ဗုဒ္ဓနေ့မြတ် အမှတ်တရ
Sunday, 25 April 2010 20:45 |
Written by Administrator | PDF | | Print | | E-mail
အရှင်ဉာဏိကာဘိဝံသ
(ကာလီဖိုးနီးယားတက္ကသိုလ်)
ဗုဒ္ဓမြတ်စွာ လောင်းလျာတုန်းက
နောက်ဆုံးအထိ ပါရမီ
လူနတ်များစွာ ချမ်းသာရေးမို့
အသက်ပေးလို့ စွန့်ခဲ့သည်။
ဗုဒ္ဓမြတ်စွာ သာသနာတွက်တော့
ငါပါအသက်ဆုံးစေမည်
စိတ်မပျက်ပေါင် ခုလိုတွေးလို့
ကုသိုလ်ရေးမို့ ကြိုးစားမည်။
(ကိုယ်ကျင့်အဘိဓမ္မာနိဒါန်း၊ မဟာဂန္ဓာရုံဆရာတော်)
တစ်ယောက်ထည်းတည်း လွတ်မြောက်မှုကို ရယူမယ်ဆိုလျင် ရယူနိုင်တဲ့ အနေအထား ရှိပေမယ့် အစွမ်းအစရှိတဲ့ ငါ့လိုယောက်ျားကောင်း တစ်ယောက်အဖို့ ကိုယ်တစ်ဦးတည်း လွတ်မြောက်မှုကို ရရုံနဲ့ ကျေနပ်ခဲ့မယ်ဆို ရင်(ကိုယ်လွတ်ရုံးခဲ့မယ်ဆိုရင်) ဘယ်မှာ ယောက်ျား ကောင်းတစ်ယောက် ပီသပါ့မလဲ၊ သမိုင်းပေးတာဝန်ကျေတဲ့ လူသားတစ်ဦးဖြစ်နိုင်ပါ့မလဲ၊ ဆင်းရဲနွံတွင်း နစ်နေတဲ့သူတွေကိုလည်း နွံတွင်းကနေ ထုတ်ဆောင်ကယ်တင်မှ တော်မှာပေါ့။ (ဗုဒ္ဓလောင်းလျာ)
ဗုဒ္ဓကိုကြည်ညိုစိတ်နဲ့ ဗုဒ္ဓဂုဏ်တော်တွေကို အောင့်မေ့သတိရတိုင်း အများဆုံးပေါ်လာ တတ်တာက ဗုဒ္ဓလောင်း လျာ သုမေဓာရှင်ရသေ့ဘ၀ဖြစ်စဉ်က ဒီပင်္ကရာဘုရား ခြေတော်ရင်း ၀ပ်စင်းခတွားရင်း စဉ်းစားမိတဲ့ အထက်က စကားလေးပါ။ တစ်စုံတစ်ယောက်ကို ကြည်ညိုရမှု၊ တစ်ဦးတစ်ယောက်ကို ကိုးစားယုံကြည်ရမှုမှာ တစ်ဦးတစ် ယောက်ရဲ့ အရည်အသွေးက အနှစ်မပါတဲ့ ဟန်ပြသက်သက်လား၊ အပြောသက်သက်လား၊ အပြောတခြား အလုပ်တခြား လူစားမျိုးလားလို့ တွေးတောမိလေတိုင်း ဗုဒ္ဓလောင်းလျာရဲ့ လုပ်ရပ်များက ပြတ်သား ခိုင်ကျည်တဲ့ မှတ်ကျောက် တင်စွမ်းရည်များအဖြစ် ကွင်းကွင်းကွက်ကွက် စိတ်မနောထဲ ပေါ်လာ လေ့ရှိလို့မို့ နှစ်ထောင်းအားရ ကြည်ညိုမ၀ ဖြစ်ခဲ့တာလည်း အကြိမ်ကြိမ်ပါ။
