အကြောင်းမသိရင် အထင်ကြီးချင်စရာ

အမှာစာ။ ။ ကိုရီးယားကားကြည့်ပြီး၊ ထမင်းစားပြီးမှသာ ဖတ်ရင် အကောင်းဆုံးပါ။
မနေ့ က မိတ်ဆွေတစ်ယောက်က ဖုန်းဆက်ပါတယ်။ မင်း တစ်ယောက်ထဲ အိမ်ငှါးနေတယ် ကြားလို့ တဲ့။ ဘယ်လိုတွေများ နေတုန်းတဲ့။ ချက်ရေး၊ ပြုတ်ရေး ကိစ္စအ၀၀ အားလုံးကို ဘယ်လိုများ ဖန်တီးသတုန်းတဲ့။ မေးလိုက်တာတော့ စုံနေတာပါပဲ။
တကယ်တမ်းကျတော့ အိန္ဒိယမှာ တစ်ယောက်တည်း နေဖို့ အတွက် ပြောသလောက် မလွယ်လှပါဘူး။ ဘာလို့ လဲဆိုရင် မီးဖိုချောင်သုံး ပစ္စည်း၊ အိပ်စရာ ကုတင် စသဖြင့် နေ့ စဉ် မဖြစ်မနေ ထိတွေ့ ဆက်ဆံ အသုံးပြုနေရတဲ့ အရာတွေကို တစ်ယောက်အားနဲ့ ပြန်လည်ထူထောင်ရလို့ ပါပဲ။
အခု ရှင်လေးမော်ရဲ့ အိမ်သစ်အတွက် လိုအပ်မယ်ထင်တဲ့ ပစ္စည်းလေးတွေ ၀ယ်လိုက်ပါတယ်။ ပထမ၀ယ်လိုက်တာက လျှပ်စစ်ထမင်းပေါင်းအိုး တစ်လုံးပါ။ ဒါက မရှိလို့ မဖြစ်၊ မ၀ယ်လို့ မဖြစ်တဲ့အထဲမှာ ပါဝင်နေတာ သေချာပါတယ်။ ထမင်းရှိရင်နေရင် ထမင်းတစ်နပ်အတွက် သိပ်ပြဿနာ မရှိတော့ပါဘူး။ အစားအသောက်မှာ သိပ်ပြီးဇီဇာမကြောင်သူတွေအတွက် တခါတရံ ထမင်းဆီဆမ်းလေး လုပ်စားလိုက်မယ်ဆိုရင်တောင်မှ အဆင်ပြေပါတယ်။
မီးမလာရင် သုံးဖို့ အတွက် ဂတ်စ်မီးဖို အသေးစား တစ်လုံးလည်း ၀ယ်လိုက်ပါတယ်။ သူနဲ့ တွဲဖတ်ပြီး ဒယ်အိုးအသေးစားတစ်လုံး၊ ထမင်းစားပုဂံနှစ်ချပ်၊ ကော်ဖီပုဂံတစ်လုံး၊ လှီးစရာ၊ ဖြတ်စရာ ဓားတစ်ချောင်းပါ ထပ်ပြီး ၀ယ်လိုက်ပါတယ်။ ဒါဆိုရင် မီးဖိုချောင်ကိစ္စအတွက် အတော်ကို အစဉ်ပြေသွားပြီလို့ ထင်မိပါတယ်။
ဧည့်သည် လာလည်မယ်ဆိုရင် တစ်ယောက်ထက် ကျော်ပြီးတော့ လာလို့ မရပါဘူး။ ဘာလို့ လဲဆိုတာ အကျယ်ချဲ့ လင်းချင်ပါသေးတယ်။ ထမင်းစားပုဂံနှစ်ချပ်ပဲ ဖန်တီးထားတာရယ်ကြောင့် တစ်ယောက်တစ်ချပ် ထည့်စားဖို့ ပဲရှိပါတယ်။ တစ်ယောက်ထက် ကျော်ပြီးလာမယ်ဆိုရင်တော့ ဧည်သည်ပဲဖြစ်ဖြစ်၊ အိမ်ရှင်ပဲ ဖြစ်ဖြစ် အားနာတတ်တဲ့သူဟာ ထမင်းပေါင်းအိုးအဖုံးနဲ့ လည်း စားရဖို့  ကြိုပြီးတော့မြင်ယောင်နေပါတယ်။
