* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, April 26, 2010

၄၇။ ဝဋ်ကြွေးကြီးသည့် လင်မုန်းမ အပိုင်း-၎

0005052Kph0.jpg

ဤမျှ လှပယဉ်ကျေးသော အမျိုးကောင်း သမီးအား သာကေတ သူဌေးသားသည် မည်သည့်အတွက် စွန့်ပစ်ရသနည်း။
စောကြောသူတို့ တိတ်တဆိတ် စုံစမ်း စောကြောနေကြသော်လည်း တစ်လင်ကွာ တစ်ခုလတ်မကလေး ဣသိဒါသီအား ကြိုက်သူမရှားပါ။ စုံမက်သူ မရှားပါ။ အလှပန်း ပို၍ ပွင့်လာသည် မဟုတ်သလော။ ထို့ကြောင့် လအနည်းငယ် အကြာတွင် ဣသိဒါသီ၏ ဖခင် ဥဇ္ဇေနီ သူဌေးကြီးသည် သူဌေးသား တစ်ယောက်နှင့် ဆောင်နှင်းလိုက်ပြန်လေသည်။

ဣသိဒါသီသည် ခဲမှန်ဖူးသော စာသူငယ် ဖြစ်၏။ သို့အတွက်၊ ဒုတိယလင် ချစ်စေရန် မြတ်နိုး တွယ်တာစေရန် အစွမ်းကုန် ကြိုးစားသည် မိမိအတွက် အသက်ရှင်ခြင်း မဟုတ်၊ လင့်အတွက် အသက်ရှင်နေရသူ ဖြစ်အောင် ဣသိဒါသီ ဆောင်ရွက်သည်။

သို့သော်၊ သူလိုလားသော မေတ္တာများ အကြင်နာများကို မရရှာပါ။ ပထမလင် တင်သော ခန်းဝင် ပစ္စည်းဖိုး လက်ဖွဲ့ဖိုး၏ ထက်ဝက်သာ တင်နိုင်သော ထို ဒုတိယလင်မှာလည်း၊ ဣသိဒါသီကို ဆက်ပေါင်းမည်လော၊ အသတ်ခံမည်လော မေးလျှင်၊ အသေခံပါရစေ ပြောမည့် အခြေအနေသို့ ဆိုက်ရောက်လာ၏။

သို့အတွက်၊ ဒုတိယ လင့်အိမ်တွင် တစ်လမျှ နေထိုင်ပြီးသည့် အဆုံး၌၊ ဣသိဒါသီမှာ အဖအိမ်သို့ ပြန်လည် ရောက်ရှိလာရ ပြန်လေ၏။ သို့ရာတွင် လင်ကမုန်း၍ လင် နှစ်ဆက်၏ ပစ်ပယ်ခံရသော်လည်း၊ မိန်းမသည် မိန်းမသာ ဖြစ်သည်ဟု ဖခင်နှင့် တကွ သားချင်းများကပါ သဘောထားသည်။

အရွယ်ရောက်သော မိန်းမသည် လင်မရှိက မတင့်တယ်။ မိန်းမဟူသည် လင့် အာခံတွင်းထဲ၌ ကြုတ်ဖြင့် နေပါလျက်၊ သွေးဆောင် ဖြားယောင်းခံရ၏။ တစ်ပင်တိုင်နန်း၏ ဘုံ ခုနှစ်ဆင့်တွင် ထားသော်လည်း သွေးဆောင် ဖျက်ဆီး ခံရသည့်ဘေးမှ မလွတ်။

ထိုမှတစ်ပါး၊ မိန်းမဟူသည် စိတ်မချသောကြောင့် လက်ကို ဖခင်က ဆုပ်ကိုင်ထားသည့် ကြားမှ တံစက်မြိတ် အောက်သို့ ထွက်ကာ ရေချိုးစဉ်တွင် အခြားလက်တစ်ချောင်း အစားထိုးကာ လင့်နောက် လိုက်ပြေးသော အစားများလည်း ဖြစ်ချေ၏။