တခါခါမှာ ဉာဏ်ကင်းတဲ့ မပြတ်မသား မှုန်ဝါးဝါး သဒ္ဓါအားကြောင့် ကိုယ်ပိုင် မဖြစ်စလောက်အရာလေးကို စွန့်လွှတ်ဖို့ တွန့်ဆုတ်နေတတ်တဲ့အခါများမှာ ဗုဒ္ဓလောင်းလျာ သုမေဓာရဲ့ ဒီစိတ်ထားကို သတိရမိရင် ကိုယ့်မှာ ဖြစ် နေတဲ့ ရွံ့တွန့် စိတ်ထားလေး လွင့်ပါးသွားတတ်အောင် တွန်းအားပေးတတ်သလိုဖြစ်လို့မို့လည်းပဲ ဒီစကားလေး က ကိုယ့်အဖို့ အားဆေးကောင်းကောင်း ဖြစ်တတ်လေ့ရှိပါတယ်။ ကောင်းမှုကောင်းရာ လုပ်ငန်းလေးတွေကို လုပ်ဆောင်နိုင်စေဖို့အတွက်လည်း အထောက်အပံ့ကောင်းကို အများဆုံးဖြစ်စေနိုင်ခဲ့ပါတယ်။
ဒီစကားလေးကပဲ သုမေဓာရှင်ရသေ့ရဲ့ စွန့်လွှတ်စိတ်ထားတစ်ခုကိုသာမက သူ့ဘ၀ရဲ့အကြောင်းကိုလည်း တွေးမိစေခဲ့ပါတယ်။ ဒီပင်္ကရာဘုရားခြေတော်ရင်းမှာ နိယတဗျာဒိတ်ပန်း ဆင်မြန်းခွင့်ရနေတဲ့ အလောင်းတော် သုမေဓာအဖို့ အဲဒီလို ဗျာဒိတ်ရတဲ့အနေရောက်အောင် တုနှိုင်းရန်ခက်ခဲမည့် ပါရမီတော်တွေကို တော်တော် ပြည့်ပြည့်စုံစုံ ဖြည့်ဆည်းပူးပြီးသား ဖြစ်လေမှာပါ။ နို့မဟုတ်လို့ သာမန်ပုဂ္ဂိုလ်တစ်ဦးသာဆိုလျင် သုမေဓာဟာ ဗျာဒိတ်ပန်း ဆင်မြန်းခွင့်ရသူ ဖြစ်နိုင်ခဲ့မှာ မဟုတ်ပါဘူး။ "တစ်ယောက်ထည်းတည်း နိဗ္ဗာန်ဆုကို ယူခဲ့မယ်ဆိုလျင် ရနိုင်တဲ့အနေရှိတဲ့ ယောက်ျားမြတ်" ဆိုတဲ့ အဆင့်ကိုရောက်နိုင်မယ် မဟုတ်ပါဘူး။ ဒီအဆင့်ကို ရောက် လာအောင် ပါရမီတော်တွေဖြည့်ဆည်းပူးလာသူ တစ်ဦး အနေနဲ့ ဖြည့်ဆည်းစဉ်က ခိုင်မာတဲ့ပန်းတိုင်တစ်ခု အသေအချာရှိခဲ့မှာပါပဲ။ ဒီပန်းတိုင်ဆိုတာ ကလည်း သံသရာဝဋ်ဒုက္ခကနေ ထွက်မြောက်နိုင်ရေးပဲ ဖြစ်မှာပါပဲ။ ဒါက အမြတ်ဆုံးသော နိဗ္ဗာန်သာ ဖြစ်လေမှာပါ။ ကိုယ့်အတွက် အမြတ်ဆုံးပန်းတိုင်ကိုရောက်ဖို့ ကြိုးစားအား ထုတ်လာပြီး ပန်းတိုင်ကိုရောက်ဖို့ လက်တစ်ကမ်းအရောက်မှာမှ ကိုယ့်အတွက် ကိုယ့်အရေးကိုစွန့်လွှတ်ပြီး အများသတ္တ၀ါအတွက် ငဲ့ကွက်စဉ်းစားတော်မူခဲ့တဲ့ သုမေဓာရသေ့ရဲ့ မြင့်မြတ်စိတ်ထားနဲ့ စွန့်လွှတ်အားကလေး စားအားကျလို့ မဆုံးနိုင်စရာ၊ အတုယူစရာ မြင့်မြတ်တဲ့ စံပြုဖွယ်တစ်ခုပါ။
ဒီနေရာမှာ ထေရဒါဒ သင်္ဂါယနာ ပိဋကကျမ်းများမှာ မပါဝင်ပေမယ့် ဆရာစဉ်ဆက် ပြောရိုးစဉ်လာ မှတ်သားထား ခဲ့ကြတဲ့ စကားဟာလည်း ကြည်ညိုတတ်သူတွေအဖို့ အားမာန် တိုးစေဖွယ်ပါ။ ဗုဒ္ဓအဖြစ်ရောက်တော်မူဖို့ စိတ်ထဲမှာတင် အဓိဋ္ဌာန်နဲ့ ပါရမီတော်တွေ ဖြည့်ကျင့်ခဲ့တာက ခုနစ်အသင်္ချေ။ နှုတ်တော်ကပါ ထုတ်ဖော်ရင်း ပါရမီ တော်တွေ ဖြည့်ကျင့် နေခဲ့တာက ကိုးအသင်္ချေ။ ကိုယ်နှုတ်နှလုံး သုံးပါးအစုံနဲ့ ဖြည့်ကျင့်တော်မူခဲ့တာက လေး အသင်္ချေနဲ့ ကမ္ဘာတစ်သိန်းတဲ့။ တကယ်တော့ ဒီတဆင့်စကားက ကြားနာရသူတွေအဖို့ ကြည်ညို ပွားစရာ ဖြစ်စေရုံမက သုမေဓာဆိုတဲ့ ယောက်ျားမြတ်တစ်ဦးဖြစ်လာဖို့ တင်ကြိုကာ ဖြည့်ဆည်းပူးထားတဲ့ ပါရမီတော် တွေကပင်လျင် အံ့မခန်းနှိုင်စရာပါလားရယ်လို့ လှစ်ဟ ပြသနေသလိုပါပဲ။
နိဗ္ဗာန်ဆိုတဲ့ အမြတ်ပန်းကို လှန်းဆွတ်လို့ယူမယ်ဆိုလျင် လက်တကမ်းမှာပဲ ရှိတဲ့အနေ ရောက်နေပါလျက် ကိုယ်လွတ်ရုန်းမထွက်ပဲ လေးသင်္ချေနဲ့ကမ္ဘာတစ်သိန်းရှည်ကြာ ဆင်းရဲ ဒုက္ခတွေကို အများနဲ့အတူ မျှဝေခံစားကာ နေတော်မူတဲ့ မြတ်ဗုဒ္ဓလောင်းလျာရဲ့ မဟာ ကရုဏာကြီးမြတ်တော်မူမှုကိုလည်း ကြက်သီးထမျှ ကြည်နူးအားရ ဖြစ်ခဲ့ရတာလည်း အကြိမ်ရာထောင်မကပါဘူး။ တကယ်တော့ သူ့တစ်ကိုယ်တည်းလွတ်မြောက်မှုအတွက် ဆို လျင် ရနိုင်တဲ့အခြ အနေကောင်းတွေ ပြည့်ပြည့်စုံစုံရှိပါလျက်ကယ်နဲ့ အများတကာတွေအတွက် ငဲ့ကွက်ကာ ရနိုင်တဲ့အမြတ်ဆုံးအရာကို စွန့်လွှတ်ခြင်းမှာ အမြတ်ဆုံးအရာကို စွန့်လွှတ်ရုံ သက်သက်မျှသာမက အခြားသော ဆင်းရဲဒုက္ခ အမျိုးမျိုးကိုပါ လက်ခံရယူလိုက် သလိုဖြစ်မယ်ဆိုတာ အလောင်းတော် သုမေဓာလို ဉာဏ်ပညာ ပြည့်ဝသူတစ်ဦးအနေနဲ့ ကောင်းကောင်းသဘောပေါက်လေမှာ မလွဲပါဘူး။
လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းကာလတွင်းမှာ စီးပွားဥစ္စာတွေကိုလည်း စွန့်လွှတ်ရမယ်၊ ချစ်သမီးသား ဇနီးမယားတွေကိုလည်း စွန့်လွှတ်ရမယ်၊ ခြေလက်နားနှာခေါင်း အင်္ဂါအစိတ် အပိုင်းတွေကိုလည်း ပေးစွန့်ရမယ်၊ အဆုံးစွန် အားဖြင့် လိုအပ်လာသူရှိပါက ကိုယ့်အသက် ကိုပင်လျင် မညှာမငဲ့ ပေးစွန့်ရမယ်၊ ဒီပေးစွန့်ရမှုကိုအကြောင်းပြုပြီး ဖြစ်ပေါ်လာမယ့် ဆင်းရဲဒုက္ခတွေနဲ့လည်း ရင်ဆိုင်ရမယ်။ ဘာတွေကို ဘယ်လိုပင် စွန့်လွှတ်ကာ ပေးဆပ်ပစေ၊ မလိုတမာသူတွေရဲ့ ဆိုးသွမ်းယုတ်မာတဲ့ မမှန်စကားနဲ့ ကဲ့ရဲ့တင်းဆို ညင်ညိုမှုကို ခံရနိုင်ပေလိမ့်မယ်ဆိုတာ ကိုလည်း ကြိုတင်ပြီး သိမြင်ခဲ့လေမှာလည်း မလွဲပါဘူး။
ဗုဒ္ဓသမိုင်းကြောင်း ပြန်ကြည့်လျင်ဖြင့် အလောင်းအလျာဘ၀များမှာ ပေးဆပ်ခဲ့ရတဲ့ စွန့်လွှတ်မှုတွေ၊ ကိုယ်စိတ် ဆင်းရဲဒဏ်အပြည့်နဲ့ အများကောင်းကျိုးအတွက် ဆောင်ရွက်ခဲ့တဲ့ လုပ်ဆောင်ချက်တွေဟာ စိတ်ကူးထဲမှာ တောင် စဉ်းစားပုံဖော်လို့ မရနိုင်လောက်အောင်ပင် ခမ်းနားကြီးကျယ်ခဲ့တာကို တွေ့နိုင်ပါတယ်။ ဒါဟာ မမြင် နိုင်တဲ့ အတိတ်ဘ၀တွေမို့ ငြင်းဆန်လိုတယ်ဆို ထားလိုက်ပါဦး။ နောက်ဆုံးဘ၀ အလောင်းတော် သိဒ္ဓတ္ထမင်း သား အခြေအနေမှာကိုပဲ ပိုင်ဆိုင်တဲ့ထီးနန်း၊ ချစ်လှတဲ့ဇနီးမယားနဲ့ မွေးဖွားစ သားရတနာ ရာဟုလာ။ နောက်ပြီး လည်း မောင်းမမိဿံ ခြွေရံသင်းပင်း။ စွန့်ခြင်းကြီးများစွာကို စွန့်လွှတ်တော်မူခြင်းဟာ အံ့မခန်းပါ။ ဒါဟာ ဖြည့် ဆည်းပူးတော်မူခဲ့တဲ့ ပါရမီလုပ်ငန်းစဉ်များထဲက အနိမ့်ဆုံး ဒါနဆိုတဲ့ ပေးကမ်းမှုတစ်ခုရဲ့ သင်္ကေတများပါ။ ဒီ ထက်ပိုပြီး ခက်ခဲနက်ရှိုင်းတဲ့ လုပ်ငန်းစဉ်တွေကို အလောင်းလျာ ဖြည့်ကျင့်ဆည်းပူးတော်မူခဲ့ခြင်းကိုဖြင့် ရေ တွက်ပြ၊ ပြောပြလို့ ဘယ်လိုမှ စွမ်းနိုင်မယ် မဟုတ်ပါဘူး။
အများကောင်းကျိုးဆောင်ဖို့ ကိုယ့်ရဲ့အချိန်အနည်းငယ်လေးမျှ၊ ပိုင်ဆိုင်မှုအနည်းငယ်လေး မျှကိုပင် ခွဲဝေသုံးစွဲ ပေးဖို့ ၀န်လေးတတ်တဲ့ သာမန်သူလိုကိုယ်လိုသူတွေရဲ့ စိတ်ဓာတ်နဲ့တော့ အကွာခြားကြီးလည်း ကွာခြားတော်မူ လှပါတယ်။ အထူးသဖြင့်တော့ သနားခြင်း မဟာကရုဏာအပေါ်မှာ သတ္တ၀ါတွေကို ကယ်တင်ကာ ဘယ်လို ထုတ်ဆောင်လျင် အသင့်တော်ဆုံး နည်းလမ်းဖြစ်လေမလဲရယ်လို့ မှန်ကန်စွာ ဆုံးဖြတ်နိုင်စွမ်းရှိတဲ့ ဉာဏ်တော် စွမ်းအား၊ ဉာဏ်အားလျော်စွာ မှန်ကန်စွာအသုံးချနိုင်တော်စွမ်းအားကိုဖြင့် လေးစားအားရ ဖြစ်လို့ပင် မဆုံးနိုင်ပါဘူး။ မှားနေမှန်းသိပါလျက် ဘယ်လိုပြင်ဆင်နိုင်ရမှန်းမသိနိုင်အောင် အမှောင်လမ်းကြားမှာ စမ်းတ၀ါးဝါး သွားရင်း ကြီးပြင်းနေရတဲ့ သူတစ်ဦးအဖို့ အမှန်လမ်း ပြနိုင်စွမ်းနိုင်တဲ့ ဗုဒ္ဓအလောင်းတော်များရဲ့ ဉာဏစွမ်းအားတော်နဲ့ အဆုံးဘ၀ မြတ်ဗုဒ္ဓရဲ့ သဗ္ဗညုတ စွမ်းတော်စကို အခါခါမျှော်တ ကြည်ညိုလို့ မ၀နိုင်အောင် ဖြစ်မိရပါတယ်။
ကဆုန်လပြည့်နေ့ရောက်လေတိုင်း ဗုဒ္ဓအဆုံးအမတရားတွေထွန်းကားတဲ့ နေရာတိုင်းမှာ ဗုဒ္ဓနေ့ပွဲတော်ကို ကျင်းပကြတယ်။ အလောင်းအလျာဘ၀ကစလို့ ပြုမူခဲ့တဲ့ဗုဒ္ဓရဲ့ အမူအလေ့တွေကို အားကျအတုယူလို့ အတူပြုနိုင်မယ့် ခွန်အားတွေကိုလည်း ကူးယူကာ ပွားစည်ကြစေမယ်ပေါ့။ ရေတွက်နှိုင်းဆလို့ မရနိုင်တဲ့ အသင်္ချေအနန္တ ဂုဏ်တွေထဲက ဂုဏ်တော်တစ်ခု တလေမျှ တို့တွေရဲ့နှစ်လုံးသားမှာ ထင်ဟပ်လာမယ်ဆိုလျင်ကိုပဲ ဘယ်လောက် ဂုဏ်ယူဖွယ် လူသားတစ်ဦးဖြစ်လာနိုင်လေမလဲ။ ကောင်းဂုဏ်ဆိုတာ အတုယူ အားကျကာ ထုံပွားရတာမျိုးပဲ မဟုတ်လားလေ။
ဗုဒ္ဓနေ့ မဟာပဌာန်းပူဇော်ပွဲတဲ့။ ဗုဒ္ဓဂုဏ်တော်တွေကို မှန်းမျှော်ကာ ပူဇော်မှုတစ်ခု ဖရီးမောင့်မြို့၊ မေတ္တာနန္ဒ ၀ိဟာရမှာပြုလုပ်ကြမယ်။ အသင်္ချေအနန္တ ဂုဏ်ပေါင်းခတဲ့ မဟာလူသား မြတ်ဗုဒ္ဓကို အနန္တနယ နည်းစုံလှတဲ့ မြတ်ဓမ္မနဲ့ အမှတ်တရ ပူဇော်ကြမယ်။ ရေချမ်းဆီမီး ပန်းသစ်သီးတို့ဖြင့်လည်း ၀မ်းသာအားရ ပူဇော်ကြမယ်။ တကယ်တော့ ဂုဏ်တော်တွေ အသင်္ချေအနန္တနဲ့ ပြည့်ဝတော်မူတဲ့ ဗုဒ္ဓကို ခုလို ပူဇော်ခြင်းက တကယ့်ကိုမှ မဖြစ်စလောက် အတိုင်းအတာလေးမျှသာပါ။ သို့ပေမယ့် ဒို့တွေအားလုံးရဲ့ နှလုံးသားမှာ ကိန်းတည်နေတဲ့ ဗုဒ္ဓကို ယုံကြည်မှုသဒ္ဓါတရားကတော့ ဗုဒ္ဓဂုဏ်တော်တွေအလား ရေတွက်ပိုင်းခြားလို့ ရနိုင်မယ် မထင်ပါဘူး။
အနှိုင်းမဲ့ ဂုဏ်သခင် ဘုရားရှင်ကို အနှိုင်းမဲ့ ကြည်ညိုသဒ္ဓါစွမ်းအားတွေနဲ့ ပူဇော်ကြတဲ့ပွဲမှာ သင်လည်းပါ၊ ငါ လည်းပါ၊ ညီညာစွာ ကုသိုလ်ဒါနတွေ ပူးပေါင်းပါဝင်ခြင်းဟာ မွန်မြတ်တဲ့ လုပ်ရပ်တစ်ခုပါ။ ဒို့တွေရဲ့ ဒီလုပ်ရပ်ကပဲ သံသရာရေအယဉ်ကြောမှာ မျောပါလှုပ်ရှားရင်း ရုန်းကန်ကူးခတ်နေတဲ့ ဒို့တွေကိုလည်း နိဗ္ဗာန်ဆိုတဲ့ ကြည်း ကုန်းပေါ်ရောက်အောင် ထုတ်ဆောင်ကယ်တင်တဲ့ အားအစွမ်းတွေကို ပေးနိုင်လိမ့်မယ်။ ဒီအားအစွမ်းတွေကို ပေးတဲ့ မြတ်ဗုဒ္ဓရဲ့ အဆုံးအမ သာသနာကြီး (တစ်နည်းအားဖြင့်) ဓမ္မအလှတရားတွေ အရှည် ပြန့်ပွား တည်တန့်နိုင် စေဖို့အတွက် အားကူလုပ်ဆောင်ပေးသလိုလည်းပဲ ဧကန်အမှန် ဖြစ်လိမ့်မယ်။ ဒါဟာ ၀မ်းမြောက်ဂုဏ်ယူစရာ ကောင်းမြတ်မွန်ရည်တဲ့ မင်္ဂလာတစ်ပါး ပင်ဖြစ်ပါတယ်။ ။
(မေတ္တာနန္ဒ၀ိဟာရ ၊ ဗုဒ္ဓနေ့ မဟာပဋ္ဌာန်းပူဇော်ပွဲနှင့် စာရေးတံမဲလှူဒါန်းပွဲ မေလ ၂၂-၂၃ ရက် ၊ ၂၀၁၀)

0 comments:
Post a Comment