ထမင်းမစားဘဲ ကော်ဖီလောက်နဲ့  ဧည့်ခံရမယ်ဆိုရင်လည်း ကော်ဖီခွက်က တစ်ခွက်ပဲ ရှိတာရယ်ကြောင့် မြန်မာနိုင်ငံသူ၊ နိုင်ငံသားပီပီ လုပ်နေကျ ထုံးစံအတိုင်း တန်းစီစောင့်နိုင်ဖို့ ပါပဲ။ ဒီလိုမှ မဟုတ်ရင် တစ်ယောက်နဲ့  တစ်ယောက် ချစ်ခင်မှုကို ပြသတဲ့ အနေနဲ့  ကော်ဖီတစ်ခွက်ကို နှစ်ယောက်၊ သုံးယောက် စသဖြင့် အရေအတွက် ရှိသလောက် ဇွန်းလေးနဲ့  တစ်ယောက်တစ်လှည့်စီ သောက်လိုက်ရုံပါပဲ။
မနက်က မိတ်ဆွေတစ်ယောက် လူကြုံဝယ်ပေးလိုက်တဲ့ ကြက်သားကို ချက်ဖို့  စတင် လှုပ်ရှားလိုက်ပါတယ်။ ဘာမှ မလွယ်ကြောင်းကို ကြက်သွန်နီက အရင်ဆုံး လင်းပါတော့တယ်။ ကြက်သွန်နီလှီးဖို့ အတွက် ဓားရှိပြီး၊ စဉ်းတီတုံး မရှိပါဘူး။ ဒါနဲ့ ငါးသေတ္တာဘူးခွံကိုပဲ စဉ်းတီတုံးအစား အနစ်နာခံခိုင်းရပါတယ်။ နောက်လည်း သူ့ ကိုပဲ လုပ်လက်စနဲ့  စဉ်းတီတုံးနေရာကို ပေးထားရဦးမှာပါ။
ဒီအချိန်မှာ ပစ္စည်းအစုံရှိမယ်ဆိုရင် ဟင်းတစ်ခွက်က မခက်ခဲတော့ပါဘူး။ အိန္ဒိယ ရောက်စတုန်းကသာ တွေ့ တဲ့ အသီးအရွက် အကုန်ပစ်ထည့် စနစ်နဲ့  ဖြစ်သလိုပဲ ဖန်တီးရတာပါ။ အခုတော့ အတွေ့ အကြုံနဲ့  သဘာက စားဖိုမှုးကြီးပမာ အတော်ရင့်နေတဲ့ အတွက် ကြက်သားလောက်တော့ ကောင်းအောင်ချက်တတ်နေပါပြီ။ ဟင်းချက်ကောင်းလို့ သာ အဂ္ဂမဟာပဏ္ဍိတာဘွဲ့ တံဆိပ်ရစတမ်းဆိုရင် ရှင်လေးမော်တို့ အခုကတည်း အဂ္ဂမဟာပဏ္ဍိတဆရာတော်လေးတစ်ပါး ဖြစ်နေပါပြီ။
အိမ်ခန်းလေး အကြောင်းလည်း နဲနဲပြောပြချင်ပါသေးတယ်။ စိတ်ကျေနပ်မှုရှိလောက်အောင် သန့်် ပြန့် လှပါတယ်။ အိမ်ရှင်က တခြားအိမ်တွေထက် အသာစီးရဖို့ ဆောက်ထားတာမှန်း မြင်တာနဲ့  သိသာပါတယ်။ အိမ်ခန်းတစ်ခုလုံးကို လှပတင့်တယ်စေဖို့  အမျိုးအမျိုး မွမ်းမံခြယ်သထားပါတယ်။ တခြားအိမ်တွေမှာ ကြုံတွေ့ ရတတ်တဲ့ အားနည်းချက်တွေကို ဖြည့်ပြီးဆောက်ထားတာမျိုးပါပဲ။
အိမ်ရှင်ကုလားမက သူ့ အိမ်လေး အာလုံးအဆင်ပြေအောင် လုပ်ထားလို့ ပဲလားတော့ မပြောတတ်ပါ။ အမြင့်ဆုံးဈေးနဲ့  ငှါးပါတယ်။ နဲနဲမှ မလျှော့ဘူးလို့ ဆိုပါတယ်။ ပြီးတော့ ကြွားလုံးတွေက အစွမ်းကုန်ထုတ်ပြချင်သေးတာပါ။ သူကြွားပုံကိုလည်း ကြည့်ပါဦး။
“ငှါးချင်ငှါး မငှါးချင်နေ၊ မရှိလို့ ၊ စီးပွါးရေးလုပ်ဖို့ ငှါးစားနေတာ မဟုတ်ဘူးနော်။ နေစရာတွေ ပိုနေလို့ ငှါးတာ။ ယောက်ျားက အရာရှိနော်၊ သိတယ်မဟုတ်လား၊ လစာက ရူပီးငါးသောင်းရတယ်။ အောက်ဆိုဒ်က ငါးသောင်းရတယ်။ နားလည်တယ်မို့ လား” တဲ့။ ကြုံကြွားလေး ကြွားလိုက်တာပါပဲ။
ရှင်လေးမော်လည်း အကြောင်းအမျိုးအမျိုးကြောင့် သူပြောတဲ့ ဈေးအတိုင်းပဲ သဘောတူလိုက်ပါတယ်။ သူပြောတဲ့ ဈေးက သူ့ လူမျိုး ကုလားတွေဆိုရင် ငှါးမယ့် ဈေးမျိုးမဟုတ်ပါဘူး။ ကုလားတွေက စားရေးနေရေးအတွက် အထူးထည့်တွက်ထားတဲ့ လူမျိုးတွေထဲမှာ မပါသလောက်ပါပဲ။ ဖြစ်သလိုနေ၊ ဖြစ်သလိုစားတတ်လှပါတယ်။
အိမ်ရှင်ကုလားမက သူပြောတဲ့ ဈေးအတိုင်းပဲ ငှါးလိုက်လို့ ပဲလားတော့ မသိပါ။ သူ့ ပုံကို ကြည့်ရင် ရှင်လေးမော်ကို အတော်အထင်ကြီးနေကြောင်း သိသာလှပါတယ်။ အနှီသူငယ်က သူများအထင်ကြီးအောင် နေတတ်တာလည်း ပါမှာပါ။ နောက်လတွေမှာ ဆက်ငှါးဖို့ လည်း ပြောပါတယ်။ ဒါပေမယ့် နောက်လဆိုရင် အိမ်လခတက်ဖို့ အခြေအနေ ရှိတယ်လို့ လည်း ဆိုပါတယ်။ ပြီးတော့ သူ့ အနေနဲ့ ရှင်လေးမော်တစ်ယောက် ဒီအိမ်ကို ဆက်ငှါးလိမ့်မယ်ဆိုတာလည်း ယုံကြည်နေပါတယ်တဲ့။
မိတ်ဆွေရဟန်းတစ်ပါးနဲ့  ဆုံမိလို့  ကုလားမက အသားလွှတ် အထင်ကြီးနေကြောင်းကို ပြောပြလိုက်ပါတယ်။ ဒါနဲ့ သူက ရယ်သွမ်းသွေးပြီးတော့ ပြန်ပြောပါတယ်။ “အေးကွ မင်းကို သူတို့ က အထင်ကြီးမယ်ဆိုရင်လည်း ကြီးချင်စရာပဲ။ မင်းကို ငါတို့ တောင် ရောက်စတုန်းက အထင်ကြီးခဲ့သေးတာဟ၊ အားမနာတမ်းပြောရရင် မင်းပုံက အကြောင်းမသိရင် အထင်ကြီးချင်စရာဟ"တဲ့။
အော်.....ပြောရက်လိုက်တာ။ အကြောင်းမသိရင် အထင်ကြီးစရာပါတဲ့။ သူပြောသလိုလည်း ဟုတ်သလိုရှိပါတယ်လေ။ ကုလားမက မသိလို့ သာ တကယ့်ချမ်းသာတဲ့ လူတစ်ယောက်လို့ ထင်သလုံးဖြစ်နေတာ။ တကယ်တမ်းကျတော့ သကောင့်သားက သပိတ်တစ်လုံးနဲ့ ၊ သင်္ကန်းသုံးထည်ရယ်ပဲ ဖြစ်ဖြစ်မြောက်မြောက် ပိုင်ဆိုင်တာကို သူမှ မသိပေဘဲကိုး။ ပြန်ပြီး သနားစရာကောင်းလောက်အောင် အကြောင်းမသိရက်လေခြင်း။

0 comments:
Post a Comment