သို့ဖြစ်သဖြင့် အဖသည် သမီးအား လင်နှင့် သားနှင့် တင့်တောင့်တင့်တယ် ရှိစေရန် ကြံဆရပြန်သည်။ သို့ဖြင့် တစ်နေ့တွင် အိမ်ပေါက်ဝသို့ ကယ်ပါ တစ်ယောက် ရောက်လာသည်။ လျှော်မျှင်ပုဆိုးပိုင်း ဝတ်လျက်၊ ခွက်တစ်ခွက်စွဲ၊ အိုးတစ်လုံး လွယ်ထားသော်လည်း၊ ကယ်ပါ မည်ကာ မတ္တမဟုတ်။ အသံသာယာသည်၊ ရုပ်ရည်လည်း မဆိုးရွားလှ။

“သနားကြပါခင်ဗျာ၊ ထမင်းကျန်ကလေး တစ်ဆုပ်တစ်ခဲ”

ဥဇ္ဇေနီသူဌေးသည် အိမ်ပေါ်မှ ဆင်းလာပြီး၊ ကယ်ပါရှေ့၌ ရပ်သည်။

“ဟေ့ကောင် မင်း ဆင်းဆင်းရဲရဲ ပင်ပင်ပန်းပန်း မတောင်းရမ်းဘဲ၊ သူဌေး သမက်အဖြစ် စည်းစိမ်နဲ့ မနေချင်ဘူးလား”

သူတောင်းစားမှာ ကြားရသည့် စကားကို မယုံ၊ တစ်စုံတစ်ရာ ပြန်မပြောနိုင်၊ သူဌေးက ထပ်မံပြောသည်။ လေသာ ပြတင်း၌ ရပ်နေသော သမီးကို ပြသည်။

“သူဌေးမင်း ၊ တကယ်…. တကယ် ပြော ပြော”

“ပေးစမ်း မင်းခွက်နဲ့အိုး၊ ချွတ်စမ်း မင့်ပုဆိုးပိုင်း၊ ဟဲ့ ကျေးကျွန်တွေ သူ့ကို ခေါ်သွားပြီး နံ့သာရည်နဲ့ ရေချိုးပေးကြ၊ အစာမချေရသေးတဲ့ အဝတ်တွေ ဝတ်ပေးလိုက်ကြ”

သူဌေးသည် သူ့တွက်ကိန်းနှင့်သူ ဖြစ်၏။

ပထမသားမက်သည် တန်းတူ ရည်တူ သူဌေးမျိုး ဖြစ်သောကြောင့် သူ့သမီးကို ပစ်ပယ်သည်။ ဒုတိယ သမက်မှာလည်း၊ မိမိအောက် ပစ္စည်းအရာ နိမ့်ကျစေကာမူ၊ သူဌေးမျိုးပင် ဖြစ်သည်။ သို့ကြောင့်သာ၊ သူ့သမီး အချောအယဉ် အလှကို စွန့်ပစ်ခြင်း ဖြစ်သည်။

သည် သူတောင်းစားကား ထမင်းသိုးတစ်ဆုပ် ရရန် ခြေတိုအောင် လျှောက်ရသူ၊ အသံပြာအောင် အသနားခံပါမှ ထမင်းကြမ်း တစ်ခဲရသူ၊ သည်ကဲ့သို့ အခြေဆိုးသူသည် မည်သို့မျှ မမျှော်မှန်းနိုင်သော သူဌေးသမီးကို ရပြီး အဝတ်ကောင်းဝတ် အစားကောင်းစားကာ၊ ချမ်းသာစွာ နေရလျှင် သမီးရတနာအား မည်သို့လျှင် ရှောင်ခွာမည်နည်း။

ဥဇ္ဇေနီ သူဌေးသည် ထိုသို့တွေးပြီး သမီးအား သူတောင်းစားနှင့် ထိမ်းမြားပေးခြင်း ဖြစ်၏။ ဣသိဒါသီကလည်း သူတောင်းစား တကားဟု မထီမဲ့မြင် မလုပ်၊ အဖ ဆောင်နှင်းသော လင်သား အဖြစ် ရိုသေလေးစားစွာ လုပ်ကျွေးသည်။

(ဝဋ်ကြွေးကြီးသည့် လင်မုန်းမ အပိုင်း-၄ အဆက်အား ဆက်တင်ပါမည်)

☺ပြီးပါပြီရှင်...။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP