နဲ့ ။ အညံ့မခံနဲ့  ။ မင်းဘက်က မှန်တယ် ။ ဒီလိုပဲ လုပ်ရမှာပဲ။ ပါဏာတိပါတနဲ့ ပါတ်သတ်လို့ ပေါ့။

အဒိန္နာဒါန နဲ့ဆိုရင်လည်း လာဘ်ပေးလာဘ်ယူ ဒို့ ရန်သူတဲ့ ။ အို.. စာတမ်းသာပါကွာ။ သူတို့ လည်း ဒီလို အလစ်သုတ်နေကြတာကွ။ မယူရင် ကိုယ်အ တယ်ကျမှာပေါ့။ ကြီးပွါးချင်တယ်ဆိုရင် မင်းလုပ်လိုက်လေကွာ။

ကာမေသု ကိစ္စ ဆိုရင်လည်း ဟေ့ကောင် လက်မနှေးနဲ့ နော်။ အခွင့်ရတုံးလေး ယူထား၊ ဒီလိုနဲ့ ကာယကံ သုံးပါး မှာ လည်း ဒီလို မြှောက်ပေးတတ်ကြပါတယ်။

တစ်ချို့ မြှောက်ပေးတဲ့ ကိစ္စမှာ ထောင်မကျပေမယ့် အဘိဓမ္မာသဘောအရက ဒုစရိုက် အမှု ကျူးလွန်တာပါပဲ။

မုသားမပါ လင်္ကာမချောတဲ့ကွ။ လိမ်နိုင်မှ ပညာရှိတဲ့- စသဖြင့် စသဖြင့် ကျန်တဲ့ မကောင်းတဲ့ ဒုစရိုက်ကို တိုက်တွန်းလေသံ ပါသမျှ ပြောသူတေ၊ွ သဘောတူသူတွေ ၊ မကောင်းတာကို အကောင်းလုပ်ပြောသူတွေ ဟာလည်း ဒုစရိုက်သမား စာရင်းဝင် ပါတယ်ဗျာ။


မှတ်ချက်။ ။ကိုယ်သိထားသလို ခေတ်နှင့်လျော်ညီစွာ ပြုပြင်တတ်ဖို့ ရန် ရေးသားလိုက်ပါတယ်။ ရတနာ့ဂုဏ်ရည် ကျမ်းမှာ ရိုးရိုးရှင်းရှင်း ဖတ်ရှု လေ့လာ မှတ်သားနိုင်ပါတယ်။


တိုတိုလေးများ ဆက်လက်ပြီး ရေးသားပါဦးမယ်။

မြတ်ရောင်နီ
(၂၅၊၀၄၊၂၀၁၀)


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP